← Chapters

အခန်း (၂၁၅၃-၂၁၅၄)

Vol. 156 Ch. 2153-2154

အခန်း (၂၁၅၃-၂၁၅၄)

Vol. 156 Ch. 2153-2154

အခန်း(၂၁၅၃)

“လူသား မင်းဘာလို့ ငါကိုယ်တော်ရဲ့ ဟင်းလင်းပြင်ပင်လယ်ကိုလာပြီး ပြဿနာရှာနေရတာလဲ”

ဟင်းလင်းပြင် ဝေလငါးဘုရင်က ကျန်းချန်ကို အချိန်အတော်ကြာ စူးစိုက်ကြည့်ပြီးနောက်တွင် လေးနက်စွာ ပြောလိုက်သည်။

သူ၏ ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် ကျင့်ကြံခြင်းအဆင့် မမြင့်မားသလို နတ်ဘုရင် အဆင့်သို့ပင် မရောက်ရှိသေးချေ။

သို့သော်လည်း ထိုလူငယ်သည် နတ်ဘုရင် တတိယအဆင့်နှင့် နှိုင်းယှဥ်နိုင်ပြီး ထိုလူငယ်ထံကနေ သူ၏ ဗီဇအရ အန္တရာယ်ရှိသော အရှိန်အဝါကို ခံစားမိခဲ့သည်။

ကျန်းချန်က သူ၏ လက်နှစ်ဖက်ကို အနည်းငယ်ဖြန့်ကာ ပုခုံးတွန့်၍ ပြောလိုက်၏။

“ငါက မင်းရဲ့နယ်မြေမှာ ပြဿနာရှာဖို့ မစဥ်းစားခဲ့ဘူး.. ငါက လမ်းဖြတ်ကူးရုံလေးတင်ပါ.. ဒါပေမဲ့ ဒီငတုံးမြွေက ငါ့ကို ပြဿနာရှာတယ်လို့ ဇွတ်ပြောနေမှတော့ ငါက ဘာတတ်နိုင်မှာလဲ”

“အစ်ကိုကြီး.. လူသားတွေက ကောင်းတဲ့အကောင်တွေ မဟုတ်ဘူး.. သူတို့ ဟင်းလင်းပြင်ပင်လယ်ထဲကို ဝင်လာတာ မရိုးသားဘူး.. သူ့စကားကို မယုံပါနဲ့”

မြွေဘုရင်က ခါးသီးသော အမူအရာဖြင့် ပြောလိုက်သည်။

“ဒါ့အပြင် ဒီကောင်က ဟင်းလင်းပြင်သားရဲ ထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့တယ်.. ကျွန်တော်တို့ သူ့ကို အလွယ်တကူ လွှတ်မ‌ပေးသင့်ဘူး”

ဟင်းလင်းပြင် ဝေလငါးဘုရင်သည် မြွေဘုရင်ကို လျစ်လျူရှုလိုက်ပြီး တစ်ခဏမျှ တိတ်ဆိတ်သွားခဲ့သည်။

ထို့နောက်တွင် သူက ကျန်းချန်ကို လေးနက်စွာ စိုက်ကြည့်၍ ပြောလိုက်သည်။

“လူသား.. ဟင်းလင်းပြင်ပင်လယ်က မင်းလာသင့်တဲ့နေရာမဟုတ်ဘူး.. အခုနေ နောက်ပြန်ဆုတ်မယ်ဆိုရင် ငါကိုယ်တော်က ဒီအပြစ်တွေကို မေ့ပေးလိုက်မယ်”

သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် အလွန်တရာပင် လျှို့ဝှက်ဆန်းကြယ်ပြီး ဟင်းလင်းပြင်ဝေလငါးဘုရင်သည်ပင် အနိုင်ယူရန် မသေချာပေ။

ထို့ကြောင့် အနက်ရောင်ဝတ်စုံဝတ်လူငယ်က နောက်ဆုတ်ရန် ဆန္ဒရှိသရွေ့ ဟင်းလင်းပြင်ဝေလငါးဘုရင်သည် ရန်သူ မဖြစ်လိုခဲ့ချေ။

သို့ရာတွင် အနက်ရောင်ဝတ်စုံဝတ် လူငယ်က ဟင်းလင်းပြင်ပင်လယ်ကို ဖြတ်ကျော်ရုံသာ ဖြစ်သည်ဟု ပြောသော်လည်း သူ့တွင် အခြား ရည်ရွယ်ချက်ရှိမရှိ မသိနိုင်ပေ။

ထို့ကြောင့်လည်း ဟင်းလင်းပြင် ဝေလငါးဘုရင်သည် အနက်ရောင်ဝတ်စုံဝတ် လူငယ်ကို ဟင်းလင်းပြင်ပင်လယ် ထဲသို့ ဆက်လက် ဝင်ရောက်သွားခြင်းကို မလိုလားခဲ့ချေ။

ဟင်းလင်းပြင် ဝေလငါးဘုရင်၏ စကားကို ကြားလိုက်ရလျှင် ကျန်းချန်၏ မျက်ဝန်းများသည် ကျဥ်းမြောင်းသွားခဲ့သည်။

“ကြည့်ရတာ မင်းက ငါ့ကို သွားခွင့်ပေးဖို့ ရည်ရွယ်ချက်မရှိဘူး ထင်တယ်”

ဟင်းလင်းပြင် ဝေလငါးဘုရင်က နှာ‌ခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်သည်။

