← Chapters

အခန်း (၂၁၅၁-၂၁၅၂)

Vol. 156 Ch. 2151-2152

အခန်း (၂၁၅၁-၂၁၅၂)

Vol. 156 Ch. 2151-2152

အခန်း(၂၁၅၁)

ကျန်းချန်သည် ဟင်းလင်းပြင်ပင်လယ် အထက်တွင် ဖြည်းညင်းစွာ လမ်းလျှောက်နေခဲ့သည်။

ဟင်းလင်းပြင်ပင်လယ်သည် ထာဝရဟင်းလင်းပြင်၏ အလွန် အန္တရာယ်များသော နေရာတစ်ခု ဖြစ်သော်လည်း ကျန်းချန်သည် ဟင်းလင်းပြင်ပင်လယ်၏ အခြေအနေကို သိရှိပြီးနောက်တွင် အချိန်ဖြုန်းမနေချင်တော့ပေ။

သူက သူ၏ ရှေ့ရှိ ပင်လယ်ကို တိုက်ရိုက် ဖြတ်ကျော်ရန် စီစဥ်ထားခဲ့သည်။

ဟင်းလင်းပြင်ပင်လယ်ထဲမှ အင်အားအကောင်းဆုံး ဖြစ်သော ဟင်းလင်းပြင်သားရဲသာ နတ်ဘုရင် တတိယအဆင့်လောက်သာ ခွန်အားရှိ၍ ကျန်းချန်ကို လမ်းလွှဲ၍ သွားစေလောက်သည်အထိ အရည်အချင်း မရှိပေ။

ဟင်းလင်းပြင်ပင်လယ်သည် တကယ်တမ်းတွင် စစ်မှန်သောပင်လယ် တစ်ခု မဟုတ်ဘဲ ထာဝရဟင်းလင်းပြင်ထဲရှိ ထူးခြားသော စွမ်းအင်တစ်ခုကနေ ဖြစ်ပေါ်လာသော မြူပင်လယ် တစ်ခု ဖြစ်သည်။

ဟင်းလင်းပြင်ပင်လယ်ထဲတွင် အထက်သို့ တက်လေလေ၊ထူးခြားသော စွမ်းအင်က ကျဲပါးသွားလေလေ ဖြစ်ပြီး အောက်သို့ ဆင်းလေလေ ပိုမို ထူထပ် အားကောင်းလာလေလေ ဖြစ်၏။

အထူးသဖြင့် အောက်ခြေတွင် ထူးခြားသော စွမ်းရည်ဖြင့် ဖြစ်တည်လာသော မြူပင်လယ်သည် အကန့်အသတ် တစ်ခု အထိ ထူထပ်လာပြီးနောက်တွင် အကန့်အသတ် တစ်ခု အထိ အရည်ပျော်သွားခဲ့ပြီး စစ်မှန်သော ပင်လယ်တစ်ခု အဖြစ် ပြောင်းလဲသွားခဲ့သည်။

၎င်းကို ဟင်းလင်းပြင်ပင်လယ်ဟုလည်း ခေါ်ဆိုကြသည်။

ဤထူးခြားသော စွမ်းအင်များဖြင့် ဖြစ်ပေါ်လာသော ဟင်းလင်းပြင်ပင်လယ်သည် ဟင်းလင်းပြင်သားရဲများ ရှင်သန်ရန် အတွက် ကောင်းကင်ဘုံ တစ်ခုလည်း ဖြစ်၏။

ထိုအကြောင်းကြောင့်ပင် ထာဝရဟင်းလင်းပြင်ရှိ ဟင်းလင်းပြင်ပင်လယ်တိုင်းသည် ဟင်းလင်းပြင်သားရဲများ စုဝေးရာနေရာ ဖြစ်ပြီး ဟင်းလင်းပြင်သားရဲ အမြောက်အများ စုဝေးနေခဲ့ကြ၏။

ယင်းအတွက်ကြောင့်လည်း သာမန် နတ်ဘုရင် တစ်ပါးသည်ပင် ထိုနေရာသို့ အလွယ်တကူ ခြေမချရဲကြပေ။

“ဒီထာဝရဟင်းလင်းပြင်က တကယ်ကို ထူးဆန်းတာပဲ.. မဟာကပ်ဘေးခေတ်က ဘာတွေများ ဖြစ်ခဲ့လို့ ဒီလို ထူးဆန်းတဲ့အရာတွေ ဖြစ်ပေါ်လာသလဲ မသိဘူး”

အောက်ဘက်ရှိ ဟင်းလင်းပြင်ပင်လယ်ကို ကြည့်ရင်း ကျန်းချန်၏ မျက်ဝန်းထဲတွင် ထူးဆန်းသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

ခရီးလမ်းတစ်လျှောက်တွင် ကျန်းချန်သည် သန်မာထွားကျိုင်းသော လူငယ်၏ အကြောင်းကို သိရှိခဲ့သည်။

ထို သန်မာထွားကျိုင်းသောလူငယ်ကို နျူကန်ဟု ခေါ်ဆိုပြီး ၎င်းသည် ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စု၏ မျိုးနွယ်စု အခွဲတစ်ခု ဖြစ်သော ဟင်းလင်းပြင် နွားနတ်ဆိုးမျိုးနွယ်စု၏ သခင်လေး ဖြစ်သည်။

ယခုတစ်ခေါက်တွင် နျူကန် အနေဖြင့် ဟင်းလင်းပြင်ပင်လယ်သို့ လာရောက်ရသည့် အကြောင်းအရင်းမှာ ထာဝရဘုရားကျောင်း၏ အရှေ့ဘက် ပင်မခန်းမကို တိုက်ခိုက်ရန်အတွက် ဟင်းလင်းပြင်ပင်လယ်ထဲမှ ဟင်းလင်းပြင်သားရဲများနှင့် ပေါင်းစည်းလိုခြင်းကြောင့် ဖြစ်၏။

