အခန်း (၂၁၄၃-၂၁၄၄)
Vol. 155 Ch. 2143-2144
အခန်း(၂၁၄၃)
“ဝုန်း..”
ကျန်းချန်က သူ၏ ခန္ဓာကိုယ်ဟန်ချက်ကို မထိန်းချုပ်နိုင်မီမှာပင် ကမ္ဘာကြီးကိုပင် ဖျက်ဆီးနိုင်လောက်သည့် ထိတ်လန့်ဖွယ်စွမ်းအားများ ကိန်းအောင်းနေသော နောက်ထပ် သိုင်းစွမ်းအားပုံရိပ်တစ်ခုသည် ကောင်းကင်ယံတွင် ပေါ်ထွက်လာခဲ့သည်။
ထိုသိုင်းစွမ်းအားပုံရိပ်မှာ ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်းနည်းစနစ်၏ တတိယမြောက် သိုင်းစွမ်းအားပုံရိပ် ဖြစ်သော ကမ္ဘာဖျက်ဆီး ကောင်းကင်နဂါး တိုက်ကွက် ဖြစ်သည်။
ကျန်းချန်က သူ၏ ခန္ဓာကိုယ်အတွင်းမှ မတည်မငြိမ် ဖြစ်နေသော စွမ်းအားများကို အတင်းအကျပ် ဖိနှိပ်လိုက်ပြီး တတိယမြောက် သိုင်းစွမ်းအားပုံရိပ်ကို လျင်မြန်စွာ စုစည်းကာ လုံကျိုးဟန်နှင့် နောက်တစ်ကြိမ် ရင်ဆိုင်လိုက်၏။
သို့သော်လည်း လုံကျိုးဟန်သည် ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စု၏ ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦး ဖြစ်သည့်အပြင် သွေးမျိုးဆက်နှင့် ပါရမီတွင်ပါ အလွန်တရာ ထူးချွန်ပြီး ကျင့်ကြံခြင်းအဆင့်တွင်လည်း နတ်ဘုရင် တတိယအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ထို့ကြောင့် ကျန်းချန်သည် ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ကို အသုံးပြုရာတွင် လုံကျိုးဟန်ကို ယှဥ်ပြိုင်နိုင်စွမ်း မရှိခဲ့ပေ။
မျက်စိတစ်မှိတ်အတွင်းမှာပင် ကျန်းချန် ထုတ်ဖော်ထားသော ကမ္ဘာဖျက်ဆီး ကောင်းကင်နဂါး ပုံရိပ်သည် အစိတ်စိတ်အမွှာမွှာ ကြေမွသွားခဲ့သည်။
“ခုနစ်စဥ်ကြယ်ကောင်းကင်ဓားသိုင်း”
ထိုမြင်ကွင်းကို မြင်လျှင် ကျန်းချန်သည် မျက်မှောင်ကြုတ်သွားခဲ့ပြီး ခုနစ်စဥ်ကြယ် ကောင်းကင်ဓားသိုင်းကို ထုတ်ဖော်ကာ ဧရာမ ကြယ်တာရာဓားကို စုစည်း၍ လုံကျိုးဟန်၏ ကမ္ဘာဖျက်ဆီး ကောင်းကင်နဂါး တိုက်ကွက်မှ ကျန်ရှိနေသော စွမ်းအားများကို ခုတ်ပိုင်း ချလိုက်၏။
“ဝုန်း..”
ပတ်ဝန်းကျင်ရှိ လေထုက ပေါက်ကွဲသွားခဲ့ပြီး ပရမ်းပတာ ဖြစ်သွားခဲ့သည်။
ကျန်းချန်၏ ဓားချက်သည် ကမ္ဘာဖျက်ဆီး ကောင်းကင်နဂါးတိုက်ကွက်၏ ကျန်ရှိနေသော စွမ်းအားများကို ချေမှုန်းနိုင်ခဲ့သော်လည်း သူ၏ ခန္ဓာကိုယ် တစ်ခုလုံးကမူ ပေထောင်ချီအကွာအဝေးသို့ နောက်ပြန် လွင့်စင်ထွက်သွားခဲ့၏။
“ကောင်လေး.. မြေကြီးအရှင် အဆင့်လောက်နဲ့ ဒီလို တိုက်ခိုက်ရေးစွမ်းရည်မျိုး ထုတ်ဖော်နိုင်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး.. မင်းက တကယ်ကို အံ့ဩစရာပဲ”
ကျန်းချန်ကို အသေအချာ စိုက်ကြည့်ရင်း လုံကျိုးဟန်၏ စိတ်နှလုံးထဲတွင် တုန်လှုပ်သွားခဲ့သည်။