“မင်းက ငါကိုယ်တော်ရဲ့ နယ်မြေထဲမှာ ဟင်းလင်းပြင်သားရဲအများအပြားကို သတ်ဖြတ်ခဲ့ပြီး ငါကိုယ်တော်ရဲ့ စတုတ္ထညီနောင်ကိုလည်း ဒဏ်ရာရအောင် လုပ်ခဲ့တယ်.. ငါကိုယ်တော်က အဲဒါတွေကို ဂရုမစိုက်ဘဲ မင်းကို လွှတ်ပေးနေတာက မင်းကို မျက်နှာသာ အများကြီးပေးထားတာပဲ”

“ဒီတော့ မင်းကိုတောင် ငါက ကျေးဇူးတင်ရဦးမယ်ပေါ့.. ဟုတ်လား”

ကျန်းချန်က ဟင်းလင်းပြင် ဝေလငါးဘုရင်ကို မထီမဲ့မြင်ကြည့်လိုက်သည်။

“မင်းသဘောတူသည်ဖြစ်စေ မတူသည်ဖြစ်စေ.. ငါအနေနဲ့ ဒီဟင်းလင်းပြင်ပင်လယ်ကို ဖြတ်သန်းရမှာပဲ.. မင်းသဘောမတူတော့လည်း မင်းသဘောတူလာတဲ့ အထိ တိုက်ခိုက်ပေးရတာပေါ့”

စကားဆုံးသည်နှင့် ကျန်းချန်၏ ခန္ဓာကိုယ် အတွင်းမှ ဓားလမ်းစဥ် အရင်းအမြစ် မူလစွမ်းအားများသည် သူ၏ လက်ထဲရှိ ရှေးဟောင်းရွှေရောင်ဓား ထံသို့ အားလုံး စုစည်းသွားခဲ့သည်။

ထို့နောက်တွင် ကျန်းချန်က ဓားကွက်တစ်ကွက်ကို ထုတ်ဖော်လိုက်ရာ ပေထောင်ချီ ရှည်လျားသော ဓားအလင်းသည် ရှေးဟောင်းရွှေရောင်ဓား ထံကနေ ထွက်ပေါ်လာခဲ့သည်။

ထိုဓားအလင်းသည် ကမ္ဘာဦး ဓားသခင်၏ လက်စွဲတော်နတ်ဓား ကဲ့သို့ပင် ကောင်းကင်ယံကို ဖြတ်သန်းသွားခဲ့သည်။

“ရွှစ်..”

ပေထောင်ချီ ရှည်လျားသော ဓားအလင်းသည် ကောင်းကင်ယံကို ဖြတ်သန်းသွားခဲ့ပြီး ဟင်းလင်းပြင်ပင်လယ် အထက်ရှိ မြူခိုးများဖြင့် ပြည့်နှက်နေသော ကောင်းကင်ယံကို အလယ်ကနေ နှစ်ပိုင်း ထိုးခွဲပစ်လိုက်သည်။

ထိုတောက်ပသော ရွှေရောင်ဓားအလင်းသည် တစ်ကမ္ဘာလုံးကိုပင် နှစ်ပိုင်းခွဲပစ်တော့မည့် အလား ထင်မှတ်ရ၏။

ဤအခိုက်အတန့်တွင် ဟင်းလင်းပြင် ဝေလငါးဘုရင်သည် ကျန်းချန်၏ တုန်လှုပ်ဖွယ်ဓားချက်ကို ကြည့်ကာ ထိတ်လန့်သွားခဲ့သည်။

သူ့ရှေ့မှ ကောင်လေးကို စတင် မြင်လိုက်သည့်အချိန်ကတည်းကပင် ထိုကောင်လေးသည် အလွန်တရာ ထူးခြားမှန်း ခံစားခဲ့ရသော်လည်း ဤမျှအထိ အစွမ်းထက်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

သူ၏ ခွန်အားဖြင့်ပင် ထိုဓားချက်ကနေ အန္တရာယ်ရှိသည့် အရှိန်အဝါကို ခံစားလိုက်ရသည် မဟုတ်ပါလော။

ဟင်းလင်းပြင် ဝေလငါးဘုရင်သည် တုံ့ဆိုင်းမနေရဲတော့ဘဲ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ရာ ကြောက်မက်ဖွယ်ရာကောင်းသော အနက်ရောင် လေဆင်နှာမောင်းမုန်တိုင်း တစ်ခုသည် ၎င်း၏ ပါးစပ်ကနေ ထွက်ပေါ်လာခဲ့ပြီး ကမ္ဘာကြီးကိုပင် ဖျက်ဆီး‌တော့မည့် အလား ထင်မှတ်ရသော ကျန်းချန်၏ ဓားချက်ကို ထိပ်တိုက် ရင်ဆိုင်လိုက်၏။

ကျယ်လောင်သော အသံကို ကြားလိုက်ရပြီးနောက်တွင် အနက်ရောင် လေဆင်နှာမောင်းမုန်တိုင်းသည် ရွှေရောင်ဓားအလင်းနှင့် ထိပ်တိုက် ဆုံတွေ့သွားခဲ့သည်။

ထာဝရဟင်းလင်းပြင်ထဲတွင် ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားနှစ်ခုသည် တစ်ခုနှင့်တစ်ခု ယှက်နွှယ်ကာ ထိပ်တိုက် ရင်ဆိုင်နေကြပြီး ထိုတိုက်ပွဲကို ဗဟိုပြု၍ ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအင်လှိုင်းဂယက်များသည် အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားခဲ့သည်။

ဤအခိုက်အတန့်တွင် အနီးနားရှိ မရေမတွက်နိုင်သော ဟင်းလင်းပြင် သားရဲများသည် စွမ်းအင် ရိုက်ခတ်မှုဒဏ်ကို ခံစားလိုက်ရပြီး ချက်ချင်းဆိုသလိုပင် သေဆုံးသွားကြသည်။

