အခန်း (၂၁၅၉-၂၁၆၀)
Vol. 156 Ch. 2159-2160
အခန်း(၂၁၅၉)
“မသတ်ပါနဲ့”
ကျန်းချန်က မျက်စိတစ်မှိတ် အတွင်းမှာပင် ဟင်းလင်းပြင်နတ်ဆိုးနတ်ဘုရား နှစ်ပါးအား သတ်ဖြတ်လိုက်သည်ကို မြင်လျှင် ကျန်ရှိသော ပထမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား၏ မျက်ဝန်းထဲတွင် ထိတ်လန့်တုန်လှုပ်သော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။
သူက ဝိညာဥ်လွင့်မတတ် ဖြစ်သွားခဲ့ပြီး ကြောက်လန့်တကြား ထွက်ပြေးလိုက်သည်။
သို့သော်လည်း ပထမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား အဆင့်မျှသာရှိသော ထိုလူ၏ ခွန်အားသည် ကျန်းချန်၏ မျက်စိအောက်ကနေ မည်ကဲ့သို့ လွတ်မြောက်နိုင်ပါအံ့နည်း။
ထိုပထမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားသည် ခြေလှမ်းအနည်းငယ်မျှသာ လှမ်းရသေးချိန်မှာပင် တုန်လှုပ်ချောက်ချားဖွယ် ဓားအလင်းတစ်ခုသည် လေထုကို ဖြတ်သန်းကာ သူ့ထံသို့ သက်ရောက်လာခဲ့သည်။
ဓားအလင်းက အလွန်ပင် ကြောက်မက်ဖွယ်ရာကောင်းပြီး ထာဝရဟင်းလင်းပြင် တစ်ခုလုံးကိုပင် ဓားချက်တစ်ချက်တည်းဖြင့် ပိုင်းဖြတ်တော့မည့် အလား ဖြစ်နေခဲ့၏။
ထိုကဲ့သို့ စွမ်းအားအောက်တွင် ပထမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားသည် လုံးဝ ခုခံနိုင်စွမ်း မရှိတော့ဘဲ အစအနပင် မကျန်ရှိအောင် ချေမှုန်းခံလိုက်ရသည်။
ကျန်းချန်သည် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား သုံးပါးကို ဓားချက် တစ်ချက်စီဖြင့် သတ်ဖြတ်ပြီးနောက်တွင် လေထုထဲရှိ တိုက်ပွဲကို မော့ကြည့်လိုက်သည်။
မိုဝူရှန်းသည် နတ်ဘုရင်တတိယအဆင့် အစောပိုင်းတွင်သာ ရှိနေသေး၍ တတိယအဆင့် နတ်ဆိုးနတ်ဘုရား အထွတ်အထိပ် ကျင့်ကြံသူနှင့် ရင်ဆိုင်ရာတွင် အတော်လေး ခက်ခဲနေပုံရ၏။
အထူးသဖြင့် ဤထာဝရဟင်းလင်းပြင်ထဲတွင် မဟာလမ်းစဥ်စွမ်းအားများကို အသုံးပြုပြီးနောက်တွင် ပြန်လည် ဖြည့်တင်းရန် ခက်ခဲနေခဲ့သည်။
အခြားတစ်ဖက်တွင်မူ ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားသည် ထာဝရဟင်းလင်းပြင်မှ စွမ်းရည်များကို စုပ်ယူနိုင်ပြီး သူ၏ ကုန်ဆုံးသွားသော စွမ်းအားများကို အဆက်မပြတ် ပြန်လည်ဖြည့်တင်းနိုင်စွမ်း ရှိနေ၏။
ယင်းအခြေအနေမျိုးတွင် မိုဝူရှန်း အတွက် တတိယအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားကို ယှဥ်ပြိုင်ရန် ခက်ခဲသွားခဲ့ပြီး သူ၏ ဝှက်ဖဲအချို့ကို အားကိုး၍သာလျှင် ဤအချိန်အထိ တောင့်ခံနိုင်ခဲ့ခြင်း ဖြစ်သည်။
မိုဝူရှန်းက အောက်စည်းသို့ ရောက်ရှိနေသည်ကို မြင်လျှင် ကျန်းချန်သည် တုံ့ဆိုင်းမနေတော့ဘဲ သူ၏ ရွှေရောင်ဓားကို ဝှေ့ယမ်းလိုက်ကာ တတိယအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား အထွတ်အထိပ်ကို တိုက်ခိုက်လိုက်သည်။
လေထုထဲတွင် တတိယအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား အထွတ်အထိပ်သည် မိုဝူရှန်းကို အမြစ်ဖြတ်သုတ်သင်ရှင်းလင်းရန် နောက်ကနေ လိုက်လံ တိုက်ခိုက်တော့မည့်အချိန်မှာပင် သူ၏ နောက်ကျောဘက်ကနေ အန္တရာယ်ရှိသော အရှိန်အဝါတစ်ခုကို အလိုအလျောက် ခံစားမိလိုက်သည်။
သူ၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့ပြီး မိုဝူရှန်းကို လျစ်လျူရှုလိုက်ကာ နောက်သို့ လှည့်၍ သွေးရောင်လက်သီးချက် တစ်ချက်ကို ထုတ်ဖော်လိုက်၏။
“ဝုန်း..”
