အခန်း (၂၁၄၁-၂၁၄၂)
Vol. 155 Ch. 2141-2142
အခန်း(၂၁၄၁)
“လီဆွန်းနတ်ဘုရင်.. အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုကို ရှင်းပစ်လိုက်တော့”
လုံကျိုးဟန်၏ မျက်ဝန်းများက တောက်ပသွားခဲ့ပြီး လီဆွန်းနတ်ဘုရင် တို့ကို အမိန့်ပေးလိုက်သည်။
ကျီထျန်းယို၏ ခွန်အားက အလွန်တရာပင် အစွမ်းထက်လှသည်ဖြစ်ရာ ကျီထျန်းယိုကို အနိုင်ယူရန်အတွက် အလွန်ကြီးမားသော ပေးဆပ်မှုမျိုး လုပ်ရမည်ကို သူစိုးရိမ်မိသည်။
ထိုကြောင့် လုံကျိုးဟန်က ကျီထျန်းယိုကို ထိန်းချုပ်ထားရန်သာ ရည်ရွယ်ထားခဲ့ပြီး နတ်ဘုရင် နှစ်ပါးကို လှုပ်ရှားခိုင်းလိုက်ခြင်း ဖြစ်သည်။
ယခုအခါတွင် အရှေ့ဘက်ပိုင်းဒေသ ကျီမျိုးနွယ်စု၏ အကာအကွယ် အစီအရင်သည် လက်သီးချက် တစ်ချက်တည်းဖြင့် ထိုးဖောက်ခံလိုက်ရပြီ ဖြစ်သည်။
နတ်ဘုရင်ပထမအဆင့် အထွတ်အထိပ် ဖြစ်သည့် ကျီရွမ်ရီနှင့် ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူအချို့သည် လီဆွန်းနတ်ဘုရင်တို့ နှစ်ပါးကို တားဆီးနိုင်မည် မဟုတ်ပေ။
ထို့ကြောင့် သူ့အနေဖြင့် ကျီထျန်းယိုကို ထိန်းထားနိုင်သရွေ့ ကျီမျိုးနွယ်စုသည် သံသယဖြစ်ဖွယ်ရာမရှိ ရှုံးနိမ့်သွားလိမ့်မည် မဟုတ်ပါလော။
လုံကျိုးဟန်၏ အမိန့်ကို ရသည်နှင့် လီဆွန်းနတ်ဘုရင် နှင့် ဟွမ်ရှတို့ နှစ်ပါးသည် တွေဝေမနေတော့ဘဲ သူတို့၏ ခွန်အားကို အလုံးစုံ ထုတ်ဖော်ကာ ကျီရွမ်ရီ ဦးဆောင်သော ကျီမျိုးနွယ်စုအကြီးအကဲများ ထံသို့ ပြေးဝင် တိုက်ခိုက်လိုက်ကြသည်။
“သူတို့ကိုတားထားကြ”
ကျီရွမ်ရီက မျက်မှောင်ကြုတ်သွားခဲ့ပြီး လီဆွန်းနတ်ဘုရင်ကို တိုက်ရိုက်ပင် တားဆီးလိုက်သည်။
ကျီရွမ်ရီသည် နတ်ဘုရင် ပထမအဆင့် အထွတ်အထိပ် ကျင့်ကြံခြင်းအဆင့်သာ ရှိသော်လည်း သူ့တွင် အရှေ့ဘက်ဒေသကျီမျိုးနွယ်စုမှ လက်ဆင့်ကမ်းလာသည့် မှော်ရတနာဖြစ်သော ထျန်းရှီ စည်းတံဆိပ် ရှိသည်။
ထို ထျန်းရှီစည်းတံဆိပ်သည် အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စု၏ နတ်ဘုရင်နဝမအဆင့် ဘိုးဘေးက ချန်ထားရစ်ခဲ့သော နတ်ဘုရင်အဆင့် တာအိုလက်နက် တစ်ခုလည်း ဖြစ်၏။
ကျီရွမ်ရီက ထိုထျန်းရှီစည်းတံဆိပ်ကို အားကိုး၍ လီဆွန်းနတ်ဘုရင်ကို ယာယီအားဖြင့် ထိန်းထားနိုင်ခဲ့သည်။
သို့သော်လည်း ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူများကမူ ဒဏ်ရာအသီးသီး ကိုယ်စီ ရရှိထားကြသည် ဖြစ်ရာ နတ်ဘုရင်တစ်ပါး ဖြစ်သော ဟွမ်ရှကို မည်ကဲ့သို့ ခုခံနိုင်ပါအံ့နည်း။
“အဘိုးကြီး.. မင်းတို့ အရှေ့ပိုင်းဒေသ ကျီမျိုးနွယ်စုက ငါတို့ကို တားဆီးထားနိုင်တော့မှာ မဟုတ်ဘူး.. အခုနေ ကျန်းချန်ကို ငါ့လက်ထဲ လွှဲအပ်မယ်ဆိုရင် နောက်မကျသေးဘူး”
လေထုထဲရှိ လုံကျိုးဟန်သည် အောက်ဘက်မှ အခြေအနေကို ကြည့်ကာ သူ၏ ရှေ့ရှိ ကျီထျန်းယိုကို အေးစက်စက် ပြောလိုက်သည်။
နတ်ဝိညာဥ်ဘုရင်နှစ်ပါး လှုပ်ရှားပြီးသည့်နောက်တွင် လုံကျိုးဟန်သည် ကျီထျန်းယိုကို ဆက်လက် တိုက်ခိုက်ခြင်းမပြုတော့ဘဲ ကျီထျန်းယိုနှင့်အတူ အောက်ဘက်မှ တိုက်ပွဲကို ကြည့်ရှုနေခဲ့သည်။
“ကောင်လေး.. ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတာ ကောင်းမွန်တဲ့အရာပဲ...ဒါပေမဲ့ ခုနက ငါပြောခဲ့သလိုပဲ.. ငါတို့ အရှေ့ပိုင်းဒေသ ကျီမျိုးနွယ်စုကို ရင်ဆိုင်ဖို့အတွက်က မင်းတို့လောက်နဲ့ မလုံလောက်သေးဘူး”