ထိုမြင်ကွင်းကို မြင်လျှင် မြွေဘုရင်သည် အလျင်အမြန်ပင် စူးရှစွာ တွန်ကျူးလိုက်ပြီး ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်သားရဲ အများအပြားကို ဦးဆောင်ကာ အောက်ဘက်သို့ အလျင်အမြန် ငုံ့ဆင်းကာ ရှောင်တိမ်းလိုက်သည်။

အနက်ရောင် လေဆင်နှာမောင်း မုန်တိုင်းသည် ‌ရွှေရောင်ဓားအလင်းနှင့် တစ်ခဏမျှ ထိပ်တိုက် ရင်ဆိုင်ပြီးနောက်တွင် အဆုံးသတ်၌ ရွှေရောင်ဓားအလင်းကို ခံနိုင်ရည် မရှိတော့ဘဲ ချေမှုန်းခံလိုက်ရသည်။

ယင်းနောက်တွင်မူ ရွှေရောင်ဓားအလင်း၏ လက်ကျန်စွမ်းအားသည် ဟင်းလင်းပြင် ဝေလငါးဘုရင်၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက်ပင် သက်ရောက်သွားခဲ့၏။

“ဝုန်း..”

ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာပြီးနောက်တွင် ဟင်းလင်းပြင် ဝေလငါးဘုရင်သည် ကျန်းချန်၏ ဓားချက်ဖြင့် ပေထောင်ချီ အကွာအဝေးအထိ လွင့်စင်သွားခဲ့သည်။

သူ၏ ကြီးမားလှသော ခန္ဓာကိုယ်ပေါ်တွင် ဧရာမဓားဒဏ်ရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ထိုဓားဒဏ်ရာသည် ဟင်းလင်းပြင် ဝေလငါးဘုရင်၏ ကျောကုန်းကို ထိုးဖောက်သွားခဲ့ပြီး ဒဏ်ရာကနေ သွေးများသည် အဆက်မပြတ် ပန်းထွက်လာခဲ့သည်။

ဓားဒဏ်ရာမှ ထွက်ပေါ်လာသော သွေးများသည် ရေတံခွန်တစ်ခု ကဲ့သို့ပင် အောက်ဘက်ရှိ ဟင်းလင်းပြင်ပင်လယ် ထဲသို့ ကျဆင်းသွားခဲ့၏။

“ဒီကောင်လေးက မြေကြီးအရှင် အဆင့်လောက်ပဲ ရှိတာကို ဘယ်လိုလုပ်ပြီး ဒီလောက်အထိ ကြောက်မက်ဖွယ်ရာကောင်းတဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို ပိုင်ဆိုင်ထားရတာလဲ”

ဟင်းလင်းပြင် ဝေလငါးဘုရင်သည် အလွန်အမင်း ထိတ်လန့်သွားခဲ့သည်။

သို့သော်လည်း သူ့အနေဖြင့် အသက်ကို ကောင်းစွာ မရှူရှိုက်ရသေးမီမှာပင် ကျန်းချန်၏ အေးစက်စက် အသံသည် သူ၏ နားထဲသို့ ဝင်ရောက်လာခဲ့သည်။

“ခုနစ်စဥ်ကြယ်ကောင်းကင်ဓားသိုင်း”

ထိုခဏဝယ် ဟင်းလင်းပြင်ပင်လယ်၏ အထက်တွင် ခုနစ်စဥ်ကြယ် ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်ယံအနှံ့ရှိ ကြယ်တာရာစွမ်းအားများသည် တစ်ခဏအတွင်းမှာပင် ဧရာမ ကြယ်တာရာဓား အဖြစ်သို့ စုစည်းသွားခဲ့သည်။

ယင်းနောက်တွင်မူ ဧရာမ ကြယ်တာရာဓားကြီးသည် ယခင်ကထက်ပင် ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားကို သယ်ဆောင်ကာ အောက်ဘက်သို့ ကျဆင်းလာခဲ့၏။

ပို၍ ကြောက်မက်ဖွယ်ရာကောင်းသော ဧရာမ ကြယ်တာရာဓားကို ကြည့်ပြီး ဟင်းလင်းပြင် ဝေလငါးဘုရင်၏ မျက်နှာအမူအရာသည် ပြောင်းလဲသွားခဲ့သည်။

ယင်းနောက်တွင်မူ ဟင်းလင်းပြင် ဝေလငါးဘုရင်သည် အလွန်တရာ ကြောက်မက်ဖွယ်ရာကောင်းသော အနက်ရောင်မိုးကြိုးမုန်တိုင်းများကို ထုတ်ဖော်လိုက်ပြီး မိုင်ပေါင်းထောင်ချီကျယ်ဝန်းသော နေရာလွတ်ကို မိုးကြိုးငရဲနယ်မြေ အဖြစ်သို့ ချက်ချင်းပင် ပြောင်းလဲပစ်လိုက်သည်။

နတ်ဘုရင် ပထမအဆင့် ကျင့်ကြံသူ ဖြစ်နေလျှင်ပင် ထိုနယ်မြေထဲသို့ ဝင်ရောက်လိုက်သည်နှင့် တစ်ခဏအတွင်းမှာပင် ဝါးမျိုခံရကာ ပျောက်ကွယ်သွားလိမ့်မည် ဖြစ်၏။

သို့ရာတွင် ဟင်းလင်းပြင် ဝေလငါးဘုရင် ထုတ်ဖော်လိုက်သော မိုးကြိုးငရဲနယ်မြေ၏ စွမ်းအားသည် ပြင်းထန်သော်လည်း ကောင်းကင်ယံကနေ ကျဆင်းလာသော ဧရာမကြယ်တာရာဓားကို ခုခံရန် ခက်ခဲနေဆဲပင်။

တစ်ခဏအတွင်းမှာပင် ဧရာမ ကြယ်တာရာဓားသည် အောက်ဘက်သို့ ကျဆင်းလာခဲ့ပြီး ဟင်းလင်းပြင် ဝေလငါးဘုရင် ထုတ်ဖော်ထားသော မိုးကြိုးငရဲနယ်မြေကို တိုက်ရိုက်ပင် ချေမှုန်းပစ်လိုက်သည်။

ထို့နောက်တွင်မူ ဧရာမ ကြယ်တာရာဓားကြီးသည် ဟင်းလင်းပြင် ဝေလငါးဘုရင်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားခဲ့၏။

“အား..”

