စုစည်းသွားသည့် ထျန်းဟွမ်လောက
Vol. 14 Ch. 133
ယန်ချန်မသိလိုက်ခင်မှာပဲ နောက်ထပ်ရက်အနည်းငယ် ကုန်ဆုံးသွားသည်။
ထျန်းဟွမ်လောက၏ ဒေသကြီး၄ခုနဲ့ အလယ်ကုန်းမြေတို့မှာ ကြီးမားတဲ့ ရိုက်ခတ်မှုများ ဖြစ်ပေါ်နေခဲ့သည်။
ထိုအရာက ချီစွမ်းအင်သန့်စင်မှုကြောင့်ဖြစ်ပြီး အင်အားစုများစွာမှာ ထိုအရာ၏ အကျိုးကျေးဇူးကို အပြည့်အဝ ခံစားနေခဲ့ရသည်။ အထူးသဖြင့် ပါရမီထူးသည့် လူငယ်ကျင့်ကြံသူများဖြစ်ပြီး ကျန်းရင်ရင် ကုလင်း ကျစ်ယွဲ့တို့မှာ မဟာယာနအဆင့်ကို တက်ရောက်ရန် အခွင့်လမ်းများသွားခဲ့သည်။
ထူးခြားသည့်ပတ်ဝန်းကျင်၌ ရံဖန်ရံခါလာရောက် နေထိုင်ကြသည့် လီဖူယွဲ့ ချူလင်းယုနဲ့ ချင်ဖုန်းတို့မှာ သူတော်စင်တဝက်ထိ မြင့်တက်သွားသည်။ ထို့အပြင် ဂိုဏ်းအသီးသီး၏ အင်အားက တဆင့်ထက်မက မြင့်တက်သွားကြပြီး တတ်သိနားလည်သူများကတော့ ထိုအခြေနေကို မောက်မာခြင်း မပြုရဲပေ။
အဘယ့်ကြောင့်နည်း။ လီဖူယွဲ့က ထိုအဖြစ်ပျက်ကို ယန်ချန်နဲ့ဆက်စပ်သည်ဟု ထုတ်ပြန်ထားပြီး အကြောင်းစုံကိုတော့ သူမ မသိထားချေ။ မကြာခင် မင်ယုရှန်း စုလဲ့တို့ ပြန်ရောက်ချိန်မှာတော့ သူမတို့ကပါ လီဖူယွဲ့၏ ထုတ်ပြန်မှုကို လက်ခံလိုက်ကြသည်။
ထျန်းဟွမ်လောက၌ မည်သည့်ကျင့်ကြံသူက ယခုကဲ့သို့စွမ်းဆောင်နိုင်မည်နည်း။ ရှိမည်ဆိုလျှင် ထိုသူက ယန်ချန်ပင် ဖြစ်မည်။ မင်ယုရှန်းက နတ်သမီးသစ်ပင်ကို ယန်ချန်နေထိုင်သည့် ခြံဝန်းထဲ ပို့ဆောင်လိုက်ပြီး တောဝက်များ မြေခွေးများက ထိုသစ်ပင်ငယ်ကို ခြံဝန်း၏ အကောင်းဆုံးနေရာ၌ စိုက်ပျိုးလိုက်သည်။
ထိုအချိန် မြောက်ပိုင်းဒေသ၏ ရှအိမ်တော်မှာတော့ ရှယီတယောက် အိမ်တော်ခေါင်းဆောင်ထိုင်ခုံ၌ တည်ငြိမ်စွာထိုင်နေသည်။ မကြာခင်က ထူးခြားတဲ့ပုဂ္ဂိုလ်အကြောင်း သိခဲ့ရပြီး မကြာခင်ထိုပုဂ္ဂိုလ်၏ အကူညီဖြင့် သူတော်စင်အဆင့်ထက် ကျော်လွန်တဲ့ အဆင့်တစ်ခုကို ရောက်ရှိမည်ဟု သူယူဆထားသည်။
“ပြန်ရောက်လာတာ ဝမ်းသာပါတယ် အဖေ”
ရှချင်းယုံက စိတ်ကျေနပ်နေပုံရှိသည့် ဖခင်ဖြစ်သူကို နှုတ်ဆက်သည်။ သူမနည်းတူ အခြားအိမ်တော်အကြီးကဲများကလည်း နှုတ်ဆက်ကြလေသည်။
