တကယ့် ကျားကိုတောင်မှမျှားခေါ်ခြင်းဗျူဟာ
Vol. 23 Ch. 226
“အဟက်... စိတ်ဝင်စားစရာပဲ။ ငါ စောင့်ကြည့်နေတာကို သူ သိသွားတာလား။” ဆရာတော် ဟွေ့ခုန်းက အဓိကအုပ်စုမှ ခွဲထွက်သွားသော မိန်းကလေးနောက်သို့ လိုက်ပါရန် မိစ္ဆာ အကြွင်းအကျန်ကို ထိန်းချုပ်ရင်း တစ်ဦးတည်း ရေရွတ်လိုက်သည်။
“ကံတရားအရှိန်အဝါ အထူးကောင်းမွန်တဲ့သူ ပီသပါပေတယ်။ ဒါပေမဲ့ ဒါကလည်း ပိုတောင် အဆင်ပြေသေးတယ်။ ငါ့အတွက် တခြားအာရုံလွှဲစရာတွေ ဖန်တီးရမယ့်ဒုက္ခ သက်သာတာပေါ့။”
ဓားကျောင်းတော်မှ တပည့်များအားလုံးသည် အလွန် ပါရမီထူးချွန်ကြသူများချည်းသာ။
သူ၏ မူလအစီအစဉ်က သူတို့အားလုံးကို တစ်ခါတည်း အမြစ်ပြတ်ရှင်းပစ်ရန်ပင်။
သို့သော် ယခုတော့ သူ စိတ်ပြောင်းသွားလေပြီ။
ထိုမိန်းကလေး တစ်ယောက်တည်း၏ တန်ဖိုးက တိုက်ရိုက်တပည့် သုံးယောက်နှင့် ယွဲ့ချန်ချီ အပါအဝင် ဓားကျောင်းတော် တစ်ခုလုံးထက်ပင် သာလွန်နေသေးသည်။
အန္တိမအဆင့် ဒန်တျန်... လုံးဝကို မကြားဖူးခဲ့သော အရာပင်။
နှစ်ပေါင်းထောင်ချီအတွင်း ထိုသို့ ထူးခြားသော ပါရမီရှင်မျိုး တစ်ယောက်မှ ပေါ်မလာခဲ့ဖူးပေ။
ကုန်ကြမ်းအဖြစ် သုံးသုံး၊ ခန္ဓာအဖြစ် သုံးသုံး... သူက အကောင်းဆုံး ရွေးချယ်မှုပင်...
စုန့်ချီယွဲ့က တိုက်ရိုက်တပည့် သုံးယောက်ကို အပိုင်သိမ်းထားပြီးပြီ။ အခုလည်း ယွဲ့ချန်ချီနဲ့ ယွန်စုရှင်းကိုပါ ယောင်ချီဆီ ခေါ်သွားချင်နေသေးတယ်။ ငါ့ဂိုဏ်းအတွက်ကျ အကြွင်းအကျန်ပဲ ချန်ထားခဲ့မလို့လား။
ဒါကို ဘယ်လိုမှ လက်မခံနိုင်ဘူး...
