← Chapters

အခန်း (၂၁၅၅-၂၁၅၆)

Vol. 156 Ch. 2155-2156

အခန်း (၂၁၅၅-၂၁၅၆)

Vol. 156 Ch. 2155-2156

အခန်း(၂၁၅၅)

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ကာ လေးနက်သော လေသံဖြင့် မေးလိုက်သည်။

“ညီနောင်နှစ်ယောက် ဒီမှာ ဘာကိစ္စတွေ ဖြစ်နေလို့လဲ”

“ဒီကိစ္စက မင်းနဲ့မဆိုင်ဘူး အမြန်သာ ထွက်သွားလိုက်ပါ”

ထာဝရဘုရားကျောင်း၏ အစောင့်နှစ်ဦးသည် လက်များကို ဝှေ့ယမ်းလိုက်ပြီး ကျန်းချန်ကို နှင်ထုတ်လိုက်သည်။

ကျန်းချန်၏ မျက်ခုံးများသည် အလိုအလျောက်ပင် တွန့်ကွေးသွားခဲ့သည်။

ကျီချန်းယဲ့၏ လုပ်ကြံသတ်ဖြတ်ခြင်းကြောင့် သူက ဆရာ ဖြစ်သူ ပေးထားသည့် လျှို့ဝှက်ဆန်းကြယ်သော ကျောက်စိမ်းတံဆိပ်ပြားကို အသုံးပြုကာ နတ်ကုန်းမြေတိုက်၏ အရှေ့ဘက်ရှိ ထာဝရဟင်းလင်းပြင်သို့ ထွက်ပြေးရုံမှတစ်ပါး အခြား ရွေးချယ်စရာ မရှိခဲ့ပေ။

ကျန်းချန်၏ လက်ရှိ အရှိန်အဟုန်ဖြင့်ပင် နှစ်အနည်းငယ်အတွင်း ရောက်ရှိရန် ခဲယဥ်းလိမ့်မည် ဖြစ်သည်။

နတ်ကုန်းမြေတိုက်၏ အရှေ့ဘက်ခြမ်းရှိ ထာဝရဟင်းလင်းပြင်ကနေ တောင်ဘက်ခြမ်းရှိ ထာဝရဟင်းလင်းပြင်သို့ လှည့်ပတ်၍ သွားနိုင်သော်လည်း ထိုနေရာနှစ်ခုကြားရှိ အကွာအဝေးသည် အလွန်တရာပင် ဝေးကွာလှ၏။

ထို့ကြောင့် သူ့အနေဖြင့် နတ်ကုန်းမြေတိုက်၏ တောင်ဘက်ရှိ ထာဝရဟင်းလင်းပြင်သို့ အမြန်ဆုံး ရောက်ရှိလိုလျှင် တစ်ခုတည်းသော နည်းလမ်းမှာ ထာဝရဘုရားကျောင်းတော်၏ အရှေ့ဘက်ဒေသ ပင်မခန်းမကနေ တောင်ဘက်ပင်မခန်းသို့ တိုက်ရိုက် တည်နေရာ ရွှေ့ပြောင်းရန်ပင် ဖြစ်သည်။

ယခုအခါတွင်မူ အရှေ့ဘက်ဒေသ ပင်မခန်းမတွင် မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို မသိရသလို ကျင့်ကြံသူများကိုပင် ဝင်ရောက်ခွင့်မပေးခဲ့ပေ။

ထိုကိစ္စသည် ကျန်းချန်အတွက်မူ သံသယဖြစ်ဖွယ်ရာမရှိ အလွန်တရာ‌ ခေါင်းခဲဖွယ်ရာကိစ္စ ဖြစ်နေခဲ့၏။

“ညီနောင်နှစ်ယောက်.. ကျန်းချန်က ထာဝရဘုရားကျောင်းတော်ထဲ ဝင်ဖို့ အရမ်း အရေးကြီးတဲ့ကိစ္စတွေ ရှိနေတဲ့အတွက် ညီနောင်နှစ်ယောက် အနေနဲ့ ကျွန်တော့်ကို အဆင်ပြေအောင်လုပ်ပေးမယ်လို့ မျှော်လင့်ပါတယ်”

ထိုစကားကို ပြောလိုက်သည်နှင့်အမျှ ကျန်းချန်သည် တောင်ဘက် ပင်မခန်းမတွင် သူရရှိခဲ့သော အထွတ်အထိပ် ထာဝရ တံဆိပ်ပြားကို ထုတ်ပြလိုက်သည်။

အထွတ်အထိပ် ထာဝရတံဆိပ်ပြားသည် ထာဝရဘုရားကျောင်းတော်၏ အမြင့်ဆုံး တံဆိပ်ပြား ဖြစ်သည်။

ထိုတံဆိပ်ပြားကို ကိုင်ဆောင်ထားသူများသည် ထာဝရဘုရားကျောင်းတော်၏ ပင်မခန်းမမှ အကြီးအကဲများနှင့် အဆင့်အတန်းတူ ဖြစ်သည်ဟု ဆိုကြ၏။

ယခုအခါတွင် ကျန်းချန်သည် အစောင့်နှစ်ယောက်က အထွတ်အထိပ် ထာဝရတံဆိပ်ပြားကို အသိအမှတ်ပြုပြီး သူ့ကို ထာဝရဘုရားကျောင်းတော်ထဲသို့ ဝင်ခွင့်ပေးရန်သာ မျှော်လင့်နေခဲ့သည်။

အကယ်၍ ဝင်ခွင့်မပေးခဲ့လျှင် ကျန်းချန်အတွက် ရွေးချယ်စရာ နှစ်ခုသာလျှင် ကျန်ရှိတော့မည် ဖြစ်၏။

