← Chapters

ငါ နင့်ကို ယုံတယ်

Vol. 23 Ch. 224

ငါ နင့်ကို ယုံတယ်

Vol. 23 Ch. 224

“စီနီယာအစ်မ၊ ကျွန်မလည်း လိုက်ခဲ့မယ်။”

အသည်းအသန် လှုပ်ခတ်လာသော ငွေခေါင်းလောင်းသံလေးများ သူ၏နားထဲတွင် မြည်ဟည်း သွားသောအခါ ယွဲ့ချန်ချီ၏ ခြေလှမ်းများ တုံ့ခနဲ ရပ်တန့်သွားသည်။

လှည့်ကြည့်လိုက်သောအခါ လီချင်းရန်မှာ သူ့ထံသို့ ပြေးလာနေသည်ကို တွေ့လိုက်ရသဖြင့် မျက်မှောင်ကြုတ်သွားသည်။ “ဂျူနီယာညီမလေး၊ ပြန်သွားစမ်းပါ။ အနှောင့်အယှက် မပေးနဲ့...”

“ကျွန်မ အနှောင့်အယှက် ပေးနေတာ မဟုတ်ဘူး။” လီချင်းရန်က ပြတ်သားစွာ ပြောလိုက်သည်။ “စီနီယာအစ်မ၊ ဓားကျောင်းတော်က တပည့်တွေ အများကြီး အတူတူသွားရင် ရန်သူ့ရဲ့ ပစ်မှတ် ဖြစ်ဖို့ လွယ်တယ်။ ဒါပေမဲ့ ကျွန်မ တစ်ယောက်တည်းကို ခေါ်သွားတာကတော့ ပြဿနာမရှိဘူး မဟုတ်လား။”

ယွဲ့ချန်ချီ ငြင်းခွင့်မရခင်မှာပင် လီချင်းရန်က သူ၏ သိုလှောင်အိတ်ထဲမှ မိုးကြိုးမီးအဆောင် တစ်ဆုပ်ကို ထုတ်ကာ ရှေ့တွင် ဝှေ့ယမ်းပြလိုက်သည်။ ၎င်းတို့မှာ သာမန်အဆောင်များ မဟုတ်ဘဲ အဆင့်မြင့် အဆောင်များ ဖြစ်ကြသည်။

“ဒီမှာကြည့်။ စီနီယာအစ်မ... ဒါတွေက ဆရာ ကျွန်မကို ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ပေးထားတာတွေ... အများကြီးပဲ။ ကျွန်မက ရွှေရောင်အနှစ်သာရအဆင့် မဟုတ်သေးပေမဲ့ စီနီယာအစ်မကို ကူညီနိုင်ပါသေးတယ်...”

ယွဲ့ချန်ချီက ထိုအဆောင်များကို မြင်ရာ အံ့အားသင့်သွားသော်လည်း ခေါင်းကို ခါလိုက်ဆဲပင်။ “ဂျူနီယာညီမလေး၊ ဒီမှာပဲ နေခဲ့ပြီး ငါ့ကိုယ်စား တပည့်ငယ်လေးတွေကို ကာကွယ်ပေးထားပါ၊ ဟုတ်ပြီလား။ နင်က အင်အားအကြီးဆုံး မဟုတ်ပေမဲ့ မင်းရဲ့ အရည်အချင်းကို ငါသိတယ်။ တကယ့်တိုက်ပွဲ စွမ်းရည်နဲ့ ဉာဏ်ရည်မှာဆိုရင် သူတို့ထဲက ဘယ်သူမှ နင့်ကို မယှဉ်နိုင်ဘူး။ အခု ဘိုးဘေးရဲ့ အဆောင်တွေလည်း ရှိနေပြီဆိုတော့ သူတို့ကို လျို့ဝှက်နယ်မြေရဲ့ အဝင်ဝဆီ အန္တရာယ်ကင်းကင်းနဲ့ နင် ဦးဆောင်ခေါ်သွားနိုင်မှာပါ။ ဟုတ်တယ်မလား။”

