အခန်း (၂၁၄၅-၂၁၄၆)
Vol. 155 Ch. 2145-2146
အခန်း(၂၁၄၅)
ဆရာသခင်စန်းမင်သည် လုံကျင်းယွမ်၏ ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါများ၏ သက်ရောက်မှုကို လုံးဝ မခံရသကဲ့သို့ လက်နှစ်ဖက်ကို နောက်ပစ်ကာ ဝင့်ကြွားစွာ ရပ်နေခဲ့သည်။
ထို့နောက် သူက လုံကျင်းယွမ်ကို အေးစက်စက် တစ်ချက်ကြည့်လိုက်ကာ ပြောလိုက်၏။
“လုံကျင်းယွမ်.. အခုအချိန်မှာ နတ်ကုန်းမြေတိုက်က အန္တရာယ်ရှိနေခဲ့ပြီ.. နတ်ကုန်းမြေတိုက်အနေနဲ့ မင်းလို အစွမ်းထက်ကျင့်ကြံသူ တစ်ယောက်ကို အဆုံးရှုံးမခံချင်ဘူး.. ဒါကြောင့် ငါနဲ့ ရင်မဆိုင်ဖို့ မင်းကိုငါ အကြံပေးချင်တယ်”
“ဆရာသခင်စန်းမင်က ဒီလောကကြီးမှာ အနှိုင်းမဲ့ ပြိုင်ဘက်ကင်းပြီး နတ်ကုန်းမြေတိုက်ရဲ့ နံပါတ်တစ် အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်လို့ ကောလာဟလတွေ ထွက်နေခဲ့တယ်.. ဒီနေ့ ခင်ဗျားအနေနဲ့ ကောလာဟလတွေထဲကလိုပဲ အမှန်တကယ် အစွမ်းထက်သလား ဆိုတာ ကျုပ် လုံကျင်းယွမ် သိချင်သေးတယ်”
စကားဆုံးသည်နှင့် လုံကျင်းယွမ်သည် ဆရာသခင်စန်းမင်ဆီသို့ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။
ထိုလက်သီးချက်သည် လေထုကိုပင် ထိုးဖောက်ပစ်တော့မည့်အလား အလွန်ပင် ပြင်းထန်လွန်းလှ၏။
လေထုထဲတွင် ရွှေရောင်မိုးကြိုးလျှပ်စီးများ ဖြစ်ပေါ်လာခဲ့ပြီး ကောင်းကင်ယံရှိ နေမင်းပင်လျှင် ထိုလက်သီးချက်အောက်တွင် ပျောက်ကွယ်သွားခဲ့ရသည်။
သို့ရာတွင် လုံကျင်းယွမ်၏ ပြင်းထန်လှသော လက်သီးချက်နှင့် ရင်ဆိုင်ရသော်လည်း ဆရာသခင် စန်းမင်၏ မျက်နှာအမူအရာသည် ပြောင်းလဲခြင်းမရှိခဲ့ပေ။
သူက နေရာမှာပင် ဝင့်ကြွားစွာ ရပ်နေခဲ့၏။
လုံကျင်းယွမ်၏ လက်သီးအလင်းက သူ၏ ခန္ဓာကိုယ်ပေါ်သို့ ချဥ်းကပ်လာချိန်မှာပင် ကြောက်မက်ဖွယ်စွမ်းအား တစ်ခု၏ ဝါးမျိုခြင်းကို ခံလိုက်ရသကဲ့သို့ တစ်ခဏအတွင်းမှာပင် ပျောက်ကွယ်သွားခဲ့သည်။
“ဒါ.. ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
လုံကျင်းယွမ်က မျက်မှောင်ကြုတ်သွားခဲ့ပြီး သူ၏ မျက်ဝန်းထဲတွင် ထိတ်လန့်သော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။
ဆရာသခင်စန်းမင်သည် နတ်ကုန်းမြေတိုက်၏ ဒဏ္ဍာရီတစ်ပါးဖြစ်သည်။
သို့ရာတွင် သူကိုယ်တိုင်သည်လည်း နတ်ဘုရင်နဝမအဆင့်ကျင့်ကြံသူဖြစ်၍ ဆရာသခင်စန်းမင်နှင့် ကျင့်ကြံခြင်းအဆင့်အတူတူပင် ဖြစ်၏။
ယခုအခါ သူတို့နှစ်ဦးစလုံးသည် ကိုယ်ပွားများဖြင့် တိုက်ခိုက်နေကြခြင်း ဖြစ်သော်လည်း ဆရာသခင်စန်းမင်၏ ခွန်အားသည် သူ့ထက် တစ်ဆင့်မက သာလွန်နေသည်မှာ ထင်ရှားနေခဲ့၏။
“လုံကျင်းယွမ်.. မင်းက ဒီလောက်တောင် သေချင်နေမှတော့ အပြစ်ပေးတဲ့အနေနဲ့ ဒီနေ့ မင်းရဲ့ကိုယ်ပွားကို ငါ ဖျက်ဆီးပစ်မယ်.. တကယ်လို့ မင်းတို့ ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုက အရှေ့ပိုင်းဒေသ ကျီမျိုးနွယ်စုကို ထပ်ပြီး ပြဿနာရှာရဲမယ် ဆိုရင် ငါကိုယ်တိုင် ရှေးဟောင်း သူတော်စင်နဂါးမျိုုးနွယ်စု ဆီကို လာခဲ့မယ်”
ဆရာသခင်စန်းမင်က အေးစက်စက် ကြုံးဝါးပြီးသည်နှင့် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။