ကျီထျန်းယိုက အလွန် တည်ငြိမ်သော အမူအရာဖြင့် ပြုံးကာ ပြောလိုက်သည်။
လုံကျိုးဟန်၏ တိုက်ခိုက်ရေးစွမ်းရည်သည် အလွန်တရာပင် ကြောက်မက်ဖွယ်ရာ ကောင်းလှသည် ဖြစ်ရာ ကျီထျန်းယိုသည် လုံကျိုးဟန်ကို မည်ကဲ့သို့ ကိုင်တွယ်ရမည်မှန်းပင် မသိတော့ပေ။
သို့သော်လည်း သူဘာမျှ မလုပ်ဆောင်သရွေ့ ကျီထျန်းယိုသည် သူ့ကို တိုက်ခိုက်ရန် ရွေးချယ်မည့်ပုံ မရပေ။
အရှေ့ပိုင်းဒေသ ကျီမျိုးနွယ်စုသည် အလယ်ပိုင်းဒေသ ကျီမျိုးနွယ်စုနှင့် လမ်းခွဲပြီးနောက်တွင် ယခုအချိန်အထိ တည်တံ့နေနိုင်ခြင်းမှာ သဘာဝကျစွာပင် ဝှက်ဖဲအချို့ ရှိနေသောကြောင့် ဖြစ်၏။
ထို့ကြောင့် သူ မရှိလျှင်ပင် ဝိညာဥ်နန်းတော်မှ နတ်ဘုရင်နှစ်ပါးသည် အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုကို အနိုင်ယူနိုင်ရန်မှာ မဖြစ်နိုင်ပေ။
“သေချာရဲ့လား”
လုံကျိုးဟန်၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
“ဒီလိုဆိုတော့လည်း အရှေ့ပိုင်းဒေသ ကျီမျိုးနွယ်စုမှာ ဘယ်လို ဝှက်ဖဲတွေ ရှိနေသေးလဲ ဆိုတာ ကြည့်ရသေးတာပေါ့”
သူတို့နှစ်ဦး၏ အကြည့်အောက်မှာပင် အောက်ဘက်ရှိ တိုက်ပွဲသည် အထွတ်အထိပ် အချိန်သို့ ရောက်ရှိလာခဲ့သည်။
အရှေ့ပိုင်းဒေသ ကျီမျိုးနွယ်စုမှ ကောင်းကင်အရှင်အဆင့်ကျင့်ကြံသူ အများအပြားသည် ဟွမ်ရှ၏ လက်ထဲတွင် အသည်းအသန် ရုန်းကန်နေကြရပြီး မကြာခင်မှာပင် ရှုံးနိမ့်တော့မည့် အခြေအနေ ရှိနေခဲ့၏။
“ကြည့်ရတာ ဝှက်ဖဲကို အသုံးပြုရတော့မဲ့ပုံပဲ”
သူ့ရှေ့မှ မြင်ကွင်းကို ကြည့်ကာ ကျီရွမ်ရီသည် စိတ်ဓာတ်အနည်းငယ် ကျသွားခဲ့သည်။
သူက ဝှက်ဖဲကို ထုတ်သုံးရန် ပြင်လိုက်စဥ်မှာပင် ကျီမျိုးနွယ်စုအတွင်းရှိ ထျန်းယွမ်ခန်းမဘက်ကနေ ကျယ်လောင်သော ဓားခွင်းသံ တစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
နောက်ထပ် တစ်ခဏမှာပင် အချိန်နှင့်နေရာလွတ်ကို ဖြတ်ကျော်လာသကဲ့သို့ ကြောက်မက်ဖွယ် ဓားအလင်းတန်း တစ်ခုသည် ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ဟွမ်ရှ ဆီသို့ ဦးတည်လာခဲ့သည်။
ဟွမ်ရှသည် အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုမှ ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူကို ရှင်းလင်းရန် ပြင်ဆင်နေသောအချိန်မှာပင် ရုတ်တရက် ကျရောက်လာသော ဓားချက်ကို ချက်ချင်းဆိုသလို အာရုံခံမိလိုက်သည်။
ထိုအခိုက်အတန့်တွင် သူ၏ စိတ်နှလုံးသည် ဖော်ပြ၍ မရလောက်အောင် အေးစိမ့်မှုကို ခံစားလိုက်ရပြီး ခန္ဓာကိုယ်တစ်ခုလုံးသည် သေခြင်းတရား၏ အရိပ်အငွေ့အောက်သို့ ကျရောက်သွားသလို ခံစားလိုက်ရသည်။
ဟွမ်ရှက ချက်ချင်းပင် ထိတ်လန့်သွားခဲ့၏။
သူက ခန္ဓာကိုယ် တစ်ခုလုံးရှိ နတ်ဘုရင်လမ်းစဥ် စွမ်းအားများကို အထွတ်အထိပ်အထိ ချက်ချင်းဆိုသလို ထုတ်ဖော်လိုက်သည်။
ယင်းနောက်တွင်မူ နက်မှောင်သော ပေတစ်သောင်း အရှည်ရှိ နတ်ဘုရင်လမ်းသည် သူ၏ ကျောဘက်တွင် လျင်မြန်စွာစုစည်းလာခဲ့သည်။
ထိုနတ်ဘုရင်လမ်းသည် ငရဲကမ္ဘာသို့ ဦးတည်နေသည့် လမ်းတစ်ခုကဲ့သို့ လျှို့ဝှက်ဆန်းပြားသော အငွေ့အသက်များကို ထုတ်လွှတ်နေခဲ့၏။
