← Chapters

အကြိမ်သန်းတစ်ရာ ဓားလွှဲယမ်းခြင်း။ ဓားဆန္ဒမြင့်တက်လာခြင်း။

Vol. 1 Ch. 5

အကြိမ်သန်းတစ်ရာ ဓားလွှဲယမ်းခြင်း။ ဓားဆန္ဒမြင့်တက်လာခြင်း။

Vol. 1 Ch. 5

“ရှောင်ချန်း ငါ့ကို အရင်ပြောကြည့်။ မင်းဘယ်လိုနည်းစနစ်မျိုးကို ကျင့်ကြံချင်လဲ။”

ရှောင်ချန်းသည် အလေးအနက် ဖြေကြားလိုက်၏။

“ဆရာ့ကို ဖြေကြားပါတယ်။ ကျွန်တော်က မွေးရာပါဓားခန္ဓာနဲ့ မွေးဖွားလာတာပါ။ ကျွန်တော် စကျင့်ကြံတည်းက ဓားသူတော်စင်ဖြစ်ဖို့ ရည်မှန်းထားပါတယ်။ ကံမကောင်းချင်တော့ ကံကြမ္မာက မျက်နှာသာ မပေးခဲ့ပါဘူး။”

ရှောင်ချန်း၏မျက်လုံးထဲ၌ ဝမ်းနည်းရိပ်များ ယှက်သန်းလာသော်လည်း သိပ်မကြာခင်မှာ သူ၏အကြည့်သည် ခိုင်မာပြတ်သားသွား၏။

“ဒါပေမဲ့ ကျွန်တော် အခု ဆရာနဲ့ တွေ့ပါပြီ။ ဖြစ်နိုင်ရင် ကျွန်တော် နောက်တစ်ကြိမ် ဓားကို ရွေးချယ်ပြီး ဆက်ကျင့်ကြံချင်ပါတယ်။”

“ဆရာ ကျေးဇူးပြုပြီး ကျွန်တော့်ကို အထွတ်အထိပ်ဓားနည်းစနစ်ကို သင်ကြားပေးပါ။”

“ဓားသူတော်စင်တစ်ပါးလား။ မွေးရာပါဓားခန္ဓာနဲ့ မင်းရဲ့ရည်ရွယ်ချက်က အဲဒါလေးပဲလား။”

ချူဖုန်းသည် သူ၏လေသံကို မြင့်ကာ ထပ်ပေါင်းပြောလိုက်၏။ “အခု ကောင်းကင်ရဲ့အလိုအရ မင်းက ငါ့တပည့်ဖြစ်နေပြီ။ မင်း ရည်မှန်းချက် ကြီးကြီးထားစမ်းပါ။ မင်းက ငါ့ရဲ့တပည့်ကြီးပဲ။ အနည်းဆုံးတော့ နတ်ဘုရားဧကရာဇ်ဖြစ်လာရမယ်။”

ရှောင်ချန်းသည် နေရာမှာပင် ကြက်သေသေသွား၏။

ရွှမ်ထျန်းတိုက်ကြီးတွင် ကျင့်ကြံသူများကို အောက်ပါအဆင့်အတိုင်း ခွဲခြားထားလေသည်။

ခန္ဓာသန့်စင်ခြင်း၊ တာအိုတည်ဆောက်ခြင်း၊ စစ်မှန်ကံကြမ္မာ၊ ကောင်းကင်ဇာစ်မြစ်၊ စိတ်ဝိညာဉ်ပြည့်အင့်ခြင်း၊ တာအိုပေါင်းစည်းခြင်း၊ နီဗားနားရှင်သန်ခြင်း၊ သူတော်စင်တစ်ပိုင်း၊ နတ်ဘုရားဘုရင်၊ နတ်ဘုရားဧကရာဇ်နှင့် အမတဧကရာဇ်ဟူ၍ပင်။

အမတဧကရာဇ်တစ်ပါးဖြစ်လာခြင်းသည် အထက်ကမ္ဘာသို့ တက်လှမ်းခြင်းပေ။ ထိုအဆင့်ကျင့်ကြံသူများသည် ရွှမ်ထျန်းတိုက်ကြီးတွင် ရှားပါး၏။