“အင်း.. ဒီရက်ပိုင်း ယုံအားလည်း အဖေ့ကြောင့် ပင်ပန်းသွားခဲ့ပြီ”
“မဟုတ်တာ အဖေက အိမ်တော်အတွက် အန္တရာယ်များတဲ့ အမှောင်ကုန်းမြေထဲ ခရီးထွက်နေရတာဆိုတော့ အိမ်တော်ရဲ့သာမန်ကိစ္စလေးတွေလောက်တော့ သမီးကိုင်တွယ်နိုင်ပါသေးတယ်”
ရှယီက ထူးခြားပြီးလိမ္မာရေးခြားရှိသည့် သမီးဖြစ်သူကို စိတ်ကျေနပ်စွာကြည့်ပြီး ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက်
“သမီး သတင်းပို့တုန်းက ထူးခြားဖြစ်စဥ် ရှိထားတယ်ဆို ဘာများလဲ”
ရှယီလမ်းတဝက်ရောက်ချိန် သမီးဖြစ်သူမှ အိမ်တော်အတွက်ကြီးမားသည့် သတင်းတခုရှိကြောင်း သတင်းပေးပို့ထားခဲ့သည် မဟုတ်လား။
“ဟုတ်ပါတယ်အဖေ သတင်းက ရှအိမ်တော်တခုလုံးကို ပြောင်းလဲသွားစေဖို့ လုံလောက်ပါတယ်”
သူမစကားအဆုံး ရှယီသာမက အိမ်တော်အကြီးကဲများပါ စိတ်ဝင်စားသွားကြပြီး ရှချင်းယုံအား စူးစိုက်ကြည့်လိုက်ကြသည်။ သူမက အနည်းငယ် ပြုံးလိုက်ပြီး ဆက်ပြောသည်။
“ဒီလိုပါ အဖေအလိုရှိနေတဲ့ ရှေးဦးတောကျွဲကို ကျွန်မရထားပြီ”
“ဘာ…”
“ယုံအာ..တကယ်ကြီးလား..”
“သခင်မလေး ဒါနောက်စရာမဟုတ်ဘူးနော်”
ရှယီကိုယ်တိုင်ပင် ထိုင်ရာမှ မတ်တပ်ထရပ်ရသည်အထိ မှင်သက်သွားပြီး အကြီးကဲများကလည်း အသည်းအသန်မေးမြန်းကြတော့သည်။ ရှေးဦးတောကျွဲဆိုသည်က ရှအိမ်တော်အနှစ်နှစ်အလလ ကြိုးစားရှာဖွေနေသည့် ရတနာတခုဖြစ်ပြီး ထိုရတနာကိုရရန် ရှယီမည်မျှ ပင်ပန်းခဲ့ရသည်ကို ရှမိသားစုများသာ သိပေမည်။
“ယုံအာ သမီးပြောတာ ရှေးဦးတောကျွဲနော်”
ရှချင်းယုံက ခေါင်းညိတ်ပြလိုက်ပြီး ရှေးဦးတောကျွဲ၏ ဦးချိုနဲ့ ကျန်အစိတ်အပိုင်းများကို ထုတ်ပြလိုက်သည်။ ထိုအချိန်မှာတော့ ရှယီနဲ့ အခြားသူများမှာ အချိန်တခုကြာသည်အထိ ဆွံ့အသွားကြလေသည်။
“ဟုတ်တယ် ဟုတ်တယ် ဒါရှေးဦးတောကျွဲပဲ သေချာတယ်”
ရှယီက ဦးချိုကို ရတနာတခုနှယ် ညင်သာစွာပွတ်သပ်လိုက်ပြီး သူ့ရဲ့မျက်လုံးအစုံကလည်း တလက်လက်တောက်ပနေသည်။
“သမီး ဒါကိုဘယ်လိုများရခဲ့တာလဲ”
ရှယီက သမီးဖြစ်သူကို တုန်လှုပ်နေသည့် အမူရာဖြင့် မေးသည်။ သမီးဖြစ်သူမှာ ပါရမီထူးသော်လည်း ရှေးဦးတောကျွဲကို ဖမ်းဆီးနိုင်သည်ထိတော့ မစွမ်းဆောင်နိုင်သေးချေ။