သွေးရောင်လက်သီး အလင်းသည် လေထုထဲကို ထိုးဖောက်လာသည့် ဓားအလင်းနှင့် ချက်ချင်းဆိုသလိုပင် ထိပ်တိုက်ဆုံတွေ့သွားခဲ့သည်။
ကြောက်မက်ဖွယ်ရာကောင်းသော အဖျက်စွမ်းအင်မုန်တိုင်းသည် ထိပ်တိုက်ဆုံတွေ့သည့် နေရာကို ဗဟိုပြု၍ ချက်ချင်းဆိုသလိုပင် ပျံ့နှံ့သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် တတိယအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား အထွတ်အထိပ်သည် လေထုထဲတွင် ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားခဲ့ရသည်။
သူက ဓားအလင်း ထွက်ပေါ်လာသော နေရာသို့ လှမ်းကြည့်လိုက်ရာ အံ့ဩ ထိတ်လန့်သွားခဲ့သည်။
“ကောင်လေး လတ်စသတ်တော့ မင်းဖြစ်နေတာကိုး”
အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် ရုတ်တရက် ထွက်ပေါ်လာပြီးနောက်တွင် သူ၏ ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားကို ဓားချက် တစ်ချက်တည်းဖြင့် သုတ်သင်ကာ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ အစီအစဥ်ကို အနှောင့်အယှက် ပေးခဲ့သော်လည်း သူတို့ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုတွင် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား သုံးပါး ရှိနေသေးသည်။
ထိုသုံးဦးက အနက်ရောင်ဝတ်စုံဝတ် လူငယ်ကို ခဏမျှ တားဆီးထားနိုင်သရွေ့ သူက နတ်ဘုရင် တတိယအဆင့် ကျင့်ကြံသူကို သတ်ဖြတ်နိုင်မည် ဖြစ်သည်။
ယင်းနောက်တွင် သူတို့ ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား လေးပါး ပူးပေါင်းလိုက်လျှင် အနက်ရောင်ဝတ်စုံဝတ် လူငယ်ကို စိုးရိမ်စရာရှိတော့မည် မဟုတ်ပေ။
သို့သော်လည်း အနက်ရောင်ဝတ်စုံဝတ် လူငယ်က ဤမျှအထိသန်မာနေလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။
သူနှင့် မိုဝူရှန်းတို့ အသက်ဆယ်ရှိုက်စာ မပြည့်မီမှာပင် အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် သူ၏ ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုမှ ကျန်ရှိသော ဟင်းလင်းပြင်နတ်ဆိုးနတ်ဘုရား သုံးပါးကို သတ်ဖြတ်ပစ်လိုက်သည်။
ယနေ့တွင် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုမှ ဟင်းလင်းပြင်နတ်ဆိုးနတ်ဘုရား ငါးပါးတွင် အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ လက်ချက်ဖြင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား လေးပါးသည် ဆက်တိုက်ဆိုသလို သေဆုံးသွားခဲ့ပြီး သူတစ်ပါးတည်းသာလျှင် ကျန်ရစ်တော့သည်။
ယခုအခါတွင် တောင်ဘက် ပင်မခန်းမကို ဖျက်ဆီးပြီး ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုတွင် သူတို့ ဟင်းလင်းပြင်သွေးမိစ္ဆာ မျိုးနွယ်စု၏ အဆင့်အတန်းကို မြင့်မားလာစေရန်အသာထား၊ သူတို့၏ လက်ရှိ အဆင့်အတန်းကို ထိန်းထားရန်ပင်လျှင် လွယ်ကူနိုင်တော့မည် မဟုတ်ပေ။
“ကောင်လေး.. မင်းက ငါတို့ ဟင်းလင်းပြင် သွေးမိစ္ဆာမျိုးနွယ်စုရဲ့ ကိစ္စကြီးကို ဖျက်ဆီးခဲ့တယ်.. မင်း ငါ့လက်ထဲမှာ သေဖို့သာ ပြင်ထားလိုက်တော့”
တတိယအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား အထွတ်အထိပ်က ကောင်းကင်ပေါ်သို့ မော့ကြည့်ကာ ဒေါသတကြီး ကြုံးဝါးလိုက်သည်။
ယင်းနောက်တွင်မူ အနီရင့်ရောင် နတ်ဆိုးနတ်ဘုရား စွမ်းအားများသည် သူ၏ ခန္ဓာကိုယ်ကနေ ပေါက်ကွဲထွက်လာခဲ့ပြီး မိုင်ပေါင်း ထောင်ချီ ပျံ့နှံ့သွားခဲ့သည်။
တတိယအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား အထွတ်အထိပ်နှင့် ရင်ဆိုင်နေရသဖြင့် ကျန်းချန်သည် ပေါ့ပေါ့တန်တန် မလုပ်ရဲပေ။
သူက ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်၏ စွမ်းအားများကို တိုက်ရိုက်ပင် ထုတ်ဖော်လိုက်ပြီး တတိယအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား အထွတ်အထိပ်ကို ရင်ဆိုင်လိုက်သည်။
“ဝုန်း.. ဝုန်း.. ဝုန်း..”
