← Chapters

ချူဖုန်း__မြစ်ရေက အရှေ့အရပ်ကို နှစ်သုံးဆယ် စီးဆင်းပြီးရင် အနောက်အရပ်ကို နှစ်သုံးဆယ်စီးဆင်းတယ်ကွ

Vol. 1 Ch. 3

ချူဖုန်း__မြစ်ရေက အရှေ့အရပ်ကို နှစ်သုံးဆယ် စီးဆင်းပြီးရင် အနောက်အရပ်ကို နှစ်သုံးဆယ်စီးဆင်းတယ်ကွ

Vol. 1 Ch. 3

“မိုက်မဲတဲ့ကောင်လေး။ ဘယ်လိုတောင် အဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ။ မင်းရဲ့အသက်ကို မင်းပဲပိုင်တယ်။ ကျန်တဲ့သူတွေ ဘယ်သူမှမပိုင်ဘူးကွ။ မင်းရဲ့အမေနဲ့ ဒီဆရာရဲ့ ကြင်နာမှုတွေကို အနာဂတ်မှာမင်းသန်မာလာရင်သာ မမေ့ပစ်နဲ့။”

ချူဖုန်းသည် ကျေနပ်စွာ ပြုံးလိုက်သည်။ သူသည် ရှောင်ချန်းကို စကားလုံးအနည်းငယ်မျှဖြင့် အလွယ်တကူသိမ်းသွင်းနိုင်မည်ဟု မထင်ထားပေ။

ကိုယ်လုပ်တော်ရှောင်သည် ဘေးကရပ်နေ၍ ချူဖုန်းကို လေးစားစွာ ကြည့်နေလေသည်။

ပထမတော့ သူမသည် သောင်းပြောင်းပညာရပ်ဌာန၏ ဌာနမှူးကို သံသယဝင်နေခဲ့သည်။ သို့သော် ထိုစကားလုံးများကို ကြားပြီးနောက် သူမသည် ဌာနမှူးက အမှန်တကယ့်ကို ထူးခြားသည့် ကျင့်ကြံသူဖြစ်ကြောင်း သိလိုက်ရ၏။

“ဒီတပည့်က ဆရာရဲ့အမိန့်ကို နာခံပါ့မယ်။” ရှောင်ချန်းက လေးစားစွာ ပြောသည်။

“သွားကြစို့။ ငါတို့ မင်းရဲ့ ဝင်ခွင့်ကို လွှဲပြောင်းယူကြတာပေါ့။ မင်းအမေနဲ့ အချိန်ခဏလောက် နေပေးလိုက်ဦး။ မနက်ဖြန်ကစပြီး မင်းရဲ့ကျင့်ကြံခြင်းကို ပုံမှန်အတိုင်း ပြန်စရမယ်။”

ချူဖုန်းသည် တစ်ဖက်သူကို သင်ကြားစရာ ကျင့်ကြံခြင်းနည်းစနစ်များ အမှန်တကယ် မရှိချေ။ သို့သော် သူသည် သူ၏ဂုဏ်သိက္ခာကို ထိန်းသိမ်းရဦးမည် မဟုတ်ပါလော။

“ဟုတ်ကဲ့ပါ ဆရာ”

ရှောင်ချန်းက ချူဖုန်း၏နောက်မှ နီးကပ်စွာလိုက်လာလျက် ပြန်ဖြေလိုက်သည်။

သူတို့ဖြတ်သွားရာ လမ်းတစ်လျှောက်တွင် တီးတိုးသံများ၊ အတင်းအဖျင်းများကို ကြားခဲ့ရသည်။

“ဟေ့ ကြည့်ကြည့်၊ သူက ဓားပညာဌာနက ရှောင်ချန်းမလား။”

“ ငါ ကျောင်းတော်က သူ့ကို ထွက်ခွာဖို့ အချိန်သုံးရက်ပေးထားတယ်လို့ ကြားထားတယ်။”

“မသန်မစွမ်းကောင်က ဒီမှာ ဘာလုပ်နေသေးတာလဲ။ အခုထိ ထွက်သွားဖို့ မပြင်ဆင်ရသေးဘူးလား။”

“…”

ချူဖုန်းသည် ရှောင်ချန်း၏ဘက်ကနေ၍ မပြောပေးချေ။ သူသည် တစ်ဖက်သူအား တစ်ချက်မျှကြည့်လိုက်၏။

