သံသယတိမ်တိုက်များ
Vol. 23 Ch. 225
ဂိုဏ်းအပျက်အစီးများက အန္တရာယ်မရှိရန် မဖြစ်နိုင်ပေ။ အထူးသဖြင့် ထိုကဲ့သို့ ရက်စက်သော တိုက်ပွဲတစ်ခု အပြီးတွင် ဖြစ်သည်။ တပည့်မည်မျှ ထိုနေရာတွင် ကျဆုံးသွားကြောင်းကို မည်သူ သိနိုင်မည်နည်း။
သို့သော်လည်း ယွန်စုရှင်းက သူ၏ အမေဖြစ်သူမှာ နောက်ထပ်တစ်နှစ်ပင် မခံနိုင်တော့ကြောင်း တွေးမိလိုက်ပြီး တုံ့ဆိုင်းနေမှုများ အားလုံးကို ဘေးဖယ်ထားလိုက်သည်။
သူ့တွင် အမေဖြစ်သူသာ ကျန်ရှိတော့သည်။
အမေသာ ဆုံးပါးသွားခဲ့လျှင် ဘဝ၏အဓိပ္ပာယ်ကိုပင် သူ သိတော့မည် မဟုတ်ပေ။
“ကျွန်မ သွားပါ့မယ်။” ယွန်စုရှင်းက လက်ယှက်ပြီး စုန့်ချီယွဲ့ကို ပြောလိုက်သည်။ သူ၏ အသံက ခိုင်မာနေ၏။ “ကျွန်မကို နေရာအတိအကျ ပြောပေးပါ။ စီနီယာ။”
စုန့်ချီယွဲ့က ချက်ချင်းပင် မြေပုံတစ်ခု ထုတ်ပေးလိုက်ပြီး အမှတ်တစ်ခုကို စုတ်တံဖြင့် မှတ်သားကာ ကမ်းပေးလိုက်သည်။
“ရော့... သွားတော့။”
ထို့နောက် စုန့်ချီယွဲ့က သတိပေးချက်တစ်ခုကိုပါ ထပ်လောင်းပြောကြားလိုက်သည်။ “ငါ ခုနက ဒီနားကနေ ဖြတ်လာတုန်း မိစ္ဆာအကြွင်းအကျန်တွေ အဲဒီနားမှာ လှည့်လည်နေတာ တွေ့ခဲ့တယ်။ သတိထားဦး။ အရမ်းအန္တရာယ်များလာရင်တော့ ပြန်ဆုတ်ပြီး တခြားနည်းလမ်းရှာကြည့်ပေါ့။”
ယွန်စုရှင်းက မြေပုံကို လက်ခံရယူကာ ကျေးဇူးတင်စကားပြောပြီးနောက် ဧရာမကြေးတံခါးကြီး အတွင်းသို့ လှမ်းဝင်လိုက်သည်။ သို့သော် သူ၏ စိတ်ထဲတွင်မူ သံသယများဖြင့် ပြည့်နှက်နေ၏။
ထိုအရာက ရိုးရိုးပုံကြမ်းတစ်ခု မဟုတ်ဘဲ အလွန်အသေးစိတ်ကျသော မြေပုံတစ်ခု ဖြစ်နေသည်။
ဒီကိုလာတဲ့လမ်းမှာ စုန့်ချီယွဲ့က အပျက်အစီးတွေကို စူးစမ်းရှာဖွေနေတယ်ဆိုတဲ့ သတင်းမျိုး သူ တစ်ခါမှ မကြားခဲ့ရဘူး။ အမှန်ဆိုရင် သူတို့က ဒီအပျက်အစီးတွေက အခုမှ ပေါ်လာတာလို့ပဲ ပြောခဲ့ကြတာလေ...
