အခန်း (၂၁၅၇-၂၁၅၈)
Vol. 156 Ch. 2157-2158
အခန်း(၂၁၅၇)
“အကာအကွယ်အစီအရင်က ပျက်စီးတော့မယ်.. မြန်မြန် ဖျက်ဆီးပစ်ကြစမ်း”
သွေးရောင်ပုံရိပ်က မိုဝူရှန်းနှင့် အခြားသူများကို အေးစက်စက် ငုံ့ကြည့်လိုက်ပြီး အသက်ရှူဖို့ပင် အခွင့်အရေးပေးရန် ရည်ရွယ်ချက်မရှိခဲ့ပေ။
သူက သူ၏ နံဘေးမှ ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားလေးပါးကို လှုံ့ဆော်လိုက်ပြီး အောက်ဘက်ရှိ အလင်းအကာအကွယ်ကို ထပ်မံ တိုက်ခိုက်လိုက်ကြသည်။
“ဝုန်း.. ဝုန်း.. ဝုန်း.. ဝုန်း..”
ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားငါးပါးက နောက်တစ်ကြိမ် ထပ်မံ ပူးပေါင်း၍ တိုက်ခိုက်လိုက်ရာ တောင်ဘက်ပင်မခန်းမ၏ ကာကွယ်ရေး အစီအရင်သည် ထိုကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားကို အဆုံးသတ်တွင် ခံနိုင်ရည်မရှိတော့ဘဲ လေထဲတွင် မှန်တစ်ချပ် ကွဲအက်သွားသကဲ့သို့ ကြည်လင်သော အက်ကွဲသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
ထို့နောက်တွင်မူ အလင်းအကာအကွယ်သည် အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားခဲ့ပြီး တောင်ဘက်ပင်မခန်းမ၏ ကျင့်ကြံသူ အများအပြားသည်လည်း ခန္ဓာကိုယ်များတုန်ယင်သွားခဲ့ကာ ပါးစပ်ကနေလည်း သွေးများကို အန်ထုတ်လိုက်ရပြီး ကောင်းကင်ယံကနေ ပြုတ်ကျသွားခဲ့ကြသည်။
မိုဝူရှန်းတို့ နတ်ဘုရင် သုံးပါးပင်လျှင် မျက်နှာများ ဖြူဖျော့သွားခဲ့ကြသည်။
“အကြီးအကဲမို.. ဒီ ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား ငါးပါးရဲ့ စွမ်းအားက အရမ်းကို သန်မာလွန်းတယ်.. ငါတို့အင်အားနဲ့ လုံးဝ ခုခံနိုင်မှာမဟုတ်ဘူး”
မိုးကြိုးဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူ၏ မျက်နှာထက်တွင် စိုးရိမ်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
ကာကွယ်ရေးအစီအရင်၏ အကူအညီဖြင့်သာ ဆိုလျှင် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို အချိန်အနည်းငယ် တောင့်ခံနိုင်လိမ့်မည်ဟု မူလက သူတို့ ထင်မှတ်ခဲ့ကြသည်။
သို့သော်လည်း ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားငါးပါးပူးပေါင်း၍ တိုက်ခိုက်လိုက်သောအခါတွင် တိုက်ကွက်နှစ်ကွက်တည်းဖြင့်ပင် ကာကွယ်ရေးအစီအရင်သည် ပျက်စီးသွားလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ပေ။
ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ ပထမအဆုံးအကြိမ် တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရစဥ်ကတည်းကပင် တောင်ဘက်ပင်မခန်းမသည် ထာဝရဟင်းလင်းပြင် တောင်ဘက်ခြမ်းရှိ ဌာနခွဲခန်းမများစွာမှ အစွမ်းထက် ကျင့်ကြံသူများစွာကို ဆင့်ခေါ်ထားခဲ့သည်။
သို့သော်လည်း ထာဝရဟင်းလင်းပြင်၏ တောင်ဘက်ခြမ်းတစ်ခုလုံးတွင် နတ်ဘုရင်အဆင့် ကျင့်ကြံသူ ဟူ၍ သူတို့သုံးဦးသာလျှင် ရှိ၏။
ထို့အပြင် နတ်ဘုရင်သုံးပါးထဲတွင် မိုဝူရှန်း တစ်ဦးသာလျှင် နတ်ဘုရင် တတိယအဆင့် ခွန်အားကို ပိုင်ဆိုင်ထားခဲ့ပြီး မိုးကြိုးဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူနှင့် ဆံပင်အနီရောင်ရှိသည့် အဘိုးအိုတို့သည် နတ်ဘုရင် ပထမအဆင့်ကျင့်ကြံသူများသာ ဖြစ်ကြသည်။
သူတို့နှင့် ဆန့်ကျင်ဘက်ဖြစ်သည့် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု ဘက်တွင်မူ တတိယအဆင့် ဟင်းလင်းပြင်နတ်ဆိုးနတ်ဘုရား အထွတ်အထိပ်တစ်ပါး၊ ဒုတိယအဆင့် ဟင်းလင်းပြင်နတ်ဆိုးနတ်ဘုရား တစ်ပါးနှင့် ပထမအဆင့် ဟင်းလင်းပြင်နတ်ဆိုးနတ်ဘုရား သုံးပါးတို့ ရှိနေကြ၏။
ဆိုရလျှင် နှစ်ဖက်အင်အားစုတွင် သူတို့သည် အရေအတွက်ရော အရည်အသွေးပါ အပြတ်အသတ် အားနည်းနေခဲ့သည်။
“အားလုံးပဲ.. ထာဝရဘုရားကျောင်းတော်ရဲ့ တောင်ဘက်ပင်မခန်းမကို အမှုန့်ချေပစ်ကြစမ်း”
