← Chapters

သေလိုက်တော့

Vol. 23 Ch. 230

သေလိုက်တော့

Vol. 23 Ch. 230

ချန်ဟွိုက်အန်၏ ကျေနပ်ပီတိဖြစ်မှု ကြာရှည်မခံလိုက်ပေ။

ကျင့်ကြံမှုမှတ်တမ်းက နောက်ထပ်တစ်ကြိမ် အသစ်ပြန်ဖြစ်လာသည်။

(၇) မနက် ၄နာရီ ၄မိနစ်။ လီချင်းရန်သည် မြင့်မြတ်နယ်မြေ၏ ဗုဒ္ဓသားတော် ဟွေ့ခုန်းကို သတ်ပစ်လိုက်သည်။

ချန်ဟွိုက်အန် - “ဟမ်...”

နေပါဦး။ နေပါဦး။ ညီမလေးရေ... မင်းက အခွင့်အရေးလေးတွေကိုပဲ လုရမှာမဟုတ်ဘူးလား။ ဘာလို့ သူ့ကို အသေသတ်ပစ်လိုက်ရတာလဲ...

ထိုမှတ်တမ်းကို မြင်လိုက်ရသောအခါ သူ လုံးဝကို ဆွံ့အသွားရ၏။

မြင့်မြတ်နယ်မြေ၏ ဂုဏ်သတင်းက ကြီးမားလွန်းလှသည်။ ချင်းယွန်ဘုံ အထဲကို ကိုယ်ပွားနှင့်သာ ဆင်းသက်လာခဲ့သော သူ့လိုလူသည်ပင် ထိုအကြောင်း ကြားဖူးသည်။

မိစ္ဆာနှိမ်နင်းတာ၊ တရားမျှတမှု စောင့်ထိန်းတာနဲ့ ကမ္ဘာကိုလွှမ်းမိုးတာတွေ ခဏဖယ်ထားလိုက်။ တခြားဂိုဏ်းတွေရဲ့ အမြင်မှာတော့ မြင့်မြတ်နယ်မြေဆိုတာ ဘုရားသခင်လို တည်ရှိမှုမျိုးပဲ။ ဂုဏ်သိက္ခာနဲ့ ဖြောင့်မှန်ခြင်းရဲ့ ပြယုဒ်တစ်ခုပေါ့။

အခုတော့ လီချင်းရန်က သူတို့ရဲ့ ဗုဒ္ဓသားတော်တစ်ပါးကို သတ်ပစ်လိုက်ပြီ။

၎င်းမှာ သူ့သမီးက ကျောင်းမှာ စာမေးပွဲ ပထမရရုံတင်မကဘဲ ယခင်က ပထမရနေကျ ကျောင်းသားကိုပါ ကျောင်းထွက်သွားအောင် လုပ်လိုက်သလိုမျိုး ခံစားနေရသည်။

သူက ထိုအဖြစ်အပျက်ကို အာရုံထဲ ထည့်၍ပင် မပြီးသေးခင်၊ နောက်ထပ် ဘာလုပ်ရမလဲ မစဉ်းစားရသေးခင်မှာပင် နောက်ထပ် အသိပေးချက်တစ်ခု ပေါ်လာပြန်သည်။

(၈) မနက် ၄နာရီ ၁၀မိနစ်။ လီချင်းရန်က အလောင်းကို လုယက်လိုက်ရာ အရင်းအမြစ် အမြောက်အမြားနှင့် ပျက်စီးနေသော ဝိညာဉ်လက်နက်တစ်ခုဖြစ်သည့် ကွင်းကိုးကွင်းပါ ရဟန်း ရွှေတောင်ဝှေးကို ရရှိခဲ့သည်။

“ဟမ်... လခွီး... သူက အလောင်းကိုတောင် လုခဲ့သေးတာလား...” ချန်ဟွိုက်အန်၏ မျက်နှာ ဖြူဖျော့သွားသည်။

(၉) မနက် ၄နာရီ ၁၂မိန်စ်။ လီချင်းရန်သည် မိစ္ဆာလမ်းစဉ်ကျင့်ကြံသူ မိန်းကလေးတစ်ဦးကို ကယ်တင်ပြီး လျို့ဝှက်နယ်မြေ ထွက်ပေါက်ဆီသို့ ချီပိုးလာခဲ့သည်။ သူ၏ ဆရာ့အကြောင်းကို တွေးနေသည်။

ချန်ဟွိုက်အန် - “ဟမ်...”

