ရှောင်ချန်း- ဆရာက အရမ်းစွမ်းအားကြီးတာပဲ။
Vol. 1 Ch. 6
ကလန်။
ပေထောင်ပေါင်းများစွာ မြင့်သော ရေတံခွန်၏အောက်ခြေတွင်။
ရှောင်ချန်းသည် သူ၏အားအင်အကုန်လုံးကို စိုက်ထုတ်ကာ ဓားချက်များကို ဆက်တိုက် လွှဲယမ်းနေသည်။
ဓားချက်တိုင်းသည် သူ၏ခန္ဓာကိုယ်နှင့် စိတ်ခွန်အား ကန့်သတ်ချက်ကို စမ်းသပ်နေလေသည်။
သူ၏မွေးရာပါဓားခန္ဓာနှင့် တာအိုတည်ဆောက်ခြင်းအဆင့်၏ရုပ်ပိုင်းဆိုင်ရာ ခွန်အားသာ မရှိလျှင် ရေတံခွန်အောက်၌ လေ့ကျင့်ဖို့နေသာသာ မတ်တပ်ပင် ရပ်နိုင်မည် မဟုတ်ပေ။ ထို့အပြင် ဤသို့လေ့ကျင့်ရာ၌ ဓားချက်တိုင်းသည်လည်း တက်နိုင်သမျှ ပြည့်စုံရပေမည်။
ပထမတုန်းက ရှောင်ချန်းသည် ဖရိုဖရဲအတွေးများကြောင့် စိတ်ရှုပ်ထွေးသွားသေးသည်။ သို့သော် သူသည် လေ့ကျင့်မှုထဲသို့ နစ်မြုပ်သွားပြီးနောက် သူ၏ ထွေရာလေးပါးအတွေးတို့သည် လွင့်စင်ပပျောက်သွားတော့၏။
သိပ်မကြာခင်မှာပင် သူ၏ကမ္ဘာကြီးတွင် သူကိုယ်တိုင်နှင့် ဓားတစ်လက်သာ ကျန်ရစ်ခဲ့သည်။
နာရီပေါင်းများစွာ ကြာသွားသည်။ ရှောင်ချန်းသည် သူ၏တစ်ကိုယ်လုံးက အားအင်ပြတ်လပ်လာသည်ကို ခံစားရသည်။
နောက်ဆုံးတွင် ရေတံခွန်၏ဖိအားကို သူ တောင့်မခံနိုင်တော့ဘဲ ရေထဲသို့ ပြုတ်ကျသွားတော့သည်။
သူသည် ရေစီးကြောင်းအတိုင်း လိုက်ပါသွားပြီးနောက် ငါးကြင်းတစ်ကောင်ကဲ့သို့ ခုန်ပျံကာ ကမ်းပေါ်သို့ လျင်မြန်စွာ ပြန်တက်လိုက်သည်။ထို့နောက် သူသည် အနားယူကာ အားမွေးလိုက်၏။
သိပ်မကြာခင်မှာပင် သူသည် ခွန်အားအချို့ ပြန်ရလာပြီး လေ့ကျင်မှုကို ပြန်လည်စတင်တော့သည်။
အနေ့နေ့ အညညကုန်ဆုံးသွား၏။
သောင်းပြောင်းပညာရပ်ဌာနတွင်။
ဤအတောအတွင်း ချူဖုန်းသည် စနစ်နှင့် ဆက်နွယ်ရန် ကြိုးစားခဲ့သေးသည်။ ကံမကောင်းသည်က သူ တပည့်လက်ခံတုန်းက ရရှိခဲ့သည့် အသိပေးချက်မှလွဲ၍ မည်သည့်တုံ့ပြန်မှုမှ ရှိမလာပေ။
“ဒီလို ရူးကြောင်ကြောင် စနစ်မျိုး ရလိမ့်မယ်လို့ မထင်ထားဘူး။”
အကြိမ်ပေါင်းများစွာ ကြိုးစားပြီးနောက် ချူဖုန်းသည် ၎င်းနှင့်ဆက်သွယ်ရန် အရှုံးပေးလိုက်တော့၏။ သူသည် စာအုပ်တစ်အုပ်ကို ကျပန်းကောက်ကာ စိတ်ဝင်တစား စဝင်ဖတ်ရှုတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာ ခုနစ်ရက်ကုန်ဆုံးသွားသည်။