လီချင်းရန် တွန့်ဆုတ်သွားသည်။

ယွဲ့ချန်ချီ ပြောသည်မှာ မှန်၏။ မိစ္ဆာလမ်းစဉ်ကျင့်ကြံသူ အကြွင်းအကျန်များ၏ ခြိမ်းခြောက်မှုမှာ လုံးဝ ကွယ်ပျောက်သွားသည် မဟုတ်ချေ။

၎င်းတို့က တစ်ကြိမ် တိုက်ခိုက်ခဲ့လျှင် နောက်တစ်ကြိမ်လည်း ထပ်မံ တိုက်ခိုက်လာနိုင်သည်။

ယခုအချိန်တွင် ဓားကျောင်းတော်တပည့်များမှာ စိတ်ဓာတ်ကျနေကြပြီး သူတို့၏ အသက်ကယ် ပစ္စည်းများမှာလည်း ကုန်လုနီးပါး ဖြစ်နေသည်။

အကယ်၍ သူတို့က ရွှေရောင်အနှစ်သာရအဆင့် ကျင့်ကြံသူ တစ်ယောက်နှင့် အပြည့်အဝ ထိပ်တိုက်တွေ့ရင်ရလျှင် သို့မဟုတ် ထိုထက် ပိုအစွမ်းထက်‌သော အရာတစ်ခုခုနှင့် တွေ့ခဲ့လျှင် သူတို့ ဘာလုပ်ကြမည်နည်း။

စက္ကန့်အနည်းငယ်ခန့် စဉ်းစားပြီးနောက် လီချင်းရန်၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။ “စီနီယာအစ်မ၊ တကယ်လို့ ကျွန်မ ဒီမိုးကြိုးမီးအဆောင်တွေနဲ့ လျို့ဝှက်ချပ်ကာအဆောင်တွေကို တခြားသူတွေဆီ ခွဲပေးလိုက်ရင်ကော။”

“မလိုဘူး။” ယွဲ့ချန်ချီသည် လီချင်းရန်၏ ပုခုံးပေါ်သို့ လက်တစ်ဖက်ကို တင်းတင်း တင်လိုက်သည်။ သူက လီချင်းရန်ထက် ခေါင်းတစ်ဝက်ခန့် ပိုမြင့်ပြီး သူ၏ တည်ကြည်သော အကြည့်များမှာ လီချင်းရန်၏ မျက်ဝန်းများကို စိုက်ကြည့်နေသည်။

“ချင်းရန်၊ နင် တပည့်ငယ်လေးတွေကို အပြင်ထွက်ပေါက်ဆီ ခေါ်သွားပေးဖို့ ငါ တကယ် လိုအပ်တယ်။ ဓားကျောင်းတော်တပည့်တွေက ရဲရင့်ကြပါတယ်။ မိစ္ဆာအကြွင်းအကျန်လေး တစ်ကောင်ကို ငါတို့ ဘာလို့ ကြောက်နေရမှာလဲ။ ငါ တကယ်စိုးရိမ်တာက... ငါ ဘယ်လောက် တားတား နင်တို့က အပြင်ကို မထွက်ဘဲ အခင်းအကျင်းကြီးဆီကို ပြန်ပြေးလာကြမှာကိုပဲ။”

“လီချင်းရန်။ နင် တစ်ယောက်တည်းကိုပဲ ငါ ယုံကြည်တာ။”

လီချင်းရန်က ပုခုံးပေါ်ရှိ လက်၏အလေးချိန်မှာ ပို၍ လေးလံလာသကဲ့သို့ ခံစားလိုက်ရသည်။

သူက စီနီယာအစ်မ၏ မျက်ဝန်းများတွင် မြူခိုးများ ဝိုင်းလာသည်ကို မြင်လိုက်ရပြီး အနည်းငယ် တောင်းပန်တိုးလျှိုးသည့် အသံမှာ တုန်ရီနေသည်ကို ကြားလိုက်ရသည်။

“ချင်းရန်၊ ကျေးဇူးပြုပြီးတော့... ငါ့ကို ကူညီပေးပါ။ သူတို့ကို ဘေးကင်းကင်းနဲ့ အပြင်ထုတ်ပေးပါ။ ဟုတ်ပြီလား။”