သို့သော်လည်း ခမ်းနားထည်ဝါလှသော နတ်ဘုရင်လမ်းသည် ဓားအလင်းအောက်တွင် စက္ကူစုတ် တစ်ရွက်ကဲ့သို့ ပြိုကွဲသွားခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ပေတစ်သောင်း ရှည်လျားသော နတ်ဘုရင်လမ်းသည် လေထုထဲတွင် အစိတ်စိတ်အမွှာမွှာ ကြေမွသွားခဲ့၏။
ဓားအလင်းက ဟွမ်ရှ၏ နတ်ဘုရင်လမ်းကို ဖျက်ဆီးပြီးနောက်တွင် ဟွမ်ရှ၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက်ပင် ကျရောက်သွားခဲ့တော့သည်။
“အား..”
စူးရှသော အော်ဟစ်သံတစ်သံ ထွက်ပေါ်လာခဲ့ပြီး ဟွမ်ရှ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်သည် ဓားအလင်းတန်းအောက်တွင် တစ်ခဏအတွင်း အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားခဲ့သည်။
ဟွမ်ရှ၏ ဝိညာဥ်သည်ပင် ထိတ်လန့်တကြား အပြေးမြန်၍သာ လွတ်မြောက်သွားခဲ့၏။
ထိုခဏဝယ် ဟွမ်ရှ၏ ဝိညာဥ်သည် ကျီမျိုးနွယ်စုထဲကနေ ဖြည်းညင်းစွာ လျှောက်ထွက်လာသည့် ပုံရိပ်ကို စိုက်ကြည့်ရင်း ရုတ်တရက် ထိတ်လန့်တကြား အော်ဟစ်လိုက်၏။
“ကျန်း.. ကျန်းချန် မင်းဖြစ်နေတာကိုး”
“ကျန်းချန်.. မင်းဘယ်လိုဖြစ်ပြီးထွက်လာတာလဲ”
ရုတ်တရက် ထွက်ပေါ်လာသော ကျန်းချန်ကို မြင်လျှင် ကျီရွမ်ရီ၏ မျက်ဝန်းထဲတွင် ဝမ်းသာသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်၏။
“ဒီကိစ္စက ကျွန်တော့်ကြောင့် စတာပါ.. အခု အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုက ဒုက္ခရောက်နေတယ် ဆိုတော့ ကျွန်တော့်အနေနဲ့ ထိုင်ကြည့်နေလို့ မဖြစ်ဘူးလေ”
“ကျန်းချန်”
ကျန်းချန်က ရုတ်တရက် ပေါ်လာပြီး ဓားချက်တစ်ချက်တည်းဖြင့် ဟွမ်ရှ၏ ခန္ဓာကိုယ်ကို ဖျက်ဆီးလိုက်သည်အား မြင်လျှင် လီဆွန်းနတ်ဘုရင်သည် မျက်မှောင်ကြုတ်သွားခဲ့ပြီး မျက်နှာထက်တွင် ဒေါသ အရိပ်အယောင်များဖြစ်ပေါ်လာခဲ့သည်။
ထိုနေ့က ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းတွင် သူသည် ကျန်းချန်၏ ဓားချက်ကြောင့် ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပြီး ယခုအချိန်အထိ သူ၏ အထွတ်အထိပ် အခြေအနေကို ပြန်လည်မရောက်ရှိသေးပေ။
သို့သော်လည်း ကျန်းချန်၏ ကိုယ်ပေါ်မှ အရှိန်အဝါကမူ လွန်ခဲ့သော လအနည်းငယ်ကထက် ပိုမို၍ အားကောင်းနေပုံရ၏။
သူ၏ လက်ရှိ ခွန်အားဖြင့်ဆိုလျှင် ကျန်းချန်ကို ယှဥ်ပြိုင်နိုင်ရန်မှာ လုံးဝ မဖြစ်နိုင်မှန်း သူတွေးမိခဲ့သည်။
“ဒီကောင်လေးက ကျန်းချန်လား.. သူ့ဆီမှာ အရည်အချင်းတချို့ ရှိနေသားပဲ”
အောက်ဘက်ရှိ ကျန်းချန်ကို အကဲခတ်ကြည့်ရင်း လုံကျိုးဟန်၏ အေးစက်သော မျက်ဝန်းထဲတွင် အံ့အားသင့်သောအမူအရာများ ဖြစ်ပေါ်လာခဲ့၏။
သူ၏ မြင်နိုင်စွမ်းအရဆိုလျှင် ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်က မြေကြီးအရှင် အဆင့်တွင်သာ ရှိနေသေးသည်ကို မြင်နိုင်ရန် မခက်ခဲပေ။
မြေကြီးအရှင်အဆင့်၏ ခွန်အားဖြင့် နတ်ဘုရင် ပထမအဆင့် ကျင့်ကြံသူ၏ ခန္ဓာကိုယ်ကို ဓားချက် တစ်ချက်တည်းဖြင့် ဖျက်ဆီးပစ်နိုင်သည်မှာ အမှန်တကယ်ပင် ဆန်းကြယ်လှသော ဖြစ်ရပ်တစ်ခုပင်။
သူကိုယ်တိုင်ပင်လျှင် မြေကြီးအရှင်အဆင့်တွင် ရှိစဥ်က ထိုကဲ့သို့ မလုပ်ဆောင်နိုင်ခဲ့ပေ။
“အဘိုးကြီး.. မင်းရဲ့ယုံကြည်မှုက ဒီကောင်လေးဆီက လာတာမဟုတ်လား”
