ရှချင်းယုံနဲ့ တွေ့ဆုံခြင်း
Vol. 14 Ch. 131
တည်းခိုဆောင်၏ ချက်ပြုတ်ရေးလုပ်ငန်းများက လျင်မြန်စွာ ပြီးစီးသွားခဲ့သည်။
မကြာမီ ယန်ချန်တို့အတွက် ညစာပြင်ဆင်ပေးခြင်း အစီစဥ်ရောက်ရှိလာခဲ့ပြီး တမျိုးတည်းသော အသားနဲ့အရိုးကို အခြေခံ ချက်ပြုတ်ထားသော်လည်း စားဖိုမှူးများရဲ့ အရည်သွေးကြောင့် မတူညီတဲ့ ဟင်းလျာများစွာ မြင်ရသကဲ့သို့ ဖြစ်သည်။
“အရမ်း မွှေးတယ် ခစ်ခစ်ခစ်”
ယင်ယင်က ဤတကြိမ်၌ သူမသီးသန့်ထိုင်ခုံတခုပေါ် ထိုင်နေခဲ့ပြီး စားသောက်စရာများ စားပွဲပေါ် ခင်းကျင်းနေတာကို ကြည့်၍ သားရေ းကျနေသည်။
သိသာစွာပဲ တန်ရှားမြို့ရဲ့ ထိပ်တန်းတည်းခိုဆောင်၏ စားဖိုမှူးများလက်ရာက နောက်စရာတော့ဟုတ်မနေ။
ကျန်းဝမ်လီ ယန်ပိုင်နဲ့ ရှုယင်တို့က တိတ်ဆိတ်စွာ ရှိနေခဲ့ပြီး ထိုဟင်းလျာများကို ယန်ချန်ချက်ကျွေးသည့် ဟင်းလျာများလောက် စိတ်မဝင်စားချေ။ အရသာကို မဆိုထားနှင့် အပြင်အဆင်ကပင် မမှီချေ။
ရီချန်ဦးဆောင်တဲ့ တည်းခိုခန်းဝန်ထမ်းများက ပြင်ဆင်ပေးပြီးနောက် ရီချန်က စကားစလာသည်။
“သခင်လေး ဟင်းလျာအတွက် စိတ်ကြိုက်သုံးဆောင်လို့ရပါပြီ လိုအပ်တာရှိရင် ပြောလို့ရပါတယ်”
ယန်ချန်က အနီးရှိလက်ဖက်ရည်အိုးထဲမှ လက်ဖက်ရည်အနည်းငယ်အား ငှဲ့ယူလိုက်ရင်း တုန့်ပြန်သည်။
“ခဗျားတို့ ပင်ပန်းသွားပြီ”
ရီချန်က အလျင်အမြန် ငြင်းဆိုသည်။
“မဟုတ်တာပဲ သခင်လေးရဲ့အကူညီက ပိုကြီးပါတယ် ဒါနဲ့ တခုလောက် တောင်းဆိုလို့ရမလား”
ရီချန့်ပုံစံက အနည်းငယ်တုန့်ဆိုင်းနေဟန်ရှိသည်။
“ဘာများလဲ ပြောလို့ရပါတယ်”
ယန်ချန်ခွင့်ပြုသည်ကို ကြားလျင်
“ကျတော့်ရဲ့ မိတ်ဆွေတဦးက သခင်လေးနဲ့ တွေ့ချင်နေတာပါ အဲ့ဒါအဆင်ပြေမယ်ဆိုရင် ညစာစားဖို့ ဖိတ်ခေါ်ပေးနိုင်မလား”
ညစာကိုဖိတ်ခေါ်ရမှာလား..။
“ဘယ်သူကကျုပ်နဲ့ တွေ့ချင်တာလဲ”
“ရှအိမ်တော်ရဲ့ သခင်မလေးပါ”