တောင်ဘက်ပင်မခန်းမ၏ ကာကွယ်စောင့်ရှောက်ရေး အစီအရင်ကို ဖျက်ဆီးလိုက်ပြီးနောက်တွင် ဦးဆောင်လာသော တတိယအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားအထွတ်အထိပ်သည် တွန့်ဆုတ်မနေဘဲ ထာဝရဘုရားကျောင်းတော်ထဲသို့ တိုက်ရိုက်ပင် ဝင်ရောက်ကာ သတ်ဖြတ်ခဲ့သည်။
ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား ငါးပါး၏ မီးကုန်ယမ်းကုန် တိုက်ခိုက်မှုအောက်တွင် မိုဝူရှန်းတို့သည် မည်သို့မျှ မခုခံနိုင်ခဲ့ပေ။
တစ်ခဏအတွင်းမှာပင် သူတို့သည် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား ငါးပါး၏ ဝန်းရံတိုက်ခိုက်မှုအောက်တွင် အခြေအနေမလှ ဖြစ်သွားခဲ့ပြီး မိုဝူရှန်းသည်ပင် တတိယအဆင့် ဟင်းလင်းပြင်နတ်ဆိုးနတ်ဘုရား အထွတ်အထိပ်နှင့် ထိပ်တိုက် ရင်ဆိုင်ပြီးနောက် ပေထောင်ချီ အကွာအဝေးအထိ လွင့်စင်သွားခဲ့သည်။
ထို့နောက်တွင် မိုဝူရှန်းသည် ထိခိုက် ဒဏ်ရာရထားသော နတ်ဘုရင် နှစ်ပါးကို လှမ်းကြည့်ကာ အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်၍ ပြောလိုက်သည်။
“ဆုတ်ကြစို့.. ဒီတောင်ဘက် ပင်မခန်းမကို ဆက်ထိန်းထားဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး”
ဟင်းလင်းပြင် နတ်ဆိုးများ၏ ထိုးစစ်သည် အလွန်ပင် ပြင်းထန်လှသည်။
သူတို့အနေဖြင့် စစ်ကူများ ရောက်လာသည်အထိပင် မည်သို့မှ တောင့်မခံနိုင်တော့ပေ။
အကယ်၍ သူတို့သာ ပေတေပြီး ဆက်လက်တိုက်ခိုက်နေမည်ဆိုလျှင် တောင်ဘက်ပင်မခန်းမသည် အမှန်တကယ်ပင် အမြစ်ပြတ် ချေမှုန်းခံရမည်ကို သူတို့ စိုးရိမ်နေမိသည်။
သို့ရာတွင် သူတို့က ဆုတ်ခွာချင်သော်လည်း ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုမှ ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား ငါးပါးသည် သူတို့ကို ဆုတ်ခွာခွင့်ပေးရန် လုံးဝ အစီအစဥ်မရှိဘဲ အင်အားအကုန်အစင် ထုတ်သုံးကာ ချေမှုန်းရန် လုပ်ဆောင်နေခဲ့ကြသည်။
ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား ငါးပါး၏ ဝန်းရံတိုက်ခိုက်မှုအောက်တွင် သူတို့ သုံးဦးသည် အန္တရာယ်ရှိသော အနေအထား အထိ ရောက်ရှိလာခဲ့သည်။
အထူးသဖြင့် ဒုတိယအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား တစ်ပါးနှင့် ပထမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား တစ်ပါးတို့၏ ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံနေရသည့် မိုးကြိုးဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူသည် ပြန်လည်တိုက်ခိုက်ရန် ခွန်အားပင် မရှိတော့ပေ။
တစ်ခဏအတွင်းမှာပင် သူက ဒုတိယအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား၏ လက်သီးချက် ထိမှန်သွားခဲ့ပြီး သွေးများ အဆက်မပြတ် အန်ထွက်ကာ ပေပေါင်း ထောင်ချီအကွာအဝေးအထိ လွင့်စင်ထွက်သွားခဲ့သည်။
သူ့အနေဖြင့် ခန္ဓာကိုယ်ဟန်ချက်ကို ကောင်းစွာ မထိန်းချုပ်ရသေးမီမှာပင် အခြား ပထမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား တစ်ပါးသည် ဓားကွက်တစ်ကွက်ကို ထုတ်ဖော်၍ သူ့ထံ ရည်ရွယ်ပြီး တိုက်ခိုက်လိုက်သည်။
“သွားသေလိုက်တော့”
ရှောင်တိမ်းရန် မဖြစ်နိုင်တော့သော မိုးကြိုးဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူကို ကြည့်ကာ ပထမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား၏ မျက်နှာထက်တွင် ရက်စက်သော အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
သူ၏ သွေးရောင်ဓားသည် နေရာလွတ်ကို ဖြတ်ကျော်ကာ မိုးကြိုးဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူ၏ ခန္ဓာကိုယ်ကို မျက်စိတစ်မှိတ် အတွင်း ချေမှုန်းနိုင်တော့မည် မဟုတ်ပါလော။
မိုးကြိုးဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူက သွားများကို အံကြိတ်ကာ သူသေကိုယ်သေ တိုက်ခိုက်ရန် နတ်လမ်းစဥ်ကို ထုတ်ဖော်တော့မည့် အချိန်မှာပင် ရွှေရောင်ဓားအလင်းတစ်ခုသည် ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး သူ့ထံသို့ ဦးတည်လာသော သွေးရောင်ဓားကို ခုတ်ပိုင်းချလိုက်သည်။
“ဝုန်း..”
