အခန်း (၂၁၄၇-၂၁၄၈)
Vol. 155 Ch. 2147-2148
အခန်း(၂၁၄၇)
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး ကျီချန်းယဲ့ကို လုံးဝ ဂရုစိုက်မနေတော့ဘဲ ချာခနဲ လှည့်ထွက်ကာ အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စု ရှိရာဘက်သို့ ဦးတည်သွားခဲ့သည်။
သူ့ရှေ့မှ ကျီချန်းယဲ့သည် လုံကျိုးဟန်နှင့် အဆင့်တူ ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦး ဖြစ်သည်။
သူ၏ လက်ရှိခွန်အားဖြင့် ဆိုလျှင် ကျီချန်းယဲ့ကို ယှဥ်ပြိုင်ရန်မှာ အလွန်တရာပင် ခက်ခဲမည် ဖြစ်၏။
ယခုအချိန်တွင် သူ့အနေဖြင့် အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုထံသို့ အရင်ဆုံး ပြန်သွားပြီးမှသာ အစီအစဥ် အသစ်ကို ဆွဲရပေတော့မည် မဟုတ်ပါလော။
“ဟားဟား မင်းကို ကြားဖြတ်တိုက်ခိုက်ဖို့ အဆင်သင့်ပြင်ထားမှတော့ ဘယ်လိုလုပ်ပြီး အလွယ်တကူ အလွှတ်ပေးနိုင်မှာလဲ”
ကျီချန်းယဲ့က အေးစက်စက် ပြုံးလိုက်ပြီး သူ၏ လက်ဖဝါးကို ချက်ချင်းဆိုသလို ဝှေ့ယမ်းလိုက်ရာ ပတ်ဝန်းကျင်ရှိ ကမ္ဘာကြီးသည် ချက်ချင်းဆိုသလိုပင် ပြောင်းလဲသွားခဲ့သည်။
ကျန်းချန်က မည်သို့မျှ မတုံ့ပြန်နိုင်ခဲ့ဘဲ ဆန်းကြယ်ပြီး သူနှင့် အစိမ်းသက်သက် ဖြစ်နေသော ကြယ်တာရာကမ္ဘာ တစ်ခုထဲသို့ ရုတ်တရက် ရောက်ရှိသွားခဲ့သည်။
“ကျန်းချန်.. ငါက နေရာလွတ်လမ်းစဥ်ကို အထူးပြုတဲ့ နတ်ဘုရင်ပဲ.. ငါဖန်တီးထားတဲ့ ကမ္ဘာထဲမှာ မင်းဘယ်လိုမှ ခုခံနိုင်စွမ်းရှိမှာ မဟုတ်ဘူး.. လိမ်လိမ်မာမာနဲ့ အဖမ်းခံလိုက်ဖို့ ငါအကြံပေးချင်တယ်”
ကျီချန်းယဲ့က ထိုကမ္ဘာ၏ အရှင်သခင် ကဲ့သို့ ဝင့်ကြွားစွာ ရပ်နေခဲ့ပြီး ကျန်းချန်ကို အေးစက်စက် ကြည့်ကာ ပြောလိုက်သည်။
“သေစမ်း”
ကျန်းချန်၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် ရှေးဟောင်း ရွှေရောင်ဓားသည် သူ၏ လက်ထဲတွင် ပေါ်လာခဲ့သည်။
ယင်းနောက်တွင် ကျန်းချန်သည် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးမှ ခွန်အားများကို စုစည်းလိုက်ကာ ဓားကွက် တစ်ကွက်ကို ထုတ်ဖော်၍ ကျီချန်းယဲ့ကို ခုတ်ပိုင်းလိုက်၏။
“ကျန်းချန်.. မင်းရဲ့ တိုက်ခိုက်ရေးစွမ်းရည်က အဆင့်တူထဲမှာ ဆိုရင် ပြိုင်ဘက်ကင်းဆိုတာ ငါဝန်ခံပါတယ်.. ငါသာ နယ်မြေနတ်ဘုရား အဆင့်မှာရှိနေရင် မင်းရဲ့ ပြိုင်ဘက် ဘယ်လိုမှ ဖြစ်နိုင်မှာမဟုတ်ဘူး.. ဒါပေမဲ့ အခု မင်းရဲ့ကျင့်ကြံခြင်းအဆင့်က အရမ်းကို အားနည်းလွန်းတယ်”
ထိုစကားကို ပြောဆိုပြီးနောက်တွင် ကျီချန်းယဲ့သည် သူ၏ လက်ဖက်ကို အသာအယာမြှောက်ကာ လက်ဖျစ်တစ်ချက် တီးလိုက်သည်။
“ဝုန်း..”
