← Chapters

လူအနတ္တ တစ်စု

Vol. 23 Ch. 223

လူအနတ္တ တစ်စု

Vol. 23 Ch. 223

ဂိုဏ်း၏ အပျက်အစီးများမှာ တစ်‌တောင်ကြားလုံးကို လွှမ်းခြုံထားပြီး ခန့်ညားထည်ဝါလှသည်။

နေရာသို့ ရောက်ရှိပြီးနောက် ယွန်စုရှင်းသည် ယွဲ့ချန်ချီနှင့် လီချင်းရန်တို့ကို နှုတ်ဆက်ကာ အဂ္ဂိရတ်ကျောင်းဆောင်ဆီသို့ တစ်ဦးတည်း ထွက်ခွာသွားခဲ့သည်။

ယခုအချိန်တွင် ချိပ်ပိတ်အခင်းအကျင်းမှာ လုံးဝကွယ်ပျောက်သွားပြီဖြစ်သဖြင့် အပျက်အစီးများ အကာအကွယ်မဲ့စွာ ပေါ်ထွက်နေသည်။

အတွင်းမှ ပြေးထွက်လာသော မိစ္ဆာလမ်းစဉ်ကျင့်ကြံသူ အကြွင်းအကျန်များသည် ပတ်ဝန်းကျင်ရှိ ဂိုဏ်းတပည့်များကို သတ်ဖြတ်ခြင်း၊ လူစုခွဲပစ်ခြင်းများ ပြုလုပ်ခဲ့ကြသည်။ အခင်းအကျင်း အနီးတွင် မည်သူမျှ မနေရဲကြတော့ပေ။

မိစ္ဆာအခင်းအကျင်း၏ အပြင်ဘက် တစ်မိုင်ခန့်အကွာတွင် စုရုံးနေကြသော ဓားကျောင်းတော် တပည့်များသည် ကျောက်ဆောင်တစ်ခုအောက်တွင် ကပ်နေကြပြီး မုန်တိုင်းဒဏ်ခံထားရသော သစ်ရွက်ခြောက်များကဲ့သို့ နွမ်းလျနေကြ၏။

အချို့မှာ မြေပြင်ပေါ်တွင် ဒူးထောက်ကာ ကျိုးပဲ့နေသော ဓားများကို ဆုပ်ကိုင်ထားကြပြီး သူတို့၏ လရောင်ဝါဂွမ်းဝတ်ရုံများမှာ သွေးများဖြင့် စိုရွှဲနေသည်။

အချို့မှာမူ ဝမ်းနည်းမှုနှင့် ပင်ပန်းနွမ်းနယ်မှုများကြောင့် ပုခုံးများ တုန်ရီလျက် မျက်နှာလွှဲ ထားကြသည်။

ညနေခင်း လေပြေထဲတွင် မီးခိုးနံ့များနှင့်အတူ မပြယ်သေးသော သွေးညှီနံ့များ ရောယှက်နေ၏။

“စီနီယာအစ်မယွဲ့... ဂျူနီယာညီမလေးချင်းရန်...”

“စီနီယာတို့ ပြန်လာပြီပဲ... ကြောက်စရာကောင်းတဲ့ ကိစ္စတွေ ဖြစ်ကုန်ပြီ...”

ဓားကျောင်းတော်တပည့်တစ်ဦးက ယိုင်နဲ့စွာ ရှေ့သို့တိုးလာပြီး ယွဲ့ချန်ချီ၏ ဝတ်ရုံစကို ဆွဲကာ အက်ကွဲသောအသံဖြင့် ပြောလိုက်သည်။

သူ၏ ဝတ်ရုံမှာ စုတ်ပြတ်နေပြီး ဖိနပ်များမှာလည်း ခဲနေသော သွေးပုပ်များဖြင့် ပေကျံနေသည်။