နေဦး။ ဆရာ့အကြောင်းကို အခု မတွေးပါနဲ့ဦး...

ဟွေ့ခုန်းကို သတ်တာလား။ မနည်းစိတ်လျှော့ပြီး လက်ခံပေးလို့ ရသေးတယ်။ မိစ္ဆာလမ်းစဉ် ကျင့်ကြံသူကို ကယ်တာလား။ အဲဒါလည်း လက်ခံနိုင်စရာ ရှိသေးတယ်။

ဒါပေမဲ့ ဒီနှစ်ခုလုံးကို တပြိုင်နက် လုပ်လိုက်တာကတော့... များလွန်းသွားပြီ။

ယခုတော့ ချန်ဟွိုက်အန် တစ်ယောက် လုံးဝနိုးကြားသွားပြီး မြင့်မြတ်နယ်မြေသုံးခု ရှိရာဘက်ကို စိုးရိမ်တကြီး လှမ်းကြည့်လိုက်မိသည်။ သူ့ရင်ထဲတွင် အပြစ်မကင်းသလို ခံစားချက်ကြီးက အတိုင်းအဆ မရှိနေပေ။

ဒါကို နောက်ကျရင် ဘယ်လိုရှင်းပြရမှာလဲ။ မြင့်မြတ်နယ်မြေသုံးခုလုံးနဲ့တော့ စစ်ခင်းလို့ မရဘူး မဟုတ်လား။

သူတို့ဆီမှာ မဟာတက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတွေ ရှိတယ်လို့ ပြောကြတယ်။ ငါကတော့ အပြင်လောက ကျင့်ကြံမှုအဆင့် ကန့်သတ်ချက်ကြောင့် အလွန်ဆုံး ဟင်းလင်းပြင်ပေါင်းစည်းခြင်း အဆင့် ပဉ္စမအဆင့်အထိပဲ တွန်းတင်နိုင်တာလေ။ သူတို့နဲ့ ယှဉ်တိုက်ဖို့ဆိုတာက ဘယ်လိုမှ မဖြစ်နိုင်ဘူး...

တပည့်လေးကတော့ တကယ့်ကို ပြဿနာအကြီးကြီး ရှာလိုက်ပြီပဲ။

သူ၏ ပထမဆုံးအတွေးက လီချင်းရန်ကို ဆူရန် မဟုတ်ပေ။ မည်ကဲ့သို့ လွတ်အောင် ပြေးရမလဲ ဆိုသည်ကို ကြံစည်ရန်ပင်။

“စိတ်အေးအေးထားစမ်း။ ငါ စိတ်အေးအေးထားဖို့ လိုတယ်။” ချန်ဟွိုက်အန်က ကုလားထိုင်ပေါ် မတ်မတ်ထိုင်လိုက်သော်လည်း သံမှိုပုံပေါ် ထိုင်နေရသလို ခံစားနေရသည်။ သူ့ကိုယ်သူသာ အဖန်တလဲလဲ အားပေးနေမိသည်။ “လီချင်းရန်မှာ ဒါကိုလုပ်ဖို့ အကြောင်းပြချက် ရှိမှာပါ။ ငါက သူ့ကို ယုံကြည်ပြီး ထောက်ပံ့ပေးဖို့ပဲ လိုတယ်။ အင်း။ ဟိုကတုံးဘုန်းကြီးက လောဘတက်ပြီး သူ့ကို အရင်လုပ်ကြံတာနေမှာပေါ့။ ဒါမှမဟုတ် သူ့ဆီက ရတနာကို လိုချင်လို့လား။ ဒါမှမဟုတ် အကြောင်းမရှိ အကြောင်းရှာပြီး ပြဿနာလာရှာတာနေမှာပေါ့...”

