အခန်း (၂၁၄၉-၂၁၅၀)
Vol. 155 Ch. 2149-2150
အခန်း(၂၁၄၉)
“နတ်ဘုရင်အဆင့်မှော်ရတနာ”
သူ၏ရှေ့မှ ရွှေရောင်နန်းတော်ကို ကြည့်ရင်း သန်မာထွားကျိုင်းသောလူငယ်၏ နတ်ဆိုးစွမ်းအင်များ ပြည့်နှက်နေသော မျက်ဝန်းများသည် အရောင်လက်သွားခဲ့သည်။
နတ်ဘုရင်အဆင့် မှော်ရတနာသည် နတ်ဘုရင်အဆင့် ပုဂ္ဂိုလ် ဖန်တီးထားသည့် အနှိုင်းမဲ့ ရတနာ ဖြစ်သည်။
ထိုကဲ့သို့ တန်ဖိုးကြီးမားလှသည့် မှော်ရတနာကို ဤထာဝရဟင်းလင်းပြင်ထဲတွင် အလိုအလျောက် စွန့်ပစ်ထားရန်မှာ လုံးဝ မဖြစ်နိုင်ပေ။
ထာဝရဟင်းလင်းပြင်ထဲတွင် လွင့်မျောနေသော ရွှေရောင်နန်းတော်သည် အမှန်တကယ်ပင် ထူးခြားနေခဲ့သည်။
ဤမှော်ရတနာသည် တစ်ချိန်က ဤထာဝရဟင်းလင်းပြင်ထဲတွင် နတ်ဘုရင်များအကြား ကြီးကျယ်သော စစ်ပွဲတစ်ခု ဖြစ်ပွားခဲ့ပြီးနောက်တွင် ကျန်ရစ်ခဲ့သော မှော်ရတနာများ ဖြစ်နိုင်ပါသလော။
ထိုသို့တွေးမိသည်နှင့် သန်မာထွားကျိုင်းသော လူငယ်သည် အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုကို ပြောလိုက်သည်။
“ဦးလေးကန်.. ဒီရွှေရောင်နန်းတော်ကို သိမ်းယူလို့ရမလား ဆိုတာ စမ်းကြည့်ပေးပါ”
ဟင်းလင်းပြင် နွားနတ်ဆိုး မျိုးနွယ်စုသည် အင်အားတောင့်တင်းသော်လည်း ထာဝရဟင်းလင်းပြင်ရှိ အရင်းအမြစ်သည် အလွန်တရာ ခေါင်းပါးလှ၍ သူတို့အတွက် အစွမ်းထက်သော ရတနာများကို ဖန်တီးရန်မှာ ခက်ခဲ၏။
ထို့ကြောင့် ယခု နတ်ဘုရင်အဆင့် မှော်ရတနာ တစ်ခုနှင့် ကြုံတွေ့နေရပြီ ဖြစ်ရာ သူတို့အနေဖြင့် မည်ကဲ့သို့ အလွယ်တကူ လက်လွှတ်နိုင်ပါအံ့နည်း။
“ဟုတ်ကဲ့ သခင်လေး”
အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုက ပြန်ဖြေလိုက်ပြီးနောက်တွင် ရှေ့သို့ လှမ်းထွက်ကာ သူ၏ ရှေ့မှ ရွှေရောင်နန်းတော်ကို ဖမ်းယူရန် လက်လှမ်းလိုက်သည်။
သို့သော်လည်း သူ၏ ဖမ်းယူမှုသည် ရွှေရောင်နန်းတော်ကို အနည်းငယ်မျှပင် မလှုပ်ရှားစေခဲ့ဘဲ ရွှေရောင်နန်းတော်ကနေ ထွက်ပေါ်လာသော တန်ပြန်စွမ်းအားကြောင့် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် နောက်သို့ ခြေလှမ်း တော်တော်များများ ဆက်တိုက် ဆိုသလို ဆုတ်သွားခဲ့ရသည်။
ရွှေရောင်နန်းတော်သည် သူထင်ထားသလောက် ရိုးရှင်းပုံမရပေ။
အနက်ရောင်ဝတ်စုံဝတ် အဘိုးအို၏ စိတ်နှလုံးသည် တုန်လှုပ်သွားခဲ့သည်။
သူက အင်အားအကုန်အစင် ထုတ်သုံးရန် ပြင်လိုက်စဥ်မှာပင် ရွှေရောင်နန်းတော်ထဲမှ ပုံရိပ်တစ်ခုသည် ပျံသန်း၍ ထွက်လာခဲ့ပြီး ရွှေရောင်နန်းတော်၏ အထက်တွင် ဝင့်ကြွားစွာ ရပ်နေခဲ့၏။
မကြာမီမှာပင် ထိုပုံရိပ်သည် လက်ဟန်တစ်ခုကို ပြုလုပ်လိုက်ရာ ရွှေရောင်နန်းတော်သည် လေထဲမှာပင် သိသိသာသာ ကျုံ့သွားခဲ့ပြီး အဆုံးသတ်၌ လက်ဖဝါး အရွယ်အစားသာ ရှိသည့် ရွှေရောင်နန်းတော် အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ထိုလူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားခဲ့သည်။
“ဒီရွှေရောင်နန်းတော်မှာ ပိုင်ရှင်ရှိနေတာပဲ”
ရွှေရောင်နန်းတော်ကနေ ပျံသန်း၍ ထွက်လာသော ပုံရိပ်ကိုမြင်လျှင် အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုနှင့် သန်မာထွားကျိုင်းသော လူငယ်၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