အဲဒါဆို ဒီမြေပုံက ဘယ်က ရောက်လာတာလဲ။
ဒဏ်ရာရနေတဲ့ကြားကနေ တိုက်ပွဲအပြီးမှာ တစ်နေရာလုံးကို မြေပုံဆွဲလိုက်တာလား။
ယွန်စုရှင်းက ထိုမေးခွန်းများကို မျိုသိပ်ထားလိုက်သော်လည်း စိတ်ထဲမှမူ သတိကို အစွမ်းကုန် မြှင့်တင်ထားလိုက်သည်။
စုန့်ချီယွဲ့က တစ်ခုခုတော့ လွဲနေပြီ။
စုန့်ချီယွဲ့က သံသယဖြစ်စရာ ကောင်းနေမှတော့ ဆရာတော်ဟွေ့ခုန်းကလည်း ယုံကြည်ရမယ့်သူ မဟုတ်နိုင်တော့ဘူး။
သို့သော် ထိုလောကတွင် တစ်ခုခု မှားယွင်းနေသည်ကို သိနေရုံဖြင့် ရပ်တန့်နေ၍ မရနိုင်သော အခြေအနေမျိုး ရှိတတ်သည်။
တစ်ခါတစ်ရံတွင် ကျားဂူထဲသို့ တိုက်ရိုက်ဝင်ခြင်းမှာ မဆင်မခြင်လုပ်ခြင်းကြောင့် မဟုတ်ပေ။
ရွေးချယ်စရာ လမ်းမရှိတော့ခြင်းကြောင့်သာ။
ယွန်စုရှင်းက အပျက်အစီးများအတွင်းသို့ ဝင်သွားပြီး မကြာမီမှာပင် စုန့်ချီယွဲ့သည် နောက်မှ လိုက်သွားရန် ပြင်လိုက်စဉ် ဟွေ့ခုန်းက သူကို အကြည့်တစ်ခု ပေးလိုက်သည်။
“နေဦး။ ငါတို့မှာ နောက်ထပ် ပစ်မှတ်တစ်ခု ရှိသေးတယ်။”
သူ၏အသံ မဆုံးမီမှာပင်...
ဝုန်း...
ဧရာမဓားကြီးတစ်လက်က သူတို့အရှေ့ ငါးမီတာခန့်အကွာရှိ မြေပြင်ပေါ်သို့ စိုက်ဝင်သွား၏။
ဖုန်မှုန့်များ ငြိမ်သက်သွားသောအခါ နက်မှောင်သော တိုက်ပွဲဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးမှာ မတ်မတ်ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူ၏ ထက်ရှသော အကြည့်မှာ ဓားတစ်လက်ကဲ့သို့ပင်။
သူက အရှိန်အဟုန်ဖြင့် ရောက်ရှိလာသော ယွဲ့ချန်ချီ ဖြစ်သည်။
စုန့်ချီယွဲ့က သူ့ကို ကြည့်ကာ ရင်ထဲမှ ဝမ်းသာပီတိဖြစ်မှုကို ထိန်းချုပ်ထားသော်လည်း နှုတ်ခမ်းဖျားတွင်မူ အပြုံးစလေး တစ်ခု ပေါ်လာ၏။
တကယ့်ကို ကံကောင်းခြင်း လက်ဆောင်ပဲ။
ယွဲ့ချန်ချီကို မဖမ်းမိခဲ့လို့ နှမြောနေခဲ့ကြတာ...
အခုတော့ သူကိုယ်တိုင် အိမ်ပေါက်ဝအထိ ရောက်လာပြီ။
“စုန့်ချီယွဲ့... ဆရာတော်ဟွေ့ခုန်း...”
တခြားတပည့်တွေများက ယောင်ချီမှ နတ်မိမယ်နှင့် ဖန်ကျင်းကျောင်းတော်က ဆရာတော်ကို ရိုရိုသေသေ ဆက်ဆံကြလိမ့်မည်။
သို့သော် ယွဲ့ချန်ချီကတော့ သူတို့လို မဟုတ်ပေ။
အထူးသဖြင့် ယခုလို သူ၏ ရင်ထဲ အသည်းအသန်ဖြစ်မှုနဲ့ ဒေါသမီးတွေ လောင်မြိုက်နေသော အချိန်တွင် ပို၍ပင် ဆိုးလေသည်။
“ဓားကျောင်းတော်က တပည့်သုံးယောက် ဘယ်မှာလဲ။ ပြောစမ်း...”
