ထာဝရကျေးရွာသို့အပြန်
Vol. 14 Ch. 134
ရက်အနည်းငယ်ထပ်မံ ကုန်ဆုံးသွားသည်။
ယန်ချန်ရဲ့ခရီးရှည်ကို အဆုံးသတ်ရန် ထာဝရကျေးရွာကို တဖြေးဖြေးနီးကပ်လာပြီး ရက်ပေါင်းများစွာ ခရီးရှည်ထွက်ရခြင်းက ယင်ယင့်ကိုအနည်းငယ် ပိန်ပါးသွားစေပြီး သူမလေးက ထာဝရကျေးရွာနဲ့နီးလေ တက်ကြွမှုနည်းလေဖြစ်ကာ အားနည်းသလို ဖြစ်နေသည်။
ထိုအချင်းရာကိုမြင်လျင် ယန်ချန့်စိတ်က ရွာကိုအမြန်ဆုံးပြန်ရောက်ရန် စိတ်စောသွားခဲ့ပြီး လမ်းတလျှောက် တေုအုပ်များစွာ တွေ့ခဲ့သော်လည်း အမဲလိုက်ခြင်းမပြုတော့ပေ။
ဖြစ်နိုင်လျင် ရွာကိုပြန်ရောက်ရန်ကိုသာ ဆန္ဒရှိနေသည်။ ပို၍ထူးခြားတာက ယန်ပိုင်မှာ သွားစဥ်ကဲ့သို့ ရှေ့မှဦးဆောင်မသွားတော့ပဲ ယင်ယင့်နည်းတူ အနည်းငယ်ပင်ပန်းနေသည့်နှယ် ယန်ချန့်အနားကပ်ကာ အချိန်အများစုမှာ ခွေခေါက်နေလေသည်။
ယန်ချန်တယောက် ဝက်ဝံတကောင်နဲ့ ခလေးငယ်တဦး မကျန်းမာမှုကို စိတ်ဖိစီးနေပြီး ရွာသို့ပြန်ရောက်လျင် ကုသပေးရန် ဆုံးဖြတ်လိုက်သည်။
ထျန်းဟွမ်လောက၏ အင်အားစုများအပြောင်းအလဲက ယန်ချန့်ကို သက်ရောက်မှု မရှိပေ။ လမ်း၌ကျင့်ကြံသူများစွာ တွေ့သော်လည်း ဒေသကြီးများ၏ ထူးထူးခြားခြားထုတ်ပြန်မှုက အရင်ကလိုသေမျိုးများပေါ် ဖိနှိပ်အနိုင်ကျင့်ခြင်း မရှိတော့ပေ။
ကျင်းတိုင်းပြည်ဆိုလျှင် ပိုဿအလေးနက်ထားလာခဲ့ပြီး မင်ဝမ်ကလည်း မင်မိသားစုတခုလုံးကိုသာမက မင်တိုင်းပြည်ရှိ အင်အားစုများစွာကို ယန်ချန်အပါအဝင် သူနဲ့နီးစပ်သည့်ဆက်ဆံရေးရှိသူများအား အလေးနက်ထားရန် အပြင်းထန်တိုက်တွန်းခဲ့သည်။
ကျင်းလုံ စုလဲ့တို့က ယန်ချန်ကို သားရဲကပ်ဘေးကြီးမတိုင်ခင် ထျန်းဟွမ်လောက၏ အကာကွယ်တခု ပြုလုပ်စေရန် ဆန္ဒရှိနေပြီး စုလဲ့တယောက် အမှောင်သားရဲသခင်ကြီးကို ကိုင်တွယ်နိုင်သူမှာ ယန်ချန်သာရှိမည်ဟု တွက်ဆထားသည်။
မတူညီတဲ့လောကစည်းမျဥ်းများကြောင့် ထိုသားရဲသခင်ကြီးမှာ ဖိနှိပ်ခံထားရသော်လည်း ကျင့်ကြံဆင့်က သူမတို့ကိုင်တွယ်နိုင်သည်ထက် ကျော်လွန်နေမည်ဟု ထင်သည်။
သူတော်စင်တစ်ပါးက သေမျိုးလမ်းစဥ်အဆုံး၌သာ ရှိသေးပြီး အင်မော်တယ်ဆိုသည်ကတော့ မသေမျိုးလမ်းစဥ်အစ ဖြစ်သည်။ ထိုနှစ်ခုကြားမျဥ်းကြောင်းက ပါးလွှားသည်။ ဒါပေမယ့် ဖြတ်တောက်ကျော်ဖြတ်ရန်လည်း ခက်ခဲသည်။