“ဒီလိုပါ အဖေနဲ့အကြီးကဲတို့”
ရှချင်းယုံက ရှေးဦးတောကျွဲ၏ အစိတ်ပိုင်းများကို ဖခင်ဖြစ်သူထံ အပ်နှံပြီးနောက် အကြောင်းစုံရှင်းပြလာသည်။ ထိုအရာမှာ ယန်ချန်၏ အကူညီကြောင့် ရလာခြင်းအကြောင်းအပြင် ယန်ချန်ရဲ့ထူးခြားတဲ့ သွင်ပြင်ကိုသာမက သာမန်ထုတ်ပေးလိုက်သည့် ဆေးလုံးများကိုပါ ထုတ်ပြကာ ထိုလူငယ်မှာ မည်သည့်အဆင့်၌ ရှိနေမည်ကိုတောင် မခန့်မှန်းနိုင်ကြောင်း ဆိုသည်။
ယန်ချန်ရဲ့အကူညီကြောင့် မဟာယာနနှောင်းပိုင်းထိ တိုးတက်သွားသည့် သူမ၏ ကျင့်ကြံဆင့်ကို ထုတ်ဖော်လိုက်ချိန် အကုန်လုံးက ဆေးလုံးများကို လောဘတကြီး ကြည့်မိလိုက်ကြသည်။
ရှယီမှာ ဆေးလုံးများမှ အရှိန်ဝါကို ခံစားမိနေပြီး ထိုဆေးလုံးများက သူဖော်စပ်မည့် ခန္ဓာကိုယ်ဆေးလုံးများထက် သာလွန်မည်ဟု ခံစားနေရသည်။
“ယုံအာ.. အဲ့လူငယ် မဟုတ်ဘူး မဟုတ်ဘူး သခင်လေးအခုဘယ်မှာလဲ အဖေသွားတွေ့မယ်”
ရှယီက ဆေးလုံးများကို သမီးဖြစ်သူထံပြန်ပေးပြီး စိတ်လှုပ်ရှားနေသည့် အမူအရာဖြင့် မေးသည်။ ရှချင်းယုံက
“ပြန်သွားပြီအဖေ သခင်လေးယန်က ခရီးရှည်တခုထွက်လာတာ အခုလောက်ဆို တောင်ပိုင်းဒေသကို ရောက်လောက်ပြီ စိတ်မပူပါနဲ့ သခင်လေးက ကျွန်မတို့ကို ဆန္ဒရှိရင် သူ့ရဲ့ထာဝရကျေးရွာဆီ လာလည်ဖို့ ဖိတ်သွားပါတယ်”
ရှယီတယောက် အနည်းငယ် စဥ်းစားသွားသည်။ သခင်လေးယန်.. ပြီးတော့ တောင်ပိုင်းဒေသရဲ့ ထာဝရကျေးရွာ..။ ထိုစကားစုများကို ရင်းနီးသလိုခံစားနေရသည်ဟု ရှယီခံစားနေရသည် မဟုတ်လား။
အချိန်တော်ကြာသည်အထိ စဥ်းစားပြီးချိန်မှာတော့ ရုတ်ချည်းသဘောပေါက်သွားကာ ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။
“သခင်လေးယန် သခင်လေးယန် အဖေသိပြီ ဟား…ဟား… ကံတရားက ငါတို့ရှမိသားစုဘက်မှာ ရှိနေတာပဲ ကောင်းတယ် ကောင်းတယ် သိပ်ကောင်းတယ်”
ရှချင်းယုံမှာ ဖခင်ဖြစ်သူမည်သည့်အတွက်ကြောင့် ကျယ်လောင်စွာရယ်မောနေသည်ကို မသိချေ။ သို့သော် ဖခင်ဖြစ်သူ၏ ပျော်ရွှင်မြူးထူးနေပုံကြောင့် စိတ်ကျေနပ်စရာ တခုခု ရှိနေမှန်း တွက်ဆမိသည်။
“သွားကြမယ် အဖေတို့ ရက်ပိုင်းအတွင်း တောင်ပိုင်းဒေသကို ခရီးထွက်ကြတာပေါ့”
……………………………………………..