ရှေးဦးတောကျွဲအသားမှ စွမ်းအင်
Vol. 14 Ch. 132
ယန်ချန်က အသားဟင်းတမျိုးကို ဖြေးညင်းစွာ အရသာခံကြည့်သည်။
လက်ရာက ရှုယင်ကိုပင် မမီသော်လည်း ထိုမျှကတော့ သာမန်စားဖိုမှူးများကြား ထိပ်တန်းအရည်သွေးဟု သက်မှတ်၍ ရပေသည်။ တောကျွဲအသားမှာ မာသည့်ဘက်များ၍ ချက်ပြုတ်ရာ၌ အပူရှိန်ပြင်းပြင်းဖြင့် အချိန်ပိုယူကာ ချက်ပြုတ်ရလေ့ရှိသည်။
ထို့အပြင် အသားများကိုသာမက နံရိုးနဲ့ ခြေလက်အရိုးများပါမချန် ချက်ပြုတ်ထားခြင်းဖြစ်ပြီး ထိုအရိုးများက အတွင်းဘက်၌ အဆီဓာတ်များပြည့်ဝစွာ ပါဝင်သည်။
ထိုအသား၏ မာကြောမှုကို ဘေးဖယ်ထားမည်ဆိုလျှင် အရသာကတော့ အမဲသားများနဲ့ မခြားဟုယန်ချန်ထင်မိသည်။
ကျန်းဝမ်လီ ယန်ပိုင် ရှချင်းယုံနဲ့ရီချန်တို့က အသားတဖက်စီအား စားကြည့်လိုက်သည်။ ထူထဲသည့် စွမ်းအင်က အသားကိုကိုက်ဝါးရာမှတဆင့် လည်ချောင်းမှနေ၍ ဝမ်းဗိုက်ထဲထိ ထိုးဆင်းသွားကာ အစာခြေလမ်းကြောင်းတလျှောက် စွမ်းအင်များ ပြည့်လျှံသွားစေသည်။ ထို့အပြင် စွမ်းအင်စီးကြောင်းများစွာက အသားတဖက်နဲ့ပင်မလိုက်အောင် များပြားလွန်းနေပြီး ရှချင်းယုံသာမက ယန်ပိုင်ပါ ခန္ဓာကိုယ်ခပ်မတ်မတ်ဖြစ်သွားတော့သည်။
“ပြင်းလိုက်တဲ့စွမ်းအားတွေပဲ ရုပ်ခန္ဓာကျင့်ကြံသူတွေအတွက် အတော်အသုံးဝင်မှာ သေချာတယ်”
ကျန်းဝမ်လီက တီးတိုးရေရွတ်ရင်း အသားတဖက်မှ စွမ်းအင်ကို အပြင်းထန်ချေဖျက်နေရသည်။ သူ့နည်းတူပင် ရီချန် ရှချင်းယုံ တို့သည်လည်း ပြင်းထန်တဲ့ စွမ်းအင်ကို ချေဖျက်ရန် ခက်ခဲနေပြီး ယန်ပိုင်တယောက်သာ သက်တောင့်သက်သာ ပြန်ဖြစ်သွားသည်။
ရှချင်းယုံက ထိုအသား၏အစွမ်းကို သိထားသော်လည်း လက်တွေ့ကမူ မတူချေ။ ထိုမျှပြင်းထန်တဲ့ စွမ်းအင်ဆိုလျှင် သူတော်စင်များသာ ချေဖျက်ရန် လွယ်ကူမည်ဟု သူမထင်သည်။ သို့သော် ယန်ပိုင်ကိုကြည့်လိုက်ချိန်မှာတော့ ဆွံ့အသွားခဲ့ရပြီး တဖန် ယင်ယင် ရှုယင်တို့ကို မြင်လိုက်ရခြင်းက သူမကို အတန်ကြာသည်အထိ မှင်သက်သွားစေသည်။
“အရသာအဆင်မပြေလို့လား ရှမိန်းကလေး”
ယန်ချန်က အသားဟင်းရည်ထဲမှ ဟင်းရည်အနည်းငယ်ကို ခပ်သောက်ရင်း ရှချင်းယုံကို လှမ်းမေးသည်။
“မဟုတ် မဟုတ်ပါဘူး အရသာအဆင်ပြေပါတယ်”
