ချူဖုန်း__ ပန်းတိုင်သေးသေးလေး အရင်သတ်မှတ်လိုက်ရအောင်။ အရင်ဆုံး အပြင်စည်းဂိုဏ်းပြိုင်ပွဲမှာ ပထမနေရာကို ရအောင်လုပ်ကြတာပေါ့။
Vol. 1 Ch. 8
“အပြင်စည်းဂိုဏ်းပြိုင်ပွဲက ရှောင်ချန်းအတွက် သူ့ကိုယ်သူကျော်ကြားလာအောင် လုပ်လို့ရတဲ့ အခွင့်လမ်းကောင်းတစ်ခုပဲ။ သူသာ အဆင့်ကောင်းကောင်းရရင် နောက်ထပ်တပည့်နည်းနည်းလောက်ကို ငါ့ဌာနဆီလာအောင် လုပ်လို့ရတယ်။” ချူဖုန်းသည် တီးတိုးရေရွတ်လျက် သူ၏အခန်းထဲသို့ ပြန်လာသည်။ ထို့နောက် သူ၏ငါးမျှားတံကိုချကာ ညစာလုပ်ရန် ထသွားသည်။
‘ဒီနေ့ ညစာကတော့ ငါးနှပ်ပဲ ချက်လိုက်တော့မယ်။’
ရေတံခွန်တွင်တော့ ရှောင်ချန်းသည် ဇွဲရှိရှိကျင့်ကြံနေဆဲပင်။
သူသည် ရေတံခွန်အောက်တွင် ဓားဆန္ဒကို နားလည်သွားကတည်းက ဤနေရာသည် သူ၏ကံကြမ္မာကောင်းသည့် နေရာဟု ယုံကြည်သွားခဲ့သည်။ ထို့ကြောင့် သူသည် ဤနေရာကို ပုံသေလေ့ကျင့်ရေးကွင်းအဖြစ်ပြောင်းလဲခဲ့သည်။
သူက ချူဖုန်းပေးလိုက်သည့် ဓားတစ်သောင်းတို့အပြန်ကျမ်းကို လမ်းညွှန်အတိုင်း စတင်ကျင့်ကြံခဲ့သည်။
နေ့ရက်များက ကုန်ဆုံးသွားသည်။
ဆယ်ရက်ကြာပြီးနောက်။
ရှောင်ချန်းသည် ရုတ်တရက် သူ၏မျက်လုံးကို ဖွင့်ကာ လက်ချောင်းများကို ဓားပုံစံအဖြစ် ဖွဲ့စည်းလိုက်ပြီး ရှေ့သို့ အားဖြင့် ခုတ်ပိုင်းလိုက်သည်။
တစ်ခဏအတွင်းမှာ သူ၏ခန္ဓာကိုယ်ထဲမှ မရေမတွက်နိုင်သော ဓားချီမျှင်များ ထွက်လာခဲ့သည်။
ဘုန်း။
နားပင်စေလောက်မည့် ပေါက်ကွဲသံကြီး ပဲ့တင်ထွက်လာခဲ့သည်။
ရေများက အရပ်မျက်နှာအနှံ့သို့ လျှံတက်သွားခဲ့ပြီး ရေတံခွန်ကြီးပင် ပြောင်းပြန်ဆန်တက်သွားလေသည်။
ရှောင်ချန်းသည် ရေကန်ထဲက ခုန်ထွက်လာပြီး ညည်းတွားလိုက်၏။ “ဓားတစ်သောင်းတို့အပြန်က တကယ့်ကို ဆန်းကြယ်တာပဲ။ ဒီကျမ်းက ငါအရင်က လေ့ကျင့်ဖူးတဲ့ နည်းစနစ်တွေကျင့်စဉ်တွေထက် ပိုနက်နဲတယ်။”
“ငါ ဆရာ့ကို အခုပဲ သတင်းကောင်းသွားပြောပြရမယ်။”
သူသည် တီးတိုးရေရွတ်လျက် ချူဖုန်း၏ခြံဝန်းထံသို့ အလျင်အမြန် ပြေးသွားတော့သည်။
ထိုအခိုက် ချူဖုန်းသည် ကြိမ်ကုလားထိုင်ပေါ်တွင် ပျင်းရိငြီးငွေ့စွာ ထိုင်ပြီး နေပူဆာလှုံနေသည်။