ယွဲ့ချန်ချီက ဓားနှောင့်ကို တင်းတင်းဆုပ်လိုက်ပြီး ဖြူလျော်ကာ ဝမ်းနည်းနေသော မျက်နှာများကို တစ်ဦးချင်းစီ လိုက်ကြည့်လိုက်သည်။

စီနီယာအစ်ကို သုံးယောက် မရှိသည်ကို သတိပြုမိလိုက်ချိန်တွင် သူ၏ လက်သည်းများမှာ လက်ဖဝါးထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်သွား၏။

“ဘာဖြစ်ခဲ့တာလဲ။ စီနီယာအစ်ကို ရှုအန်၊ တွမ်ဖုန်း နဲ့ ကျန့်ဟယ်တို့ ဘယ်မှာလဲ။”

“အခင်းအကျင်းကြီး ချို့ယွင်းသွားတာ...” တပည့်တစ်ဦးက လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ သူ၏ မျက်ဝန်းများမှာ ဗလာဖြစ်နေပြီး စိတ်ဓာတ်များလည်း ပျက်စီးနေပုံရသည်။ “အဲဒါက မိစ္ဆာစွမ်းအင်တွေကို သန့်စင်ပေးရမှာ။ ဒါပေမဲ့ အဲဒီအစား မိစ္ဆာအကြွင်းအကျန်တွေကို ပိုပြီး အင်အားတောင့်တင်းအောင် လုပ်ပေးလိုက်တယ်။ အထဲကို ဝင်လို့ရပြီး အပြင်ကို ထွက်လို့မရတဲ့ မိစ္ဆာအခင်းအကျင်း ဖြစ်သွားတာ။ စီနီယာအစ်ကိုတွေက ကျွန်တော်တို့ကို အပြင်ထုတ်ပေးဖို့ ပါရမီသုံးပါးဓားအခင်းအကျင်းကို ခင်းကျင်းပေးခဲ့ကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ သူတို့ကို ပြန်ရှာတော့ မတွေ့တော့ဘူး။ သေလား ရှင်လားတောင် မသိရဘူး...”

“ဘာ...”

ယွဲ့ချန်ချီ၏ ခန္ဓာကိုယ်မှာ တုန်ရီသွား၏။

သူ၏ လက်ချောင်းများကို တင်းတင်းဆုပ်ထားသဖြင့် လက်ဆစ်များပင် ဖြူလာသည်။

အံကြိတ်ထားသည့် ကြားမှပင် အက်ကွဲကာ နာကျင်နေသော အသံတစ်ခု ထွက်ပေါ်လာသည်။

သူ့ထံမှ ရွှမ်ဝူဓားအသိများ ပေါက်ကွဲထွက်လာပြီး ပတ်ဝန်းကျင်ရှိ လေထုပင် ထိုစွမ်းအားကြောင့် ပုံပျက်သွားရသည်။

လီချင်းရန်မှာ နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ရပြီး ဓားကို အားပြုကာ မနည်းရပ်နေရသည်။

သူက တုန်ရီနေသော စီနီယာအစ်မ၏ ပုခုံးများကို ကြည့်လိုက်သည်။ လွင့်စင်လာသော ဓားအသိ မုန်တိုင်းအောက်တွင် နက်ပြာရောင် ဝတ်ရုံမှာ ပြဲထွက်တော့မည့်အတိုင်း လွင့်ပျံနေ၏။

“ဒါနဲ့ ယောင်ချီက နတ်မိမယ်ကော။ သူ ဘာလုပ်နေတာလဲ...”

ယွဲ့ချန်ချီ၏ သွေးတက်နေသော မျက်လုံးများက ထိုတပည့်ကို စိုက်ကြည့်လိုက်သည်။

စကားလုံးတိုင်းတွင် သတ်ဖြတ်လိုသော အရှိန်အဝါများ ထုံမွမ်းနေ၏။

“အခင်းအကျင်းက ဘာလို့ ချို့ယွင်းသွားတာလဲ။ ဖြေစမ်း...”