“ဒီကောင်လေးက ပြိုင်ဘက်ကင်း တိုက်ခိုက်ရေးစွမ်းရည်ကိုပိုင်ဆိုင်ထားတယ်.. မင်းခေါ်လာတဲ့ ဝိညာဥ်နန်းတော်က နတ်ဘုရင်နှစ်ပါးက သူ့ကို ယှဥ်နိုင်မှာ မဟုတ်ဘူး”
“ဟားဟား အဘိုးကြီး.. ကျုပ် လုံကျိုးဟန်က ဒီနေ့ အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုရဲ့ တံခါးဝအထိ လာရဲတယ်ဆိုမှတော့ ဘယ်လိုလုပ်ပြီး ပြင်ဆင်မှုမရှိပဲ နေပါ့မလဲ”
လုံကျိုးဟန်က လှောင်ပြုံးပြုံးလိုက်ပြီး သူ၏ အနောက်ဘက်ရှိ လေထုထဲမှ နေရာတစ်ခုသို့ လှည့်ကြည့်ကာ အေးစက်စက်ပြောလိုက်သည်။
“ကျီချန်းယဲ့.. မင်း ဒီအချိန်မှ မထွက်လာဘူးဆိုရင် ဘယ်အချိန်အထိ စောင့်နေဦးမှာလဲ”
လုံကျိုးဟန်၏ စကားဆုံးသည်နှင့် လေထုထဲတွင် အနက်ရောင်ပုံရိပ် တစ်ခုသည် တစ္ဆေကဲ့သို့ ရိပ်ခနဲ ထွက်ပေါ်လာခဲ့သည်။
ယင်းနောက်တွင် ထိုအနက်ရောင်ပုံရိပ်သည် ခြေလှမ်းတစ်လှမ်းထဲဖြင့်ပင် လုံကျိုးဟန်၏ နံဘေးသို့ ရောက်ရှိလာခဲ့သည်။
“အလယ်ပိုင်းဒေသ ကျီမျိုးနွယ်စုရဲ့ အဖွဲ့ဝင်လား”
ရုတ်တရက် ထွက်ပေါ်လာသော အနက်ရောင်ဝတ်စုံဝတ်ကျင့်ကြံသူကို မြင်လျှင် ကျီထျန်းယိုသည် မျက်မှောင်ခပ်တင်းတင်း ကြုတ်သွားခဲ့၏။
သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်တွင် လုံကျိုးဟန်ထက် မနိမ့်ကျသော အရှိန်အဝါများ ရှိနေပြီး ခန္ဓာကိုယ်ထဲတွင်လည်း ကျီမျိုးနွယ်စု၏ သွေးများ ပါရှိနေရာ အလယ်ပိုင်းဒေသ ကျီမျိုးနွယ်စု၏ ထိပ်တန်းပါရမီရှင်တစ်ဦး ဖြစ်မည်မှာ ထင်ရှား၏။
ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုမှ လူများက အလယ်ပိုင်းဒေသ ကျီမျိုးနွယ်စုမှ လူများနှင့် ပူးပေါင်းထားလိမ့်မည်ဟု သူတစ်ခါမှ မတွေးခဲ့ဖူးပေ။
အကယ်၍သာ ဤအတိုင်းသာဆိုလျှင် ယနေ့တွင် အရှေ့ပိုင်းဒေသ ကျီမျိုးနွယ်စုသည် အမှန်တကယ်ပင် အန္တရာယ်ရှိနေပြီ မဟုတ်ပါလား။
“ကျုပ်က အလယ်ပိုင်းဒေသ ကျီမျိုးနွယ်စုရဲ့ လက်ရှိ နတ်ဘုရာသားတော် ကျီချန်းယဲ့ပါ”
ကျီချန်းယဲ့က သူ့ရှေ့ရှိ ကျီထျန်းယိုကို ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
“ကျီမျိုးနွယ်စုရဲ့ မျိုးဆက်အရဆိုရင် ခင်ဗျားကို ဘိုးဘေးလို့ခေါ်ရမယ် ထင်တယ်”
“ငါက အလယ်ပိုင်းဒေသ ကျီမျိုးနွယ်စုနဲ့ ဘာမှ မပတ်သက်တော့ဘူး.. ဒါကြောင့် မင်းရဲ့ဘိုးဘေးဆိုတဲ့ အဝေါ်ကို ငါလက်မခံနိုင်ဘူး”
ကျီထျန်းယိုက နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်သည်။
“ကျီချန်းရဲ့ မင်းအလယ်ပိုင်းဒေသ ကျီမျိုးနွယ်စုမှာ မနေဘဲ ငါ့ရဲ့ အရှေ့ဘက့ဒေသ ကျီမျိုးနွယ်စုကို ဘာအတွက် ရောက်လာရတာလဲ”
အခန်း(၂၁၄၁)ပြီး၏။
အခန်း(၂၁၄၂)
ကျီချန်းယဲ့က ပြုံး၍ ပြန်ဖြေလိုက်သည်။
“ကျုပ် ဒီကို ဘာလာလုပ်သလဲဆိုတာ ခင်ဗျားတို့ အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုက မသိဘဲ မနေလောက်ပါဘူး”
“ကျီချန်းယဲ့.. ငါကျီထျန်းယို ရှိနေသရွေ့ ကျန်းချန်ရဲ့ဆံချည်တစ်မျှင်ကိုတောင် တို့ထိဖို့ မစဥ်းစားနဲ့”
ကျီထျန်းယိုက ကျီချန်းယဲ့ကို ခက်ထန်စွာ စိုက်ကြည့်၍ ပြောလိုက်သည်။
“ငါတို့ အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုက လွန်ခဲ့တဲ့နှစ်ပေါင်းတစ်သန်းက အဖြစ်အပျက်မျိုးကို နောက်တစ်ကြိမ် ဘယ်တော့မှ အဖြစ်ခံမှာ မဟုတ်ဘူး”