ယင်းမှာ နတ်ကုန်းမြေတိုက်၏ တောင်ဘက်ရှိ ထာဝရဟင်းလင်းပြင်သို့ ခရီးဆန့်ရန် သို့မဟုတ် ထာဝရဘုရားကျောင်းတော်ထဲသို့ အတင်းအကျပ် ဝင်ရောက်ရန်ပင် ဖြစ်သည်။

“အထွတ်အထိပ် ထာဝရတံဆိပ်ပြားပါလား”

ကျန်းချန်၏ လက်ထဲမှ အထွတ်အထိပ် ထာဝရတံဆိပ်ပြားကို မြင်လျှင် ထာဝရဘုရားကျောင်းတော်မှ အစောင့်နှစ်ဦး၏ အမူအရာများသည် အနည်းငယ် ပြောင်းလဲသွားခဲ့ကြသည်။

ကျန်းချန်ကို ကြည့်နေသော သူတို့၏ အကြည့်တွင် ပိုမို၍ ရိုသေလေးစားသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့၏။

“သခင်လေးဆီမှာ အထွတ်အထိပ် ထာဝရတံဆိပ်ပြား ရှိနေတာဆိုတော့ သခင်လေးရဲ့ အဆင့်အတန်းက ထာဝရဘုရားကျောင်းတော်ရဲ့ အကြီးအကဲနဲ့ အဆင့်အတူတူပါပဲ.. သခင်လေးအနေနဲ့ ထာဝရဘုရားကျောင်းတော်ထဲကို အချိန်မရွေးဝင်ရောက်နိုင်ပါတယ်.. သခင်လေးကြွပါ”

“ကျေးဇူးတင်ပါတယ် ညီနောင်တို့”

ကျန်းချန်က သက်ပြင်းတစ်ချက်ကို အသာအယာချလိုက်ပြီးနောက်တွင် စူးစမ်းစွာ မေးလိုက်သည်။

“ထာဝရဘုရားကျောင်းမှာ ဘယ်လိုကိစ္စတွေ ဖြစ်ပျက်နေလို့ ဝင်ခွင့်ကို တားမြစ်ထားလဲဆိုတာ သိပါရစေ”

ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုက လှုပ်ရှားဖို့ အသင့်ဖြစ်နေခဲ့ပြီး ထာဝရဘုရားကျောင်းတော်ကို တိုက်ခိုက်မဲ့ လက္ခဏာတွေ ရှိနေတယ်.. ဒါကြောင့် ထာဝရဘုရားကျောင်းတော်က တိုက်ပွဲအတွက် ပြင်ဆင်ဖို့ ဝင်ခွင့်ကို တားမြစ်ထားလိုက်ရတာပဲ”

အ‌စောင့်တစ်ဦးက ပြန်လည် ဖြေကြားခဲ့သည်။

ထိုစကားကိုကြားလျှင် ကျန်းချန်သည် အနည်းငယ် မှင်တက်သွားခဲ့၏။

အစောပိုင်းက နျူကန်သည် ဟင်းလင်းပြင်ပင်လယ်သို့ သွားရောက်ကာ ဟင်းလင်းပြင်ပင်လယ်မှ သားရဲများနှင့် ပူးပေါင်းပြီး ထာဝရဘုရားကျောင်းတော်၏ အ‌ရှေ့ဘက်ဒေသ ပင်မခန်းမကို တိုက်ခိုက်ရန် စီစဥ်ထားခဲ့သည်။

အကယ်၍ သူသာ နျူကန်နှင့် မတွေ့ဆုံခဲ့လျှင် ထာဝရဘုရားကျောင်းတော်၏ အ‌ရှေ့ဘက်ဒေသ ပင်မခန်းမသည် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ တိုက်ခိုက်ခြင်းကို အမှန်တကယ်ပင် ခံရနိုင်ခြေ ရှိ၏။

ထာဝရဘုရားကျောင်းတော်၏ အရှေ့ဘက်ဒေသ ပင်မခန်းမသည် သတင်းအချို့ကို ရရှိခဲ့ပြီး တိုက်ပွဲကို ကြိုတင် ပြင်ဆင်နေပုံရသည်။

ထို့နောက်တွင် ကျန်းချန်က သူ၏အတွေးများကို ရှင်းထုတ်လိုက်ကာ အစောင့်နှစ်ဦးကို ကြည့်၍ မေးလိုက်သည်။

“ကျွန်တောင်က တောင်ဘက်ပင်မခန်းကို သွားဖို့အတွက် အရှေ့ပိုင်းဒေသပင်မခန်းမရဲ့ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို အသုံးပြုချင်တယ်.. အခုလို အချိန်မှာ အဆင်ပြေပါ့မလား”

“ကျွန်တော် သခင်လေးကို အကြီးအကဲနဲ့ တွေ့ဖို့ ခေါ်သွားပေးပါ့မယ်.. အခုလောလောဆယ် အရှေ့ဘက်ဒေသ ပင်မခန်းမကိစ္စအားလုံးကို အကြီးအကဲကပဲ တာဝန်ယူထားတယ်”

အစောင့်တစ်ဦးက ထိုစကားကို ပြောလိုက်ပြီးနောက်တွင် ကျန်းချန်ကို ထာဝရဘုရားကျောင်းတော်ထဲသို့ တိုက်ရိုက်ပင် ခေါ်ဆောင်သွားခဲ့သည်။

သိပ်မကြာခင်မှာပင် အစောင့်သည် ကျန်းချန်ကို ထာဝရဘုရားကျောင်းတော်၏ အလယ်ဗဟိုရှိ ခန်းမတစ်ခု ဆီသို့ ခေါ်ဆောင်သွားခဲ့၏။