ယွဲ့ချန်ချီ ထိုမျှအထိ ဒေါသထွက်သည်ကို ဓားကျောင်းတော်တပည့်တစ်ဦးမျှ တစ်ခါမှ မမြင်ဖူးကြချေ။

သူတို့အတွက်တော့ ယွဲ့ချန်ချီက အမြဲတမ်း ပျော်ပျော်နေတတ်ကာ ပေါ့ပေါ့ပါးပါး ရှိသူတစ်ဦးသာ ဖြစ်သည်။

သူက ရယ်စရာများ ပြောတတ်သည်။ ကိစ္စများကို အလွယ်တကူ ခွင့်လွှတ်တတ်ပြီး ရန်ငြိုး ထားတတ်သူ မဟုတ်ပေ။

လေ့ကျင့်ရေးကွင်းတွင် ပြင်းပြင်းထန်ထန် တိုက်ခိုက်သော်လည်း အခက်အခဲဖြစ်နေသော ဂျူနီယာများကိုမူ နူးညံ့စွာ အားပေးတတ်သူ ဖြစ်သည်။

“အဲဒါက စွမ်းအင်လှိုင်းတစ်ခုကြောင့်ပါ...” ထိုတပည့်က ခေါင်းငုံ့ကာ တိုးတိုးလေး ပြောသည်။ “အဲဒီထဲမှာ ပြောင်းပြန်တာအိုနိယာမတွေ ပါနေတယ်လို့ ပြောကြတယ်။ အဲဒါက အခင်းအကျင်း ဗဟိုချက်ကို ထိလိုက်တော့ အခင်းအကျင်းရဲ့ လုပ်ဆောင်ချက်က ပြောင်းပြန် ဖြစ်သွားတာ။ ဆရာတော် ဟွေ့ခုန်းက ဒဏ်ရာအပြင်းအထန်ရပြီး သွေးတွေ အန်ထုတ်ခဲ့ရတယ်။ အဲဒီနောက်မှာ အခြေတည်ဝိညာဉ်အဆင့် မိစ္ဆာအကြွင်းအကျန်တွေ ထွက်လာတာပဲ။ စီနီယာ အစ်ကိုတွေက အခြေအနေ စိုးရိမ်ရတာကို သိလို့ ကျွန်တော်တို့ကို အရင် အပြင်ကို ထုတ်ပေးခဲ့တာ...”

ထိုတပည့်မှာ စကားပြောရင်း လည်ချောင်းတစ်ဆို့ကာ မျက်ရည်များ ဝိုင်းလာသည်။

“အခင်းအကျင်း ပြိုလဲသွားတဲ့အချိန် ကျွန်တော်တို့ မြင်ရတာ အလောင်းတွေပဲ ရှိတော့တယ်။ နတ်မိမယ်နဲ့ ဆရာတော် ဟွေ့ခုန်းတို့လည်း ဒဏ်ရာအပြင်းအထန် ရသွားတဲ့ပုံပဲ။ စစ်မြေပြင် တစ်ခုလုံးမှာလည်း တိုက်ပွဲဖြစ်ထားတဲ့ အမှတ်အသားတွေပဲ ရှိတော့တယ်...”

သူက ရှိုက်ကြီးတငင် ငိုကြွေးခြင်းကို မထိန်းနိုင်တော့ပေ။

“စီနီယာအစ်မ။ ကျွန်တော်တို့ သူတို့ကို ပြန်ရှာချင်ပါတယ်။ ဒါပေမဲ့ အခင်းအကျင်းကို မဖောက်နိုင်ခဲ့ဘူး...”