သူတော်စင်တပါးက သေမျိုးရုပ်ခန္ဓာကို ကျော်လွန်ပြီး မသေမျိုးရုပ်ခန္ဓာကိုပိုင်ဆိုင်ရန် အဆင့်များစွာ ကျော်ဖြတ်ရမည်။ အရင်ဆုံး အင်မော်တယ်ချီစွမ်းအင်များကို ရုပ်ခန္ဓာက လက်ခံနိုင်ရန်လိုပြီး အရိုး အရေပြား သွေးကြောများက ထိုစွမ်းအင်များဖြင့် အပြည့်အဝသန့်စင်ပြီးမှသာ အင်မော်တယ်အဆင့်ကို ရောက်သည်။
ထိုအဆင့်က အင်မော်တယ်များ၌ အောက်ခြေသာ ရှိပါသေးသည်။ အစစ်မှန်အင်မော်တယ် ရွှေအင်မော်တယ်များ အထက်၌ အင်မော်တယ်ဘုရင် အင်မော်တယ်ဧကရာဇ်တို့ ထပ်ရှိပါသေးသည်။
ချီစွမ်းအင်နဲ့ စည်းမျဥ်းများ ပြောင်းလဲမှုက သေမျိုးလောကကို အင်မော်တယ်အဆင့်များနဲ့ ထိတွေ့မိစေသလား။ မဟုတ်ပါ..။ အင်မော်တယ်နဲ့ မူလလောကနှစ်ခုကို ဝါးမြိုပြီးနောက် မူလစွမ်းအင်များက သေမျိုးလက်နက်များစွာကို အလိုလျောက်သန့်စင်ပေးခဲ့ပြီး အင်မော်တယ်စွမ်းအင်များကတော့ ကျင့်ကြံသူများ၏ ရုပ်ခန္ဓာကို ဆက်တိုက် သန့်စင်ပေးနေခဲ့သည်။
မင်ယုရှန်းတို့ ပြန်ရောက်ပြီးနောက် ကျင်းလုံ မင်ယုရှန်းတို့ ဦးဆောင်ပြီး တိုင်းပြည်နှစ်ခုကြား အဆက်ဆံများကပို၍ ခိုင်မာလာသည်။ ကျင့်ကြံရေးအင်အားစုများ စုစည်းခဲ့ပြီး သေမျိုးများ ကျင့်ကြံနိုင်ရန် ပါရမီရှိသူများကို ရွေးထုတ်ပေးသည့် အစီမံများစွာ စတင်ခဲ့ကြသည်။
သေမျိုးအရေတွက်များက ထင်ထားသည်ထက် များပြားနေခဲ့ပြီး ထိုအထဲမှ လူတသိန်းပင် တယောက်မရနိုင်ပေ။ သို့သော် သန်းရာချီတဲ့ သေမျိုးများက နှစ်စဥ်တိုးတက်နေသည်။
ကျင့်ကြံသူများမှာ သားသမီးလိုချင်ပါက အဆင့်နိမ့်ကျင့်ကြံစဥ် လိုအပ်သလောက် ယူထားကြပြီး အတိဒုက္ခအဆင့်မှစ၍ သားသမီးရရန် မဖြစ်နိုင်တော့ပေ။ ထို့ကြောင့် သက်တမ်းရာချီရှိသည့် ၎င်းတို့မှာ မျိုးဆက်ပြဿနာကို စောလျင်စွာ ဖြေရှင်းကြရသည်။
မဟုတ်လျင်မိသားစုအမွေ ဆက်ခံမည့်ကျင့်ကြံသူ မျိုးဆက်ပြတ်လပ်သွားမည်ဖြစ်ပြီး ထိုအချက်က မိသားစုကြီးများ၏ ဦးစားပေးအရေးကိစ္စ ဖြစ်နေခဲ့သည်။
ယန်ချန်ကတော့ ကျင်းလုံ စုလဲ့ မင်ယုရှန်းတို့၏ အစီစဥ်များကို မသိခဲ့ပေ။ ရက်အချို့ကုန်ဆုံးပြီး ထာဝရကျေးရွာကို ပြန်လည်ရောက်ရှိလာခဲ့သည်။ ကျေးရွာက ယခင်ကထက်ပို စည်ကားနေခဲ့ပြီး တေးသံသာဂိုဏ်းမှ တပည့်များစွာ ဝင်ထွက်နေကြသည်။
ထိုတပည့်များက ရွာလုံခြုံရေးကိုတာဝန်ယူထားကြောင်း ယန်ချန်သိရချိန်မှာတော့ အလေးအနက်ကျေးဇူးတင်ရှိလိုက်ပြီး ယန်ချန်ပြန်ရောက်လာသည့်သတင်းက မင်ယုရှန်း ကျင်းလုံတို့ဆီ အလျင်မြန် ရောက်ရှိသွားတော့သည်။
“သခင်လေးယန် ပြန်လာတာလား”