ခန်းမအတွင်း၌ အနက်ရောင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည့် သန်မာထွားကျိုင်းသော လူလတ်ပိုင်း ကျင့်ကြံသူတစ်ဦးသည် သူ၏ အရှေ့ရှိ ကျယ်ပြန့်သော မြေပုံတစ်ခုကို စူးစိုက်ကြည့်နေခဲ့သည်။

သူ၏ အမူအရာက တစ်စုံတစ်ရာကို လေးလေးနက်နက် တွေးတောနေပုံရ၏။

ကျန်းချန်က အနက်ရောင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် ကျင့်ကြံသူကို အကဲခတ်လိုက်ရာ ထိုလူ၏ ခန္ဓာကိုယ်ကနေ နတ်ဘုရင် အရှိန်အဝါကို ခံစားမိလိုက်သည်။

ဤအနက်ရောင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် ကျင့်ကြံသူသည် မဟာလမ်းစဥ်ကို နားလည်ထားသည့် နတ်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦးဖြစ်သည်မှာ ထင်ရှားနေခဲ့သည်။

ကျန်းချန်က ရုတ်တရက် အံ့အားသင့်သွားခဲ့၏။

တောင်ဘက် ပင်မခန်းမတွင် ရှိစဥ်က ကျန်းချန်သည် နတ်ဘုရင်တစ်ပါး၏ အရှိန်အဝါကိုသာ ခံစားခဲ့ရပြီး တောင်ဘက်ပင်မခန်းမ၏ ခန်းမသခင် ပင်လျှင် နတ်ဘုရင်အဆင့်သို့ မရောက်ရှိသေးချေ။

ယခုအခါတွင် သူ့ရှေ့မှ အနက်ရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသော အသက်လတ်ပိုင်းအရွယ် ကျင့်ကြံသူသည် အရှေ့ဘက်ဒေသ ပင်မခန်းမ၏ အကြီးအကဲ တစ်ဦး ဖြစ်ပုံရသော်လည်း နတ်ဘုရင်အဆင့် ကျင့်ကြံသူ ဖြစ်နေခဲ့သည်။

ဤအချက်ကနေ ထာဝရဘုရားကျောင်းတော်၏ အင်အားသည် တောင်ဘက် ပင်မခန်းမထက် အဆပေါင်းများစွာ ပိုမိုအားကောင်းနေမှန်း ထင်ရှားနေခဲ့၏။

ကျန်းချန်က အနက်ရောင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် ကျင့်ကြံသူကို ကြည့်နေစဥ်မှာပင် အနက်ရောင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် ကျင့်ကြံသူကလည်း ကျန်းချန်တို့နှစ်ဦး ရှိနေသည်ကို အာရုံခံစားမိလိုက်သည်။

သူက ကျန်းချန်တို့ နှစ်ဦးကို စူးရှစွာ စိုက်ကြည့်လိုက်ပြီးနောက်တွင် အစောင့်ဘက်သို့ လှည့်ကာ အော်ငေါက်လိုက်သည်။

“ကျန်းရှ.. အခု ထာဝရဘုရားကျောင်းတော်က တိုက်ပွဲအတွက် ပြင်ဆင်တဲ့ အခြေအနေမှာရှိနေတာ မင်းနားမလည်ဘူးလား.. ဘာလို့ ကျင့်ကြံသူတွေကို ထာဝရဘုရားကျောင်းတော်ထဲ ခေါ်လာခဲ့တာလဲ”

“အကြီးအကဲ.. သခင်လေးကျန်းချန် ဆီမှာ အထွတ်အထိပ် ထာဝရတံဆိပ်ပြား ရှိနေလို့ပါ.. မဟုတ်ရင် ဒီလက်အောက်ငယ်သားက အကြီးအကဲဆီ မခေါ်လာရဲပါဘူး”

အစောင့်က အလျင်အမြန်ပင် ပြန်ဖြေလိုက်သည်။

ထိုစကားကိုကြားလျှင် အနက်ရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် ကျင့်ကြံသူသည် အနည်းငယ် မှင်တက်သွားခဲ့၏။

သိပ်မကြာမီမှာပင် သူက တစ်စုံတစ်ရာကို စဥ်းစားမိလိုက်ပြီး အံ့သြသော အမူအရာဖြင့် မေးလိုက်သည်။

“မင်းက တောင်ဘက်ပင်မခန်းမရဲ့ ထာဝရပွဲတော်မှာ တောင်ဘက် ပင်မခန်းမက ပါရမီရှင်တွေ အားလုံးကို လွှမ်းမိုးခဲ့တဲ့ ကျန်းချန်လား”

“ဟုတ်ပါတယ် အကြီးအကဲ.. အကြီးအကဲက ကျွန်တော့်နာမည်ကို ကြားဖူးလိမ့်မယ်လို့ ကျွန်တော် မထင်ထားခဲ့ဘူး”

ကျန်းချန်က ခေါင်းညိတ်၍ ဝန်ခံလိုက်ရာ အနက်ရောင် ချပ်ဝတ်တန်ဆာဝတ် ကျင့်ကြံသူ၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

“အဲဒီအချိန်က မင်းပြသခဲ့တဲ့ စွမ်းဆောင်ရည်က ထာဝရဘုရားကျောင်းတော်ရဲ့ ပင်မခန်းမ လေးခုစလုံးကို တုန်လှုပ်သွားစေခဲ့တယ်.. ငါက ဘာလို့ မင်းရဲ့အကြောင်းကို မကြားဖူးရမှာလဲ”