စုန့်ချီယွဲ့က ဘာမှ ပြန်မပြောဘဲ နေနေသည်။
ဟွေ့ခုန်းက အကြည့်ကို အနည်းငယ်မြှင့်ကာ အေးစက်စွာဖြင့် နှာခေါင်းရှုံ့လိုက်၏။ “ရိုင်းလှချည်လား။ တာအိုမိတ်ဆွေယွဲ့။ အခင်းအကျင်းကြီး ပျက်စီးသွားတာက ငါတို့ ထိန်းချုပ် နိုင်တဲ့ အရာမဟုတ်ဘူး။ မိစ္ဆာအကြွင်းအကျန်တွေကို တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲတစ်ခုလုံးကိုလည်း ဂိုဏ်းတပည့်တွေ အများကြီး မြင်ခဲ့ကြတာပဲ။ ဒါကို မင်းက ငါတို့ကပဲ မင်းကို ရှင်းပြဖို့ တာဝန်ရှိသလိုမျိုး လာလုပ်နေတာလား။”
“ဆရာတော်ဟွေ့ခုန်း၊ စကားနည်းနည်း လျှော့ပြောပါဦး။” စုန့်ချီယွဲ့က သက်ပြင်းချကာ ယွဲ့ချန်ချီကို ကြည့်လိုက်သည်။ သူ၏ ဖြူဖျော့သော မျက်နှာတွင် နောင်တရိပ်များ ပြည့်နှက်နေသည်။ “တာအိုမိတ်ဆွေယွဲ့၊ ဓားကျောင်းတော် တပည့်သုံးယောက်က ဓားအခင်းအကျင်း ခင်းကျင်းပြီး ငါတို့အပေါ် ကျရောက်နေတဲ့ ဖိအားတွေကို ကူညီလျှော့ချ ပေးခဲ့တာ တကယ့်ကို ကံကောင်းသွားတာပါ။”
“သူတို့သာ ကူညီမပေးခဲ့ရင် ဆရာတော်ဟွေ့ခုန်းနဲ့ ငါ မိစ္ဆာအကြွင်းအကျန်တွေရဲ့ တိုက်ခိုက်မှုကို တောင့်ခံနိုင်မှာ မဟုတ်ဘူး။”
“သူတို့ ဘယ်ရောက်သွားလဲ ဆိုတော့...”
“မြန်မြန်...ပြော။”
ယွဲ့ချန်ချီက ဓားနှောင့်ကို တင်းတင်းဆုပ်ကိုင်ထားသဖြင့် လက်ဆစ်များပင် မြည်ဟည်းနေသည်။
သူ၏ နောက်ဆုံးကျန်ရှိသော အသိတရားလေးကသာ ထိုလူ နှစ်ယောက်ကို အစိမ်းလိုက် ဝါးမစားမိအောင် မနည်းထိန်းထားပေးနေခြင်း ဖြစ်သည်။
“သူတို့က ကလဲ့စားချေဖို့အတွက် မိစ္ဆာအကြွင်းအကျန်တွေနောက်ကို အပျက်အစီးတွေထဲအထိ လိုက်သွားကြတာ။ အဲဒီနောက်ပိုင်း ပြန်ထွက်မလာကြတော့ဘူး။ သူတို့ ဘာဖြစ်သွားလဲဆိုတာ ငါတို့လည်း မသိဘူး။” စုန့်ချီယွဲ့က သက်ပြင်းချရင်း ပြောသည်။
ယွဲ့ချန်ချီ မျက်မှောင်ကြုတ်သွား၏။
တခြားတပည့်များသာဆိုလျှင် စုန့်ချီယွဲ့၏စကားကို သူ ယုံမိကောင်း ယုံမိလိမ့်မည်။
သို့သော် ထို ဂျူနီယာသုံးယောက်ကတော့ မတူပေ။
သူက သူတို့ကို ကောင်းကောင်းသိသည်။
ရှုအန်က ပါးနပ်သည်။ တွမ်ဖုန်းက တည်ငြိမ်၏။ ကျန့်ဟယ်က အားလုံးထဲ အစိုးရိမ်တတ်ဆုံးပင်။
တခြားဓားကျောင်းတော်တပည့်များ စစ်မြေပြင်မှ ဆုတ်ခွာသွားပြီဆိုရင် ကျန့်ဟယ်က အသက် ရှင်သန်ရေးကိုသာ ပထမဦးစားပေးမည်မှာ သေချာပေသည်။