သို့သော်လည်း အဆုံးသတ်တွင် ကံဆိုးစွာဖြင့် ကျန်းချန်နှင့် တွေ့ဆုံခဲ့ရသည်။

“မင်းတို့ ဟင်းလင်းပြင်နွားနတ်ဆိုး မျိုးနွယ်စုက ဘယ်လောက်အထိ အင်အားကြီးလဲ”

ဟင်းလင်းပြင် နွားနတ်ဆိုး မျိုးနွယ်စုသည် ထာဝရဘုရားကျောင်း၏ အရှေ့ဘက် ပင်မခန်းမကို တိုက်ခိုက်တော့မည်အား ကြားသိရလျှင် ကျန်းချန်သည် အံ့အားသင့်သွားခဲ့သည်။

ထာဝရဘုရားကျောင်းသည် ထာဝရဟင်းလင်းပြင်တွင် ရပ်တည်နေသော လျှို့ဝှက်ဆန်းကြယ်သော အင်အားစု တစ်စု ဖြစ်ပြီး ၎င်း၏ အင်အားသည် အလွန်တရာ ကြီးမားသည်။

ပင်မခန်းမ လေးခုစလုံးသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်ထားပြီး ခန်းမအားလုံးတွင် နတ်ဘုရင်အဆင့် ကျင့်ကြံသူများ ရှိကြသည်။

ဟင်းလင်းပြင်နွားနတ်ဆိုး မျိုးနွယ်စုသည် ထာဝရဘုရားကျောင်း၏ ပင်မခန်းမကိုပင် အမှန်တကယ် တိုက်ခိုက်လိုနေသည် ဖြစ်ရာ ၎င်းတို့၏ အင်အားက မသေးလှသည်မှာ ထင်ရှားနေခဲ့၏။

“ကျွန်တော်တို့ ဟင်းလင်းပြင်နွားနတ်ဆိုး မျိုးနွယ်စုမှာ ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား ငါးပါး ရှိတယ်.. ဒီထဲမှာ အသန်မာဆုံးက တတိယအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား အထွတ်အထိပ်ပဲ.. ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုရဲ့ မျိုးနွယ်စုခွဲ အမြောက်အများထဲမှာတော့ ကျွန်တော်တို့ ဟင်းလင်းပြင် နွားနတ်ဆိုးမျိုးနွယ်စုက အလယ်အလတ်အဆင့်ရဲ့ အထက်နားလောက်မှာ ရှိပါတယ်”

နျူကန်က ဖုံးကွယ်မထားဘဲ ဟင်းလင်းပြင်နွားနတ်ဆိုးမျိုးနွယ်စု၏ အခြေအနေအားလုံးကို ရှင်းပြခဲ့သည်။

“ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုက နတ်ကုန်းမြေတိုက်ကို သိမ်းပိုက်လုနီးပါး ဖြစ်ခဲ့တဲ့ အင်အားစုကြီးလို့ မပြောရဘူး.. တကယ်ကို အင်အားကောင်းတာပဲ”

နျူကန်ထံမှ အချက်အလက်များကို ကြားသိရပြီးနောက်တွင် ကျန်းချန်၏ မျက်ဝန်းများသည် အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။

ဟင်းလင်းပြင် နွားနတ်ဆိုး မျိုးနွယ်စု၏ ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား ငါးပါးထဲတွင် အသန်မာဆုံးမှာ တတိယအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား အထွတ်အထိပ် အဆင့်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။

ဆိုရလျှင် ဟင်းလင်းပြင်နွားနတ်ဆိုး မျိုးနွယ်စု၏ စွမ်းအားသည် အရှေ့ဘက်ဒေသ၏ နံပါတ်တစ် အင်အားစု ဖြစ်သော ဟောင်ထျန်းဓားဂိုဏ်းနှင့် နှိုင်းယှဥ်လျှင်ပင် အားနည်းမည်မဟုတ်ပေ။

ဤကဲ့သို့သော အင်အားဖြင့်ပင် ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စု၏ မျိုးနွယ်စု အမြောက်အများထဲ၌ ဟင်းလင်းပြင်နွားနတ်ဆိုး မျိုးနွယ်စုကို အလယ်အလတ် အဆင့်၏ အထက်ပိုင်းနားလောက်သာ သတ်မှတ်နိုင်၏။

ယင်းအချက်ကပင် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု တစ်ခုလုံး၏ အင်အားက မည်မျှကြောက်မက်ဖွယ်ရာ ကောင်းကြောင်း ဖော်ပြနေခဲ့သည်။

“ဝုန်း.. ဝုန်း.. ဝုန်း..”

ကျန်းချန်က ရှေ့သို့ လမ်းလျှောက်လာရင်း နျူကန်မှ တစ်ဆင့် ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုအကြောင်းကို လေ့လာနေစဥ် အောက်ဘက်ရှိ ဟင်းလင်းပြင်ပင်လယ်ထဲကနေ ကြီးမားသော အနက်ရောင်အရိပ် တချို့သည် ရုတ်တရက် ပင်လယ်ရေမျက်နှာပြင်ကို ဖောက်ထွက်လာခဲ့၏။

ထိုကြီးမား‌သော အနက်ရောင်ပုံရိပ် တချို့၏ လှုပ်ရှားမှုကြောင့် ပေပေါင်း ထောင်ချီအထိ လှိုင်းလုံးများပင် ဖြစ်ပေါ်စေခဲ့သည်။

