သူတော်စင်သားရဲ ယန်ပိုင်
Vol. 14 Ch. 136
ယန်ချန်ရောက်သွားချိန်မှာတော့ ရှုယင်က ယန်ပိုင်ကိုစိုးရိမ်နေသည့်အကြည့်ဖြင့် ကြည့်နေခဲ့ပြီး တောဝက်အိုကြီးနဲ့ အခြားကောင်များကတော့ ထိတ်လန့်စွာ ရှိနေကြသည်။
ယန်ပိုင်ရဲ့ဖိအားက လူသားကျင့်ကြံသူ သူတော်စင်အဆင့်နဲ့တူညီပြီး ကြမ်းတမ်းတဲ့ ခွန်အားကိုပိုင်ဆိုင်ထားသည့် သားရဲဖြစ်၍ အရှိန်ဝါက မင်ယုရှန်းကိုပင် ယှဥ်နိုင်သည်။
ယန်ချန်က ကျယ်လောင်စွာဟိန်းဟောက်နေသည့် ယန်ပိုင်ကိုတချက်ကြည့်လိုက်သည်။ ၅မီတာမျှ ကြီးထွားနေသည့် ခန္ဓာကိုယ်ကြီးပေါ်၌ သွေးစီးကြောင်းများကဲ့သို့ အနီရောင်စီးကြောင်းများ ရစ်သိုင်းထားပြီး လက်သည်းခြေသည်းများမှာ ရှည်လျားထက်မြိနေသည်။
ပါးစပ်ထဲမှ အစွယ်တချောင်းစီက သာမန်လူတယောက်ကို တကိုက်သာကိုက်ရန် လိုအပ်သည်အထိ ကြီးမားနေစေပြီး မျက်နှာအမူအရာက ကြမ်းတမ်းခက်ထန်မှု အပြည့်ဖြစ်သည်။
“အကောင်ကြီးသွားတာနဲ့ ပုံစံပါပြောင်းသွားတာလား”
ယန်ချန်က အံ့သြမှင်သက်နေဟန်ဖြင့် ကြည့်ရင်း တီးတိုးရေရွတ်လိုက်သည်။ မင်ယုရှန်းတို့သည်လည်း မှင်သက်နေကြပြီး ထိုအပြောင်းလဲက အလွန်ကြီးမားသည်ကို အလိုလိုခံစားမိနေသည်။
ယန်ချန်နဲ့အတူဆိုလျှင် သာမန်ဝက်ဝံလေးက နတ်ဆိုးသွေးနှော သူတော်စင်သားရဲထိ ဖြစ်နိုင်ပြီး ထိုထက်ပိုမြင့်တဲ့ အင်မော်တယ်သားရဲပင် ဖြစ်နိုင်သေးသည်။
ယန်ချန်က ဟိန်းဟောက်နေသည့် ယန်ပိုင်ကိုညင်သာစွာ ပွတ်သပ်လိုက်သည်။ ထိုအကောင်ရဲ့ ခမ်းနားမှုက သူ့ကိုစိတ်ကျေနပ်စေပြီး ကျင့်ကြံနိုင်တဲ့သားရဲတကောင် ရထားခြင်းက သူ့စိတ်ကိုလည်း အနည်းငယ်လုံခြုံမှုပေးနိုင်လေသည်။
“တော်တယ်ကောင်လေး စိတ်ကိုထိန်းချုပ်လိုက်တော့ အင်း..ငါတော့မင်းဆီကနေ စားစရိတ်တောင်းခံရမလာ စဥ်းစားနေပြီ အဟက်”
ယန်ချန်က နောက်ပိုင်းယန်ပိုင်ရဲ့ စားနှုန်းတိုးမြင့်လာမည်ကို တွက်ဆမိပြီး အနည်းငယ် ဟာသနှော၍ ပြောလိုက်သည်။ ယန်ချန့်အသံကိုကြားလျင် မူလက မျက်လုံးအစုံနီရဲကာ ကျယ်လောင်စွာ ဟိန်းဟောက်နေသည့် ယန်ပိုင်က တည်ငြိမ်သွားသည်။
ပြင်းထန်တဲ့ အရှိန်ဝါကိုလည်း သိတတ်စွာထိန်းချုပ်လိုက်ပြီး ခန္ဓာကိုယ်က တမီတာခန့်ရောက်သည်အထိ သေးငယ်သွားကာ ချစ်စဖွယ်အိမ်မွေးဝက်ဝံလေးတကောင် ပြန်ပြောင်းသွားသည်။
“ကောင်းကောင်းနားလိုက်ဦး မင်းအတွက်ဆေးဝါးအချို့ ခဏနေလာပို့ပေးမယ်”
ယန်ပိုင် ယန်ချန့်ခြေထောက်အစုံကို ပွေ့ဖက်ထားပြီး သိတတ်နားလည်ဟန်ဖြင့် ခေါင်းညိတ်ပြသည်။ ဆင့်ကဲတိုးတက်မှုက ယန်ပိုင့်ဉာဏ်ရည်ကို ပြောင်းလဲသွစေသည်ဟု သူထင်သည်။