ဟင်းလင်းပြင်ဝေလငါးဘုရင်က နာကျင်စွာ အော်ဟစ်လိုက်သည်။

၎င်း၏ ကြီးမားလှသော ခန္ဓာကိုယ်သည် ဧရာမကြယ်တာရာဓား၏ ခုတ်ပိုင်းခြင်းကို ခံလိုက်ရပြီး အောက်ဘက်ရှိ ဟင်းလင်းပြင်ပင်လယ်ထဲသို့ ပြုတ်ကျသွားခဲ့ရာ မိုင်ပေါင်းထောင်ချီ ကျယ်ဝန်းသော ဟင်းလင်းပြင်ပင်လယ်ကို အတောမသတ်အောင် လှုပ်ခတ်သွားစေခဲ့သည်။

ထိုအခိုက်အတန့်တွင် ဟင်းလင်းပြင်ပင်လယ်ထဲရှိ မရေမတွက်နိုင်သော အားနည်းသည့် ဟင်းလင်းပြင်သားရဲများသည် ရုတ်တရက် ပေါက်ကွဲထွက်လာသော ကြောက်မက်ဖွယ်ရိုက်ခတ်မှုဒဏ်ကို ခံနိုင်ရည်မရှိဘဲ ဟင်းလင်းပြင်ပင်လယ်ထဲတွင် သေဆုံးသွားခဲ့ကြသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် မူလက မီးခိုးရောင်ဖြစ်သော ဟင်းလင်းပြင်ပင်လယ်သည် ဟင်းလင်းပြင်သားရဲများ၏ သွေးများကြောင့် စွဲမက်စရာ အနီရောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ကျန်းချန်က လေထဲကနေ ဖြည်းဖြည်းချင်း ဆင်းသက်လာခဲ့ပြီး ဟင်းလင်းပြင် ဝေလငါးဘုရင်ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။

ထိုခဏဝယ် သူ၏ လက်ထဲရှိ ရှေးဟောင်း ရွှေရောင်ဓားပေါ်တွင် ကြောက်မက်ဖွယ်ရာကောင်းသော ဓားအလင်းတစ်ခုသည် နောက်တစ်ကြိမ် ထပ်မံ ဖြစ်ပေါ်လာခဲ့သည်။

သူ့ရှေ့မှ ဟင်းလင်းပြင် ဝေလငါးဘုရင်သည် လီဆွန်းနတ်ဘုရင် နီးပါး အစွမ်းထက်သည်။

သို့သော်လည်း ကျန်းချန်၏ လက်ရှိအင်အားသည် ကောင်းကင်အရှင် အဆင့်သို့ မထိုးဖောက်ရသေးသော်လည်း ကြယ်လေးပွင့် မြေကြီးအရှင် အစောပိုင်းအဆင့်ကနေ နှောင်းပိုင်းအဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်၏။

ဆိုရလျှင် ယခုအခါတွင် ကျန်းချန်သည် လီဆွန်းနတ်ဘုရင်နှင့် တိုက်ခိုက်စဥ်ကထက် အဆပေါင်းများစွာ ပိုမို သန်မာနေပြီဖြစ်၏။

လီဆွန်းနတ်ဘုရင်နှင့် ရင်ဆိုင်ခဲ့စဥ်က ကျန်းချန်သည် ရှေးဟောင်းရွှေရောင်ဓားနှင့် နတ်ခန္ဓာပုံရိပ် ဖြစ်သည့် လူသားဧကရာဇ်ဓားကို ပေါင်းစပ်ကာ လီဆွန်းနတ်ဘုရင်ကို အသေအလဲ ရင်ဆိုင်ပြီးမှသာ အနိုင်ရခဲ့၏။

ယခုအချိန်တွင် လီဆွန်းနတ်ဘုရင်နှင့် ရင်ဆိုင်ရလျှင် ကျန်းချန်သည် လီဆွန်းနတ်ဘုရင်ကို အလွယ်တကူပင် အနိုင်ယူနိုင်စွမ်း ရှိနေခဲ့ချေပြီ။

လေထဲတွင် လမ်းလျှောက်လာသော ကျန်းချန်ကို ကြည့်ရင်း ဟင်းလင်းပြင် ဝေလငါးဘုရင်သည် အလွန်အမင်း ကြောက်ရွံ့နေခဲ့သည်။

ဤဟင်းလင်းပြင်ပင်လယ်၏ အင်အား အကောင်းဆုံး ဟင်းလင်းပြင်သားရဲဘုရင် အနေဖြင့် ဟင်းလင်းပြင်ဝေလငါးဘုရင်သည် နှစ်ပေါင်းများစွာ အတွင်း ဤမျှလောက် ပြင်းထန်သော ဒဏ်ရာမျိုးကို တစိကြိမ်တစ်ခါမျှ မရရှိခဲ့ဖူးပေ။