ကျန်းချန်က အသေအချာ ကြည့်လိုက်ရာ ထိုအနက်ရောင်ပုံရိပ်များသည် အနက်ရောင်ရေမြွေ တချို့ ဖြစ်နေသည်ကို တွေ့ရှိခဲ့ပြီး တစ်ကောင်ချင်းစီသည် အနည်းဆုံး‌ ပေတစ်ရာခန့် ရှည်လျားပြီး နယ်မြေနတ်ဘုရားအဆင့်နှင့် မခြားသော အင်အားကို ပိုင်ဆိုင်ထားကြသည်။

ဟင်းလင်းပြင်ပင်လယ်ထဲရှိ ရေမြွေများ၏ အနံ့ခံအာရုံသည် အလွန်တရာ ထက်မြက်ပုံရသည်။

၎င်းတို့သည် ကျန်းချန်တို့နှင့် အလွန်ဝေးကွာသော အကွာအဝေးတွင် ရှိနေသော်လည်း ကျန်းချန်တို့ နှစ်ဦး ရှိနေသည်ကို အာရုံခံမိလိုက်ပြီး လေထဲသို့ တိုက်ရိုက် ပျံတက်လာခဲ့ခြင်းပင်။

ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ဓားအလင်း တချို့သည် နေရာလွတ်ကို တိုက်ရိုက် ထိုးဖောက်သွားခဲ့ပြီး ရေမြွေများဆီသို့ ဦးတည်သွားခဲ့သည်။

“သခင်.. မလုပ်နဲ့”

ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် နျူကန်၏ အမူအရာသည် သိသိသာသာပင် ပြောင်းလဲသွားခဲ့သည်။

သို့သော်လည်း သူ၏ တားမြစ်မှုသည် နောက်ကျသွားခဲ့ချေပြီ။

ဓားအလင်းသည် နေရာလွတ်ကို ထိုးဖောက်သွားပြီး ကြီးမားသော ရေမြွေများ၏ ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက်ပင် ထိုးဖောက် ဝင်ရောက်သွားခဲ့သည်။

ယင်းနောက်တွင်မူ ရေမြွေများ၏ ခန္ဓာကိုယ်သည် ပြတ်တောက်သွားခဲ့ပြီး သွေးမိုးများ အဖြစ်သို့ ပြောင်းလဲကာ အောက်ဘက်ရှိ ဟင်းလင်းပြင်ပင်လယ် ထဲသို့ ပြန်လည်ကျဆင်းသွားခဲ့သည်။

ရေမြွေများကို အလွယ်တကူ ဖြေရှင်းပြီးနောက်တွင် ကျန်းချန်သည် သိသိသာသာပင် ထိတ်လန့်နေပုံရသော နျူကန်ကို ကြည့်ကာ မေးလိုက်သည်။

“ဘာဖြစ်လို့လဲ”

“သခင် ဟင်းလင်းပြင်ပင်လယ်ထဲက ဟင်းလင်းပြင်သားရဲတွေကို တိုက်ခိုက်ရင် သွေးညှီနံ့တွေ လုံးဝ ကျန်ရစ်ခဲ့လို့ မဖြစ်ဘူး.. မဟုတ်ရင် ဟင်းလင်းပြင်သားရဲလှိုင်းကို ဖြစ်ပေါ်စေလိမ့်မယ်”

နျူကန်က မချိပြုံး ပြုံးကာ ပြောလိုက်သည်။

နျူကန်၏ စကားဆုံးသည်နှင့် မိုင်ပေါင်းထောင်ချီကျယ်ဝန်းသော ဟင်းလင်းပြင်ပင်လယ်သည် ဆူနာမီလှိုင်းတစ်ခု ကဲ့သို့ ရုတ်တရက် လှုပ်ခတ်လာခဲ့၏။

နောက်ထပ်တစ်ခဏတွင်မူ ဟင်းလင်းပြင်သားရဲထောင်ပေါင်းများစွာသည် ပင်လယ်ထဲကနေ အုပ်လိုက်ထွက်လာခဲ့ပြီး ကျန်းချန်တို့ ရှိရာသို့ အလုအယက်ပြေးဝင်လာခဲ့ကြသည်။

“ဝှစ်..ဝှစ်..ဝှစ်..”

ဤဟင်းလင်းပြင်သားရဲများသည် အရွယ်အစားမျိုးစုံ ရှိပြီး လက်ဖဝါး အရွယ်အစားမှသည် တောင်တစ်လုံး ကဲ့သို့ အရွယ်အစား အထိ ရှိကြသည်။

အင်အားအနည်းဆုံး ဟင်းလင်းပြင်သားရဲများသည်ပင် ကောင်းကင်နတ်ဘုရား အဆင့်တွင် ရှိကြ၏။

ထိုအထဲမှ ဟင်းလင်းပြင်သားရဲ တစ်ဒါဇင်ခန့်၏ အရှိန်အဝါသည် ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူများနှင့်ပင် နှိုင်းယှဥ်နိုင်၏။

ဟင်းလင်းပြင် သားရဲများသည် ကျန်းချန် ဆီသို့ ကျိုင်းကောင်များနှယ် ပြေးဝင်လာခဲ့ကြသည်။

“ဒါက ပျားအုံကို တုတ်နဲ့ ထိုးမိလိုက်သလိုပါပဲလား”

သူ့ဆီသို့ ဟင်းလင်းပြင်သားရဲ အုပ်စုလိုက် ဦးတည်လာနေသည်ကိုမြင်လျှင် ကျန်းချန်သည် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

ထို့နောက်တွင်မူ သူ၏လက်ထဲရှိ ရှေးဟောင်း ရွှေရောင်ဓားကို ဝှေ့ယမ်းလိုက်ရာ တောက်ပသော ဓားအလင်းများသည် ချက်ချင်းပင် နေရာအနှံ့သို့ ပျံ့နှံ့သွားခဲ့၏။