ချက်ချင်းဆိုသလို ကြောက်မက်ဖွယ် စွမ်းအားလှိုင်း တစ်ခုသည် လေထုထဲတွင် ထွက်ပေါ်လာခဲ့ပြီး ရှေးဟောင်းရွှေရောင်ဓားကို ရိုက်ခတ်သွားခဲ့ရာ ဓားရောလူပါ တိုက်ရိုက်ပင် လွင့်စင်ထွက်သွားခဲ့သည်။
ကျန်းချန်က သူ၏ ခန္ဓာကိုယ်ဟန်ချက်ကို ခက်ခက်ခဲခဲထိန်းချုပ်လိုက်ရပြီး အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်၏။
ထို့နောက်တွင် သူက ခုနစ်စဥ်ကြယ်ကောင်းကင်ဓားသိုင်း၊လူသားဧကရာဇ် စည်းတံဆိပ်သုံးခု နှင့် ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်၏ တတိယမြောက်သိုင်းစွမ်းအား ပုံရိပ် တို့ကို တစ်ခုပြီးတစ်ခု ထုတ်ဖော်ကာ ကျီချန်းယဲ့ကို အစွမ်းကုန် တိုက်ခိုက်ခဲ့သည်။
သို့သော်လည်း ကျီချန်းယဲ့၏ ခွန်အားသည် အလွန်တရာပင် သန်မာလှ၏။
ထို့အပြင် ကျန်းချန်သည် ယခုအခါတွင် ကျီချန်းယဲ့ ဖန်တီးထားသော နေရာလွတ်ကမ္ဘာထဲတွင် ပိတ်မိနေ၍ ကျီချန်းယဲ့ကို လုံးဝမယှဥ်နိုင်ခဲ့ပေ။
သူ၏ ကြောက်မက်ဖွယ်ရာ တိုက်ကွက်များအားလုံးကို ကျီချန်းယဲ့သည် အသာအယာပင် ချေဖျက်နိုင်ခဲ့သည်။
အဆုံးသတ်တွင် ကျန်းချန်သည် ရှေးဟောင်း ရွှေရောင်ဓားနှင့် နတ်ခန္ဓာပုံရိပ် ဖြစ်သည့် လူသားဧကရာဇ်ဓား တို့ကို ပေါင်းစည်းလိုက်ပြီး ခန္ဓာကိုယ်ထဲရှိ အင်အားများကို အစွမ်းကုန် အသုံးပြုကာ ကျီချန်းယဲ့ကို တိုက်ခိုက်လိုက်သည်။
“နတ်ခန္ဓာပုံရိပ် လူသားဧကရာဇ်ဓားက လူသားဧကရာဇ်နန်းတော်ရဲ့ နံပါတ်တစ် နတ်ခန္ဓာပုံရိပ်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါပေတယ်.. စိတ်မကောင်းစရာက မင်းက အရမ်းကို အားနည်းလွန်းနေတာပဲ”
ကျီချန်းယဲ့က မထီမဲ့မြင် ပြုံးလိုက်သည်။
ယင်းနောက်တွင် သူ၏ ခြေဖဝါးအောက်၌ တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာခဲ့ပြီး နေရာလွတ်လမ်းစဥ်၏ နတ်စွမ်းအားများဖြင့် စုဖွဲ့ထားသော ဧရာမခြေထောက်တစ်ဖက်သည် ရှေးနတ်ဘုရားများ၏ ခြေထောက်ကဲ့သို့ ပြင်းထန်စွာ နင်းချလိုက်သည်။
ထိုခဏတွင် ကျီချန်းယဲ့၏ ခြေထောက်သည် မိုင်ပေါင်းထောင်ချီ နေရာလွတ်ကို ချက်ချင်းဆိုသလို ချေမှုန်းပစ်လိုက်၏။
ထိုအင်အား၏ သက်ရောက်မှုကြောင့် ကျန်းချန်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် တစ်ခဏအတွင်းမှာပင် နောက်ပြန် လွင့်စင်ထွက်သွားခဲ့ပြီး လေထုထဲတွင် မိုင်ပေါင်းထောင်ချီ ရှည်လျားသော ဧရာမ နေရာလွတ် အက်ကြောင်းတစ်ခုကိုပင် ဖြစ်ပေါ်သွားစေခဲ့သည်။
“ဝေါ့..”
ကျန်းချန်က ပါးစပ်ကနေ သွေးများကို အဆက်မပြတ် အန်ထုတ်လိုက်ရပြီး သူ၏ ခန္ဓာကိုယ်မှ အရိုးများသည်လည်း အတော်လေး ကြေမွသွားခဲ့ကာ ခန္ဓာကိုယ်တစ်ခုလုံး ယိုင်နဲ့နေခဲ့၏။
သူက ကျီချန်းယဲ့၏ ပြင်းထန်သော တိုက်ခိုက်မှုကို ခံလိုက်ရသည်မှာ ထင်ရှားနေခဲ့သည်။
“ငါက ကျီချန်းယဲ့ရဲ့ ပြိုင်ဘက် လုံးဝမဟုတ်ဘူးပဲ”
ကျန်းချန်က ဆေးလုံးတစ်လုံးကို ထုတ်ယူ၍ မျိုချလိုက်ပြီး ခန္ဓာကိုယ်အတွင်းမှ ဒဏ်ရာများကို အတင်းအကျပ် ဖိနှိပ်လိုက်သည်။
ဤအချိန်တွင် ကျီချန်းယဲ့ကို ကြည့်နေသော သူ၏ အကြည့်သည် ယခင်ထက်ပို၍ လေးနက်လာခဲ့၏။
သူက မြေကြီးအရှင် အဆင့်ဖြင့်ပင် နတ်ဘုရင် တတိယအဆင့်ကို ယှဥ်ပြိုင်နိုင်ခဲ့သည်။
သို့သော်လည်း ယင်းမှာ သာမန် နတ်ဘုရင်တတိယအဆင့်များကိုသာ ဖြစ်သည်။
ကျီချန်းယဲ့ကမူ အလယ်ပိုင်းဒေသ ကျီမျိုးနွယ်စု၏ ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦး ဖြစ်သည်။
သူ၏ ပါရမီက ကြယ်လေးပွင့်အဆင့် ဖြစ်သည့် ကျန်းချန်နှင့် မနှိုင်းယှဥ်နိုင်သည့်တိုင် သူသည်လည်း အဆင့်ကျော်၍ တိုက်ခိုက်နိုင်သော နတ်ဆိုးဆန်သည့် ပါရမီရှင်တစ်ဦး ဖြစ်၏။