သို့သော်လည်း ကျန်းချန်နှင့် ရင်ဆိုင်ရသော အခိုက်အတန့်တွင် ကျန်းချန်၏ ခန္ဓာကိုယ်ကနေ သေခြင်းတရား၏ အရိပ်အငွေ့ကို အမှန်တကယ်ပင် သူခံစားလိုက်ရသည်။

အခန်း(၂၁၅၃)ပြီး၏။

အခန်း(၂၁၅၄)

“လူသားကောင်လေး.. ရပ်လိုက်ပါ”

ကျန်းချန်၏ ဓားချက်ကို အလွန်အမင်း ကြောက်လန့်နေပြီ ဖြစ်သော ဟင်းလင်းပြင် ဝေလငါးဘုရင်သည် ထိတ်လန့်တကြားဖြင့် အလျင်အမြန် အော်ဟစ်လိုက်သည်။

“မင်း ဒီနေရာမှာပဲ ရပ်လိုက်မယ်ဆိုရင် ငါကိုယ်တော်က မင်းကို ဟင်းလင်းပြင်ပင်လယ်ထဲ ဖြတ်သန်းခွင့်ပေးမယ်.. ဒီလိုမှမဟုတ်ဘဲ မင်းက ငါကိုယ်တော်ကို အတင်းအကျပ် ဖိအားပေးမယ် ဆိုရင်တော့ ဘယ်သူ့အတွက်မှ ကောင်းမှာမဟုတ်ဘူး”

ထိုအခိုက်အတန့်တွင် ဟင်းလင်းပြင် ဝေလငါးဘုရင်သည် ကျန်းချန်ကို အလျှော့ပေးရန် ရွေးချယ်လိုက်သည်။

သူ့ရှေ့မှ လူသားကောင်လေးသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလွန်းလှ၏။

လူသားကောင်လေးသည် ဓားချက် နှစ်ချက်တည်းဖြင့်ပင် သူ့ကို ဒဏ်ရာ အပြင်းအထန်ရရှိအောင် လုပ်ဆောင်နိုင်ခဲ့သည်။

အကယ်၍ ဤအတိုင်းသာ ဆက်သွားနေလျှင် ယနေ့တွင် သူ့အနေဖြင့် ထိုကောင်လေး၏ လက်ထဲ၌ အမှန်တကယ် ကျဆုံးသွားနိုင်ခြေ ရှိနေခဲ့သည် မဟုတ်ပါလား။

ကျန်းချန်က ဟင်းလင်းပြင် ဝေလငါးဘုရင်ကို အေးစက်စက်ကြည့်ကာ ပြောလိုက်၏။

“ထွက်သွားလိုက်တော့.. ငါ့ရဲ့မျက်စိရှေ့မှာ ဘယ်လိုဟင်းလင်းပြင်သားရဲကိုမှ မမြင်ချင်ဘူး”

ဤဟင်းလင်းပြင် ဝေလငါးဘုရင်သည် အင်အားမသေးပေ။

သူက ဟင်းလင်းပြင် ဝေလငါးဘုရင်ကို အလွယ်တကူ နှိမ်နင်းနိုင်ခဲ့သော်လည်း ၎င်းကို ပြန်လည်တိုက်ခိုက်ရန် အတင်းအကျပ် ဖိအားပေးခဲ့လျှင် သူ့အနေဖြင့် အားစိုက်ထုတ်မှုများစွာ ပြုလုပ်ရပေလိမ့်မည်။

ထို့အပြင် ဟင်းလင်းပြင် ဝေလငါးဘုရင်သည် ဟင်းလင်ပြင်ပင်လယ်၏ အရှင်သခင် ဖြစ်ပြီး ဟင်းလင်းပြင်ပင်လယ်ရှိ ဟင်းလင်းပြင်သားရဲ အားလုံးကို အမိန့်ပေးနိုင်စွမ်းရှိသည်။

ဟင်းလင်းပြင် ဝေလငါးဘုရင် အမိန့်တစ်ခု ပေးလိုက်သည်နှင့် ဟင်းလင်းပြင်ပင်လယ်၏ ကြောက်မက်ဖွယ်ရာ အ‌ကောင်းဆုံး ဟင်းလင်းပြင် သားရဲလှိုင်းကို စတင်နိုင်ပြီး ယင်းသည် ကျန်းချန် အတွက် အလွန်တရာ အလုပ်ရှုပ်စရာ ဖြစ်လာပေလိမ့်မည် မဟုတ်ပါလား။

သူ့ခရီးစဥ်၏ ရည်ရွယ်ချက်မှာ ဟင်းလင်းပြင်ပင်လယ်ကို ဖြတ်ကျော်ပြီး ထာဝရဘုရားကျောင်းတော်၏ အ‌ရှေ့ဘက်ပင်မခန်းမသို့ ပိုမိုမြန်ဆန်စွာ ရောက်ရှိရန် ဖြစ်ရာ ဤနေရာရှိ ဟင်းလင်းပြင်သားရဲများနှင့် တိုက်ခိုက်နေစရာ မလိုအပ်ပေ။

ကျန်းချန်က ဆက်လက် တိုက်ခိုက်ခြင်းမရှိတော့သည့်ကို မြင်လျှင် ဟင်းလင်းပြင် ဝေလငါးဘုရင်သည် အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။

ယင်းနောက်တွင်မူ သူက လုံးဝ တုံ့ဆိုင်းမနေတော့ပေ။

သူ၏ ကြီးမားလှသော ခန္ဓာကိုယ်သည် ကျန်းချန်၏ မြင်ကွင်းကနေ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့၏။