သူ၏ ခွန်အား အလုံးစုံကို အသုံးပြု၍ စုစည်းထားသည့် ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်၏ တတိယမြောက် သိုင်းစွမ်းအားပုံရိပ်ကို ကျန်းချန်က ခုခံနိုင်လိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ပေ။
အကယ်၍ သူ၏ ကျင့်ကြံခြင်းအဆင့်သာ ကျန်းချန်နှင့် အဆင့်တူ ဖြစ်နေမည် ဆိုလျှင် သူ့အနေဖြင့် ကျန်းချန်၏ ပြိုင်ဘက် မဖြစ်နိုင်မည်မှာ သေချာသလောက်ပင်။
“ဒီကောင်လေးရဲ့ ပါရမီက အရမ်းကို ထူးခြားလွန်းတာပဲ”
လုံကျိုးဟန်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်သည်။
သူ၏ မျက်ဝန်းထဲတွင် အေးစက်စက် လူသတ်ငွေ့များ ဖြစ်ပေါ်လာခဲ့၏။
ကျန်းချန်းသည် ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စု၏ သစ္စာဖောက်ကနေ ဆင်းသက်လာသူ ဖြစ်သည်။
အကယ်၍ ထိုကောင်လေးသာ ကြီးထွားလာခဲ့လျှင် ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စု အတွက် ကောင်းကျိုးဖြစ်လာလိမ့်မည် မဟုတ်ပေ။
ယနေ့တွင် သူက ကျန်းချန်ထံမှ မဟာနဂါးနန်းတော်ကို ရယူရုံသာမက နောင်တွင် ဖြစ်လာနိုင်မည့် ပြဿနာများကို ရှောင်ရှားရန်အတွက် ထိုကောင်လေးကို ရှင်းလင်းပစ်ရပေလိမ့်မည်။
ဤအခိုက်အတန့်တွင် ကျန်းချန်သည် စကားတစ်ခွန်းမျှ မပြောဘဲ တည်ငြိမ်နေခဲ့သည်။
ရုတ်တရက် သူ၏ လက်ထဲတွင် ရှေးဟောင်း ရွှေရောင်ဓားတစ်လက် ပေါ်လာခဲ့၏။
တစ်ချိန်တည်းမှာပင် သူ၏ ကျောဘက်မှ တောက်ပသော ရွှေရောင် အလင်းတန်းများသည် ကောင်းကင်ပေါ်သို့ ထိုးတက်သွားခဲ့ပြီး အဆုံးသတ်တွင် နတ်ခန္ဓာပုံရိပ်ဖြစ်သည့် လူသားဧကရာဇ်ဓား အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ကျန်းချန်က လက်ထဲမှ ရှေးဟောင်း ရွှေရောင်ဓားနှင့် သူ၏ ကျောဘက်ရှိ လူသားဧကရာဇ်ဓား တို့ကို ပေါင်းစည်းရန် လှုံ့ဆော်လိုက်ပြီး ကြောက်မက်ဖွယ် ဓားလမ်းစဥ်စွမ်းအားဖြင့် လုံကျိုးဟန်ကို ခုတ်ပိုင်းလိုက်သည်။
“ဒါက နတ်ခန္ဓာပုံရိပ် အဖြစ် စုစည်းထားတဲ့ လူသားဧကရာဇ်ဓားလား.. တကယ်ကို ထူးခြားတာပဲ.. စိတ်မကောင်းစရာ တစ်ခုက မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က အရမ်းကို အားနည်းလွန်းနေတာပဲ”
လုံကျိုးဟန်က ကျန်းချန်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။
သူ၏ ပတ်ပတ်လည်တွင် ရေခဲလမ်းစဥ်စွမ်းအား ကိုးခုက ဝန်းရံနေခဲ့ပြီး အဆုံးသတ်၌ ရှေးခေတ်ကာလမှ သူတော်စင်ရေခဲနဂါးတစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ ကောင်းကင်ကိုပင် တုန်လှုပ်စေသော ကြောက်မက်ဖွယ်စွမ်းအားများကို သယ်ဆောင်၍ ဆင်းသက်လာခဲ့သည်။
“ဝုန်း..”
သူတော်စင်ရေခဲနဂါးသည် ကျန်းချန်၏ လူသားဧကရာဇ်ဓားနှင့် ထိပ်တိုက် ဆုံတွေ့မိပြီးနောက်တွင် ကြေမွသွားခဲ့သည်။
ထိုအခိုက်အတန့်တွင် ကျန်းချန်၏ ခန္ဓာကိုယ်သည်လည်း ဖိအားဒဏ်ကို ခံနိုင်ရည်မရှိတော့ဘဲ အဝေးသို့ လွင့်စင်သွားခဲ့၏။
“ဝေ့ါ..”