ထိုစကားကို ကြားလျှင် ကျီထျန်းယဲ့က ခေါင်းခါရမ်းလိုက်သည်။
“ကျီထျန်းယို တချို့အရာတွေက မဖြစ်နိုင်မှန်း သိလျက်နဲ့ ဘာလို့ ဇွတ်လုပ်ချင်နေရတာလဲ.. ခင်ဗျား ဒီအတိုင်းဆက်ပြီးခေါင်းမာနေမယ်ဆိုရင် အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုကို သေတွင်းထဲ တွန်းပို့သလို ဖြစ်သွားလိမ့်မယ်”
“ကျီချန်းယဲ့ အပိုစကားတွေ ပြောမနေနဲ့တော့.. လုပ်စရာရှိတာ မြန်မြန်လုပ် အချိန်နှောင်းသွားရင် အပြောင်းအလဲတွေ ဖြစ်လာနိုင်တယ်”
လုံကျိုးဟန်က အချိန်မဖြုန်းလိုတော့၍ ကျီချန်းယဲ့ကို သတိပေးလိုက်သည်။
“အောက်ကကောင်က အားမနည်းဘူး.. မင်းတိုက်မလား ဒါမှမဟုတ် ငါတိုက်လိုက်ရမလား”
ကျီချန်းယဲ့က အောက်ဘက်မှ ကျန်းချန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက်တွင် ပြန်ဖြေလိုက်သည်။
“မင်းပဲ တိုက်လိုက်တာ ပိုကောင်းတယ်.. ငါကတော့ ဒီအဘိုးကြီးကိုပဲ ထိန်းထားလိုက်မယ်”
အလယ်ပိုင်းဒေသ ကျီမျိုးနွယ်စု၏ လက်ရှိနတ်ဘုရားသားတော် ဖြစ်သည့် အလျောက် ကျီချန်းယဲ့သည် ဧကရာဇ်ကံကြမ္မာကို ပိုင်ဆိုင်ထားသူ တစ်ဦးက မည်မျှအထိ ကောင်းကင်ကိုပင် ဆန့်ကျင်နိုင်စွမ်း ရှိသည်ကို သိရှိထားခဲ့သည်။
ကျန်းချန်သည် မြေကြီးအရှင် အဆင့်တွင်သာ ရှိသော်လည်း တိုက်ခိုက်ရေးစွမ်းရည်ကမူ သာမန်အသိဖြင့် တိုင်းတာ၍ မရနိုင်လောက်အောင်ပင် အလွန်တရာ ထူးခြားလွန်းပြီး အစွမ်းထက် ဝှက်ဖဲတချို့လည်း ရှိနေနိုင်ခြေ အလွန်များ၏။
ထို့ကြောင့်ပင် အမြဲတစေ သတိကြီးစွာထားတတ်သော ကျီချန်းယဲ့သည် ကျန်းချန်နှင့် တိုက်ရိုက် ရင်ဆိုင်ရန် မရွေးချယ်ဘဲ လုံကျိုးဟန်ကို အသုံးချကာ ကျန်းချန်၏ အခြေအနေကို စမ်းသပ်ခိုင်းရန် ရည်ရွယ်ထားခဲ့ခြင်းပင်။
လုံကျိုးဟန်က ရှည်ရှည်ဝေးဝေး ပြောမနေတော့ဘဲ ကျန်းချန်၏ ဦးခေါင်းအထက် ပေတစ်ထောင်အကွာရှိ လေထုထဲတွင် တိုက်ရိုက် ပေါ်လာခဲ့၏။
အောက်ဘက်တွင်မူ ကျီရွမ်ရီနှင့် အခြားသူများ၏ မျက်နှာအမူအရာများသည် အလွန်တရာပင် သုန်မှုန်နေခဲ့၏။
ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စု၏ နတ်ဘုရားသားတော် ဖြစ်သည့် လုံကျိုးဟန်သည် အလယ်ပိုင်းဒေသ ကျီမျိုးနွယ်စုကနေ စေလွှတ်လိုက်သည့် ကျီချန်းယဲ့နှင့် ပူးပေါင်းထားလိမ့်မည်ဟု သူတို့ လုံးဝ မထင်မှတ်ထားခဲ့ကြပေ။
လုံကျိုးဟန် တစ်ယောက်တည်းဖြင့်ပင် သူတို့ အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုသည် အလွန်တရာ ခေါင်းခဲနေခဲ့ပြီ ဖြစ်၏။
ယခု လုံကျိုးဟန်ထက် မနိမ့်သော ကျီချန်းယဲ့ပါ ထပ်တိုးလာသောအခါတွင် ပို၍ပင် ဖိအားများလာခဲ့သည်။
“ဒီလူရဲ့ခွန်အားက တကယ်ကို သန်မာတာပဲ”
သူ၏ ဦးခေါင်းအထက်မှ လုံကျိုးဟန်ကို စူးစိုက်ကြည့်လိုက်ပြီးနောက်တွင် ကျန်းချန်၏ အမူအရာသည် ယခင်ကထက် ပို၍ လေးနက်လာခဲ့သည်။
အဆ ၁၀၀ စနစ်ကို ရရှိပြီးနောက်တွင် ကျန်းချန် လျှောက်လှမ်းလာခဲ့သည် ကျင့်ကြံခြင်း လမ်းတစ်လျှောက်တွင် ဆန်းကြယ်သော ပါရမီရှင် အများအပြားကို တွေ့ဖူးခဲ့သော်လည်း ယခု သူ့ရှေ့မှ လူကဲ့သို့ သူ့ကို ဖိအားကြီးမားစွာ ပေးနိုင်သည့် ပါရမီရှင်မျိုးကို တစ်ခါမျှ မကြုံတွေ့ခဲ့ဖူးပေ။