တခဏကြာ စကားပြောဆိုပြီးနောက် မင်ဝမ်တို့နဲ့အတူ ပြန်လည်ထွက်လာခဲ့ကာ မင်ဝမ်တို့က ယန်ချန့်ကိုနှုတ်ဆက်၍ ပြန်သွားချိန်မှာတော့ ယန်ချန်တယောက် ဆေးဝါးအချို့ ဖော်စပ်ရတော့သည်။ ကံကောင်းတာက ခရီးစဥ်မှ ရှားပါးဆေးပင်များစွာ ရရှိခဲ့ပြီး နတ်သမီးသစ်ပင်ဆီမှ အဖူးအနည်းငယ်ကို ယူဆောင်လိုက်သည်။
ရှုယင်နဲ့သူကိုယ်တိုင်မှာ သေမျိုးများဖြစ်ပြီး ရုပ်ရည်အသွင်ပြင်ကို မထိန်းထားနိုင်ပါက နှစ်အနည်းငယ်တွင်း ရင့်ရော်သွားပေလိမ့်မည်။ ထိုအချက်က သူ့အတွက်မဆန်းသော်လည်း အမျိုးသမီးဖြစ်သည့် ရှုယင်အတွက်တော့ ထိုးနှက်ချက်ကြီးဖြစ်ကာ ဆေးပညာကျွမ်းကျင်သည့် သူကိုယ်တိုင်ဆေးဖော်စပ်ကာ ထိုပြဿနာကိုဖြေရှင်းရမည်ဟု ဆုံးဖြတ်ထားသည်။
အချိန်ကတရွေ့ရွေ့ ကုန်ဆုံးသွားပြီ ညစာစားချိန်ရောက်သည်အထိ ယန်ချန်တယောက် ဆေးဖော်စပ်ခန်းမှ ထွက်မလာခဲ့ချေ။ ထိုဆေးက ရိုးရှင်းသည်ဟု ထင်ရသော်လည်း ဖော်စပ်ရအချိန်ကြာလွန်းပြီး အမှားမခံတဲ့နည်းလမ်းများကြောင့် ယန်ချန်ပင် အလေးနက်ထားနေရသည်။
နောက်ထပ်နာရီအနည်းငယ် ကုန်ဆုံးပြီးနောက် ဆေးဖော်စပ်၍ ပြီးသွားခဲ့သည်။ ယန်ပိုင်အတွက် ဆေးရည်ကိုတော့ ရှုယင်ကိုပေးပို့စေပြီး ကျန်ဆေးရည်ကို ချက်ချင်းမလိုအပ်သေးဟု တွေးမိကာ သိမ်းဆည်းထားရန် ဆုံးဖြတ်လိုက်သည်။
ခြံဝန်းထဲမှာတော့ ယန်ပိုင်က တောဝက်အိုကြီးနဲ့ မြေခွေးမလေးများကို သင်ကြားပေးနေခဲ့ပြီး ၎င်းရဲ့အပြောင်းလဲကို ကြွားဝါးနေသည်။ ရှုယင်မှ ဆေးရည်ပေးပို့ပြီး ပြန်သွားချိန် ယန်ပိုင်လည်း ထိုဆေးရည်ကိုအသုံးပြု၍ ပို၍မြင့်မားတဲ့ခွန်အားမျိုး ရရန်ဆုံးဖြတ်လိုက်တော့သည်။
ထိုစဥ် အခြားဒေသများမှာတော့ ရှောင်ချီ အနောက်ပိုင်းသူတော်စင် အရှေ့ပိုင်းသူတော်စင်တို့မှာ မင်ယုရှန်း၏ဆက်သွယ်မှုမှတဆင့် ထျန်းဟွမ်တလောကလုံး ပါဝင်သည့်ပြိုင်ပွဲကြီးအကြောင်း ဆွေးနွေးနေခဲ့သည်။ ထိုပြိုင်ပွဲက ယန်ချန်ကိုယ်တိုင် ပါဝင်၍ ဆုလာဘ်များပေးနိုင်သည်ကို တွက်ဆမိပြီး စိတ်လှုပ်ရှားနေကြသည်။
မြောက်ပိုင်းဒေသမှာတော့ ရှမိသားစုရှယီဦးဆောင်တဲ့တဖွဲ့က ရီချန်နဲ့အတူ တောင်ပိုင်းဒေသဆီ ခရီးရှည်တခု ထွက်ခွာလာကြသည်။ ရှယီအတွက်စိတ်ကျေနပ်စရာ ဖြစ်စေသည့်အချက်က သမီးဖြစ်သူနဲ့ ထိုပုဂ္ဂိုလ်ကြား ရင်းနီးတဲ့ဆက်ဆံရေးဖြစ်ပြီး အခြားသူတော်စင်များထက် ခြေတလှမ်းသာနေပြီဟု ယူဆနိုင်သည်။
ရှယီတယောက် ခရ်ီးစဥ်တလျှောက် စိတ်ကျေနပ်စွာပြုံးနေခဲ့ပြီး ခရီးစဥ်ကို အခြားသူတော်စင်များပင် အသိမပေးခဲ့ပေ။ တိတ်တဆိတ်ထွက်ခွာ လာခြင်း ဖြစ်သည်။
……………………………………………