သူ့ရှေ့သို့ ခြေလှမ်း လှမ်းလိုက်သည့် တစ်ခဏ အတွင်းမှာပင် ဓားအလင်းတန်း တစ်ခုသည် လုံကျင်းယွမ်၏ ရှေ့တွင် ရုတ်တရက် ပေါ်လာခဲ့သည်။
ဆရာသခင် စန်းမင်၏ တိုက်ခိုက်မှုကို မြင်လျှင် လုံကျင်းယွမ်သည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့၏။
လုံကျင်းယွမ်သည် နေရာမှာပင် ချက်ချင်းဆိုသလို မှင်တက်သွားခဲ့၏။
သူ၏ ရွှေရောင်မျက်ဝန်း တစ်စုံထဲတွင် မယုံကြည်နိုင်သော အမူအရာများ ပြည့်နှက်နေခဲ့သည်။
သူက ပြန်လည်တိုက်ခိုက်ရန် ပြင်ဆင်လိုက်သော်လည်း ထိုဓားအလင်းသည် သူ၏ မျက်ခုံးနှစ်ခုကြားကို မည်သည့်အချိန်ကပင် ဖြတ်သန်းသွားမှန်း မသိလိုက်ရသဖြင့် ထိတ်လန့်သွားခဲ့သည်။
“ဒါ ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
ဆရာသခင် စန်းမင်သည် ခြေလှမ်းတစ်လှမ်း လှမ်းကာ ဓားချက်တစ်ချက် ထုတ်ဖော်လိုက်ခြင်း ဖြစ်သော်လည်း သူ့အနေဖြင့် ဘာမျှ တုံ့ပြန်နိုင်ခြင်း မရှိဘဲ မျက်ခုံးအလယ်ကို ဓားဖြင့် ထိုးဖောက်ခံလိုက်ရသည်။
လုံကျင်းယွမ်က ဆရာသခင် စန်းမင်ကို အထိတ်တလန့် ကြည့်ကာ တုန်ယင်သော လေသံဖြင့် မေးလိုက်သည်။
“မင်း.. မင်း နတ်ဘုရင် နဝမအဆင့်ကို ကျော်လွန်သွားခဲ့ပြီလား”
ထိုခဏတွင် လုံကျင်းယွမ်သည် အမှန်တကယ်ပင် ထိတ်လန့်နေခဲ့ချေပြီ။
သူက နတ်ဘုရင်နဝမအဆင့် အထွတ်အထိပ် ကျင့်ကြံသူ ဖြစ်ပြီး အုပ်စိုးသူအဆင့် ကျင့်ကြံသူ မရှိသော ဤခေတ်တွင် သူ၏ ခွန်အားသည် အထွတ်အထိပ်သို့ပင် ရောက်ရှိနေပြီဖြစ်၏။
ဆိုရလျှင် နတ်ကုန်းမြေတိုက် တစ်ခုလုံးတွင် သူ့ကို အနိုင်ယူနိုင်သူမှာ လက်တစ်ဆုပ်စာသာ ရှိပြီး တစ်ကွက်တည်းဖြင့် သတ်ဖြတ်နိုင်သူ ဆိုလျှင် ပြောနေစရာပင် မလိုတော့ပေ။
သို့သော်လည်း သူ၏ ရှေ့မှ ဆရာသခင်စန်းမင်ကမူ သူ့ကို တစ်ကွက်တည်းဖြင့် အနိုင်ယူသွားခဲ့သည်။
အစောပိုင်းက ဓားချက်သည် သူ့ကို ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေးပင် လုံးဝမပေးခဲ့ပေ။
ထိုခဏတွင် လုံကျင်းယွမ်သည် အမှန်တကယ်ပင် ထိတ်လန့်သွားခဲ့သည်။
ဆရာသခင်စန်းမင်သည် နတ်ဘုရင် နဝမအဆင့်ကို ကျော်လွန်ကာ နတ်ဘုရင်အဆင့် အထက်ရှိ အုပ်စိုးသူ အဆင့်ကို အမှန်တကယ် တက်လှမ်းသွားပါသလော။
“ကမ္ဘာကြီးက ပျက်စီးနေတယ်.. ကောင်းကင်တာအိုကလည်း မပြည့်စုံဘဲ အုပ်စိုးသူ အဆင့်ကို ဘယ်လိုလုပ်ပြီး အလွယ်တကူ တက်လှမ်းနိုင်မှာလဲ”
ဆရာသခင်စန်းမင်က လုံကျင်းယွမ်၏အတွေးကို ရိပ်စားမိဟန်ဖြင့် ခေါင်းခါရမ်းလိုက်ကာ သက်ပြင်းချ၍ ရေရွတ်လိုက်သည်။
ထို့နောက် သူက လုံကျင်းယွမ်ကို အေးစက်စက် စိုက်ကြည့်ကာ ပြောလိုက်သည်။
“ဒါပေမဲ့ အပြင်က ကောလာဟလတွေက အမှန်ပဲ.. ဒီကနေ့ နတ်ကုန်းမြေတိုက်မှာ ငါစန်းမင်က နံပါတ်တစ် ပုဂ္ဂိုလ်ပဲ”
ဆရာသခင်စန်းမင်၏ စကားဆုံးသည်နှင့် လုံကျင်းယွမ်၏ မျက်ခုံးကြားကနေ ဓားစွမ်းအင် တစ်ခု ထွက်ပေါ်လာခဲ့ပြီး လုံကျင်းယွမ်၏ ခန္ဓာကိုယ်တစ်ခုလုံးကို တစ်ခဏအတွင်းမှာပင် ချေမှုန်းပစ်လိုက်သည်။
ထိုဓားအလင်းသည် လုံကျင်းယွမ်၏ ကိုယ်ပွားကို ချေမှုန်းပြီးနောက်တွင် အရပ်မျက်နှာ အနှံ့သို့ ပျံ့နှံ့သွားခဲ့ပြီး ကောင်းကင်တစ်ခွင်လုံးကို ဓားမုန်တိုင်းနယ်မြေ အဖြစ်သို့ ပြောင်းလဲပစ်လိုက်၏။