ကျန်းချန်က သွေးများကို အန်ထုတ်လိုက်ရပြီး သူ၏ ရင်ဘတ်တစ်ခုလုံးတွင် သွေးများဖြင့် နီရဲသွားခဲ့သည်။
သူ၏ ဆံပင်များက ရှုပ်ပွနေခဲ့ပြီး သူ၏ အနက်ရောင်အဝတ်အစားများကလည်း စုတ်ပြတ်နေခဲ့ကာ ခန္ဓာကိုယ်တစ်ခုလုံးမှ အရှိန်အဝါများသည် တစ်ခဏအတွင်း အလွန်တရာ အားနည်းသွားခဲ့၏။
“ကွာခြားချက်က အရမ်းကို ကြီးမားလွန်းတယ်.. ငါက သူ့ရဲ့ ပြိုင်ဘက် လုံးဝမဟုတ်ဘူး”
ကျန်းချန်က သူ၏ နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်လိုက်သည်။
သူ၏ ဖြူဖျော့နေသော မျက်နှာသည် ယခင်ကထက်ပင် ပို၍ လေးနက်လာခဲ့၏။
ကျင့်ကြံခြင်း လမ်းစဥ်တစ်လျှောက်တွင် ကျန်းချန်သည် အစွမ်းထက် ပြိုင်ဘက်များစွာကို တွေ့ဆုံခဲ့ဖူး၏။
သို့သော်လည်း သူ့ကို ဤမျှအထိ အင်အားမဲ့သလို ခံစားရစေသည့် ပြိုင်ဘက်မျိုးကို တစ်ခါမှ မတွေ့ကြုံဖူးပေ။
သူ၏အရှေ့မှလူသည် နတ်ဘုရင် တတိယအဆင့် ကျင့်ကြံခြင်း အဆင့်သာ ရှိသော်လည်း ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စု၏ ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦး ဖြစ်သည့်အလျောက် တိုက်ခိုက်ရေးစွမ်းရည်သည် သာမန် နတ်ဘုရင် တတိယအဆင့်ထက် များစွာ သာလွန်နေခဲ့၏။
သာမန် နတ်ဘုရင် စတုတ္ထအဆင့်ပင်လျှင် ထိုလူ၏ ပြိုင်ဘက် ဖြစ်နိုင်လောက်မည် မဟုတ်ပေ။
သူက ကြယ်လေးပွင့် နယ်မြေနတ်ဘုရား တစ်ပါး ဖြစ်သော်လည်း သူ၏ ကျင့်ကြံခြင်း အဆင့်သည် မြေကြီးအရှင်အဆင့်တွင်သာ ရှိနေသေး၍ သူနှင့် နတ်ဘုရင် တတိယအဆင့် ဖြစ်သည့် လုံကျိုးဟန်တို့ ကြားရှိ ကွာခြားချက်သည် အလွန်တရာ ကြီးမားလွန်းနေခဲ့၏။
အကယ်၍ သူသာ ကြယ်လေးပွင့် ကောင်းကင်အရှင် အဆင့်ကို ထိုးဖောက်နိုင်ခဲ့လျှင် လုံကျိုးဟန်ကို ရင်ဆိုင်နိုင်ကောင်း ရင်ဆိုင်နိုင်ပေလိမ့်မည်။
သို့သော်လည်း သူ့အနေဖြင့် ထျန်းယွမ်ခန်းမတွင် ကျင့်ကြံခဲ့သည့် အချိန်သည် အရမ်းကို တိုတောင်းလွန်း၏။
အဆ ၁၀၀ စနစ်က ကျင့်ကြံခြင်း အရှိန်အဟုန်ကို မြှင့်တင်ပေးခဲ့သည့်တိုင် ကြယ်လေးပွင့် ကောင်းကင်အရှင် အဆင့်ကို မထိုးဖောက်နိုင်သေးပေ။
“ဒီကောင်လေးက အဲဒီ ပါရမီရှင်နှစ်ယောက်ကနေ ဆင်းသက်လာတဲ့ မျိုးဆက်လို့ မပြောရဘူး..တကယ်ကို အစွမ်းထက်လွန်းတာပဲ.. ဧကရာဇ်ကံကြမ္မာကို ပိုင်ဆိုင်ထားတဲ့ ပါရမီရှင်က တကယ်ကို သာမန် မဟုတ်ဘူးပဲ”
လေထုထဲမှ ကျီချန်းယဲ့သည် ကျန်းချန်နှင့် လုံကျိုးဟန်တို့၏ တိုက်ပွဲကို မြင်လျှင် အံ့သြ ထိတ်လန့်သွားခဲ့သည်။
ကျီချန်းယဲ့နှင့် လုံကျိုးဟန်တို့သည် အလယ်ပိုင်းဒေသရှိ ပြိုင်ဘက်ကင်း ပါရမီရှင်များ ဖြစ်ကြ၍ ကျီချန်းယဲ့သည် လုံကျိုးဟန်၏ ခွန်အားကို ကောင်းစွာ သိရှိထားခဲ့သည်။
ကျန်းချန်သည် မြေကြီးအရှင် အဆင့်ဖြင့်ပင် နတ်ဘုရင်တတိယအဆင့် ဖြစ်သည့် လုံကျိုးဟန်ကို ယှဥ်ပြိုင်နိုင်ခြင်းမှာ အမှန်တကယ်ပင် မယုံနိုင်စရာ ကောင်းလွန်းလှ၏။
အကယ်၍ ကျန်းချန်သာ နတ်ဘုရင် အဆင့်ကို ရောက်ရှိသွားခဲ့လျှင် မည်မျှအထိ ကြောက်မက်ဖွယ်ရာ ကောင်းမည်မှာ တွေးနေစရာပင် မလိုပေ။
နတ်ဘုရင်အဆင့်ကို အသာထား၊ ကောင်းကင်အရှင် အဆင့်သို့ ထိုးဖောက်သွားလျှင်ပင် သူတို့သည် ကျန်းချန်ကို အလွယ်တကူ ဖမ်းဆီးနိုင်တော့မည် မဟုတ်ချေ။
“မျိုးနွယ်စုခေါင်းဆောင်.. လုံကျိုးဟန်က အရမ်းကို သန်မာလွန်းတယ်.. ကျန်းချန်က သူ့ကို လုံးဝ ယှဥ်နိုင်ပုံမရဘူး.. ကျွန်တော်တို့ အခု ဘာဆက်လုပ်ကြမလဲ”
ကျန်းချန် အရေးနိမ့်နေသည်ကို မြင်လျှင် ကျီမျိုးနွယ်စုမှ အကြီးအကဲများ၏ အကြည့်သည် ချက်ချင်းပင် လေးနက်သွားခဲ့သည်။