အနက်ရောင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသော အသက်လတ်ပိုင်းအရွယ်ကျင့်ကြံသူက ခပ်ယဲ့ယဲ့ ပြုံး၍ ပြောလိုက်ပြီးနောက်တွင် ကျန်းချန်ကို မေးခွန်းထုတ်လိုက်သည်။

“မင်းက နတ်ကုန်းမြေတိုက်ကို သွားတာ မဟုတ်ဘူးလား.. ဘယ်လိုဖြစ်ပြီး ဒီကို ရောက်လာရတာလဲ”

“အဲဒီကိစ္စက ပြောရရင် အတော်လေးရှည်မယ် အကြီးအကဲ”

ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး အနက်ရောင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် ကျင့်ကြံသူကို ဂါဝရပြုလိုက်သည်။

“အကြီးအကဲ တောင်ဘက် ပင်မခန်းမကို သွားဖို့အတွက် အကြီးအကဲတို့ အရှေ့ဘက်ဒေသ ပင်မခန်းမရဲ့ တည်နေရာ‌ရွှေ့ပြောင်းခြင်း အစီအရင်ကို ကျွန်တော်ခဏလောက် အသုံးပြုချင်တယ်.. အကြီးအကဲအနေနဲ့ အဆင်ပြေအောင် လုပ်ပေးနိုင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်”

“မင်းက တောင်ဘက်ပင်မခန်းကို သွားမလို့လား”

ကျန်းချန်၏ စကားကို ကြားလျှင် အနက်ရောင် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် ကျင့်ကြံသူသည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။

“မင်းအနေနဲ့ တောင်ဘက်ပင်မခန်းမကို သွားဖို့အတွက် တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်ကို အသုံးပြုချင်တာက ဘာပြဿနာမှ မရှိပါဘူး.. ဒါပေမဲ့ အခုအချိန်မှာ တောင်ဘက်ပင်မခန်းမက ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုရဲ့ တိုက်ခိုက်ခြင်းကို ခံနေရတယ်.. မင်း အဲဒီကို သွားချင်တာ သေချာရဲ့လား”

လူလတ်ပိုင်းအရွယ် ကျင့်ကြံသူ၏ စကားကိုကြားလျှင် ကျန်းချန်သည် ရုတ်တရက် အံ့အားသင့်သွားခဲ့သည်။

“တောင်ဘက် ပင်မခန်းမက ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုရဲ့ တိုက်ခိုက်ခြင်းကို ခံနေရတယ်လား”

“အခု ထာဝရဘုရားကျောင်းတော်ရဲ့ ပင်မခန်းမ လေးခုထဲမှာ အရှေ့ဘက်ဒေသ ပင်မခန်းမက လွဲရင် ကျန်ခန်းမတွေ အားလုံးနီးပါးက ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုရဲ့ တိုက်ခိုက်ခြင်းကို ခံနေရတယ်.. ဒီအတွက် အရှေ့ဘက်ဒေသပင်မခန်းမကလည်း ကျန်ပင်မခန်းမ သုံးခုဆီကို အစွမ်းထက်ကျင့်ကြံသူ တချို့ စစ်ကူ လွှတ်ပေးထားတယ်.. ဒါကြောင့်လည်း အရှေ့ဘက်ဒေသ ပင်မခန်းမက ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုတွေ တိုက်ခိုက်လာနိုင်တဲ့အခြေအနေ အတွက် ကြိုတင်ပြင်ဆင်နေရတာပဲ”

အနက်ရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ်ကျင့်ကြံသူက အနည်းငယ်မျှပင် ဖုံးကွယ်မထားဘဲ ထာဝရဘုရားကျောင်းတော်၏ အခြေအနေကို ကျန်းချန်အား ပြောပြလိုက်သည်။

ထိုစကားများကို ကြားပြီးနောက်တွင် ကျန်းချန်သည် အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ရသည်။

ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စု၏ ထာဝရဘုရားကျောင်းတော် ပင်မခန်းမများကို တိုက်ခိုက်မှုသည် အမှန်တကယ်ပင် ကြိုတင်စီစဥ်ထားခြင်း ဖြစ်သည်။

အကယ်၍ သူသာ ဤတစ်ကြိမ်တွင် နျူကန်နှင့် မတွေ့ဆုံဘဲ ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စု၏ အစီအစဥ်ကို မဖျက်ဆီးခဲ့လျှင် ဤအရှေ့ဘက်ဒေသ ပင်မခန်းမသည်လည်း ဟင်းလင်းပြင် နွားနတ်ဆိုးမျိုးနွယ်စု၏ တိုက်ခိုက်မှုကို သေချာပေါက်ခံရပေလိမ့်မည်။

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်သည်။

သူ့အနေဖြင့် မဟာမြေရိုင်းနယ်မြေသို့ ပြန်လိုလျှင် တောင်ဘက်ပင်မ ခန်းမသို့ မဖြစ်မနေ အရင်သွားရလိမ့်မည် ဖြစ်၏။

ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုသည် နတ်ကုန်းမြေတိုက်ရှိ ကျင့်ကြံသူများ၏ ဘုံရန်သူ ဖြစ်သည်။

သူက ထာဝရဘုရားကျောင်းတော်၏ တောင်ဘက် ပင်မခန်းမနှင့် ပတ်သက်မှုတချို့ ရှိနေခဲ့သည်။

ယခု တောင်ဘက် ပင်မခန်းမက ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ တိုက်ခိုက်ခြင်းကို ခံနေရပြီ ဖြစ်ရာ ကျန်းချန် အနေဖြင့် မည်ကဲ့သို့ ထိုင်ကြည့်နေနိုင်ပါအံ့နည်း။