ထို့ကြောင့် သူက စုန့်ချီယွဲ့ကို ပြောပြမည် မဟုတ်ပေ။
ဒီမိန်းကလေးကို ငါ တစ်ယောက်တည်း အပိုင်သိမ်းမယ်။
“ဟေ့... အဲဒါ လီချင်းရန် မဟုတ်လား။”
တောင်ထိပ်တစ်ခုပေါ်တွင် ချီရှောင်းတောင်ထွတ်မှ အကြီးတန်းတပည့်တစ်စုသည် တားမြစ်ချက် တစ်ခုကို ဖောက်ထွင်းရန် အလုပ်ရှုပ်နေကြသည်။ အတွင်း၌ ရှေးဟောင်းကျင့်ကြံသူ တစ်ဦး၏ ကျင့်ကြံဆောင် ရှိနိုင်ပြီး သူတို့က ထိုကဲ့သို့ နေရာအချို့ကို အောင်မြင်စွာ လုယက်ထားပြီးသား ဖြစ်သည်။
ထို့ကြောင့်လည်း သူတို့က စုန့်ချီယွဲ့၏ ခေါ်ယူမှုကို အကြောင်းမပြန်ခဲ့ကြခြင်းပင်။
“ဟုတ်မယ်ထင်တယ်...” ယွင်ကျိမိုက ကျန်းဟန်ရှောင် ညွှန်ပြရာသို့ ကြည့်လိုက်သည်။
အဝေးတွင် လီချင်းရန်မှာ တောင်ကုန်းမြေပြင်များကြား အပြင်းအထန် ပြေးလွှားနေပြီး တစ်စုံတစ်ယောက်က လိုက်နေသည့်အလား တင်းမာသော မျက်နှာထားဖြင့် နောက်ကို ခဏခဏ လှည့်ကြည့်နေသည်။
“စီနီယာအစ်ကို... အစ်ကိုပဲ လီချင်းရန်ကို ဓားကျောင်းတော်ရဲ့ ဘယ်လိုမှ အရေးမပါတဲ့ ထောင့်တစ်နေရာကို ပို့ပစ်လိုက်ပြီလို့ ပြောခဲ့တာ မဟုတ်လား။”
ရှောင်ယိဖုန်းက ဘေးနားရှိ လုချန်းထျန်ကို လှည့်ကြည့်လိုက်သည်။
ထို့နောက် သူ ကြောင်သွား၏။
လုချန်းထျန်၏ မျက်လုံးများမှာ သွေးတက်နေပြီး လက်သီးများ တင်းတင်းဆုပ်ကာ လီချင်းရန်ကို အထင်အရှား သတ်ဖြတ်လိုသော အရှိန်အဝါများဖြင့် ကြည့်ရင်း ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ရီနေခဲ့သည်။
“စီ...စီနီယာအစ်ကို...”
“ဘာလဲ...” လုချန်းထျန်က အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး သတ်ဖြတ်လိုသော အရှိန်အဝါမှာ ချက်ချင်း ပျောက်ကွယ်သွား၏။
ရှောင်ယိဖုန်းမှာ ဇဝေဇဝါဖြစ်ကာ မျက်တောင်ခတ်လိုက်မိသည်။ ခုနက မြင်လိုက်တာ အမြင်မှားတာလား။
“ကျွန်တော် ပြောတာက အဲဒါ လီချင်းရန်လို့။ တစ်ခုခုက သူနောက်ကို လိုက်နေတဲ့ပုံပဲ။”
“သြော်...” လုချန်းထျန်က ခေါင်းညိတ်လိုက်ပြီး အတင်းအကျပ် တည်ငြိမ်ဟန်ယောင်ဆောင်ကာ ပြောလိုက်သည်။ “ငါ မြင်ပါတယ်။ လီချင်းရန်က ငါတို့ ချီရှောင်းတောင်ထိပ်မှာ မရှိတော့ဘူး ဆိုပေမဲ့ တစ်ချိန်က ငါတို့ရဲ့ ဂျူနီယာညီမလေး ဖြစ်ခဲ့ဖူးတာပဲ။ သူ ဒုက္ခရောက်နေတာကို ငါတို့က ဒီအတိုင်း ငေးကြည့်နေရမှာလား။ လာ... သွားကူကြရအောင်...”
“ဗျာ...” ရှောင်ယိဖုန်း ကြောင်အသွားသည်။ “စီနီယာအစ်ကို... အစ်ကိုက တစ်မျိုးကြီးပဲ။ အရင်က လီချင်းရန်ကို ရွံစရာကောင်းတယ်လို့ အမြဲပြောနေကျ မဟုတ်လား။ အခု အစ်ကို့မှာ ဂျူနီယာ ညီမလေး မုပိုင်ရွှမ် ရှိနေပြီပဲ။ မဟုတ်မှလွဲရော အစ်ကိုက သူ့ကို...”