တစ်ချိန်တည်းမှာပင် မြွေဘုရင် အပါအဝင် အခြားသောဟင်းလင်းပြင် သားရဲများသည်လည်း ဟင်းလင်းပြင်ပင်လယ်၏ အနက်ရှိုင်းဆုံး နေရာဆီသို့ အလျင်အမြန်ပင် ငုံ့ဆင်းသွားကြသည်။

တစ်ခဏအတွင်းမှာပင် အောက်ဘက်ရှိ ဟင်းလင်းပြင်ပင်လယ်သည် လုံးဝကို ငြိမ်သက်သွားခဲ့၏။

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ‌ ပြောလိုက်သည်။

“သွားကြစို့.. အခုလောက်ဆို ဟင်းလင်းပြင်ပင်လယ်ကို အေးအေးဆေးဆေး ဖြတ်ကျော်လို့ရပြီ”

“သခင်.. ဟင်းလင်းပြင်ပင်လယ်ရဲ့ အရှင်သခင်ကို သခင်က မောင်းထုတ်လိုက်ပြီ ဆိုတော့ သခင့်အနေနဲ့ သိပ်မကြာခင်မှာ ဟင်းလင်းပြင်ပင်လယ်ကို ဖြတ်ကျော်ပြီး ထာဝရဘုရားကျောင်းတော်ရဲ့ အရှေ့ဘက်ပင်မခန်းမကို ရောက်နိုင်ပါလိမ့်မယ်.. ဒါကြောင့် ကျွန်တော့်အနေနဲ့ သခင့်ရဲ့နောက်ကို ဆက်လိုက်နေဖို့ မလိုအပ်တော့ဘူး ထင်ပါတယ်.. ကျွန်တော် ဟင်းလင်းပြင်နွားနတ်ဆိုး မျိုးနွယ်စုဆီကို ပြန်သွားလို့ရမလား”

ထိုအခိုက်အတန့်တွင် နျူကန်၏ အသံသည် ကျန်းချန်၏ ကျောဘက်ကနေ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ကျန်းချန်က ရပ်တန့်လိုက်ပြီး နျူကန်ကို လှည့်ကြည့်လိုက်သည်။

“မင်းကို ဟင်းလင်းပြင်နွားနတ်ဆိုး မျိုးနွယ်စုဆီ ပြန်လွှတ်ပေးစေချင်တာလား”

သူက နျူကန်ကို ထိန်းချုပ်ပြီး သူနှင့်အတူ ခေါ်လာရသည့်အကြောင်းအရင်းမှာ နျူကန်က သူ့ကို ဟင်းလင်းပြင်ပင်လယ်ထဲသို့ တမင်တကာ ခေါ်ဆောင်သွားပြီး လှည့်ကွက်များ မပြုလုပ်နိုင်ရန် အတွက် ဖြစ်သည်။

ယခု သူက ဟင်းလင်းပြင်ပင်လယ်၏ ပြဿနာကို လုံးဝဖြေရှင်းပြီးပြီ ဖြစ်ရာ နျူကန်ကို အနားတွင်‌ ခေါ်ထားရန် မလိုအပ်တော့ပေ။

ထို့အပြင် ဟင်းလင်းပြင်ပင်လယ်ကို ဖြတ်ကျော်ပြီးသည်နှင့် သူက ထာဝရဘုရားကျောင်း၏ အရှေ့ဘက် ပင်မခန်းမသို့ ရောက်ရှိတော့မည် ဖြစ်သည်။

အကယ်၍ သူသာ ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စု၏ အဖွဲ့ဝင်တစ်ဦး ဖြစ်သော နျူကန်ကို ခေါ်ဆောင်လာခဲ့လျှင် ပြဿနာတက်လာနိုင်သည် မဟုတ်ပါလော။

“သခင်.. ကျွန်တော့်ကို ဟင်းလင်းပြင် နွားနတ်ဆိုး မျိုးနွယ်စုဆီ ပြန်လွှတ်ပေးမယ်ဆိုရင် ဟင်းလင်းပြင် နတ်ဆိုး မျိုးနွယ်စုထဲမှာ သခင့်ရဲ့ အတွင်းလူအဖြစ်နဲ့ နေထိုင်ပြီး ကျွန်တော့်ရဲ့ ဟင်းလင်းပြင် နွားနတ်ဆိုး မျိုးနွယ်စုဝင်တွေကိုလည်း သခင့်ဆီမှာ အညံ့ခံဖို့ အတွက် ကျွန်တော် အစွမ်းကုန် ဖျောင်းဖျပေးပါ့မယ်”

နျူကန်သည် အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ကာ လေးနက်စွာ ပြောလိုက်သည်။

“ကျွန်တော့်အနေနဲ့ သခင့်ကို တောင်းဆိုစရာ တစ်ခုတော့ ရှိပါတယ်.. အဲဒါက ကျွန်တော်တို့ ဟင်းလင်းပြင် နွားနတ်ဆိုးမျိုးနွယ်စုကို နတ်ကုန်းမြေတိုက်မှာ နေထိုင်ဖို့အတွက် သခင်က နေရာတစ်ခု ပေးစေချင်တာပါ”

ထိုဆုံးဖြတ်ချက်ကို နျူကန်သည် အသေအချာ စဥ်းစားပြီးမှ ချမှတ်ခဲ့သည်မှာ ထင်ရှားသည်။

ထာဝရဟင်းလင်းပြင်နှင့် နှိုင်းယှဥ်လျှင် နတ်ကုန်းမြေတိုက်သည် ကဏ္ဍပေါင်းစုံတွင် ပိုမို သာလွန်၍ ကောင်းမွန်၏။

ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုက နတ်ကုန်းမြေတိုက်ကို တိုက်ခိုက်ခဲ့သည့် ရည်ရွယ်ချက်မှာလည်း ပိုမို ကောင်းမွန်သော နေရာတစ်ခုကို ရရှိရန် ဖြစ်သည်။

သို့ရာတွင် ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုက အင်အားကြီးမားသော်လည်း နတ်ကုန်းမြေတိုက်ရှိ ကျင့်ကြံသူများသည် သာမန် ကျင့်ကြံသူများ မဟုတ်ကြပေ။

မဟာကပ်ဘေးကြီး ဖြစ်ပွားပြီးနောက် နတ်ကုန်းမြေတိုက်၏ အားအနည်းဆုံး အချိန်မှာပင် ဟင်းလင်းပြင် နတ်ဆိုး မျိုးနွယ်စုသည် နတ်ကုန်းမြေတိုက်ကို သိမ်းပိုက်နိုင်ခြင်း မရှိခဲ့ပေ။

ယခုအခါတွင် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုသည် နတ်ကုန်းမြေတိုက်သို့ စစ်ချီရန် ပြင်ဆင်နေခဲ့ပြီ ဖြစ်သော်လည်း နတ်ကုန်းမြေတိုက်ကို ကျူးကျော်နိုင်ရန်မှာ လွယ်ကူသော ကိစ္စ မဖြစ်နိုင်ချေ။

လက်ရှိတွင် သူက ကျန်းချန်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေခဲ့ပြီ ဖြစ်သည်။

အစောပိုင်းတွင် ကျန်းချန် ပြသခဲ့သော ကြောက်မက်ဖွယ် အလားအလာများ အရ အနာဂတ် နတ်ကုန်းမြေတိုက်ကို လွှမ်းမိုးနိုင်မည့် အစွမ်းထက် ပုဂ္ဂိုလ်တစ်ပါး ဖြစ်လာမည်မှာ သေချာသလောက်ပင်။

အကယ်၍ သူက ဟင်းလင်းပြင် နွားနတ်ဆိုး မျိုးနွယ်စုကို ဦးဆောင်ပြီး ကျန်းချန်ထံတွင် အညံ့ခံခဲ့လျှင် နတ်ကုန်းမြေတိုက်၌ ဟင်းလင်းပြင်နွားနတ်ဆိုး မျိုးနွယ်စု အတွက် နေထိုင်စရာ နေရာတစ်ခုကို ရှာဖွေနိုင်မည် မဟုတ်ပါလား။

သို့ဖြစ်ရာ ကျန်းချန်ထံတွင် အညံခံခြင်းသည် လက်မခံနိုင်သော ကိစ္စတစ်ခု မဟုတ်ပေ။

“ဒါဆိုလည်း ဟင်းလင်းပြင် နွားနတ်ဆိုးမျိုးနွယ်စု ဆီကို ပြန်သွားလိုက်ပါ”

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

“မင်းသာ ဟင်းလင်းပြင် နွားနတ်ဆိုးမျိုးနွယ်စုကို အမှန်တကယ် လက်နက်ချစေမယ် ဆိုရင် နတ်ကုန်းမြေတိုက်မှာ မင်းတို့ နေထိုင်ဖို့ နေရာတစ်ခု ရှိစေရမယ်လို့ ငါအာမခံတယ်”

ယခုအခါတွင် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုသည် လှုပ်ရှားရန် အသင့်ဖြစ်နေခဲ့ပြီ ဖြစ်ရာ နတ်ကုန်းမြေတိုက်နှင့် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုတို့ အကြားရှိ တိုက်ပွဲသည် သိပ်မကြာမီတွင် ပြန်လည် ဖြစ်ပွားတော့မည်မှာ သေချာသလောက်ပင်။

သူက ဟောင်ထျန်းဓားဂိုဏ်း စောင့်ကြပ်နေသော နတ်ဆိုးတားမြစ်နယ်မြေ ထဲတွင် နယ်ရုပ် တစ်ရုပ်ကို ချမှတ်ထားပြီးပြီ ဖြစ်သည်။

အကယ်၍ ဟင်းလင်းပြင်နွားနတ်ဆိုး မျိုးနွယ်စုက စိတ်ပြောင်းသွားလျှင်ပင် သူ့အတွက် များစွာ ထိခိုက်မည် မဟုတ်ချေ။

“ကျေးဇူးတင်ပါတယ် သခင်”

နျူကန်က အလွန်အမင်း ဝမ်းသာသွားခဲ့ပြီး ကျန်းချန်ကို ဦးညွှတ် အရိုအသေပေးလိုက်ကာ ဆန့်ကျင်ဘက် အရပ်ဆီသို့ ဦးတည်၍ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

ကျန်းချန်က နျူကန် ပျောက်ကွယ်သွားသည့် အရပ်ကို တစ်ချက် ကြည့်လိုက်ပြီးနောက်တွင် ချက်ချင်းဆိုသလိုပင် ဟင်းလင်းပြင် ပင်လယ်၏ အခြားတစ်ဖက်သို့ လျင်မြန်သို့ ပြေးထွက်သွားခဲ့သည်။

ဟင်းလင်းပြင်ပင်လယ်သည် ကျန်းချန် ထင်ထားသည်ထက်ပင် ပိုမို၍ ကျယ်ဝန်း၏။

အကယ်၍ နျူကန်သာ ဟင်းလင်းပြင်နွားနတ်ဆိုး မျိုးနွယ်စုကို ဦးဆောင်ပြီး သူ့ထံတွင် အညံ့ခံခဲ့လျှင် နောင်လာမည့်တိုက်ပွဲတွင် အလွန်အရေးပါသော အခန်းကဏ္ဍကနေ ပါဝင်လာမည်မှာ သေချာ၏။