ကျီရွမ်ရီက စိတ်ထဲတွင် သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်သည်။
ပါရမီအရ ဆိုလျှင် ကျန်းချန်၏ ပါရမီသည် နတ်ကုန်းမြေတိုက်၏ ထိပ်တန်းပါရမီရှင် ဖြစ်သော လုံကျိုးဟန်ထက် သာလွန်သည်။
သို့သော်လည်း ကျန်းချန်သည် ကျင့်ကြံခြင်းအချိန် တိုတောင်းလွန်းပြီး အဆင့်နိမ့် နယ်မြေတွင် မွေးဖွားလာခဲ့သူ ဖြစ်ရာ သူပိုင်ဆိုင်ထားသော ကျင့်ကြံခြင်း အရင်းအမြစ်များသည် လုံကျိုးဟန် တို့နှင့် လုံးဝ နှိုင်းယှဥ်၍ မရပေ။
ကျန်းချန်က ကောင်းကင်ကိုပင် အဆုံးစွန် ဆန့်ကျင်နိုင်သည်အထိ နတ်ဆိုးဆန်သော ပါရမီရှင်ဖြစ်နေပါစေ၊ မြေကြီးအရှင်အဆင့်ဖြင့် လုံကျိုးဟန်နှင့် အခြားသော နတ်ဘုရင် တတိယအဆင့် အထွတ်အထိပ် ပါရမီရှင်များကို ယှဥ်ပြိုင်ရန်မှာ ဤအချိန်တွင် မဖြစ်နိုင်သလောက်ပင်။
“ကျန်းချန်.. မင်းရဲ့တိုက်ခိုက်ရေးစွမ်းရည်က ငါထင်ထားတာထက်ကို ကျော်လွန်နေတာပဲ...ဒါပေမဲ့ ဒီနေ့အတွက်ကတော့ လုံလောက်သွားပြီ.. သွားသေလိုက်တော့”
လုံကျိုးဟန်၏ မျက်ဝန်းများက အေးစက်နေခဲ့ပြီး သူ၏ မျက်ဝန်းထဲ၌ လူသတ်ငွေ့များ ပို၍ပင် ပြင်းထန်လာခဲ့သည်။
ထိုခဏတွင် နတ်ဘုရင် တတိယအဆင့်၏ အစွမ်းထက်အရှိန်အဝါများသည် ကောင်းကင်ယံ တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။
ထိုမြင်ကွင်းကြောင့် ကျန်းချန်၏ မျက်ဝန်းများသည် အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
သူက လုံကျိုးဟန်ကို ပြန်လည် တိုက်ခိုက်ရန် ပြင်ဆင်နေစဥ်မှာပင် ကျီရွမ်ရီ၏ ပုံရိပ်သည် ကျန်းချန်၏ ရှေ့တွင် ပေါ်လာခဲ့သည်။
သူက ကျန်းချန်ကို လှည့်ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။
“ကျန်းချန် မင်းအတော်လေး လုပ်ခဲ့ပြီးပြီ ဆိုတော့ ဒီကိစ္စကို ငါ့ဆီပဲ လွှဲထားလိုက်တော့.. ငါတို့ အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုက မင်းထင်ထားသလောက် အားမနည်းဘူးလို့ ငါပြောခဲ့တာကို မင်း မှတ်မိသေးတယ် မဟုတ်လား”
ထိုစကားကို ပြောဆိုပြီးနောက်တွင် ကျီရွမ်ရီသည် လုံကျိုးဟန်ကို စူးစိုက်ကြည့်လိုက်သည်။
“လုံကျိုးဟန်.. ကျန်းချန်ကို ငါတို့ အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုက ဆက်လက် အကာအကွယ်ပေးနေမှာပဲ.. အခုနေ မင်းပြန်သွားမယ်ဆိုရင် နောက်မကျသေးဘူးလို့ ငါအကြံပေးချင်တယ်”
“ဟမ့်.. စကားကြီးစကားကျယ်တွေ ပြောနေတာ လျှာခေါက်မှာ မကြောက်ဘူးလား”
လုံကျိုးဟန်က မထီမဲ့မြင်ပြုံးကာ ပြောလိုက်သည်။
“မင်းတို့ အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုမှ တခြားဘာများရှိသေးလို့လဲ.. ရှိရင်အကုန်သာ ထုတ်သုံးလိုက်စမ်း.. မင်းတို့ သူ့ကို ဘယ်လိုမျိုး ကာကွယ်မလဲ ဆိုတာ ငါကြည့်ချင်သေးတယ်”
ထိုစကားကို ကြားလျှင် ကျီရွမ်ရီသည် အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်သည်။
ထို့နောက်တွင် ရှေးခေတ်ကာလမှ အရှိန်အဝါများကို ထုတ်လွှတ်နေသည့် ရေခဲကျောက်စိမ်းတံဆိပ်ပြား တစ်ခုသည် ကျီရွမ်ရီ၏ လက်ထဲတွင် ပေါ်လာခဲ့၏။
ယင်းနောက်တွင်မူ ကျီရွမ်ရီသည် ရေခဲကျောက်စိမ်းတံဆိပ်ပြားကို ရုတ်တရက် ခြေမွလိုက်သည်။
နောက်ထပ် တစ်ခဏတွင် တောက်ပသော နတ်အလင်းတန်းတစ်ခုသည် ရေခဲကျောက်စိမ်းတံဆိပ်ပြားထဲကနေ ထွက်ပေါ်လာခဲ့ပြီး စိမ်းပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် တာအိုဆရာသခင် တစ်ဦးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ထိုတာအိုဆရာသခင် ပေါ်ထွက်လာသည်နှင့်အမျှ ကောင်းကင်ယံတစ်ခုလုံးကို လွှမ်းခြုံထားသော နတ်ဘုရင်လမ်းစဥ်၏ ကြီးကျယ်ခမ်းနားသော စွမ်းအားများသည် ရေခဲကျောက်စိမ်းတံဆိပ်ပြားထဲကနေ ရုတ်တရက် ပျံ့နှံ့လာခဲ့သည်။
