← Chapters

ရှောင်ချန်းက ဓားဆန္ဒကို နားလည်ခြင်း။ ဆယ်ဆဆုလာဘ်

Vol. 1 Ch. 7

ရှောင်ချန်းက ဓားဆန္ဒကို နားလည်ခြင်း။ ဆယ်ဆဆုလာဘ်

Vol. 1 Ch. 7

အချိန်သည် လျင်မြန်စွာဖြင့် ကုန်ဆုံးသွား၏။

ရှောင်ချန်းသည် ချူဖုန်း၏လက်အောက်တွင်ကျင့်ကြံနေခဲ့သည်မှာ နှစ်လခွဲပင် ကြာခဲ့ချေပြီ။

ညက နက်လာသည်။

ရေတံခွန်အောက်တွင် ရှောင်ချန်းတစ်ယောက် ဓားကို မမောနိုင်မပန်းနိုင် လွှဲယမ်းနေသည်။

ထိုအခိုက် သူသည် ထူးခြားဆန်းကြယ်သည့် ကမ္ဘာကြီးထဲတွင် နစ်မြုပ်ပျော်ဝင်နေဟန်ရှိသည်။

ကလန်။

ဓားမြည်သံတစ်ချက်နှင့်အတူ။

ရှောင်ချန်း၏ဓားသည် ရှေ့သို့ အားတစ်ခုနှင့် ဖြတ်ပိုင်းသွားသည်။ သူ၏ရှေ့မှရေတံခွန်သည် နှစ်ပိုင်းပြတ်တောက်သွားသည်။

ထို့နောက် ကြောက်မက်ဖွယ်ရာ ဓားဆန္ဒသည် အနီးနားရှိတောင်ထိပ်ပေါ်သို့ ရိုက်ခတ်သွားသည်။

“ငါ လုပ်နိုင်ခဲ့ပြီ”

“ငါ နောက်ဆုံးတော့ ဓားဆန္ဒကို နားလည်သွားပြီ။”

ဗွမ်း။

ရှောင်ချန်းတစ်ယောက် အောင်ပွဲခံလို့ မပြီးဆုံးခင်မှာ ရေတံခွန်သည် သူ့ကို ထပ်မံ ဖိချသွားသည့်အတွက် ရေကန်ထဲသို့ ပြုတ်ကျသွားပြန်၏။

ဖွီး။

ရှောင်ချန်းသည် သူ၏လည်ချောင်းထဲသို့ တိုးဝင်လာသော ရေများကို ထွေးထုတ်လိုက်ပြီး ခန္ဓာကိုယ်မှရေများကို အခြောက်ခံကာ တောင်ပါ်သို ပြန်တက်သွားတော့သည်။

ယခု သူသည် ဓားဆန္ဒကို နားလည်နေပြီဖြစ်သည့်အတွက် ပြန်လည်ကျင့်ကြံနိုင်တော့ပေမည်။

သူသည် ဆရာ့ကို သတင်းကောင်းပြောပြရန် မစောင့်နိုင်တော့ပေ။

…

သောင်းပြောင်းပညာရပ်ဌာနတွင်။

ဌာနမှူးအိမ်ခြံဝန်းတွင်။

ချူဖုန်းသည် နူညံ့သည့် ညောင်စောင်းပေါ်၌ လဲလျောင်းနေလျက် စိတ်ဝင်တစား စာအုပ်ဖတ်နေသည်။ တောက်ပသည့် မီးရောင်အောက်တွင် စာမျက်နှာပေါ်က နွေဦးဆောင်းဦးဟူသော စကားလုံးကြီးကို ထင်ရှားစွာ မြင်နေရသည်။

“ဒင်။ လက်ခံသူ၏ ပထမတပည့်သည် ဓားဆန္ဒကို နားလည်သွားပါပြီ။ ဓားဆန္ဒ: အစပြုသူအဆင့်။ ဆယ်ဆ အနေဖြင့် လက်ခံသူက ဓားဆန္ဒ:ပြီးပြည့်စုံခြင်းအဆင့်ကို ရရှိခဲ့ပါတယ်။”

အသံသည် ပဲ့တင်ထပ်လာခဲ့ပြီး ချူဖုန်း၏စိတ်ထဲသို့ ပုံရိပ်တစ်ခု ရုတ်ချည်း ဝင်ရောက်လာ၏။

သူသည် လူတစ်ယောက်က ကောင်းကင်ယံသို့ ပေါ့ပေါ့တန်တန် ဓားလွှဲယမ်းလိုက်သည်ကို တွေ့လိုက်ရ၏။