ရုတ်တရက် ထွက်ပေါ်လာသော ပုံရိပ်သည် မဟာနဂါးနန်းတော်ထဲတွင် ဒဏ်ရာကုသနေသည့် ကျန်းချန်ပင် ဖြစ်သည်။
ဆယ်ရက်ကြာ ဒဏ်ရာကုသပြီးနောက်တွင် ကျန်းချန်သည် သူ၏ အထွတ်အထိပ် အခြေအနေသို့ အပြည့်အဝ ပြန်လည်မရောက်ရှိသော်လည်း ခုနစ်ဆယ်၊ ရှစ်ဆယ် ရာခိုင်နှုန်းခန့် ပြန်လည် သက်သာနေခဲ့ပြီ ဖြစ်၏။
ထိုကဲ့သို့ ဒဏ်ရာများ သက်သာလာခြင်းကြောင့်လည်း မဟာနဂါးနန်းတော် တိုက်ခိုက်ခံရချိန်တွင် ကျန်းချန်သည် သူ၏ ကျင့်ကြံမှုကို ရပ်တန့်လိုက်ပြီး အခြေအနေကို သိရှိရန်အတွက် မဟာနဂါးနန်းတော်ထဲကနေ ထွက်လာခဲ့ခြင်းပင်။
မဟာနဂါးနန်းတော်ကို သိမ်းဆည်းပြီးနောက်တွင် ကျန်းချန်၏ အကြည့်သည် ဆန့်ကျင်ဘက်ရှိ ပုံရိပ်နှစ်ခုဆီသို့ လျင်မြန်စွာပင် ကျရောက်သွားခဲ့၏။
ထိုနှစ်ဦး၏ အရှိန်အဝါကို ခံစားမိလျှင် ကျန်းချန် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
“ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုက လူတွေပါလား”
ယခုတစ်ကြိမ် သူ ထာဝရဟင်းလင်းပြင်ထဲသို့ တည်နေရာရွှေ့ပြောင်းလာရာတွင် ပထမဆုံး တွေ့ဆုံရသူသည် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုမှ လူများ ဖြစ်နေလိမ့်မည်ဟု ကျန်းချန် လုံးဝ မထင်မှတ်ထားခဲ့ပေ။
သူ့အနေဖြင့် ကျောက်စိမ်းတံဆိပ်ပြားကို အသုံးပြုကာ ထာဝရဟင်းလင်းပြင်ထဲကို ထွက်ပြေးလာခဲ့သော်လည်း ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ နယ်မြေထဲကို မှားယွင်းပြီး ဝင်ရောက်လာပုံ ရသည်။
“ကောင်လေး မင်းဘယ်သူလဲ.. ဘာလို့ ဒီနေရာကို ရောက်နေတာလဲ”
အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုက ကျန်းချန်ကို အသေအချာ အကဲခတ်ပြီးနောက်တွင် အေးစက်စက်မေးခွန်းထုတ်လိုက်သည်။
ဤနေရာသည် ထာဝရဟင်းလင်းပြင်၏ အကြီးမားဆုံးသော ဟင်းလင်းပြင်ပင်လယ်၏ အစွန်အဖျား ဧရိယာ ဖြစ်ပြီး သူတို့ ဟင်းလင်းပြင် နွားနတ်ဆိုးမျိုးနွယ်စုနှင့် နီးကပ်သော ဧရိယာလည်း ဖြစ်သည်။
သာမန် နယ်မြေနတ်ဘုရား အဆင့် ကျင့်ကြံသူများသည် ဤနေရာတွင် ပေါ်ထွက်လာရန်မှာ မဖြစ်နိုင်ပေ။
ထို့ကြောင့် ထိုကောင်လေး အနေဖြင့် ဤနေရာတွင် ပေါ်လာခြင်းသည် အမှန်တကယ်ပင် ထူးဆန်းနေခဲ့၏။
“ငါဘယ်သူလဲဆိုတာ မင်းတို့တွေ သိဖို့ မလိုဘူး”
ကျန်းချန်က ထိုနှစ်ဦးကို မဲ့ပြုံးပြုံးကာ ပြောလိုက်သည်။
“အခု ငါစိတ်ကောင်းဝင်နေတယ်.. မင်းတို့တွေ ငါ့ရဲ့မေးခွန်းတချို့ကို ဖြေပေးမယ်ဆိုရင် မင်းတို့ရဲ့ အသက်ကို ချမ်းသာပေးဖို့ ငါစဥ်းစားပေးမယ်”
သူက ထာဝရဟင်းလင်းပြင်ထဲရှိ ဤနေရာသို့ ကျပန်းရောက်ရှိလာခဲ့ခြင်း ဖြစ်၍ ဤနေရာ၏ အခြေအနေကို မသိရှိခဲ့ပေ။
သူ့ရှေ့မှ လူနှစ်ယောက်သည် ဤပတ်ဝန်းကျင်တွင် နေထိုင်ကြသော ဟင်းလင်းပြင်နတ်ဆိုးများ ဖြစ်သည်မှာ သိသာနေသဖြင့် ဤနေရာအကြောင်းကို ကောင်းစွာ သိရှိထားလောက်၏။
ထို့ကြောင့် သူ ယခုရောက်နေသည့် ထာဝရဟင်းလင်းပြင်အကြောင်းကို နားလည်ရန် အတွက် သူ၏ ရှေ့မှ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုဝင် နှစ်ဦးကို အသုံးချရန် ဆုံးဖြတ်လိုက်ခြင်းပင်။