ထိုဓားမုန်တိုင်းနယ်မြေ၏ စွမ်းအားအောက်တွင် ကျီထျန်းယိုနှင့် တခြားသူများပင်လျှင် မီတာထောင်ချီ အကွာအဝေးအထိ နောက်ဆုတ်လိုက်ရသည်။
“ဘိုးဘေးကျင်းယွမ်ရဲ့ ကိုယ်ပွား ကျဆုံးသွားခဲ့ပြီလား”
လုံကျိုးဟန်က သူ၏ မျက်စိဖြင့် ကိုယ်တိုင် မြင်တွေ့ရနေသည်ကိုပင် မယုံကြည်နိုင်လောက်အောင် ဖြစ်နေခဲ့သည်။
ဘိုးဘေးကျင်းယွမ်သည် သူတို့ ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စု၏ နတ်ဘုရင်နဝမအဆင့် အထွတ်အထိပ် ကျင့်ကြံသူ ဖြစ်ပြီး ဆရာသခင်စန်းမင်နှင့် အဆင့်တူ ကျင့်ကြံသူ ဖြစ်သည်။
သို့သော်လည်း ဘိုးဘေးကျင်းယွမ်၏ ကိုယ်ပွားသည် ဆရာသခင်စန်းမင်၏ ကိုယ်ပွား၏ သတ်ဖြတ်ခြင်းကို ခံရလိမ့်မည်ဟု လုံကျိုးဟန် မထင်မှတ်ထားခဲ့ပေ။
နတ်ကုန်းမြေတိုက်ရဲ့ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကြီးသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ရာ ကောင်းနေခဲ့၏။
[နတ်ကုန်းမြေတိုက်ရဲ့ ဒဏ္ဍာရီတစ်ပါး ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ထိုက်တန်ပါပေတယ်.. တကယ်ကို သန်မာတာပဲ]
လေထုအထက်တွင် ဝင့်ကြွားစွာ ရပ်နေသော ဆရာသခင်စန်းမင်ကို ကြည့်ကာ ကျန်းချန်၏ မျက်ဝန်းထဲတွင် အံ့အားသင့်သောအမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။
ကျန်းချန်သည် ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စု၏ ဘိုးဘေးကို မသိသော်လည်း အစောပိုင်းက ထိုနှစ်ဦး၏ စကားများအရ ထိုအဘိုးကြီးသည်လည်း နတ်ဘုရင်နဝမ အဆင့်သို့ ရောက်ရှိနေသော ကျင့်ကြံသူတစ်ဦး ဖြစ်ကြောင်း သိရှိရန် မခက်ခဲပေ။
သို့သော်လည်း ထိုကဲ့သို့သော ကျင့်ကြံသူပင်လျှင် ဆရာသခင်စန်းမင်၏ ရှေ့တွင် မည်သို့မျှ ခုခံနိုင်စွမ်း မရှိခဲ့ချေ။
ထိုခဏတွင် ကျန်းချန်သည် အစောပိုင်းက ဆရာသခင် စန်းမင် ပြောသွားသော စကားကို ပြန်လည် အမှတ်ရလိုက်သည်။
“ယနေ့ နတ်ကုန်းမြေတိုက်မှာ ငါစန်းမင်က နံပါတ်တစ် ပုဂ္ဂိုလ်ပဲ”
ယင်းမှာ အနှစ်မဲ့သော စကားမဟုတ်ဘဲ ဆရာသခင်စန်းမင်သည် အမှန်တကယ်ပင် ဤလောကတွင် ပြိုင်ဘက်ကင်းဟု ဆိုလိုနေခြင်း ဖြစ်သည်။
လုံကျင်းယွမ်၏ ကိုယ်ပွားကို ဖျက်ဆီးပြီးနောက်တွင် ဆရာသခင်စန်းမင်၏ အကြည့်သည် လုံကျိုးဟန်၏ ကိုယ်ပေါ်သို့ တိုက်ရိုက်ပင် ကျရောက်သွားခဲ့သည်။
“ကောင်လေး.. ဒီနေ့ မင်းကို ငါလွှတ်ပေးလိုက်မယ်.. မင်း ပြန်ရောက်ရင် ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုကလူတွေကို ငါသတ်မှတ်ထားတဲ့ဘောင်ကို ကျော်လွန်မလာဖို့ ပြောလိုက်ပါ.. ဒီလိုမှမဟုတ်ရင် မင်းတို့ ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုအတွက် ဘာကောင်းကျိုးမှ ရှိမှာမဟုတ်ဘူး”
လုံကျိုးဟန်က ဘာမှ ပြန်မပြောခဲ့ပေ။
ဆရာသခင်စန်းမင်သည် အလွန်တရာပင် သန်မာလှပြီး သူ၏ ကိုယ်ပွားသည်ပင် အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုတွင် ပေါ်လာခဲ့သည် ဖြစ်ရာ ယနေ့ခရီးစဥ်သည် လုံးဝ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့် သူက ခဏမျှပင် ဆက်မနေတော့ဘဲ ချာခနဲ လှည့်ထွက်ကာ စန်းမင်တောင်တန်း၏ အပြင်ဘက်သို့ ဦးတည်သွားခဲ့သည်။