သူတို့နှစ်ဦးက လေထုထဲတွင် တိုက်ကွက်များစွာကို အကြိတ်အနယ် တိုက်ခိုက်ခဲ့ကြပြီး ကျန်းချန်သည် ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်၏ သိုင်းစွမ်းအားပုံရိပ်များကို တစ်ခုပြီး တစ်ခု ထုတ်သုံးခဲ့သည့်တိုင် တစ်ဖက်လူကို အသာစီးမရရှိခဲ့ပေ။
“ဒီလူရဲ့ အင်အားက တကယ်ကို သန်မာတာပဲ”
ကျန်းချန်က တအံ့တဩ ရေရွတ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်အတွင်းမှ မတည်မငြိမ် ဖြစ်နေသော စွမ်းအားများကို အတင်းအကျပ် ထိန်းချုပ်လိုက်သည်။
သူ၏ရှေ့မှ တတိယအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား အထွတ်အထိပ်သည် နတ်ကုန်းမြေတိုက်မှ ကျီချန်းယဲ့နှင့် အခြားသော နတ်ဘုရင်တတိယအဆင့် အထွတ်အထိပ်ပါရမီရှင်များကို မယှဥ်နိုင်သော်လည်း လီဆွန်းနတ်ဘုရင်နှင့် အခြားသော နတ်ဘုရင် တတိယအဆင့် ကျင့်ကြံသူများထက်မူ အဆပေါင်းများစွာ ပိုမိုသန်မာလှ၏။
သူ၏ လက်ရှိ ခွန်အားဖြင့်ပင် ထိုလူကို အနိုင်ယူရန်မှာ လွယ်ကူသော ကိစ္စ မဟုတ်ချေ။
“ဒီကောင်လေးက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ကြောက်ဖို့ကောင်းတဲ့ တိုက်ခိုက်ရေး စွမ်းရည်မျိုးကို ပိုင်ဆိုင်ထားရတာလဲ”
တစ်ဖက်တွင်လည်း တတိယအဆင့် ဟင်းလင်းပြင်နတ်ဆိုးနတ်ဘုရား အထွတ်အထိပ် ကျင့်ကြံသူ၏ စိတ်နှလုံးထဲတွင် အလွန်အမင်း တုန်လှုပ်နေခဲ့သည်။
မြေကြီးအရှင် အဆင့်သာ ရှိသော လူငယ်လေးသည် သူ၏ တတိယအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား အထွတ်အထိပ်ထက်ပင် မနိမ့်ကျသော ကြောက်မက်ဖွယ် တိုက်ခိုက်ရေးစွမ်းရည်ကို အမှန်တကယ် ပိုင်ဆိုင်ထားပါသလော။
ဤအခိုက်အတန့်တွင် အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် ဟင်းလင်းပြင် သွေးမိစ္ဆာမျိုးနွယ်စုမှ ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားများကို အဘယ်ကြောင့် အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့မှန်း အဆုံးသတ်၌ သူနားလည်သွားခဲ့သည်။
သာမန် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား တစ်ပါးသည် အနက်ရောင်ဝတ်စုံဝတ် လူငယ်ကို သေချာပေါက် ယှဥ်ပြိုင်နိုင်မည် မဟုတ်ပေ။
ထိုသို့ စဥ်းစားမိသည်နှင့် တတိယအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား အထွတ်အထိပ်သည် ထိတ်လန့်သွားခဲ့ပြီး သူ၏ စိတ်နှလုံးထဲတွင် ဆုတ်ခွာလိုသောစိတ် ပေါ်ပေါက်လာခဲ့သည်။
အကြောင်းရင်းမှာ သူ၏ ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်ကို သူ၏ ခွန်အားဖြင့် ကိုင်တွယ်ရ မလွယ်ကူသောကြောင့်ပင်။
ထို့အပြင် နတ်ဘုရင်တတိယအဆင့် မိုဝူရှန်းသည်လည်း သူ့ကို စောင့်ကြည့်နေသည် မဟုတ်ပါလော။
ယနေ့တွင် ဟင်းလင်းပြင် သွေးမိစ္ဆာ မျိုးနွယ်စုသည် ထာဝရဘုရားကျောင်းတော်၏ တောင်ဘက်ပင်မခန်းမကို ထိုးဖောက်ရန်မှာ မဖြစ်နိုင်တော့ပေ။
အကယ်၍ ဆုတ်ခွာရန် ထပ်မံ နှောင့်နှေးနေလျှင် ဟင်းလင်းပြင် သွေးမိစ္ဆာမျိုးနွယ်စုသည် အမှန်တကယ်ပင် အမြစ်ပြတ် ချေမှုန်းခံရနိုင်ခြေ ရှိနေခဲ့၏။
“ကောင်လေး မင်းကို ငါ သေချာမှတ်ထားမယ်.. အားလုံးပဲ တပ်ဆုတ်တော့”
တတိယအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား အထွတ်အထိပ်သည် ကျန်းချန်ကို အေးစက်သော မျက်ဝန်းများဖြင့် တစ်ချက် ကြည့်လိုက်ပြီးနောက်တွင် ဟင်းလင်းပြင်သွေးမိစ္ဆာ မျိုးနွယ်စုဝင်များနှင့်အတူ ထာဝရ ဟင်းလင်းပြင်ထဲတွင် ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့သည်။
ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု ဆုတ်ခွာသွားသော်လည်း ကျန်းချန်သည် ၎င်းတို့ကို မတားဆီးခဲ့ပေ။
ဟင်းလင်းပြင် သွေးမိစ္ဆာမျိုးနွယ်စု၏ ခေါင်းဆောင်သည် အလွန်တရာ သန်မာလှပြီး ထိုလူကို ဖမ်းဆီးထားလိုလျှင် ရှေးဟောင်းရွှေရောင်ဓားကို နတ်ခန္ဓာပုံရိပ် ဖြစ်သည့် လူသားဧကရာဇ်ဓားနှင့် ပေါင်းစည်းမှသာ ဖြစ်နိုင်ပေလိမ့်မည်။
သို့သော်လည်း သူ့အနေဖြင့် ဤတိုက်ကွက်ကို အသုံးပြုလိုက်လျှင် အချိန်အတိုင်းအတာ တစ်ခုအထိ အားနည်းသောအခြေအနေသို့ ရောက်ရှိသွားလိမ့်မည် မဟုတ်ပါလော။
စင်စစ် သူနှင့် ထာဝရဘုရားကျောင်းတော်၏ တောင်ဘက်ပင်မခန်းမတို့၏ ဆက်ဆံရေးသည် အလွန်အမင်း ရင်းနှီးလှသည် မဟုတ်ရာ ယနေ့တွင် ၎င်းတို့ကို ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ ရန်မှ ကူညီတွန်းလှန်ပေးခြင်းသည်ပင် လုံလောက်နေပြီ ဖြစ်သည်။
ထို့ကြောင့် သူ့အနေဖြင့် အစွမ်းကုန် ကြိုးစားအားထုတ်ပေးနေရန် မလိုအပ်ပေ။
ဟင်းလင်းပြင် သွေးမိစ္ဆာမျိုးနွယ်စုများ ဆုတ်ခွာသွားသည်ကိုမြင်လျှင် မိုဝူရှန်း၏ စိတ်နှလုံးသည် ရုတ်တရက် သက်သာရာရသွားခဲ့သည်။
သူက ကျန်းချန်၏ နံဘေးသို့ အလျင်အမြန် ရောက်လာခဲ့ပြီး ကျေးဇူးတင်စကား ပြောလိုက်သည်။
“မိတ်ဆွေလေးကျန်းချန်.. ဒီနေ့ကိစ္စအတွက် တောင်ဘက်ပင်မခန်းမက မင်းကို ကျေးဇူးအများကြီးတင်ပါတယ်”
အကယ်၍သာ ယနေ့တွင် ကျန်းချန် ပေါ်ထွက်မလာခဲ့လျှင် ထာဝရဘုရားကျောင်းတော်၏ တောင်ဘက် ပင်မခန်းမသည် အမှန်တကယ်ပင် ဆက်လက် တည်ရှိနိုင်တော့မည် မဟုတ်လောက်ပေ။
အောက်ဘက်ရှိ တောင်ဘက်ပင်မခန်းမ၏ ခန်းမသခင်နှင့် တောင်ဘက်ပင်မခန်းမ၏ အထွတ်အထိပ် ပါရမီရှင်လေးဦး စသည့် ကျန်းချန်ကို သိရှိကြသော လူများသည် အလွန်အမင်း အံဩတုန်လှုပ်နေခဲ့ကြပြီး သတိပင် ပြန်မဝင်နိုင်ကြသေးပေ။
အထူးသဖြင့် တောင်ဘက်ပင်မခန်းမ၏ အထွတ်အထိပ်ပါရမီရှင် လေးဦး၏ စိတ်နှလုံးထဲတွင် ခါးသီးသော အပြုံးတစ်ခု ပေါ်ပေါက်လာခဲ့သည်။
ထာဝရပွဲတော်တွင် ကျန်းချန်သည် သူတို့ကို အနိုင်ယူခဲ့သော်လည်း အနည်းဆုံး သူတို့သည် ကျန်းချန်နှင့် အကွက်အနည်းငယ် ယှဥ်ပြိုင်နိုင်ခဲ့ကြသေးသည်။
ယခုနှစ်အနည်းငယ် ကြာပြီးနောက်တွင် ကျန်းချန်သည် နတ်ဘုရင်အဆင့်နှင့်ပင် ယှဥ်နိုင်သော ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားများကို အသာအယာ သတ်ဖြတ်နိုင်နေပြီ ဖြစ်၏။
တောင်ဘက်ပင်မခန်းမ၏ အထွတ်အထိပ် အကြီးအကဲ ဖြစ်သည့် မိုဝူရှန်းပင်လျှင် ဆန့်ကျင်ဘက်မှ တတိယအဆင့်ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား အထွတ်အထိပ်၏ ပြိုင်ဘက် မဟုတ်သော်လည်း ထို ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားသည် ကျန်းချန်၏ လက်ထဲတွင်မူ အသာစီး လုံးဝမရရှိခဲ့ပေ။
ဆိုရလျှင် ကျန်းချန်၏ ပါရမီသည် အမှန်တကယ်ပင် လက်ဖျားခါလောက်စရာ ဖြစ်နေခဲ့၏။