ဆိုရလျှင် သူ့ရှေ့မှလူသည် သူ၏ ဘဝတစ်လျှောက် ကြုံတွေ့ဖူးသမျှ ပြိုင်ဘက်များထဲတွင် အစွမ်းအထက်ဆုံး ပြိုင်ဘက်ဖြစ်သည်မှာ သေချာ၏။
“ကျန်းချန်.. ငါတို့ ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုက မင်းကို ရှာနေတာ အချိန်အတော်ကြာခဲ့ပြီ”
လုံကျိုးဟန်က ကျန်းချန်ကို ငုံ့ကြည့်လိုက်ပြီး အေးစက်စက်ပြောလိုက်သည်။
သူ၏ မျက်ဝန်းထဲတွင် ထူးဆန်းသော အလင်းတန်းတစ်ခု ဖျတ်ခနဲ ဖြစ်သွားခဲ့၏။
ကျန်းချန်နှင့် ပတ်သက်၍ လုံကျိုးဟန်သည် ရှေးဟောင်းသူတော်စင်နဂါး မျိုးနွယ်စု၏ အကြီးအကဲချုပ်ထံကနေ တစ်ကြိမ်ထက်မက ကြားဖူးခဲ့သည်။
သူ၏ ရှေ့မှ ကောင်လေးသည် သူကျင့်ကြံထားသော ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စု၏ အထွတ်အထိပ်ကိုယ်ခံပညာရပ် ဖြစ်သော ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ကို ကျင့်ကြံထား၏။
ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စု တစ်ခုလုံးမှာပင် ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ကို ကျင့်ကြံရန် အရည်အချင်း ပြည့်မီသူ လက်တစ်ဆုပ်စာမျှသာ ရှိသည်။
သို့ရာတွင် သူ့ရှေ့မှ ကောင်လေးသည် ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုဝင် မဟုတ်သော်လည်း ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ကို ရရှိထားခြင်းဖြစ်၍ ဖြစ်နိုင်ခြေ တစ်ခုသာ ရှိသည်။
ယင်းမှာ လွန်ခဲ့သော တစ်ချိန်က ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုကို သစ္စာဖောက်ခဲ့သည့် သူတော်စင်နဂါး၏ အမွေအနှစ်ကို ဆက်ခံထားသူ ဖြစ်နေနိုင်ခြင်းပင်။
လွန်ခဲ့သော နှစ်သန်းပေါင်းများစွာက ရှေးဟောင်းသူတော်စင်နဂါး မျိုးနွယ်စုမှ ကျင့်ကြံသူများသည် သစ္စာဖောက်တည်ထောင်ခဲ့သော အင်အားစုကို ထာဝရဟင်းလင်းပြင်တွင် ရှာတွေ့ခဲ့ပြီး ဖျက်ဆီးပစ်ခဲ့သည်။
သို့သော်လည်း ထိုသစ္စာဖောက်က မဟာနဂါးနန်းတော်ကို ထာဝရဟင်းလင်းပြင်ထဲသို့ လွှင့်ပစ်လိုက်သဖြင့် ရှေးဟောင်းသူတော်စင် နဂါးမျိုးနွယ်စုသည် မဟာနဂါးနန်းတော်ကို ရှာမတွေ့နိုင်ခဲ့ပေ။
ကျန်းချန်သည် ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ကို ကျင့်ကြံထားသဖြင့် မဟာနဂါးနန်းတော်ကို ရှာတွေ့ခဲ့ပြီး အမွေအနှစ်များအား ဆက်ခံရရှိခဲ့သည်မှာ ထင်ရှား၏။
လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က တောင်ပံနက် ခွန်ပန်မျိုးနွယ်စု၏ ဖိတ်ကြားချက်အရ အကြီးအကဲချုပ်သည် ကျန်းချန်နှင့်တစ်ကြိမ် တွေ့ဆုံခဲ့ဖူးသည်။
ထိုအချိန်က ကျန်းချန်၏ ခန္ဓာကိုယ်ပေါ်တွင် စစ်မှန်သော မဟာနဂါးနန်းတော်ကို တုပထားသည့် အတုအယောင် မဟာနဂါးနန်းတော်ကို တွေ့မြင်ခဲ့ရသည်။
ထိုမဟာနဂါးနန်းတော်ထဲတွင် ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုအတွက် အလွန်တရာ အရေးကြီးသော အရာတစ်ခုရှိနေသည်ဟု သူရှိထားခဲ့၏။
သို့သော်လည်း ထိုစဥ်က အကြီးအကဲချုပ်၏ လက်ထဲကနေ ကျန်းချန်သည် လွတ်မြောက်သွားခဲ့သည်။
လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုသည် ကျန်းချန်၏ သဲလွန်စကို လိုက်လံရှာဖွေခဲ့သည်။
ယခုတော့ အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုတွင် အဆုံးသတ်၌ ရှာတွေ့ခဲ့ချေပြီ။