လေထုအထက်ရှိ ကျီချန်းယဲ့၏ မျက်နှာသည်လည်း ချက်ချင်းဆိုသလိုပင် အလွန်တရာ အကျည်းတန်သွားခဲ့သည်။
သူ၏ ပုံရိပ်သည်လည်း ကျီထျန်းယို၏ ရှေ့မှာပင် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားခဲ့၏။
“သွားစို့”
လီဆွန်းနတ်ဘုရင်၏ မျက်နှာအမူအရာသည် သိသိသာသာပင် ပြောင်းလဲသွားခဲ့ပြီး ဟွမ်ရှ၏ ဝိညာဥ်နှင့်အတူ အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုကနေ အလျင်အမြန် ထွက်ပြေးသွားခဲ့သည်။
လက်ရှိ အကျပ်အတည်းများ ပြေလည်သွားသည်ကို မြင်လျှင် ကျီရွမ်ရီသည် အနည်းငယ် စိတ်အေးသွားခဲ့ပြီး ဆရာသခင်စန်းမင်ကို ကျေးဇူးတင်သော အမူအရာဖြင့် ချက်ချင်းဆိုသလို ဂါဝရပြုလိုက်သည်။
“စီနီယာစန်းမင်.. အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုရဲ့ အခက်အခဲကို ကူညီဖြေရှင်းပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်”
“အားမနာပါနဲ့.. ငါနဲ့မင်းတို့ အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုက ကံကြမ္မာ ပါလာခဲ့ပြီးသားပါ.. မင်းတို့ ဘိုးဘေးရဲ့ အကူအညီသာ မပါခဲ့ရင် ဒီနေ့ စန်းမင်ဆိုတာ ရှိလာမှာ မဟုတ်ဘူး”
ဆရာသခင်စန်းမင်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီးနောက်တွင် လေထုထဲရှိ ကျီထျန်းယိုကို ကြည့်ကာ ပြောလိုက်သည်။
“ညီနောင်ထျန်းယို.. ဒီလောက်နှစ်တွေအကြာကြီး အသက်ရှင်လာတာတောင် မင်းဒီလို အခြေအနေမျိုးမှာ ထိန်းထားနိုင်မယ်လို့ ငါမထင်ထားခဲ့ဘူး.. ဒါက တကယ်ပဲ ငါ့ကို အံ့အားသင့်စေတယ်”
ဆရာသခင်စန်းမင်၏ စကားကို ကြားလျှင် ကျီထျန်းယိုက ပြုံး၍ ပြောလိုက်သည်။
“ကျွန်တော် ကံကောင်းပြီး သက်စောင့်ဝိညာဥ် သစ်သီး တစ်လုံးကို စားလိုက်ရလို့ အခုအထိ အသက်ရှင်နေသေးတာပါ”
“မင်းက အခုလို အခြေအနေမျိုးအထိ ထိန်းထားနိုင်တယ်ဆိုတော့ နောက်ထပ် တစ်ဆင့်ကို တက်လှမ်းဖို့ အခွင့်အရေးရှိကောင်း ရှိနိုင်ပါတယ်”
ဆရာသခင်စန်းမင်က အဓိပ္ပါယ်ပါပါ ပြုံးလိုက်ပြီး အားမလိုအားမရ အမူအရာဖြင့် ပြောလိုက်သည်။
“ညီနောင်ထျန်းယို.. ကမ္ဘာကြီးရဲ့အခြေအနေက ပြောင်းလဲတော့မယ်.. ငါ ဒီကိုယ်ပွားကို ချန်ထားရစ်ခဲ့တာက နောင်တစ်ချိန် ဖြစ်ပေါ်လာမဲ့ အပြောင်းအလဲကြီးမှာ မင်းတို့တွေ ရင်ဆိုင်နိုင်အောင် အကူအညီပေးချင်လို့ပဲ.. ဒါပေမဲ့ မင်းတို့ အခုလို ကြိုတင်ပြီး အသုံးပြုရလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး.. နောက်ဆိုရင်တော့ မင်းတို့တွေ ကိုယ့်ဘာသာကိုယ်ပဲ အားကိုးရတော့မယ်”
အခန်း(၂၁၄၅)ပြီး၏။
အခန်း(၂၁၄၆)
ကျီထျန်းယို၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
“ကမ္ဘာကြီးက အကြီးအကျယ် ပြောင်းလဲသွားတော့မယ် ဆိုတာက ဘာကိုဆိုလိုတာလဲ”
“ဒီကိစ္စက နှစ်ပေါင်းတစ်ရာလောက် ကြာနိုင်သလို ဆယ်စုနှစ်အနည်းငယ်လောက်နဲ့လည်း ရောက်လာနိုင်တယ်.. အဲဒီအချိန်ကျရင် မင်းသိလာပါလိမ့်မယ်”