“ဒင်။ လက်ခံသူ၏တပည့်က ဓားတစ်သောင်းတို့အပြန်ကို အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့ပါတယ်။ လက်ခံသူက ဆယ်ဆဆုလာဘ် ဓားတစ်သောင်းတို့အပြန်ကျမ်းကို ပြီးပြည့်စုံခြင်းအဆင့်ထိ လေ့ကျင့်နိုင်ခဲ့ပါတယ်။”
သူ၏နားထဲသို့ ထိုအသံထွက်ပေါ်လာသည့်အခိုက် ချူဖုန်းသည် ဓားတစ်သောင်းတို့အပြန်ကို လေ့ကျင့်နေသည့် ပုံရိပ်တစ်ခုကို မြင်လိုက်ရ၏။
ပုံရိပ်က ပျောက်ကွယ်သွားသည့်အချိန်၌ သူသည်လည်း ဓားတစ်သောင်းတို့အပြန်နည်းစနစ်ကို လုံးဝဉဿုံနားလည်သွားတော့သည်။
“စနစ် ငါရဲ့ ကိုယ်ပိုင်ကျင့်ကြံခြင်းက မပျက်စီးဘဲ အဲ့ဒီကျမ်းကို ကျင့်ကြံလို့ရတာလား။”
“စနစ်၏ဆုလာဘ်သည် ဘေးထွက်ဆိုးကျိုးအားလုံးကို ဖယ်ရှားထားပေးပါတယ်။”
“တော်တယ် စနစ်လေး။” ချူဖုန်းသည် စိတ်ရင်းဖြင့် ချီးကျူးလိုက်သည်။ သို့သော် သူမျှော်လင့်ထားပြီးသားဖြစ်သည့်အတွက် များစွာတော့ မအံ့ဩချေ။
ရင့်ကျက်သည့် လက်ခံသူစနစ်ရှင်တစ်ဦးအနေဖြင့် ချူဖုန်းသည် စနစ်၏သီးခြားဆန်သည့်အခြေအနေကို သိသည်။
ထို့နောက် သူက ကုလားထိုင်ပေါ်၌ ပုံစံပြောင်းကာ ထိုင်လိုက်၏။
ခဏမျှကြာပြီးနောက် သူ အပြင်ဘက်ကနေ ခြေသံများ ကြားလိုက်ရ၏။
“တပည့်ရှောင်ချန်းက ဆရာ့ကို တွေ့ခွင့်တောင်းပါတယ်။”
“ဝင်ခဲ့”
ရှောင်ချန်းသည် တည်ငြိမ်စွာ ပြောလိုက်၏။
ကျွီ။
ရှောင်ချန်းသည် တံခါးကို တွန်းဖွင့်ကာ အထဲသို့ ဝင်လိုက်ပြီး လေးစားစွာ အရိုအသေပြုသည်။ “ဆရာ ကျွန်တော် ဓားတစ်သောင်းတို့အပြန်ကို ကျင့်ကြံတာ အောင်မြင်သွားပါပြီ။”
“အင်း။ငါသိတယ်။ ဒီကိုလာတာက အဲဒါပြောဖို့ပဲလား။”
ချူဖုန်းသည် တည်ငြိမ်စွာသာ ပြော၏။
ရှောင်ချန်းသည် ခေါင်းကုတ်လိုက်၏။ “ကျွန်တော် ကျင့်ကြံနေတုန်း ပြဿနာတစ်ခုနဲ့ကြုံလိုက်ရလို့ပါ။ ကျွန်တော် ဓားက သွေးကြောတွေကို ချိုးဖျက်အကွက်ကို လေ့ကျင့်နေတုန်း ရုတ်တရက်ကြီး ကျွန်တော့်ကိုယ်ထဲကနေ ပြင်းထန်တဲ့စုပ်အားတစ်ခုကို ခံစားလိုက်မိပါတယ်။ တစ်ယောက်ယောက်ရဲ့ကျင့်ကြံခြင်းကို စုပ်ယူပစ်ချင်နေသလိုမျိုး ထူးဆန်းတဲ့ ခံစားချက်တစ်ခုလိုပဲ။”