ဆိုရလျှင် ကျီချန်းယဲ့၏ တိုက်ခိုက်ရေးစွမ်းရည်ကိုလည်း သူကဲ့သို့ပင် ကျင့်ကြံခြင်း အဆင့်ဖြင့် တိုင်းတာ၍ မရနိုင်ပေ။
“ငါ့ဆီမှာ ဆရာပေးထားတဲ့ နေရာလွတ်မှော်ရတနာ ပါလာတာ ကံကောင်းသွားတယ်.. မဟုတ်ရင် ဒီနေ့ ဒီကောင့်ရဲ့ လက်ထဲမှာ တကယ်ပဲ အဖမ်းခံရနိုင်ခြေ ရှိတယ်”
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး သူ၏ စိတ်အာရုံကို မဟာနဂါးနန်းတော်ထဲရှိ လျှို့ဝှက်ဆန်းကြယ်သော ရှေးဟောင်းသင်္ကေတများ ထွင်းထုထားသည့် စိမ်းပြာရောင် ကျောက်စိမ်းတံဆိပ်ပြား တစ်ခုပေါ်သို့ အလျင်အမြန် အာရုံစိုက်လိုက်သည်။
ထိုစိမ်းပြာရောင် ကျောက်စိမ်းတံဆိပ်ပြားသည် သူ့ဆရာ ကူရွှယ်သောင်း သူ့ကို ပေးထားသော နေရာလွတ် မှော်ရတနာ ဖြစ်၏။
ဆိုရလျှင် ထိုစိမ်းပြာရောင် ကျောက်စိမ်းတံဆိပ်ပြားကို အသက်သွင်းလိုက်သည်နှင့် ထာဝရဟင်းလင်းပြင် ထဲသို့ တိုက်ရိုက်ပင် တည်နေရာ ရွှေ့ပြောင်းနိုင်စွမ်းရှိသည်။
ထိုနှစ်က သူ့ဆရာ လုပ်ကြံခံရချိန်တွင် ထိုစိမ်းပြာရောင်ကျောက်စိမ်းတံဆိပ်ပြားကြောင့်သာ လွတ်မြောက်နိုင်ခဲ့ခြင်း ဆိုလည်းမမှားပေ။
နောက်ဆုံးအကြိမ်က ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းကနေ ထွက်ခွာလာစဥ်တွင် ကူရွှယ်သောင်းသည် မတော်တဆဖြစ်ရပ်များ ဖြစ်မလာစေရန် အတွက် စိမ်းပြာရောင်ကျောက်စိမ်းတံဆိပ်ပြားကို သူ့အား ပေးအပ်ခဲ့သည်။
ဤစိမ်းပြာရောင် ကျောက်စိမ်းတံဆိပ်ပြားသည် ကျန်းချန်ကို ထာဝရဟင်းလင်းပြင်ထဲသို့ တည်နေရာ ရွှေ့ပြောင်းပေးနိုင်သော်လည်း တိကျသော တည်နေရာကိုမူ ရွှေ့ပြောင်းပေးနိုင်မည် မဟုတ်ပေ။
အကယ်၍ ကံမကောင်းခဲ့လျှင် အလွန်အန္တရာယ်များသော ထာဝရဟင်းလင်းပြင်၏ တားမြစ်နယ်မြေများသို့ပင် ရောက်ရှိသွားနိုင်၏။
ထိုအကြောင်းကြောင့်လည်း ကျန်းချန်သည် ကျောက်စိမ်းတံဆိပ်ပြားကို အသုံးပြုကာ ထာဝရဟင်းလင်းပြင် ထဲသို့ အလွယ်တကူ မဝင်ရောက်ရဲခြင်း ဖြစ်သည်။
သို့သော်လည်း ယခုအခါတွင် ကျီချန်းယဲ့၏ ကြားဖြတ်တိုက်ခိုက်မှုကို ခံရပြီး သေရေးရှင်ရေး အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ရာ ကျန်းချန်အနေဖြင့် စိမ်းပြာရောင်ကျောက်စိမ်းတံဆိပ်ပြားကို အသက်သွင်းရန်မှ တစ်ပါး အခြား ရွေးချယ်စရာ မရှိတော့ပေ။
“မင်းက ငါနဲ့ဆက်ပြီး တိုက်ခိုက်ချင်သေးတာလား”
ကျီချန်းယဲ့၏ မျက်ဝန်းများသည် ပုရွက်ဆိတ် တစ်ကောင်ကို ကြည့်နေသကဲ့သို့ အေးစက်စက် ဖြစ်နေခဲ့သည်။
နတ်ဘုရင်အဆင့်နှင့် နယ်မြေနတ်ဘုရားအဆင့် ကြားရှိ ကွာခြားချက်သည် လူသားနှင့် နတ်ဘုရားကြားရှိ ကွာခြားချက် ကဲ့သို့ပင်။
ဤကမ္ဘာပေါ်တွင် ကျင့်ကြံခြင်းအဆင့် အတားအဆီးများကို ချိုးဖျက်ကာ နတ်ဘုရင်များကို အဆင့်ကျော် တိုက်ခိုက်နိုင်သည့် ကောင်းကင်ကိုပင် ဆန့်ကျင်နေသော ပါရမီရှင်များစွာ ရှိသော်လည်း ယင်းမှာ သာမန် နတ်ဘုရင်များ အတွက်သာ ဖြစ်၏။
သူကဲ့သို့ အနှိုင်းမဲ့ ပါရမီရှင် နတ်ဘုရင်တစ်ပါးကို နယ်မြေနတ်ဘုရားတစ်ပါးသည် မည်ကဲ့သို့ အနိုင်ယူနိုင်ပါမည်နည်း။
ကျန်းချန်က ကျီချန်းယဲ့၏ စကားကို ပြန်မဖြေခဲ့ဘဲ သူ၏ လက်ဖဝါးကို လှုပ်ရှားလိုက်ရာ စိမ်းပြာရောင် အလင်းတန်းများ ဖြာထွက်နေသည့် လက်ဖဝါးအရွယ်အစား ရှိသော လျှို့ဝှက်ဆန်းကြယ်သည့် ကျောက်စိမ်းတံဆိပ်ပြားတစ်ခုသည် ကျန်းချန်၏ လက်ဖဝါးထက်တွင် ပေါ်လာခဲ့သည်။
“ဘယ်လောက်တောင် အားကောင်းလိုက်တဲ့ နေရာလွတ်မှော်လက်နက်လဲ”
ကျီချန်းယဲ့က ကျန်းချန်၏ လက်ထဲမှ လျှို့ဝှက်ဆန်းကြယ်သော ကျောက်စိမ်းတံဆိပ်ပြားကို ကြည့်ကာ မျက်မှောင်အနည်းငယ် ကြုတ်သွားခဲ့သည်။