လီချင်းရန်က ထိုတောင်းပန်နေသော မျက်ဝန်းစိုစိုလေးများကို စိုက်ကြည့်လိုက်သည်။

သူ ပြောချင်သော စကားအားလုံးကို ပြန်မျိုချလိုက်ပြီး ခေါင်းကိုသာ ညိတ်ပြလိုက်တော့သည်။

သူ့ဆီတွင် ကျန်ရှိသော အန္တိမအဆင့် မိုးကြိုးမီးအဆောင် သုံးခုကို ထုတ်ကာ ယွဲ့ချန်ချီ၏ လက်ထဲသို့ အတင်းထည့်ပေးလိုက်သည်။ “စီနီယာအစ်မ၊ ဒါတွေ ယူသွားပါ။ အရေးကြုံရင် လိုလိမ့်မယ်။”

ယွဲ့ချန်ချီက တစ်ခုတည်းကိုသာ ယူလိုက်ပြီး ကျန်နှစ်ခုကို လီချင်းရန်၏ လက်ထဲသို့ လေးလေးနက်နက် ပြန်ထည့်ပေးလိုက်သည်။ “တစ်ခုဆို လောက်ပါပြီ။”

ထို့နောက် သူက ပုစဉ်းရင်ကွဲတောင်ပံကဲ့သို့ ပါးလွှာသော အသံပို့အဆောင် တစ်ခုကို ထုတ်ပေးလိုက်သည်။ “ဒါက လျို့ဝှက်အသံပို့အဆောင်ပဲ။ အရေးကြီးတဲ့ သတင်းရှိရင် ဒါနဲ့ ငါ နင့်ကို ဆက်သွယ်မယ်။”

“စီနီယာအစ်မ...” လီချင်းရန်က အဆောင်ကို ကိုင်ထားရင်း မိုးကြိုးမီးအဆောင်များကို ပြန်ပေးရန် ကြိုးစားသည်။

“တော်ပြီ...” ယွဲ့ချန်ချီက သူ့စကားကို ဖြတ်ပြောလိုက်သည်။ “ငါက အစွမ်းထက်ပြီးသား။ ဒါတွေ မလိုပါဘူး။ နင် ရွှေရောင်အနှစ်သာရအဆင့် နှောင်းပိုင်းကို ရောက်တဲ့နေ့ကျမှ ငါ့ကို ဘာလုပ်ရမလဲ ဆိုတာ လာပြော...”

ထိုသို့ပြောပြီးနောက် သူက လီချင်းရန်ကို ကျောက်ဆောင်များရှိရာဘက်သို့ အတင်းလှည့်ပေးကာ တွန်းထုတ်လိုက်ရင်း အမိန့်ပေးလိုက်သည်။ “သွားတော့...”

ထို့နောက် သူက ကိုယ်ကိုလှည့်ကာ အရှိန်ဖြင့် ပြေးထွက်သွားရာ သူ၏ ဆံပင်မြီးရှည်လေးမှာ လေထဲတွင် ဝေ့ယမ်းကျန်ရစ်ခဲ့သည်။

သူ၏ လျှပ်ခနဲ လျင်မြန်လှသော ကျောပြင်ပုံရိပ်လေးသာ ကျန်ရစ်တော့သည်။

လီချင်းရန်က ပျောက်ကွယ်သွားသော ပုံရိပ်ကို ငေးကြည့်ရင်း ထိုနေရာတွင်ပင် ရပ်နေမိသည်။

သူက လက်နှစ်ဖက်ကို ပါးစပ်နားတွင် ကတော့ပုံလုပ်ကာ လှမ်းအော်လိုက်၏။

“စီနီယာအစ်မ၊ ကျွန်မ အားလုံးကို အပြင်ထွက်ပေါက်ဆီ ခေါ်သွားပါ့မယ်။ စီနီယာအစ်မတို့ အားလုံး ပြန်လာမှာကို အပြင်မှာ စောင့်နေပါ့မယ်...”