ချူဖုန်းသည် ရယ်မော၏။ “ပုံမှန်ပါပဲ။ ဓားတစ်သောင်းတို့အပြန်ကို နှစ်ပိုင်းခွဲထားတယ်။ ပထမအပိုင်း ဝင်သက်ထွက်သက်တစ်ထောင်နိုးထက ပုံမှန်ကျင့်စဉ်ပဲ။ အစပိုင်းမှာ ကိုယ့်ရဲ့ကျင့်ကြံခြင်းကို ဖျက်ဆီးရပေမဲ့ နောက်ပိုင်းကျရင် ခန္ဓာကိုယ်ထဲမှာ ထူးခြားတဲ့ဓားချီတစ်ခုကို မွေးဖွားပေးလိမ့်မယ်။ အဲဒီဓားချီက ဓားနဲ့ စိတ်ဝိညာဉ်စွမ်းအားတို့ကိုထိန်းချုပ်တာမျိုး၊ ကုသတာမျိုးနဲ့ နှလုံသွေးကြောကို ကာကွယ်ပေးတာမျိုး လုပ်ပေးတယ်။ မင်း အခု ပြောသလောက်ဆို မင်းက ချီတွေကို စိတ်ဝိညာဉ်ချီအဖြစ် သန့်စင်ပြီးပြီမလား။”
ရွှမ်ထျန်းတိုက်ကြီးတွင် ကျင့်ကြံခြင်းဆိုသည်က ကမ္ဘာ့ချီများကို စုပ်ယူပြီး ကိုယ်ပိုင် စိတ်ဝိညာဉ်ချီအဖြစ် ပြောင်းလဲခြင်းပေ။
ဝင်သက်ထွက်သက်တစ်သောင်းနိုးထက ထိုစွမ်းအင်များထုတ်လွှတ်ရန် ထောက်ပံ့ပေးသည့် အတွင်းအားနည်းစနစ်တစ်ခုပါပေ။
ရှောင်ချန်းသည် ခေါင်းညိတ်၏။ “ဆရာက ဆရာပါပဲ။”
ချူဖုန်းသည် ဆက်ပြော၏။ “ဓားက သွေးကြောတွေကို ဖျက်ဆီးက ပြင်ပစိတ်ဝိညာဉ်စွမ်းအားတွေကို စုပ်ယူဖို့ ကိုယ့်ရဲ့ကျိုးပဲ့နေတဲ့ သွေးကြောတွေကို ပြန်ပွင့်အောင် လုပ်ပေးတယ်။ အဲဒီနည်းကတော့ မင်း အန္တရာယ်ကျလာရင် ကာကွယ်ပေးမဲ့ ခုခံရေးနည်းစနစ်လို့လည်း ပြောရမယ်။ ပြီးတော့ မင်း စိတ်ဝိညာဉ်စွမ်းအားကို စုပ်ယူပြီးသွားရင် ဒဏ်ရာတွေကုသဖို့ သုံးလို့ရတယ်။ ဒါပေမဲ့ ပိုလျှံနေတာတွေကို ဖယ်ရှားပစ်ရမယ်။ မဟုတ်ရင် ကျန်နေတဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေက မင်းကို ပြန်ဒုက္ခပေးလိမ့်မယ်။”
“ကျွန်တော် အခုနားလည်သွားပါပြီ။ လမ်းညွှန်ပေးတဲ့အတွက် ဆရာ့ကို ကျေးဇူးတင်ပါတယ်။”
ချူဖုန်း၏ရှင်းပြချက်နှင့်အတူ နောက်ဆုံးတော့ ရှောင်ချန်း၏စိတ်ထဲက သံသယအားလုံးသည် ရှင်းလင်းသွားတော့၏။ သူသည် ချူဖုန်းကို ထပ်မံလေးစားသွားရတော့သည်။
“ဒါနဲ့ ငါ့တပည့်လေး အခု ဘာဆက်လုပ်မယ် စီစဉ်ထားလဲ။”
ချူဖုန်းသည် မေး၏။
“ဆရာ ကျွန်တော် တောင်ပေါ်က ဆင်းပြီး အတွေ့အကြုံယူဖို့ တွေးထားပါတယ်။ ကျွန်တော် ကံအခွင့်အလမ်းလေးများ ရှာတွေ့မလား မသိဘူး။”
“ကောင်းတယ်။ စာအုပ်တစ်သောင်းဖတ်တာထက် မိုင်တစ်သောင်း လမ်းလျှောက်တာက ပိုကောင်းတယ်။ အပြင်ထွက်ပြီး လေ့ကျင့်တာကလည်း ကောင်းတယ်ကွ။”