နေရာလွတ်လမ်းစဥ်ကို အထူးပြုသော နတ်ဘုရင်တစ်ပါးအနေဖြင့် ကျီချန်းယဲ့သည် နေရာလွတ်စွမ်းအားများကို အလွန်ပင် အာရုံခံစားနိုင်စွမ်း ရှိသည်။
ထို့ကြောင့် လျှို့ဝှက်ဆန်းကြယ်သော ကျောက်စိမ်းတံဆိပ်ပြားပေါ်ရှိ နေရာလွတ် နတ်စွမ်းအားကို တစ်ခဏအတွင်း ခံစားမိသွားခြင်းပင်။
“လခွမ်း.. ဒါက သာမန် နေရာလွတ် မှော်လက်နက် ဟုတ်ပုံမရဘူး”
ကျီချန်းယဲ့၏ စိတ်နှလုံးက အနည်းငယ် တုန်လှုပ်သွားခဲ့၏။
သူက ကျန်းချန်၏ လျှို့ဝှက်ဆန်းကြယ်သော ကျောက်စိမ်းပြားဖြင့် တိုက်ခိုက်မှုကို ရင်ဆိုင်ရန် အစွမ်းကုန် ပြင်ဆင်နေစဥ်မှာပင် ကျောက်စိမ်းတံဆိပ်ပြားပေါ်ရှိ နေရာလွတ်နတ်စွမ်းအားများသည် ကျန်းချန်၏ တစ်ကိုယ်လုံးအား တိုက်ရိုက် ဖုံးအုပ်သွားသည်ကို တွေ့လိုက်ရသည်။
“မဟုတ်သေးဘူး ဒါက တည်နေရာ ရွှေ့ပြောင်းခြင်း နေရာလွတ် မှော်ရတနာပဲ”
ဤခဏတွင် ကျီချန်းယဲ့သည် လျှို့ဝှက်ဆန်းကြယ်သော ကျောက်စိမ်းတံဆိပ်ပြား၏ လုပ်ဆောင်ချက်ကို အဆုံးသတ်တွင် သတိပြုမိသွားခဲ့သည်။
သူ၏ အမူအရာက ချက်ချင်းဆိုသလိုပင် ပြောင်းလဲသွားခဲ့၏။
သူက တွေဝေမနေတော့ဘဲ လက်တစ်ဖက်ကို ဆန့်ထုတ်ကာ ကျန်းချန်ကို ဖမ်းဆီးရန် ကြိုးစားလိုက်သည်။
သို့သော်လည်း ကျီချန်းယဲ့၏ လှုပ်ရှားမှုသည် သိသိသာသာပင် နောက်ကျသွားခဲ့ချေပြီ။
သူ တိုက်ခိုက်လိုက်သော တစ်ခဏမှာပင် ကျန်းချန်သည် လျှို့ဝှက်ဆန်းကြယ်သော ကျောက်စိမ်းတံဆိပ်ပြား၏ အစွမ်းထက် စွမ်းအားသက်ရောက်မှုဖြင့် ကျီချန်းယဲ့ ဖန်တီးထားသော ကြယ်တာရာကမ္ဘာကို ဖောက်ထွက်ကာ ထာဝရ ဟင်းလင်းပြင် ထဲသို့ ထွက်ပြေး လွတ်မြောက်သွားခဲ့ပြီဖြစ်သည်။
ချက်ချင်းဆိုသလိုပင် လေထုထဲတွင် အသံတစ်သံသည် ပျံ့လွင့်လာခဲ့သည်။
“ကျီချန်းယဲ့.. ဒီနေ့ကိစ္စကို ငါကျန်းချန် ကောင်းကောင်းကြီးမှတ်ထားမယ်.. နောင်တစ်ချိန် နတ်ကုန်းမြေတိုက်ဆီ ငါ ပြန်လာတဲ့ အခါကျရင် မင်းငါ့ကို ဆယ်ဆ ပြန်လည် ပေးဆပ်ရလိမ့်မယ်”
နေရာလွတ်ထဲကနေ ထွက်ပေါ်လာသော ကျန်းချန်၏ အသံကိုကြားလျှင် ကျီချန်းယဲ့၏ မျက်နှာသည် တစ်ခဏအတွင်းမှာပင် အလွန်တရာ အကျည်းတန်သွားခဲ့သည်။
“လခွမ်း.. ဒီကောင့်မှာ အစွမ်းထက် နေရာလွတ်မှော်ရတနာ ရှိနေတာ ငါမသိလိုက်ဘူး”
ကျီချန်းယဲ့က ဒေါသတကြီး ကျိန်ဆဲလိုက်သည်။
အမှောင်ထဲတွင် ပုန်းအောင်းနေပြီး ကျန်းချန်ကို ကြားဖြတ်တိုက်ခိုက်ရန် သူ အပြည့်အဝ ပြင်ဆင်ထားခဲ့သည်။
သို့သော်လည်း သူပေါ့ဆသွားမိသည့် တစ်ခဏတွင် ကျန်းချန်သည် လွတ်မြောက်သွားခဲ့ချေပြီ။
ယခုအခါတွင် ကျန်းချန်သည် နတ်ကုန်းမြေတိုက်ကနေ သေချာပေါက် ထွက်ခွာသွားခဲ့ပြီး ထာဝရဟင်းလင်းပြင် ထဲသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
အလယ်ပိုင်းဒေသ ကျီမျိုးနွယ်စုနှင့် လူသားဧကရာဇ်နန်းတော်တို့ ဖြစ်နေလျှင်ပင် ထာဝရဟင်းလင်းပြင်ထဲတွင် ကျန်းချန်ကို ရှာဖွေရန်မှာ လုံးဝ မဖြစ်နိုင်ပေ။
“ဒီကောင်လေးကို အသက်ရှင်ခွင့် ပေးလို့မဖြစ်ဘူး.. ဆန်းကြယ်မျိုးနွယ်စုက လူတွေကို အကူအညီတောင်းပြီး ဒီကောင်လေးကို သေချာပေါက် ရှင်းပစ်မှ ဖြစ်မယ်”
ကျီချန်းယဲ့၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားခဲ့သည်။
ထို့နောက်တွင် သူ၏ ပုံရိပ်သည် ချက်ချင်းဆိုသလိုပင် ကောင်းကင်ယံထဲ၌ ဆန်းကြယ်စွာ ပျောက်ကွယ်သွားခဲ့၏။
အခန်း(၂၁၄၇)ပြီး၏။
အခန်း(၂၁၄၈)
ဤနေရာသည် အလွန်အမင်း တိတ်ဆိတ်နေခဲ့ပြီး ပတ်ဝန်းကျင်တွင် မြူနှင်းများဖြင့် ပြည့်နှက်နေကာ လျှို့ဝှက်ဆန်းကြယ်နေခဲ့၏။
“ဝုန်း..”