ကလန်။

ကြောက်မက်ဖွယ်ရာ ဓားဆန္ဒသည် လေဟာနယ်တစ်ခုလုံးကို ဖြတ်သန်းသွားသည်။

ဘုန်း။

ကျယ်လောက်သည့် ဖြတ်ပိုင်းသံကြီးနှင့်အတူ ချူဖုန်းသည် ညောင်စောင်းပေါ်မှ ထလိုက်မိသည်။

“ဒီကြွက်စုတ်လေး ရှောင်ချန်းက ဓားဆန္ဒကို ဒီလောက် မြန်မြန်ကြီး နားလည်သွားတာလားဟ။ ဒါက တကယ့်ကို ကံကြမ္မာရဲ့သားတော်အမျိုးအစားပဲ။ ငါတောင် အားကျသွားပြီ။”

“ဒီလိုဆို ငါလည်း သူ့လိုတပည့်နည်းနည်းလောက် လက်ခံနိုင်လိုက်ရင် ပြိုင်ဘက်ကင်းဖို့ဆိုဆိုတာ ခဏလေးပဲ။”

ထိုသည်ကိုတွေးမိသော် ချူဖုန်းသည် ထခုန်တော့မတက် ဝမ်းသာသွားသည်။

‘အချိန်ကျပြီပဲ။ မနက်ဖြန်ကြရင် ငါ သူ့ကို ဓားတစ်သောင်းမူလအစပြန်သွားခြင်းကို လက်ဆင့်ကမ်းပေးလိုက်တော့မယ်။’

‘သူ အဲဒါကိုရော နားလည်ဖို့ အချိန်ဘယ်လောက်ယူရမလဲ မသိဘူး။’

…

နောက်တစ်နေ့မနက်ခင်း၌။

ရှားရှားပါးပါးမြင်ကွင်းပေ။ ချူဖုန်းသည် မနက်စောစောထပြီး ခြံဝန်းထဲ၌ တင်ပျဉ်ခွေချိတ်ကာ ထိုင်နေသည်။

သူသည် မျက်လုံးမှိတ်လျက် ရှောင်ချန်းရောက်အလာကို စိတ်ရှည်စွာ ထိုင်စောင့်နေသည်။

နေ့လည်‌ပိုင်းတွင် ရှောင်ချန်းသည် ခြံဝန်းငယ်လေးသို့ ရောက်လာသည်။

“တပည့်က ဆရာ့ကို နှုတ်ဆက်ပါတယ်။”

ချူဖုန်းသည် ဖြည်းညှင်းစွာ မျက်လုံးဖွင့်လိုက်သည်။ “လုပ်ထုံးလုပ်နည်း‌‌တွေ လုပ်မနေပါနဲ့။ မင်းရဲ့ပုံစံကို ကြည့်ရတာ ဓားဆန္ဒကို နားလည်ခဲ့ပြီနဲ့တူတယ်။”

ရှောင်ချန်းသည် စိတ်လှုပ်ရှားစွာ ပြောသည်။ “ဆရာ့ကို ဖုံးထားလို့မရဘူးပဲ။ မနေ့ညကပဲ ကျွန်တော် ဓားဆန္ဒကိုနားလည်သွားတာပါဟဲဟဲ။”

ချူဖုန်းသည် ပြော၏။ “မဆိုးဘူး။ မင်းက ငါထင်ထားတာထက် ရက်နည်းနည်းလောက် ပိုမြန်သွားတာပဲ။ ဒါပေမဲ့ ရက်နည်းနည်းလောက် စောသွားရုံပဲ။ ဓားဆန္ဒဆိုတာ ဓားတာအိုလမ်းစဉ်ရဲ့ ပထမဆုံး ခြေလှမ်းပဲ။”

အကယ်၍ အခြားတစ်ယောက်သာ ထိုသို့ပြောလာပါက ရှောင်ချန်းသည် နှာခေါင်းရှုံ့ကာ ‌ပြောပစ်ပေမည်။

ဝမ်တောက်ကျောင်းတော်၏အပြင်စည်းတပည့်ရာချီထဲတွင် ဓားဆန္ဒအရိပ်အငွေ့ကို နားလည်သည့်သူ တစ်ယောက်တစ်လေပင် မရှိချေ။

ထိုသူများသာဆိုလျှင် ဓားလမ်းစဉ်၏အစသို့ပင် ခြေမချရသေးသူများဟု ဆိုလိုချင်ပါသလား။

သို့သော် ရှောင်ချန်း၏မျက်လုံးထဲတွင် သူ၏ဆရာသည် သူ့ကို မာနမကြီးသွားစေရန် သတိပေးနေသည်ဟုသာ မြင်မိပါ၏။