ချူဖုန်းသည် ထပ်ပေါင်းပြော၏။ “ဒါပေမဲ့ ငါ့တပည့် မင်း အချိန်နှစ်လပဲရမယ်။ အပြင်စည်းဂိုဏ်းစစ်ဆေးပွဲက ကျင်းပတော့မယ်။ ငါတို့ရဲ့ သောင်းပြောင်းပညာရပ်ဌာနက ဒီတစ်ခေါက် ပါမှကိုရမယ်။”
ရှောင်ချန်းသည် မျက်နှာသည် ချူဖုန်း၏စကားကိုကြားသည့်အခိုက် ဝင်းလက်သွား၏။
“နားလည်ပါပြီဆရာ။ ကျွန်တော် ပြိုင်ပွဲမတိုင်မီ ပြန်လာပါ့မယ်။ ကျွန်တော် ဆရာ့ကို မျက်နှာမပျက်စေရပါဘူး။”
ချူဖုန်းသည် သာမန်မျှပြော၏။ “ပန်းတိုင်သေးသေးလေး အရင်သတ်မှတ်လိုက်ရအောင်။ အရင်ဆုံး အပြင်စည်းဂိုဏ်းပြိုင်ပွဲမှာ ပထမနေရာကို ရအောင်လုပ်ကြတာပေါ့။”
“အာ..ဗျာ”
ရှောင်ချန်းသည် သူ့ဆရာ၏စကားကြောင့် မှင်သက်သွားပြီး ငုတ်တုတ်မေ့သွားလေသည်။ သူသည် မည်သို့ပြန်ဖြေရမည်ကိုပင် မေ့သွား၏။
ချူဖုန်းသည် မကျေနပ်ဟန်လုပ်လိုက်သည်။ “ဘာလဲ။ မင်းက ကိုယ့်ကိုယ်ကိုယ် မယုံဘူးလား။ ဒါမှမဟုတ် မင်းရဲ့ဆရာကို မယုံတာလား။”
ရှောင်ချန်းသည် သူ၏ခေါင်းကို ကြောင်အစွာ ကုတ်လိုက်သည်။ “ဆရာ ကျွန်တော် အတိတ်ကနေ လုံးဝမရုံးထွက်နိုင်သေးလို့ပါ။”
ချူဖုန်းသည် ဆက်ပြောသည်။ “ဒါဆိုလည်း ဒီပြိုင်ပွဲကို မင်းရဲ့ ဂုဏ်သိက္ခာကို ပြန်လည်အဖတ်ဆယ်တဲ့ပွဲအဖြစ်သတ်မှတ်တာပေါ့။ ဒါက ဆရာမင်းကို စမ်းသပ်ရုံသပ်သပ်မဟုတ်ဘူး။ တို့တွေရဲ့ သောင်းပြောင်းပညာရပ်ဌာနကြီးက သူ့ကိုယ်သူသက်သေပြနိုင်ဖို့ အခွင့်အရေးကြီးပဲ။ ပြီးတော့ မင်းက ဘယ်သူထက်မှမညံ့ဘူးဆိုတာတော့ ယုံကြည်ထားရမယ်။”
သူ့ဆရာ၏ယုံကြည်ချက်ပြင်းပြနေပုံကို တွေ့ပြီး ရှောင်ချန်းသည် စိတ်လှုပ်ရှားသွားတော့သည်။ သူ၏အကြည့်သည် တည်ကြည်သွားပြီး ခိုင်မာစွာ ပြောလိုက်သည်။
“တပည့် အကောင်းဆုံးကြိုးစားပါ့မယ်။ ဆရာ့ကို စိတ်မပျက်စေရပါဘူး။”
သူ၏တပည့်ကို စိတ်ခွန်အားပေးပြီးနောက် ချူဖုန်းသည် တစ်ဖက်သူ၏ပခုံးကို ပုတ်လိုက်၏။ “ကောင်းပြီ။ သွားတော့။”
“ ဒါဆို ဒီတပည့်က သွားပါပြီ။”
ရှောင်ချန်းသည် လှည့်ကာ ထွက်သွားတော့၏။
ချူဖုန်းသည် တစ်ဖက်သူ၏ပုံရိပ်ဝေးကွာသွားသည်ကို ကြည့်လျက် အတွေးနက်သွားသည်။ ‘ ဒီကလေး တောင်ပေါ်ကဆင်းပြီးရင် ဘယ်လိုကံကောင်းခြင်းမျိုးနဲ့ ကြုံမလဲ မသိဘူး။”
ထို့နောက် သူသည် ကြိမ်ကုလားထိုင်ပေါ်သို့ ပြန်ထိုင်လိုက်ပြီး နေပူဆာ ဆက်လှုံတော့၏။