သူ ပိုတွေးလေလေ ပိုပြီး ဖြစ်နိုင်ခြေရှိလေလေ ဖြစ်လာသည်။ ထို့နောက် ပိုပြီးတော့လည်း ဒေါသထွက်လာသည်။

မသိလိုက်ဘဲ သူ လွှတ်ခနဲ အော်ပြောမိလိုက်သည်။ “XXXပဲ။ သတ်ပစ်လိုက်တာ မှန်တယ်။ ဟိုကတုံးစုတ်။ မင်း သေရမှာပေါ့...”

ဟိုမိစ္ဆာလမ်းစဉ်ကျင့်ကြံသူ မိန်းကလေးကို ကယ်ခြင်းနှင့် ပတ်သက်၍ သူ အမြဲ ပြောသလိုပင်။ ယခုထိ သူတွေ့သမျှ မိစ္ဆာလမ်းစဉ်ကျင့်ကြံသူများက လူဆိုးများ ဖြစ်နေသော်လည်း အားလုံးက လူဆိုး ဖြစ်မည်ဟု မဆိုလိုပေ။ ထိုမိန်းကလေးတွင်လည်း သနားစရာ နောက်ခံသမိုင်းကြောင်း ရှိချင်ရှိပေလိမ့်မည်။

ချန်ဟွိုက်အန်က မိမိကိုယ်ကို အောင်မြင်စွာ ဦးနှောက်ဆေးလိုက်ပြီးနောက် သူ့တပည့်လေး ပြန်လာပြီး ဓားကျောင်းတော်မှ အတူတူ ထွက်ပြေးရန်ကိုသာ စောင့်နေတော့သည်။

ထိုစဉ် နောက်ထပ် အသိပေးချက်တစ်ခု ပေါ်လာပြန်၏။

(၁၀) မနက် ၄နာရီ ၂၂မိနစ်။ လီချင်းရန်နှင့် မိစ္ဆာလမ်းစဉ်ကျင့်ကြံသူ မိန်းကလေးတို့သည် ချင်းယွန်ဂိုဏ်း၊ ချီရှောင်းတောင်ထိပ်မှ တိုက်ရိုက်တပည့်လေးဦးနှင့် ဆုံတွေ့ခဲ့သည်။

ဟမ်...

ချန်ဟွိုက်အန် မျက်မှောင်ကြုတ်လိုက်သည်။

ဝိညာဉ်ကြေးမုံထဲတွင် လီချင်းရန်၏ အကြည့်မှာ အေးစက်နေပြီး ဓားဆွဲထုတ်ကာ တိုက်ပွဲဝင်ရန် အသင့်အနေအထား ပြင်ထားပြီးပြီ ဖြစ်သည်။

“လီချင်းရန်... ငါ အရမ်း စိတ်ပျက်မိတယ်။ မင်း ချင်းယွန်ဂိုဏ်းကနေ ထွက်သွားပြီးတော့ ဒီလိုမျိုး ဖြစ်သွားလိမ့်မယ်လို့ ငါ လုံးဝမထင်ထားဘူး။”

လုချန်ထျန်းက လီချင်းရန်၏ ရင်ခွင်ထဲတွင် တုန်ရီနေပြီး ခန္ဓာကိုယ်ပတ်လည်၌ မိစ္ဆာစွမ်းအင်များ ဝေ့ယမ်းနေသော မိစ္ဆာလမ်းစဉ်ကျင့်ကြံသူ မိန်းကလေးကို ကြည့်ကာ မျက်နှာပျက်နေ၏။

သူနှင့် ကျန်းဟန်ရှောင်တို့က လီချင်းရန်နောက်ကို ခြေရာခံ လိုက်လာခဲ့ခြင်း ဖြစ်သည်။ အစက တိုက်ပွဲသံများကို ကြားခဲ့ရပြီးနောက်တွင် အဝေးမှ မိုးကြိုးမုန်တိုင်းများ ဖြစ်နေသည်ကို မြင်ခဲ့ရသည်။