အကယ်၍ သူ တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့လျှင်လည်း အနီးကပ် ခြိမ်းခြောက်မှုကို ဖယ်ရှားရန် အတွက်သာ ဖြစ်ပေလိမ့်မည်။
သူတို့သည် အပျက်အစီးများထဲအထိ မိစ္ဆာများနောက်သို့ မဆင်မခြင် လိုက်သွားရန် ဆိုသည်မှာ ဘယ်လိုမှ မဖြစ်နိုင်ပေ။
မိမိ၏ စကားများက ယွဲ့ချန်ချီ၏စိတ်ထဲ သံသယမျိုးစေ့ ချပေးလိုက်ကြောင်းကို စုန့်ချီယွဲ့ မသိခဲ့။
တိုက်ပွဲက အမှန်တကယ်ကို ရှုပ်ထွေးခဲ့၏။
တိုက်ရိုက်တပည့်သုံးယောက်က အခြေတည်ဝိညာဉ်အဆင့် မိစ္ဆာလေးကောင်၏ ဝိုင်းရံမှုကို ကျော်ဖြတ်ပြီး ရှင်သန်နိုင်လိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။ တခြားဓားကျောင်းတော် တပည့်များကို ဘေးကင်းကင်းနှင့် ဆုတ်ခွာနိုင်အောင် လုပ်ပေးနိုင်ရန် ဆိုသည်က ပို၍တောင် မဖြစ်နိုင်သေးသည်။
အနည်းဆုံးတော့ အဲဒီထဲက တစ်ယောက်စ၊ နှစ်ယောက်စ သေသွားမှာပဲ မဟုတ်လား။
ထို့ကြောင့် သူ၏စိတ်ထဲတွင်တော့ ကလဲ့စားချေရန် လိုက်သွားသည်ဟု ပြောခြင်းက တကယ့်ကို ယုတ္တိတန်သော အကြောင်းပြချက်ပင်။
“သြော်... အဲဒီလိုလား။” ယွဲ့ချန်ချီက စုန့်ချီယွဲ့ကို စိုက်ကြည့်ရင်း ပြောလိုက်သည်။
“ငါ အထဲဝင်ပြီး သူတို့ကို ရှာမယ်။”
“အပျက်အစီးတွေက အန္တရာယ်ရှိနိုင်တယ်။ ငါလည်း နည်းနည်း သက်သာလာပြီဆိုတော့ နင်နဲ့ အတူ လိုက်ခဲ့ပေးရမလား။” စုန့်ချီယွဲ့က မတ်တပ်ရပ်ကာ အကြောဆန့်လိုက်သည်။ “ငါလည်း အထဲမှာ ယောင်ချီက တပည့်အချို့ကို သွားရှာဖို့ စိတ်ကူးထားတာနဲ့ အတော်ပဲပေါ့။”
ယွဲ့ချန်ချီ၏ ထက်ရှသော မျက်လုံးများက စုန့်ချီယွဲ့နှင့် ဟွေ့ခုန်းကြားတွင် ကူးလူးသွား၏။
ထို့နောက် သူက ရုတ်တရက် ရယ်မောလိုက်သည်။
“ဆရာတော်ဟွေ့ခုန်းကော ဘယ်လိုလဲ။ ကျွန်မတို့နဲ့ မလိုက်ဘူးလား။”
“ကိုယ်တော်ကတော့ မလိုက်တော့ပါဘူး။” ဟွေ့ခုန်းက မျက်လုံးပြန်မှိတ်ကာ တရားထိုင်သည့် ဟန်ပန်ကို ပြန်ယူလိုက်သည်။ “ငါ့ရဲ့ဒဏ်ရာတွေက ပြင်းထန်လွန်းတယ်။ လိုက်လာရင် မင်းတို့ အတွက် ဝန်ထုပ်ဝန်ပိုးပဲ ဖြစ်မှာ။”
“အဲဒါဆိုလည်း ပြီးတာပဲ။” ယွဲ့ချန်ချီက လီချင်းရန် ပေးခဲ့သော အန္တိမအဆင့် မိုးကြိုးမီး အဆောင်ကို တင်းတင်းဆုပ်ကာ ဧရာမဓားကြီးကို ထမ်းပြီး ကြေးတံခါးဆီသို့ လှမ်းတက်သွား၏။