“ကောင်လေး ငယ်ငယ်ရွယ်ရွယ်နှင့် လေလုံးထွားလှချည်လား”
ကျန်းချန်၏ စကားကိုကြားလျှင် အနက်ရောင်ဝတ်စုံဝတ် အဘိုးအို၏ မျက်ဝန်းထဲတွင် အထင်သေးသော လှောင်ပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
သူ၏ မြင်နိုင်စွမ်းအရ ဆိုလျှင် သူ၏ ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်လေး၏ ကျင့်ကြံခြင်းအဆင့်သည် မြေကြီးအရှင် အဆင့်တွင်သာ ရှိသေးသည်ကို သိရှိရန် မခက်ခဲပေ။
သူက နတ်ကုန်းမြေတိုက်၏ နတ်ဘုရင် ဒုတိယအဆင့်နှင့်ပင် ယှဥ်နိုင်သော ဒုတိယအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားတစ်ပါး ဖြစ်သည်။
သို့ဖြစ်ရာ နတ်ဘုရားနယ်မြေမှ ကောင်လေး တစ်ယောက်လောက်ကို မည်ကဲ့သို့ ဂရုစိုက်ရပါမည်နည်း။
ကျန်းချန်က မျက်ခုံးပင့်ကာ ပြောလိုက်သည်။
“ကြည့်ရတာ မင်းတို့နှစ်ယောက်က ငါ့ရဲ့ မေးခွန်းကို ဖြေဆိုဖို့ အစီအစဥ်မရှိဘူးနဲ့ တူတယ်”
သူ့ရှေ့မှ ဟင်းလင်းပြင် နတ်ဆိုး မျိုးနွယ်စုဝင် နှစ်ဦးသည် အလွန်တရာပင် အစွမ်းထက်ကြသည်။
သန်မာထွားကျိုင်းသော လူငယ်သည် ကြယ်သုံးပွင့် ကောင်းကင်အရှင် အထွတ်အထိပ် အဆင့်နှင့်ပင် ယှဥ်နိုင်သည့် ကောင်းကင်အဆင့် နတ်ဆိုးအရှင်သခင် အထွတ်အထိပ် အဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုကမူ နတ်ဘုရင် ဒုတိယအဆင့်နှင့် နှိုင်းယှဥ်နိုင်သော ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား တစ်ပါး ဖြစ်၏။
သို့သော်လည်း ကျန်းချန်၏ ခွန်အားသည် ယခုအခါတွင် ခုနစ်ဆယ်၊ ရှစ်ဆယ် ရာခိုင်နှုန်းခန့် ပြန်လည် ရရှိနေပြီ ဖြစ်ရာ ထိုနှစ်ဦးကို အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်း မရှိခဲ့ပေ။
သူက နတ်ဘုရင် တတိယအဆင့်ဖြစ်သော လီဆွန်းနတ်ဘုရင်ကိုပင် ဓားချက် တစ်ချက်တည်းဖြင့် ဒဏ်ရာ အပြင်းအထန် ရရှိစေခဲ့ဖူးသူ ဖြစ်သည်။
ယခုအခါတွင် ကောင်းကင်အရှင် အဆင့်ကို မထိုးဖောက်ရသေးသော်လည်း မြေကြီးအရှင် အဆင့်၏ နှောင်းပိုင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ မြေကြီးအရှင် အဆင့်သို့ စတင်ဝင်ရောက်စဥ်ကထက် နှစ်ဆမက အစွမ်းထက်နေခဲ့ပြီ ဖြစ်၏။
သူ၏ လက်ရှိ အင်အားဖြင့်ဆိုလျှင် ဒုတိယအဆင့်ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား တစ်ပါးကို နှိမ်နင်းရန်မှာ လက်ဖျစ် တစ်ချက် တီးသလောက်ပင် မခက်ခဲပေ။
“ကောင်လေး မင်းဘယ်သူလဲဆိုတာ ငါဂရုမစိုက်ဘူး.. ဒါပေမဲ့ ဒီထာဝရဟင်းလင်းပြင်က မင်းရမ်းကားချင်တိုင်း ရမ်းကားလို့ရတဲ့ နေရာမဟုတ်ဘူး.. သေဖို့သာပြင်ထားလိုက်တော့”
အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုက ဒေါသတကြီး ကြုံးဝါးလိုက်ပြီး ချက်ချင်းဆိုသလိုပင် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
ထို့နောက်တွင် အနှိုင်းမဲ့ နတ်ဆိုးစွမ်းအားများကို သယ်ဆောင်လာသော လက်သီးချက်သည် ကျန်းချန် ဆီသို့ ဝင်ရောက်လာခဲ့သည်။
ဒုတိယအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားသည် နတ်ဘုရင် ဒုတိယအဆင့်နှင့်ပင် ယှဥ်နိုင်သော အဆင့် ဖြစ်သည်။