ရုတ်ခြည်းဆိုသလိုပင် ကျန်းချန်၏ ခန္ဓာကိုယ်နှင့် နီးကပ်နေသော ဟင်းလင်းပြင်သားရဲ အားလုံးသည် ဓားအလင်းဖြင့် သတ်ဖြတ်ခံလိုက်ရသည်။

ဟင်းလင်းပြင်သားရဲ အများအပြား သေဆုံးသွားမှုကြောင့် ဟင်းလင်းပြင်ပင်လယ် တစ်ခုလုံးသည် သွေးများဖြင့် နီရဲစွာ ပြည့်နှက်သွားခဲ့၏။

ကျန်းချန်က ဟင်းလင်းပြင်သားရဲ အုပ်စုတစ်စုကို သတ်ဖြတ်လိုက်သော်လည်း အောက်ဘက်ရှိ ဟင်းလင်းပြင်ပင်လယ်ထဲတွင် ပိုမို များပြားပြီး ပိုမို သန်မာသော ဟင်းလင်းပြင်သားရဲ အများအပြား ရှိနေဆဲပင်။

သွေးနံ့ရရှိမှုကြောင့် ၎င်းတို့သည် ကျန်းချန်ဆီသို့ ပြေးဝင်လာခဲ့ကြသည်။

တစ်ခဏအတွင်းမှာပင် မိုင်ပေါင်းထောင်ချီ အတွင်းရှိ ဟင်းလင်းပြင်ပင်လယ်မှ ထောင်‌ပေါင်းများစွာသော ဟင်းလင်းပြင်သားရဲ အားလုံးသည် ဟင်းလင်းပြင်ပင်လယ်ထဲကနေ ထွက်လာခဲ့ကြပြီး ကျန်းချန်ကို ဝိုင်းရံထားလိုက်ကြသည်။

ကျန်းချန်က ရှေးဟောင်းရွှေရောင်ဓားကို ဆက်တိုက် ဆိုသလို လွှဲရမ်းနေခဲ့ပြီး သူ ဓားချက်တစ်ချက် ထုတ်ဖော်တိုင်းတွင် ခန္ဓာကိုယ် ပတ်ပတ်လည် မိုင်တစ်ရာအတွင်းရှိ ဟင်းလင်းပြင်သားရဲအားလုံး သေဆုံးသွားခဲ့သည်။

သို့ရာတွင် ဟင်းလင်းပြင်သားရဲများသည် အင်အားမကြီးသော်လည်း အရေအတွက်ကမူ အလွန်တရာပင် များပြားလှ၏။

ကျန်းချန်က ဟင်းလင်းပြင်သားရဲ အုပ်စုတစ်စုကို သတ်ဖြတ်လိုက်တိုင်းတွင် ပိုမို အားကောင်းသော ဟင်းလင်းပြင်သားရဲများသည် မီးပုံကို ဝင်တိုးသော ပိုးဖလံများ ကဲ့သို့ ကျန်းချန်ဆီ ဆက်လက် ခုန်ဝင်လာကြသည်။

ဤအတိုင်းသာ ဆက်သွားနေမည်ဆိုလျှင် သူ့အနေဖြင့် အားအင်ကုန်ခမ်းကာ လက်ပန်းကျသွားနိုင်ပေသည်။

“ချီးပဲ.. ငါ ဒီဟင်းလင်းပြင်ပင်လယ်ကို အထင်သေးမိသွားပြီထင်တယ်”

ကျန်းချန်၏ မျက်နှာက အလွန်တရာပင် အကျည်းတန်နေခဲ့သည်။

ဟင်းလင်းပြင်ပင်လယ်ထဲတွင် အသန်မာဆုံး ဖြစ်သည့် ဟင်းလင်းပြင်သားရဲဘုရင်သည် နတ်ဘုရင် တတိယအဆင့်လောက်သာ ခွန်အားရှိ၍ သူ့အတွက် မည်သည့် ခြိမ်းခြောက်မှုမျှ မပေးနိုင်ဟု မူလက သူထင်မြင်ခဲ့သည်။

သို့သော်လည်း သူ၏ မဆင်မခြင် လုပ်ရပ်တစ်ခုသည် ဟင်းလင်းပြင်သားရဲလှိုင်းကို တစ်ခဏအတွင်း ဖြစ်ပေါ်လာစေလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။

သူတို့က ဟင်းလင်းပြင်ပင်လယ်ကို ဖြတ်ကျော်ရာတွင် ဝေးဝေးလံလံသို့ မရောက်သေးပေ။

အကယ်၍ သူတို့သာ နောက်ဆုတ်ရန် ရွေးချယ်လိုက်လျှင် ကျန်းချန်သည် လမ်းကြောင်း တစ်ခုကို ဖောက်ထွက်ကာ ဟင်းလင်းပြင်ပင်လယ်ထဲကနေ ထွက်ခွာရန် ယုံကြည်ချက်ရှိသည်။

သို့သော်လည်း အကယ်၍ ထိုသို့ နောက်ဆုတ်လိုက်လျှင် ထာဝရဘု‌ရားကျောင်း၏ ပင်မခန်းမကို လမ်းလွှဲကနေ ပတ်သွားရပေလိမ့်မည်။

“နျူကန်.. ဒီဟင်းလင်းပြင်သားရဲတွေကို ဖြေရှင်းဖို့ နည်းလမ်းရှိလား”

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး နျူကန်ကို အလေးအနက် မေးလိုက်သည်။