“ဘာတွေ လျှောက်ပြောနေတာလဲ။ အဲဒါတွေက အရင်က ဒေါသနဲ့ ပြောခဲ့တာတွေပါ။” လုချန်းထျန်က မျက်လုံးတစ်ချက် လှန်လိုက်ပြီး ဓားကို ပြန်သိမ်းကာ နောက်သို့ လှည့်မကြည့်ဘဲ တောင်အောက်သို့ ဆင်းသွားတော့သည်။
“ငါ့ကို ဒီလောက် စိတ်တိမ်တဲ့သူလို့ ထင်နေတာလား။ ငါတို့ရဲ့ ဂျူနီယာ ညီမဟောင်း ဓားကျောင်းတော်မှာ ဘယ်လိုမျိုးတွေ အခြေအနေဆိုးနေလဲဆိုတာ မင်းတို့ကော မသိချင် ကြဘူးလား။ လာ... သွားစို့။”
ကျန်တပည့် သုံးဦးမှာ အချင်းချင်း ကြည့်လိုက်ကြသည်။
ထိုအရာကလည်း... ယုတ္တိတန်သလိုပင်။
ထို့ကြောင့် သူတို့အားလုံး လုချန်းထျန်နောက်မှ တောင်အောက်သို့ လိုက်ပါသွားကြတော့သည်။
“ရှင် ကျွန်မနောက်ကို လိုက်နေတာ တော်တော်ကြာပြီ။ အခု ထွက်လာဖို့ အချိန်တန်ပြီ မဟုတ်လား။”
လီချင်းရန်က ကွင်းပြင်တစ်ခုတွင် ရပ်တန့်လိုက်သည်။ သူ၏ မျက်နှာပေါ်ရှိ နူးညံ့မှုများမှာ ပျောက်ကွယ်သွားပြီး အေးစက်သော မထီမဲ့မြင်ပြုမှုနှင့် သတ်ဖြတ်လိုသော အရှိန်အဝါတို့ဖြင့် အစားထိုးသွားသည်။
“ဟီးဟီးဟီး... အန္တိမအဆင့် ဒန်တျန်ပိုင်ရှင်ဆိုတော့လည်း... အာရုံခံနိုင်စွမ်းက တကယ့်ကို ထက်မြက်သားပဲ...”
ထူထပ်သော မိစ္ဆာစွမ်းအင်များ ဖုံးလွှမ်းထားသည့် ပုံရိပ်တစ်ခုမှာ ကျောက်ဆောင် အရိပ်ထဲမှ ထွက်ပေါ်လာသည်။
၎င်း ဖြတ်သန်းသွားသော နေရာတိုင်း အပင်များ ညှိုးနွမ်းသွားပြီး ပိုးမွှားများမှာလည်း အသံတိတ် သွားကြသည်။ အားကောင်းလှသော ရွှေရောင်အနှစ်သာရအဆင့် နှောင်းပိုင်း ဖိအားများက လေထုထဲတွင် ပျံ့နှံ့သွားတော့သည်။
“မိစ္ဆာအကြွင်းအကျန်လား။” လီချင်းရန် မျက်မှောင်ကြုတ်လိုက်သည်။ “မဟုတ်ဘူး... မိစ္ဆာ အကြွင်းအကျန်ဆိုတာက လျို့ဝှက်နယ်မြေထဲမှာ ကျန်ရစ်ခဲ့တဲ့ အငြိုးအတေးတွေက ထိန်းချုပ်ထားတဲ့ ကျင့်ကြံသူဟောင်းတွေရဲ့ ဝိညာဉ်မဲ့အလောင်းတွေပဲ။”
“သူတို့မှာ အတွေးမရှိဘူး။ အသိစိတ်မရှိဘူး။ သတ်ဖြတ်ဖို့ဗီဇပဲ ရှိကြတာ။”
“ဒါပေမဲ့ ရှင်က... စကားပြောနိုင်တယ်ပေါ့။”
သူ့ရှေ့မှ သတ္တဝါမှာ မိစ္ဆာအကြွင်းအကျန် ဖြစ်သည်မှာ သေချာပေသည်။ အရိုးခြောက်ကဲ့သို့ ခြောက်သွေ့နေသော ခန္ဓာကိုယ်နှင့် ဟောက်ပက်ဖြစ်နေသော မျက်တွင်းများထဲ ထူးဆန်းသော အပြာရောင်မီးလျှံများ တောက်လောင်နေ၏။
ဒါဆို သူက ဘာလို့ စကားပြောနိုင်တာလဲ။
တစ်စုံတစ်ယောက်က မိစ္ဆာအကြွင်းအကျန်တွေကို တကယ်ပဲ ထိန်းချုပ်နိုင်နေတာလား။
ဒါဟာ အခင်းအကျင်းကြီးမှာ ဖြစ်ပျက်ခဲ့တဲ့ ဘေးအန္တရာယ်နဲ့ ဆက်စပ်နေမှာလား။
“အမြင်ကြွယ်သားပဲ။ မိန်းကလေး။ ဒါပေမဲ့ နှမြောစရာပဲ... ဒီနေ့တော့ မင်းကို ဒီလျို့ဝှက် နယ်မြေထဲမှာပဲ မြေမြှုပ်ပစ်ရလိမ့်မယ်...”