…
သောင်းပြောင်းပညာရပ်ဌာနမှထွက်လာပြီးနောက် ရှောင်ချန်းသည် တောင်ပေါ်ကနေ ချက်ချင်းမဆင်းသေးချေ။ သူသည် အရင်အဝတ်အစားလဲလိုက်ပြီး ညရောက်သည်အထိ စောင့်နေလိုက်၏။ ထို့နောက် ဝမ်တောက်ကျောင်းတော်မှ တိတ်တဆိတ်ထွက်သွားတော့သည်။
သူ အပြင်စည်းဂိုဏ်းပြိုင်ပွဲ၌ ပထမယူရန် ရည်ရွယ်လိုက်ကတည်းက သူသည် မိမိ၏အင်အားအစစ်မှန်ကို မချပြချင်ပေ။
ယခု မသန်မစွမ်းရှောင်ချန်းသည် သူ၏အကောင်းဆုံး ဇာတ်ရုပ်ဖြစ်၏။
ညအမှောင်ထုတွင်
ရှောင်ချန်းသည် ကျောင်းတော်မှ ထွက်လာလိုက်ပြီး တောင်ခြေမှ ဝမ်တောက်မြို့တော်သို့ ရောက်လာခဲ့သည်။
ဤမြို့ကြီးကို ဝမ်တောက်ကျောင်းတော်မှ ထိန်းချုပ်ထားခြင်းပါပေ။
ကျောင်းတော်၏တပည့်မိသားစုများ သို့မဟုတ် ကျောင်းတော်ဝင်ခွင့်ကျရှုံးသွားသည့် ကျင့်ကြံသူအများစုက ဤမြို့၌ နေထိုင်ကြသည်။
ရှောင်ချန်း၏တစ်ကိုယ်လုံးသည် အနက်ရောင်ဝတ်ရုံထဲသို့ နစ်မြှုပ်နေသည်။ သူနှင့်ရင်းနှီးသည့်သူများပင် တစ်ချက်ကြည့်ရုံဖြင့် မမှတ်မိနိုင်တော့ပေ။
သူသည် ကိုယ်ကိုယ့်ကိုယ်လေ့ကျင့်ရန်ရည်ရွယ်ပြီး တာဝန်အချို့ယူရန် ယန္တရားတစ်ထောင်နန်းတော်သို့ ဦးတည်လိုက်သည်။
သိပ်မကြာခင်မှာပင် သူသည် ရောက်လာတော့မည့် အပြင်းစည်းဂိုဏ်းပြိုင်ပွဲအကြောင်း ကြားလိုက်ရသည်။
“ပြိုင်ပွဲစဖို့ နှစ်လလောက်ပဲလိုတော့တယ်။ ဒီတစ်ကြိမ် ပထမ ဘယ်သူရမယ်လို့ မင်းထင်လဲ။”
“သိသာတယ်လေ။ ဓားပညာဌာနက လင်းချင်းယွီပေါ့ဟ။ သူက ဓားပညာဌာန အပြင်စည်းဂိုဏ်းရဲ့ ပါရမီရှင်နှစ်ယောက်ထဲက တစ်ယောက်လေ။ အခု ရှောင်ချန်းက ဒုက္ခိတဖြစ်သွားပြီ။ ဘယ်သူက သူ့ကို အနိုင်ယူနိုင်တော့မှာလဲ။”
“…”
ရှောင်ချန်းသည် ထိုစကားဝိုင်းကို လျစ်လျူရှူလိုက်ပြီး တာဝန်ဘုတ်ပြားသို့ လျှောက်သွားလိုက်ကာ တာဝန်များကို ဂရုတစိုက် ရှာဖွေနေသည်။
သိပ်မကြာခင်မှာပင် သူက တာဝန်တစ်ခု ရွေးချယ်လိုက်သည်။ ထို့နောက် စာရင်းသွင်းရန်အတွက် အထောက်အထားအတုတစ်ခုကို သုံးလိုက်သည်။
ယန္တရားတစ်ထောင်နန်းတော်သည် တာဝန်လက်ခံရန် မည်သည့်ကန်သတ်ချက်မျှမရှိပေ။ တာဝန်ပြီးမြောက်သရွေ့ ဆုလာဘ်ကို ရရှိနိုင်ပေမည်။ ဤအချက်ကလည်း ရှောင်ချန်းလိုအပ်နေသည့်အရာပင်။