ယွဲ့ချန်ချီက လက်တစ်ဖက်ကို မြှောက်ကာ လက်မထောင်ပြလိုက်သည်။

ခဏအတွင်းမှာပင် သူက နေဝင်ရီတရော မြူခိုးများကြားတွင် ပျောက်ကွယ်သွားတော့သည်။

...

“တောက်... အဲဒီမိစ္ဆာမက တကယ်ပဲ လွတ်သွားတယ်ပေါ့။”

ဂိုဏ်းအပျက်အစီးများရှေ့မှ စစ်မြေပြင်တွင် စုန့်ချီယွဲ့၏ မျက်နှာမှာ ကြောက်မက်ဖွယ် ကောင်းအောင် ညိုမှောင်နေသည်။

ထိုမိစ္ဆာမမှာ ထိုမျှအထိ အစွမ်းထက်လိမ့်မည်ဟု သူ မထင်ထားခဲ့မိပေ။ အစပိုင်းတွင် ထိုမိစ္ဆာမက မိစ္ဆာအကြွင်းအကျန် နှစ်ကောင်ကို ရက်စက်လျင်မြန်စွာ ပိုင်းဖြတ်ပစ်ခဲ့သဖြင့် ပြင်းထန်သော တိုက်ပွဲတစ်ခု စတော့မည်ဟု ထင်ခဲ့ရသည်။ သို့သော် စုန့်ချီယွဲ့ တုံ့ပြန်နိုင်ခြင်း မရှိမီမှာပင် ထိုမိန်းကလေးက ရုတ်တရက် စွမ်းအားများ ပေါက်ကွဲထွက်လာကာ သူကို အငိုက်ဖမ်း၍ တစ်ချက်တည်းနှင့် လွင့်ထွက်သွားအောင် ရိုက်ချလိုက်သည်။ ထို့နောက် ရူးသွပ်သူတစ်ဦးကဲ့သို့ လမ်းတွင်တွေ့သမျှကို တိုးဝှေ့ဖြတ်ကျော်ကာ ထွက်ပြေးသွားတော့သည်။

စုန့်ချီယွဲ့ သတိပြန်ဝင်လာပြီး စိတ်ဝိညာဉ်အသိဖြင့် လိုက်လံရှာဖွေချိန်တွင် ထိုမိန်းကလေးမှာ အဝေးသို့ ရောက်ရှိသွားပြီဖြစ်သည်။

သို့သော် အထိနာဆုံးသူမှာ ဆရာတော် ဟွေ့ခုန်းပင်။

သူက ဒဏ်ရာရဟန် ဆောင်နေခြင်းဖြစ်သော်လည်း မိစ္ဆာအကြွင်းအကျန်နှစ်ကောင် အရင်ဦးစွာ သေဆုံးသွားမှု၏ နောက်ဆက်တွဲဒဏ်က သူ့ကို အပြင်းအထန် ထိခိုက်စေခဲ့သည်။

ပိုဆိုးသည်မှာ ထိုမိစ္ဆာမက မထွက်ခွာမီ သူ့ကို တမင်တကာ တစ်ချက် လှမ်းခုတ်သွားခြင်းပင်။

ယခုမူ သူက ဟန်ဆောင်နေစရာ မလိုတော့ဘဲ တကယ်ပင် ဒဏ်ရာရသွားပြီဖြစ်သည်။ ကျန်ရှိနေသော ဓားအရှိန်အဝါများကြောင့် သူ၏ ခန္ဓာကိုယ်တွင် သွေးချင်းချင်းနီနေသော ဒဏ်ရာများ ပြည့်နှက်နေပြီး သေအံ့ဆဲဆဲ ဘုန်းကြီးတစ်ပါးကဲ့သို့ ထိုင်နေရရှာသည်။

သို့သော် ဒဏ်ရာများမှာ ပြင်းထန်ပုံပေါ်သော်လည်း အသက်အန္တရာယ် မရှိနိုင်ပေ။

တစ်နေရာရာတွင် ချောင်းကြည့်နေသော တပည့်များ ရှိနေနိုင်သေးသဖြင့် သူက ဒဏ်ရာကို မကုသသေးဘဲ ပြကွက်အဖြစ် ထားရှိလိုက်သည်။