အကယ်၍ သူက ဤဟင်းလင်းပြင်ပင်လယ်ထဲကနေ ဆုတ်ခွာလိုက်လျှင် ထာဝရဘုရားကျောင်း၏ အရှေ့ဘက်ပင်မခန်းမသို့ သွားရန် အချိန်များစွာ ပိုမို ကြာမြင့်သွားလိမ့်မည် ဖြစ်၏။

ထိုအတွက်ကြောင့် ကျန်းချန်သည် မဖြစ်မနေ မလိုအပ်ခဲ့လျှင် လမ်းလွှဲကနေ ပတ်မသွားချင်ခဲ့ပေ။

အခန်း(၂၁၅၁)ပြီး၏။

အခန်း(၂၁၅၂)

“သခင် ဓားပြတွေကို နှိမ်နင်းချင်ရင် ဓားပြခေါင်းဆောင်ကို အရင်ဖမ်းရမယ်ဆိုတဲ့ စကားလိုပေါ့.. ဒီလောက်ကြီးမားတဲ့လှုပ်ရှားမှုက သိပ်မကြာခင်မှာ ဟင်းလင်းပြင် သားရဲဘုရင်ကို ဆွဲဆောင်နိုင်လိမ့်မယ်.. ဟင်းလင်းပြင် သားရဲဘုရင်ကသာ ဒီဟင်းလင်းပြင်သားရဲတွေကို ထိန်းချုပ်နိုင်ပြီး ဆုတ်ခွာသွားအောင် လုပ်နိုင်လိမ့်မယ်”

နျူကန်က အလျင်အမြန်ပင် ပြောလိုက်သည်။

နျူကန်၏ စကားကို ကြားလိုက်ရပြီးနောက်တွင် ကျန်းချန်၏ အမူအရာသည် ပို၍ပင် တည်ငြိမ်လေးနက်သွားခဲ့၏။

သူက ဟင်းလင်းပြင်သားရဲဘုရင် ထွက်ပေါ်လာသည်ကို စောင့်ဆိုင်းရင်း ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင် သားရဲများကို အေးအေးဆေးဆေးပင် အနိုင်ယူနေခဲ့သည်။

သိပ်မကြာခင်မှာပင် ဟင်းလင်းပြင်ပင်လယ်၏ အနက်ရှိုင်းဆုံး နေရာကနေ ကျယ်လောင်သော အက်ကွဲသံ တစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

မကြာမီမှာပင် မိုင်ပေါင်း ထောင်ချီသော ပင်လယ်မျက်နှာပြင်ပတ်ဝန်းကျင်သည် ကြောက်မက်ဖွယ် လှိုင်းလုံးများဖြင့် ပြည့်နှက်သွားခဲ့ပြီး ပြင်းထန်ပြီး အလွန်တရာ တုန်လှုပ်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုသည် ဟင်းလင်းပြင် ပင်လယ်ထဲကနေ ဖြည်းဖြည်းချင်း ပျံ့နှံ့လာခဲ့သည်။

နောက်ထပ် တစ်ခဏတွင် အလျားမီတာ သုံးထောင်ရှိသော ဧရာမ အနက်ရောင်မြွေတစ်ကောင်သည် ဟင်းလင်းပြင်ပင်လယ်ထဲကနေ ထွက်ပေါ်လာခဲ့၏။

ထိုအနက်ရောင်မြေကြီးသည် ဤနေရာတွင် ပေါ်လာခဲ့သော မည်သည့် အနက်ရောင်မြွေထက်မဆို အဆပေါင်းများစွာ ပိုမိုကြီးမားသည်။

သူ၏ ဦးခေါင်းအထက်တွင် ကြီးမားသော အမောက်တစ်ခု ရှိပြီး ခန္ဓာကိုယ်တစ်ခုလုံးကို အေးစက်သော အလင်းရောင်များဖြင့် တောက်ပနေသည့် နက်မှောင်သော အကြေးခွံများဖြင့် ဖုံးအုပ်ထား၏။

ထိုအခိုက်အတန့်တွင် အနက်ရောင်မြွေကြီးသည် စူးရှသော တွန်သံတစ်သံကို ပြုလုပ်လိုက်သည်။

ကျန်းချန်ဆီသို့ အရူးအမူး ပြေးဝင်နေကြသော ဟင်းလင်းပြင်သားရဲများသည် အနက်ရောင်မြွေကြီး၏ တွန်သံကို ကြားပြီးနောက်တွင် အမိန့်တစ်ခုကို ရရှိလိုက်သကဲ့သို့ ချက်ချင်းဆိုသလိုပင် ငြိမ်သက်သွားကြသည်။

အနက်ရောင်မြွေကြီးက ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်သားရဲများကို တားဆီးလိုက်ပြီးနောက်တွင် သူ၏ ကြီးမားလှသော မြွေမျက်ဝန်း တစ်စုံဖြင့် ကျန်းချန်ကို အေးစက်စက် စိုက်ကြည့်ကာ ပြောလိုက်၏။

“လူသား.. မင်းက ငါကိုယ်တော်ရဲ့နယ်မြေထဲမှာ ရမ်းကားရဲတယ်လား”

ဟင်းလင်းပြင်သားရဲများသည် ထာဝရဟင်းလင်းပြင်တွင် မွေးဖွားလာသည့် လျှို့ဝှက်ဆန်းကြယ်သည့် သတ္တဝါများ ဖြစ်ကြသည်။

ဟင်းလင်းပြင်သားရဲများသည် ယေဘုယျအားဖြင့် သတ်ဖြတ်ရန်သာ သိကြသော ရက်စက်ကြမ်းကြုတ်သည့် သားရဲများ ဖြစ်ကြပြီး ဥာဏ်အလင်း မပွင့်သလို လူသား အသိစိတ်လည်း မရှိကြပေ။