ရွှေရောင်ဓားအလင်းအောက်တွင် သွေးရောင်ဓားသည် ပြိုကွဲသွားခဲ့ပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် လေထဲ၌ ပျောက်ကွယ်သွားခဲ့သည်။
ရွှေရောင်ဓားအလင်းသည် သွေးရောင်ဓားကို ခုတ်ပိုင်းပြီးနောက်တွင် နေရာလွတ်ကို ဖြတ်ကျော်ကာ ပထမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား၏ မျက်ခုံးအလယ်နားတွင် တစ္ဆေတစ်ကောင် သဖွယ် ရိပ်ခနဲ ပေါ်လာခဲ့၏။
ဤအခိုက်အတန့်တွင် ပထမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားသည် ရှင်းပြ၍ မရနိုင်သော အင်အားတစ်ခု၏ ချုပ်နှောင်ခြင်းကို ခံလိုက်ရသကဲ့သို့ လုံးဝ မလှုပ်ရှားနိုင်တော့ဘဲ သူ၏ မျက်ခုံးအလယ်ကို ထိုးဖောက်တော့မည့် ရွှေရောင်ဓားအလင်းအား ထိတ်လန့်တကြား ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။
ရွှေရောင်ဓားအလင်းက ပထမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားကို ထိုးဖောက်သွားခဲ့ပြီးနောက် ကြောက်မက်ဖွယ်ရာကောင်းသော ဓားအရှိန်အဝါ တစ်ခုသည် ပထမအဆင့်ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား၏ ခန္ဓာကိုယ်တစ်ခုလုံးကို ရုတ်တရက် ပျံ့နှံ့သွားခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ပထမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား၏ ခန္ဓာကိုယ်သည် ရွှေရောင်ဓား အရှိန်အဝါကြောင့် လေထုထဲတွင် လုံးဝအစအနပင် မကျန်ရှိအောင် ပျောက်ကွယ်သွားခဲ့သည်။
ရုတ်တရက် ဖြစ်ပျက်သွားသော အခြေအနေကြောင့် မိုးကြိုးဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူနှင့် ဒုတိယအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားတို့သည် နေရာမှာတင် မှင်တက်သွားခဲ့ကြသည်။
ခဏအကြာတွင် မိုးကြိုးဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူ၏ မျက်နှာထက်တွင် အတိုင်းမသိ ဝမ်းသာသော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။
ဓားချက်တစ်ချက်တည်းဖြင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားတစ်ပါးကို သတ်ဖြတ်နိုင်ပုံထောက်လျှင် စစ်မိစ္ဆာမဟာမိတ်အဖွဲ့မှ ပေးပို့လိုက်သော စစ်ကူများ ရောက်လာခြင်း ဖြစ်နိုင်ပါသလော။
မိုးကြိုးဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူ၏ ဆန့်ကျင်ဘက်တွင်ရှိသော ဒုတိယအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား၏ မျက်နှာထက်တွင်မူ လေးနက်သောအမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
ပထမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားတစ်ပါးကို ဓားချက် တစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်၍ ထိုလူသည် နတ်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်မည်မှာ သေချာပြီး သူ့ထက်ပင် မနိမ့်ကျသော နတ်ဘုရင်တစ်ပါး ဖြစ်ပုံရ၏။