သို့ဖြစ်၍ နတ်ဘုရားဧကရာဇ်အဆင့်ကို ဤကမ္ဘာကြီးတွင် အစစ်အမှန် နတ်ဘုရားတစ်ပါးအဆင့်ဟူ၍ ယူဆကြသည်။ ထိုအဆင့်ကိုပင် မရေမတွက်နိုင်သော ကျင့်ကြံသူများသည် လေးစားရပေ၏။

“ဆရာ....ကျွန်တော် တကယ်ပဲ အဲဒီအဆင့်ကို ရောက်နိုင်တာလား။”

ချူဖုန်းသည် သူ၏ပခုံးကို ပုတ်လိုက်သည်။ “မင်းရဲ့ဆရာကိုသာ ယုံကြည်လိုက်စမ်းပါ။ မင်းသာ ကြိုးစားနေသရွေ့ နတ်ဘုရားဧကရာဇ်တစ်ပါးဖြစ်လာနိုင်တယ်။ မဟုတ်သေးဘူ။ မေးနေစရာကိုမလိုတာ။ အမတဧကရာဇ်တောင် ဖြစ်လာနိုင်တယ်။ “

မျှော်လင့်ချက်အတုများ ပေးခြင်းသည် ချူဖုန်းအကျွမ်းကျင်ဆုံးအရာပေ။ ယခင်ဘဝ၌ သူက ထိုတော်ကီများဖြင့် မိန်းမလှလေးများကို ချုပ်ခဲ့ခြင်းဖြစ်သည်။

ယခုဘဝတွင်တော့ သူ၏တပည့်များအတွက်ပါပေ။

ရှောင်ချန်းကို ကြည့်ရသည်မှာ မိုးကြိုးပစ်ခံရသည့်ပမာ ငုတ်တုတ်မေ့နေလေသည်။ သူ၏နှလုံးသားသည် ဒရမ်တစ်လုံးပမာ မြည်ဟိန်း တုန်ခါနေပြီး ချူဖုန်းကို မယုံကြည်မှုများယှက်သန်းသည့်အကြည့်ဖြင့် လေးစားစွာ ကြည့်နေမိ၏။

“တပည့်က ဆရာ့ရဲ့မျှော်လင့်ချက်ကို မကျရှုံးစေရပါဘူး။”

ချူဖုန်းသည် ရယ်မောလာသည်။ “ကောင်းတယ်။ ဒီတော့ သွားနားလိုက်ဦး။ မနက်ဖြန် နေ့လည်လောက်မှ ငါ့ခြံဝန်းကို ပြန်လာခဲ့ချည်။”

“ငါ မင်းကို ပြိုင်ဘက်ကင်းဓားကျင့်စဉ်တစ်ခု လက်ဆင့်ကမ်းပေးမယ်။”

ချူဖုန်းသည် ဖြီးဖြန်းရွှီးရှန်းရန်အတွက် ဆုံးဖြတ်ထားသော်လည်း သူသည် ယင်းကို ဂရုတစိုက် စဉ်းစားရပါမည်။

သူသည် ယခင်ဘဝတုန်းက မရေမတွက်နိုင်သည့် ကျင့်ကြံခြင်းနည်းစနစ်နှင့် ဓားကျမ်းများကို မြင်ဖူးသည်။

သူသည် မည်သည့်တစ်ခုကို ရှောင်ချန်းအား ‌သင်ကြားပေးရမည်နည်းဆိုတာ မသိသေးချေ။

မနက်ဖြန် နေ့လည်ခင်းမှ ပြန်လာရန် ပြောလိုက်သည်က ချူဖုန်းသည် မနက်စောစော မထနိုင်၍ပေ။

ကူးပြောင်းပြီးနောက်၌ပင် ချူဖုန်းသည် သူ၏ ညလုံးပေါက်နေသည့် အကျင့်ကို မပြောင်းလဲနိုင်သေးပေ။ “ကျင့်ကြံမယ်။”