ချူဖုန်းသည် သူ၏ခန္ဓာကိုယ်က ကြာရှည်စွာ လဲလျောင်းနေသည့်အတွက် တောင့်တင်းနေသည်ကို ခံစားလိုက်ရ၏။
“ရှောင်ချန်း အခုဆို ဘာတွေလုပ်နေမလဲ မသိဘူး။”
သူသည် ထိုသည်ကို စဉ်းစာမိပြီး သူ့တပည့်၏တိုးတက်မှုကို သွားရောက်စစ်ဆေးရန် ဆုံးဖြတ်လိုက်၏။
နောက်ဆုံးတွင် ရှောင်ချန်းသည် သူ၏ပထမဆုံး တပည့်ဖြစ်သည်။ ဆရာတစ်ဦးအနေဖြင့် ကျောင်းသား၏တိုးတက်မှုကို စစ်ဆေးသည်က သာမန်ပင်။
ဆယ်နှစ်တာကျင့်ကြံခြင်းကို ရရှိပြီးနော် ချူဖုန်းသည် မပျံသန်းနိုင်သေးသော်လည်း လျင်မြန်စွာ သွားလာခြင်းသည် ပြဿနာတစ်ခုမဟုတ်တော့ပေ။
အချိန်ခဏမျှကြာပြီးနောက် သူသည် ရေတံခွန်သို့ရောက်လာသည်။ ထိုနေရာ၌ လူငယ်တစ်ဦးသည် ရေတံခွန်အောက်တွင် ဓားကို လွှဲယမ်းနေသည်အား တွေ့ရ၏။
ပြင်းထန်သည့်ဖိအားအောက်တွင် ရှောင်ချန်းသည် ခေါင်းအစခြေအဆုံး ရွှဲရွှဲစိုနေသည်။
သို့သော် သူ၏ဓားလွှဲယမ်းချက်တိုင်းသည် တည်ငြိမ်ကာ ပြင်းထန်လှပေသည်။
‘ကြည့်ရတာ ဒီကောင်လေးက ငါ့စကားကို နားထောင်သားပဲ။’
ချူဖုန်းသည် ဘာမျှ လုပ်စရာမရှိတော့ပေ။ သို့ဖြစ်၍ ငါးဖမ်းရန် ဆုံးဖြတ်လိုက်၏။ ယင်းက သူ၏အတိတ်ဘဝက အနှစ်သက်ဆုံးအလုပ်ပေ။
ဗွမ်း။
ချူဖုန်းသည် ငါးမိသွားသည့်အခိုက် ရှောင်ချန်းက ရေတံခွန်၏ဖိအားကြောင့် နောက်တစ်ကြိမ် လွင့်စင်သွားပြီး သစ်သားစလေးတစ်ခုပမာ ရေထဲသို့ ပြုတ်ကျသွား၏။
နောက်တစ်ခဏတွင် သူသည် ကမ်းပေါ်သို့ ပြန်တက်လာပြီး အမောတကော အသက်ရှူနေတော့သည်။
သူ ချူဖုန်းကို မြင်သည့်အခိုက် အသက်အရင် ဝဝရှူပြီး စကားဆက်ပြောလာသည်။ “ဒီတပည့်က ဆရာ့ကို အရိုအသေပြုပါတယ်။”
“လုပ်ထုံးလုပ်နည်းတွေအတိုင်း လုပ်မနေနဲ့။ မင်းအခု အားကုန်သွားပြီမလား။ နားလိုက်ဦး။” ချူဖုန်းသည် လျင်မြန်စွာ ဆိုလိုက်သည်။
ရှောင်ချန်းသည် ခေါင်းအသာညိတ်ပြီး ကမ်းပေါ်၌ လှဲကာ မျက်လုံးပိတ်ပြီး အားပြန်မွေးနေလိုက်သည်။
အချိန်ခဏမျှကြာပြီးနောက် သူသည် မျက်လုံးပွင့်လာပြီး မေးမြန်းတော့သည်။ “ဆရာ ဒီကို ဘာလာလုပ်တာလဲဗျ”
“ဘာလုပ်ရမှာလဲ။ မင်း လေ့ကျင့်နေတာ ဘယ်လောက်ထိပြီးပြီလဲ လာကြည့်တာ။”
ထို့နောက် ခဏမျှရပ်ပြီး မေးလေသည်။ “မင်းက ပုံမှန်လည်း ဒီလိုပဲ အနားယူနေကြလား။”