ဘေးကင်းစေရန် သူတို့က မိုးကြိုးသံများ ငြိမ်သွားတဲ့အထိ စောင့်ပြီးမှ ရှေ့ဆက်ခဲ့ကြခြင်း ဖြစ်သည်။ သို့သော် လျို့ဝှက်နယ်မြေကို ဖုံးလွှမ်းထားသော ထူထပ်သည့် မီးခိုးရောင်မြူများကြားမှ သူတို့ ထွက်လာချိန်တွင်တော့ မိစ္ဆာလမ်းစဉ်ကျင့်ကြံသူ မိန်းကလေးကို ပွေ့ချီထားသည့် လီချင်းရန်ကို တွေ့လိုက်ရတော့သည်။

“ရှင့်ရဲ့ အမြင်ကို ကျွန်မ ဂရုစိုက်စရာ မလိုဘူး။” လီချင်းရန်က လုချန်ထျန်းကို ဂရုမစိုက်ဟန်ဖြင့် တစ်ချက်ကြည့်ကာ ဘေးမှ ဖြတ်လျှောက်သွားရန် ပြင်လိုက်သည်။

သို့သော် လုချန်ထျန်းက လမ်းကို ချက်ချင်း ပိတ်ဆို့လိုက်သည်။

သူ့မျက်လုံးများက လီချင်းရန်၏ မျက်နှာပေါ်တွင် တန့်နေသည်။ သူက ယခင်ကထက်ပင် ပိုလှလာသေးသည်။

၎င်းက မုပိုင်ရွှမ်မှာ တကယ်တမ်း ထူးထူးခြားခြား မရှိဟု သူ့ကို ခံစားရစေသည်။

တစ်ချိန်က လီချင်းရန်သည် သူ့ကို အထင်ကြီးအားကျသော အပြုံးများနှင့် ပြုံးပြခဲ့ဖူးသည်။ သို့သော် ယခုတော့ သူ့ဆီမှ အေးစက်မှုနှင့် ရွံရှာမှုများကိုသာ ရတော့သည်။

ဘာလို့လဲ။

သူ ငါ့ကို အရင်က ကိုးကွယ်ခဲ့တာလေ။

အမှားတစ်ခုကြောင့်နဲ့ ဒီလို ဖြစ်သွားရတာလား။

ဘယ်သူမှ အမှားမကင်းဘူး မဟုတ်လား...

“လီချင်းရန်။ မင်း ဖြောင့်မှန်တဲ့လမ်းကို လျှောက်ဖို့ လိုတယ်။”

“ကျွန်မ ဖြောင့်မှန်တဲ့လမ်းကို လျှောက်နေတာပဲ။”

“သူက မိစ္ဆာလမ်းစဉ်ကျင့်ကြံသူလေ။”

“သူက ကျွန်မရဲ့ အသက်ကို ကယ်ခဲ့တာ။”

၎င်းမှာ လိမ်ညာနေခြင်း မဟုတ်ပေ။

မိုရှုမိန်သာ ဟွေ့ခုန်း၏ အရေးပါ‌သော ဝှက်ဖဲများကို သုံးပစ်အောင် မလုပ်ခဲ့လျှင်၊ သူ၏ ဒဏ်ရာများကို မဖော်ထုတ်နိုင်ခဲ့လျှင်၊ လီချင်းရန်က ရွှေရောင်အနှစ်သာရအဆင့်သို့ တက်သွား သည့်တိုင် သူ့ကို အနိုင်ရရန် အခွင့်အရေးရှိမည် မဟုတ်ပေ။

နောက်ဆုံးတွင် သူက ပါရမီရှင်တစ်ယောက် ဖြစ်ပြီး တကယ့်အဆင့်အောက် အဆင့်ငယ် သုံးခုလောက်ကို နှိမ်ထားနိုင်သူ မဟုတ်ပါလား။

“မင်း လုံးဝကို စိတ်ဖောက်ပြန်နေပြီ။ ဒါ ဓားကျောင်းတော်နဲ့ မင်းရဲ့ဆရာ မင်းကို သင်ပေးလိုက်တဲ့ အရာလား။ ငါနဲ့အတူ ချင်းယွန်ဂိုဏ်းကို ပြန်လိုက်ခဲ့။” လုချန်ထျန်းက လီချင်းရန်၏ လက်ကောက်ဝတ်ကို ဖမ်းဆွဲရန် လက်လှမ်းလိုက်သည်။