အနက်ရောင်ဝတ်စုံဝတ် အဘိုးအို၏ လက်သီးချက်သည် မိုင်ပေါင်းထောင်ချီသော နေရာလွတ်ကို တစ်ခဏ အတွင်းမှာပင် ဖိနှိပ်လိုက်ပြီး ကျန်းချန် ရှိနေသည့် ပတ်ဝန်းကျင် တစ်ခုလုံးကို ဖျက်ဆီးပစ်တော့မည့် အလား ဖြစ်နေခဲ့၏။
သို့သော်လည်း ကျန်းချန်ကမူ တည်ငြိမ်သော အမူအရာဖြင့်သာ ရှိနေခဲ့သည်။
ထိုခဏဝယ် သူ၏ လက်ထဲတွင် ရှေးဟောင်း ရွှေရောင်ဓားတစ်လက် ထွက်ပေါ်လာခဲ့၏။
သူက ရှေးဟောင်း ရွှေရောင်ဓားဖြင့် ဓားကွက်တစ်ကွက်ကို အသာအယာ ထုတ်ဖော်လိုက်ရာ အရောင်ဆယ်မျိုး ပါသော အလင်းတန်းများဖြင့် စုဖွဲ့ထားသည့် ဓားစွမ်းအင် တစ်ခုသည် လေထုထဲသို့ တိုးဝင်သွားခဲ့ပြီး လက်သီးအလင်းကို နှစ်ခြမ်းခွဲပစ်လိုက်သည်။
ဓားစွမ်းအင်က လက်သီးချက်ကို နှစ်ပိုင်းခွဲပစ်ပြီးနောက်တွင် အနက်ရောင်ဝတ်စုံဝတ် အဘိုးအို၏ အလွန်အမင်း ထိတ်လန့်အံ့သြနေသော အကြည့်အောက်မှာပင် အနက်ရောင် ဝတ်စုံဝတ်အဘိုးအို၏ အကာအကွယ်များကို ထိုးဖောက်ကာ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။
“မလုပ်ပါနဲ့”
အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
ယင်းနောက်တွင်မူ ကျန်းချန်၏ ဓားအလင်းအောက်တွင် အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုသည် မည်သည့် ခုခံနိုင်စွမ်းမျှ မရှိခဲ့ဘဲ မျက်စိတစ်မှိတ် အတွင်းမှာပင် ခုတ်ပိုင်းခံလိုက်ရ၏။
နတ်ဘုရင် ဒုတိယအဆင့်နှင့် ယှဥ်နိုင်သော ဒုတိယအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားသည် ဤသို့ဖြင့်ပင် ကျန်းချန်၏ ဓားချက် တစ်ချက်တည်းဖြင့် သေဆုံးသွားခဲ့ချေပြီ။
“ဦးလေးကန် သေသွားပြီလား”
သူ့ရှေ့မှ မယုံကြည်နိုင်စရာကောင်းသော မြင်ကွင်းကို မြင်လိုက်ရလျှင် သာမန်ထွားကျိူင်းသော လူငယ်သည် တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ မယုံကြည်နိုင်စွာ ဖြစ်နေခဲ့သည်။
သူက မှင်တက်ရာကနေ ပြန်လည် သက်သာလာရန် အချိန်အတော်ကြာ ယူခဲ့ရပြီး ကျန်းချန်ကို ကြည့်နေသော သူ၏ အကြည့်တွင် ထိတ်လန့် တုန်လှုပ်သော အမူအရာများ မကြုံစဖူး ဖြစ်ပေါ်လာခဲ့၏။
သိထားရမည့်အချက်မှာ အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုသည် သူတို့ ဟင်းလင်းပြင် နွားနတ်ဆိုးမျိုးနွယ်စု၏ ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား အနည်းငယ်ထဲမှ တစ်ဦးဖြစ်ပြီး ဒုတိယအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားအဆင့်သို့ ရောက်ရှိနေကာ သူတို့ ဟင်းလင်းပြင် နွားနတ်ဆိုး မျိုးနွယ်စုတွင် တတိယမြောက် အစွမ်းအထက်ဆုံး ဖြစ်သည်။
ထိုကဲ့သို့သောသူပင် ထိုကောင်လေး၏ ဓားချက်တစ်ချက်တည်းဖြင့် အမှန်တကယ် သတ်ဖြတ်ခံလိုက်ရ၏။
“ဒါ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
မြေကြီးအရှင် အဆင့်တွင်သာ ရှိပုံရသော ထိုကောင်လေး၌ ဤမျှလောက်အထိ ကြောက်မက်ဖွယ်ရာကောင်းသော တိုက်ခိုက်ရေးစွမ်းရည်ကို ပိုင်ဆိုင်ထားလိမ့်မည်ဟု သန်မာထွားကျိုင်းသော လူငယ်သည် လုံးဝ ထင်မှတ်မထားခဲ့ပေ။
အခန်း(၂၁၄၉)ပြီး၏။
အခန်း(၂၁၅၀)
“မင်း မင်းဘယ်သူလဲ”