စကားအဆုံးတွင် ဟွေ့ခုန်းက စတင်လှုပ်ရှားလိုက်တော့သည်။
မိစ္ဆာအကြွင်းအကျန်က ထွက်ပြေးမည့် လမ်းကြောင်းအကုန် ပိတ်ဆို့ကာ လက်သည်းကြီးများဖြင့် လှမ်းအုပ်လိုက်သည်။
ရွှေရောင်အနှစ်သာရအဆင့် နှောင်းပိုင်းနှင့် အခြေခံအုတ်မြစ်အဆင့် အထွတ်အထိပ်။
ထိုကောင်မလေးက မည်သို့မှမှ အနိုင်မရနိုင်ပေ။
မိန်းကလေးမှာ ကြောက်ရွံ့မှုကြောင့် မလှုပ်မယှက် ရပ်နေသည်ဟု ထင်ရသည်။
အင်အားကွာခြားချက်ကို သိသွားပြီး စိတ်ပျက်အားငယ်သွားသည်မှာ သေချာသည်ဟု ဟွေ့ခုန်း ထင်လိုက်သည်။
ရွှေရောင်အနှစ်သာရအဆင့် ကျင့်ကြံသူများ အလွန်ပင် အစွမ်းထက်လှသည်။
လီချင်းရန်က အနားသို့ တိုးကပ်လာသော မိစ္ဆာအကြွင်းအကျန်ကို တည်ငြိမ်စွာ ကြည့်ရင်း သူ၏ သိုလှောင်အိတ်ထဲသို့ လက်နှိုက်လိုက်၏။
ထို့နောက် အဆောင်များကို လက်တစ်ဆုပ်စာ အပြည့် ဆွဲထုတ်လိုက်သည်။
၎င်းတို့အားလုံးက အဆင့်နိမ့် မိုးကြိုးမီးအဆောင်များ ဖြစ်ပြီး သူ၏ဆရာက လက်ဆောင်အဖြစ် အထုပ်လိုက် အပုံလိုက် ပေးထားခဲ့ခြင်း ဖြစ်သည်။
လွန်ခဲ့တဲ့ နှစ်များအတွင်း ဂိုဏ်းပြင်ပ တာဝန်များတွ၍် ရံဖန်ရံခါ သုံးခဲ့သည့်တိုင် သူ့ဆီပင် လေးငါးရာခန့် စုမိနေပြီ ဖြစ်သည်။
သူ၏ဆရာက အဆောင်လုပ်ရသည်ကို ဝါသနာပါပုံရပြီး ၎င်းတို့က သူ့အတွက် တန်ဖိုးမရှိသော အပိုင်းအစများလိုပင်။
ထို့ကြောင့် လက်တစ်ဆုပ်စာ ထုတ်သုံးလိုက်ခြင်းက နှမြောစရာဟု သူ မခံစားရပေ။
မိစ္ဆာသတ္တဝါတွေက မိုးကြိုးကို ကြောက်တယ်။ အရင်ဆုံး သူ့ကို အားနည်းအောင် လုပ်ရမယ်...
လီချင်းရန်က ကြည်လင်ပြတ်သားသော အာရုံစိုက်မှုဖြင့် မိုးကြိုးမီးအဆောင်များကို ပစ်ပေါက် လိုက်သည်။
တိုက်ရိုက်ရင်ဆိုင်ရန် မဖြစ်နိုင်သည့်အတွက် အရင်ဆုံး ရန်သူကို နှိမ်ထားရပေမည်။
မိစ္ဆာအကြွင်းအကျန်၏ မျက်လုံးများမှတစ်ဆင့် စောင့်ကြည့်နေသော ဟွေ့ခုန်းက မိန်းကလေး၏ လက်များ အသာအယာ လှုပ်ရှားသွားသည်ကို မြင်လိုက်ရသည်။
ထို့နောက် ရုတ်တရက်ဆိုသလို ကောင်းကင် တစ်ခုလုံးတွင် ပျံဝဲနေသော အဆောင်များဖြင့် ပြည့်နှက်သွားခဲ့သည်။
သူ ကျိန်ပြောရဲပေသည်။ ထိုမျှလောက်များပြားသော အဆောင်များကို တပြိုင်နက်တည်း တစ်ခါမှ မမြင်ဖူးခဲ့ပေ။
၎င်းတို့ကက တကယ့် အစစ်အမှန်များပင်။
ဝုန်း... ဝုန်း... ဝုန်း...