အခန်း(၂၁၄၃)ပြီး၏။
အခန်း(၂၁၄၄)
တာအိုဆရာသခင်က အခြေအနေကို တစ်ချက်ကြည့်လိုက်ပြီးနောက်တွင် တည်ငြိမ်အေးဆေးစွာ ပြုံးလိုက်သည်။
“ကျီရွမ်ရီ.. မင်းကို ကြည့်ရတာ ဒုက္ခတွေ့နေတဲ့ပုံပဲ”
“စီနီယာစန်းမင်.. ဒီနေ့ ကျွန်တော့်ရဲ့ အရှေ့ပိုင်းဒေသ ကျီမျိုးနွယ်စုက သေရေးရှင်ရေး အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့အတွက် စီနီယာ အကူအညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”
ကျီရွမ်ရီက မချိပြုံးပြုံးလိုက်ပြီး တာအိုဆရာသခင်ကို ရိုသေစွာ ပြောလိုက်သည်။
ထိုစိမ်းပြာရောင်ဝတ် တာအိုဆရာသည် တခြားသူမဟုတ်ပေ။
ယနေ့ခေတ် နတ်ကုန်းမြေတိုက်၏ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦးဖြစ်သူ ဆရာသခင်စန်းမင် ဖြစ်၏။
သူတို့ ကျီမျိုးနွယ်စု အလယ်ပိုင်းဒေသကနေ ထွက်ခွာပြီး အရှေ့ပိုင်းဒေသသို့ လာရောက်စဥ်က ဆရာသခင်စန်းမင်သည် အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စု၏ အကျပ်အတည်းများကို ဖြေရှင်းရန်အတွက် ကျီရွမ်ရီ ထံတွင် ကိုယ်ပွားတစ်ခုကို ချန်ထားပေးခဲ့သည်။
ယခုကဲ့သို့ သေရေးရှင်ရေး အခြေအနေနှင့် ရင်ဆိုင်ရချိန်တွင် ကျီရွမ်ရီသည် အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စု၏ အကြီးမားဆုံးဝှက်ဖဲ ဖြစ်သည့် ဆရာသခင်စန်းမင်၏ ကိုယ်ပွားကို ထုတ်သုံးရန်မှ တစ်ပါး အခြားမရှိတော့ပေ။
ဆရာသခင်စန်းမင်က ကျီရွမ်ရီ၏ နံဘေးရှိ ကျန်းချန်ကို တစ်ချက် ကြည့်လိုက်ပြီးနောက်တွင် ခေါင်းတဆတ်ဆတ် ညိတ်လိုက်သည်။
“မင်းက အဲဒီနှစ်ယောက်ရဲ့ မျိုးဆက်ကို ရှာတွေ့ခဲ့ပြီကိုး”
ထိုစကားကို ပြောလိုက်ပြီးနောက်တွင် ဆရာသခင် စန်းမင်၏ အကြည့်သည် ဆန့်ကျင်ဘက်ရှိ လုံကျိုးဟန် ထံသို့ ရောက်ရှိသွားခဲ့သည်။
လုံကျိုးဟန်၏ ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါကို ခံစားမိလျှင် ဆရာသခင်စန်းမင်သည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။
“ကောင်လေး.. မင်းက ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုကလား”
“ဆရာသခင်စန်းမင်”
သူ့ရှေ့တွင် ပေါ်လာသော စိမ်းပြာရောင်ဝတ်စုံဝတ် တာအိုဆရာသခင်ကို ကြည့်ရင်း လုံကျိုးဟန်သည် မျက်မှောင်ကြုတ်သွားခဲ့၏။
သူ၏ အမူအရာက ချက်ချင်းဆိုသလိုပင် အလွန်တရာ လေးနက်သွားခဲ့သည်။
အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုတွင် ဤမျှ အစွမ်းထက်သော ဝှက်ဖဲ ရှိနေလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ပေ။
ဆရာသခင်စန်းမင်သည် နတ်ကုန်းမြေတိုက်၏ ဒဏ္ဍာရီတစ်ပါး ဖြစ်သလို နတ်ကုန်းမြေတိုက်တွင် အစွမ်းအထက်ဆုံးဖြစ်သည့် နတ်ဘုရင် နဝမအဆင့်ပုဂ္ဂိုလ်လည်း ဖြစ်သည်။
ယခု သူ့ရှေ့မှ ဆရာသခင် စန်းမင်သည် ဆရာသခင် စန်းမင်က အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုတွင် ချန်ထားရစ်ခဲ့သောကိုယ်ပွားတစ်ခုသာ ဖြစ်သော်လည်း အလွန်အမင်း ကြောက်မက်ဖွယ်ရာကောင်းသော တည်ရှိမှုတစ်ခု ဖြစ်သည်။
“ဆရာသခင်စန်းမင်ရဲ့ ကိုယ်ပွားပါလား”
ဤအခိုက်အတန့်တွင် လေထုထဲ၌ ကျီထျန်းယိုနှင့် ရင်ဆိုင်နေသော ကျီချန်းယဲ့၏ မျက်ဝန်းများသည် ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့သည်။