တစ်ခဏမျှ စဥ်းစားပြီးနောက်တွင် ကျန်းချန်သည် သူ၏ ခေါင်းကို မော့လိုက်ပြီး အနက်ရောင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် ကျင့်ကြံသူကို လေးနက်စွာ ပြောလိုက်သည်။

“အကြီးအကဲ.. ကျွန်တော် တောင်ဘက်ပင်မခန်းမကို မဖြစ်မနေ သွားရလိမ့်မယ်.. ကျေးဇူးပြုပြီး အကြီးအကဲက ကျွန်တော့်အတွက် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို ဖွင့်လှစ်ပေးပါ”

အခန်း(၂၁၅၅)ပြီး၏။

အခန်း(၂၁၅၆)

ထာဝရဘုရားကျောင်းတော်၏ တောင်ဘက်ပင်မခန်းမ အပြင်ဘက်တွင် ထူးခြားသော အရှိန်အဝါများကို ပိုင်ဆိုင်ထားကြသည့် ထောင်ပေါင်းများစွာသော ပုံရိပ်များသည် တောင်ဘက် ပင်မခန်းမ၏ လေထုအထက်တွင် ဝင့်ကြွားစွာ ရပ်နေခဲ့ကြသည်။

ထိုလူစု၏ ခေါင်းဆောင်သည် အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုတစ်ဦးဖြစ်သည်။

ထိုအနက်ရောင်ဝတ်ရုံဝတ် အဘိုးအိုမှာ အခြားသူမဟုတ်ပေ။

တောင်ဘက်ပင်မခန်းမ၏ အထွတ်အထိပ် အကြီးအကဲ ဖြစ်ပြီး နတ်ဘုရင်တစ်ပါးလည်း ဖြစ်သည့် တစ္ဆေဓားဘုရင် မိုဝူရှန်း ဖြစ်သည်။

မိုဝူရှန်း၏ နံဘေးတွင် ဆံပင်အနီရောင်ရှိသည့် အဘိုးအိုတစ်ဦးနှင့် မိုးကြိုးဝတ်စုံကို ဝတ်ဆင်ထားသည့် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူတစ်ဦး ရှိနေခဲ့သည်။

ထိုနှစ်ဦး၏ အရှိန်အဝါသည် မိုဝူရှန်းထက် အနည်းငယ်သာ နိမ့်ကျပြီး ခန္ဓာကိုယ်တွင် တုန်လှုပ် ချောက်ချားဖွယ်ကောင်းသော မဟာလမ်းစဥ် အရှိန်အဝါများ ပြည့်နှက်နေခဲ့၏။

ဆိုရလျှင် ထိုနှစ်ဦးသည်လည်း မိုဝူရှန်း ကဲ့သို့ပင် နတ်ဘုရင်များ ဖြစ်ကြသည်။

ဤနတ်ဘုရင်သုံးပါး၏ အနောက်တွင်မူ တောင်ဘက်ပင်မခန်းမ၏ ခန်းမသခင် မိုနန်စန်းနှင့် အစွမ်းထက် အကြီးအကဲများ ရှိနေခဲ့ကြ၏။

၎င်းတို့နှင့် မိုင်ရာချီ ကွာဝေးသောနေရာတွင်မူ အနက်‌ရောင်ပုံရိပ် များစွာ ရှိနေခဲ့ကြသည်။

အထူးသဖြင့် ရှေ့ဆုံးတွင် နေရာယူထားသည့် အနက်ရောင်ပုံရိပ် အနည်းငယ်သည် တောင်ဘက် ပင်မခန်းမ၏ နတ်ဘုရင်သုံးပါးနှင့် နှိုင်းယှဥ်လျှင်ပင် အရှိန်အဝါ အနည်းငယ်မျှ နိမ့်ကျခြင်းမရှိပေ။

အဖွဲ့နှစ်ဖွဲ့ ထိပ်တိုက် ရင်ဆိုင်နေကြသဖြင့် ထာဝရဟင်းလင်းပြင် တစ်ခုလုံးတွင် သွေးညှီနံ့နှင့် သေခြင်းတရား၏ အငွေ့အသက်များ ပြည့်နှက်နေခဲ့သည်။

“အကြီးအကဲမို.. ဒီတစ်ခေါက် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုက ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား ငါးပါးကိုတောင် စေလွှတ်ထားတယ်.. ကြည့်ရတာ သူတို့က ငါတို့ တောင်ဘက်ပင်မခန်းမကို ဖျက်ဆီးဖို့ အသေအချာ စီစဥ်ထားတဲ့ပုံပဲ”

မိုးကြိုးဝတ်စုံကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ်ကျင့်ကြံသူသည် ရှေ့ဆုံးကနေ ဦးဆောင်လာသည့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားများကို အသေအချာ အကဲခတ်ကြည့်နေခဲ့သည်။

သူ၏ မျက်နှာ အမူအရာသည် အလွန်တရာပင် လေးနက်နေခဲ့၏။

လွန်ခဲ့သည့်နှစ်လအတွင်း ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုသည် ထာဝရဘုရားကျောင်းတော်၏ တောင်ဘက် ပင်မခန်းမကို သုံးကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့သည်။

သို့သော်လည်း ပထမနှစ်ကြိမ် တိုက်ခိုက်မှုတွင် ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုသည် အကဲစမ်းရုံလောက်သာ ဖြစ်ပုံရပြီး ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား အဆင့် ကျင့်ကြံသူပင် မပါဝင်ခဲ့ပေ။

ယခုအခါတွင်မူ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုသည် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား ငါးပါးကိုပင် စေလွှတ်ထားသဖြင့် သူတို့ တောင်ဘက် ပင်မခန်းမကို ပျက်စီးသည်အထိ တိုက်ခိုက်တော့မည်မှာ သိသာထင်ရှားလှသည် မဟုတ်ပါလား။