“အခင်းအကျင်း ပျောက်သွားပြီးတဲ့နောက် နတ်မိမယ်က မိစ္ဆာတွေနဲ့ မိစ္ဆာအကြွင်းအကျန်တွေကို တားဆီးပေးထားတုန်း ကျွန်တော်တို့ သူတို့ကို လိုက်ရှာဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမဲ့ မိစ္ဆာအကြွင်းအကျန် တစ်ခုက ကျွန်တော်တို့ကို လိုက်တိုက်ခဲ့တယ်။ ဘိုးဘေးရဲ့ အဆောင်တွေသာ မရှိရင် ပြီးတော့ အဲဒီမိစ္ဆာကလည်း အားနည်းနေလို့သာ မဟုတ်ရင် ကျွန်တော်တို့ လွတ်လာမှာ မဟုတ်ဘူး။ အဲဒီအကောင်နဲ့တွေ့တဲ့ တခြားဂိုဏ်းက တပည့်တွေလည်း ဘယ်သူမှ အသက် မရှင်ခဲ့ကြဘူး...”

ထိုတပည့် စကားအဆုံးတွင် ယွဲ့ချန်ချီ၏ ဒေါသများ ငြိမ်သက်သွားခဲ့ပြီ ဖြစ်သည်။

ဒေါသ၊ ပူဆွေးမှု၊ နောင်တ... ထိုခံစားချက်များမှာ လုပ်ဆောင်ရမည့် ကိစ္စရပ်များအတွက် အထောက်အကူ မပြုနိုင်ချေ။

“ရှုအန်၊ တွမ်ဖုန်းနဲ့ ကျန့်ဟယ်တို့က အရမ်းကို အစွမ်းထက်ကြတဲ့သူတွေ။ သူတို့ ဒီလောက် လွယ်လွယ်နဲ့ အသတ်ခံရမှာ မဟုတ်ဘူး။ သူတို့ စစ်မြေပြင်ရဲ့ တစ်နေရာရာမှာ သတိလစ်နေတာ ဖြစ်ရမယ်။ မိစ္ဆာအကြွင်းအကျန်တွေ အနားမှာ ရှိနေလို့ မင်းတို့ မတွေ့ခဲ့တာ ဖြစ်မှာ။”

သူက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး လျင်မြန်စွာ ဆုံးဖြတ်ချက်ချလိုက်သည်။

“အရန်လျို့ဝှက်နယ်မြေက မကြာခင် ပိတ်တော့မယ်။ တံခါးပြန်ပွင့်လာတဲ့အခါ မင်းတို့အားလုံး ဒီမှာပဲ ပုန်းနေကြ။ တံခါးပွင့်တာနဲ့ ချက်ချင်း ထွက်သွားကြ။ တွန့်ဆုတ်မနေနဲ့။ ငါတော့ အပျက်အစီးတွေဆီ သွားပြီး စီနီယာအစ်ကိုတွေကို ရှာမယ်။ သူတို့ကို ငါ အရောက် ပြန်ခေါ်လာခဲ့မယ်...”

“စီနီယာအစ်မ။ အဲဒီမိစ္ဆာအကြွင်းအကျန်က အဲဒီမှာ ရှိနေဦးမှာနော်...”

“ဟုတ်တယ် စီနီယာအစ်မ။ အဲဒါက အရမ်း အန္တရာယ်များလွန်းတယ်...”

ဓားကျောင်းတော်တပည့်များအားလုံး သူ့ကို တားကြသည်။

စီနီယာအစ်ကို သုံးယောက်ကို သူတို့ ဆုံးရှုံးထားရပြီးပြီ ဖြစ်သည်။

သူတို့ အချစ်ရဆုံး စီနီယာအစ်မကိုပါ ထပ်ပြီး မဆုံးရှုံးချင်ကြတော့ပေ။

“အဲဒါဆို ကျွန်တော်တို့ အတူတူ သွားကြမယ်...” တပည့်တစ်ဦးက အကြံပြုသည်။ “တကယ်လို့ မိစ္ဆာနဲ့ တွေ့ရင်တောင် ဝိုင်းကူတိုက်လို့ ရတာပဲ...”

