ယန်ပိုင်ရဲ့ အပြောင်းအလဲ
Vol. 14 Ch. 135
ယန်ချန်က ရက်အနည်းငယ်ကြာသည်အထိ ယန်ပိုင်နဲ့ ယင်ယင့်ကိုစစ်ဆေးကုသပေးခဲ့ပြီး ရက်အချို့ကြာမြင့်ပြီးချိန်မှာတော့ မင်ယုရှန်းတို့ ရောက်ရှိလာခဲ့သည်။
“တေွ့ရတာဝမ်းသာပါတယ် သခင်လေးယန်”
မင်ဝမ်က စောလျင်စွာနှုတ်ဆက်လာသည်။ ယန်ချန်က အသိမှတ်ပြုဟန် ခေါင်းညိတ်ပြလိုက်ပြီးနောက် တုန့်ပြန်သည်။
“ အဘိုးဝမ်တို့ ခရီးကပြန်လာတာ စောသားပဲ အဆင်ပြေခဲ့ရဲ့လား”
ယန်ချန့်အမေးကို မင်ယုရှန်းက ဝင်ဖြေသည်။
“အစစအရာရာ အဆင်ပြေခဲ့ပါတယ် ပြီးတော့ သခင်လေးအလိုရှိနေတဲ့ နတ်သမီးသစ်ပင်ငယ်ကိုလည်း ကျွန်မတို့ရခဲ့တယ်”
ယန်ချန်တယောက် စိတ်လှုပ်ရှားသွားသည်။ ထိုသစ်ပင်က ကျင့်ကြံရေးလောကတွင်ပင် ရှားပါးသည်ကို မင်ယုရှန်းတို့က ရခဲ့သည်တဲ့လား။
“ဟုတ်လား ဘယ်မှာလဲ ယုရှန်း”
ယန်ချန့်အမေးကိုကြားလျင် စုလဲ့က သိတတ်စွာဖြင့် ခြံဝန်းထဲထွက်သွားခဲ့ပြီး အချိန်ခဏအကြာမှာတော့ နတ်သမီးသစ်ပင်ငယ်နဲ့အတူ ပြန်ရောက်လာခဲ့သည်။
ယန်ချန်တယောက် ယင်ယင်နဲ့ယန်ပိုင်တို့၏ ကျန်းမာရေးကိုစိုးရိမ်နေခဲ့ပြီး ထိုအတွက်ကြောင့် နတ်သမီးသစ်ပင်ငယ် ခြံဝန်းထဲရှိနေသည်ကို သတိမပြုမိခဲ့ချေ။
နတ်သမီးသစ်ပင်ငယ်က စားပွဲပေါ်၌ လှုပ်ယမ်းနေပြီး ယန်ချန်ရဲ့ လက်အစုံထိတွေ့လိုက်ချိန်မှာတော့ သစ်ပင်ငယ်မှ ထူးခြားသည့် သစ်ရွက်များထွက်ပေါ်လာသည်။
ထိုသစ်ရွက်များက ကျောက်စိမ်းပြားလေးများနှယ် တောက်ပနေပြီး ပိုးသားကဲ့သို့နူးညံ့ချောမွေ့သည့် အထိတွေ့ကိုပေးစွမ်းလေသည်။
“ကျင့်ကြံရေးလောကကြီးကတော့ သစ်ပင်ကအစ ထူးခြားလိုက်တာ”
တီးတိုးရေရွတ်ရင်း ကခုန်နေသည့်နှယ် လှုပ်ရှားနေသည့် နတ်သမီးသစ်ပင်ငယ်၏ သစ်ရွက်များကို ပွတ်သပ်နေသည်။ မင်ယုရှန်းတို့ကမူ နတ်သမီးသစ်ပင်ငယ်၏ စိတ်လှုပ်ရှားမှုကို ခံစားနေလေသည်။
“အရွက်တွေက အရမ်းရှားတယ် မှတ်တမ်းထဲမှာ နတ်သမီးသစ်ပင်ကနေ ဒါမျိုးကျောက်စိမ်းနဲ့ တူတဲ့အရွက်တွေပေါ်လာရင် အရွယ်ရောက်ပြီလို့ သက်မှတ်တယ် သူ့ရဲ့အစွမ်းက ရုပ်ခန္ဓာကိုအားဖြည့်စေပြီး ရုပ်ပိုင်းဆိုင်ရာ သက်တမ်းကိုထိန်းညှိပေးတာပဲ”
ယန်ချန်တယောက် ထိုသို့ရှင်းပြနေစဥ်မှာပဲ ကျောက်စိမ်းအရွက်များကြားမှ ငွေရောင်တောက်တောက် အဖူးငယ်များ ထပ်မံထွက်ပေါ်လာပြန်သည်။