သန်မာထွားကျိုင်းသောလူငယ်သည် သူ၏ စိတ်နှလုံးထဲမှ ထိတ်လန့်မှုကို ဖိနှိပ်လိုက်ပြီး ကျန်းချန်၏ ခန္ဓာကိုယ်ကို အသေအချာ စိုက်ကြည့်ကာ မေးလိုက်သည်။
ဟင်းလင်းပြင် နွားနတ်ဆိုးမျိုးနွယ်စု၏ သခင်လေးတစ်ဦးဖြစ်၍ သန်မာထွားကျိုင်းသော လူငယ်သည် အလွန်အမင်း ပါရမီရှိသူ ဖြစ်သည်။
သူ၏ ကောင်းကင်အဆင့် ဟင်းလင်းပြင် နတ်ဆိုးအရှင်သခင် အထွတ်အထိပ် ခွန်အားဖြင့်ဆိုလျှင် ဒုတိယအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား တစ်ပါးကိုပင် ရင်ဆိုင်ရန် လုံလောက်၏။
သို့သော်လည်း သူ့အနေဖြင့် ဒုတိယအဆင့် ဟင်းလင်းပြင်နတ်ဆိုးနတ်ဘုရား တစ်ပါးကို အနိုင်ယူလိုလျှင်မူ ယင်းမှာ လွယ်ကူသောကိစ္စ မဟုတ်ပေ။
သို့ဖြစ်ရာ ကျန်းချန်ကဲ့သို့ ဒုတိယအဆင့် ဟင်းလင်းပြင်နတ်ဆိုးနတ်ဘုရား တစ်ပါးကိုပင် ဓားချက် တစ်ချက်တည်းဖြင့် သတ်ပစ်နိုင်သည့်သူကို ယှဥ်နိုင်ရန်မှာ ဘယ်လိုမှ မဖြစ်နိုင်ပေ။
သူသိထားသလောက် နတ်ကုန်းမြေတိုက်၏ မြေကြီးအရှင်အဆင့်တွင် အသန်မာဆုံး ဖြစ်သည့် ကြယ်သုံးပွင့် မြေကြီးအရှင်များသည် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ ကောင်းကင်အဆင့် ဟင်းလင်းပြင် နတ်ဆိုးအရှင်သခင် အလယ်အလတ်အဆင့်နှင့်သာ ညီမျှသည်။
သူတို့ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ ထိပ်တန်း ပါရမီရှင်များပင်လျှင် ကောင်းကင်အဆင့် ဟင်းလင်းပြင်နတ်ဆိုး အရှင်သခင် အလယ်အလတ်အဆင့်ဖြင့် ဒုတိယအဆင့်ဟင်းလင်းပြင် နတ်ဆိုးတစ်ပါးကို တစ်ကွက်တည်းနှင့် သတ်ဖြတ်ရန်မှာ မဖြစ်နိုင်လောက်ပေ။
ဤခဏတွင် သန်မာထွားကျိုင်းသော လူငယ်သည် အလွန်တရာ နောင်တရသွားခဲ့သည်။
ရွှေရောင်နန်းတော်တွင် အရှင်သခင် ရှိနေပြီး ထိုအရှင်သခင်က ဤမျှအထိ ကြောက်မက်ဖွယ်ရာကောင်းသော ကျင့်ကြံသူမှန်း သူသိခဲ့လျှင် သူ့အနေဖြင့် ကျန်းချန်ကို မည်သည့်နည်းနှင့်မျှ နှောင့်ယှက်မိမည် မဟုတ်ပေ။
ယခုမူ သူက ဟင်းလင်းပြင်ပင်လယ်သို့ သွားရောက်ပြီး ဟင်းလင်းပြင် သားရဲဘုရင်နှင့် မတွေ့ရသေးမီမှာပင် ဒုတိယအဆင့် နတ်ဆိုးနတ်ဘုရားတစ်ပါးကို ဆုံးရှုံးလိုက်ရချေပြီ။
ယင်းမှာ သူတို့ ဟင်းလင်းပြင် နွားနတ်ဆိုးမျိုးနွယ်စု အတွက် အလွန်ပင် ကြီးမားသော ထိုးနှက်ချက်လည်း ဖြစ်၏။
“ငါက မင်းတို့ ရန်စလို့ မရတဲ့သူပဲ”
ကျန်းချန်က သန်မာထွားကျိုင်းသော လူငယ်ကို အေးစက်စက်ကြည့်လိုက်သည်။
“ဘယ်လိုလဲ ငါ့မေးခွန်းကို ဖြေဖို့ အဆင်သင့် ဖြစ်ပြီလား”
သန်မာထွားကျိုင်းသောလူငယ်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ကာ မေးလိုက်သည်။
“မင်း ဘာကိုသိချင်တာလဲ”
သူ့ရှေ့မှ လူငယ်သည် အလွန်တရာပင် ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်သည်။
ဦးလေးကန်ပင်လျှင် ထိုလူငယ်၏ ပြိုင်ဘက် မဟုတ်ခဲ့ရာ သူ့ကို သတ်ဖြတ်ရန်မှာ ပို၍ပင် လွယ်ကူနေလိမ့်မည် မဟုတ်ပါလော။
တစ်ဖက်လူ၏ လက်ခုပ်ထဲမှ ရေဘဝသို့ ရောက်နေပြီ ဖြစ်၍ ဤအချိန်တွင် သူ့အနေဖြင့် ခေါင်းငုံ့ရန်သာ ရှိတော့၏။
ယခုအခါတွင် ကျန်းချန်၏ စကားကို နားထောင်ခြင်းဖြင့်သာ သူ့အတွက် အသက်ရှင်ရန် တစ်ခုတည်းသော အခွင့်အရေး ရှိနိုင်ပေလိမ့်မည်။