“ဂျူနီယာညီလေးကျန်း ပြောတာ မှန်တယ်... ကျွန်တော်တို့ဆီမှာ ဘိုးဘေးရဲ့ အဆောင်တွေ ရှိသေးတယ်။ စီနီယာအစ်မကို ကူညီနိုင်ပါတယ်...”

တပည့်များက သူတို့၏ မိုးကြိုးမီးအဆောင်များကို အသည်းအသန် ထုတ်လိုက်ကြသည်။

သို့သော် တိုက်ပွဲနှစ်ခု အပြီးတွင် လက်တစ်ဆုပ်စာသာ ကျန်တော့သည်။

ယွဲ့ချန်ချီက သူ့ရှေ့မှ ရင်းနှီးသော မျက်နှာများကို ကြည့်လိုက်သည်။

အေးစက်သော လေပြင်းက မြက်ပင်များကို ကျိုးပဲ့စေသော်လည်း ထိုတပည့်များ၏ မျက်ဝန်းထဲမှ မီးတောက်ကိုမူ မငြိမ်းသတ်နိုင်ချေ။

အချို့မှာ ဘာမှမရှိသော အဆောင်စာရွက်အလွတ်များကို တကယ့် မိုးကြိုးမီးအဆောင်များအဖြစ် ဟန်ဆောင်ကိုင်ထားကြသည်။

အချို့ကလည်း အသုံးပြုပြီးသား ဓားဓာတ်လုံးများကို အသုံးဝင်သေးသည့်အလား မြှောက်ကိုင်၍ ထားကြသည်။

ဒီလူ့အနတ္တလေးတွေတော့...

ငါ သတိမထားမိဘူးလို့ တကယ် ထင်နေတာလား။

ယွဲ့ချန်ချီ၏ ရင်ထဲတွင် နွေးထွေးမှုနှင့်အတူ ဝမ်းနည်းမှုများ ပျံ့နှံ့သွားပြီး အမြင်အာရုံများ ဝေဝါးလာသည်။

ဒါတွေဟာ ငါ့ရဲ့ ဓားကျောင်းတော်က ဂျူနီယာလေးတွေပဲ။

အကောင်းဆုံး၊ အတောက်ပဆုံးနဲ့ အနုံအဆုံး ချစ်စရာ ဂျူနီယာလေးတွေ။

စီနီယာအစ်မ တစ်ယောက်အနေနဲ့ ငါ့ရဲ့ တာအိုမိတ်ဆွေ သုံးယောက်ကို မကာကွယ်နိုင်ခဲ့ဘူး။

ဒါ ငါ့ရဲ့ အမှားဖြစ်နေပြီ။

နောက်ထပ် ဘယ်သူ့ကိုမှ အသက်အသေမခံနိုင်တော့ဘူး။

ယွဲ့ချန်ချီက ခံစားချက်များကို ထိန်းချုပ်ကာ နှာတစ်ချက် ရှုံ့လိုက်သည်။

ထို့နောက် သူ၏ မျက်နှာမှာ တည်ကြည်သွား၏။

ဝုန်း...

သူ၏ ရွှမ်ဝူဓားမှာ မြေကြီးထဲသို့ စိုက်ဝင်သွားပြီး သူ၏ အသံမှာ အေးစက်သွားသည်။

“ပါးစပ်ပိတ်ထားကြ။ ငါ တစ်ယောက်တည်း သွားမယ်။ မိစ္ဆာအကြွင်းအကျန်တွေ ငါတို့ကို တွေ့ဖို့ ပိုလွယ်အောင် လုပ်ပေးချင်နေတာလား။ မင်းတို့က ငါ့အတွက် ဝန်ထုပ်ဝန်ပိုးတွေပဲ ဖြစ်မှာ။ ပိုပြီး ကြိုးကြိုးစားစား ကျင့်ကြံကြပါလို့ ငါ ဘယ်နှစ်ခါ ပြောခဲ့ဖူးလဲ။ အခုတော့ ကြည့်စမ်း။ မင်းတို့ စီနီယာအစ်ကိုတွေက အန္တရာယ်ကနေ ကာကွယ်ပေးနေတာကို ဘာမှမလုပ်နိုင်ဘဲ ငေးကြည့် နေရုံပဲ တတ်နိုင်တာ...”