“ဟုတ်ပါတယ်။ ကျွန်တော် နေ့တစ်နေ့ရဲ့ ဆယ်နှစ်နာရီလုံးကို ဒီမှာ လေ့ကျင့်တယ်။ ဓားသာ လွှဲမနေရင် မြေပေါ်မှာ အနားယူတယ်။ ညကျရင်တော့ နှစ်နာရီလောက် တစ်မှေးလောက်အိပ်တယ်။” ရှောင်ချန်းသည် ပြန်ဖြေလိုက်၏။ ထို့နောက် သူသည် ချူဖုန်းကို ဂရုတစိုက်ကြည့်၏။
ဟူးလားလား။
‘ဒါက လူတွေပြောတဲ့ ဓားရူးတွေဆိုတာလား။’
ချူဖုန်းသည် တိတ်တဆိတ်လေး အံ့အားသင့်သွားရသည်။ “ မင်းဒီလိုသာ လေ့ကျင့်နေရင် သုံးလအတွင်း သက်စောင့်ဓာတ်ကုန်သွားလိမ့်မယ်။ ကျင့်ကြံခြင်းက အရေးကြီးတယ်ဆိုပေမဲ့ အနားကိုလည်း ယူတက်ရတယ်။”
“ဆရာပြောတာ မှန်ပါတယ်။ ကျွန်တော်က ဓားဆန္ဒကို မြန်နိုင်သမျှ မြန်မြန် နားလည် ချင်လို့ပါ။ ကျွန်တော် ဆရာ့ကို စိတ်မပျက်စေချင်ဘူး။ ဆရာ့မှာ အားပြန်ဖြည့်ပေးနိုင်တဲ့ နည်းလမ်းတွေဘာတွေ ရှိလား။”
ရှောင်ချန်းသည် ချူဖုန်းကို လေးစားစွာ ကြည့်နေ၏။
“အားပြည့်ဖြည့်တဲ့ နည်းလမ်းလား။ ရှိတာပေ့ါ။ ဆေးလုံးတွေသုံးပြီး အားအမြန် ပြန်ဖြည့်လို့ရတယ်။ ဒါပေမဲ့ ငါတို့ ဓားကျင့်ကြံသူတွေက အဲဒါတွေကို မှီခိုနေလို့မရဘူး။”
ချူဖုန်းသည် လေးနက်သည့် ဟန်ပန်တစ်ခွဲသားဖြင့် ပြောနေသည်။ ‘တကယ့်အကြောင်းပြချက်လား။ သေချာတာပေါ့။ သူကမွဲနေတာလေ။ ဘယ်ကငွေနဲ့ ဆေးလုံးသွားဝယ်ရမှာလဲ။’
သူသည် သောင်းပြောင်းပညာရပ်ဌာန၏ ဌာနမှူးဖြစ်သော်လည်း ဝမ်တောက်ကျောင်းတော်သည် သူက မကျင့်ကြံနိုင်ကြောင်းကို သိထားလေသည်။ ထို့ကြောင့် သူတို့က မည်သည့်အခါကမျှ ဆေးလုံးများ မပေးဖူးချေ။
သူတို့က အခြေခံနေထိိုင်စရိတ်အတွက် လစဉ် ဝိညာဉ်ကျောက်တုံးအနည်းငယ်သာ ထောက်ပံ့ပေးသည်။
အခု သူ၏တပည့်က မေးလာသည့်အခိုက် သူက ထိုအတိုင်း ပြန်ဖြေ၍မရပေ။ ထိုသို့သာ ဖြေလိုက်ပါက သောက်ရှက်ဗြန်းဗြန်းကွဲသွားပေမည်။
ချူဖုန်းသည် ပြုံးကာဆိုသည်။ “မင်းရဲ့ဆရာမှာ ဈာန်ဝင်စားခြင်းဆိုတဲ့ ကျင့်စဉ်ရှိတယ်။ မင်း လေ့ကျင့်နေရင်း အားကုန်သွားတဲ့အခါကျရင် ဒီနည်းကိုသုံးပြီး အားပြန်ဖြည့်လို့ရတယ်။ ဒါက မင်းရဲ့ အခြေအနေကို ပြန်ပြီး အားဖြည့်ပေးတဲ့အပြင် စိတ်ဝိညာဉ်ကိုလည်း ကျင့်ကြံပေးတယ်။”
ရှောင်ချန်း၏မျက်လုံးများသည် ထိုသည်ကို ကြားသည့်အခိုက် တောက်ပလာသည်။ ‘ခန္ဓာကိုယ်ကို အားဖြည့်ပေးတဲ့အပြင် စိတ်ဝိညာဉ်ကိုပါ ကျင့်ကြံ ပေးတဲ့ နည်းစနစ်မျိုး ရှိတာလား။ ဆရာက တကယ့်ကို အံ့ဩဖို့ကောင်းပါတယ်လေ။’
“ဆရာ ကျေးဇူးပြုပြီး ကျွန်တော့်ကို သင်ကြားပေးပါ။”