ရုတ်တရက် ထိုတိတ်ဆိတ်နေသော ပတ်ဝန်းကျင်တွင် ပြင်းထန်သော နေရာလွတ် တုန်ခါမှုတစ်ခုသည် ဖြစ်ပေါ်လာခဲ့ပြီး နေရာလွတ်ထဲတွင် ဧရာမ အနက်ရောင်တွင်းပေါက်ကြီးတစ်ခုသည် တစ္ဆေတစ်ကောင် ကဲ့သို့ ရိပ်ခနဲ ပေါ်လာခဲ့သည်။
ချက်ချင်းဆိုသလိုပင် စိမ်းပြာရောင် အလင်းတန်းများ ရစ်ပတ်ထားသော အနက်ရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးသည် ထိုအနက်ရောင်တွင်းနက်ထဲကနေ ပျံထွက်လာခဲ့သည်။
ထိုအနက်ရောင်ဝတ်စုံဝတ် လူငယ်သည် တခြားသူ မဟုတ်ဘဲ လျှို့ဝှက်ဆန်းကြယ်သော ကျောက်စိမ်းတံဆိပ်ပြားကို အသက်သွင်းကာ ထာဝရဟင်းလင်းပြင်သို့ ထွက်ပြေးလာခဲ့သော ကျန်းချန်ပင် ဖြစ်သည်။
သူက ပတ်ဝန်းကျင်ရှိ ထာဝရဟင်းလင်းပြင်ကို မြင်လိုက်ရလျှင် အနည်းငယ် စိတ်အေးသွားခဲ့သည်။
“တကယ်ကို ထာဝရဟင်းလင်းပြင်ထဲ ရောက်လာတာပဲ.. ဒါပေမဲ့ ဒါက ဘယ်နေရာလဲ မသိဘူး”
သူက မဟာမြေရိုင်းနယ်မြေသို့ ပြန်ချင်သည်ဖြစ်၍ နတ်ကုန်းမြေတိုက်၏ တောင်ဘက်ရှိ ထာဝရဟင်းလင်းပြင်ထဲတွင် ရှိနေလျှင် အကောင်းဆုံး ဖြစ်သည်။
အကယ်၍သာ အခြားနေရာတွင် ပေါ်လာခဲ့လျှင် မဟာမြေရိုင်းနယ်မြေသို့ ပြန်ရန် အတော်လေး ဒုက္ခ များပေလိမ့်မည် မဟုတ်ပါလော။
“ဒီအချိန်မှာ ဒါတွေကို ဂရုစိုက်နေလို့မဖြစ်ဘူး.. အရေးကြီးဆုံးက ငါ့ရဲ့ခွန်အားကို အရင်ဆုံး ပြန်ကောင်းလာအောင် လုပ်ဖို့ပဲ”
ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး သူ၏ အတွေးများကို ရှင်းထုတ်လိုက်ကာ ခန္ဓာကိုယ်အတွင်းမှ အခြေအနေကို ဂရုတစိုက် အာရုံခံလိုက်သည်။
အစောပိုင်းက ကျီချန်းယဲ့နှင့် တိုက်ပွဲတွင် သူ၏ ဘဝ၌ အပြင်းထန်ဆုံးသော ထိခိုက်ဒဏ်ရာများကို ရရှိခဲ့ပြီး အဆုံးသတ်တွင် လူသားဧကရာဇ်ဓားကို ထုတ်ဖော်လိုက်ခြင်းကြောင့် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် အားအင်ကုန်ခမ်းသည့် အခြေအနေသို့ ဆိုက်ရောက်သွားခဲ့သည်။
သူ၏ လက်ရှိအခြေအနေဖြင့် ဆိုလျှင် နတ်ဘုရင်အဆင့်ကျင့်ကြံသူကို အသာထား၊ သာမန် နယ်မြေနတ်ဘုရား တစ်ပါးကိုပင် ရင်ဆိုင်ရန် ခက်ခဲလိမ့်မည် ဖြစ်သည်။
အကယ်၍သာ သူ၏ အင်အားကို အမြန်ဆုံး ပြန်မရနိုင်လျှင် ဘေးအန္တရာယ်များလှသော ထာဝရဟင်းလင်းပြင်တွင် အလွန်ပင် အန္တရာယ်ရှိလာပေလိမ့်မည်။
ထို့ကြောင့် ကျန်းချန်က တွေဝေမနေတော့ဘဲ မဟာနဂါးနန်းတော်ကို တိုက်ရိုက်ပင် ဆင့်ခေါ်ကာ မဟာနဂါးနန်းတော်အတွင်း၌ ကျင့်ကြံရင်းဖြင့် အနားယူခဲ့သည်။
မူလက ကျန်းချန်သည် ဟင်းလင်းပြင်လှေကို ဆင့်ခေါ်ကာ ထာဝရဟင်းလင်းပြင်ထဲတွင် သွားလာရန် စီစဥ်ခဲ့သော်လည်း အသေအချာ စဥ်းစားကြည့်ပြီးနောက်တွင် ထိုအစီအစဥ်ကို လက်လျှော့လိုက်သည်။
ယခုအခါတွင် သူသည် သူ၏ ရှေ့ရှိ ထာဝရဟင်းလင်းပြင်နှင့်ပတ်သက်၍ အစိမ်းသက်သက် ဖြစ်နေသေးသည်။
ထို့အပြင် အားအနည်းဆုံးအချိန်သို့ ရောက်ရှိနေသဖြင့် အလွယ်တကူ လှုပ်ရှားရန် မသင့်တော်သေးပေ။
ထို့ကြောင့်လည်း မဟာနဂါးနန်းတော်တွင် ဒဏ်ရာများကို ကုသရန် ရွေးချယ်ခဲ့ခြင်းပင်။