ထိုစကားကို ပြောဆိုပြီးနောက်တွင် ဆရာသခင် စန်းမင်သည် ကျန်းချန်ကို တစ်ချက်ကြည့်ကာ အနည်းငယ် တွေးတော၍ ပြောလိုက်သည်။
“ကောင်လေး.. ငါရဲ့ကိုယ်ပွားက မကြာခင် ပျောက်ကွယ်တော့မယ်.. ငါ့ရဲ့ မူလခန္ဓာကိုယ်ကလည်း လတ်တလောမှာ ပေါ်လာလို့ မရသေးဘူး...အရှေ့ပိုင်းဒေသ ကျီမျိုးနွယ်စုက မင်းကို မကာကွယ်နိုင်တော့ဘူး.. မင်းအနေနဲ့ ကျီမျိုးနွယ်စုမှာ ဆက်ရှိနေလို့ မဖြစ်ဘူး”
သူ၏ နာမည်က လုံလောက်သော ဟန့်တားမှု ဖြစ်နိုင်စွမ်း ရှိသော်လည်း သူ၏ မူလခန္ဓာကိုယ်သည် နတ်ကုန်းမြေတိုက်တွင် ရှိမနေခဲ့ပေ။
ကျန်းချန်သည် ဧကရာဇ် ကံကြမ္မာကို ပိုင်ဆိုင်ထားခဲ့ပြီး ခန္ဓာကိုယ်တွင်လည်း အကြောင်းတရားနှင့် အကျိုးတရားများ အလွန်တရာ များပြားနေခဲ့သည်။
လူသားဧကရာဇ်နန်းတော်ဖြစ်စေ၊ ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုဖြစ်စေ ကျန်းချန်ကို အလွယ်တကူ လက်လျှော့ကြလိမ့်မည် မဟုတ်ချေ။
အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စု၏ ခွန်အားဖြင့်ဆိုလျှင် ကျန်းချန်ကို ဆက်လက် ကာကွယ်ပေးရန်မှာ လုံးဝ မဖြစ်နိုင်သလောက်ပင်။
“တကယ်လို့ ကျီမျိုးနွယ်စုကနေ ကျန်းချန် ထွက်သွားရင် ပိုပြီးအန္တရာယ်မများနိုင်ဘူးလား”
ကျီထျန်းယိုက အနည်းငယ် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
ဆရာသခင်စန်းမင်က ကျန်းချန်ကို တစ်ချက်ကြည့်လိုက်ပြီး ကျီထျန်းယို၏ မေးခွန်းကို ပြန်ဖြေလိုက်သည်။
“နတ်ကုန်းမြေတိုက်ကနေ အမြန်ဆုံး ထွက်သွားပြီး ထာဝရဟင်းလင်းပြင်မှာ အတွေ့အကြုံရယူပါ.. နတ်ဘုရင်အဆင့်ကို ထိုးဖောက်ပြီးမှပဲ ပြန်လာခဲ့ပါ.. ဒါက မင်းအတွက် အကောင်းဆုံး ရွေးချယ်မှုပဲ”
လူသားဧကရာဇ်နန်းတော်နှင့် ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုသည် နတ်ကုန်းမြေတိုက်၏ ထိပ်တန်း အင်အားစုများ ဖြစ်ကြသည်။
အကယ်၍သာ သူတို့က ကျန်းချန်ကို အတင်းအကျပ် အရေးယူရန် ဆုံးဖြတ်ထားခဲ့လျှင် နတ်ကုန်းမြေတိုက်တွင် မည်သူကမျှ တားဆီးနိုင်မည် မဟုတ်ပေ။
ထာဝရဟင်းလင်းပြင်ကမူ အဆုံးမဲ့ ကျယ်ပြောလှပြီး လူသားဧကရာဇ်နန်းတော်နှင့် ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုပင်လျှင် လက်လှမ်း မမီနိုင်ချေ။
ထို့ကြောင့် နတ်ကုန်းမြေတိုက်မှနေ ထွက်ခွာခြင်းသည် ကျန်းချန်အတွက် အကောင်းဆုံးရွေးချယ်မှုပင် မဟုတ်ပါလား။
ကျန်းချန်က ခေါင်းညိတ်ကာ ပြောလိုက်သည်။
“စီနီယာရဲ့ လမ်းညွှန်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်.. ကျန်းချန် နားလည်သဘောပေါက်ပါပြီ”
ယနေ့မတိုင်မီအထိ ကျန်းချန်သည် သူ၏ ကျင့်ကြံခြင်းအဆင့်က နယ်မြေနတ်ဘုရား အဆင့်တွင်သာ ရှိသော်လည်း တိုက်ခိုက်ရေးစွမ်းရည်သည် နတ်ဘုရင် တတိယအဆင့်နှင့်ပင် ယှဥ်နိုင်သဖြင့် နတ်ကုန်းမြေတိုက်ကြီးတွင် အတိုင်းအတာ တစ်ခုအထိ သူ့ကိုယ်သူ ကာကွယ်နိုင်စွမ်း ရှိသည်ဟု ယုံကြည်ခဲ့သည်။
သို့သော်လည်း ယနေ့တိုက်ပွဲ အပြီးတွင် ကျန်းချန်သည် နတ်ကုန်းမြေတိုက်ကို လျှော့တွက်မိခဲ့ကြောင်း နားလည်သွားခဲ့သည်။
ယခုအခါတွင် ကျန်းချန်အတွက် အလိုအပ်ဆုံးအရာမှာ အချိန် ဖြစ်၏။