“ဆရာပြောတာ မှန်ပါတယ်။ ကျွန်တော် ဝိရီယရှိရှိ ကြိုးစားလေ့ကျင့်ပါမယ်။”

ချူဖုန်းသည် ရှောင်ချန်း၏သဘောထားကို အတော်လေးကျေနပ်သွားသည်။ ထို့နောက် သူသည် ဝတ်ရုံထဲမှ စာအုပ်တစ်အုပ်ကို ထုတ်ကာ စားပွဲပေါ်သို့ တင်လိုက်သည်။

“အခု မင်း ဓားကျမ်းကို လေ့ကျင့်ဖို့ အရည်အသွေး ပြည့်မီသွားပြီ။ ဒီဓားကျမ်းကို ဓားတစ်သောင်းတို့အပြန်လို့ နာမည်ပေးထားတယ်။ မင်းသာ ဒါကို ကျွမ်းကျင်သွားရင် ချင်ရို့ကို အနိုင်ယူဖို့ဆိုတာ အေးဆေးဖြစ်သွားပြီ။”

“ဓားကျမ်းအတွက် ဆရာ့ကို ကျေးဇူးတင်ပါတယ်။”

ရှောင်ချန်းသည် ဓားတစ်သောင်းတို့အပြန်စာအုပ်ကို လေးစားစွာဖြင့် လက်ခံယူလိုက်သည်။

ထို့နောက် သူသည် စပ်စုစွာ မေးလိုက်၏။ “ဆရာ ဒီဓားကျမ်းကို လေ့ကျင့်နေတုန်း အထူးအာရုံစိုက်ထားရမဲ့ နေရာတွေရှိလားဗျ။”

“ ငါ အဲဒီစာအုပ်ထဲမှာ အရာအားလုံးကို ရှင်းရှင်းလင်းလင်း ရေးသားထားတယ်။ မင်းကိုယ်တိုင်သာ လေ့လာကြည့်။” ချူဖုန်းသည် တည်တံ့စွာ ပြော၏။

‘ငါ ဓားတစ်သောင်းတို့အပြန်ကို တစ်ခါမှ မလေ့ကျင့်ဖူးဘူး။ ကျင့်ကြံရမဲ့ပုံစံကို ဘယ်လိုလုပ်ပြီး ငါက သိမှာလဲ။ အရင်က တခြားသူတွေသုံးတာလည်း တစ်ခါမှမမြင်ဖူးဘူး။’

“ဒီတပည့်က ဆရာ့ကို စိတ်မပျက်စေရပါဘူး။”

ရှောင်ချန်းသည် စိတ်လှုပ်တရှား ထွက်သွားတော့၏။

ချူဖုန်းသည် တစ်ဖက်သူ ထွက်သွားကို ကြည့်ကာ အတွေးနက်သွား၏။ ‘ မင်း ဒီတစ်ခေါက်ရော ဘယ်လို အံ့ဩစရာတွေ လုပ်ပြမလဲ။’

…

ရှောင်ချန်းသည် သူ၏ခြံဝန်းထံသို့ ယုံကြည်မှုအပြည့်ဖြင့် ပြန်လာလိုက်သည်။ သူသည် ဓားကျမ်းကို ဖွင့်ကြည့်ရန် မစောင့်နိုင်တော့ချေ။

သိပ်မကြာခင်မှာပင် သူ၏အာရုံထဲသို့ စာသားအချို့ ဝင်ရောက်လာသည်။

ဝင်သက်ထွက်သက်တစ်သောင်းနိုးထ၊ ဓားက မရီထျန်း(သွေးကြော)တွေကိုချိုးဖျက်၊ ဇာစ်မြစ်ဆီသို့ ပြန်၊ လမ်းစဉ်ကို တိုးမြှင့်။

ကျင့်ကြံခြင်းမန္တန်: ချီစွမ်းအင်ကို သွေးကြောမှ သွေဖည်၊ ထိုက်ချုံးသို့ စီးဆင်းစေ။ ‌မိုးနှင့်မြေကို ပြောင်းပြန်လှန်စေ။ နူးညံ့မှုမှ မာကြောမှုဆီသို့ ကူးပြောင်း

ဟူးလားလား

ရှောင်ချန်းသည် အသက်ပြင်းပြင်းရှူသွင်းလိုက်မိ၏။

‘ဆရာက ငါ့အတွက် သီးသန့် ကျင့်စဉ်တစ်ခု ဖန်တီးလိုက်တာပဲ။’