ထို့ကြောင့် သူ့အနေဖြင့် မည်သို့ပင် ဖြစ်စေကာမူ ကျန်းချန်ကို ဖမ်းဆီးမည်ဟု စိတ်ပိုင်းဖြတ်ထားခဲ့ပြီး ကျန်းချန်ထံမှ မဟာနဂါးနန်းတော်ကို ရယူကာ ရှေးဟောင်း သူတော်စင်နဂါးမျိုးနွယ်စုနှင့် သက်ဆိုင်သည့် လျှို့ဝှက်ချက် တစ်ခုကို ပြန်လည်ရယူမည် ဖြစ်၏။
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ကာ လုံကျိုးဟန်ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။
“မင်းတို့ ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုက တကယ်ကို စိတ်ပျက်စရာပဲ.. ဘာလို့ ငါ့နောက်ကို ဒီလောက်အထိ တကောက်ကောက် လိုက်နေကြတာလဲ”
“မင်းက ငါတို့ ရှေးဟောင်း သူတော်စင် နဂါးမျိုးနွယ်စုက မဟုတ်ဘဲ ငါတို့ ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုရဲ့ ကိုယ်ခံပညာရပ် ဖြစ်တဲ့ ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ကို ကျင့်ကြံထားမှတော့ ငါတို့ ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုက ဘယ်လိုလုပ်ပြီး ဒီအတိုင်း ထိုင်ကြည့်နေနိုင်မှာလဲ”
လုံကျိုးဟန်က အေးစက်စက် ပြောလိုက်သည်။
“ကျန်းချန်.. မင်းအခု မဟာနဂါးနန်းတော်ကို လိမ်လိမ်မာမာလွှဲအပ်ပြီး ငါနဲ့အတူ ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုဆီ လိုက်လာခဲ့မယ်ဆိုရင် မင်းကို အသက်ရှင်ခွင့်ပေးဖို့ ငါစဥ်းစားပေးနိုင်တယ်”
ထိုစကားကိုကြားလျှင် ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် အေးစက်သွားခဲ့သည်။
“တကယ်လို့ ငါက မလိုက်ချင်ဘူး ဆိုရင်ရော”
“ငါ့ရဲ့စကားကို ငြင်းပယ်ဖို့ မင်းမှာ အရည်အချင်းမရှိဘူး”
စကားဆုံးသည်နှင့် လုံကျိုးဟန်သည် ကျန်းချန်ကို ဖမ်းဆွဲရန် သူ၏ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။
ရေခဲနတ်စွမ်းအားများဖြင့် ဖွဲ့စည်းထားသော ဧရာမလက်တစ်ဖက်သည် လေထုထဲတွင် ထွက်ပေါ်လာခဲ့ပြီး ကျန်းချန်ကို ဖမ်းဆုပ်ရန် ကြိုးစားလိုက်၏။
“ပြိုကွဲစမ်း”
ကျန်းချန်က ဓားလမ်းစဥ် အရင်းအမြစ် စွမ်းအားများကို လှုံ့ဆော်လိုက်ပြီး လက်ချောင်းမှ ဓားစွမ်းအားဖြင့် ဧရာမရေခဲလက်ဖဝါးကို ချေမှုန်းလိုက်သည်။
ဓားစွမ်းအားဖြင့် ရေခဲလက်ဖဝါးကို ချေမှုန်းပြီးနောက်တွင် ကျန်းချန်သည် ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်၏ ပထမ သိုင်းစွမ်းအား ပုံရိပ်ကို ထုတ်ဖော်လိုက်ပြီး လုံကျိုးဟန်ကို စတင် တိုက်ခိုက်လိုက်သည်။
သူ့ရှေ့မှ လုံကျိုးဟန်၏ ခွန်အားသည် ကျန်းချန် မှန်းဆထားသည်ထက် လုံးဝကို သာလွန်နေခဲ့၏။
ထို့ကြောင့် ကျန်းချန်က တုံ့ဆိုင်းမနေဘဲ ဦးစွာ တိုက်ခိုက်ရန် ရွေးချယ်လိုက်ခြင်းသာ။
“ဟားဟား.. ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်က အစွမ်းထက်တယ် ဆိုပေမဲ့ ငါ့ရှေ့မှာ ဒီနည်းစနစ်ကို သုံးမယ်ဆိုရင်တော့ မင်းကိုယ်မင်း သေတွင်းထဲ ပို့တာနဲ့ အတူတူပဲ”
လုံကျိုးဟန်၏ အေးစက်စက်ရယ်မောသံ အဆုံးသတ်သည်နှင့် တစ်ပြိုင်နက် ငွေရောင်နတ်နဂါးမြို့တော် ပန်းချီကားလိပ်သည် လုံကျိုးဟန်၏ ဦးခေါင်းအထက်တွင် စုစည်းလာခဲ့ပြီး ကျန်းချန်၏ ရွှေရောင်နတ်နဂါးမြို့တော် ပန်းချီကားလိပ်နှင့် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။
“ဝုန်း..”