“ဟုတ်ကဲ့ပါ ဆရာ”

ရှောင်ချန်းသည် ယုံကြည်ချက်ရှိစွာ ပြန်ဖြေပြီး မျှော်လင့်တကြီးဖြင့် ပြန်သွားတော့သည်။

ချူဖုန်းသည် တစ်ဖက်သူ ထွက်သွားခြင်းကို စောင့်ကြည့်နေပြီးမှ စတင်စဉ်းစားတော့၏။

‘သူ့ရဲ့ ပထမဆုံး တပည့်သာဝကကြီးကို ဘယ်ကျင့်စဉ်များ ပေးရမလဲ။”

သူသည် ခုံစောင်းပေါ်၌ တစ်နေ့ခင်းလုံး ထိုင်ကာ မေးပေါ်လက်တင်လျက် စဉ်းစားနေသည်။

နေသည် စတင်ဝင်တော့ပေမည်။ ထိုအခိုက် ချူဖုန်း၏စိတ်ကူးဉာဏ်သည် တစ်ချက်ကွန့်မြူးသွား၏။ ပြိုင်ဘက်ကင်းနည်းစနစ်တစ်ခုသည် သူ၏စိတ်ထဲသို့ ဝင်ရောက်လာပေသည်။

၎င်းပညာရပ်သည် ရှောင်ချန်း၏လက်ရှိအခြေအနေနှင့် အလိုက်ဖက်ဆုံးပေ။

သို့သော် ထိုကျင့်စဉ်ကျမ်းကို တက်ကျွမ်းရန် ခက်ခဲသည်။ ကျင့်ကြံနိုင်သည့် လူတိုင်းသည်လည်း ထိပ်တန်းအဆင့် ပါရမီရှင်များပေ။

သူသည် ရှောင်ချန်း ၎င်းကျမ်းကို ကျင့်ကြံနိုင်မလားဆိုတာတော့ မသေချာပေ။

‘ပိုပြီးခက်ခဲသွားအောင် ခက်ခဲမှုကို တိုးမြှင့်လိုက်ရမလား။’

ချူဖုန်းသည် စုတ်တံနှင့် စာရွက်ကို ကောက်ယူပြီး ကျင့်စဉ်ကို စတင်ချရေးတော့သည်။ သူသည် ရှောင်ချန်းတစ်ယောက် ကျင့်ကြံနိုင်ရန် ပြီးပြည့်စုံသည့် စနစ်တစ်ခုကို ဖြည့်စွက်လေ့ကျင့်ခန်းများနှင့် တွဲဖက်ရေးသားလိုက်သည်။

သူသည် ကျင့်စဉ်များကို တစ်ညလုံး ရေးသားနေလိုက်သည်။

သူ၏အစာအိမ်က အချက်ပေးလာသည့်အခါမှသာ ရေးသားနေတာကို ရပ်ပြီး မီးဖိုချောင်ထဲဝင်ကာ သူ၏ညလယ်စာကို စားတော့သည်။

ညလယ်စာ စားပြီးနောက် သူသည် စိတ်ကျေနပ်စွာ အိပ်သွားတော့၏။

—

နောက်တစ်နေ့ နေ့လည်ခင်းတွင်။

ချူဖုန်းသည် အိပ်ရာမှ ဖြည်းညှင်းစွာ ထလာ၏။ ထို့နောက် ‌အကြောအချင်များ ဆန့်တန်းပြီး မျက်နှာသစ်ကာ အပြင်သို့ ထွက်လာလိုက်၏။

သူ တံခါးဖွင့်ဖွင့်ချင်းမှာ ရှောင်ချန်းသည် ခြံဝန်းအပြင်၌ တိတ်ဆိတ်စွာ ရပ်နေသည်ကို တွေ့လိုက်ရသည်။

“မင်း ရောက်နေတာ ကြာပြီလား။ ငါ့ကို နှိုးလိုက်တာ မဟုတ်ဘူး။”