အင်အားကြီးမားသော ဟင်းလင်းပြင်သားရဲဘုရင် တချို့သာလျှင် စကားပြောဆိုနိုင်ပြီး လူသားတို့၏ ဥာဏ်ရည်တချို့ကို ပိုင်ဆိုင်ထားကြ၏။

ထိုကဲ့သို့ ဟင်းလင်းပြင်သားရဲများသည် နတ်ဘုရင်အဆင့်နှင့် နှိုင်းယှဥ်နိုင်သော အစွမ်းထက် သားရဲများ ဖြစ်ကြသည်။

ဆိုရလျှင် သူ၏ ရှေ့ရှိ ဧရာမ အနက်ရောင်မြွေကြီးသည် နတ်ဘုရင်ပထမအဆင့်နှင့် နှိုင်းယှဥ်နိုင်သော ဟင်းလင်းပြင် သားရဲဘုရင်ဖြစ်၏။

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

“မြွေဘုရင် ဒါက နားလည်မှုလွဲသွားတာပါ.. ငါ့အနေနဲ့ မင်းရဲ့နယ်မြေထဲမှာ ရမ်းကားဖို့ အစီအစဥ်မရှိပါဘူး.. ငါက မင်းရဲ့အဖိုးတန်နယ်မြေကို ခဏလောက် ဖြတ်ကျော်ရုံတင်ပါ.. မြွေဘုရင်အနေနဲ့ မေတ္တာရှေ့ထားပြီး ငါ့ကို လမ်းဖွင့်ပေးမယ်လို့ မျှော်လင့်ပါတယ်”

“မင်းက ငါကိုယ်တော်ရဲ့ လူတွေကို ဒီလောက်အထိ အများအပြား သတ်ထားပြီးမှ အလွယ်တကူ ထွက်သွားချင်နေတာလား.. ဒါက စိတ်ကူးယဥ်နေတာပဲ”

အနက်ရောင်မြွေက ကျန်းချန်ကို စူးရှစွာ စိုက်ကြည့်လိုက်ပြီး သူ၏ ပါးစပ်ကို ဟကာ နက်မှောင်သော ဟင်းလင်းပြင်ဓားတစ်လက်ကို ထွေးထုတ်လိုက်ရာ ထိုဟင်းလင်းပြင်ဓားသည် ပေပေါင်း သောင်းချီ နေရာလွတ်ကို ချက်ချင်းဆိုသလို ထိုးဖောက်သွားခဲ့ပြီး ကျန်းချန်နှင့် မီတာတစ်ရာအောက် အကွာအဝေးသို့ ရောက်ရှိလာခဲ့သည်။

ကျန်းချန်က လက်ထဲမှ ရှေးဟောင်း ရွှေရောင်ဓားကို ဝှေ့ယမ်း၍ သူ့ဆီသို့ ပျံသန်းလာသော ဟင်းလင်းပြင်ဓားကို အစိတ်စိတ်အမွှာမွှာ ချေမှုန်းပစ်လိုက်သည်။

“ငါက လမ်းဖြတ်ရုံတင်လို့ ပြောပြီးပြီပဲ.. ဒါတောင် မင်းက အတင်းအကျပ် တိုက်မယ် ဆိုတော့လည်း မင်းနဲ့ ကစားပေးရသေးတာပေါ့”

“ဝုန်း..”

စကားဆုံးသည်နှင့် ကောင်းကင်နှင့် မြေကြီးကိုပင် တုန်လှုပ်စေသည့် ကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဝါသည် ကျန်းချန်၏ ခန္ဓာကိုယ်ကနေ ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့သည်။

ထိုကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဝါသည် ဟင်းလင်းပြင်ပင်လယ်၏ မိုင်ပေါင်းထောင်ချီကို တုန်ခါသွားစေခဲ့၏။

နောက်ထပ် တစ်ခဏတွင် ကျန်းချန်သည် သူ၏ လက်ထဲရှိ ရှေးဟောင်းရွှေရောင်ဓားကို ကိုင်မြှောက်ကာ ပြင်းထန်စွာ ဝှေ့ယမ်းလိုက်သည်။

ထိုအခါ ရွှေရောင်မိုးကြိုးလျှပ်စီးများ ယှက်နွှယ်နေသော ဓားအလင်း တစ်ခုသည် ဖျက်ဆီးခြင်းအရှိန်အဝါကို သယ်ဆောင်ကာ ပျံ့နှံ့သွားခဲ့၏။

ချက်ချင်းဆိုသလိုပင် ဟင်းလင်းပြင်ပင်လယ် အထက်ရှိ နေရာလွတ်များသည် ပြိုကျ ပျက်စီးသွားခဲ့ပြီး စကြဝဠာကြီးပင် ဗြောင်းဆန်တော့မတတ် ဖြစ်သွားခဲ့သည်။

ကျန်းချန်၏ ကမ္ဘာဖျက်မတတ် ကြောက်မက်ဖွယ်ရာကောင်းသော ရွှေရောင်မိုးကြိုး ဓားအလင်းကို မြင်လိုက်ရလျှင် ဧရာမ အနက်ရောင်မြွေကြီး၏ စိတ်နှလုံးသည် ဖော်မပြနိုင်အောင် အေးစက်သွားခဲ့သည်။

“မကောင်းတော့ဘူး”

ချက်ချင်းဆိုသလိုပင် အနက်ရောင်မြွေကြီးသည် သူ၏ သံမဏိ ကဲ့သို့ ခိုင်ခံ့သော ဧရာမ မြွေအမြီးကို အလျင်အမြန်ဝှေ့ယမ်းကာ ရွှေရောင်မိုးကြိုး ဓားအလင်းကို ရိုက်ထုတ်လိုက်သည်။

“ရွှစ်..”