“အဲဒီမိစ္ဆာလမ်းစဉ်ကျင့်ကြံသူက ငါတို့ရဲ့ အစီအစဉ်ကို မနှောင့်ယှက်နိုင်ပါစေနဲ့လို့ပဲ ဆုတောင်း ရမှာပဲ...” ဟွေ့ခုန်း၏ မျက်နှာမှာ ညိုမှောင်နေ၏။

“ဘာနှောင့်ယှက်မှာလဲ။” စုန့်ချီယွဲ့က နှာခေါင်းရှုံ့လိုက်သည်။ “ဖြောင့်မှန်တဲ့လမ်းစဉ်နဲ့ မိစ္ဆာလမ်းစဉ်ဆိုတာ အဆီနဲ့အသားပဲ။ သူက ဖြစ်ခဲ့သမျှကို ဖွင့်ပြောရင်တောင် ဘယ်သူက ယုံမှာလဲ။ လောကက ဂိုဏ်းအသီးသီးက ကျွန်မတို့လို မြင့်မြတ်နယ်မြေကို ယုံမလား၊ မိစ္ဆာလမ်းစဉ် ကျင့်ကြံသူ တစ်ယောက်ကို ယုံမလား။ ရယ်စရာပဲ။ အခု ကျွန်မတို့ လုပ်ရမှာက လျို့ဝှက်နယ်မြေတံခါး ပွင့်လာမယ့်အချိန်ကို စောင့်ရုံပဲ။”

သူက အန္တရာယ်ရှိနိုင်သော နောက်ဆက်တွဲပြဿနာများကို မလိုလားသဖြင့် ထိုမိစ္ဆာမနောက်ကို လိုက်မဖမ်းတော့။ ထိုအစား ဆရာတော် ဟွေ့ခုန်း၏ ဘေးတွင် ထိုင်ချလိုက်သည်။ “အချိန် နည်းနည်း ကျန်သေးတယ်။ ရှင် ထိန်းချုပ်ထားတဲ့ မိစ္ဆာအကြွင်းအကျန်တွေကို ဒီပတ်ဝန်းကျင်မှာ ထပ်ရှာခိုင်းလိုက်ဦး။ ကျွန်မတို့ လွတ်သွားတဲ့ တန်ဖိုးရှိတဲ့ ကုန်ကြမ်းတွေ ရှိသေးလားလို့။”

“ငါ့ကို လာမလောနဲ့။” ဟွေ့ခုန်းက လက်နှစ်ဖက်ကို ပူးယှက်ကာ မျက်လုံးမှိတ်ထားရင်း နှုတ်ခမ်းများ လှုပ်ယမ်းကာ ရေရွတ်လိုက်သည်။ “ဒီကိုယ်‌တော်က ရှာနေပါပြီ။”

“ခွင့်ပြုပါဦး။ ရှင်တို့က ယောင်ချီက နတ်မိမယ်နဲ့ ဆရာတော် ဟွေ့ခုန်းတို့လား။”

ထိုအသံကို ကြားသော် စုန့်ချီယွဲ့ လှည့်ကြည့်လိုက်ပြီး ချက်ချင်းပင် မျက်နှာဝင်းပသွားသည်။

အပြာရောင်ဝတ်စုံနှင့် မိန်းကလေးငယ်တစ်ဦးမှာ မနီးမဝေးတွင် ရပ်နေသည်။ အရပ်ရှည်ပြီး ကျော့ရှင်းကာ နူးညံ့သိမ်မွေ့သော အလှကို ပိုင်ဆိုင်ထား၏။ သူက အခြားသူ မဟုတ်ဘဲ လင်းရှီးတောင်ကြား၏ သခင်မလေး ယွန်စုရှင်းပင်။

စုန့်ချီယွဲ့ တစ်ချက်ကြည့်ရုံနှင့်ပင် ယွန်စုရှင်းထံတွင် သစ်သားသီးသန့် စိတ်ဝိညာဉ်အမြစ် ရှိကြောင်း သိလိုက်သည်။