ကောင်းကင်မှ မိုးကြိုးများ ရွာချလာသည်။
ပုံမှန်ဆိုလျှင် အဆောင်များက ဟိုတစ်စ ဒီတစ်စ ကျရောက်နေမည် ဖြစ်သော်လည်း မိစ္ဆာ အကြွင်းအကျန်၏ ထူထပ်သော မိစ္ဆာစွမ်းအင်များက မီးပြတိုက်လို ဖြစ်နေရာ မိုးကြိုးတိုင်း ပစ်မှတ်ကို အတိအကျ ထိမှန်သွားတော့သည်။
မိုးကြိုး ရာပေါင်းများစွာ တပြိုင်နက် ထိမှန်သဖြင့် မိစ္ဆာအကြွင်းအကျန်မှာ မီးကျွမ်းသွားရသလို ဟွေ့ခုန်းမှာလည်း စိတ်ချင်းဆက်နွယ်မှုကြောင့် ဓာတ်လိုက်သွားရ၏။
ဂိုဏ်းအပျက်အစီးများ ရှိရာနေရာတွင် တပည့်တစ်ဦးက တရားထိုင်နေသော ဟွေ့ခုန်းကို လက်ညှိုးထိုးကာ အလန့်တကြား ပြောလိုက်သည်။
“ကြည့်ဦး... ဆရာတော်ဟွေ့ခုန်းရဲ့ ခေါင်းပေါ်ကနေ မီးခိုးတွေ ထွက်နေတယ်...”
“မဆန်းပါဘူး။ သူက အစွမ်းထက်လွန်းလို့ ဒဏ်ရာကုသတဲ့ ဖြစ်စဉ်ကတောင် အသံ ထွက်နေတာ...”
အဆင့်နိမ့် မိုးကြိုးမီးအဆောင် တစ်ခုတည်းက ရွှေရောင်အနှစ်သာရအဆင့် နှောင်းပိုင်း ကျင့်ကြံသူကို မထိခိုက်စေနိုင်ပေ။
သို့သော် ရာနှင့်ချီ ရှိနေလျှင်ကော။
ထိုသို့ဆိုလျှင် ဇာတ်လမ်းတစ်မျိုး ဖြစ်သွားလေပြီ။
ထို့အပြင် မိစ္ဆာအကြွင်းအကျန်က အစစ်အမှန် ရွှေရောင်အနှစ်သာရအဆင့် နှောင်းပိုင်း မဟုတ်။ မိစ္ဆာစွမ်းအင်များ ကုန်ခမ်းသွားသည်နှင့်အမျှ သူ၏အင်အားလည်း ဆက်တိုက် ကျဆင်းလာ၏။
မျှော်လင့်ထားသည့်အတိုင်းပင် တိုက်စစ် ပြတ်တောက်သွားပြီး ကျင့်ကြံမှုအဆင့်မှာ ရွှေရောင် အနှစ်သာရအဆင့် အလယ်ပိုင်းအထိ ထိုးကျသွားခဲ့သည်။
မိစ္ဆာအကြွင်းအကျန်က ပါးစပ်မှ မီးခိုးအမည်းများကို အန်ထုတ်ကာ လီချင်းရန်ကို မယုံနိုင်သလို စိုက်ကြည့်နေသည်။
“မင်း..မင်း...ဆီမှာ ဘာလို့ ဒီလောက်များတဲ့ မိုးကြိုးမီးအဆောင်တွေ ရှိနေတာလဲ။ မင်းက အဆောင်ပညာရှင်လား။...”