အလယ်ပိုင်းဒေသ ကျီမျိုးနွယ်စုနှင့် လူသားဧကရာဇ်နန်းတော် တို့သည် အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုကို အလွယ်တကူ တိုက်ခိုက်ရန် မဝံ့ရဲခြင်းမှာ မထူးဆန်းတော့ပေ။
အဘယ်ကြောင့်ဆိုသော် အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုတွင် ဤကဲ့သို့ ဝှက်ဖဲမျိုး ရှိနေသောကြောင့်ပင်။
ယခုအခါတွင် အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုသည် ဆရာသခင်စန်းမင်၏ ကိုယ်ပွားကို ဆင့်ခေါ်လိုက်ချေပြီ။
“ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုရဲ့ နတ်ဘုရားသားတော် ဖြစ်တဲ့ ကျွန်တော် လုံကျိုးဟန်က စီနီယာစန်းမင်ကို ဂါဝရပြုပါတယ်”
ကျီချန်းယဲ့ အံ့သြထိတ်လန့်နေသော အချိန်တွင် လုံကျိုးဟန်သည် အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီး ဆရာသခင်စန်းမင်ကို ဦးညွှတ်၍ အရိုအသေပေးလိုက်သည်။
နတ်ကုန်းမြေတိုက်၏ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကြီးနှင့် ရင်ဆိုင်ရချိန်တွင် လုံကျိုးဟန်သည် ရိုင်းပြရန် မဝံ့ရဲပေ။
“လွန်ခဲ့တဲ့ နှစ်ပေါင်းသန်းချီကတည်းက အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုက အလယ်ပိုင်းဒေသကနေ ထွက်ခွာလာတဲ့ အတွက် မင်းတို့ ရှေးဟောင်း သူတော်စင်နဂါးမျိုးနွယ်စုနဲ့ ဘာမှပတ်သက်စရာ အကြောင်းမရှိဘူး.. မင်းတို့ ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုက အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုကို ဘာအကြောင်းအရင်းကြောင့် တိုက်ခိုက်ချင်ရတာလဲ ဆိုတာ ငါသိချင်တယ်”
ဆရာသခင် စန်းမင်က လုံကျိုးဟန်ကို စူးစိုက်ကြည့်ကာ မေးခွန်းထုတ်လိုက်သည်။
သူ၏ လေသံထဲတွင် မနှစ်မြို့သော အရိပ်အယောင်များ အနည်းငယ် ပါဝင်နေခဲ့၏။
ဆရာသခင်စန်းမင်သည် တစ်ချိန်က အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စု၏ ဘိုးဘေးတစ်ဦးထံမှ ကျေးဇူးတရားကို ရရှိခဲ့ဖူးသည်။
လွန်ခဲ့သော နှစ်ပေါင်းသန်းချီက ထိုဘိုးဘေး ကွယ်လွန်ခါနီးတွင် အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုကို ကြည့်ရှုစောင့်ရှောက်ပေးရန် သူ့ကို တောင်းဆိုခဲ့၏။
ထိုအကြောင်းကြောင့်ပင် ဆရာသခင် စန်းမင်သည် အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုကို အမြဲတစေ အကူအညီပေးခဲ့ခြင်းဖြစ်၏။
အလယ်ပိုင်းဒေသရှိ ထိပ်တန်း မျိုးနွယ်စုကြီး တစ်ခုအနေဖြင့် ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုသည် အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုနှင့် သူနှင့်ကြားမှ ပတ်သက်မှုကို မသိဘဲ မနေလောက်ပေ။
သို့သော်လည်း ယခုအခါတွင် အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုထံသို့ လူလွှတ်ကာ လာရောက် သောင်းကျန်းနေခြင်းသည် သူ၏ တည်ရှိမှုကို မျက်ကွယ်ပြုလိုက်ခြင်းပင် မဟုတ်ပါလော။
“စီနီယာထျန်းမင်.. ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုက အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုကို လာရောက်သောင်းကျန်းတာ မဟုတ်ပါဘူး.. အဲဒီကောင်လေး အတွက်ပဲ ရောက်လာခဲ့တာပဲ.. အဲဒီကောင်လေးက ကျွန်တော်တို့ ရှေးဟောင်း သူတော်စင်နဂါးမျိုးနွယ်စုဝင် မဟုတ်ဘဲနဲ့ ကျွန်တော်တို့ ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုရဲ့ အထွတ်အထိပ်ကိုယ်ခံပညာရပ် ဖြစ်တဲ့ ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ကို ကျင့်ကြံထားတယ်.. ကျွန်တော်တို့အနေနဲ့ သူ့ကို ဘယ်လိုလုပ်ပြီး အလွှတ်ပေးနိုင်မှာလဲ"