ရှောင်ချန်းသည် ခေါင်းခါလိုက်၏။ “ဒီတပည့်က ဆရာ့ကို မနှောင့်ယှက်ရဲပါဘူး။ ပြီးတော့ ကျွန်တော် ဆရာပြောထားတဲ့အတိုင်း ခုနလေးတင်မှ ရောက်လာတာပါ။ စောင့်နေတာ ခဏပဲရှိပါသေးတယ်။”

“ကောင်းတယ်”

ချူဖုန်းသည် ခေါင်းအသာ ညိတ်၏။ “ မင်းမှာ ကျင့်ကြံခြင်းအဆင့် ဘယ်လောက်ထိကျန်သေးလဲ။”

“ဆရာ့ကို တင်ပြပါတယ်။ ဒီတပည့်မှာ သုံးပုံတစ်ပုံအောက်တော့ ကျန်ပါသေးတယ်။”

“လုံးဝကုန်ဖို့ဆို အချိန်ဘယ်လောက်ကြာမလဲ။”

ရှောင်ချန်းသည် ထိုမေးခွန်းကို သေချာစဉ်းစားပြီးနောက် လေးစားစွာ ပြန်ဖြေ၏။ “ကျွန်တော်သာ ဆက်ပြီး မကျင့်ကြံနေဘူးဆိုရင် သုံးလအတွင်း လုံးဝကို ကုန်ဆုံးသွားမယ်ဗျ။ ဒါဆို ကျွန်တော်လည်း လုံးဝကို မသန်မစွမ်းတစ်ဦးဖြစ်သွားမှာ။”

“သိပ်တော့ မလိုတော့ဘူးပဲ။”

ချူဖုန်းသည် တီးတိုးရေရွတ်ပြီး ခေါင်းညိတ်လိုက်သည်။ “ဒီနေ့ကစပြီး မင်းရဲ့ကျင့်စဉ်ဟောင်းကို ထပ်ပြီး မကျင့်ကြံနဲ့တော့။ မင်းရဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေကိုလည်း ပြန်မဖြည့်နဲ့။”

“ဗျာ...ဘယ်လို...ဘယ်လို...”

ရှောင်ချန်းသည် ကြောင်အသွားပြီး မေးခွန်းထုတ်လိုက်မိသည်။ “ဘာလို့လဲဆရာ”

“ဘာလို့ရမှာလဲ။ မင်းကို ပြိုင်ဘက်ကင်းနတ်ဘုရားကျင့်စဉ်ကို လက်ဆင့်ကမ်းပေးမလို့ကွ။”

ချူဖုန်းသည် ခဏမျှရပ်ပြီး ဆက်ပြောလေသည်။ “ဒါပေမဲ့ မင်းကို ဒီအထွတ်အထိပ်ကျင့်စဉ်ကို မသင်ပေးခင် မင်း ဓားဆန္ဒကို အရင်နားလည်ရမယ်။”

“မင်းက ဓား‌ပညာဌာနရဲ့ အပြင်စည်းတပည့်ခေါင်းဆောင်ဖြစ်ခဲ့ဖူးတာပဲ။ မင်း ဓားဆန္ဒဆိုတာ ဘာလဲ မစိမ်းဘူး မလား။”

ရှောင်ချန်းသည် ခေါင်းညိတ်၏။ “ကျွန်တော် နားလည်ထားတာရှိပါတယ်ဗျ။ အရင်က ဓားဆန္ဒအရိပ်အငွေ့လေးကို ထိတွေ့မိနေပြီ။ ဒါပေမဲ့ ‌ဓားဆန္ဒအဆင့်ကို ရောက်ဖို့က အတော်လေး ခက်တယ်။”

ချူဖုန်းသည် အသာအယာပြုံးလိုက်၏။ “တခြားသူတွေအတွက်တော့ ခက်ခဲချင်ခက်ခဲမှာပေါ့။ ဒါပေမဲ့ ဆရာ့အတွက်တော့ ဓားဆန္ဒကို ကျွမ်းကျင်ဖို့ဆိုတာ လက်တစ်ချောင်းလှုပ်ရုံလောက် လွယ်ပါတယ်ကွ။”

“တကယ်လားဗျ”