ထိုအခိုက် သူ အံ့ဩသွားရသည်။ ရှောင်ချန်း၏မျက်နှာပေါ်၌ ဝမ်းနည်းမှု သို့မဟုတ် ခံပြင်းမှုအရိပ်အယောက်ကို တစိုးတစိမျှမတွေ့ရပေ။ သူသည် တစ်ဖက်သူ၏ တင်းနေအောင်ဆုပ်ထားသည့် လက်သီးကို မတွေ့ခဲ့လျှင်မူ.... ချူဖုန်းသည် ထိုသူက အရာအားလုံးကို သည်းခံနိုင်သွားပြီဟု ထင်လိုက်ပေမည်။

ခဏမျှကြာသွား၏။

နှစ်ယောက်သား ကျောင်းတော်၏ မှတ်တမ်းဌာနသို့ ရောက်လာခဲ့သည်။

ချူဖုန်းသည် သူ၏ဌာနမှူးတံဆိပ်ကို ထုတ်ယူပြီး လွှဲပြောင်းရေးစာပွဲပေါ်သို့ တင်လိုက်သည်။

ထို့နောက် သူသည် စားပွဲနောက်က လူအိုကြီးကို ပြုံးကာ စကားဆိုလိုက်၏။ “အကြီးအကဲပိုင် ကျွန်တော် ကျောင်းတော်ကနေ တပည့်တစ်ယောက် လွှဲယူဖို့လာတာပါ။”

အကြီးအကဲပိုင်က ထိုသည်ကိုကြားသော် ခပ်ဟဟရပ်သည်။ “မဆိုးဘူးပဲ ကြွက်စုတ်လေးချူ။ နှစ်ရက်တည်းနဲ့ မင်းက တပည့်တစ်ယောက်ရလာတာပဲ။ ဘယ်သူများ မင်းရဲ့သောင်းပြောင်းပညာရပ်ဌာနကို ပြောင်းချင်တာပါလိမ့်။”

သူ၏အသံသည် များစွာ မကျယ်သော်လည်း ကျောင်းမှတ်တမ်းခန်းသည် တိတ်ဆိတ်နေပါ၏။ ထို့ကြောင့် လူတိုင်းသည် ယင်းကို ရှင်းလင်းစွာ ကြားရသည်။

တစ်ခဏအတွင်းမှာ မျက်လုံးပေါင်းများစွာသည် သူတို့ကို ကြည့်လာကြသည်။

သောင်းပြောင်းပညာရပ်ဌာနသည် တပည့်လက်မခံသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပေသည်။

အချို့သူများဆိုလျှင် ထိုဌာနက တစ်လအတွင်းတပည့်တစ်ဦးမရခဲ့ချှင် ဌာနဖျက်သိမ်းခံရမည်ဟု ကောလဟာလများ ကြားနေရသည်။

မည်သူကမျှတော့ ရလဒ်ကို ဘယ်လိုဖြစ်ဖြစ် ဂရုမစိုက်ချေ။ အမှန်တော့ ပျော်တောင်ပျော်နေကြသေး၏။

နောက်ဆုံး၌ ဌာနတစ်ခုနည်းလေ ရမည့်အရင်းအမြစ်က ပိုမိုများလေပင်။

ချူဖုန်းသည် ထိုအကြည့်များကို လျစ်လျူရှု၍ ရှောင်ချန်း၏ပခုံးပေါ်သို့ လက်တင်လိုက်သည်။ “ဒီမှာကောင်လေး။ မင်းရဲ့ဓားပညာဌာနက လွှဲပြောင်းစာ ပေး။”

ရှောင်ချန်းသည် ထိုတံဆိပ်အား အကြီးအကဲပိုင်အား‌ ပေးလိုက်၏။ “ဒီမှာပါဗျ”

ထို့နောက် အကြီးအကဲပိုင်က လွှဲပြောင်းစာကို ယူလိုက်၏။

ထိုအခိုက် လူတိုင်းက ကြောင်အသွားပြီး ရှောင်ချန်းကို ထူးဆန်းစွာ ကြည့်လာသည်။

ဓားပညာဌာနသည် ဝမ်တောက်ကျောင်းတော်တွင် ဒုတိယစွမ်းအားအကြီးဆုံး ဌာနဖြစ်ပြီး ကောင်းကင်စိတ်ဝိညာဉ်ဌာနပြီးလျှင် ပထမဖြစ်၏။