ကျန်းချန်၏ လက်ရှိ အရှိန်အဟုန်ဖြင့်ပင် မည်သည့်အတားအဆီးမှ မရှိသော ဟင်းလင်းပြင်ပင်လယ်ကို ဖြတ်ကျော်ရန် နေ့တစ်ဝက်ခန့် ကြာမြင့်ခဲ့သည်။

ဟင်းလင်းပြင်ပင်လယ်ကို ဖြတ်ကျော်ပြီးနောက်တွင် ကျန်းချန်သည် ထာဝရဟင်းလင်းပြင်ထဲတွင် ရက်အနည်းငယ်ကြာ ခရီးဆန့်ခဲ့သည်။

အဆုံးသတ်တွင်မူ ထာဝရဟင်းလင်းပြင်ထဲတွင် ထီးထီးကြီးတည်ရှိနေသော ကြီးမားလှသော နန်းတော်ကြီး တစ်ခုသည် ကျန်းချန်၏ မြင်ကွင်းထဲတွင် ပေါ်လာခဲ့၏။

“နောက်ဆုံးတော့ ထာဝရဘုရားကျောင်းရဲ့ ပင်မခန်းမခကို ရောက်လာခဲ့ပြီ”

သူ၏ မြင်ကွင်းထဲတွင် ပေါ်လာသော နန်းတော်ကို ကြည့်ရင်း ကျန်းချန်၏ မျက်နှာထက်တွင် ခပ်ယဲ့ယဲ့အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

သူက လုံးဝ တုံ့ဆိုင်းမနေတော့ဘဲ အရှိန်အဟုန်ကို တိုက်ရိုက်ပင် မြှင့်တင်လိုက်ပြီး သူ၏ ရှေ့မှ နန်းတော် ဆီသို့ ပျံသန်းသွားခဲ့သည်။

အမွှေးတိုင် တစ်တိုင်ထွန်းစာ အချိန်ကုန်လွန်ပြီးနောက်တွင် ကျန်းချန်သည် ထိုနန်းတော်နှင့် မိုင်ပေါင်း တစ်ထောက်အောက် အကွာအဝေးသို့ အဆုံးသတ်၌ ရောက်ရှိလာခဲ့၏။

ထာဝရဘုရားကျောင်း၏ ပင်မခန်းမ လေးခုထဲမှ တစ်ခုဖြစ်သော အရှေ့ဘက်ဒေသ ပင်မခန်းမသည် သဘာဝကျစွာပင် အလွန်တရာ ခမ်းနားထည်ဝါလှ၏။

သို့သော်လည်း ကျန်းချန်ကို ဇဝေဇဝါ ဖြစ်စေခဲ့သည့် တစ်ခုတည်းသော အချက်မှာ အရှေ့ဘက်ဒေသ ပင်မခန်းမတွင် အတွေ့အကြုံများ ဖြည့်ဆည်းရန် ရောက်လာကြမည့် မရေမတွက်နိုင်သော ကျင့်ကြံသူများ ရှိမနေခြင်းပင်။

ဆိုရလျှင် ယနေ့တွင် အရှေ့ဘက် ပင်မခန်းမသည် တစပြင်နှယ် တိတ်ဆိတ် ငြိမ်သက်နေခဲ့ပြီး အလွန်တရာပင် ခြောက်ကပ်နေခဲ့သည်။

“ဒီအခြေအနေက နည်းနည်းတော့ ထူးဆန်းနေသလိုပဲ”

ကျန်းချန်က စိတ်နှလုံးထဲတွင် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

သူက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး ထာဝရဘုရားကျောင်း၏ အရှေ့ဘက် ပင်မခန်းမ ဆီသို့ ဖြည်းဖြည်းချင်း ချဥ်းကပ်သွားခဲ့သည်။

သူက အရှေ့ဘက်ဒေသ ပင်မခန်းမ၏ မီတာတစ်ထောင်အကွာအဝေးသို့ ရောက်ရှိလာသောအခါတွင် နန်းတော်တံခါးဝအထဲကနေ ပုံရိပ်နှစ်ခုသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

၎င်းတို့က အရှေ့ဘက်‌ ပင်မခန်းမ အနားသို့ ချဥ်းကပ်လာသော ကျန်းချန်ကို ကြည့်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“ကောင်လေး.. ထာဝရဘုရားကျောင်းတော်က လောလောဆယ် ပိတ်ထားတဲ့အတွက် ဘယ်လို ကျင့်ကြံသူကိုမှ ဝင်ခွင့်ပေးမှာ မဟုတ်ဘူး.. လာရာလမ်းအတိုင်းသာ ပြန်သွားလိုက်ပါ”

ထိုစကားကို ကြားလျှင် ကျန်းချန်၏ မျက်ဝန်းများသည် အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။

ထာဝရဘုရားကျောင်းတော်သည် ထာဝရဟင်းလင်းပြင်ရှိ ကျင့်ကြံသူများ အတွက် အတွေ့အကြုံများကို ဖြည့်ဆည်းသည့် မြင့်မြင်သော နေရာတစ်ခု ဖြစ်သည်။

သို့သော်လည်း ယခုအခါတွင်မူ ကျင့်ကြံသူများကို ဝင်ရောက်ခွင့်ပင် တားမြစ်ထားခဲ့၏။

ကြည့်ရသည်မှာ ထာဝရဘုရားကျောင်းတွင် တစ်စုံတစ်ရာကိစ္စကြီးတစ်ခု ဖြစ်ပျက်နေပုံရ၏။

အခန်း(၂၁၅၄)ပြီး၏။

All Chapters