ကျန်းချန်က အပိုစကားများ ပြောမနေတော့ဘဲ တိုက်ရိုက်ပင်မေးလိုက်သည်။
“ဒါ ဘယ်နေရာလဲ.. ဒီထာဝရဟင်းလင်းပြင် အကြောင်းနဲ့ပတ်သက်ပြီး ငါ အကုန်လုံး သိချင်တယ်”
သန်မာထွားကျိုင်းသော လူငယ်က အနည်းငယ် အံ့အားသင့်သွားသော်လည်း ကျန်းချန်ကို သူသိထားသမျှ ရှင်းပြလိုက်သည်။
ဤသို့ဖြင့် ကျန်းချန်သည် သူယခု ရောက်ရှိနေသော နေရာနှင့်ပတ်သက်၍ အလွန်လျင်မြန်စွာပင် နားလည်သွားခဲ့သည်။
သူ ယခုရောက်ရှိနေသော ထာဝရဟင်းလင်းပြင်သည် နတ်ကုန်းမြေတိုက်၏ အရှေ့ဘက်ခြမ်းတွင် တည်ရှိပြီး ထာဝရဘုရားကျောင်း၏ အရှေ့ဘက် ပင်မခန်းမ တည်ရှိသော နေရာလည်း ဖြစ်သည်။
ယခုအခါတွင် သူက ဤထာဝရဟင်းလင်းပြင်၏ အကြီးမားဆုံးသော ဟင်းလင်းပြင်ပင်လယ်၏ အစွန်အဖျား နှင့် နီးကပ်စွာ ရှိနေခဲ့သည်။
“နတ်ကုန်းမြေတိုက်ရဲ့ တောင်ဘက်ခြမ်းမှာ ပေါ်လာတာ မဟုတ်ဘူးပဲ.. ကြည့်ရတာ ထာဝရဘုရားကျောင်းရဲ့ အရှေ့ဘက် ပင်မခန်းမကို အရင်သွားရမဲ့ပုံပဲ”
ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် လင်းလက်သွားခဲ့သည်။
ထာဝရဘုရားကျောင်း၏ ပင်မခန်းမ လေးခု စလုံးသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်ထား၏။
သူသာ ထာဝရဘုရားကျောင်း၏ အရှေ့ဘက် ပင်မခန်းမသို့ သွားနိုင်ခဲ့လျှင် တောင်ဘက် ပင်မခန်းမသို့ တိုက်ရိုက်တည်နေရာ ရွှေ့ပြောင်းနိုင်မည် ဖြစ်ပြီး ထိုမှတစ်ဆင့် တောင်ဘက်ရှိ ထာဝရဘုရားကျောင်း ဌာနခွဲသို့ ဆက်လက်တည်နေရာ ရွှေ့ပြောင်းကာ မဟာမြေရိုင်းနယ်မြေသို့ လျင်မြန်စွာ ပြန်နိုင်လိမ့်မည် မဟုတ်ပါလော။
ထိုသို့ တွေးမိသည်နှင့် တစ်ပြိုင်နက် ကျန်းချန်သည် ဆက်လက် မေးမြန်းလိုက်သည်။
“ငါ အခု ထာဝရဘုရားကျောင်းရဲ့ အရှေ့ဘက်ပင်မခန်းမကို သွားချင်တယ်.. ဘယ်လိုသွားရမလဲ”
သန်မာထွားကျိုင်းသောလူငယ်က သူ၏ လက်ညှိုးဖြင့် အရှေ့တွင် ရှိသည့် ဟင်းလင်းပြင်ပင်လယ်ကို ညွှန်ပြလိုက်သည်။
“ထာဝရဘုရားကျောင်းရဲ့ အရှေ့ဘက်ပင်မခန်းမက ဟင်းလင်းပြင်ပင်လယ်ရဲ့ တစ်ဖက်ကမ်းမှာ ရှိတယ်.. ဒီဟင်းလင်းပြင်ပင်လယ်ကို ဖြတ်ကျော်လိုက်တာနဲ့ မကြာခင်ရောက်သွားလိမ့်မယ်”
သန်မာထွားကျိုင်းသော လူငယ်၏ စကားကိုကြားလျှင် ကျန်းချန်သည် မျက်မှောင်ကြုတ်သွားခဲ့သည်။
“ဒီဟင်းလင်းပြင်ပင်လယ်က ဘယ်လောက်အထိကျယ်လဲ.. ဒါ့အပြင် ပတ်သွားမယ်ဆိုရင် ဘယ်လောက်ကြာနိုင်မလဲ”
သူက ထာဝရဟင်းလင်းပြင် အကြောင်း အများကြီးမသိသော်လည်း ဟင်းလင်းပြင်ပင်လယ် ဆိုသည်မှာ ဟင်းလင်းပြင်သားရဲများ စုဝေးသော နေရာ ဖြစ်ပြီး ထာဝရဟင်းလင်းပြင်၏ တားမြစ်နယ်မြေ ဖြစ်ကာ နတ်ဘုရင်အဆင့်ကျင့်ကြံသူများပင် လွယ်လွယ်နှင့်ခြေမချဝံ့ကြောင်း သိရှိထားခဲ့သည်။
“အတော်လေး ကျယ်ပြောတယ်.. ကျွန်တော့်ရဲ့ခွန်အားနဲ့ဆိုရင်တောင် ပတ်သွားမယ် ဆိုရင် အနည်းဆုံး အချိန် ငါးလ၊ခြောက်လလောက် ကြာမြင့်လိမ့်မယ်”
သန်မာထွားကျိုင်းသော လူငယ်က ပြန်ဖြေလိုက်သည်။
ဤဟင်းလင်းပြင်ပင်လယ်သည် သူတို့ ဟင်းလင်းပြင် နတ်ဆိုးများနှင့် ထာဝရဘုရားကျောင်း၏ အရှေ့ဘက်ပင်မခန်းမကို ပိုင်းခြားထားသည့် သဘာဝ အတားအဆီးကြီး ဖြစ်သည်။