သို့သော်လည်း ရွှေရောင်မိုးကြိုး ဓားအလင်းသည် တို့ဟူးကို လှီးဖြတ်လိုက်သကဲ့သို့ပင် အနက်ရောင်မြွေကြီး၏ အလွန်တရာ မာကျောသော မြွေအမြီးကို ချက်ချင်းဆိုသလို ဖြတ်တောက်သွားခဲ့၏။

“ရှီး...”

သူ၏ ပေရာချီ ရှည်လျားသော ဧရာမ မြွေအမြီး ဖြတ်တောက်ခံလိုက်ရသဖြင့် မြွေဘုရင်က နာကျင်စွာ‌ အော်ဟစ်လိုက်သည်။

သူ၏ ပြတ်ကျသွားသော မြွေအမြီးတစ်ဝက်သည် ဟင်းလင်းပြင်ပင်လယ်ကို သွေးချင်းချင်း နီရဲသွားစေခဲ့သည်။

မြွေဘုရင်က နာကျင်စွာ လူးလွန့်လိုက်၍ လေထုထဲတွင် ကြောက်မက်ဖွယ် လေပြင်းများ ဖြစ်ပေါ်စေခဲ့ကာ ပတ်ဝန်းကျင်ရှိ နေရာလွတ်များကို အဆက်မပြတ် တုန်ခါသွားခဲ့သည်။

မြွေဘုရင်နှင့် အတော်လေး နီးကပ်သော နေရာတွင် ရှိနေသည့် ဟင်းလင်းပြင်သားရဲ အချို့ဆိုလျှင် ထိုကြောက်မက်ဖွယ်ရာကောင်းသော လေပြင်းကြောင့် သေဆုံးသွားခဲ့ကြ၏။

“မြွေဘုရင်.. ငါ မင်းနဲ့ ရန်သူမဖြစ်ချင်ဘူး.. ငါ ဟင်းလင်းပြင်ပင်လယ်ကို ဖြတ်ကူးရုံပဲ အလိုရှိတယ်.. မင်းအခုနေ ဟင်းလင်းပြင် သားရဲတွေကို ခေါ်ပြီး ငါ့ရှေ့ကနေ ထွက်သွားမယ်ဆိုရင် နောက်မကျသေးဘူး”

ဓားချက်တစ်ချက်တည်းဖြင့် မြွေဘုရင်၏ အမြီးကို ဖြတ်တောက်လိုက်ပြီးနောက်တွင် ကျန်းချန်၏ အေးစက်စက် အသံသည် ပတ်ဝန်းကျင်တွင် ချက်ချင်းဆိုသလို ပဲ့တင်ထပ်သွားခဲ့၏။

“လူသား.. ငါ မင်းကို သတ်မယ်”

ဧရာမမြွေဘုရင်သည် ကောင်းကင်ယံသို့ မော့ကြည့်ကာ ကျယ်လောင်စွာ တွန်ကျူးလိုက်သည်။

ယခင်ကထက် အဆပေါင်းများစွာ ပိုမိုပြင်းထန်စူးရှသော မြွေဘုရင်၏ တွန်ကျူးသံသည် တစ်ကမ္ဘာလုံးသို့ ချက်ချင်း ပျံ့နှံ့သွားပြီး ပိုမို ဝေးကွာသော နေရာများ အထိပင် ရောက်ရှိသွားခဲ့သည်။

“ဝုန်း..”

မြွေဘုရင်၏ တွန်ကျူးသံ ထွက်ပေါ်လာပြီး မကြာမီမှာပင် ဟင်းလင်းပြင်ပင်လယ်သည် ရုတ်တရက် လှုပ်ခတ်လာခဲ့ပြီး ကမ္ဘာမြေကိုပင် တုန်ဟည်းလောက်သည့် အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့ပြီး ဟင်းလင်းပြင်ပင်လယ်၏ အနက်ရှိုင်းဆုံး နေရာဆီသို့ လှမ်းကြည့်လိုက်သည်။

ထိုအခါ ကျန်းချန်သည် ဧရာမမြွေဘုရင်ထက် အဆပေါင်းများစွာ ပိုမိုအားကောင်းသော အရှိန်အဝါ တစ်ခုကို ခံစားမိလိုက်၏။

ထိုအရှိန်အဝါသည် ကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဟုန်ဖြင့် သူတို့ ဆီသို့ ချဥ်းကပ်လာနေခဲ့သည်။

“သခင်.. အဲဒါက ဒီဟင်းလင်းပြင်ပင်လယ်ရဲ့ အင်အားအကောင်းဆုံး ဟင်းလင်းပြင် သားရဲဘုရင် ဖြစ်မယ်ထင်တယ်”

သူတို့ ဆီသို့ လျင်မြန်စွာ ချဥ်းကပ်လာနေသော ကြောက်မက်ဖွယ် အရှိန်အဝါကို အာရုံခံမိပြီးနောက်တွင် နျူကန်၏ မျက်နှာသည် တစ်ခဏအတွင်းမှာပင် ပိုမို လေးနက်သွားခဲ့သည်။

“ဒီဟင်းလင်းပြင်ပင်လယ်မှာ ဟင်းလင်းပြင်သားရဲဘုရင် ငါးပါးရှိတယ်.. သူတို့တွေက အပိုင်းတစ်ခုဆီကို တာဝန်ယူထားကြတယ်.. ဒီ ဟင်းလင်းပြင်သားရဲဘုရင် ငါးပါးထဲမှာ အင်အားအကောင်းဆုံးက ဟင်းလင်းပြင် ဝေလငါးဘုရင်ပဲ”