မဟာနဂါးနန်းတော်သည် သူတော်စင်နဂါးဘုရင် ဖန်တီးခဲ့သော နတ်လက်နက်တစ်ခု ဖြစ်ရာ နတ်ဘုရင်အဆင့် ကျင့်ကြံသူများ တိုက်ခိုက်ခြင်း မပြုသရွေ့ မဟာနဂါးနန်းတော်ကို ထိခိုက်အောင် လုပ်နိုင်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။
ယင်းအတွက်ကြောင့် မဟာနဂါးနန်းတော်ထဲတွင် အနားယူကာ ကျင့်ကြံခြင်းသည် ပို၍ ဘေးကင်းသည် မဟုတ်ပါလော။
ကျန်းချန်က မဟာနဂါးနန်းတော်ထဲတွင် တင်ပျဥ်ခွေ၍ ထိုင်ကာ သူ၏ ဒဏ်ရာများကို ပြန်လည် ကောင်းမွန်အောင် ကုသနေခဲ့သည်။
သူ၏ ထူးခြားလှသော သွေးမျိုးဆက် ခန္ဓာကိုယ်၊ အသက်သစ်ကိုင်းနှင့် သူသောက်သုံးခဲ့သည့် ဆေးလုံးများစွာကြောင့် သူ၏ ဒဏ်ရာသည် အလွန် လျင်မြန်စွာပင် ပြန်လည် သက်သာလာခဲ့သည်။
တစ်ရက်အကြာမှာပင် ကျန်းချန်သည် သူ၏ အင်အားအချို့ကို အဆုံးသတ်၌ ပြန်လည် ရရှိခဲ့ပြီး သူ့ကိုယ်သူ ကာကွယ်နိုင်စွမ်း အနည်းငယ် ရှိလာခဲ့သည်။
ငါးရက်အကြာတွင်မူ ကျန်းချန်၏ ဒဏ်ရာများသည် သုံးပုံတစ်ပုံခန့်ပင် ပြန်လည် သက်သာလာခဲ့၏။
“ပြန်လည်သက်သာလာတဲ့ အရှိန်အဟုန်က မဆိုးဘူးပဲ.. နောက်ထပ် နှစ်ပတ်လောက်ဆိုရင် အထွတ်အထိပ် အခြေအနေကို ပြန်ရောက်နိုင်တော့မယ်”
ခန္ဓာကိုယ်အတွင်းမှ အခြေအနေများကို ခံစားမိပြီးနောက်တွင် ကျန်းချန်သည် တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။
ထို့နောက် သူက မျက်လုံးများကို ပြန်လည် မှိတ်လိုက်ကာ ဆက်လက် ကျင့်ကြံနေခဲ့သည်။
မဟာနဂါးနန်းတော်ထဲတွင် ကျန်းချန်က ဒဏ်ရာများကို ကုသနေသောအချိန်မှာပင် ကျန်းချန်နှင့် မိုင်ပေါင်းထောင်ချီဝေးသော ထာဝရဟင်းလင်းပြင်၏ နေရာတစ်ခုတွင် နတ်ဆိုးအရှိန်အဝါများဖြင့် ပြည့်နှက်နေသော ပုံရိပ်နှစ်ခုသည် လေထဲတွင် ဖြည်းညင်းစွာ လမ်းလျှောက်နေခဲ့ကြသည်။
ထိုနှစ်ဦးတွင် ပထမတစ်ဦးမှာ ခေါင်းပေါ်တွင် အနက်ရောင်ဦးချိုနှစ်ခု ရှိသော သန်မာထွားကျိုင်းသည့် လူငယ်တစ်ဦးဖြစ်သည်။
ထိုထွားကျိုင်းသော လူငယ်ထံကနေ ပြင်းထန်သော နတ်ဆိုးအရှိန်အဝါများ ထွက်ပေါ်နေသဖြင့် မည်သူမျှ စေ့စေ့ပင် ကြည့်ရဲကြမည် မဟုတ်ပေ။
ထိုလူငယ်၏ အနောက်တွင်မူ ထိုလူငယ် ကဲ့သို့ပင် ဦးချိုနှစ်ခုရှိသော အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုတစ်ဦး ရှိနေခဲ့သည်။
ထိုအဘိုးအို၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါသည် နတ်ကုန်းမြေတိုက်၏ နတ်ဘုရင်အဆင့် ကျင့်ကြံသူနှင့် နှိုင်းယှဥ်လျှင်ပင် နိမ့်ကျခြင်း မရှိပေ။
အကယ်၍ ကျန်းချန်သာ ဤနေရာတွင် ရှိနေခဲ့လျှင် ၎င်းတို့ကို တစ်ချက် ကြည့်ရုံဖြင့် ထာဝရဟင်းလင်းပြင်တွင် မွေးဖွားခဲ့သော ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုဝင်မှန်း သိနိုင်မည်ဖြစ်သည်။
“သခင်လေး.. ရှေ့နားလောက်ဆိုရင် ဟင်းလင်းပြင်ပင်လယ်ကို ရောက်ပြီ.. ငါတို့တွေ တကယ်ပဲ ဟင်းလင်းပြင်ပင်လယ်ကို သွားကြမှာလား”
အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုက စိုးရိမ်တကြီး ပြောလိုက်သည်။
ဟင်းလင်းပြင်ပင်လယ် ဆိုသည်မှာ ဟင်းလင်းပြင်သားရဲများ စုဝေးသော နေရာ ဖြစ်ပြီး ထာဝရဟင်းလင်းပြင်၏ အန္တရာယ်အရှိဆုံး နေရာမျာထဲမှ တစ်ခုလည်း ဖြစ်သည်။