သူမက အနည်းငယ်သာ ထိတ်လန့်သွားသည်ဟု ပြောလျင် လိမ်ရာကျမည်ဖြစ်ပြီး သေမျိုးများဟု အထင်မှားစရာဖြစိနေသည့် ယန်ချန်က အသားများစွာကို ဆက်တိုက်စားသောက်နေသည်မှာ သာမန်အသားဟင်းလျာအား စားနေသည်နဲ့ပင် တူသည်။
ထိုသူအတွက် ရှေးဦးတောကျွဲအသားကို သာမန်တောကျွဲအသားနဲ့များ ထင်မှတ်မှားနေလားမသိ။ ဖြစ်နိုင်သည်မှာ ယန်ချန်က သူတော်စင်အဆင့်ဖြစ်နိုင်ပြီး ထိုထက်ပိုသည်ဟု ဆိုလျှင်လည်း သူမ မငြင်းချင်တော့။
မူလက သာမန်သေမျိုးများနဲ့ ဆက်ဆံရေးက သူမအလိုရှိသည့် တောကျွဲကြောင့် ယေဘုယျဆန်ဆန် ဖြစ်ပျက်သွားမည်ဟု ယူဆထားခဲ့ပြီး လက်တွေ့ဆုံချိန်၌ သူမ၏အသိစိတ်က ယန်ချန်မှာ မရိုးရှင်းဟု ဆက်တိုက်အသိပေးနေခဲ့သည်။
သွင်ပြင်အရဖြစ်စေ လှုပ်ရှားမှုဟန်ပန်အရ ဖြစ်စေ ယန်ချန်ကိုသူမခန့်မှန်းရန် ခက်ခဲနေပြီး မဟာယာနအဆင့်နဲ့နီးကပ်နေသည့် ကျင့်ကြံသူတဦး သားရဲအရှင်အဆင့် အိမ်မွေးတိရိစ္ဆာန်တကောင် ထိုအရာတို့နဲ့အတူ ခရီးရှည်ထွက်လာရဲသည့် သေမျိုးဆိုတာ ရှိမည်လား။
စားသောက်နေရင်း ရီချန်က တန်ရှားမြို့အကြောင်း ပြည့်ပြည့်စုံစုံ ရှင်းပြနေပြီး တန်ရှားမြို့၏ ထင်ရှားတဲ့ ရေကန်ကျယ်ကြီးအကြောင်းလည်း ပါဝင်သည်။ ယန်ချန်ကလည်း တောင်ပိုင်းမှတဆင့် ခရီးရှည်တခုအကြောင်း ပြန်လည်ပြောပြခဲ့သည်။
ထိုခရီးက ဒေသန္တရ အလည်ပတ်တခုသာဖြစ်ပြီး မတူညီတဲ့ဓလေ့ ယဥ်ကျေးမှုများကို လေ့လာရန်သာဖြစ်သည်ဟု ကြားလျင် ရှချင်းယုံတယောက် မှင်သက်သွားသည်။ ထျန်းဟွမ်လောကကြီးက သားရဲကပ်ဘေးကြောင့်ဖြစ်စေ ကျင့်ကြံသူများ၏ ရက်စက်မှုကြောင့်ဖြစ်စေ သေမျိုးများ အပျော်ခရီးထွက်ခြင်းက ရှားပါးသည်။
သာမန်ကျင့်ကြံသူများပင် တောင်မှ မြောက်သို့ ခရီးရှည်ထွက်ရဲမည်ဟု သူမမထင်ချေ။ ယန်ချန်က ရှချင်းယုံနဲ့ ရီချန်တို့ကို တချက်ကြည့်ကာ သိုလှောင်လက်စွပ်ထဲမှ ဆေးလုံးအချို့ ထုတ်ယူလိုက်သည်။
ရီချန်က တာဝန်ခွဝန်ထမ်းဖြစ်သော်လည်း ဆက်ဆံရေးမှာ ကောင်းမွန်ပြီး မိမိတို့ကိုလည်း ဖော်ရွေစွာ ပြုမူခြင်းက ယန်ချန်ကိုစိတ်ကျေနပ်စေသည်။ ရှချင်းယုံကမူ မြို့တော်၏ထိပ်တန်းအင်အားစုမှ ပါရမီရှင်ကျင့်ကြံသူ ဖြစ်သော်လည်း မောက်မာခြင်းမရှိပဲ အိမ်ရှင်ကဲ့သို့ ဧည့်ဝတ်ကျေမှုက ယန်ချန့်ကို အမြင်ကောင်းရစေသည် မဟုတ်လား။