သူတို့၏အင်အားသည် ခန္ဓာ၊ သိုင်းကျမ်းနှင့် လက်နက်ရတနာတို့ထက် သာလွန်သည်။

သို့သော် ဤသကောင့်သားကတော့ အဘယ်ကြောင့်များ ဓားပညာဌာနကနေ သောင်းပြောင်းပညာရပ်ဌာနသို့ ပြောင်းချင်နေပါသနည်း။

‘စိတ်များလွတ်သွားတာလား’

သို့သော် အကြီးအကဲပိုင်၏နောက်ထပ်စကားများသည် လူတိုင်းကို ရှင်းလင်းသွားစေသည်။

“မင်းက ရှောင်ချန်းမလား”

အကြီးအကဲပိုင်က ခဏမျှရပ်ကာ ဝင်ခွင့်မှတ်တမ်းကို အသာအယာကြည့်လိုက်သည်။

ရှောင်ချန်းက လေးစားစွာ ပြန်ပြောသည်။ “ဟုတ်ပါတယ်၊အကြီးအကဲ ကျွန်တော်က ရှောင်ချန်းပါ။”

“တကယ်ပဲ မင်းကို။ သောင်းပြောင်းပညာရပ်ဌာနက နေရာကောင်းတစ်ခုပါပဲ။ တစ်နေ့တော့ မင်းရဲ့ဒန်ထျန်းကို ပြန်ကုသနိုင်မှာပါ။”

အကြီးအကဲပိုင်သည် အားပေးစကားဆိုလိုက်၏။ ဝမ်တောက်ကျောင်းတော်၏ အလယ်ပိုင်းအဆင့် အရာရှိတစ်ဦးအနေဖြင့် သူသည် ရှောင်ချန်း၏အခြေအနေကို သိထားသည်။

သူက စကားလည်းပြောလျက်ပင် ရှောင်ချန်း၏ဝင်ခွင့်မှတ်တမ်းကို လွှဲပြောင်းကာ သက်သေခံအမှတ်အသားအသစ် ထုတ်ပေးလိုက်၏။

သူ၏အနားကသူများသည် စတင်ကာ တီးတိုးစကားဆိုတော့သည်။

ထိုအသံများက ခပ်တိုးတိုးသာဖြစ်သော်လည်း ချူဖုန်းသည် ထိုစကားများကို နားစွန့်နားဖျား ကြားနေရဆဲပင်။

အကြီးအကဲပိုင်သည် မှတ်တမ်းကို လွှဲပြောင်းပြီးသည့်အခိုက် ဝင်ပေါက်၌ ရုတ်ရုတ်သဲသဲဖြစ်လာခဲ့သည်။

“ကောင်းကင်စိတ်ဝိညာဉ်ဌာနက အကြီးအကဲပင်း ရောက်လာပြီပဲ။”

ချူဖုန်းနှင့်ရှောင်ချန်းသည် တံခါးထံသို့ အလိုလိုလှည့်ကြည့်မိလိုက်သည်။

အေးစက်သည့်မျက်နှာထိမျက်နှာထားဖြင့် ရင်သပ်ရှုမောဖွယ်လှပသည့် အမျိုးသမီးတစ်ဦးဝင်လာသည်။ သူမ၏အနားမှ ချဉ်းကပ်ရခက်ခဲသည့် အရှိန်အဝါများ ထုတ်လွှတ်နေသည်။ သူမ၏ဘေးတွင် နူးညံ့သိမ်မွေ့ပြီး အပြစ်ကင်းစင်ဟန်ရသည့် မိန်းမငယ်လေးတစ်ဦး ကပ်ပါလာသည်။

ရှောင်ချန်း၏ခန္ဓာကိုယ်သည် ထိုမိန်းမငယ်လေးအား မြင်လိုက်ရသည့်အခိုက် အနည်းငယ် တုန်ခါသွားရ၏။

ထိုသေးငယ်သည့် အပြုအမူလေးသည် ချူဖုန်း၏ထက်ရှသည့် အမြင်အာရုံမှ လွတ်ထွက်မသွားချေ။

သူ ဘာများဖြစ်လို့လဲဟု မမေးရသေးခင်မှာပင် အေးစက်စက်အလှလေး၏အကြည့်များသည် ရှောင်ချန်းပေါ်သို့ ကျရောက်လာပြီး အေးစက်စွာ ပြောလာသည်။