“ဒီတစ်ကြိမ် ချီတက်လာတဲ့ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုက အရမ်းကို အင်အားတောင့်တင်းတယ်.. ငါတို့ တောင်ဘက်ပင်မခန်းမရဲ့ အင်အားနဲ့ဆိုရင် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို တားဆီးဖို့ ခက်ခဲမှာ ငါစိုးရိမ်မိတယ်.. ငါတို့အနေနဲ့ အမြန်ဆုံး စစ်ကူရမှ ဖြစ်လိမ့်မယ်”

ဆံပင်အနီရောင်နှင့် အဘိုးအိုကလည်း လေးနက်စွာ ပြောလိုက်သည်။

မိုဝူရှန်းက တည်ငြိမ်စွာဖြင့် တုံ့ပြန်ပြောဆိုလိုက်သည်။

“စိတ်မပူပါနဲ့.. နတ်ကုန်းမြေတိုက်ရဲ့ စစ်မိစ္ဆာ မဟာမိတ်အဖွဲ့ကို ဆက်သွယ်ထားပြီးပါပြီ.. သိပ်မကြာခင် အစွမ်းထက် စစ်ကူတွေ ရောက်လာတော့မှာ ဆိုတော့ ငါတို့ ခဏလောက် အချိန်ဆွဲထားဖို့ပဲ လိုအပ်လိမ့်မယ်”

ဤတစ်ကြိမ်တွင် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုသည် ထာဝရဘုရားကျောင်းတော်ကို ဖျက်ဆီးရန် ဆုံးဖြတ်ထားပုံရ၏။

အရှေ့ဘက်ပင်မခန်းမက လွဲလျှင် ထာဝရဘုရားကျောင်းတော်၏ အခြားပင်မခန်းမ သုံးခုစလုံးသည် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ တိုက်ခိုက်ခြင်းကို ခံနေရ၏။

အ‌ရှေ့ဘက် ပင်မခန်းမသည် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ တိုက်ခိုက်မှုကို ကာကွယ်လိုသဖြင့် အစွမ်းထက် ကျင့်ကြံသူ အများအပြားကို စစ်ကူ မစေလွှတ်ရဲသလို စေလွှတ်လိုက်သည့် စစ်ကူများသည်လည်း အခြေအနေ ပိုမို စိုးရိမ်ရသည့် မြောက်ဘက် ပင်မခန်းမသို့သာ သွားရောက်ခဲ့ကြသည်။

ထို့ကြောင့် သူတို့ တောင်ဘက် ပင်မခန်းမသည် လက်ရှိ အချိန်တွင် ကိုယ့်ဘာသာကိုယ် အားကိုးရုံသာရှိပြီး နတ်ကုန်းမြေတိုက်မှ အစွမ်းထက် ကျင့်ကြံသူများ၏ အကူအညီကို စောင့်ဆိုင်းရုံသာ ရှိတော့သည် မဟုတ်ပါလော။

မည်သို့ပင်ဆိုစေကာမူ ထာဝရဘုရားကျောင်းတော်သည် ထာဝရဟင်းလင်းပြင်ထဲတွင် စိုက်ထူထားသော သံမှိုတစ်ချောင်း ကဲ့သို့ တည်ရှိမှု ဖြစ်ပြီး ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို နတ်ဘုရားနယ်မြေအား တိုက်ခိုက်ရာတွင် တားဆီးထားသည့် ကာကွယ်ရေးစည်းလည်း ဖြစ်သည်။

ထိုအတွက်ကြောင့် နတ်ကုန်းမြေတိုက်မှ ကျင့်ကြံသူများသည် ထာဝရဘုရားကျောင်းတော် ပျက်စီးသွားသည်အထိ လွှတ်ထားလိမ့်မည် မဟုတ်ပေ။

မိုဝူရှန်းတို့သုံးဦး စကားပြောဆိုနေစဥ်မှာပင် ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုမှ လူများသည် စတင် လှုပ်ရှားလာကြသည်။

၎င်းတို့ကို ဦးဆောင်လာသည့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား ငါးပါးသည် ကြောက်မက်ဖွယ်ရာကောင်းသော နတ်ဆိုးစွမ်းအင်များကို ထုတ်လွှတ်ကာ လေထဲသို့ အတူတကွ လှမ်းတက်လာကြသည်။

ထိုမြင်ကွင်းကိုမြင်လျှင် မိုဝူရှန်း၏ မျက်ဝန်းများသည် ကျဥ်းမြောင်းသွားခဲ့သည်။

“အစီအရင်ကို အသက်သွင်းတော့”

ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုသည် ဤတစ်ကြိမ်တွင် ဟင်းလင်းပြင်နတ်ဆိုးနတ်ဘုရား ငါးပါးကို စေလွှတ်ထားခဲ့သည်။

လတ်တလောတွင် သူတို့၌ နတ်ဘုရင်သုံးပါးသာ ရှိရာ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုနှင့် ရင်ဆိုင်ရန် ခက်ခဲနေခဲ့၏။

လက်ရှိအချိန်တွင် တောင်ဘက်ပင်မခန်းမ၏ ကာကွယ်‌ရေး အစီအရင်သည် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို ရင်ဆိုင်ရန်အတွက် တစ်ခုတည်းသော နည်းလမ်းဆိုလည်း မမှားပေ။

စကားဆုံးသည်နှင့် မိုဝူရှန်းသည် သူ၏ လက်နှစ်ဖက်ကို ဝှေ့ယမ်းကာ လက်ဟန်များကို ပြုလုပ်လိုက်သည်။

ထို့အတူပင် ကျန်နတ်ဘုရင်နှစ်ပါးနှင့် တောင်ဘက်ပင်မခန်းမ၏ အစွမ်းထက် ကျင့်ကြံသူများသည်လည်း လက်ဟန်များကို အသီးသီး ထုတ်ဖော်လိုက်ကြ၏။

“ဝုန်း.. ဝုန်း.. ဝုန်း..”