“ကျွန်မဆီမှာ အများကြီး ကျန်သေးတယ်...” လီချင်းရန်က နောက်ထပ် လက်တစ်ဆုပ်စာကို ထုတ်ကာ ပေါ့ပေါ့ပါးပါး ပစ်ပေါက်လိုက်ပြန်သည်။
ယခုတစ်ခါတော့ အလယ်အဆင့် မိုးကြိုးမီးအဆောင်များဖြစ်ပြီး စုစုပေါင်း ၇၀ခန့် ရှိသည်။
မိုးကြိုးလှိုင်းများ ထပ်မံ ရွာချလိုက်ပြန်သည်။
မိစ္ဆာအကြွင်းအကျန် နောက်သို့ ယိုင်နဲ့သွားပြီး အရှိန်အဝါမှာ ပိုမို အားနည်းသွားကာ ယခုဆိုလျှင် ရွှေရောင်အနှစ်သာရအဆင့် အစောပိုင်းလောက်သာ ရှိတော့သည်။
“ချီးပဲ... ဒီအတိုင်းသာ ဆက်သွားရင် ငါ ရှုံးတော့မှာပဲ...”
ဟွေ့ခုန်း၏ မျက်နှာ ညိုမှောင်သွားသည်။
ထိုနေရာ၌ မိစ္ဆာအကြွင်းအကျန် စွမ်းအင်ကို ဖြည့်တင်းပေးနိုင်သော မှော်အခင်းအကျင်း မရှိပေ။
သူ အမြန်ဆုံး ဖြေရှင်းချက် တစ်ခု မရှာနိုင်လျှင် သူ၏မိစ္ဆာအကြွင်းအကျန်က ထိုအတိုင်းသာ ကြိတ်ချေခံရပေတော့မည်။
“ငါ့ရဲ့ ကိုယ်ပိုင်စွမ်းအားကို ထည့်ပေးလိုက်ရင်ကော။”
ဟွေ့ခုန်းက မြင့်မြတ်သော ဗုဒ္ဓစွမ်းအင်များ တောက်ပနေဆဲဖြစ်သော မိမိ၏လက်များကို ကြည့်လိုက်သည်။
အကယ်၍ သူသာ ဗုဒ္ဓစွမ်းအင်ကို မိစ္ဆာအကြွင်းအကျန်ထဲ ထည့်ပေးလိုက်လျှင် မိုးကြိုးဒဏ်ကို ခံနိုင်ရည်ရှိသွားမည့်အပြင် ကျင့်ကြံခြင်းကိုလည်း တည်ငြိမ်သွားစေလိမ့်မည်။
သို့သော် ထိုသို့ လုပ်လိုက်သည်နှင့် အမှတ်အသားကျန်ရစ်ခဲ့မည် ဖြစ်ပြီး သူ ပတ်သက်နေသည်ကို လူသိရှင်ကြား ဖော်ပြလိုက်သလို ဖြစ်သွားပေလိမ့်မည်...
သူ့မျက်စိရှေ့တွင် လီချင်းရန်က အိတ်ထဲသို့ ထပ်မံ လက်နှိုက်လိုက်ပြန်သည်။
နောက်ထပ် လက်တစ်ဆုပ်စာ အဆောင်တွေကို ထုတ်ယူလိုက်ရာ ဟွေ့ခုန်း၏ မျက်လုံးများမှာ လှုပ်ခတ်သွားတော့သည်။
ယခုတစ်ခါတော့ အရေအတွက်က ပိုနည်းသွား၏။
သို့သော်လည်း ထိုအဆောင်များမှ ထွက်ပေါ်လာသော ဖြောင့်မှန်သည့် အရှိန်အဝါက ပို၍ပင် အစွမ်းထက်လှသည်။
၎င်းတို့အားလုံး အဆင့်မြင့် မိုးကြိုးမီးအဆောင်များသာ ဖြစ်ကြသည်။
ဟွေ့ခုန်း၏ မျက်နှာမှာ ဒေါသကြောင့် သိသိသာသာ တွန့်လိမ်သွား၏။
ဒီမိန်းကလေးက ငါ့ကို လာနောက်နေတာလား...
တော်လောက်ပြီ။ ငါ သည်းမခံနိုင်တော့ဘူး...
သူက မိစ္ဆာအကြွင်းအကျန်ကို ထိန်းချုပ်သည့် ဝိညာဉ်ပုလဲကို ထုတ်ယူကာ တောက်ပနေသော လက်ဖဝါးများဖြင့် ဖိနှိပ်လိုက်၏။
“ငါ ဒါကို အမြန်ဆုံး အဆုံးသတ်ရမယ်...”
...