“ငါသာ နင့်နေရာမှာဆိုရင် ဝမ်တောက်ကျောင်းတော်မှာ အရှက်မရှိတွယ်ကပ်နေတော့မှာ မဟုတ်ဘူး။ ဒါပေမဲ့ နင့်လို မကျင့်ကြံနိုင်တော့တဲ့ မသန်မစွမ်းက သောင်းပြောင်းပညာရပ်ဌာနလို နေရာနဲ့ လိုက်ဖက်ပါတယ်လေ။”

လူအုပ်ကြီးသည် ချက်ချင်းပင် ပွဲကြည့်ပရိတ်သတ်‌အသွင်သို့ ပြောင်းသွားကြသည်။

အတင်းအဖျင်းစကားများက တိုးညှင်းစွာ ပျံ့နှံ့လာသည်။

“ကျောင်းသားမှတ်တမ်းခန်းကိုလာလိုက်တာ ပွဲကြီးပွဲကောင်းတစ်ခု ကြည့်လိုက်ရမယ်လို့ မထင်ထားဘူး။”

“စီနီယာ ဘာတွေဖြစ်နေတာလဲ။ ဘာလို့ ကောင်းကင်စိတ်ဝိညာဉ်ဌာနက အကြီးအကဲက အပြင်စည်းဂိုဏ်းက မသန်မစွမ်းတစ်ဦးကို ပစ်မှတ်ထားနေတာလဲ။”

“မင်း မသိသေးဘူးလား။ အကြီးအကဲပင်းက တပည့်အသစ်တစ်ယောက် လက်ခံလိုက်တယ်လေ။ နာမည်က ချင်ရို့ဆိုလား။ သူက ရှောင်ချန်းရဲ့ စေ့စပ်ထားတဲ့သူဆိုတာလေ။ ပြောကြတာ‌တော့သူက ရေခဲဝိညာဉ်မြင့်မြတ်ခန္ဓာကို ရှောင်ချန်းကျေးဇူးနဲ့ နိုးထလာတယ်တဲ့။”

“အိုး အဲဒီလိုရှိသေးတာလား။”

“…”

ရှောင်ချန်းသည် အကြီးအကဲပင်း၏ ပြင်းထန်သည့်အကြည့်ကို ခံစားလိုက်ရသည့်အတွက် ဖိအားကို ခံစားလိုက်ရသည်။ ထိုအခိုက် သူ ချင်ရို့ကို ကြည့်လိုက်မိသည်။ သို့သော် သူမ၏အေးစက်ပြီး မထူးမခြားနားဖြစ်နေသည့် အကြည့်ကိုသာ မြင်လိုက်ရသည်။

ဟူးလားလား။

သူသည် နှလုံးသားအတွင်းထဲထိ ခါးသက်မှုကို ခံစားလိုက်ရသည်။ ‘ငါဘာလို့များ အခုထိမျှော်လင့်နေသေးတာလဲ။ သူက မြင့်မြတ်ခန္ဓာကို နိုးထသွားပြီဆိုတော့ ငါတို့နှစ်ယောက်ရဲ့ကမ္ဘာက ခြားသွားပြီ။’

ရှောင်ချန်းက စိတ်ပျက်နေတုန်း သူ၏ရှေ့သို့ ရှည်လျားသည့် ပုံရိပ်တစ်ခု ရောက်လာသည်။

ထိုသူက သူ၏ဆရာများလား။

ချူဖုန်းသည် ရှောင်ချန်အား ပြုံးပြကာ စကားဆိုလိုက်သည်။ “အကြီးအကဲပင်းက အထင်မှားနေပြီထင်တယ်။”

“ဟက်”

အကြီးအကဲပင်းသည် သောင်းပြောင်းပညာရပ်ဌာနမှ ကျင့်ကြံခြင်းအဆင့်မရှိသည့် ဌာနမှူးတစ်ဦးမှ ထိုသို့ ပြန်ပြောလာမည်ဟု မထင်ထားချေ။

ဝမ်တောက်ကျောင်းတော်၏စည်းမျဉ်းကြောင့်သာ မဟုတ်လျှင် သူမသည် တစ်ဖက်သူကို ပြန်ပြောရဲသည့်အတွက် နေရာမှာတင် ရိုက်သတ်လိုက်မှာဖြစ်သည်။