ရွှမ်ထျန်းတိုက်ကြီး၏ ထိပ်သီးမြင့်မြတ်နယ်မြေတစ်ခုဖြစ်သည့် ‌ဝမ်တောက်ကျောင်းတော်တွင်ပင် မရီထျန်းသွေးကြောများ ပျက်စီးနေသည့်သူများအတွက် ကျင့်စဉ်ဟူ၍ မရှိပေ။

သို့သော် သူ၏ဆရာတွင်တော့ တစ်ခုရှိသည်။ အထူးသဖြင့် ဓားကျင့်ကြံသူများအတွက်ပင်။

သူသည် ဆက်လက်ဖတ်ရှူလိုက်၏။ ဗလာစာရွက်အနည်းငယ်အပြင် ကျန်သည့်စာရွက်များမှာ အခြေခံဓားကွက်များသာ ဖြစ်သည်။ ထိုအကွက်များကို သာမန်တပည့်များပင် လေ့ကျင့်နိုင်ပါ၏။

‘ဒီဓားကျမ်းက အတော်လေး ရိုးရှင်းတာပဲ။’

ဒေါက်။

ရှောင်ချန်းက သူ့ခေါင်းကို စာအုပ်ဖြင့် အသာအယာပြန်ထုလိုက်ပြီး ရေရွတ်ငြီးတွားသည်။ “ငါက ဆရာ့ကို သံသယမဝင်သင့်ဘူး။ ဆရာက ငါ့ကို ဒါလေ့ကျင့်ခိုင်းတယ်ဆိုတည်းက အကြောင်းပြချက်ရှိမှာပဲ။”

သူသည် ဓားတစ်သောင်းတို့အပြန်ကို စတင်လေ့ကျင့်တော့သည်။

တစ်ချိန်တည်းမှာ သောင်းပြောင်းဌာနသို့ ဧည့်သည်တစ်ဦးရောက်လာခဲ့ပါ၏။

“အကြီးအကဲချင် ဘယ်လေတိုက်လို့ ဒီဘက်ကိုလွင့်လာတာလဲ။”

ချူဖုန်းသည် အနည်းငယ် အံ့ဩသွားသော်လည်း ပြုံးပြနှုတ်ဆက်လိုက်သည်။

ဆံပင်ဖြူ မုတ်ဆိတ်ဖြူတို့ဖြင့် အကြီးအကဲတစ်ဦးသည် ကျက်သရေရှိသည့် အရောင်အဝါများ ထုတ်လွှင့်လျက် သူ၏ရှေ့တွင် ရပ်နေသည်။ ထိုသူကတော့ ဝမ်တောက် ကျောင်းတော်၏အတွင်းရေးရာ အကြီးအကဲဖြစ်သည်။ သူက ကျောင်းတော်၏ လုပ်ငန်းများကို စီမံကွပ်ကဲရသူဖြစ်သည်။ သူ၏ရာထူးသည် ချူဖုန်းနှင့် အတူတူပေ။

အကြီးအကဲချင်သည် သူ၏မုတ်ဆိတ်ကို ပွတ်သပ်ကာ ဆိုသည်။ “ဖုန်းလေး၊ ငါမင်းကို အပြင်စည်းပြိုင်ပွဲအကြောင်းပြောစရာရှ်ိလို့။ “

“…”

ချူဖုန်းသည် ကြောင်အသွား၏။ “သောင်းပြောင်းပညာရပ်ဌာနက အမြဲတမ်း အပြင်စည်း အတွင်းစည်းပြိုင်ပွဲတွေကို ကျော်နေကြမဟုတ်ဘူးလား။”

“ဟူး...”

အကြီးအကဲချင်သည် သက်ပြင်းရှည်ကြီးချ၏။ “ အရင်ကတော့ ဟုတ်တယ်လေ။ အခုက တခြားဌာနက ဌာနမှူးတွေအားလုံး သဘောတူထားကြတယ်။ မင်းရဲ့သောင်းပြောင်းဌာနကသာ အရင်းအမြစ်တွေလိုချင်သေးရင် ပြိုင်ပွဲကို ပါဖို့လိုတယ်။ မင်းရဲ့ အရင်းအမြစ်ရနှုန်းက မင်းတပည့်တွေရဲ့ စွမ်းဆောင်ရည်ပေါ်မူတည်တယ်။”

“မင်းတပည့်က ပထမအဆင့်တောင် မအောင်ရင် ကျောင်းတော်ကနေ မင်းကို ပေးနေတဲ့အရင်းအမြစ်တွေအားလုံး ရပ်သွားလိမ့်မယ်။”