ရှောင်ချန်းသည် သူ၏ဆရာကို မယုံကြည်မှုများဖြင့် ပြူးကြောင်ကြောင်စိုက်ကြည့်လိုက်မိ၏။

“ငါက မင်းကို လိမ်စရာလား”

(မလိမ်ဘူး ဖြီးနေတာ🤣🤣)

ချူဖုန်းသည် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။”ငါ့နောက်လိုက်ခဲ့။”

“ဟုတ်ကဲ့ပါဆရာ။”

ရှောင်ချန်းသည် သူ၏နှလုံးသားထဲမှ စိတ်လှုပ်ရှားမှုကို အားတင်းဖိနှိပ်ကာ ချူဖုန်း၏နောက်သို့ လိုက်သွားသည်။

သူတို့နှစ်ယောက်သည် သောင်းပြောင်းပညာရပ်ဌာနမှ ထွက်ခွာလာပြီး တောင်အနောက်ဘက်သို့ ဦးတည်လိုက်ကြ၏။

နာရီဝက်ခန့်ကြာပြီးနောက်။

သူတို့သည် ရေတံခွန်တစ်ခုရှေ့သို့ ရောက်လာကြသည်။

ချူဖုန်းသည် ပြော၏။ “ဒီနေ့ကစပြီး ဒီနေရာက မင်းလေ့ကျင့်ရမဲ့နေရာပဲ။ မင်း အခြေခံဓားနည်းစနစ်ကို သိတယ်မလား။”

“သိပါတယ် ဆရာ”

ရှောင်ချန်းသည် မဆိုင်းမတွပင် ပြန်ဖြေလိုက်သည်။

“ဒီနေ့ကစပြီး အခြေခံဓားနည်းစနစ်ကို ဒီရေတံခွန် အောက်မှာ လေ့ကျင့်ရမယ်။ မင်း ရေတံခွန်ကို ဓားတစ်ချက်တည်းနဲ့ ဖြတ်ပိုင်းနိုင်ပြီဆိုရင်တော့ မင်းဓားဆန္ဒကို နားလည်သွားလိမ့်မယ်။ ဒါပေမဲ့ စိတ်ဝိညာဉ်စွမ်းအားကို မသုံးရဘူး။ အဲဒီလိုသုံးတာက မင်းကို ဓားဆန္ဒနားလည်ဆင်ခြင်တဲ့နေရာမှာ အထောက်အကူပြုမှာ မဟုတ်ဘူး။”

ချူဖုန်းသည် တည်ငြိမ်စွာ ပြော၏။

“…”

ရှောင်ချန်းသည် သူ၏ဆရာကို ရှုပ်ထွေးစွာ ပြန်ကြည့်လာ၏။

တစ်ဖက်သူ၏မျက်လုံးထဲက အရိုးခံနားမလည်မှုကို တွေ့သော် ချူဖုန်းသည် ပြုံးရွှင်စွာ ပြောလိုက်သည်။ “မင်း ဒီစကားကို ကြာဖူးလား။ မင်းရဲ့ဓားကို အကြိမ်သန်းတစ်ရာ လွှဲယမ်းရင် ဓားဆန္ဒက သဘာဝအတိုင်း ထွက်ပေါ်လာလိမ့်မယ်တဲ့။”

“မှတ်ထား။ မင်း ဓားကို လွှဲယမ်းနေတုန်း ဗရမ်းဗတာမလုပ်နဲ့။ မင်းက မင်းလုပ်နေတဲ့အရာကို အထွတ်အထိပ်ထိရောက်အောင် နားလည်‌‌ဆင်ခြင်နေရမယ်။”

“ပြီးပြည့်စုံတဲ့ ဓားတစ်ချက်ကပဲ မင်းကို ဓားဆန္ဒနားလည်တဲ့နေရာမှာ အထောက်အပံ့ဖြစ်စေလိမ့်မယ်။”

“ငါ့တပည့် ကြားဖူးကြတယ်မလား။ မဟာတာအိုဆိုတာ အရိုးရှင်းဆုံးပါပဲတဲ့။”