သူတို့၏ ဘဝတစ်လျှောက်လုံး အစွမ်းကုန် ကြိုးစားအားထုတ်လျှင်ပင် ကျန်းချန် ယနေ့ရရှိထားသော အောင်မြင်မှုမျိုးကို ရရှိနိုင်ကြလိမ့်မည် မဟုတ်ဟု သူတို့ တွေးမိခဲ့ကြသည်။
အခန်း(၂၁၅၉)ပြီး၏။
အခန်း(၂၁၆၀)
“အကြီးအကဲ အားနာနေဖို့ မလိုပါဘူး.. ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စု ဆိုတာ နတ်ကုန်းမြေတိုက်က ကျင့်ကြံသူ အားလုံးရဲ့ ဘုံရန်သူပါပဲ.. ကျွန်တော်လည်း ကြုံလာမှတော့ ဒီအတိုင်း လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး”
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
“ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုက ဆုတ်ခွာသွားပြီ ဆိုပေမဲ့ ဒီနေရာမှာတင် ရပ်တန့်သွားမှာတော့ မဟုတ်ဘူး.. ထာဝရဘုရားကျောင်း အနေနဲ့ အသေအချာ ပြင်ဆင်ထားသင့်တယ်”
ကျန်းချန်၏ စကားကို ကြားလျှင် မိုဝူရှန်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။
“စိတ်မပူပါနဲ့ ငါ စစ်မိစ္ဆာမဟာမိတ်အဖွဲ့ကို အကြောင်းကြားထားပြီးပါပြီ.. မကြာမီ စစ်မိစ္ဆာမဟာမိတ်အဖွဲ့က အစွမ်းထက်ကျင့်ကြံသူတွေကို စစ်ကူအဖြစ် စေလွှတ်ပေးပါလိမ့်မယ်”
မိုဝူရှန်း၏ စကားကိုကြားလျှင် ကျန်းချန်သည် ခဏမျှ မှင်တက်သွားခဲ့သည်။
“စစ်မိစ္ဆာမဟာမိတ်အဖွဲ့လား.. အဲဒါက ဘယ်လိုအင်အားစုမျိုးလဲ”
ထာဝရဘုရားကျောင်းတော်သည် နတ်ဘုရားနယ်မြေ တစ်ခုလုံးတွင် နာမည်ကျော်ကြားသော အင်အားစုတစ်စုဖြစ်သည်။
ဤစစ်မိစ္ဆာမဟာမိတ်အဖွဲ့သည် ထာဝရဘုရားကျောင်းတော်ကိုပင် အကူအညီပေးနိုင်စွမ်း ရှိသည်ဆိုလျှင် ထိုအဖွဲ့၏ အင်အားသည် ထာဝရဘုရားကျောင်းတော်ထက် သာလွန်နေရမည် ဖြစ်ပြီး နတ်ဘုရားနယ်မြေ၏ ထိပ်တန်းအင်အားစုကြီး ဖြစ်ရမည် မဟုတ်ပါလား။
သို့သော်လည်း သူ့အနေဖြင့် နတ်ဘုရားနယ်မြေသို့ ရောက်ရှီသည်မှာ ကြာပြီဖြစ်သော်လည်း စစ်မိစ္ဆာမဟာမိတ်အဖွဲ့ကို တစ်ခါမှ မကြားဖူးပေ။
“စစ်မိစ္ဆာမဟာမိတ်အဖွဲ့ ဆိုတာက အင်အားစုတစ်စု မဟုတ်ဘူး နတ်ကုန်းမြေတိုက်မှာ ရှိတဲ့ အင်အားစုများစွာနဲ့ ဖွဲ့စည်းထားတဲ့ မဟာမိတ်အဖွဲ့အစည်း တစ်ခုပဲ.. နတ်ဘုရားနယ်မြေရဲ့ မဟာကပ်ဘေးကြီး ပြီးတဲ့နောက်မှာ ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုက နတ်ကုန်းမြေတိုက်ကို ကျူးကျော်ခဲ့တယ်.. ဒီမဟာမိတ်အဖွဲ့အစည်းက အဲဒီအချိန်ကတည်းကနေ စပြီး တည်ထောင်ခဲ့တာ အခုထိတိုင်ပဲ"
"စစ်မိစ္ဆာမဟာမိတ်အဖွဲ့ရဲ့ အဓိကရည်ရွယ်ချက်က ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို ရင်ဆိုင်ဖို့ပဲ.. ပုံမှန်အချိန်မှာတော့ စစ်မိစ္ဆာမဟာမိတ်အဖွဲ့အစည်းထဲမှာ ပါဝင်နေတဲ့ အဓိက အင်အားစုတွေ အပေါ်မှာ ဘာအချုပ်အနှောင်မှ မရှိဘူး”
မိုဝူရှန်းက ဖုံးကွယ်မထားဘဲ ကျန်းချန်ကို ပြုံး၍ ရှင်းပြလိုက်သည်။
ကျန်းချန်၏ မျက်ဝန်းများက ရုတ်တရက် အနည်းငယ် ကျဥ်းမြောင်းသွားခဲ့၏။
“ဒါဆိုရင် လူသားဧကရာဇ်နန်းတော်နဲ့ ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုကလည်း စစ်မိစ္ဆာမဟာမိတ်အဖွဲ့ရဲ့ အဖွဲ့ဝင်တွေပဲလား”
“သေချာတာပေါ့”
မိုဝူရှန်းက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။