“အို.. အဖူးတွေပါ ထွက်နေတာလား ဒီအပင်ရဲ့တန်ဖိုးက ဆေးလောကမှာ တကယ့်ကိုထိပ်တန်းဖြစ်သွားပြီ အဘိုးဝမ်တို့ကို လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်”
ယန်ချန်က စိတ်ကျေနပ်စွာဖြင့် အဖူးများကိုစစ်ဆေးပြီးနောက် ခြံဝန်းထဲပြန်ပို့စေသည်။
“သခင်လေးယန် ကျေနပ်မယ်ဆို ရပါပြီ ဒါနဲ့ ယင်ယင်လေးတို့ သက်သာရဲ့လား”
ထိုမေးခွန်းက ယန်ချန့်ဆေးပညာကို သိထားသူအတွက် မလိုအပ်သည့်မေးခွန်းတစ်ခု ဖြစ်သော်လည်း လိုအပ်ချက်အရ စကားစရန်မေးသည့် သဘောဖြစ်သည်။
“သက်သာပါတယ် ယင်ယင်က ခရီးပန်းတာပါ ယန်ပိုင်ကတော့ သူ့ခန္ဓာကိုယ်ကထူးခြားနေတယ် အတွင်းထဲမှာ ပြောင်းလဲမှုတစုံတရာ စတင်နေတယ်လို့ ကျတော်ခံစားနေရတယ် မကြာခင်မှာ ကျင့်ကြံနိုင်တဲ့ ဝက်ဝံတကောင် ဖြစ်သွားမလားပဲ”
ယန်ချန့်စကားကြားလျင် မင်ယုရှန်းတို့မှာ မှင်သက်သွားသည်။ တလျှောက်လုံး ယန်ပိုင်ခမျာ သာမန်ဝက်ဝံလေးနယ် လျှို့ဝှက်နေခဲ့သည်လား။ ယခုအပြောင်းလဲက ယန်ပိုင့်ကို မည်မျှထိတိုးတက်သွားစေမည်နည်း။
“သခင်လေးယန် မကြာခင်မှာ ဒေသကြီး၅ခု စုစည်းပြီး ပြိုင်ပွဲကြီးတခု ကျင်းပဖို့ရှိတယ် သခင်လေးယန် အမြင်ပြောပါဦး”
ကျင်းလုံက မေးခွန်းထုတ်သည်။ ယန်ချန်က
“ပြိုင်ပွဲလား ဒါကခဗျားတို့ကျင့်ကြံသူတွေရဲ့ အရေးကိစ္စမဟုတ်လား ကျတော်ဘယ်လိုကူညီပေးဖို့ လိုအပ်မလဲ”
ယန်ချန့်စကားကိုကြားလျင် မင်ယုရှန်းက ဝင်ပြောသည်။
“အစီစဥ်ကတော့ ဒီလိုပါ ကျွန်မတို့ကျင့်ကြံရေးလောက အပြောင်းလဲက ကောင်းတဲ့ဖက်များပေမယ့် ဒီလိုအဖြစ်ပျက်က မထင်မှတ်ထားတဲ့ ဆိုးကျိုးတွေကို သယ်ဆောင်လာနိုင်ပါတယ် ဒါကြောင့် ကျွန်မတို့အင်အားတွေကို အမြန်ဆုံး မြင့်တင့်ချင်ကြတာပါ”
မင်ယုရှန်းစကားဆုံးလျင် ယန်ချန်အနည်းငယ် စဥ်းစားသွားသည်။ သူ့အကူညီများက ဆေးဝါးများ လက်နက်များ အစီရင်များသာဖြစ်ပြီး ထိုအရာများက အမှန်တကယ် အသုံးဝင်မည်ဆိုလျှင် ကူညီရသည်က အပန်းမကြီးချေ။
“အင်း.. ပြိုင်ပွဲက ကြာဦးမယ်မဟုတ်လား နီးမှ ထပ်ပြောကြတာပေါ့”