သူတို့နှစ်ဦးစလုံးက မှင်တက်ရာကနေ သတိပြန်ဝင်လာပြီးနောက်တွင် တောင်ဘက်ပင်မခန်းမ ဆီသို့ တစ်ပြိုင်နက်တည်း ကြည့်လိုက်ကြသည်။
ထိုအခါ ရှေးဟောင်း ရွှေရောင်ဓားတစ်လက်ကို ကိုင်ဆောင်ထားသော အနက်ရောင်ဝတ်စုံဝတ်လူငယ်တစ်ဦးသည် လေထဲသို့ လှမ်းတက်လာသည်ကို တွေ့လိုက်ရသည်။
အနက်ရောင်ဝတ်စုံဝတ် လူငယ်ကို မြင်လိုက်ရလျှင် သူတို့၏ မျက်ဝန်းများ၌ မယုံကြည်နိုင်လောက်အောင် အံ့သြထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား တစ်ပါးကို ဓားချက်တစ်ချက်တည်းဖြင့် သတ်ဖြတ်လိုက်သော လူသည် မြေကြီးအရှင်အဆင့်သာ ရှိသေးသော လူငယ်လေးတစ်ဦး ဖြစ်နေလိမ့်မည်ဟု သူတို့ လုံးဝ ထင်မထားခဲ့ပေ။
“ကောင်လေး မင်းဘယ်သူလဲ”
ဒုတိယအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားသည် ကျန်းချန်ကို သတိကြီးစွာဖြင့် စိုက်ကြည့်ကာ မေးခွန်းထုတ်လိုက်သည်။
မြေကြီးအရှင်အဆင့်သည် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားတစ်ပါးကို ဓားချက်တစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်ပါသလော။
အကယ်၍သာ အစောပိုင်းက ဓားချက်ကို ထုတ်ဖော်လိုက်သူမှာ အနက်ရောင်ဝတ်စုံဝတ် လူငယ် ဖြစ်နေခဲ့လျှင် ထိုလူငယ်၏ ပါရမီသည် အမှန်တကယ်ပင် ကြောက်စရာကောင်းလွန်းလှသည်။
“မင်းရဲ့သေမင်းတမန်ပဲ”
ကျန်းချန်က အေးစက်စက် ပြန်ဖြေလိုက်ပြီး ချက်ချင်းဆိုသလိုပင် သူ၏ လက်ထဲမှ ရှေးဟောင်း ရွှေရောင်ဓားဖြင့် ဓားကွက် တစ်ကွက်ကို ထုတ်ဖော်လိုက်သည်။
နောက်ထပ် တစ်ခဏမှာပင် တောက်ပသော ဓားအလင်းတစ်ခုသည် လေထုကို ထိုးဖောက်သွားခဲ့ပြီး ဒုတိယအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားကို တိုက်ရိုက်ပင် ခုတ်ပိုင်းချလိုက်သည်။
“သွေးနတ်ဆိုးဓားကွက်”
ကျန်းချန်၏ ဓားချက်မှ ကြောက်မက်ဖွယ်ရာ ကောင်းသော အရှိန်အဝါကို ခံစားမိလျှင် ဒုတိယအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားသည် မျက်မှောင်ကြုတ်သွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်ထဲမှ နတ်ဆိုးနတ်ဘုရား စွမ်းအားများကို အစွမ်းကုန် ထုတ်ဖော်ကာ သွေးရောင်ကောင်းကင်ဓား အဖြစ်သို့ ပြောင်းလဲလိုက်ပြီး ရွှေရောင်ဓားအလင်းနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်၏။
သို့သော်လည်း သွေးရောင်ကောင်းကင်ဓားသည် ရွှေရောင်ဓားအလင်းနှင့် ထိပ်တိုက်ရင်ဆိုင်မိသည်နှင့် ရွှေရောင်ဓားအလင်း၏ ခုတ်ပိုင်းခြင်းကို ခံလိုက်ရပြီး တိုက်ရိုက်ပင် နှစ်ခြမ်းကွဲထွက်သွားခဲ့သည်။
ထို့နောက်တွင် ကြောက်မက်ဖွယ်ရာကောင်းသော ရွှေရောင်ဓားအလင်းသည် ဒုတိယအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား၏ ခန္ဓာကိုယ်ပေါ်သို့ သက်ရောက်သွားခဲ့သည်။
“ဝုန်း..”
ဒုတိယအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား၏ ပါးစပ်ကနေ ရွှေရောင်နတ်ဆိုးသွေးများ အန်ထွက်လာခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံးသည် ပေပေါင်း ထောင်ချီ အကွာအဝေးအထိ လွင့်စင်သွားခဲ့သည်။
ဤအချိန်တွင် ဓားတစ်လက်ကို ကိုင်စွဲကာ ဝင့်ကြွားစွာ ရပ်နေသော အနက်ရောင်ဝတ်စုံဝတ် လူငယ်ကို ကြည့်နေသည့် ဒုတိယအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား၏ မျက်ဝန်းထဲ၌ ထိတ်လန့်တုန်လှုပ်သော အရိပ်အယောင်များ ဖုံးဖိမရစွာ ပြည့်နှက်နေခဲ့၏။
အခန်း(၂၁၅၇)ပြီး၏။
အခန်း(၂၁၅၈)
“သန်မာလှချည်လား”
သူ့ရှေ့မှ ရုတ်တရက် ထွက်ပေါ်လာသော အနက်ရောင်ဝတ်စုံ လူငယ်သည် အမှန်တကယ်ပင် အလွန်တရာ သန်မာလွန်းလှ၏။
သူ၏ ဒုတိယအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား၏ ခွန်အားဖြင့်ပင် ထိုလူငယ်၏ ရှေ့တွင် ခုခံနိုင်စွမ်း လုံးဝမရှိသလောက်ပင်။
ဆိုရလျှင် ထိုလူငယ်၏ တိုက်ခိုက်ရေးစွမ်းရည်သည် သူတို့ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ တတိယအဆင့်ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားများနှင့် နှိုင်းယှဥ်လျှင်ပင် နိမ့်ကျမည် မဟုတ်ပေ။
“မြေကြီးအရှင်အဆင့် ကျင့်ကြံသူတစ်ယောက်က ဒီလောက်အထိ ကြောက်မက်ဖွယ်ရာ ကောင်းတဲ့ တိုက်ခိုက်ရေးစွမ်းရည်မျိုးကို ပိုင်ဆိုင်ထားတယ်လား.. ဒါ.. ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
နတ်ကုန်းမြေတိုက်တွင် နတ်ဘုရင် အဆင့်ကိုပင် အန်တုယှဥ်ပြိုင်နိုင်သည့် နယ်မြေနတ်ဘုရား အချို့ရှိကြောင်း သူသိထားသော်လည်း မြေကြီးအရှင် အဆင့်ဖြင့် နတ်ဘုရင်တတိယအဆင့်ကို ယှဥ်နိုင်သော ကြောက်မက်ဖွယ် တိုက်ခိုက်ရည်စွမ်းရည်မျိုး ရှိသည်ဟု သူတစ်ခါမှ မကြားဖူးပေ။
ကျန်းချန်သည် ဓားချက် တစ်ချက်တည်းဖြင့် ပထမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားတစ်ပါးကို သတ်ဖြတ်ပြီး နောက်ထပ် ဓားချက်တစ်ချက်ဖြင့် ဒုတိယအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားတစ်ပါးကို ဒဏ်ရာအပြင်းအထန် ရရှိစေခဲ့ခြင်းသည် ပတ်ဝန်းကျင်တွင် တိုက်ခိုက်နေသော သူများ၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။
မိုဝူရှန်းဖြစ်စေ၊ ဆံပင်အနီရောင်နှင့် အဘိုးအိုဖြစ်စေ သို့မဟုတ် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ ကျန်ရှိသော ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားသုံးပါး ဖြစ်စေ အားလုံးသည် ခဏမျှ မှင်တက်သွားခဲ့ကြသည်။
တစ်ဖက်သတ် အသာစီးရနေသည့် အခြေအနေသည် ရုတ်တရက် ထွက်ပေါ်လာသော အနက်ရောင်ဝတ်စုံဝတ်လူငယ်ကြောင့် အနည်းငယ် ပြောင်းလဲသွားလိမ့်မည်ဟု ဟင်းလင်းပြင်နတ်ဆိုးနတ်ဘုရားများ မထင်မှတ်ထားခဲ့ပေ။
အထူးသဖြင့် ရုတ်တရက် ထွက်ပေါ်လာသော အနက်ရောင်ဝတ်စုံဝတ် လူငယ်ကို မြင်လိုက်ရလျှင် မိုဝူရှန်း၏ အိုမင်းသောမျက်ဝန်းထဲတွင် မယုံကြည်နိုင်လောက်အောင် အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
မိုဝူရှန်းသည် တောင်ဘက်ပင်မခန်းမ၏ အထွတ်အထိပ်အကြီးအကဲ ဖြစ်၍ ကျန်းချန်၏ အကြောင်းကို ကောင်းစွာ သိရှိထားခဲ့သည်။
ကျန်းချန်သည် တောင်ဘက် ပင်မခန်းမကို ရောက်လာစဥ်ကပင် တောင်ဘက်ပင်မခန်းမ၏ ပါရမီရှင် လေးဦးထဲမှ တစ်ဦးဖြစ်သည့် ရှန်းဝူယိုကို အလွယ်တကူပင် အနိုင်ရခဲ့သည်။
အကယ်၍ သူသာ ထိုအချိန်က တားမြစ်ခဲ့ခြင်း မရှိခဲ့လျှင် ရှန်းဝူယိုသည် ကျန်းချန်၏ လက်ထဲတွင် အသတ်ခံရနိုင်ခြေပင် ရှိနေခဲ့၏။