“စစ်မိစ္ဆာမဟာမိတ်အဖွဲ့ကို စတင် တည်တောင်တာက လူသားဧကရာဇ်နန်းတော်လို နတ်ကုန်းမြေတိုက်ရဲ့ ထိပ်တန်းအင်အားစုတွေပဲ”
“အကြီးအကဲမို.. ကျွန်တော် ဒီတစ်ခေါက် ရောက်လာတာက တောင်ဘက်ပင်မခန်းမရဲ့ တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်ကို သုံးပြီး ထာဝရဟင်းလင်းပြင်ရဲ့ တောင်ဘက်မှာရှိတဲ့ အခြားဌာနခွဲဆီ သွားမလို့ပါ.. အဆင်ပြေနိုင်မလား သိချင်ပါတယ်”
ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် တောက်ပသွားခဲ့ပြီး မိုဝူရှန်းကို တိုက်ရိုက်မေးလိုက်သည်။
စစ်မိစ္ဆာမဟာမိတ်အဖွဲ့သည် ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုကို ဆန့်ကျင်ရန် ဖွဲ့စည်းထားသော မဟာမိတ်အဖွဲ့သာ ဖြစ်သော်လည်း လူသားဧကရာဇ်နန်းတော်နှင့် ရှေးဟောင်းသူတော်စင်နဂါး မျိုးနွယ်စုကဲ့သို့ အင်အားစုများသည် ထိုမဟာမိတ်အဖွဲ့တွင် ထိပ်ပိုင်းနေရာ၌ ရှိနေမည်မှာ သေချာသည်။
ယခုအခါတွင် စစ်မိစ္ဆာမဟာမိတ်အဖွဲ့မှ လူများ ရောက်ရှိလာတော့မည် ဖြစ်ရာ ကျန်းချန်သည် တောင်ဘက်ပင်မခန်းမတွင် အချိန်အကြာကြီး မနေလိုတော့ပေ။
ဆိုရလျှင် ဤတစ်ကြိမ် ရောက်ရှိလာမည့် စစ်မိစ္ဆာမဟာမိတ်အဖွဲ့မှ စေလွှတ်လိုက်သော စစ်ကူများထဲတွင် လူသားဧကရာဇ်နန်းတော် သို့မဟုတ် ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုဝင်များ ပါ၊မပါ သူမသိနိုင်ပေ။
အကယ်၍သာ လူသားဧကရာဇ်နန်းတော် သို့မဟုတ် ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုမှ လူများနှင့် ဆုံခဲ့လျှင် သူ၏ လှုပ်ရှားမှုများ ပေါက်ကြားသွားနိုင်ပြီး သူ့အတွက် ပြဿနာများစွာ ဖြစ်လာနိုင်ပေသည်။
“ပုံမှန်အခြေအနေ ဆိုရင်တော့ ဘာပြဿနာမှ မရှိပါဘူး.. ဒါပေမဲ့ အခုအချိန်မှာတော့ တစ်ခဏလောက် စောင့်ရမယ်ထင်တယ်”
မိုဝူရှန်းက ခါးသီးစွာ ပြုံး၍ ပြောလိုက်သည်။
“ဒီတစ်ခေါက် ဟင်းလင်းပြင်နတ်ဆိုးတွေ တိုက်ခိုက်လာတဲ့အချိန်မှာ ဌာနခွဲတွေက အစွမ်းထက် ကျင့်ကြံသူတွေကို ဆင့်ခေါ်ဖို့ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို အကြိမ်အရေအတွက် အများကြီး အသုံးပြုလိုက်ရတယ်.. ဒါကြောင့် အစီအရင်မှာ ပြဿနာအချို့ ရှိနေတဲ့အတွက် ပြန်ပြင်ဖို့ အချိန်နည်းနည်းလောက်တော့ လိုအပ်လိမ့်မယ်”
ထိုစကားကို ကြားလျှင် ကျန်းချန်သည် မျက်မှောင်ခပ်တင်းတင်း ကြုတ်သွားခဲ့သည်။
ယခုအခါတွင် တောင်ဘက်ပင်မခန်းမ၏ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်သည် ပြဿနာရှိနေပြီး သူ့အနေဖြင့်လည်း တောင်ဘက်ပင်မခန်းတွင် အချိန်အကြာကြီး မနေလိုပေ။
ကြည့်ရသည်မှာ ထာဝရဟင်းလင်းပြင် တောင်ဘက်ရှိ ထာဝရဘုရားကျောင်း ဌာနခွဲများ ဆီသို့ တိုက်ရိုက်တည်နေရာရွှေ့ပြောင်းရန်မှာ မဖြစ်နိုင်တော့ပုံ ရ၏။
“ဒီလိုဆိုမှတော့ ကျန်းဝူကောင်းကင်နယ်မြေကို အရင်သွားပြီး အဲဒီကနေတစ်ဆင့် အခြား ထာဝရဘုရားကျောင်းတော် ဌာနခွဲဆီ တည်နေရာ ရွှေ့ပြောင်းရုံပဲ ရှိတော့တာပေါ့”
ကျန်းချန်က ခဏမျှ စဥ်းစားလိုက်ပြီးနောက်တွင် မိုဝူရှန်းကို ဂါဝရပြုကာ နှုတ်ဆက်လိုက်သည်။