ရှောင်ချန်းသည် အစပထမ၌ မေးခွန်းများဖြင့် ပြည့်နှက်သွားသော်လည်း ထိုနောက်ဆုံးစာကြောင်းကို တွေ့သော် သူ၏မျက်လုံးထဲ၌ အလင်းရောင်များ တောက်ပလာ၏။

‘ဟုတ်တယ်၊ ငါဘယ်လိုများ မေ့သွားရတာလဲ။ ဓားပညာဌာနမှာ ဓားဆန္ဒကို လေ့ကျင့်ချင်တဲ့သူတွေက သူတို့ရဲ့ဓားနည်းစနစ်တွေကို မဟာပြီးပြည့်စုံခြင်းအဆင့်ထိရောက်အောင် ကျင့်ကြံရတယ်။’

‘အရင်က ငါလေ့ကျင့်တဲ့ ဓားကျမ်းက ပြီးပြည့်စုံတယ်ဆိုပေမဲ့ တကယ့်စစ်မှန်တဲ့ ပြီးပြည့်စုံတဲ့ အဆင့်မဟုတ်သေးဘူး။’

‘အဲဒါကြောင့်ပဲ ငါဓားဆန္ဒကို နားမလည်လိုက်တာပဲ။’

‘အခု ငါ့ဒန်ထျန်းက ဖျက်ဆီးခံရပြီးပြီ။ ငါ့ရဲ့ဓားကျမ်းအဟောင်းကို ကျင့်နေဦးမယ်ဆိုရင် ထပ်ပြီးတိုးတက်တော့မှာ မဟုတ်ဘူး။ အဲဒါကြောင့် ဆရာက ဒီနည်းလမ်းကိုတွေးမိပြီး ငါ့ကို ဓားဆန္ဒနားလည်ဆင်ခြင်တဲ့နေရာမှာ ကူညီပေးလိုက်တာပဲ။’

သူ၏မျက်နှာပေါ်တွင် တောက်ပသည့်အပြုံးကြီးတစ်ခုပေါ်လာသည်။ သူသည် ချူဖုန်းကို ကြည့်ကာ ပြောသည်။ “ဆရာ့ရဲ့ လမ်းညွှန်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော် အခု နားလည်သွားပါပြီ။ ဒီနေ့ကစပြီး ဆရာရဲ့ညွှန်ကြားချက်အတိုင်း လေ့ကျင့်ပါမယ်။”

“ကောင်းတယ်။ မင်းက သင်လွယ်တက်လွယ်တယ်။”

ချူဖုန်းသည် စိတ်ကျေနပ်သည့်ပုံစံဖြင့် ပြန်ဖြေပြီး တွေးတောနေသည်။ ‘ဒီကလေးက ရွေးချယ်ခံတစ်ယောက်ဆိုတဲ့ အတိုင်းပဲ။ ငါ လျှောက်ရေးလိုက်တဲ့ သဘောတရားတွေကို သူက နားလည်သွားတယ်။ သူ လုပ်နိုင် မလုပ်နိုင်ပဲ စောင့်ကြည့်တော့မယ်။”

‘သူ့ရဲ့ စိတ်ဝိညာဉ်စွမ်းအားတွေ လုံးဝကုန်သွားတဲ့အထိ စောင့်ရမယ်။ ပြီးမှ သူ့ကို ကျင့်စဉ်ကို ပေးတာပေါ့။’

‘အကယ်၍ ၎င်းက အလုပ်မဖြစ်လျှင်။’

‘ ငါ နောက်ထပ်ဖြီးဖြန်းဖို့ တပည့်အသစ်ရှာရတော့မယ်။’

“ ကောင်း‌တယ်။ကောင်းတယ်။ မင်း နားမလည်တာသာရှိရင် ငါ့ဆီလာမေး။”

“နားလည်ပါပြီ”

ရှောင်ချန်းသည် ပြန်ဖြေလိုက်၏။ ထို့နောက် သူ၏ခါးပေါ်မှ ဓားကို ဆွဲထုတ်လိုက်၏။ ထို့နောက် ရေတံခွန်ထဲသို့ ဝင်ရောက်သွားတော့၏။

All Chapters