ရီချန်နဲ့ ရှချင်းယုံတို့ကမူ ယန်ချန့်အတွေးကို သတိမပြုမိချေ။ ကျန်းဝမ်လီနဲ့အတူ အသားမှစွမ်းအင် ထပ်မံချေဖျက်ရန် ခက်ခဲသွားသည့်အတွက် သာမတ်အရွက်များကိုသာ ပြောင်း၍စားသောက်နေလေသည်။ လက်ရှိသူတို့ရထားသည့် စွမ်းအင်ကိုဖိသိပ်ရန် အချိန်တချို့ ယူရပေဦးမည်။
ယန်ချန်က ဆေးလုံးအချို့ ထုတ်ယူ၍ ရှချင်းယုံထံ ကမ်းပေးလိုက်သည်။
“တမျိုးတော့မထင်နဲ့နော် မိန်းကလေးရှ ဒါက ခန္ဓာကိုယ် ကြံခိုင်စေတဲ့ ဆေးဝါးအချို့ပါ အဆစ်အမြစ်တွေကို မူလထက်အနည်းဆုံး ၅ဆထိ သန်မာစေတယ်”
ရီချန်နဲ့ ရှချင်းယုံတို့မှာ ရုတ်ချည်း ဆေးလုံးများကမ်းပေးလာသည့် ယန်ချန့်ကို မှင်သက်စွာကြည့်နေခဲ့ပြီး ဆေးလုံးများကို မြင်ချိန်မှာတော့ တုန်ယင်သွားကြသည်။
ဘယ်အဆင့်လဲ…။ ဒါ.ဒါက ဘယ်လိုဆေးလုံးလဲ။
ထိုအတွေးက ရှချင်းယုံကိုသာမက ရီချန့်ကိုပါ ပါးစပ်အဟောင်းသား ဖြစ်သွားစေရန် လုံလောက်သည်။ ယန်ချန်ကမူ ထိုအဖြစ်ပျက်ကို ကြည့်ကာ ကျေနပ်နေပြီး ထိုသူများက မိမိကိုသေမျိုးဟုသက်မှတ်ကာ အထင်မသေးရဲလောက်တော့ဟု ယန်ချန်တွက်ဆမိသည်။
စနစ်ရဲ့သင်ကြားမှုစွမ်းရည်ကြောင့် ကျင့်ကြံခြင်းမှလွဲ၍ အခြားသေမျိုးနည်းပညာများ၌ ယန်ချန်က နတ်ဘုရားအဆင့်ဟု စနစ်ညွန်ပြထားခဲ့ပြီး မကြာသေးခင်က အဖြစ်ပျက်များကြောင့် တချို့စွမ်းဆောင်ရည်များကို ယန်ချန်သတိပြုမိသွားခဲ့သည်။
ဆေးပညာ၌ တဖက်ကမ်း လက်နက်နဲ့ အစီရင်ပညာကိုကြည့်မလား။ ပြိုင်ဘက်မရှိ ရပ်တည်နိုင်ပြီး မည်သည့်ကျင့်ကြံသူမဆို မှင်သက်သွားစေမည်။
ရှချင်းယုံက ဆေးလုံးအနည်းငယ်အား ရီချန့်ထံ ခွဲပေးလိုက်သည်။ ဆေးလုံးများမှာ ရွှေရောင်ဖျော့ဖျော့ သမ်းနေပြီး လက်ထဲကိုင်ထားရုံမျှပင် စွမ်းအင်က တောကျွဲသားမှလာသည်ထက် ပို၍သန့်စင်နေသည်ကို ခံစားမိသွားသည်။ ဤဆေးဖြင့် ဆိုလျှင် သူမဖခင်၏ သူတော်စင်အဆင့်မှာ ရုပ်ခန္ဓာနည်းလမ်းဖြင့် ထိုးဖောက်နိုင်တော့မည်ဖြစ်ပြီး မသေမျိုးအဆုံးသတ် အင်မော်တယ်တပါး ခရီးအစကို ရောက်သွားနိုင်သည်။ သူမကိုယ်တိုင်လည်း သူတော်စင်အဆင့်ထိ ထိုးတက်သွားနိုင်ချေရှိသေးသည်။
“ ကျေးဇူးတင်ပါတယ် သခင်လေး ဒီမှာနေတဲ့ကာလပတ်လုံး ရှအိမ်တော်က အစစအရာရာ တာဝန်ယူပါတယ်”