“အချိန်ပိုင်းသန့်ရှင်းရေးလုပ်ပေးတဲ့ ဝန်ထမ်းတွေတောင် လွှတ်ပေးမှာ မဟုတ်တော့ဘူး။”

‘ သေစမ်း’

ချူဖုန်းသည် ပြောလိုက်သည်။ “လုံးဝကို ဖိနှိပ်တာပဲ။”

‘ကောင်းတာတစ်ခုက ငါ ကံကြမ္မာရဲ့သားတော် ရှောင်ချန်းကို မြန်မြန်တပည့်တော်လိုက်လို့ပေ့ါ။’

‘မဟုတ်ရင် ငါတော့ စားဖို့တောင် တက်နိုင်တော့မှာ မဟုတ်ဘူး။’

“ဟုတ်တယ်” အကြီးအကဲချင်က ပြောသည်။ “ဒါပေမဲ့ ဒီကိစ္စက ဌာနအားလုံးရဲ့ ဌာနမှူးတွေ သဘောတူထားတဲ့အချက်ပဲ။ ကျောင်းအုပ်က အစဉ်အလာကို ထိန်းသိမ်းချင်ရင်တောင် ထိန်းမရဘူး။ မင်း ကိုယ်တိုင်ရုန်းကန်မှရမယ် ကောင်လေး။”

သူ၏မျက်လုံးထဲတွင် စာနာမှုအရိပ်အယောင်လေးများ ယှက်သန်းနေသည်။

‘ ဖုန်းလေးက ဝမ်တောက်ကျောင်းတော်ရောက်တာ မကြာသေးပေမဲ့ သူက ဖြောင့်မတ်တယ်။ အကြီးတွေကို လေးစားတယ်။ ဘယ်ဘက်က ကြည့်ကြည့် လူကောင်းလေးပဲ။’

သို့သော် သူက ကောင်းကင်စိတ်ဝိညာဉ်ဌာနကို ရှောင်ချန်းအတွက် စော်ကားလိုက်သည့်အတွက်ကြောင့် ယခုတွင် သူသည် ဖိအားပေးခံနေရပြီဖြစ်သည်။ အကြီးအကဲချင်ပင် သူက ဒီတစ်ခေါ်လွန်သွားပြီဟု ခံစားရသည်။

ချူဖုန်းသည် ပြုံးကာ ဆိုသည်။ “လူကိုယ်တိုင် သတင်းလာပေးလို့ အကြီးအကဲချင်ကို ကျေးဇူးတင်ပါတယ်။ကျွန်တော် ရှောင်ချန်းကို အပြင်စည်းဂိုဏ်းပြိုင်ပွဲမှာ ပါခိုင်းလိုက်ပါ့မယ်။”

“မင်းက ပြုံးနိုင်သေးတယ်ပေါ့။ မင်းရဲ့ဌာနကို တစ်ယောက်ယောက်က ဖျက်ဆီးဖို့ကြိုးစားနေတာကို နားမလည်ဘူးလား။”

အကြီးအကဲချင်သည် အပြစ်တင်လိုက်ချင်သည်။ သူက ရှောင်ချန်း သက်တောင့်သက်သာဖြစ်နေပုံကို ကြည့်ပြီး အနည်းငယ်စိတ်အနှောင့်အယှက်ဖြစ်သွား၏။

ချူဖုန်းသည် သာမန်မျှပြော၏။ “ကိစ္စက ဖြစ်ပြီးပြီပဲဗျာ။ စိုးရိမ်နေလို့လည်း ပြဿနာက မပြီးတော့ဘူး။ ကျွန်တော် အခုချိန်မှာ ထိပ်တိုက်ရင်ဆိုင်ရုံပဲရှိတော့တယ်။”

“ဟူး”

အကြီးအကဲချင်သည် ခေါင်းခါ၏။ “ ငါ မင်းနဲ့ ပတ်သက်ပြီး ဘာပြောရမှန်းမသိတော့ဘူး။ မင်း တကယ်အဆင်မပြေတော့ဘူးဆိုရင် ငါ့ရဲ့ ကျောင်းသားရေးရာခန်းမကို လာခဲ့။ ငါ မင်းကို ကူညီပေးမယ်။”

ချူဖုန်း၏နှလုံးသားသည် နွေးထွေးသွားတော့သည်။ “အကြီးအကဲချင်ရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။”

“ကောင်းပြီ။ ငါပြန်တော့မယ်။ မင်း ဒီရက်တွေထဲမှာ ချွေတာနိုင်သလောက် ချွေတာထားတော့။”

ထို့နောက် အကြီးအကဲချင်က လှည့်ကာ ပြန်သွားတော့၏။

All Chapters