ရောင်စုံစွမ်းအင် စီးကြောင်းတစ်ခုသည် တောင်ဘက်ပင်မခန်းမ၏ အထက်သို့ ချက်ချင်းဆိုသလိုပင် မြင့်တက်လာခဲ့ပြီး အဆုံးသတ်တွင် တောင်ဘက်ပင်မခန်းမ တစ်ခုလုံးကို ဖုံးအုပ်ထားသည့် အလင်းအကာအကွယ် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

“အားလုံးပဲ အစွမ်းကုန်တိုက်ခိုက်ကြ.. နတ်ကုန်းမြေတိုက်က စစ်ကူတွေ ရောက်မလာခင် တောင်ဘက် ပင်မခန်းမကို ထိုးဖောက်နိုင်မှဖြစ်မယ်.. ငါတို့ ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုရဲ့ အစွမ်းကို ပြသလိုက်ကြစို့”

ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုဘက်မှ နတ်ဆိုးနတ်ဘုရားတစ်ပါးသည် ကျယ်လောင်စွာ ကြုံးဝါးလိုက်ပြီး နတ်ဆိုးစွမ်းအင်များ ကိန်းအောင်းနေသော လက်ဝါးရိုက်ချက်ဖြင့် အောက်ဘက်ရှိ အလင်းအကာအကွယ်ကို ပြင်းထန်စွာ ရိုက်ချလိုက်သည်။

ဤသို့ဖြင့် ကြောက်မက်ဖွယ် နတ်ဆိုးစွမ်းအင် တစ်ခုသည် ဧရာမ လက်ဖဝါး တစ်ဖက်ဖြင့် ရိုက်ချလိုက် သကဲ့သို့ အလင်းအကာအကွယ်ကို ပြင်းထန်စွာ ထိမှန်သွားခဲ့သည်။

“ဝုန်း..”

ကျယ်လောင်သော ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာခဲ့ပြီး အလင်း အကာအကွယ်ပေါ်တွင် စွမ်းအင်လှိုင်းဂယက်များ ပျံ့နှံ့သွားခဲ့သည်။

မိုးခြိမ်သံကဲ့သို့ ကျယ်လောင်သော ပေါက်ကွဲသံသည် ထာဝရဟင်းလင်းပြင် တစ်ခုလုံးကို ပဲ့တင်ထပ်သွားခဲ့သည်။

“ဒီဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားက အရမ်းသန်မာတာပဲ.. ကြည့်ရတာ တတိယအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား အထွတ်အထိပ်အဆင့်ကို ရောက်ရှိနေပြီ ထင်တယ်”

လက်ဝါးရိုက်ချက်ကို ထုတ်ဖော်လိုက်သော သွေးပုံရိပ်ကို ကြည့်ရင်း မိုဝူရှန်း၏ မျက်ဝန်းများသည် ရုတ်တရက် လေးနက်သွားခဲ့သည်။

ထာဝရဟင်းလင်းပြင်ထဲတွင် ကိန်းအောင်းနေသော စွမ်းအင်သည် အလွန်တရာ ထူးခြားပြီး နတ်ဘုရားနယ်မြေတွင် ကိန်းအောင်းနေသော ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားမျိုး မရှိသလောက် ဖြစ်သည်။

ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုသည် ထာဝရဟင်းလင်းပြင်တွင် မွေးဖွားခဲ့ပြီး ထိုစွမ်းအင်ကို တစ်နှစ်ပတ်လုံး မှီဝဲကာ နေထိုင်ကြသည်။

ထို့ကြောင့် သဘာဝကျစွာပင် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုနှင့် ကျင့်ကြံသူများကြားတွင် ကွာခြားချက်များ ရှိကြသည်။

ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုသည် ထာဝရဟင်းလင်းပြင်၏ စွမ်းအင်ကို ဝါးမျိုပြီး ခန္ဓာကိုယ်ထဲတွင် မတူညီသော စွမ်းအင်ရှိသည့် နတ်ဆိုးစွမ်းအင်များကို ဖန်တီးကြသည်။

နတ်ဆိုးစွမ်းအင် တိုးတက်လာသည်နှင့်အမျှ ဟင်းလင်းပြင် နတ်ဆိုးများ၏ အဆင့်သည်လည်း မြင့်တက်လာမည်ဖြစ်သည်။

ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားအဆင့်သို့ ရောက်ရှိသွားလျှင်မူ ၎င်းတို့၏ ခန္ဓာကိုယ်ထဲရှိ နတ်ဆိုးစွမ်းအင်သည် နတ်ဆိုးနတ်ဘုရား စွမ်းအင်ဟု လူသိများသည့် အလွန်တရာကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားတစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ထိုနတ်ဆိုးနတ်ဘုရား စွမ်းအားသည် နတ်ဘုရင်အဆင့် ကျင့်ကြံသူများ၏ မဟာလမ်းစဥ်စွမ်းအားထက်ပင် နိမ့်ကျခြင်း မရှိပေ။

အထူးသဖြင့် ဤထာဝရဟင်းလင်းပြင်ထဲတွင် ဟင်းလင်းပြင်နတ်ဆိုးနတ်ဘုရားများ၏ တိုက်ခိုက်ရေးစွမ်းရည်သည် နတ်ဘုရင်များထက် ပိုမို၍ အားကောင်း၏။

ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားသည် ထာဝရဟင်းလင်းပြင်တွင် တိုက်ခိုက်ရင်း ကုန်ခမ်းသွားသော နတ်ဆိုးနတ်ဘုရားစွမ်းအားများကို ပြန်လည် ဖြည့်တင်းရန် ထာဝရဟင်းလင်းပြင်၏ စွမ်းအင်များကို စုပ်ယူနိုင်သော်လည်း နတ်ဘုရင်အဆင့် ကျင့်ကြံသူများကမူ ကုန်ခမ်းသွားသော မဟာလမ်းစဥ် စွမ်းအားများကို ပြန်လည်ဖြည့်တင်းရန် အတွက် ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားများကို စုပ်ယူနိုင်စွမ်းမရှိပေ။

ထိုအတွက်ကြောင့် ထာဝရဟင်းလင်းပြင်တွင် တိုက်ခိုက်လျှင် အဆင့်တူ အတွင်းဆိုလျှင် နတ်ဘုရင်အဆင့် ကျင့်ကြံသူများသည် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားများကို ရှုံးနိမ့်ရန်မှာ သေချာသလောက်ပင်။

ထို့အပြင် တောင်ဘက် ပင်မခန်းမတွင် နတ်ဘုရင်တတိယအဆင့် အထွတ်အထိပ် ကျင့်ကြံသူ ရှိမနေခဲ့ပေ။

မိုဝူရှန်းသည် တောင်ဘက် ပင်မခန်းမတွင် ကျင့်ကြံခြင်းအဆင့် အမြင့်မားဆုံး ဖြစ်သော်လည်း နတ်ဘုရင်တတိယအဆင့် အစောပိုင်းတွင်သာ ရှိသေးသည်။

အကယ်၍ ကာကွယ်စောင့်ရှောက်ရေး အစီအရင်သာ မရှိခဲ့လျှင် သူတို့ တောင်ဘက် ပင်မခန်းမ တစ်ခုလုံးသည် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို ယှဥ်ပြိုင်နိုင်လိမ့်မည် မဟုတ်လောက်ပေ။

“ဟားဟား.. ဒါက ထာဝရဘုရားကျောင်းတော်ရဲ့ ကာကွယ်ရေးအစီအရင်လား တကယ်ကို ခိုင်ခံ့သားပဲ”

သူ၏ လက်ဝါးရိုက်ချက် တစ်ချက်ကို ခံယူပြီးနောက်မှာပင် အလင်းအကာအကွယ်သည် ထိခိုက်မှု မရှိသည်ကို မြင်လိုက်ရလျှင် သွေးရောင်ပုံရိပ်သည် မချီးကျူးဘဲ မနေနိုင်ခဲ့ပေ။

ထိုခဏတွင် သူ၏ မျက်ဝန်းထဲ၌ သွေးရောင်အလင်းတန်း တစ်ခု လင်းလက်သွားခဲ့သည်။

ထို့နောက်တွင် သူက ကျယ်လောင်စွာ အမိန့်ပေးလိုက်၏။

“အားလုံးပဲ အတူတူ တိုက်ခိုက်ပြီး ဒီကာကွယ်‌ရေး အစီအရင်ကို ဖျက်ဆီးပစ်ကြစို့”

သွေးရောင်ပုံရိပ်၏ စကားဆုံးသည်နှင့် သူ၏ ဘေးမှ အခြားသော ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား လေးပါးသည်လည်း တစ်ချိန်တည်းမှာပင် အောက်ဘက်ရှိ အလင်းအကာအကွယ်ကို တိုက်ခိုက်လိုက်ကြသည်။

ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား ငါးပါးထံကနေ ကြောက်မက်ဖွယ်စွမ်းအားများသည် အလင်းအကာအကွယ်ပေါ်သို့ အဆက်မပြတ် ပြင်းထန်စွာ ကျရောက်သွားခဲ့သည်။

“ဝုန်း.. ဝုန်း.. ဝုန်း..”

ကျယ်လောင်သော ပေါက်ကွဲသံ ငါးသံသည် ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့သည်။

ကြောက်မက်ဖွယ်ရာကောင်းသော ရိုက်ခတ်မှုသည် အလင်းအကာအကွယ်မှ တစ်ဆင့် မိုဝူရှန်းနှင့် တခြားသူများ ဆီသို့ သက်ရောက်သွားခဲ့သည်။

တောင်ဘက်ပင်မခန်းမမှ အားအနည်းဆုံး ကျင့်ကြံသူ အချို့သည် ခန္ဓာကိုယ်များ တုန်ယင်သွားခဲ့ကြပြီး မျက်နှာများသည် ချက်ချင်းဆိုသလိုပင် ဖြူဖျော့သွားခဲ့ကြသည်။

ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားငါးပါး၏ တိုက်ခိုက်မှုတွင် တတိယအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား အထွတ်အထိပ် တစ်ဦးလည်း ပါဝင်နေခဲ့ရာ ၎င်းတို့၏ တိုက်ခိုက်မှုအင်အားသည် စတုတ္ထအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား၏ အစွမ်းကုန် တိုက်ခိုက်မှုထက် အားမနည်းပေ။

ထိုအတွက်ကြောင့် တောင်ဘက် ပင်မခန်းမသည် အကာအကွယ် အစီအရင်ကို ထုတ်ဖော်ခဲ့သော်လည်း ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို ခုခံရန်မှာ ခက်ခဲနေဆဲဖြစ်၏။

အခန်း(၂၁၅၆)ပြီး၏။

All Chapters