လီချင်းရန်က နောက်သို့ဆုတ်ကာ သူ့လက်ကို ရှောင်လိုက်သည်။ သူ၏ ညာလက်က ဓားနှောင့်ကို ဖိထားပြီး သူ၏ အကြည့်မှာ ဓားသွားတစ်ခုကဲ့သို့ ထက်ရှနေသည်။

“ဓားကျောင်းတော်က တကယ် ကောင်းမွန်သလို ကျွန်မဆရာကလည်း ကျွန်မကို ကောင်းကောင်း သင်ပေးထားပါတယ်။”

သူ၏ လက်ချောင်းများက ဓားအိမ်ကို တွန်းလိုက်သည်။ ချွမ်း...

စုရွှမ်ဓားက ဓားအိမ်ထဲမှ ထွက်ပေါ်လာသည်။

ဓားသွားပေါ် ရောင်ပြန်ဟပ်နေသော သတ်ဖြတ်လိုသည့် အရှိန်အဝါများမှာ လက်ဆုပ်လက်ကိုင် ပြနိုင်လောက်အောင်ပင်။

“ရှင် ကျွန်မရဲ့ဂိုဏ်းကို စော်ကားတယ်။ ကျွန်မရဲ့ ဆရာကိုလည်း မဟုတ်မတရား စွပ်စွဲတယ်။ ဒီနေ့တော့... လီချင်းရန်ဆိုတဲ့ ကျွန်မက ရှင်နဲ့ အကြွေးဟောင်း၊ အကြွေးသစ် အားလုံးကို တစ်ခါတည်း ရှင်းပစ်မယ်...”

၎င်းကို ကြားလိုက်သည့်အခါတွင် လုချန်းထျန်က ဒေါသထွက်ရမည့်အစား မျက်လုံးများက စိတ်လှုပ်ရှားမှုကြောင့် တောက်ပလာခဲ့သည်။

....

တောင်တန်းတစ်သောသင်း၏ နက်ရှိုင်းတဲ့ နေရာတစ်ခုမှာတော့ မိစ္ဆာအရှင်သခင်၏ ဆက်ခံသူ ဂူဗိမာန်ရှေ့မှ မုပိုင်ရွှမ်သည် ဆံပင်ဖရိုဖရဲနှင့် ဒူးထောက်နေပြီး သူ့လက်ချောင်းများက အေးစက်‌သော ကျောက်တိုင်ကို ပွတ်သပ်နေသည်။

သူ၏မျက်နှာပေါ်တွင်မူ ပုံပျက်ပန်းပျက် ရက်စက်သော အပြုံးတစ်ခု ပေါ်လာ၏။

“ချန်ဟွိုက်အန်။ ရှင်က မိစ္ဆာအရှင်သခင်ရဲ့ ဆက်ခံသူကို သတ်ခဲ့တယ်။ အဲဒီတော့ ကျွန်မက ရှင့်ရဲ့ တပည့်ကို အရင်သတ်ပြမယ်...”

ထိုအချိန်တွင် လျို့ဝှက်နယ်မြေအတွင်း၌ လုချန်းထျန်၏ မျက်လုံးများမှာ ပိုမိုရက်စက်လာပြီး မုပိုင်ရွှမ်၏ အကြည့်နှင့် ထပ်တူကျနေသလိုပင် ထူးဆန်းစွာ တူညီနေ၏။

လီချင်းရန်၏ တောက်ပနေသော ဓားသွားကို ရင်ဆိုင်ရင်း သူကလည်း တွန့်ဆုတ်ခြင်းမရှိဘဲ ဓားကို ဆွဲထုတ်လိုက်သည်။

“လီချင်းရန်။ ဒီနေ့တော့ လူကြီးမိဘနဲ့ အကြီးတွေကို ဘယ်လိုရိုသေရမလဲဆိုတာ မင်းကို သင်ပေးရမှာပေါ့...”