သူ ဤတစ်ကြိမ် ဟင်းလင်းပြင်ပင်လယ်သို့ လာရောက်ရသည့်အကြောင်းရင်းမှာ ဟင်းလင်းပြင်သားရဲများ၏ အင်အားကို အသုံးချချင်ရုံသာမက အခြားသော အရေးပါသည့် အကြောင်းရင်း တစ်ခုလည်း ရှိသည်။
ယင်းမှာ ထာဝရဘုရားကျောင်း၏ အရှေ့ဘက်ပင်မခန်းမကို တိုက်ခိုက်ရာတွင် ခရီးမဖင့်စေရန် အတွက် ဟင်းလင်းပြင်ပင်လယ်ကို ဖြတ်သန်းလိုခြင်းကြောင့်ပင်။
အကယ်၍ ဟင်းလင်းပြင်ပင်လယ်ကို ဖြတ်သန်းမသွားဘဲ ထာဝရနန်းတော်ကို တိုက်ခိုက်ရန်အတွက် ပတ်သွားရမည်ဆိုလျှင် သေချာပေါက် ပို၍ ခက်ခဲသွားနိုင်လိမ့်မည် မဟုတ်ပါလား။
“သောက်ပြဿနာပဲ”
ကျန်းချန်က ခေါင်းကိုက်မလိုပင် ဖြစ်သွားခဲ့သည်။
ဤသန်မာထွားကျိုင်းသောလူငယ်သည် ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုတွင် ကောင်းကင်အဆင့် ဟင်းလင်းပြင်နတ်ဆိုး အရှင်သခင် အထွတ်အထိပ် ဖြစ်ရာ ကြယ်သုံးပွင့်ကောင်းကင်အရှင်ထက်ပင် ပို၍ မြန်ဆန်သော အရှိန်အဟုန်ကို ပိုင်ဆိုင်ထားသည်။
သန်မာထွားကျိုင်းသော လူငယ်ပင် ပတ်သွားမည်ဆိုလျှင် ငါးလ၊ခြောက်လခန့် ကြာမြင့်မည် ဖြစ်ရာ သူ့အနေဖြင့် ပတ်သွားလျှင် အနည်းဆုံး သုံးလကနေ ငါးလ အထိ ကြာမြင့်နိုင်သည်မဟုတ်ပါလော။
“မင်းမေးချင်တဲ့ မေးခွန်းတွေ အကုန်လုံးကို ငါဖြေပြီးပြီ ဆိုတော့ ငါ့ကို လွှတ်ပေးနိုင်မလား”
ကျန်းချန် အတွေးနက်နေစဥ်မှာပင် သန်မာထွားကျိုင်းသောလူငယ်၏ အသံသည် သူ၏ နားထဲသို့ ဝင်ရောက်လာခဲ့သည်။
ကျန်းချန်က သန်မာထွားကျိုင်းသော လူငယ်ကို ပြုံး၍ ပြောလိုက်သည်။
“မင်းကို လွှတ်ပေးမယ်လို့ ငါဘယ်တုန်းက ပြောခဲ့လို့လဲ”
“မင်း.. မင်း စကားမတည်ဘူးပဲ”
သန်မာထွားကျိုင်းသော လူငယ်၏ မျက်နှာထက်တွင် တစ်ခဏအတွင်းမှာပင် ထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
“ငါ ခုနက ပြောခဲ့တာ မင်းသေချာ နားမလည်လိုက်ဘူး ထင်တယ်.. ငါ့ရဲ့မေးခွန်းတွေကို ဖြေပေးမယ်ဆိုရင် ငါမင်းကို လွှတ်ပေးဖို့ စဥ်းစားပေးမယ်လို့ပဲ ပြောခဲ့တယ်.. အလွှတ်ပေးမယ်လို့ ငါလုံးဝ မပြောခဲ့ဘူး”
ကျန်းချန်က အေးစက်စက် ပြောလိုက်သည်။
“အခု ငါ မင်းကို အခွင့်အရေးတစ်ခု ပေးမယ်.. မင်း ငါ့ကို အညံ့ခံမယ်ဆိုရင် ငါမင်းကို မသတ်ဘဲ အသက်ရှင်ခွင့်ပေးမယ်”
သန်မာထွားကျိုင်းသော လူငယ်သည် ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုဝင် တစ်ဦး ဖြစ်ရာ ထိုလူငယ် ပြောသမျှကို ကျန်းချန် အပြည့်အဝ မယုံကြည်ပေ။
ယင်းအတွက်ကြောင့် မည်သို့ပင် ဖြစ်စေကာမူ ကျန်းချန်သည် ထိုလူငယ်ကို ထိန်းချုပ်ထားရန် ဆုံးဖြတ်လိုက်သည်။
သန်မာထွားကျိုင်းသော လူငယ်၏ အသက်ကို သူ့လက်ထဲတွင် ထည့်ထားမှသာလျှင် သူ့ကို လှည့်စားရန် မဝံ့ရဲလိမ့်မည် မဟုတ်ပါလော။
ထို့အပြင် အကယ်၍ သန်မာထွားကျိုင်းသော လူငယ်ကိုသာ အညံ့ခံခိုင်းနိုင်ခဲ့လျှင် ထိုလူငယ်၏ နှုတ်မှ တစ်ဆင့် ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုအကြောင်းကို ပို၍ သိလာနိုင်မည် ဖြစ်၏။
“ငါ့ကို အညံ့ခံခိုင်းဖို့ စိတ်တောင် မကူးစမ်းနဲ့”
သန်မာထွားကျိုင်းသော လူငယ်၏ မျက်နှာထက်တွင် ခက်ထန်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