သူတို့ ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုပင်လျှင် ဟင်းလင်းပြင်ပင်လယ် ထဲသို့ အလွယ်တကူ ခြေမချဝံ့ကြပေ။
ထို့အပြင် သူ၏ ရှေ့မှ ဟင်းလင်းပြင်ပင်လယ်သည် ဤထာဝရဟင်းလင်းပြင်၏ အကြီးမားဆုံးသော ဟင်းလင်းပြင်ပင်လယ် ဖြစ်ရာ သေချာပေါက် အလွန်တရာ အန္တရာယ်ရှိလိမ့်မည် ဖြစ်၏။
သူ့တွင် ဒုတိယအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား တစ်ပါး ဖြစ်သော်လည်း သူ့သခင်လေး၏ ဘေးကင်းရေးကို အာမ မခံနိုင်ချေ။
“ငါတို့ ဟင်းလင်းပြင် နွားနတ်ဆိုးမျိုးနွယ်စုက ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုထဲမှာ အခြေအနေ သိပ်မကောင်းဘူး.. ဒီအခြေအနေတွေကို ငါတို့ သေချာပေါက် ပြောင်းလဲပစ်ရလိမ့်မယ်.. ဟင်းလင်းပြင် နွားနတ်ဆိုးမျိုးနွယ်စုရဲ့ အခြေအနေကို ပြောင်းလဲဖို့ အကောင်းဆုံးနည်းလမ်းက ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စု အသိအမှတ်ပြုလောက်တဲ့ စွမ်းဆောင်ရည်တစ်ခုခု ပြသဖို့ပဲ.. ဒါကြောင့် ဒီဟင်းလင်းပြင်ပင်လယ်ကို ငါ မဖြစ်မနေ သွားရလိမ့်မယ်”
သန်မာထွားကျိုင်းသော လူငယ်၏ မျက်ဝန်းထဲတွင် ဆုံးဖြတ်ချက်ကို ပြတ်ပြတ်သားသား ချမှတ်ထားပြီးသည့် အမူအရာများ ဖြစ်ပေါ်နေခဲ့သည်။
ဟင်းလင်းပြင် နွားနတ်ဆိုးမျိုးနွယ်စု၏ စတုတ္ထအဆင့်ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား ဖြစ်သည့် ဘိုးဘေးကြီးကွယ်လွန်သွားပြီးနောက်တွင် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုထဲတွင် သူတို့ ဟင်းလင်းပြင်နွားနတ်ဆိုး မျိုးနွယ်စု၏ အဆင့်အတန်းသည် ထိုးဆင်းသွားခဲ့ပြီး အစားထိုးခံရမည့်အလားအလာပင် ရှိနေခဲ့သည်။
သို့ဖြစ်ရာ ဟင်းလင်းပြင် နွားနတ်ဆိုးမျိုးနွယ်စု၏ သခင်လေးတစ်ဦး အနေဖြင့် သန်မာထွားကျိုင်းသော လူငယ်သည် ထိုကဲ့သို့ အဖြစ်မျိုးကို သဘာဝကျစွာပင် ခွင့်မပြုနိုင်ခဲ့ပေ။
ယခုအခါတွင် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုသည် နတ်ကုန်းမြေတိုက်ကို နောက်တစ်ကြိမ် တိုက်ခိုက်ရန် ရည်ရွယ်နေခဲ့၍ အဓိက မျိုးနွယ်စုများသည် လှုပ်လှုပ်ရှားရှား ဖြစ်လာခဲ့ကြသည်။
သိပ်မကြာခင်က သူတို့ကဲ့သို့ပင် ထာဝရဟင်းလင်းပြင်တွင် နေထိုင်သော ဟင်းလင်းပြင် အမှောင်နတ်ဆိုး မျိုးနွယ်စုသည် နတ်ကုန်းမြေတိုက်၏ အရှေ့ဘက်ဒေသကို တိုက်ခိုက်ရန် ကြိုးစားခဲ့သော်လည်း အဆုံးသတ်တွင် ကျရှုံးခဲ့ရသည်။
ဟင်းလင်းပြင် အမှောင်နတ်ဆိုးမျိုးနွယ်စု ကျရှုံးသွားခြင်းကြောင့်သာ သူတို့အနေဖြင့် ကံကောင်းသွားခြင်း ဖြစ်သည်။
သို့မဟုတ်လျှင် သူတို့ ဟင်းလင်းပြင် နွားနတ်ဆိုး မျိုးနွယ်စု၏ နေရာ၌ ဟင်းလင်းပြင် အမှောင်နတ်ဆိုး မျိုးနွယ်စု၏ အစားထိုးခြင်းကို အမှန်တကယ်ပင် ခံရနိုင်ခြေ ရှိနေခဲ့ချေပြီ။
ဟင်းလင်းပြင် အမှောင်နတ်ဆိုးမျိုးနွယ်စု ကျဆုံးသွားပြီးနောက်တွင် ဟင်းလင်းပြင် နွားနတ်ဆိုးမျိုးနွယ်စုမှ သခင်လေးသည် ဤအတိုင်း ထိုင်ကြည့်ရန် အစီအစဥ် မရှိတော့ပေ။
သူက ဟင်းလင်းပြင် နွားနတ်ဆိုးမျိုးနွယ်စု၏ ဂုဏ်သိက္ခာကို ပြန်လည် အဖတ်ဆည်ရန် အတွက် ထာဝရဘုရားကျောင်း၏ ပင်မခန်းမကိုပင် တိုက်ခိုက်ရန် ရည်ရွယ်ထားခဲ့သည်။