ချူဖုန်းသည် အပြုံးတစ်ခုဖြင့် ပြော၏။ “မင်းလှဲအိပ်ပြီးပဲဖြစ်ဖြစ် တင်ပျဉ်ခွေထိုင်ပြီးပဲ ဖြစ်ဖြစ် လေ့ကျင့်လို့ရတယ်။ မင်းရဲ့ စိတ်အစဉ်က ငြိမ်သက်သွားပြီးဆိုတာနဲ့ ရုပ်နဲ့ နာမ်က အတွေးတွေအားလုံးကို လွှတ်ချလိုက်။ ဒါဆို မင်းရဲ့စိတ်ဝိညာဉ်က တာအိုနဲ့ လိုက်လျောညီထွေဖြစ်သွားလိမ့်မယ်။ “
“ဒီလိုဆို မင်းရဲ့ အားပြန်ဖြည့်တာက ပိုပြီးထိရောက်မှုရှိလာတဲ့အပြင် မင်းရဲ့နတ်ဘုရားအာရုံကိုလည်း အနားယူနေရင်း ကျင့်ကြံလို့ရတယ်။”
ရှောင်ချန်းသည် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားရ၏။ “ဒါဆို ကျွန်တော် အခုပဲ စမ်းကြည့်လိုက်မယ်။”
ချူဖုန်းသည် လက်ဝှေ့ယမ်းလိုက်၏။ “မလောပါနဲ့ဦး။ ဒီနေ့ကစပြီး မင်းက ဓားရေးကို နေ့ခင်းဘက်မှာ လေ့ကျင့်ရမယ်။ ညဘက်ကျရင် ဈာန်ဝင်စားခြင်းကို နာရီနည်းနည်းလောက် ကျင့်ကြံရမယ်။”
“လမ်းညွှန်ပေးမှုအတွက် ဆရာ့ကို ကျေးဇူးတင်ပါတယ်။”
ရှောင်ချန်းသည် တင်ပျဉ်ခွေချိတ်ထိုင်ပြီး ဈာန်ဝင်စားသည့် အခြေအနေသို့ ဝင်ရောက်လိုက်၏။ ထိုအတိုင်း နာရီဝက်မျှ အားဖြည့်ပြီးနောက် သူ၏ဓားဖြင့် လေ့ကျင့်ပြန်သည်။
နေသည် တောင်စဉ်တောင်တန်းတို့၏အနောက်သို့ ဝင်သွားခဲ့ပြီး ချူဖုန်းသည်လည်း သူ၏ဖမ်းယူရရှိထားသော ငါးများကို သိမ်းဆည်းပြီး သောင်းပြောင်းပညာရပ်ဌာနသို့ ပြန်လာလိုက်သည်။ ‘ငါဒီငါးတွေကို နှပ်သင့်လား ပေါင်းသင့်လား။’
…
ညက နက်လာသည်။
ညလေပြေသွယ်တို့မှာ ကုန်းမြေတစ်လျှောက် ဖြတ်သန်းတိုက်ခတ်လာ၏။
ရေတံခွန်အောက်ခြေတွင် ရှောင်ချန်းသည် တင်ပျဉ်ခွေထိုင်နေသည်။
နေရက်အချို့ ကုန်ဆုံးသွားသည်။
သူသည် သန်းခေါင်ယံအချိန်ထိ လေ့ကျင့်ခဲ့သည်။ ထို့နောက် တရားထိုင်လေသည်။
ထိုအတိုင်း လဝက်ခန့်ကုန်ဆုံးသွားသည်။
သူ၏ဆရာက ဈာန်ဝင်စားခြင်းကျင့်စဉ်ကို ပေးခဲ့ပြီးနောက် အစပထမတွင် ခန္ဓာအင်အားကုန်ခမ်းမှုနှင့် စိတ်ပင်ပန်းမှုကြောင့် ဈာန်ဝင်စားရန် ခက်ခဲခဲ့သည်။
သို့သော် အချိန်ကြာလာသည်နှင့်အမျှ ဈာန်ဝင်စားရန် ပိုမိုလွယ်ကူလာသည်။
သူ ဈာန်ဝင်စားသွားသည့်အချိန်တိုင်း ပြန်လည်လန်းဆန်းသွားသည်။ ၎င်းက ပုံမှန်အနားယူအားမွေးခြင်းထက် များစွာ ထိရောက်လေသည်။