မြွေဘုရင်က ကျန်းချန်၏ ပြိုင်ဘက် မဟုတ်မှန်း သိ၍ သူတို့ထဲတွင် အင်အားအကောင်းဆုံး ဖြစ်သော ဟင်းလင်းပြင်ဝေလငါးဘုရင်ကို ဆင့်ခေါ်လိုက်သည်မှာ ထင်ရှားနေခဲ့၏။။

ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် ဟင်းလင်းပြင်ပင်လယ်၏ အနက်ရှိုင်းဆုံး နေရာဆီ တိတ်တဆိတ် စိုက်ကြည့်နေခဲ့သည်။

မကြာမီမှာပင် ကြီးမားပြီး ကြောက်မက်ဖွယ်ရာကောင်းသော မီးခိုးရောင် နှင့် အနက်ရောင် ရောယှက်နေသည့် ဧရာမပုံရိပ်တစ်ခုသည် ကျန်းချန်၏ မြင်ကွင်းထဲ၌ အဆုံးသတ်တွင် ပေါ်လာခဲ့သည်။

ထိုမီးခိုးရောင်နှင့် အနက်ရောင် ဧရာမပုံရိပ်၏ အစိတ်အပိုင်းအများစုသည် ဟင်းလင်းပြင် ပင်လယ်ထဲတွင် ဖုံးကွယ်နေခဲ့သည်။

ထို့ကြောင့် ၎င်း၏ ကြီးမားသော ဦးခေါင်းနှင့် ပေထောင်ချီမြင့်မားသော တောင်တစ်လုံးကိုပင် ဝါးမျိုနိုင်သည့် သွေးညှီနံ့များ လှိုင်လှိုင်ထွက်နေသော ပါးစပ်ကြီးကိုသာ မြင်နေရ၏။

မီးခိုးရောင်နှင့် အနက်ရောင် ဧရာမပုံရိပ်၏ ကြီးမားသော ခန္ဓာကိုယ်သည် ဟင်းလင်းပြင်ပင်လယ်ထဲတွင် လျင်မြန်စွာ ဖြတ်သန်းနေခဲ့ပြီး ၎င်း ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်တွင် ဖြစ်ပေါ်လာသော လှိုင်းလုံးကြီးများသည် ပတ်ဝန်းကျင်ဟင်းလင်းပြင်တွင် ကြီးမားလှသော အနက်ရောင်တွင်းများကိုပင် ဖြစ်‌ပေါ်စေခဲ့သည်။

“ဝှစ်..”

မီးခိုးရောင်နှင့်အနက်ရောင် ဧရာမအရိပ်သည် လျှပ်စီးလက်သကဲ့သို့ မြန်ဆန်လွန်းလှပြီး သိပ်မကြာခင်မှာပင် ကျန်းချန်တို့နှင့် မိုင်ပေါင်းတစ်ထောင်အောက် အကွာအဝေးတွင် ပေါ်လာခဲ့သည်။

ကျန်းချန်က အသေအချာ အကဲခတ်ကြည့်လိုက်ရာ ရုတ်တရက် ပေါ်လာသော မီးခိုးရောင်နှင့် အနက်ရောင် ဧရာမပုံရိပ်သည် ကြီးမားလှသော ဝေလငါးကြီး တစ်ကောင် ဖြစ်နေသည်ကို သတိပြုမိလိုက်သည်။

ထိုဝေလငါးသည် သူ ထာဝရဟင်းလင်းပြင်သို့ ပထမဆုံးဝင်‌ရောက်စဥ်က တွေ့ကြုံခဲ့ရသော ဟင်းလင်းပြင်ဝေလငါးနှင့် အနည်းငယ် ဆင်တူ၏။

သို့‌သော်လည်း သူ၏ ရှေ့မှ ဝေလငါး၏ အရွယ်အစားနှင့်အရှိန်အဝါသည် ထိုစဥ်က သူတွေ့ကြုံခဲ့ရသော ဟင်းလင်းပြင်ဝေလငါးထက် အဆပေါင်းများစွာ ပိုမို အားကောင်းနေခဲ့သည်။

“စတုတ္ထညီနောင်.. ဘာပြဿနာရှိလို့လဲ”

ဟင်းလင်းပြင် ဝေလငါးဘုရင်သည် မြွေဘုရင်၏ နံဘေးကို ရောက်ရှိလာပြီးနောက်တွင် အမြီးဖြတ်ခံထားရသော မြွေဘုရင်ကို ကြည့်ကာ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

မြွေဘုရင်က ကျန်းချန်ကို အလွန်တရာ ရက်စက်ကြမ်းကြုတ်လိုသော မျက်ဝန်းများဖြင့် ရုတ်တရက် စူးစိုက်ကြည့်လိုက်သည်။

“အစ်ကိုကြီး.. အဲဒီလူသားက ကျွန်တော့်ရဲ့ နယ်မြေထဲကိုလာပြီး ပြဿနာရှာရုံတင်မကဘူး.. ဓားချက်တစ်ချက်တည်းနဲ့ ကျွန်တော့်ကို ဒဏ်ရာရအောင်ပါ လုပ်လိုက်သေးတယ်”

ဤအခိုက်အတန့်တွင် ဟင်းလင်းပြင် ဝေလငါးဘုရင်၏ အကြည့်သည် ကျန်းချန်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။

မကြာမီမှာပင် ဟင်းလင်းပြင် ဝေလငါးဘုရင်၏ နှိုင်းယှဥ်၍ မရလောက်အောင် ကြီးမားလှသော မျက်ဝန်းများသည် ရုတ်တရက် ကျုံ့သွားခဲ့ပြီး လေးနက်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

အခန်း(၂၁၅၂)ပြီး၏။

All Chapters