သူ၏ လက်ရှိ အင်အားဖြင့်ဆိုလျှင် လုံကျိုးဟန်နှင့် အခြားသော နတ်ကုန်းမြေတိုက်၏ ထိပ်တန်း ပါရမီရှင်များကို ရင်ဆိုင်ရန်ပင် အလွန်တရာ ခက်ခဲနေပြီ ဖြစ်ရာ လူသားဧကရာဇ်နန်းတော်နှင့် ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုကို ရင်ဆိုင်ရန်မှာ လုံးဝမဖြစ်နိုင်ပေ။
ယင်းကြောင့် ဆရာသခင်စန်းမင် အကြံပြုသလို ထာဝရဟင်းလင်းပြင်တွင် အချိန်အတိုင်းအတာ တစ်ခုအထိ ကျင့်ကြံရန်အတွက် နတ်ကုန်းမြေတိုက်မှ ယာယီအားဖြင့်ထွက်ခွာခြင်းသည် သူ့အတွက် အမှန်တကယ်ပင် ကောင်းမွန်သော ရွေးချယ်မှု ဖြစ်၏။
ထို့အပြင် ဤအခွင့်အရေးကို အသုံးပြုပြီး မဟာမြေရိုင်းနယ်မြေသို့ ပြန်သွားကာ သူ၏ မိခင်ကို နတ်ကုန်းမြေတိုက်သို့ ခေါ်ဆောင်လာနိုင်လိမ့်မည် မဟုတ်ပါလော။
စိတ်ထဲတွင် ဆုံးဖြတ်ချက်ချပြီးနောက်တွင် ကျန်းချန်သည် ကျီမျိုးနွယ်စု၌ အချိန်အကြာကြီး ဆက်လက်နေရန် အစီအစဥ်မရှိတော့ပေ။
သူက ကျီရွမ်ရီကို တိုက်ရိုက်ကြည့်ကာ ပြောလိုက်၏။
“မျိုးနွယ်စုခေါင်းဆောင်ကျီ.. ကျွန်တော် နတ်ကုန်းမြေတိုက်ကနေ ထွက်သွားပြီးတဲ့နောက်မှာ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းကို ကျွန်တော့်အတွက် ကြည့်ရှုစောင့်ရှောက်ပေးပါ.. ဒါ့အပြင် ထျန်းယွမ်ခန်းမကိုလည်း တစ်ခါတည်း ယူသွားဖို့ ကျွန်တော် စီစဥ်ထားတယ်”
ကျန်းချန်သည် ထျန်းယွမ်ခန်းမရှိ မဟာဓားကန်ထဲမှ စွမ်းရည်များကို အပြည့်အဝ မစုပ်ယူရသေးပေ။
မဟာဓားကန် အတွင်းမှ စွမ်းအားများသည် သူ့ကို ကြယ်လေးပွင့် ကောင်းကင်အရှင်အဆင့်သို့ လျင်မြန်စွာ ထိုးဖောက်နိုင်စေမည် ဖြစ်ရာ သူက အလွယ်တကူ လက်လွှတ်မည် မဟုတ်ချေ။
ထို့ကြောင့် ကျီမျိုးနွယ်စုမှ ထွက်ခွာသွားလျှင်ပင် ထျန်းယွမ်ခန်းမကို ယူဆောင်သွားရန် ဆုံးဖြတ်ခဲ့ခြင်းပင်။
ထို့အပြင် ထျန်းယွမ်ခန်းမတွင် ကျီထျန်းယွမ် ချန်ထားရစ်ခဲ့သော နတ်ဘုရင်အဆင့် ကိုယ်ခံပညာရပ်များစွာ ရှိနေသည်ဖြစ်၍ ကျန်းချန်သည် သူ၏ တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်ရန်အတွက် အချိန်ယူ၍ ကျင့်ကြံရန်လည်း စီစဥ်ထားခဲ့သည်။
“စိတ်မပူပါနဲ့.. အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုက ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းရဲ့ သစ္စာအရှိဆုံး မဟာမိတ် ဖြစ်လာစေရမယ်.. ထျန်းယွမ်ခန်းမနဲ့ ပတ်သက်လို့ကတော့ မင်းက ဘိုးဘေးထျန်းယွမ်ရဲ့ အမွေအနှစ်ကို ဆက်ခံထားတဲ့သူ ဖြစ်တဲ့အတွက် ထျန်းယွမ်ခန်းမက မင်းနဲ့ပဲ သက်ဆိုင်ပါတယ်”
ကျီရွမ်ရီက ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
ထျန်းယွမ်ခန်းမသည် ကျီမျိုးနွယ်စုတွင် နှစ်ပေါင်းများစွာ ရှိနေခဲ့သော်လည်း မည်သူမျှ မဖွင့်လှစ်နိုင်ခဲ့ပေ။
ထိုကြောင့် ကျီမျိုးနွယ်စုတွင် ဆက်လက်ရှိလျှင်လည်း ဘာအဓိပ္ပါယ်မှ မရှိချေ။
အကယ်၍ ကျန်းချန်သာ ထျန်းယွမ်ခန်းမ၏ အကူအညီဖြင့် လျင်မြန်စွာ ကြီးထွားလာခဲ့လျှင် ယင်းသည် သူတို့ အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စု အတွက်လည်း အလွန်တရာ အကျိုးရှိသောကိစ္စ ဖြစ်လာပေလိမ့်မည်။