ထိုပါရမီမှာ ဓားကျောင်းတော်၏ တိုက်ရိုက်တပည့် သုံးဦးလောက် မထူးချွန်သော်လည်း ရှားပါးလှသည်။ ပို၍ အရေးကြီးသည်မှာ ယနေ့ သူတို့ စုဆောင်းထားသော ကုန်ကြမ်းများထဲတွင် သစ်သားသီးသန့် စိတ်ဝိညာဉ်အမြစ် မပါဝင်သေးခြင်းပင်။

ထိုဓာတ်နှင့် ကိုက်ညီသူများအနက် စုန့်ချီယွဲ့ သိထားသည်မှာ နှစ်ဦးသာ ရှိသည်။ တစ်ဦးမှာ ချင်းယွန်ဂိုဏ်းမှ ရှောင်ယိဖုန်းဖြစ်ပြီး နောက်တစ်ဦးမှာ သူ့ရှေ့တွင် ရပ်နေသော အမျိုးသမီးပင်။

သို့သော် ရှောင်ယိဖုန်းမှာ မိစ္ဆာစွမ်းအင် သန့်စင်သည့်နေရာသို့ ရောက်မလာခဲ့ပေ။

ဒီနှစ်မှာ ဓာတ်ကြီးငါးပါး စိတ်ဝိညာဉ်အမြစ် အစုံမရတော့ဘူးလို့ ငါ နောင်တရနေခဲ့တာ... အခုတော့ လိုနေတဲ့ အပိုင်းအစလေးက တံခါးဝအထိ ရောက်လာခဲ့ပြီ။

“လင်းရှီးတောင်ကြားရဲ့ သခင်မလေးကိုး...” စုန့်ချီယွဲ့က မောပန်းနွမ်းနယ်နေသော အသံဖြင့် ပြောလိုက်ပြီး မတ်တပ်ရပ်ရန် မနည်းကြိုးစားဟန်ဆောင်ကာ ပြန်လဲကျသွားရင်း အားနည်းသော အပြုံးတစ်ခုကို ဖန်တီးလိုက်သည်။

“စုရှင်း... မင်း ဒီကို ဘာကိစ္စနဲ့ လာတာလဲ။ ဒီဂိုဏ်းပျက်ကြီးထဲမှာ မိစ္ဆာအကြွင်းအကျန်တွေ ပြည့်နေတာ။ တာအိုမိတ်ဆွေ ချင်းတောင် ပျောက်ဆုံးသွားပြီ။ ဆရာတော် ဟွေ့ခုန်းနဲ့ ငါကတော့ ဒီနေရာကို ထိန်းထားပေမဲ့ မင်းရဲ့ ဘေးကင်းမှုကိုတော့ အာမမခံနိုင်ဘူး။ အရေးကြီးတဲ့ကိစ္စ မရှိရင် အမြန် ထွက်သွားဖို့ ငါ အကြံပေးချင်တယ်။”

သူက ကိစ္စမရှိဘဲ ရောက်လာစရာ အကြောင်းမရှိပေ။ တစ်စုံတစ်ခုကို အလိုမရှိလျှင် သူ သူတို့ကို လာရှာမည်မဟုတ်ချေ။

စုန့်ချီယွဲ့က အခြေအနေကို လျင်မြန်စွာ သုံးသပ်လိုက်သည်။

သတင်းများအရ လင်းရှီးတောင်ကြားသခင်မသည် ဒန်တျန် ထိခိုက်ထားသဖြင့် သက်တမ်း ကုန်ဆုံးရန် နီးကပ်နေသည်ဟု ကြားရသည်။ တောင်ကြားသခင်မလေးက ဆေးလာရှာခြင်း ဖြစ်ရမည်။

သို့သော် ယွန်စုရှင်းကမူ တစ်ခုခု ထူးဆန်းနေသည်ဟု ခံစားလိုက်ရသည်။

မြင့်မြတ်နယ်မြေမှ တပည့်များက ကိုယ်ကျိုးစွန့်ပြီး တရားမျှတမှုအတွက် အလုပ်လုပ်တတ်သူများ မဟုတ်ကြချေ။