ရှချင်းယုံက ဆေးလုံးများကို ဂရုတစိုက်သိမ်းရင်း ကတိပေးသည်။ ထိုကဲ့သို့ ပုဂ္ဂိုလ်မျိုးက ခြေသလုံးဖက်ထားရန် လုံလောက်နေပြီး မကြာခင်သူမ ဖခင်ဖြစ်သူ ပြန်ရောက်လာပါက အခြေနေကိုသိလျင် ဝမ်းသာအားရဖြစ်ချေမည်ဟု တွေးနေမိသည်။
“မလိုတော့ပါဘူး မိန်းကလေးရှ ယင်ယင်လေးက ခရီးပန်းနေတော့ နောက်နေ့ပဲ ပြန်ကြတော့မယ် နောက်များကြုံရင် လာလည်ပါ့မယ် မိန်းကလေးရှလည်း အဆင်ပြေရင် တောင်ပိုင်းဒေသ ကျင်းတိုင်းပြည်က ထာဝရကျေးရွာကို လာလည်ပေါ့”
ယန်ချန့်စကားကြားလျင် ဆေးလုံးများကိုတခြားသူ လုယက်သွားမည်ကို စိုးရိမ်စိတ်ကြောင့် သိမ်းဆည်းနေသည့် ရီချန်မှာ ဝမ်းသာသွားသည်။ ရှသခင်မလေးသာမက သူ့ကိုပါ သခင်လေးက ဖိတ်ခေါ်ရန် ဆန္ဒရှိမရှိ သိချင်သွားသည်။
“သခင်လေး ကျန်တော်…”
ရီချန်ရဲ့အမေးကို ယန်ချန်က ရယ်မော၍ တုန့်ပြန်သည်။
“အိုး ခင်ဗျားလည်းပါတာပေါ့ အရမ်းဝေးတဲ့ခရီးဖြစ်နေလို့ ဖိတ်ခေါ်ရမှာ အားနာမိပေမယ့် ခဗျားဆန္ဒရှိမယ်ဆို အချိန်မရွေးလာပါ”
ထိုစကားက ရှချင်းယုံ ရီချန်တို့ကို ကျေနပ်သွားစေပြီး စားသောက်ဝိုင်းရဲ့လေထုက တက်ကြွသွားသည်။ ယန်ပိုင်ကလည်း ရှချင်းယုံကို သတိကြီးကြီးမထားတော့ပဲ သာမန်ဝက်ဝံပေါက်တကောင် အရှိန်ဝါကိုသာ လွင့်ထုတ်ထားပြီး မကြာခင်မှာပဲ ယန်ချန်ထုတ်ယူလိုက်သည့် ဝိုင်အရက်များကို စုဖွဲ့ကာ သောက်စားကြတော့သည်။
ညအတော်နက်ချိန်မှ ရှချင်းယုံ ရီချန်တို့ပြန်သွားခဲ့ပြီး ယန်ချန်လည်း နောက်တနေ့ ပြန်ရန်ရှုယင်ကို ပြင်ဆင်ရာ၌ ကူညီပေးပြီးနောက် ယင်ယင်လေးကို သိပ်ပြီးချိန်မှာတော့ အိပ်ရာဝင်သွားတော့သည်။
ထိုစဥ် ရှအိမ်တော်ထဲမှာတော့ ရှချင်းယုံတယောက် ဖိနှိပ်ထားသည့် တောကျွဲအသားမှစွမ်းအင်များကို အသည်းသန်ချေဖျက်နေရပြီး ဝိုင်မှထပ်တိုးလာသည့် စွမ်းအင်များကိုပါ အလေအလွင့်မဖြစ်စေရန် ကြိုးစားနေရသည်။ နာရီအနည်းငယ်ကြာပြီးနောက်မှာတော့ အသားကျသွားကူ ကျင့်ကြံဆင့်က မဟာယာန နှောင်းပိုင်းထိ ရောက်ရှိသွားသည်။
“အဖေ ပြန်လာတော့မလားမသိဘူး”
သူမက ဖခင်ဖြစ်သူကို တွေးမိသည်နှင့် ချက်ချင်းပဲ သတင်းပို့အဆောင်ကိုယူကာ ဖခင်ဖြစ်သူထံ သတင်းပေးပို့လိုက်တော့သည်။
………………………………………………..