“ကောင်လေး.. မင်းက ဧကရာဇ်ကံကြမ္မာကို ပိုင်ဆိုင်ထားသူ ဖြစ်တဲ့ အတွက် နောင်တစ်ချိန်ကျရင် နတ်ကုန်းမြေတိုက်ကြီးက မင်းကို လိုအပ်လာလိမ့်မယ်.. အမြန်ဆုံး တိုးတက်လာအောင် ကြိုးစားပါ.. နောင်တစ်ချိန် ငါတို့ ပြန်တွေ့တဲ့အခါကျရင် မင်းအနေနဲ့ ကိုယ့်ခြေထောက်ပေါ်ကို ရပ်တည်နိုင်တဲ့သူတစ်ယောက် ဖြစ်နေလိမ့်မယ်လို့ မျှော်လင့်ပါတယ်”
ထိုခဏမှာပင် လေထုထဲရှိ ဆရာသခင် စန်းမင်၏ ပုံရိပ်သည် တဖြည်းဖြည်း မှေးမှိန်သွားခဲ့ပြီး အဆုံးသတ်၌ ပျောက်ကွယ်သွားခဲ့သည်။
ဆရာသခင်စန်းမင်၏ ကိုယ်ပွား ပျောက်ကွယ်သွားပြီးနောက်တွင် ကျန်းချန်သည် ထျန်းယွမ်ခန်းမသို့ တိုက်ရိုက်ပင် သွားရောက်ခဲ့ပြီး ထျန်းယွမ်ခန်းမ တစ်ခုလုံးကို မဟာနဂါးနန်းတော်ထဲသို့ ထည့်သိမ်းလိုက်သည်။
နောက်တစ်နေ့ နံနက်စောစောတွင် ကျီရွမ်ရီနှင့် အခြားသူများကို နှုတ်ဆက်ကာ အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုကနေ တစ်ဦးတည်း ထွက်ခွာလာခဲ့၏။
-------------------------
တိမ်ကင်းစင်သော ကောင်းကင်ယံအထက်တွင် အနက်ရောင်ဝတ်စုံဝတ် လူငယ်လေးတစ်ဦးသည် လေထဲတွင် ဖြည်းညင်းစွာ လမ်းလျှောက်နေခဲ့သည်။
ထိုလူငယ်မှာ တခြားသူမဟုတ်ဘဲ အရှေ့ပိုင်းဒေသကျီမျိုးနွယ်စုကနေ ထွက်ခွာလာခဲ့သော ကျန်းချန်ပင် ဖြစ်၏။
အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုကနေ ထွက်ခွာလာပြီးနောက်တွင် ကျန်းချန်သည် ထာဝရဘုရားကျောင်း၏ အခြေစိုက်စခန်းရှိသော မြို့တစ်မြို့ကို ရှာဖွေပြီး ထာဝရဘုရားကျောင်း၏ တောင်ဘက်ပင်မခန်းမသို့ တည်နေရာ ရွှေ့ပြောင်းကာ မဟာမြေရိုင်းနယ်မြေသို့ ပြန်ရန် စီစဥ်ထားခဲ့သည်။
“စန်းယိုနတ်ဘုရင်ရဲ့ တိတ်တဆိတ် အကြံအစည်ကြောင့် မဟာမြေရိုင်းနယ်မြေက ဘယ်လိုအခြေအနေတွေ ဖြစ်နေပြီလဲ မသိဘူး”
မဟာမြေရိုင်းနယ်မြေနှင့် ပတ်သက်၍ တွေးမိသောအခါတွင် ကျန်းချန်သည် ခပ်တိုးတိုး ရေရွတ်လိုက်မိသည်။
နတ်ဘုရင်စန်းယို၏ အင်မော်တယ် ကောင်းကင် နတ်ဘုရားသိုင်းသည် မဟာမြေရိုင်းနယ်မြေ အတွက် လျှို့ဝှက်အန္တရာယ်တစ်ခု ဖြစ်သည်။
မဟာမြေရိုင်းနယ်မြေ၏ ဘေးကင်းရေးနှင့် ပတ်သက်၍ ကျန်းချန်သည် အလွန်အမင်း ဂရုမစိုက်သော်လည်း သူ၏ မိခင်သည် မဟာမြေရိုင်းနယ်မြေရှိ ဟန်ယွဲ့ဂိုဏ်းတွင် ရှိနေခဲ့၏။
ယခု တစ်ကြိမ် မဟာမြေရိုင်းနယ်မြေသို့ ပြန်ရသည့် အကြောင်းအရင်းသည် သူ့အမေ ကျီဝူရွှယ်ထံမှ ရွှယ်လင်ကုန်းမြေတိုက်ရှိ လူသားမျိုးနွယ်စု အကြောင်းကို သိရှိလို၍ ဖြစ်သလို သူ၏ မိခင်ကို နတ်ကုန်းမြေတိုက်သို့ ခေါ်ဆောင်ရန်အတွက်လည်း ဖြစ်သည်။
သေချာသောအချက်မှာ အကယ်၍ သူ၏ မိခင်က နတ်ကုန်းမြေတိုက်သို့ မလိုက်လိုလျှင် နောင်တွင် သူ့အမေ ပြဿနာ မဖြစ်စေရန်အတွက် နတ်ဘုရင်စန်းယို ဖန်တီးခဲ့သော အကြောင်းတရားများကို သူက ဖြေရှင်းပေးခဲ့မည်သာ။
“ဟားဟား ကျန်းချန်.. ငါ့ရဲ့ခန့်မှန်းချက်က မမှားဘူးပဲ”
ထိုသို့ ကျန်းချန်က မဟာမြေရိုင်းနယ်မြေနှင့် ပတ်သက်၍ တိတ်တဆိတ် တွေးတောနေစဥ်မှာပင် ရုတ်တရက် လှောင်ရယ်သံတစ်သံသည် ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားခဲ့သည်။