ထို့နောက်တွင် ကျန်းချန်သည် ထာဝရပွဲတော်တွင် သူ၏ ကြောက်မက်ဖွယ်ပါရမီနှင့် ခွန်အားကို ပြသခဲ့ပြီး တောင်ဘက်ပင်မခန်းမ၏ ပါရမီရှင်အားလုံးကို တစ်ဦးတည်းဖြင့် လွှမ်းမိုးနိုင်ခဲ့သည်။
သို့သော်လည်း ထိုအချိန်က ကျန်းချန်သည် ကြောက်မက်ဖွယ်ပါရမီနှင့် အလားအလာကို ပြသခဲ့သော်လည်း ကောင်းကင်နတ်ဘုရား အဆင့်သာ ရှိနေသေးသည်။
ယခုအခါတွင်မူ နှစ်အနည်းငယ် အတွင်းမှာပင် ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်သည် ကောင်းကင်နတ်ဘုရား အဆင့်ကနေ နယ်မြေနတ်ဘုရားအဆင့်ကို ထိုးဖောက်သွားရုံသာမက မြေကြီးအရှင် အဆင့်သို့ပင် ရောက်ရှိနေခဲ့ချေပြီ။
ထိုထက်ပို၍ မိုဝူရှန်းကို အံ့ဩအထိတ်လန့်ဆုံး ဖြစ်စေခဲ့သည်မှာ ကျန်းချန် အစောပိုင်းက ပြသလိုက်သည့် ကြောက်မက်ဖွယ် အင်အားကြောင့် ဖြစ်သည်။
ထိုကောင်လေးသည် မြေကြီးအရှင် အဆင့်ဖြင့်ပင် ပထမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားတစ်ပါးကို ဓားချက်တစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်ခဲ့သလို နောက်ထပ် ဓားချက်ကို ထုတ်ဖော်ကာ ဒုတိယအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားတစ်ပါးကို ဒဏ်ရာအပြင်းအထန် ရရှိစေခဲ့သည်။
မိုဝူရှန်းသည် သူ၏ သက်တမ်းတစ်လျှောက်တွင် ဤကဲ့သို့ နတ်ဆိုးဆန်လွန်းလှသည့် ပါရမီရှင်မျိုးကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းလည်း ဖြစ်၏။
“ကျန်းချန်.. မင်းဘယ်လိုဖြစ်ပြီး ဒီကိုရောက်လာတာလဲ”
မိုဝူရှန်းသည် သူနှင့် တိုက်ခိုက်နေသည့် တတိယအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား မှင်တက်နေသော အချိန်မှာပင် သတိပြန်ဝင်လာခဲ့ပြီး ကျန်းချန်၏ နံဘေးကို ရောက်ရှိလာခဲ့သည်။
သူ၏ အိုမင်းသော မျက်ဝန်းထဲတွင်လည်း အံ့အားသင့်သော အရိပ်အယောင်များ ဖုံးဖိမရစွာ ဖြစ်ပေါ်နေခဲ့၏။
ယနေ့တွင် ကျန်းချန်သည် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား ငါးပါးထဲမှ တစ်ပါးကို သတ်ဖြတ်လိုက်ပြီ ဖြစ်သလို ကျန်ရှိနေသော ဒုတိယအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား တစ်ပါးသည်လည်း ကျန်းချန်ကြောင့် ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့ပြီ ဖြစ်ရာ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ အင်အားသည် အလွန်ပင် အားနည်းသွားခဲ့ပြီ ဖြစ်သည်။
ထို့အပြင် သူတို့ဘက်တွင် ကျန်းချန်ကဲ့သို့ အစွမ်းထက် စစ်ကူတစ်ယောက်လည်း ရှိနေခဲ့၏။
ကျန်းချန်သာ ရှိနေလျှင် သူတို့သည် ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စု၏ တိုက်ခိုက်မှုကို ကောင်းစွာ ခုခံနိုင်လိမ့်မည်မဟုတ်ပါလား။
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြန်ဖြေလိုက်သည်။
“တောင်ဘက်ပင်မခန်းမတစ်ခုကို ကိစ္စတစ်ခုနဲ့ ရောက်လာရင်း ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုရဲ့ တိုက်ခိုက်ခံနေရတယ် ကြားလို့ လမ်းကြုံဝင်ကူညီတာပါ”
“ကျေးဇူးတင်ပါတယ် ဒီနေ့ မင်းသာ ရောက်မလာခဲ့ရင် ထာဝရဘုရားကျောင်းတော်ရဲ့ တောင်ဘက်ပင်မခန်းမ ဆိုတာ ရှိနိုင်တော့မှာမဟုတ်ဘူး”
မိုဝူရှန်းက ခါးသီးစွာ ပြုံးလိုက်ပြီး လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
“သတိတော့ထားပါ.. ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို ဦးဆောင်လာတဲ့သူက ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုထဲက ဟင်းလင်းပြင် သွေးနတ်ဆိုး မျိုးနွယ်စုရဲ့ မျိုးနွယ်စုခေါင်းဆောင်ပဲ.. သူ့ရဲ့ ခွန်အားက ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား တတိယအဆင့် အထွတ်အထိပ်ကို ရောက်နေခဲ့ပြီ”