ထိုသို့ပြောပြီးနောက် ကျင်းလုံ မင်ယုရှန်းတို့က သေမျိုးလောက ပြုပြင်ပြောင်းလဲရေးကိစ္စရပ်များစွာကို ဆွေးနွေးကြသည်။ ထိုအထဲ၌ ပညာရေး ကျန်းမာရေးနဲ့ စီးပွားရေးအတွက် အခွန်အခများပါဝင်ပြီး ပညာရေးအတွက် ယန်ချန်က သင်္ချာ ရူပဗေဒနဲ့ သမိုင်းဘာသာရပ် သုံးခုကို အခြေခံထည့်သွင်းရန် အကြံပြုခဲ့သည်။
ကျန်းမာရေးအတွက်ကိုတော့ ဆေးဝါးလမ်းညွန်များ ထုတ်ဝေပြီး နေရာအနှံ့ အခမဲ့ကုသေးရေးခန်းမများ တည်ဆောက်စေသည်။ ဆေးပညာရပ်ကိုလည်း သီးသန့်သင်ကြားရေး ကျောင်းဆောင်များ ဆောက်လုပ်စေကာ တတ်သိနားလည်သည့် ဆေးဆရာများစွာကို ခေါ်ယူစေသည်။
သေမျိုးစီးပွားရေးအတွက်ကိုတော့ တိုင်းပြည်၏ ခေါင်းဆောင်များက တသီးပုဂ္ဂလ လုပ်ငန်းအသေး အလတ် အကြီး အစားစားကို ကူညီစေပြီး ပြင်ပကုန်သွယ်ရေး လမ်းကြောင်းများ ပြုလုပ်စေသည်။ သေမျိုးများ၏ သက်တမ်းကတိုတောင်းပြီး ထိုကာလတိုတိုလေး၌ ဘေးအန္တရာယ်မရှိစေရန် ကာကွယ်ပေးခြင်းက တိုင်းပြည်ဥသျှောင်အပေါ် အလေးထားခြင်း တိုးပွားစေမည်မဟုတ်လား။
ထိုအချက်က သူတော်စင်တစ်ပါးဖြစ်နေသည့် မင်ယုရှန်းကို ဉာဏ်အလင်းပွင့်စေခဲ့သည်။ သူမက ဧကရီတပါး မဟုတ်တော့သော်လည်း မင်တိုင်းပြည်၏ အာဏာအရပ်ရပ်က မင်မိသားစုလက်ထဲ ရှိနေသရွေ့ သူမလည်း မကင်းကွာနိုင်သေးချေ။
“စိတ်ချပါသခင်လေး ကျုပ်တို့အလေးနက် ဆောင်ရွက်လိုက်ပါ့မယ်”
ယန်ချန့်ဆီမှ နည်းလမ်းများစွာ သိမြင်ပြီးနောက် ကျင်းလုံလည်း စိတ်ကျေနပ်စွာ ကတိပေးလိုက်သည်။ ထိုအချိန် ခြံဝန်းဘက်မှ ကျယ်လောင်တဲ့ ဟိန်းဟောက်သံတခု ထွက်ပေါ်လာပြီး ထိုအသံက ပြင်းထန်တဲ့ဖိအားကိုပါ သယ်ဆောင်လာကာ ထိုဖိအားက ယန်ချန်ရှိနေသည့် စကားဝိုင်းနာရောက်ချိန်မှာတော့ အလိုလျောက် ပျက်ပြယ်သွားတော့သည်။
“သူတော်စင်သားရဲလား..”
မင်ဝမ်တို့အကြည့်က လေးနက်သွားသည်။ သူတော်စင်သားရဲ အရှိန်ဝါနဲ့အတူ နတ်ဆိုးအရှိန်ဝါကိုပါ ပူးတွဲခံစားလိုက်ရပြီး ထိုဖိအားက မင်ယုရှန်းကိုပင် မသက်မသာ ခံစားရစေသည်။
“ဟမ်.. ဒီကောင်ဘာလို့ထအော်နေတာလဲ”
ယန်ချန်တယောက် မျက်မှောက်ကြုတ်ကာ တီးတိုးပြောလိုက်သည်။ ပြီးနောက် ယန်ပိုင့်ကိုစစ်ဆေးရန် ခြံဝန်းဆီ ထွက်ခွာသွားပြီး မင်ဝမ်တို့ကလည်း အနောက်မှ တိတ်တဆိတ် လိုက်ပါသွားကြသည်။
………………………………………………