“မင်းက တကယ်ပဲ ကျီမျိုးနွယ်စုကနေ ထွက်သွားဖို့ ရွေးချယ်ခဲ့ပြီကိုး”
ကျန်းချန်က အံ့ဩ ထိတ်လန့်သွားခဲ့ပြီး အသံလာရာ ဆီသို့ ကြည့်လိုက်သည်။
ထိုအခါ လေထု အထက်တွင် လက်နှစ်ဖက်ကို နောက်ပစ်၍ အနက်ရောင်ဝတ်စုံကို သပ်ရပ်ကျနစွာ ဝတ်ဆင်ထားသော လူငယ်တစ်ဦးသည် ဖြည်းညင်းစွာ လျှောက်လာသည်ကို တွေ့လိုက်ရသည်။
“ကျီချန်းယဲ့.. မင်းပါလား”
လေထဲမှ ထွက်ပေါ်လာသော အနက်ရောင်ဝတ်စုံဝတ် လူငယ်ကို မြင်လျှင် ကျန်းချန်၏ မျက်ဝန်းများသည် ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့သည်။
“မင်းအရှေ့ဘက်ဒေသမှာ ရှိနေသေးလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး”
ထိုအနက်ရောင်ဝတ်စုံဝတ် လူငယ်သည် အခြားသူ မဟုတ်ပေ။
ယမန်နေ့က လုံကျိုးဟန်နှင့် ပူးပေါင်းခဲ့သည့် အလယ်ပိုင်းဒေသ ကျီမျိုးနွယ်စု၏ နံပါတ်တစ် ပါရမီရှင် ဖြစ်သော ကျီချန်းယဲ့ပင် ဖြစ်၏။
ယမန်နေ့က တိုက်ပွဲအပြီးတွင် ကျီချန်းယဲ့သည် အလယ်ပိုင်းဒေသသို့ ပြန်ရန် မရွေးချယ်ဘဲ အရှေ့ပိုင်းဒေသတွင် ဆက်လက် ပုန်းအောင်းကာ သူ့ကို တိုက်ခိုက်ရန် အခွင့်အရေး စောင့်ဆိုင်းနေလိမ့်မည်ဟု ကျန်းချန် လုံးဝမထင်မှတ်ထားခဲ့ပေ။
ကျီချန်းယဲ့၏ နှုတ်ခမ်းထောင့်တွင် ကောက်ကျစ်သော အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
“ငါ ဒီကို လာတဲ့ မူလရည်ရွယ်ချက်က အမှောင်ထဲမှာ ပုန်းနေပြီး မင်းကို လုပ်ကြံဖို့ပဲ.. အကယ်၍ လုံကျိုးဟန် ဆိုတဲ့ကောင်သာ ငါ့ကို ခေါ်မထုတ်ခဲ့ရင် အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုမှာ ထွက်ပေါ်လာခဲ့မှာ မဟုတ်ဘူး”
“ငါသိချင်နေတာ တစ်ခုရှိတယ်.. ငါ ကျီမျိုးနွယ်စုကနေ ထွက်သွားမယ် ဆိုတာ မင်းဘယ်လိုလုပ်ပြီး သိနေတာလဲ”
ကျန်းချန်က ကျီချန်းယဲ့ကို စူးစမ်းစွာ မေးလိုက်သည်။
“ငါ့ရဲ့ ခန့်မှန်းချက်သာ မမှားဘူးဆိုရင် ဆရာသခင်စန်းမင်ရဲ့ ကိုယ်ပွားက အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုရဲ့ အကြီးမားဆုံးဝှက်ဖဲပဲ.. အဲဒီဝှက်ဖဲမရှိတော့ဘူး ဆိုရင် အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုက မင်းရဲ့ဘေးကင်းမှုကို အာမခံနိုင်တော့မှာ မဟုတ်ဘူး”
ကျီချန်းယဲ့က ယုံကြည်မှု အပြည့်ရှိသော အမူအရာဖြင့် ပြောလိုက်သည်။
“ဒါကြောင့် အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုကနေ ထွက်ခွာပြီး ကျယ်ပြောလှတဲ့ ထာဝရဟင်းလင်းပြင်ကို ဦးတည်တာက မင်းအတွက် အကောင်းဆုံး ရွေးချယ်မှုပဲ.. မင်းက ဒီအတိုင်းထိုင်ပြီး အသေခံနေမဲ့သူမျိုး မဟုတ်ဘူးဆိုတာ ငါသိတယ်.. ဒါကြောင့် ငါအလယ်ပိုင်းဒေသကို အလောတကြီး မပြန်ဘဲ အရှေ့ဘက်ဒေသမှာ ဆက်ရှိနေခဲ့တာပဲ”
ဤလူသည် သိုင်းပညာတွင် အလွန်အမင်း ပါရမီရှိရုံသာမက ဗျူဟာမြောက် စဥ်းစားတွေးခေါ်မှုတွင်လည်း ပြီးပြည့်စုံလှ၏။
ကျီချန်းယဲ့၏ စကားကို ကြားလိုက်ရချိန်တွင် ကျန်းချန်၏ စိတ်ထဲ၌ ကျီချန်းယဲ့ အပေါ် သတိထားမှုသည် ပို၍ပင် လေးနက်လာခဲ့သည်။
ဆိုရလျှင် ကျီချန်းယဲ့သည် အမှန်တကယ်ပင် ရင်ဆိုင်ရခက်ခဲသော ပြိုင်ဘက်တစ်ဦး ဖြစ်သည်။
အခန်း(၂၁၄၆)ပြီး၏။