သူက ဟင်းလင်းပြင် နွားနတ်ဆိုး မျိုးနွယ်စု၏ သခင်လေးတစ်ဦး ဖြစ်ရာ နတ်ကုန်းမြေတိုက်မှ ကျင့်ကြံသူတစ်ဦး ထံတွင် မည်ကဲ့သို့ အလွယ်တကူ အညံ့ခံနိုင်ပါမည်နည်း။
အကယ်၍ ထိုကိစ္စသာ ပျံ့နှံ့သွားလျှင် သူက ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စု၏ သစ္စာဖောက် လောက်ကောင် ဖြစ်လာမည့်အပြင် သူ၏ ဟင်းလင်းပြင် နွားနတ်ဆိုး မျိုးနွယ်စု တစ်ခုလုံးသည်ပင် အမြစ်ပြတ် သုတ်သင်ခံရမည်ကို သူစိုးရိမ်မိသည်။
“သေချာရဲ့လား”
ကျန်းချန်က သူ၏ လက်တစ်ဖက်ကို ဆန့်ထုတ်ကာ သန်မာထွားကျိုင်းသော လူငယ်ကို ဖမ်းချုပ်လိုက်ရာ ကြက်ကလေး၊ငှက်ကလေး ကဲ့သို့ ကျန်းချန်၏ လက်ထဲတွင် ဖမ်းမိသွားခဲ့သည်။
သန်မာထွားကျိုင်းသော လူငယ်က ထိတ်လန့်တကြားဖြစ်ကာ ကျန်းချန်၏ လက်ထဲကနေ အပြင်းအထန် ရုန်းကန်ခဲ့၏။
သို့သော် သူမည်မျှပင် ရုန်းကန်စေကာမူ ကျန်းချန်၏ ချုပ်နှောင်မှုအောက်မှ မလွတ်မြောက်နိုင်ခဲ့ပေ။
ကျန်းချန်က သန်မာထွားကျိုင်းသော လူငယ်ကို စူးစိုက်၍ ကြည့်လိုက်သည်။
“မင်းအနေနဲ့ အသက်ရှင်ဖို့ နောက်ဆုံး အခွင့်အရေးတစ်ခုပဲ ရှိတော့တယ်.. ဘယ်လိုလဲ င့ါကို အညံ့ခံဖို့ ဆန္ဒရှိပြီလား”
“ငါ.. ငါ အညံ့ခံပါတယ်”
သန်မာထွားကျိုင်းသော လူငယ်က မျက်နှာဖြူဖျော့သွားခဲ့ပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
ထို့နောက်တွင် ကျန်းချန်သည် သန်မာထွားကျိုင်းသောလူငယ်၏ ဝိညာဥ်ပေါ်တွင် ဝိညာဥ်အမှတ်အသားကို လျင်မြန်စွာ ခတ်နှိပ်လိုက်သည်။
ဝိညာဥ်တွင် စည်းတံဆိပ် ခတ်နှိပ်ပြီးနောက်တွင် ကျန်းချန်သည် သန်မာထွားကျိုင်းသော လူငယ်ကို ပြန်လွှတ်ပေးလိုက်ပြီး အေးစက်စက် မေးလိုက်၏။
“ထာဝရဘုရားကျောင်းရဲ့ အရှေ့ဘက်ပင်မခန်းမက တကယ်ပဲ ဟင်းလင်းပြင်ပင်လယ်ရဲ့ တစ်ဖက်ကမ်းမှာလား”
သန်မာထွားကျိုင်းသော လူငယ်က ခပ်သွက်သွက်ပင် ပြန်ဖြေလိုက်သည်။
“ဟုတ်ပါတယ် သခင်”
ကျန်းချန်က ခဏမျှ စဥ်းစားလိုက်ပြီးနောက်တွင် ထပ်မံ၍ မေးခွန်းထုတ်လိုက်သည်။
“ဒီဟင်းလင်းပြင်ပင်လယ်နှင့် ပတ်သက်ပြီး မင်းဘယ်လောက်အထိ သိထားလဲ”
“ဒီဟင်းလင်းပြင်ပင်လယ်က ဒီထာဝရဟင်းလင်းပြင်ထဲမှာ အကြီးမားဆုံး ဟင်းလင်းပြင်ပင်လယ်ပဲ.. ဒီထဲမှာ ဟင်းလင်းပြင် သားရဲဘုရင်တွေ အများကြီးရှိတယ်.. ကျွန်တော်သိသလောက် အစွမ်းအထက်ဆုံး ဟင်းလင်းပြင်သားရဲဘုရင်က တတိယအဆင့် ဟင်းလင်းပြင်နတ်ဆိုးနတ်ဘုရားနဲ့ ညီမျှတဲ့ ခွန်အားကို ပိုင်ဆိုင်ထားတယ်”
သန်မာထွားကျိုင်းသော လူငယ်က အနည်းငယ်မျှပင် ဖုံးကွယ်မထားဘဲ သူသိထားသမျှ အရာအားလုံးကို ကျန်းချန်အား ပြောပြလိုက်သည်။
“တတိယအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားက နတ်ဘုရင်တတိယအဆင့်နဲ့ အတူတူလောက်ပဲ ဆိုတော့ သိပ်တော့ အန္တရာယ် မရှိပါဘူး”
ကျန်းချန်က ခေါင်းတဆတ်ဆတ် ညိတ်ကာ ရေရွတ်လိုက်သည်။
ထို့နောက်တွင် သူက သန်မာထွားကျိုင်းသော လူငယ်ကို တစ်ချက်ကြည့်ကာ ပြောလိုက်၏။
“သွားကြစို့.. ငါနဲ့အတူ ဒီဟင်းလင်းပြင်ပင်လယ်ကို ဖြတ်ကျော်ကြရအောင်”
ထိုစကားကို ပြောပြီးနောက်တွင် ကျန်းချန်သည် သူ၏ရှေ့ရှိ ဟင်းလင်းပြင်ပင်လယ် ဆီသို့ တိုက်ရိုက်ပင် လျှောက်လှမ်းသွားခဲ့သည်။
အခန်း(၂၁၅၀)ပြီး၏။