စုန့်ချီယွဲ့ကတော့ သူ့နောက် နှစ်လှမ်းအကွာမှ လိုက်ပါသွားခဲ့သည်။
သူ၏ ကျောနောက်တွင် ဝှက်ထားသော လက်မှာ ဟွေ့ခုန်းကို အချက်ပြနေပြီ ဖြစ်သည်။
ဟွေ့ခုန်းက ထိုအချက်ပြချက်များကို မြင်ရာ အေးစက်စွာ ပြုံးလိုက်သည်။
တစ်ချိန်တည်းမှာပင် သူ၏ စိတ်ထဲ၌မူ လုံးဝကွဲပြားခြားနားသော မြင်ကွင်းတစ်ခုကို မြင်နေရ၏။
မိစ္ဆာအကြွင်းအကျန် တစ်ကောင်၏ မျက်လုံးများမှတစ်ဆင့် တောအုပ်အတွင်း ရွေ့လျားနေသော တပည့်အုပ်စုကြီးကို သူ မြင်နေရသည်။
အရှေ့ဆုံးတွင်မူ ရိုးရှင်းသော အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီး ဓားကျင့်ကြံသူလေးက အုပ်စုကို ဦးဆောင်ကာ အားပေးစကားများ ပြောဆိုနေသည်။
သူ၏ မိစ္ဆာအကြွင်းအကျန်၏ အမြင်အာရုံကို မြှင့်တင်ရန် လျို့ဝှက်အတတ်ကို အသုံးပြု လိုက်သောအခါ မယုံနိုင်စရာ မြင်ကွင်းတစ်ခုကို မြင်လိုက်ရ၏။
အစွမ်းထက်ပြီး တောက်ပလှသော ကံတရားအရှိန်အဝါများက ထိုအမျိုးသမီးကို ဝန်းရံထားသည်။
နေရောင်အောက်တွင် တောက်ပနေသော ရေထဲက ဆယ်ယူခါစ ပုလဲတစ်လုံးကဲ့သို့ပင် သူသည် အနှိုင်းမဲ့စွာ တောက်ပနေ၏။
ဟွေ့ခုန်း၏ မျက်လုံးများ ရွှေရောင်ဖျော့ဖျော့ တောက်ပလာသည်။
ဒါက ဘယ်သူလဲ။ ဓားနဲ့ ရေဓာတ် နှစ်မျိုးရှိတဲ့ စိတ်ဝိညာဉ်အမြစ်လား။ ပိုပြီး အံ့ဩစရာ ကောင်းတာက အန္တိမအဆင့် ဒန်တျန်တဲ့လား...
သူ စုန့်ချီယွဲ့တို့ဘက်မှ ကိစ္စများကို ဂရုမစိုက်တော့ပေ။
ထိုမိန်းကလေးကို သူ အမိအရ ဖမ်းရပေမည်။
ထိုမျှ ရှားပါးသော ရတနာမျိုးကို...
ဘိုးဘေးက သူ့ကို အမှန်တကယ် ဆုအကြီးအကျယ် ချီးမြှင့်မည်မှာ သေချာပေသည်။
လီချင်းရန်က ဓားကျောင်းတော်တပည့်များကို လျို့ဝှက်နယ်မြေ၏ ထွက်ပေါက်ဆီသို့ ဦးဆောင် ခေါ်သွားနေသည်။
နယ်မြေအတွင်းရှိ ရှုခင်းများနှင့် အပျက်အစီးများမှာ နှစ်စဉ် ပြောင်းလဲနေသော်လည်း အဝင်ဝ တံခါးကတော့ လုံးဝ မပြောင်းလဲပေ။
ကြေးမုံမြစ်အတိုင်း အနောက်ဘက်သို့ လိုက်သွားရုံဖြင့် ထိုနေရာကို ရောက်ရှိနိုင်သည်။
သူတို့ ရောက်ခါနီးနေလေပြီ။
လမ်းတွင် အခြားဂိုဏ်းများမှ တပည့်များနှင့်ပင် ရံဖန်ရံခါ ဆုံတွေ့ရတတ်သည်။