“အကြီးအကဲမို.. ကျွန်တော့်ဘက်က တောင်းဆိုချင်တာ တစ်ခု ရှိပါတယ်.. စစ်မိစ္ဆာမဟာမိတ် အဖွဲ့ကို ကျွန်တော့်အကြောင်း ထုတ်မပြောဖို့ မျှော်လင့်ပါတယ်”
“ကောင်းပါပြီ.. ငါတို့ တောင်ဘက် ပင်မခန်းမအနေနဲ့ မင်းရဲ့သတင်းကို ပေါက်ကြားအောင် မလုပ်ဘူးလို့ ကတိပေးတယ်”
မိုဝူရှန်းက ခဏမျှ မှင်တက်သွားသော်လည်း သဘောတူလိုက်သည်။
နှစ်ပေါင်းထောင်ချီ အသက်ရှင်နေထိုင်လာသော မြေခွေးအိုကြီး တစ်ဦး အနေဖြင့် မိုဝူရှန်းသည် ကျန်းချန်၏ အတွေးကို ရိပ်စားမိခဲ့သည်။
စစ်မိစ္ဆာမဟာမိတ်အဖွဲ့ အကြောင်းကို သိရှိပြီးနောက်တွင် ကျန်းချန်သည် လူသားဧကရာဇ်နန်းတော်နှင့် ရှေးဟောင်းသူတော်စင်နဂါး မျိုးနွယ်စု၏ အကြောင်းကို မေးမြန်းခဲ့သည်။
သို့ဖြစ်ရာ ထိုအင်အားစုနှစ်ခုနှင့် ကျန်းချန်၏ ဆက်ဆံရေးသည် သိပ်မပြေလည်လှမှန်း ထင်ရှားနေသည် မဟုတ်ပါလား။
ကျန်းချန်သည် ထာဝရဘုရားကျောင်းတော်၏ တောင်ဘက်ပင်မခန်းမအပေါ်တွင် ကျေးဇူးရှိသူ ဖြစ်ရာ မိုဝူရှန်း အနေဖြင့် ကျန်းချန်ကို အလွယ်တကူ ဖော်ထုတ်မည် မဟုတ်ပေ။
“ကျေးဇူးတင်ပါတယ် အကြီးအကဲမို.. ကျွန်တော် အရေးတကြီး ကိစ္စ ရှိတာကြောင့် အရင်သွားပါရစေဦး.. နောက်မှပဲ ပြန်ဆုံတွေ့ကြတာပေါ့”
ထိုစကားကို ပြောပြီးသည်နှင့် ကျန်းချန်သည် အနက်ရောင်အလင်းတန်းတစ်ခု အဖြစ်သို့ ပြောင်းလဲကာ ထာဝရဟင်းလင်းပြင်၏ တောင်ဘက်အရပ် ဆီသို့ ပျံသန်း၍ ထွက်ခွာသွားခဲ့သည်။
“ကောင်လေး ဘာမှစိတ်မပူနဲ့.. စစ်မိစ္ဆာမဟာမိတ်အဖွဲ့က မင်းရဲ့သတင်းကို မသိရှိစေရဘူး.. နောက်တစ်ခါ ပြန်ဆုံတွေ့တဲ့အခါကျရင် မင်းဘယ်လောက်အထိ ကြောက်စရာကောင်းလောက်အောင် တိုးတက်လာမလဲ ဆိုတာ ငါတကယ် သိချင်မိတယ်”
ကျန်းချန် ပျောက်ကွယ်သွားသည့် အရပ်ကို ငေးကြည့်ရင်း မိုဝူရှန်းသည် ခပ်တိုးတိုး ရေရွတ်လိုက်သည်။
ကျန်းချန်၏ ကိုယ်ခံပညာ ပါရမီသည် ကမ္ဘာပေါ်တွင် အလွန်တရာ ရှားပါးလှသည်။
နယ်မြေနတ်ဘုရား အဆင့်ဖြင့်ပင် နတ်ဘုရင် တတိယအဆင့်အထွတ်အထိပ် ကျင့်ကြံသူကို ယှဥ်နိုင်သော စွမ်းရည် ရှိနေခဲ့၏။
အကယ်၍သာ ကျန်းချန်သည် နတ်ဘုရင်အဆင့်ကို ရောက်ရှိခဲ့လျှင် အလွန်တရာ ကြောက်မက်ဖွယ်ရာကောင်းသော အဆင့်သို့ ရောက်ရှိသွားမည် ဖြစ်ပြီး နတ်ကုန်းမြေတိုက်၏ ကံကြမ္မာကိုပင် ခြယ်လှယ်နိုင်သော အထွတ်အထိပ် ကျင့်ကြံသူတစ်ယောက်ပင် ဖြစ်လာနိုင်ပေလိမ့်မည်။
ကျန်းချန်၏ တောင်ဘက်ပင်မခန်းမ အပေါ်တွင် တင်ရှိသော ကျေးဇူးကို အသာထား၊ ကျန်းချန်၏ ကြောက်မက်ဖွယ်ရာကောင်းသော အလားအလာကြောင့် မိတ်ဆွေဖွဲ့ရန်မှာ ထိုက်တန်လှ၏။
ထိုသို့ စဥ်းစားမိပြီးနောက်တွင် မိုဝူရှန်း၏ အိုမင်းသော မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။
သူ၏ အေးစက်စက် အသံသည် ပတ်ဝန်းကျင် တစ်ခွင်လုံးတွင် ချက်ချင်းဆိုသလို ပဲ့တင်ထပ်သွားခဲ့သည်။
“အားလုံးနားထောင်.. တောင်ဘက်ပင်မခန်းမက ဘယ်သူမဆို ကျန်းချန်နဲ့ ပတ်သက်တဲ့ သတင်းတွေကို လုံးဝ ထုတ်မပြောရဘူး.. တစ်ယောက်ယောက်က ကျန်းချန်ရဲ့သတင်းကို ပေါက်ကြားမိရင် လုံးဝ ခွင့်လွှတ်မှာမဟုတ်ဘူး”
----------------------
ထာဝရဟင်းလင်းပြင်သည် တစပြင်နှယ် လုံးဝကို တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။