"အကယ်၍ အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုသာ သူ့ကို ချက်ချင်း လွှဲအပ်ပေးမယ်ဆိုရင် အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုကနေ ချက်ချင်းထွက်ခွာသွားမယ်လို့ ကျွန်တော် ကတိပေးပါတယ်”
လုံကျိုးဟန်က ကျီရွမ်ရီ၏ နံဘေးမှ ကျန်းချန်ကို လက်ညှိုးညွှန်ပြကာ ဆရာသခင်စန်းမင်ကို ပြောလိုက်သည်။
အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုတွင် ဆရာသခင်စန်းမင် ချန်ထားရစ်ခဲ့သော ကိုယ်ပွားတစ်ခု ရှိနေခြင်းသည် သူထင်မှတ် မထားခဲ့သော ကိစ္စတစ်ခု ဖြစ်သည်။
သို့သော်လည်း လုံကျိုးဟန်သည် ကြောက်ရွံ့ခြင်းမရှိခဲ့ပေ။
အကြောင်းအရင်းမှာ ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စု၏ နတ်ဘုရားသားတော်တစ်ပါး အနေဖြင့် လုံကျိုးဟန်၏ ကိုယ်ပေါ်တွင်လည်း ဆရာသခင်စန်းမင်၏ ကိုယ်ပွားကို ကိုင်တွယ်ရန် ဝှက်ဖဲများ ရှိနေသောကြောင့်ပင်။
လုံကျိုးဟန်၏ စကားကိုကြားလျှင် ဆရာသခင် စန်းမင်၏ မျက်ဝန်းထဲတွင် အံ့ဩသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်သည် ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စု၏ အထွတ်အထိပ်ကိုယ်ခံပညာရပ် ဖြစ်သည်။
အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုက ရှာတွေ့ထားသော ထိုကောင်လေးသည် အမှန်တကယ်ပင် ထိုပညာရပ်ကို ကျင့်ကြံထားလိမ့်မည်ဟု ဆရာသခင် စန်းမင် မထင်မှတ်ထားခဲ့ပေ။
သို့သော်လည်း ထိုသို့ ဖြစ်နေသည့်တိုင် ဆရာသခင်စန်းမင်သည် လုံကျိုးဟန်ကို ကျန်းချန်အား ခေါ်သွားခွင့်ပေးမည်မဟုတ်ချေ။
သူက လုံကျိုးဟန်ကို တည်ငြိမ်စွာ တစ်ချက် ကြည့်လိုက်ပြီး အေးစက်စက် ပြောလိုက်သည်။
“မင်း လူကို ခေါ်သွားခွင့်မရှိဘူး.. ဒီကိစ္စနဲ့ ပတ်သက်ပြီး ဖြေရှင်းဖို့ ငါကိုယ်တိုင် ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုဆီကို လာခဲ့မယ်.. မင်းအခု ထွက်သွားလို့ရပြီ”
“စိတ်မကောင်းပါဘူး.. ကျွန်တော် သူ့ကို သေချာပေါက်ဖမ်းခေါ်သွားရလိမ့်မယ်.. ဒီနေ့ ကျွန်တော့်ကို ဘယ်သူမှ မတားနိုင်ဘူး”
လုံကျိုးဟန်က အေးစက်စက်ပြုံးကာ ပြောလိုက်သည်။
သူက ဆရာသခင်စန်းမင်၏ စကားကြောင့် နောက်ဆုတ်သွားမည့် အမူအရာမျိုး လုံးဝမပြခဲ့ပေ။
“သေချင်နေတာပဲ”
ဆရာသခင်စန်းမင်၏ မျက်ဝန်းများက အေးစက်သွားခဲ့သည်။
ယင်းနောက်တွင် လုံကျိုးဟန်၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဥ်ကို ကြေမွသွားစေနိုင်သည့် ကြောက်မက်ဖွယ်စွမ်းအား တစ်ခုသည် လုံကျိုးဟန်၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက်ပင် သက်ရောက်လာခဲ့၏။
ထိုခဏတွင် လုံကျိုးဟန် ကဲ့သို့ အစွမ်းထက် ကျင့်ကြံသူပင်လျှင် ထိုကြောက်မက်ဖွယ်စွမ်းအားအောက်၌ ခုခံနိုင်စွမ်း လုံးဝ မရှိသလောက် ဖြစ်သွားခဲ့၏။
သူက မဟာလမ်းစဥ်၏ ကြောက်မက်ဖွယ်စွမ်းအားဖြင့် ချုပ်နှောင်ထားခံရသကဲ့သို့ ခံစားလိုက်ရပြီး အနည်းငယ် လှုပ်ရှားရန်ပင် ခက်ခဲနေခဲ့သည်။
“နတ်ဘုရင် နဝမအဆင့် ကျင့်ကြံသူ ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါပေတယ်.. ကိုယ်ပွားတစ်ခု ဖြစ်နေတာတောင် ဒီအဆင့်အထိ ကြောက်စရာ ကောင်းနေတာပဲ”
လုံကျိုးဟန်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီးနောက်တွင် နဂါးပုံသဏ္ဌာန်ရှိသည့် ကျောက်စိမ်းတံဆိပ်ပြားတစ်ခုကို လျင်မြန်စွာ ထုတ်ယူကာ အစိတ်စိတ်အမွှာမွှာ ခြေမွပစ်လိုက်သည်။