ထိုအခိုက်အတန့်ရောက်တိုင်း ရှောင်ချန်းသည် အရာအားလုံးကို မေ့ပျောက်သွားခဲ့သည်။ ပင်ပန်းနွမ်းနယ်မှုများကို သူ၏ခန္ဓာကရော စိတ်ကပါ မခံစားရတော့ချေ။
သူသည် ထိုအခြေအနေတွင် ရှင်းလင်းပြတ်သားခြင်းနှင့် ဝေဝါးဆန်းကြယ်ခြင်းတို့၏နယ်နိမိတ်ထဲသို့ ရောက်သွားခဲ့သည်။ သူသည် မိုးမြေနှင့် ရောထွေးပေါင်းစပ်သွားရသည့်အလားပင်။ သိုသော် သေးငယ်သည့် အကွာအဝေးလေးတစ်ခုစာ လိုပါသေး၏။
ညတစ်ည၌ ဆန်းကြယ်သည့် အာရုံခံစားချက်တစ်ခုက လျင်မြန်စွာ ရောက်လာသည်။
ရှောင်ချန်း၏စိတ်က ဗလာဖြစ်သွားသည်။ သူ၏သတိတရားသည် ခန္ဓာကိုယ်ထဲမှ ထွက်ခွာသွားဟန်ရပြီး ပတ်ဝန်းကျင်နှင့် ဖြည်းညှင်းစွာ ပေါင်းစပ်သွားသည်။
သူသည် အချိန်မည်မျှကြာသွားမှန်း မသိလိုက်ရပေ။
ရုတ်တရက် သူသည် မိမိကိုယ်ကိုယ်ပင် မေ့လျော့သွားခဲ့သည်။ သူ၏ဝိညာဉ်သည် ပိုမိုမြင့်မားသည့်အဆင့်သို့ ရောက်ရှိသွားပြီး သူ၏ဓားပညာအပေါ်နားလည်မှုသည် ပိုမို၍ပင် နက်ရှိုင်းသွားတော့သည်။
၎င်းက နေမထွက်ခင်အထိ ကြာမြင့်သွားခဲ့ပြီး နေရောင်ခြည်သည် သူ၏ကိုယ်ပေါ်သို့ ကျရောက်လာသည်ကို ခံစားမိသွားသည့်အခါမှသာ သူ၏အသိစိတ်သည် ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်သွားတော့၏။
သူ၏မျက်လုံးပွင့်လာသည်အခါ နေကမြင့်နေပြီဖြစ်သည်။ ထိုအခိုက် သူသည် ဓားရေးလေ့ကျင့်ချင်စိတ်ကို မထိန်းချုပ်နိုင်တော့ပေ။
သူသည် ရေတံခွန်ထံသို့ ဦးတည်လိုက်၏။ ရေတံခွန်အောက်၌ သူ၏ပထမဆုံးဓားချက်ကို စတင်လွှဲယမ်းလိုက်သည့်အခိုက်မှာပင် သူလေ့ကျင့်နေသည့် ဓားရေးကို အမြင့်ဆုံးအဆင့်ထိ ထိန်းချုပ်နေနိုင်သည်အား တွေ့လိုက်ရ၏။
သူသည် စိတ်ထဲတွင် မချီးကျူးဘဲ မနေနိုင်အောင် ဖြစ်သွားသည်။ ‘ဆရာက တကယ့်ကို မယုံနိုင်စရာ ကောင်းတာပဲ။ ဈာန်ဝင်စားခြင်း တစ်ခုကလေးတောင် ငါကို ဒီလောက်ကြီးထိ တိုးတက်သွားစေတယ်။’
‘အဲဒီဝမ်တောက်ကျောင်းတော်က သူတွေက တကယ့်ကို ကန်းနေတာလား။ ဆရာ့လို့စွမ်းအားကြီးတဲ့သူကို သောင်းပြောင်းပညာရပ်ဌာနမှာ တာဝန်ထမ်းဆောင်ခိုင်းထားတယ်။’
‘ငါ ဓားရေးလေ့ကျင့်နေတုန်း အဲဒီလို ကိုယ့်ကိုယ်ကိုယ် မေ့လျော့စျာန်ဝင်စားခြင်းအဆင့်ကို ရောက်နိုင်မလား မသိဘူး။’
အတွေးတစ်ချက်ဖြင့် ရှောင်ချန်းသည် မလိုလားအပ်သည့် အတွေးများကို လျှော့ချပြီး သူ၏ဓားကို လွှဲယမ်းလိုက်ပြန်သည်။
‘ငါ ဆရာ့ကို စိတ်မပျက်စေရဘူး။’