မိစ္ဆာအကြွင်းအကျန်တွေ ဒီအပျက်အစီးတွေထဲမှာ လှည့်လည်နေတာတောင် သူတို့ ဘာလို့ ပြန်မဆုတ်ကြတာလဲ။ တကယ်ပဲ သူတို့ကို နှိမ်နင်းဖို့ ဒီမှာ နေနေကြတာလား။

သတင်းတွေအတိုင်း ဒီမှာ အခြေတည်ဝိညာဉ်အဆင့် မိစ္ဆာအကြွင်းအကျန် ရှိနေတယ်ဆိုရင် သူတို့က သေဖို့ စောင့်နေကြတာလား။

သို့သော် ကမ္ဘာဦးကောင်းကင်ဖာထေးဆေးလုံးအကြောင်း သဲလွန်စကို စုန့်ချီယွဲ့ တစ်ယောက်သာ သိနိုင်ပေလိမ့်မည်။

လျို့ဝှက်နယ်မြေ ပိတ်တော့မည် ဖြစ်သဖြင့် ယွန်စုရှင်းက သူ၏ သံသယများကို မျိုသိပ်ကာ ယဉ်ကျေးစွာ ဦးညွှတ်လိုက်သည်။

“စီနီယာစုန့်၊ စီနီယာဟွေ့ခုန်း... ကမ္ဘာဦးကောင်းကင်ဖာထေးဆေးလုံး ဘယ်မှာရှိလဲဆိုတာ သိလား။ ဒါမှမဟုတ် ယောင်ချီ မြင့်မြတ်နယ်မြေမှာ တစ်လုံးလောက် ကျန်သေးလား မသိဘူး။ ရှိတယ်ဆိုရင် ကျွန်မအမေကို ကယ်ဖို့အတွက် ဘယ်လို တန်ဖိုးမျိုးပဲ ပေးရပေးရ ကျွန်မ လဲလှယ်ချင်ပါတယ်။”

သြော်... ကမ္ဘာဦးကောင်းကင်ဖာထေးဆေးလုံးအတွက် လာတာကိုး။

စုန့်ချီယွဲ့၏ မျက်လုံးများ အနည်းငယ် ကျုံ့သွား၏။

မြင့်မြတ်နယ်မြေမှာ နတ်ဘုရားအဆင့် ကမ္ဘာဦးကောင်းကင်ဖာထေးဆေးလုံး တစ်လုံးတော့ ကျန်သေးသည်။ သို့သော် ၎င်းကို ယွီယောင်ရှင်သန်သူအတွက် အရေးပေါ်အဖြစ် ဘဏ္ဍာတိုက်ထဲ သိမ်းထားခြင်း ဖြစ်သည်။

မှန်ပေသည်။ သူက ထိုအတိုင်း တိုက်ရိုက်ပြောမည် မဟုတ်ပေ။

ယွမ်စုရှင်းကို အကွက်ထဲ ဆွဲသွင်းရန် နည်းလမ်းရှာရပေမည်။

အပျက်အစီးများ၏ အဝင်ဝတွင် လှုပ်ရှားရန် မသင့်တော်သော်လည်း အတွင်းထဲတွင်တော့... အဟက်...

“ရှိတယ်။ ဒီဂိုဏ်းအပျက်အစီးတွေရဲ့ အတွင်းထဲမှာ ရှိတယ်...” စုန့်ချီယွဲ့က အားနည်းစွာ ချောင်းဆိုးလိုက်ပြီး ပုဝါဖြင့် နှုတ်ခမ်းပေါ်ရှိ သွေးများကို သုတ်လိုက်သည်။

“စုရှင်း... မင်း မြင်တဲ့အတိုင်းပဲ။ ငါ့ရဲ့ အခြေအနေက မင်းကို ကိုယ်တိုင် ဦးဆောင်ခေါ်သွားပေးဖို့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ နေရာ အတိအကျကိုတော့ ပြောပြပေးနိုင်တယ်။ မင်း အဲဒီနေရာကို ကိုယ်တိုင် သွားရှာဖို့ ဆန္ဒရှိလား။”

...

All Chapters