ကျင်းလုံက ယန်ချန်နဲ့ချက်ချင်းတွေ့ရန် ပြင်နေသည်ကိုမြင်လျင် မင်ယုရှန်းက တားဆီးလိုက်သည်။
“မသွားနဲ့ဦး သခင်လေးအနားယူပါစေ ပြီးတော့ သတင်းပို့တဲ့အထဲမှာ ယင်ယင်လေးနဲ့ ယန်ပိုင်တို့နေမကောင်းဖြစ်နေတယ်လို့ ပါတယ် သူတို့ကိုကုသပေးရဦးမှာဆိုတော့ ရက်နည်းနည်းကြာမှ သွားတွေ့လည်းအဆင်ပြေတယ်”
မင်ယုရှန်းစကားကြောင့် ကျင်းလုံလည်းအသိဝင်ကာ ပြန်ထိုင်ချလိုက်သည်။ ကျင်းလုံက ကျင်းတိုင်းပြည်အပြောင်းလဲများကို ယန်ချန်နဲ့ တိုင်ပင်လိုနေခြင်း ဖြစ်သည်။
ထိုအချိန် ခြံဝန်းထဲရှိ အိမ်ထဲမှာတော့ ယန်ချန်က ယင်ယင့်ကိုကုသပေးနေသည်။ သူမလေးက ကျန်းမာတဲ့အသွင်ပြင်ကို ပြသထားသော်လည်း ငယ်ရွယ်သည့် ကလေးတဦးအတွက် ရက်ပေါင်းများစွာ ခရီးထွက်ခြင်းက ပင်ပန်းစေခဲ့သည်။
“ဒီ ဆေးရည်ကို တညတကြိမ်တိုက်ပြီးမှ အိပ်ခိုင်းလိုက်ပါ အစ်မရှု ယင်ယင်က ခရီးပန်းနေရုံပဲ သိပ်တော့စိတ်မပူပါနဲ့”
ယန်ချန်က ယင်ယင့်ကျန်းမာရေးကို အလေးနက်စစ်ဆေးပြီးနောက် ဆေးရည်တမျိုးဖော်စပ်ကာ ရှုယင်လက်ထဲအပ်လိုက်သည်။ ပြီးနောက် ခြံဝန်းထဲရောက်သည်နှင့် အခြားသူများကို ဆရာလုပ်နေတတ်သည့် ယန်ပိုင်ရဲ့ အခြေနေကို ကြည့်ရန်ယန်ပိုင်နေသည့် နေရာအား ထွက်သွားတော့သည်။
ရှုယင်တယောက် ထွက်ခွာသွားသည့် ယန်ချန့်နောက်ကျောပြင်ကို ကြည့်၍သက်ပြင်းချလိုက်မိသည်။ ထိုလူငယ်က ထူးခြားပြီးမြင့်မြတ်တဲ့ပုဂ္ဂိုလ်မှန်း သူမတစတစ မြင်လာခဲ့ပြီးနောက် သူမခံစားချက်များက သိမ်မွေ့လာသည်။
သူမဆန္ဒက ထိုလူငယ်အနားရှိနေရုံသာ ဖြစ်ပြီး သူမသေဆုံးချိန်ထိ အဖော်ပြုနေပေးရန် မျှော်လင့်မိသည်။ သမီးလေးအတွက်ကတော့ ယန်ချန်ရှိနေသမျှ မျက်နှာငယ်ရမှာ မဟုတ်ပေ။ ယင်ယင်ဆန္ဒရှိလျင် ကျင်းတိုင်းပြည်၏ ဧကရာဇ်သရဖူကိုတောင် ရနိုင်သည်မဟုတ်လား။
ထိုအရာက ပိုပြောခြင်းမဟုတ်။ ကျင်းလုံ စုလဲ့ မင်ယုရှန်းတို့သာမက အခြားအင်အားစုများစွာ ယန်ချန်မရှိချိန် လာရောက်လည်ပတ်ကြပြီး သိတတ်နားလည်စွာ ပြုမူကြသည်ကို ကျန်းရင်ရင်မှတဆင့် သူမ သိထားခဲ့လေပြီ။
ထိုကျင့်ကြံသူများမှာ ယန်ချန့်ကိုလေးစားကြပြီး ယန်ချန့်အကူညီက ကျင့်ကြံရေးအင်အားစုများကို ပြောင်းပြန်လှန်လိုက်သည့်နှယ် ပြောင်းလဲသွားစေသည် မဟုတ်လား။
သူမက သမီးဖြစ်သူကို ချော့မော့၍ ဆေးရည်အားတိုက်ကျွေးကာ အိပ်စေသည်။ ထို့နောက် ခြံဝန်းထဲမှ အသီးရွက်အနည်းငယ်ကို ခူးဆွတ်ရန် ခြင်းတောင်းတခု ယူဆောင်ကာ ထွက်လာခဲ့တော့သည်။
………………………………………………