ရှအိမ်တော်ဟုတ်လား။ ငါလည်းမသိပါလား။ ယန်ချန်တယောက် အနည်းငယ်တွေးနေသည်ကို မြင်လျင်ရီချန်က တောကျွဲကောင်နဲ့ပက်သက်ပြီး မည်သို့အကူညီ ဖြစ်ခဲ့သည်အား အကြောင်းစုံ ရှင်းပြလာသည်။
အတန်ကြာတော့ ယန်ချန်က အကြောင်းစုံ နားလည်သွားသည်။ တဖက်အမျိုးသမီးမှာ တန်ရှားမြို့ခံ ကျင့်ကြံရေးအင်အားစုကြီးတခု၏ အိမ်တော်သခင်မလေးဖြစ်ပြီး မထင်မှတ်စွာပဲ တောကျွဲကြောင့် သူနဲ့ရင်းနီးလိုခြင်းဖြစ်ရပေမည်။
“ဒီလောက်က အပန်းမကြီးပါဘူး ခေါ်လိုက်ပါ”
ယန်ချန်ကပြုံး၍ ဖိတ်ခေါ်လိုက်သည်။ ရီချန်တယောက် ထိုအခါမှသက်ပြင်းရှည်တခု ကျိတ်၍ ချကာ လှည့်ထွက်မည့်ဟန်ပြင်လိုက်လျင် ယန်ချန်က ဆက်ပြောလာသည်။
“ဒါနဲ့ ညစာကို ခဗျားလည်း ကျုပ်တို့နဲ့အတူလာစားပါ”
ရီချန်တယောက် မှင်သက်သွားသည်။ ထိုကဲ့သို့ ဖိတ်ခေါ်မည်ဟု မထင်ထားပေ။ တောကျွဲ၏အသားက ကျင့်ကြံသူများအတွက် မည်မျှထိ အကျိုးရှိသနည်း ပြောစရာပင်မလိုချေ။ ထိုအရာကို ငွေရှိတိုင်းဝယ်မရသလို ရှာတိုင်းလည်း တွေ့နိုင်တဲ့အရာမဟုတ်။ ယခု ယန်ချန်က သက်တောင့်သက်သာ အမူရာဖြင့် ဖိတ်ခေါ်နေပြီး သူ့အတွက် ရှေးဦးတောကျွဲကောင်က သာမန်ကျွဲသားတကောင်နှယ် ဖြစ်သည်။
“ဟုတ်ကဲ့ ကျတော်အမြန်ဆုံးပြန်လာခဲ့ပါ့မယ်”
ရီချန်တယောက် ခပ်သုတ်သုတ် ထွက်သွားခဲ့ပြီး မိနစ်အနည်းငယ် အကြာမှာတော့ အမျိုးသမီးတဦးနဲ့အတူ ပြန်ရောက်လာသည်။ အမျိုးသမီးက အသက်၂၀ ပင်မပြည့်တတ်သေးပုံရပြီး တည်ငြိမ်ရင့်ကျက်သည့် အသွင်ပြင်ကြောင့် အိမ်တော်ကို ဦးစီးနေသည့် သခင်မလေးနဲ့ တူသည်။
ထို့အပြင့် ရုပ်ရည်အရည်လည်း တကယ်ကိုရှားပါး အလှတရားတခုပိုင်ဆိုင်ထားပြီး သူမရဲ့ အေးစက်စက်နဲ့ တည်ငြိမ်တဲ့မျက်နှာအမူအရာက မင်ယုရှန်အသေးစား မြင်လိုက်ရသည်နဲ့ တူသည်။
ယန်ချန့်ကိုတွေ့လျင် ရီချန်က ရှချင်းယုံနဲ့ စတင်မိတ်ဆက်ပေးသည်။
“ကျွန်မက ရှအိမ်တော်ရဲ့သခင်မလေး ရှချင်းယုံပါ”
“ကျတော်ကတော့ ယန်ချန်ပါ ဒါက အဖိုးလီ ပြီးတော့.”