သူတို့၏ဓားချင်းက သတ္တုသံ တချွမ်းချွမ်းနှင့် ထိခိုက်မိကြသည်။

လုချန်းထျန် အနောက်သို့ ၁၀ပေကျော်ခန့် ယိုင်နဲ့သွားပြီး သူရပ်နေသော မြေပြင်မှာ နက်ရှိုင်းသော အက်ကွဲကြောင်းများ ဖြစ်သွားရ၏။

သူက ဓားကို အရမ်းတင်းတင်း ဆုပ်ကိုင်ထားမိရာ သူ့လက်ချောင်းများက ဖြူဖျော့နေပြီး လက်ဖဝါးမှက သွေးများက ဓားနှောင့်ပေါ် စီးကျနေသည်။

သူ ရုတ်တရက် မော့ကြည့်လိုက်ရာ လည်ချောင်းထဲမှာ သွေးနံ့များ ပြည့်နှက်နေ၏။

သူ၏ အမြဲ အေးစက်နေသော မျက်နှာမှာ အခုတော့ လုံးဝမယုံနိုင်‌သော အရိပ်အယောင်များနှင့် ပြည့်နေတော့သည်။

“မင်း...မင်း ဘယ်တုန်းက ရွှေရောင်အနှစ်သာရအဆင့်ကို ရောက်သွားတာလဲ။”

သူ့ပတ်ဝန်းကျင်က လေထပင် အေးခဲသွားသလို ခံစားရသည်။ သူ့မျက်ဆံများ ကျုံ့သွား၏။

၁၀ပေအကွာတွင် လီချင်းရန်က ဖိနပ်ဖြင့် ကျောက်စအနများကို နင်းခြေလိုက်ရာ သူ၏ ခြေဖဝါး အောက်တွင် ဆီးနှင်းပုံစံများက တိတ်တဆိတ် ပျံ့နှံ့သွားခဲ့သည်။

စုရွှမ်ဓားမှာ အောက်ဘက်သို့ စောင်းနေပြီး ဓားအိမ်မှာ အက်ကွဲနေသော မြေပြင်ကို ထိလုနီးပါး ဖြစ်နေ၏။ သေးသွယ်ပြီး တိကျလှသော အက်ကွဲကြောင်းတစ်ခုမှာ ဓားသွားထိပ်မှ စတင်ကာ လုချန်ထျန်း၏ ဖိနပ်နှင့် လက်မဝက်ခန့်အကွာအထိ တန်းတန်းမတ်မတ် ရှည်ထွက်သွားသည်။

“လုချန်းထျန်။ ချင်းယွမ်ဂိုဏ်းမှာတုန်းက ကျွန်မ ရှင့်ကို ပြောပြီးသား။ ကျွန်မ ရှင့်အပေါ် ဘာအကြွေးမှ မတင်နေဘူးလို့။”

သူ စကားပြောလိုက်ချိန်တွင် မှောင်မိုက်နေသော ကောင်းကင်အောက်၌ သူ၏ဓားမှာ ဝင်းခနဲ တောက်သွားပြီး လရောင်အစအနလေးမှာ သူ၏ မျက်ဝန်းထဲတွင် အေးစက်သော ကြယ်တာရာ နှစ်စက်အလား ရောင်ပြန်ဟပ်နေလေသည်။

လုချန်ထျန်း တံတွေးကို ခက်ခက်ခဲခဲ မျိုချရင်း နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်၏။

သူ့ဓားအိမ်ထဲမှ ဓားက လည်ပင်းညှစ်ခံထားရသော မြွေတစ်ကောင်လို တုန်ရီနေသည်။

“ဒါပေမဲ့... ဒါပေမဲ့ ငါက မင်းရဲ့ စီနီယာအစ်ကိုလေ...”

“သေလိုက်တော့...”

လီချင်းရန်၏ အသံမှာ ဆောင်းလေကဲ့သို့ ထက်ရှနေပြီးဓားမှာ အေးစက်သော ဟိန်းသံနှင့်အတူ တုန်ခါ၍ နေသည်။

ဓားချီများက မှောင်ရီပျိုးစအချိန် လေထုကိုဖြတ်ကာ တဟုန်ထိုး ပြေးထွက်၍ သွားတော့သည်။

All Chapters