လီချင်းရန်က ကျောက်ဆောင်တစ်ခုအနီးတွင် ရပ်လိုက်၏။
သူ၏ အန္တိမအဆင့် ဒန်တျန်၊ စိတ်ဝိညာဉ်အမြစ် နှစ်မျိုးနှင့် အနှိုင်းမဲ့သော ဗီဇအသိများကြောင့် အလွန်အမင်း အန္တရာယ်ရှိသော ခံစားချက်ကို ရုတ်တရက် ခံစားလိုက်ရသည်။
တစ်စုံတစ်ယောက်က သူ့ကို စောင့်ကြည့်နေလေသည်။
သူ တစ်ယောက်တည်းတင် မဟုတ်ဘဲ တစ်အုပ်စုလုံးကို စောင့်ကြည့်နေခြင်းပင်။
သူ သတိမထားမိဟန်ဆောင်ကာ အုပ်စု၏ အရှေ့မှနေ၍ အနောက်ဘက်သို့ သိမ်သိမ်မွေ့မွေ့ ရွှေ့လိုက်သည်။ ထိုအကြည့်များက သူနောက်သို့ လိုက်ပါလာသည်ကို သေချာစွာ အတည်ပြု လိုက်သည်။
ဒါဆို သေချာသွားပြီ။ ငါက တကယ့် ပစ်မှတ်ပဲ။ ဒါပေမဲ့ ဓားကျောင်းတော် တပည့်တွေပါ ဒီတိုက်ပွဲကြားထဲ ညပ်သွားနိုင်တယ်။
အခုဖြစ်ပျက်ခဲ့သမျှတွေကြောင့် သူတို့အားလုံး ပင်ပန်းနေကြပြီ။ နောက်ထပ် တိုက်ပွဲတစ်ခုဆိုတာ သူတို့အတွက် ကပ်ဘေးပဲ။
ငါ့မှာတော့ တိုက်ဖို့အတွက် အင်အား ကျန်သေးတယ်။
ပြီးတော့ ဆရာပေးထားတဲ့ အသက်ကယ်ပစ္စည်းတွေလည်း ရှိသေးတာပဲ။
ထို့ကြောင့်...
လီချင်းရန်က တုရှင်းဟယ်၏ ဝတ်ရုံစကို ရုတ်တရက် ဆွဲလိုက်သည်။ “စီနီယာအစ်ကို၊ အားလုံးကို အဝင်ဝအထိ အရင် ဦးဆောင်ခေါ်သွားပေးလို့ ရမလား။ ဆရာက ကျွန်မကို ဝိညာဉ်ဆေးပင် တစ်ပင် ရှာခိုင်းထားတာ အခုမှ သတိရလို့။ ဒီကိုလာတဲ့ လမ်းမှာ တွေ့ခဲ့သလိုပဲ။”
တုရှင်းဟယ် တွန့်ဆုတ်သွား၏။ “ဝေးလား။”
“သိပ်မဝေးပါဘူး။ အမြန်သွားရင်တော့ နာရီဝက်အတွင်း ပြန်ရောက်မှာပါ။” လီချင်းရန်က ပြုံးလိုက်သည်။
“...အေးပါ။ ဒါပေမဲ့ ခဏစောင့်ဦး။”
တုရှင်းဟဲက တခြားသူအချို့ကို ခေါ်လိုက်ပြီး သူတို့ဆီမှ ခုခံရေးပစ္စည်းများ အားလုံး သူ့ကို ပေးလိုက်သည်။
“ဒါတွေ ယူသွား။ အဝင်ဝနားမှာဆိုရင် ဘေးကင်းနိုင်ပေမဲ့ သတိထားတာ အကောင်းဆုံးပဲ။”
လီချင်းရန် မငြင်းဆန်ခဲ့ပေ။
သူက အဆောင်များ၊ ဆေးလုံးများနှင့် ဓားဓာတ်လုံးများကို လက်ခံလိုက်သည်။
၎င်းတို့ကို ယူမှသာ သူ၏ စီနီယာအစ်ကို၊ အစ်မများ စိတ်အေးကြမည် မဟုတ်ပေလား။
ထိုအရာကလည်း သူ လိုချင်သော အချက်ပင်။
သူတို့ အဝင်ဝကို ရောက်သွားရုံနှင့် ဆရာက ထိုနေရာတွင် စောင့်နေလိမ့်မည်။
ထိုအခါကျလျှင် သူတို့က အမှန်တကယ် ဘေးကင်းသွားပေလိမ့်မည်။
...