ကျောက်စိမ်းတံဆိပ်ပြား ကြေမွသွားပြီးနောက်တွင် တောက်ပသော ရွှေရောင် အလင်းတန်းများသည် ကောင်းကင်ပေါ်သို့ ထိုးတက်သွားခဲ့ပြီး ကောင်းကင်ယံပင် တုန်ဟည်းစေလောက်သည့် နဂါးဟိန်းသံသည် လေထုထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။
နောက်ထပ် တခဏတွင်မူ အလွန်တရာ မျက်နှာထား တင်းမာသည့် ရွှေရောင်ဝတ်ရုံဝတ် အဘိုးအိုတစ်ဦးသည် ရွှေရောင်အလင်းတန်းများထဲကနေ ထွက်ပေါ်လာခဲ့သည်။
လုံကျိုးဟန်က ထိုရွှေရောင်ဝတ်ရုံဝတ် အဘိုးအိုကို အလျင်အမြန်ပင် ဂါဝရပြုကာ ပြောလိုက်သည်။
“ဘိုးဘေးကျင်းယွမ်.. ကျိုးဟန် ပြဿနာတချို့နဲ့ တွေ့နေလို့ အကူအညီပေးပါဦး”
ထိုစကားကိုကြားလျှင် ရွှေရောင်ဝတ်ရုံဝတ် အဘိုးအိုသည် သူ၏ ရွှေရောင်တောက်ပသော မျက်ဝန်းများဖြင့် ဝေ့ကြည့်လိုက်ရာ သူ၏ အကြည့်သည် ဆရာသခင် စန်းမင်၏ ခန္ဓာကိုယ်ပေါ်တွင် ရပ်တန့်သွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် သူက မျက်မှောင်ကြုတ်သွားခဲ့၏။
“စန်းမင်.. ခင်ဗျားပါလား”
ဆရာသခင်စန်းမင်က အေးစက်စက် ပြောလိုက်သည်။
“လုံကျင်းယွမ်.. မတွေ့ရတာတောင် အတော်ကြာပြီ”
“လုံကျိုးဟန်.. ဘာတွေဖြစ်နေတာလဲ”
ရွှေရောင်ဝတ်ရုံဝတ် အဘိုးအို လုံကျင်းယွမ်သည် အောက်ဘက်ရှိ လုံကျိုးဟန်ကို ကြည့်ကာ မေးလိုက်သည်။
သူ၏ စိတ်နှလုံးထဲတွင် အလွန်အမင်း ထိတ်လန့်နေခဲ့၏။
ဆရာသခင်စန်းမင်သည် ဤလောကတွင် အစွမ်းအထက်ဆုံးပုဂ္ဂိုလ်များထဲမှ တစ်ဦး ဖြစ်ပြီး သူကိုယ်တိုင်ပင်လျှင် ဆရာသခင် စန်းမင်ကို သွားမဆွရဲပေ။
သို့သော်လည်း အလိုက်မသိသော မြေးတပည့် လုံကျိုးဟန်သည် ဆရာသခင်စန်းမင်ကို သွားဆွပြီး သူ၏ ကိုယ်ပွားကိုပါ ဆင့်ခေါ်လိမ့်မည်ဟု လုံကျင်းယွမ် မထင်မှတ်ထားခဲ့ချေ။
လုံကျိုးဟန်က ဖုံးကွယ်မထားဘဲ ဖြစ်ပျက်သမျှ အရာအားလုံးကို လုံကျင်းယွမ်အား အလျင်အမြန်ပင် ပြောပြလိုက်သည်။
ကျန်းချန်က ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စု၏ ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်အား တတ်မြောက်ထားသည်ဟု ကြားသိလိုက်ရချိန်တွင် လုံကျင်းယွမ်၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
မကြာမီမှာပင် သူ၏ မျက်ဝန်းများ၌ တောက်ပသောအလင်းတန်းတစ်ခု လင်းလက်လာခဲ့သည်။
ထို့နောက်တွင် သူက ဆရာသခင်စန်းမင်ကို ပြတ်သားစွာ ပြောလိုက်၏။
“အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုကို စီနီယာစန်းမင် ကာကွယ်တာ ငါ့အတွက် ဘာပြဿနာမှ မရှိဘူး.. ဒါပေမဲ့ ကျန်းချန်ကိုတော့ ငါတို့ ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုက သေချာပေါက် ဖမ်းခေါ်သွားရလိမ့်မယ်”
ထိုစကားကိုကြားလျှင် ဆရာသခင်စန်းမင်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် ပြောလိုက်သည်။
“တကယ်လို့ ငါက ခွင့်မပြုရင်ရော မင်းဘာလုပ်မှာလဲ”
“တကယ်လို့ စီနီယာစန်းမင်က ဒီကိစ္စမှာ အတင်းအကျပ် ဝင်ပါမယ် ဆိုရင်တော့ နတ်ကုန်းမြေတိုက်က ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ရဲ့ အစွမ်းအစကို စမ်းသပ် ကြည့်ရတော့မှာပေါ့”
ထိုစကားကို ပြောလိုက်ပြီးနောက်တွင် လုံကျင်းယွမ်၏ ခန္ဓာကိုယ်ပေါ်တွင် ရွှေရောင် အလင်းတန်းများ တောက်ပလာခဲ့ပြီး ကြောက်မက်ဖွယ် အရှိန်အဝါများသည် ခန္ဓာကိုယ်ကနေ ရုတ်တရက် ပျံ့နှံ့လာခဲ့သည်။
အခန်း(၂၁၄၄)ပြီး၏။