ဤထာဝရ ဟင်းလင်းပြင်ထဲတွင် တတိယအဆင့်ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား အထွတ်အထိပ်ကို နတ်ဘုရင်စတုတ္ထအဆင့် ကျင့်ကြံသူက လွဲ၍ မည်သူကမျှ ယှဥ်နိုင်မည် မဟုတ်ပေ။
ကျန်းချန် ထွက်ပေါ်လာခြင်းသည် သူတို့၏ဖိအားများကို အတိုင်းအတာတစ်ခု အထိ လျော့ကျသွားစေသည်ဆိုသော်လည်း ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို တားဆီးဖို့ ဆိုသည်မှာ လွယ်ကူနိုင်ဦးမည်တော့ မဟုတ်ပေ။
“တတိယအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား အထွတ်အထိပ်လား”
ဆန့်ကျင်ဘက်မှ ခေါင်းဆောင်ဖြစ်သည့် သွေးရောင်ပုံရိပ်ကိုကြည့်ရင်း ကျန်းချန်၏ မျက်ဝန်းများသည် အလိုအလျောက် ကျဥ်းမြောင်းသွားခဲ့သည်။
ထိုသွေးရောင်ပုံရိပ် ဆီကနေ ထွက်ပေါ်နေသည့် အစွမ်းထက်အရှိန်အဝါသည် မကြာသေးခင်က ဟင်းလင်းပြင်ပင်လယ်တွင် သူကြုံတွေ့ခဲ့သည့် ဟင်းလင်းပြင် ဝေလငါးဘုရင်ထက်ပင် များစွာ ပို၍ သာလွန်နေသည်ဟု သူခံစားမိခဲ့သည်။
သူ၏ လက်ရှိ တိုက်ခိုက်ရေးစွမ်းရည်ဖြင့် ထိုလူကို မကြောက်သော်လည်း အနိုင်ယူဖို့ ဆိုသည်မှာ လွယ်ကူသော ကိစ္စမဟုတ်လောက်ပေ။
ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ်လက်ခနဲ ဖြစ်သွားခဲ့ပြီး ချက်ချင်းဆိုသလိုပင် ကျန်းချန်သည် မျက်နှာဖြူဖပ်ဖြူရော် ဖြစ်နေသော မိုဝူရှန်းကို လှည့်ကြည့်လိုက်သည်။
“အကြီးအကဲမို.. အဲဒီလူကို ခဏလောက်ဆက်ပြီး ထိန်းထားနိုင်သေးလား”
“အဲဒီလူက အရမ်းသန်မာပေမဲ့ ငါ့ကို တစ်ကွက်၊ နှစ်ကွက်နဲ့တော့ အနိုင်ယူဖို့ မဖြစ်နိုင်ပါဘူး”
မိုဝူရှန်းက ခဏမျှ မှင်တက်သွားသော်လည်း ယုံကြည်မှုရှိစွာ ပြန်ဖြေလိုက်သည်။
သူက ဆန့်ကျင်ဘက်ရှိ တတိယအဆင့် ဟင်းလင်းပြင်နတ်ဆိုးနတ်ဘုရား အထွတ်အထိပ်၏ ပြိုင်ဘက် မဟုတ်သော်လည်း နတ်ဘုရင် တတိယအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။
သူ၏ ဝှက်ဖဲတချို့ဖြင့်သာ ပေါင်းစပ်လိုက်လျှင် ထိုလူကို တခဏမျှ ထိန်းထားရန်မှာ ပြဿနာမရှိပေ။
“ကောင်းပြီ.. ဒါဆို အကြီးအကဲမိုက သူ့ကို အသက်ဆယ်ရှိုက်စာလောက် ထိန်းထားလိုက်ပါ.. အဲဒီအချိန်အတွင်းမှာ ကျွန်တော် ကျန် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားသုံးပါးကို သတ်ဖြတ်လိုက်မယ်”
ကျန်းချန်၏ မျက်ဝန်းထဲတွင် စူးရှသော အလင်းတန်းများ လင်းလက်သွားခဲ့သည်။
ယခုအခါ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုဘက်တွင် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားလေးပါး ကျန်ရှိနေသေး၏။
သူတို့ဘက်တွင်မူ မိုးကြိုးဝတ်စုံဝတ် လူလတ်ပိုင်းအရွယ်ကျင့်ကြံသူနှင့် ဆံပင်အနီရောင် အဘိုးအိုတို့သည် အကြီးအကျယ် ထိခိုက်ထား၍ တိုက်ခိုက်နိုင်စွမ်း သိပ်မရှိတော့ပေ။
သူသာ ထိုတတိယအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားကို တိုက်ရိုက်ရင်ဆိုင်လျှင် တိုက်ပွဲက ကြန့်ကြာနိုင်ခြေ ရှိသည်။
အကယ်၍ မိုဝူရှန်းသာ တတိယအဆင့် ဟင်းလင်းပြင်နတ်ဆိုးနတ်ဘုရား အထွတ်အထိပ်ကို ခဏမျှ ထိန်းထားနိုင်မည်ဆိုလျှင် သူက လျှပ်စီးကဲ့သို့ လျင်မြန်သော အရှိန်အဟုန်ဖြင့် ကျန်ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားသုံးပါးကို သတ်ဖြတ်နိုင်မည်ဖြစ်၏။
အချိန်တန်လျှင် သူက မိုဝူရှန်းနှင့် ပူးပေါင်းကာ ထိုတတိယအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား အထွတ်အထိပ်ကို ရင်ဆိုင်လိုက်မည် ဆိုလျှင် အနိုင်ယူဖို့ ပိုမို လွယ်ကူသွားနိုင်လိမ့်မည် မဟုတ်ပါလား။