ယန်ပိုင် ရှုယင် ယင်ယင်တို့ကိုပါ မိတ်ဆက်ပေးလိုက်ပြီး ရှချင်းယုံက သူမရဲ့ ဂုဏ်ပုဒ်ကိုဖုံးကွယ်မထားပေ။
ရှချင်းယုံတယောက် အခန်းထဲဝင်ရောက်သွားချိန် ပထမဆုံးမြင်ရသည်က ခန့်ညားပြီး အေးချမ်းတဲ့ အမျိုးသားတဦးဖြစ်သည်။ ထိုအမျိုးသား၏အရှိန်ဝါက တည်ငြိမ်လွန်းပြီး သူ့ထဲမှ မည်သည့်ချီစွမ်းအင်ကိုမှ သူမ မခံစားမိပေ။ တဖက်တွင် ချစ်စရာကောင်းတဲ့ ကလေးမလေးတဦးနဲ့အတူ အမျိုးသမီးတဦး တွဲလျက်တွေ့လိုက်ရသည်။
ထို့အပြင် အဘိုးအိုတဦးကို မြင်လိုက်ရချိန်မှာတော့ သူမစွံ့အသွားသည်။ ထိုအဖိုးအိုက မဟာယာနအဆင့်ပင်မရောက်သေးသော်လည်း အရှိန်ဝါမှာ အားကောင်းလွန်းပြီး ပို၍ကြောက်စရာကောင်းသည်က အိမ်မွေးတိရစ္ဆာန်လို့ ထင်နေရသည့် ဝက်ဝံက သားရဲအရှင်အဆင့် ဖြစ်နေခြင်းဖြစ်သည်။
ထိုအချက်ကို သူမရှာတွေ့ခဲ့ခြင်း မဟုတ်ပေ။ သူမနဲ့ရီချန်တို့ အခန်းထဲရောက်ပြီး မကြာခင်မှာပဲ ယန်ပိုင်ရဲ့ ဖိအားတချို့ ထုတ်လွှင့်မှုအား ရင်ဆိုင်လိုက်ရပြီး ဝက်ဝံပေါက်လေးက သူမကိုစူးစိုက်ကြည့်နေသည် မဟုတ်လား။
ထိုဖိအားက သူမကို အသက်ရှုရခက်သွားစေသည်အထိ ပြင်းထန်သည်။ ထိုအဖြစ်ပျက်ကို သတိပြုမိသည့် ယန်ချန်က ယန်ပိုင်ရဲ့ဦးခေါင်းကို ဖျတ်ခနဲ ရိုက်ချလိုက်ကာ မာန်မဲသည်။
“ဧည့်သည်ကို ရိုင်းစိုင်းနေတာလား”
ထိုစကားသံက ယန်ပိုင်မသိမသာထုတ်လွှင့်နေသည့် ဖိအားကိုပယ်ဖျက်သွားပြီး ရှချင်းယုံသာမက ရီချန်ပါ အသက်ရှူချောင်သွားတော့သည်။ ထိုလူငယ်က ရိုးရှင်းသည်မှာ အမှန်တကယ်လား။ သေမျိုးတယောက်ဟု ယုံရမည်လား။ ရှချင်းယုံ တွေဝေနေစဥ်မှာပဲ ယန်ချန်က ညစာစတင်စားသုံးကြရန် အသိပေးလာတော့သည်။
“စားကြရအောင် အားမနာနဲ့ စိတ်ကြိုက်စားသောက်ကြပါ”
ထိုစကားသံကြားမှ အလျင်မြန်အသိဝင်လာပြီး ရှချင်းယုံ ရီချန် ကျန်းဝမ်လီ ယန်ပိုင် ရှုယင်တို့မှာ စတင်စားသောက်လိုက်ကြသည်။ ယင်ယင့်အတွက်ကိုမူ ယန်ချန်ကိုယ်တိုင် အသားအချို့ပြင်ဆင်နေပြီး ထိုအရာပြီးဆုံးမှသာ စတင်စားသောက်လေသည်။
………………………………………………..