ကောင်းကင်နှင့်မြေကြီးက ပြိုကျသွားခဲ့ပြီး လေထု တစ်ခုလုံး ကြေမွကာ နေနှင့်လတို့ပင် ဗြောင်းဆန်သွားခဲ့သည်။
ဤတုန်လှုပ်ဖွယ်ရာ ထိပ်တိုက် တွေ့ဆုံမှုကြောင့် ကျန်းချန်သည် ပေထောင်ချီ အကွာအဝေးအထိ နောက်ပြန် လွင့်စင်သွားခဲ့သည်။
လုံကျိုးဟန်ကမူ တစ်လက်မပင် မရွေ့လျားဘဲ နေရာမှာပင် တည်တည်ငြိမ်ငြိမ် ရှိနေခဲ့၏။
ထို့နောက်တွင် သူက ခြေလှမ်းတစ်လှမ်း လှမ်းလိုက်ရာ သူ၏ ခန္ဓာကိုယ်သည် ကျန်းချန်၏ ဦးခေါင်းအထက်တွင် ထပ်မံ ပေါ်လာခဲ့သည်။
ယင်းနောက်တွင် လုံကျိုးဟန်ထံမှ ရေခဲလမ်းစဥ် နတ်စွမ်းအား အမြောက်အများသည် လေထုထဲတွင် စုစည်းသွားခဲ့ပြီး ဟိန်းဟောက်နေသော နဂါးအသွင် အဖြစ်သို့ ပြောင်းလဲကာ ကျန်းချန်ကို နောက်တစ်ကြိမ် ဖိနှိပ်လိုက်၏။
“ဝုန်း..”
ကျယ်ပြန့်သော ပတ်ဝန်းကျင်ရှိ နေရာလွတ်သည် လေထုထဲတွင် နစ်ဝင်သွားသလို ဖြစ်သွားခဲ့ပြီး ဧရာမ နေရာလွတ် တွင်းပေါက်ကြီး တစ်ခုပင် ပေါ်ထွက်လာခဲ့၏။
“ချေမှုန်းစမ်း..”
ကျန်းချန်က ကျယ်လောင်စွာ ကြုံးဝါးလိုက်ပြီး လုံကျိုးဟန် ကဲ့သို့ပင် ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်၏ ဒုတိယမြောက် သိုင်းစွမ်းအားပုံရိပ်ကို ထုတ်ဖော်ကာ လုံကျိုးဟန်၏ တိုက်ကွက်နှင့် ထိပ်တိုက် ရင်ဆိုင်လိုက်၏။
“ဝုန်း..”
ဤတစ်ခေါက် ထိပ်တိုက် ရင်ဆိုင်မှုသည် ယခင် ထိပ်တိုက်ရင်ဆိုင်မှုထက် ပို၍ပင် ကြောက်စရာကောင်းနေခဲ့၏။
သို့သော်လည်း ကျန်းချန် ထုတ်ဖော်ထားသည့် သိုင်းစွမ်းအားပုံရိပ်၏ စွမ်းအားသည် လုံကျိုးဟန်ထက် သိသိသာသာပင် နိမ့်ကျနေခဲ့သည်။
သိုင်းစွမ်းအားပုံရိပ်က လေထုထဲတွင် တစ်ခဏမျှ အားပြိုင်နေခဲ့ပြီးနောက်တွင် လုံကျိုးဟန်၏ ဟိန်းဟောက်နေသော ငွေရောင်နဂါးပုံရိပ်သည် ကျန်းချန်၏ ဟိန်းဟောက်နေသော ရွှေရောင်နဂါးပုံရိပ်ကို ချေမှုန်းပစ်လိုက်သည်။
ယင်းနောက်တွင်မူ ကျန်းချန်၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ကြောက်မက်ဖွယ်ရာ ကောင်းသော စွမ်းအား၏ သက်ရောက်မှုဖြင့် ပေထောင်ချီ အကွာအဝေးသို့ နောက်တစ်ကြိမ် လွင့်စင်သွားခဲ့၏။
သူ၏ မျက်နှာတစ်ခုလုံးက စက္ကူရွက်ကဲ့သို့ ဖြူဖျော့နေခဲ့ပြီး ပါးစပ်ကနေလည်း သွေးများသည် အဆက်မပြတ် အန်ထွက်လာခဲ့သည်။
အခန်း(၂၁၄၂)ပြီး၏။