“ဌာနမှူးချူက ဒီအကြီးအကဲမှားနေတယ်လို့ ပြောလိုက်တာလား။”

“မှားတာမဟုတ်ဘူး။ တက်တက်စင်အောင်ကို လွှဲတာ” ချူဖုန်းက တုံ့ဆိုင်းမှုမရှိစွာ ပြန်ဖြေလိုက်သည့်အတွက် လူတိုင်းက ထိတ်လန့်သွားတော့၏။

လူတိုင်းသည် သူ့အား အရူးတစ်ယောက်ပမာ ကြည့်လာ၏။ အကြီးအကဲပိုင်သည်ပင် ချူဖုန်းအား လက်မထောင်ပြချင်သွားသည်။

အကြီးအကဲပင်း၏အမူအရာမှာကား ပိုမိုအေးစက်လာသည်။ သူမသည် အံ့ကြိတ်ထားသည့်ဟန်ဖြင့် ပြောလာ၏။ “ဒါဆိုလည်း ဌာနမှူးချူကပဲ လမ်းပြပေးပါဦး။ ကောင်းကောင်းသာ မပြောပြပေးနိုင်ရင်တော့ ကျွန်မကို ရက်စက်တယ်လို့ အပြစ်လာမတင်နဲ့။”

ထိုအခိုက် အေးစက်သည့် လူသတ်ငွေ့များက ချူဖုန်း၏အနားသို့ ဝေ့ဝဲလာသော်လည်း သူသည် တည်တည်ငြိမ်ငြိမ်ဖြင့်သာ ဆိုသည်။

“ဆိုရိုးစကားအတိုင်းပဲပေါ့။ မြစ်ရေက အရှေ့အရပ်ကို နှစ်သုံးဆယ် စီးဆင်းပြီးရင် အနောက်အရပ်ကို နှစ်သုံးဆယ်စီးဆင်တယ်။ ဒုက္ခ‌ ရောက်နေတဲ့လူငယ်တွေကို ဘယ်တော့မှ မနှိမ့်ချမိစေနဲ့။”

“ရှောင်ချန်းက ယာယီပဲနိမ့်ကျနေမှာ။ သူက နောက်ဆိုရင် သေချာပေါက် ဓားတာအိုကို ပြန်လည်ထိန်းသိမ်းနိုင်ပြီး ကမ္ဘာကြီးကို ထိတ်လန့်သွားစေလိမ့်မယ်။”

တစ်ခန်းလုံး တိတ်ဆိတ်သွားသည်။ လူတိုင်းက ချူဖုန်းကို မယုံနိုင်စွာ ကြည့်လာသည်။

အကြီးအကဲပင်း၏မျက်လုံးများသည် မထီမဲ့မြင်ပြုမှုများဖြင့် ပြည့်နှက်သွားသည်။

ရှောင်ချန်းသည်သာ သူ့အား လေးစားစွာကြည့်လာ၏။ ‘ငါ့ကို လက်မလျှော့သေးတဲ့သူတွေ ရှိနေသေးတာပဲ။’

“ကောင်းလိုက်တဲ့ဟာသ။ ဒါက ကျွန်မဘဝမှာ ကြားဖူးတဲ့ အရယ်ရဆုံးဟာသပဲ။ ရှင်က ရှင့်ရဲ့တပည့်ကို အဓိပ္ပာယ်မရှိတဲ့စကားတွေနဲ့ ဖြေသိမ့်ပေးနေတာပဲ။ ဒီလိုဆိုမှတော့ ကျွန်မကို မသနားဘူးလို့ အပြစ်မတင်နဲ့။”

သူမ၏မျက်လုံးများသည် စကားပြောနေလျက်ပင် သတ်ဖြတ်လိုစိတ်များဖြင့် တောက်ပလာသည်။

ချူဖုန်းသည် ထိုအကြည့်ကြောင့် အရိုးထိတိုင် အေးစက်သွားသော်လည်း သူသည် တည်ငြိမ်စွာပင် ပေါ့ပေါ့ပါးပါးပြောလာသည်။

“ကျုပ် ချူဖုန်းက အမြဲတမ်း စကားတည်တယ်။ အကြီးအကဲပင်းက မယုံမှတော့ ကျုပ်တို့တွေ သုံးနှစ်စာချုပ်ကို အခုဒီနေရာမှာပဲ ချုပ်ကြတာပေါ့။”

All Chapters