ရုတ်တရက် အနက်ရောင်ပုံရိပ် တစ်ခုသည် ထာဝရဟင်းလင်းပြင်၏ တိတ်ဆိတ်မှုကို ဖြတ်ကျော်ကာ အနက်ရောင်အလင်းတန်း တစ်ခုကဲ့သို့ လျင်မြန်စွာ ပျံသန်းလာခဲ့သည်။
ထိုအနက်ရောင်ပုံရိပ်မှာ တခြားသူမဟုတ်ပေ။
တောင်ဘက်ပင်မခန်းမကနေ ထွက်လာခဲ့ပြီး ကျန်းဝူကောင်းကင်နယ်မြေ ဆီသို့ ဦးတည်လာနေသော ကျန်းချန်ပင် ဖြစ်သည်။
“ထာဝရဟင်းလင်းပြင်ထဲမှာ ခရီးသွားရတာ တကယ်ကို ပျင်းစရာပဲ.. ဒီလိုမှန်းသိရင် မိုဝူရှန်းဆီကနေ ဟင်းလင်းပြင်လှေတစ်စီးလောက် တောင်းခဲ့ပါတယ်”
ကျန်းချန်သည် ထာဝရဟင်းလင်းပြင်ထဲတွင် ပျံသန်းနေရင်း စိတ်ထဲကနေ သက်ပြင်းချလိုက်သည်။
တောင်ဘက်ပင်မခန်းမနှင့် ကျန်းဝူကောင်းကင် နယ်မြေသည် အလွန်တရာပင် ဝေးကွာလှ၏။
သို့ဖြစ်ရာ ကျန်းချန်၏ လက်ရှိ အရှိန်အဟုန်ဖြင့်ပင် အချိန်အတော် ပေးရမည် ဖြစ်သည်။
အကယ်၍ သူက ဟင်းလင်းပြင်လှေကို အသုံးပြုခဲ့လျှင်ပင် ခရီးသွားနေစဥ် အတွင်း မဟာဓားကန်ထဲမှ စွမ်းအားများကို စုပ်ယူကာ သူ၏ ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်နိုင်မည် ဖြစ်ပြီး ကောင်းကင်အရှင် အဆင့်ကို အလျင်အမြန် ထိုးဖောက်နိုင်လိမ့်မည် မဟုတ်ပါလော။
ကျန်းချန်၏ ကိုယ်ပေါ်တွင် ဟင်းလင်းပြင်လှေတစ်စီး ရှိသော်လည်း ထိုဟင်းလင်းပြေလှေသည် ထာဝရဟင်းလင်းပြင်သို့ ပထမဆုံးအကြိမ် ဝင်ရောက်စဥ်က ရရှိခဲ့ခြင်း ဖြစ်၍ ဟင်းလင်းပြင်လှေ၏ အဆင့်အတန်းသည် အလွန်တရာပင် နိမ့်ကျနေခဲ့သည်။
ဆိုရလျှင် ထိုဟင်းလင်းပြင်လှေ၏ အရှိန်အဟုန်သည် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့်၏ အရှိန်အဟုန်ကိုပင် မမီပေ။
အကယ်၍ ထိုဟင်းလင်းပြင်လှေကိုသာ အားကိုးပြီးသွားမည်ဆိုလျှင် နောက်ထပ် နှစ်အနည်းငယ် ကြာမှသာ ကျန်းဝူကောင်းကင်နယ်မြေကို ရောက်နိုင်ပေလိမ့်မည်။
ကျန်းချန်၏ ခြေတစ်လှမ်းသည် တည်နေရာ ရွှေ့ပြောင်းနေသကဲ့သို့ပင် မိုင်ပေါင်းထောင်ချီကို ခရီးဆက်နိုင်ခဲ့ပြီး ကျန်းဝူကောင်းကင်နယ်မြေ ဆီသို့ လျင်မြန်စွာ ဦးတည်နေခဲ့သည်။
သူ၏ လက်ရှိခွန်အားဖြင့်ဆိုလျှင် ဟင်းလင်းပြင်ပင်လယ်နှင့် အခြားသော ထာဝရဟင်းလင်းပြင်၏ တားမြစ်နယ်မြေများကိုပင် ဂရုစိုက်စရာ မလိုအပ်သည်ဖြစ်ရာ ထာဝရဟင်းလင်းပြင်တွင် ခရီးသွားခြင်းသည် သူ့အတွက် မည်သည့် ခြိမ်းခြောက်မှုမျှ မရှိပေ။
တစ်ခါတစ်ရံ ဟင်းလင်းပြင်သားရဲ တစ်ကောင် နှစ်ကောင်နှင့် ဆုံမိလျှင်ပင် ကျန်းချန်သည် လက်ကလေး အသာအယာ ဝှေ့ယမ်းလိုက်ရုံဖြင့် ဖြေရှင်းနိုင်ခဲ့၏။
ဤသို့ဖြင့် ထာဝရဟင်းလင်းပြင်တွင် တစ်လကျော်ကြာ ခရီးသွားပြီးနောက်တွင် ကျန်းဝူကောင်းကင် နယ်မြေ၏ ပုံရိပ်သည် ကျန်းချန်၏ မြင်ကွင်းတွင် ပေါ်ထွက်လာခဲ့သည်။
“နောက်ဆုံးတော့ ကျန်းဝူကောင်းကင်နယ်မြေကို ရောက်လာခဲ့ပြီ”
သူ၏ မြင်ကွင်းထဲတွင် ပေါ်ထွက်လာသော ကျန်းဝူကောင်းကင်နယ်မြေကို ကြည့်ကာ ကျန်းချန်၏ စိတ်ဓာတ်များသည် တက်ကြွလာခဲ့ပြီး အရှိန်အဟုန်ကို မြှင့်၍ ပျံသန်းလိုက်သည်။
မကြာမီမှာပင် ကျန်းချန်သည် ကျန်းဝူကောင်းကင် နယ်မြေ၏ အစွန်အဖျားသို့ ရောက်ရှိလာခဲ့ပြီး ထာဝရဟင်းလင်းပြင်နှင့် ကျန်းဝူကောင်းကင်နယ်မြေ အကြားရှိ နယ်နိမိတ်ကို ဖြတ်ကျော်ကာ ကျန်းဝူကောင်းကင်နယ်မြေ အတွင်းသို့ ခြေလှမ်းလိုက်တော့သည်။
အခန်း(၂၁၆၀)ပြီး၏။