“ကောင်းပြီ အဲဒီလူကို ငါထိန်းထားမယ်.. မင်းလုပ်စရာရှိတာသာလုပ်”
စကားဆုံးသည်နှင့် မိုဝူရှန်းသည် သူ၏ ခန္ဓာကိုယ်ကနေ စွမ်းအားများကို အစွမ်းကုန် ထုတ်ဖော်လိုက်ပြီး တတိယအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား အထွတ်အထိပ် ကျင့်ကြံသူကို စတင် တိုက်ခိုက်လိုက်သည်။
“ကိုယ်သေတွင်းကိုယ်တူးနေတာပဲ”
မိုဝူရှန်းက သူ့ကို စတင် တိုက်ခိုက်လိုက်သည်ကို မြင်လျှင် တတိယအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားအထွတ်အထိပ် ကျင့်ကြံသူသည် အေးစက်စက် တစ်ချက်ကြည့်လိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော လက်သီးချက်ဖြင့် မိုဝူရှန်းကို ထိုးနှက်လိုက်သည်။
မိုဝူရှန်းနှင့် တတိယအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား အထွတ်အထိပ်အဆင့် ကျင့်ကြံသူတို့ တိုက်ခိုက်နေသောအချိန်တွင် ကျန်းချန်သည် နေရာမှ လျှပ်တစ်ပြက် ပျောက်ကွယ်သွားခဲ့သည်။
နောက်ထပ် တစ်ခဏအတွင် သူ၏ ပုံရိပ်သည် ဒုတိယအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား၏ ဦးခေါင်းအထက်၌ ပေါ်လာခဲ့၏။
ထို့နောက် ကျန်းချန်သည် ခုနစ်စဥ်ကြယ် ကောင်းကင်ဓားသိုင်းကို ထုတ်ဖော်လိုက်ရာ ကောင်းကင်ယံရှိ ကြယ်တာရာစွမ်းအင်များသည် ဧရာမကြယ်တာရာဓား အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး အောက်ဘက်သို့ သက်ဆင်းလာခဲ့သည်။
ရုတ်တရက် ကောင်းကင်ကနေ ကျဆင်းလာသည့် ဧရာမကြယ်တာရာဓားကြီးကို မြင်လျှင် ဒုတိယအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားသည် ချက်ချင်းဆိုသလို ထိတ်လန့်သွားခဲ့သည်။
သူက ခန္ဓာကိုယ်ထဲမှ နတ်ဆိုးနတ်ဘုရား စွမ်းအားများကို အစွမ်းကုန် ထုတ်ဖော်လိုက်ကာ သွေးအလင်း အကာအကွယ်အဖြစ် ပြောင်းလဲလိုက်ပြီး ကျဆင်းလာသော ကြယ်တာရာဓားကြီးကို တားဆီးလိုက်သည်။
သို့သော်လည်း သူ၏ ဒုတိယအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား၏ ခွန်အားဖြင့် ထုတ်ဖော်လိုက်သော အကာအကွယ်သည် ကျန်းချန် ထုတ်ဖော်လိုက်သည့် ခုနစ်စဥ်ကြယ်ကောင်းကင်ဓားသိုင်းကို မည်ကဲ့သို့ ခုခံနိုင်ပါအံ့နည်း။
ဧရာမ ကြယ်တာရာဓားကြီးအောက်တွင် ထိုသွေးအလင်းအကာအကွယ်သည် လေထုထဲ၌ ပေါက်ကွဲထွက်သွားခဲ့သည်။
ယင်းနောက်တွင်မူ ဒုတိယအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားသည် တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ ဧရာမကြယ်တာရာဓားကြီး၏ တောက်ပသော ဓားအလင်းအောက်တွင် ဝါးမျိုခံလိုက်ရပြီး ခန္ဓာကိုယ် တစ်ခုလုံးသည် အစအနပင် မကျန် ချေမှုန်းခံလိုက်ရသည်။
ဓားချက် တစ်ချက်တည်းဖြင့် ဒုတိယအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားကို သတ်ဖြတ်ပြီးနောက်တွင် ကျန်းချန်၏ ရှေးဟောင်း ရွှေရောင်ဓားသည် လက်ခနဲ ဖြစ်သွားခဲ့ပြီး နောက်ထပ် ဓားချက် တစ်ချက်ကို ထုတ်ဖော်ကာ ပထမအဆင့်ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားထဲမှ တစ်ပါးကို ခုတ်ပိုင်းလိုက်သည်။
ပထမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားသည် မည်သို့မျှ မခုခံနိုင်တော့ဘဲ ကျန်းချန်၏ ဓားချက်အောင်တွင် ခေါင်းပြတ်သွားခဲ့၏။
ကျန်းချန်၏ လက်ရှိ ခွန်အားဖြင့်ဆိုလျှင် ထိုကဲ့သို့ သာမန်ပထမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားများကို သတ်ဖြတ်ရသည်မှာ ကြက်သတ်သကဲ့သို့ပင် ဖြစ်နေခဲ့သည်။
အခန်း(၂၁၅၈)ပြီး၏။