အဆောင်စာရွက်အလွတ်များမှာ လေထဲတွင် လွင့်ပျံနေ၏။

လက်နက်ကိုင်ထားသော လက်များမှာ တုန်ရီနေကြသည်။

သူ၏ ဓားမျက်နှာပြင်တွင် ထိုတပည့်များ၏ ဖြူဖျော့နေသော မျက်နှာများကို သူ မြင်နေရသည်။

သူ၏ရင်ထဲ နာကျင်သွားရ၏။

သို့သော် သူက အံကိုတင်းတင်းကြိတ်ကာ ရက်စက်ရန် အတင်းအကျပ် တိုက်တွန်းလိုက်သည်။

၎င်းမှာ သူ၏ ဂျူနီယာများကို ပထမဆုံးအကြိမ် ရိုင်းရိုင်းစိုင်းစိုင်း ပြောလိုက်ခြင်းပင်။

“တောင်းပန်ပါတယ်...” သူက စိတ်ထဲမှ ရေရွတ်လိုက်၏။

သူက တစ်ဦးချင်းစီကို ကြည့်လိုက်ပြီးနောက် မျက်နှာလွှဲကာ အော်ဟစ်လိုက်သည်။

“မကြားဘူးလား။... လျို့ဝှက်နယ်မြေ တံခါးဝမှာ သွားစောင့်နေကြ။ တံခါးပွင့်တာနဲ့ ချက်ချင်း ထွက်သွားပြီး ဘိုးဘေးကို သွားရှာကြ...”

သူ ပြတ်ပြတ်သားသားပင် ကျောခိုင်းထွက်ခွာလာခဲ့သည်။

သူ့နောက်ကွယ်တွင် လှုပ်ရှားသံအချို့ကို ကြားလိုက်ရ၏။

ဓားများကို ဓားအိမ်ထဲ ပြန်ထည့်လိုက်သံ။

ထို့နောက်တစ်ယောက်ပြီးတစ်ယောက် မြေပြင်ပေါ်သို့ ဒူးထောက်ကျသံများပင်။

“ဓားကျောင်းတော်တပည့် ယောင်လဲ့က စီနီယာအစ်မရဲ့ အမိန့်ကို နာခံပါတယ်...”

“ဓားကျောင်းတော်တပည့် ယွီချင်းရှီက စီနီယာအစ်မရဲ့ အမိန့်ကို နာခံပါတယ်...”

“ဓားကျောင်းတော်တပည့် တုရှင်းဟယ်က စီနီယာအစ်မရဲ့ အမိန့်ကို နာခံပါတယ်...”

…

တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်လိုက်ကြသည်။

ယွဲ့ချန်ချီက မြေပြင်ကို ငုံ့ကြည့်လိုက်သည်။

သူ၏ အရိပ်မှာ တုန်ရီနေ၏။

ရှိုက်သံတိုးတိုးလေးများမှာ လေထဲတွင် လွင့်စင်သွားခဲ့သည်။

သူ နောက်လှည့်မကြည့်ခဲ့ပေ။

လှည့်ကြည့်ဖို့ သူ မတတ်နိုင်ခဲ့။

အခုအချိန်မှာ သူသာ နောက်လှည့်ကြည့်လိုက်လျှင်...

ထိုလူအနတ္တလေးများက သူ ငိုနေသည်ကို မြင်သွားကြပေလိမ့်မည်။

....

All Chapters