အကယ်၍ ထာဝရဘုရားကျောင်း၏ ပင်မခန်းမကို တစ်ချီထဲ ဖျက်ဆီးပစ်နိုင်ခဲ့လျှင် ဟင်းလင်ပြင်နတ်ဆိုး မျိုးနွယ်စုတွင် ဟင်းလင်းပြင် နွားနတ်ဆိုး မျိုးနွယ်စု၏ အဆင့်အတန်းသည် တည်ငြိမ်သွားရုံသာမက ထာဝရ ဟင်းလင်းပြင်ကို စောင့်ကြပ်နေသော ဆူးညှောင့်ခလုတ်ကိုပါ လုံးဝ ဖယ်ရှားနိုင်မည် မဟုတ်ပါလား။
သို့ရာတွင် ဟင်းလင်းပြင် နွားနတ်ဆိုးမျိုးနွယ်စု၏ အင်အားက အားမနည်းသော်လည်း ထာဝရဘုရားကျောင်း၏ ပင်မခန်းမကို အနိုင်တိုက်ရန်မှာ လွယ်ကူသောကိစ္စ မဟုတ်ပေ။
ထို့ကြောင့်လည်း သန်မာထွားကျိုင်းသော လူငယ်သည် ဟင်းလင်းပြင်ပင်လယ်သို့ ရောက်လာခဲ့ခြင်း ဖြစ်ပြီး ထာဝရဘုရားကျောင်း၏ ပင်မခန်းမကို တိုက်ခိုက်ရန် အတွက် ဟင်းလင်းပြင် ပင်လယ်ထဲမှ ဟင်းလင်းပြင် သားရဲများ၏ အင်အားကို အသုံးချချင်နေခြင်း ဖြစ်သည်။
“သခင်လေး.. ဒီဟင်းလင်းပြင်ပယ်လယ်ထဲက ဟင်းလင်းပြင်သားရဲဘုရင်က ကျွန်တော်တို့ ဟင်းလင်းပြင် နွားနတ်ဆိုးမျိုးနွယ်စုနဲ့ ဘာပတ်သက်မှုမှ မရှိဘူး.. သူ့ကို ကျွန်တော်တို့နဲ့ အတူ ထာဝရဘုရားကျောင်းရဲ့ အရှေ့ဘက်ဒေသ ပင်မခန်းမကို တိုက်ခိုက်ဖို့အတွက် ဆွဲဆောင်ဖို့ မလွယ်လောက်ဘူး ထင်တယ်”
အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုက မျက်မှောင်ခပ်တင်းတင်းကြုတ်သွားခဲ့ပြီး အလေးအနက် ပြောလိုက်သည်။
“ငါ နားလည်ပါတယ်.. ဒါပေမဲ့ မကြိုးစားဘဲနဲ့ မအောင်မြင်နိုင်ဘူးဆိုတာ ဘယ်လိုလုပ်ပြီး သိမှာလဲ”
သန်မာထွားကျိုင်းသော လူငယ်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
“ဒီလောကြီးမှာ အရေးပါဆုံးအရာက အကျိုးအမြတ်ပဲ.. လုံလောက်တဲ့ အကျိုးအမြတ်တွေသာ ရှိမယ်ဆိုရင် ဟင်းလင်းပြင် သားရဲဘုရင် အနေနဲ့ စိတ်မလှုပ်ရှားဘဲ နေနိုင်လိမ့်မယ်လို့ ငါမယုံဘူး”
ထိုစကားကို ပြောဆိုပြီးနောက်တွင် သာမန်ထွားကျိုင်းသောလူငယ်သည် တွေဝေမနေဘဲ သူ၏ ရှေ့ရှိ ဟင်းလင်းပြင်ပင်လယ် ရှိရာသို့ တိုက်ရိုက်ပင် လျှောက်လှမ်းသွားခဲ့သည်။
မကြာမီမှာပင် ရွှေရောင်နန်းတော် တစ်ခုသည် သူတို့၏ မြင်ကွင်းထဲတွင် ပေါ်လာခဲ့သည်။
သူတို့ရှေ့မှ ရွှေရောင်နန်းတော်ကိုကြည့်ရင်း သန်မာထွားကျိုင်းသော လူငယ်သည် အံ့အားသင့်သွားခဲ့၏။
“ဒီနေရာမှာ ဘယ်လိုဖြစ်ပြီး ရွှေရောင်နန်းတော် တစ်ခု ရှိနေရတာလဲ”
“သခင်လေး.. ဒီရွှေရောင်နန်းတော်မှာ နတ်ဘုရင်အဆင့်ရဲ့ အရှိန်အဝါတွေ ရှိနေတယ်.. ဒါက နတ်ဘုရင်အဆင့် မှော်ရတနာတစ်ပါး ဖြစ်နိုင်တယ်”
အနက်ရောင်ဝတ်စုံဝတ် အဘိုးအို၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
ဤနေရာသည် ဟင်းလင်းပြင်ပင်လယ်၏ အစွန်းပိုင်းဖြစ်သည်။
နတ်ကုန်းမြေတိုက်မှ ကျင့်ကြံသူများဖြစ်စေ၊ သူတို့ ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုမှ လူများဖြစ်စေ ဤနေရာသို့ ခြေချရန်မှာ ယေဘုယျအားဖြင့် မလွယ်ကူပေ။
ထို့ကြောင့် ယခု ဤနေရာတွင် နတ်ဘုရင်အဆင့် မှော်ရတနာတစ်ခု ရုတ်တရက် ပေါ်လာခြင်းသည် အမှန်တကယ်ပင် ထူးဆန်းနေခဲ့၏။
အခန်း(၂၁၄၈)ပြီး၏။