ရှချင်းယုံ ရောက်ရှိလာခြင်း
Vol. 14 Ch. 138
ယန်ချန်ရဲ့နေ့ရက်များက ရိုးရှင်းစွာ ကုန်ဆုံးနေခဲ့သည်။
ခြံဝန်းအတွင်း အချိန်အများစု၌ နတ်သမီးသစ်ပင်ငယ်ကို အဖော်ပြုနေခဲ့ကာ ထိုအပင်မှ ကိုင်းငယ်အချို့ကို ဖြတ်တောက်ပြီးနောက် နောက်ထပ်နတ်သမီးသစ်ပင်များ ထပ်မံစိုက်ပျိုးရန် ကြိုစားခဲ့သည်။
ထို့အပြင် ရွာ၏အဓိကရေသွေးကြောဖြစ်တဲ့ ချောင်းရေကိုလည်း စနစ်တကျစီးဝင်စေကာ တနှစ်ပတ်လုံး လုံလောက်တဲ့ရေပမာ ရရှိနိုင်ရန် စီစဥ်ခဲ့ရသည်။
စိုက်ပျိုးရေး၏အဓိက လိုအပ်ချက်မှာ ရေဖြစ်သည်။ ကျင့်ကြံရေးလောက၌ ဆန် ပြောင်း ကဲ့သို့စားပင်များရှိသည့်အပြင် အာလူးနဲ့ အခြားအပင်မျိုးစိတ်များ ထပ်ရှိနေသေးသည်။
ယန်ချန်က ကြက် နွား မွေးမြူရေးကိုလည်း ပုံဖော်ခဲ့သည်။ မွေးမြူရေးကို တနိုင်တပိုင်ကစ စီးပွားဖြစ်သည်အထိ ပြုလုပ်စေပြီး စိုက်ပျိုးရေးအခြေကျပါက နောက်ထပ်စက်မှုနည်းပညာများကိုလည်း ထုတ်ဖော်မည်ဟုတွေးထားသည်။
ကျင့်ကြံရေးလောက၏ လှည်းများက နှစ်ဘီးတပ်ယာဥ်များဖြစ်ပြီး ယန်ချန်က ထိုအရာကို ပြောင်းလဲစေရန် စဥ်းစားနေခဲ့သည်။
“ပြောင်းဖူးပြုတ်တွေရပြီ အကုန်လုံးကိုဝေငှပေးလိုက်ပါဦး”
ယန်ချန်က မီးဖိုဆောင်မှနေ၍ ရှုယင်အားအသိလှမ်းပေးသည်။ ရှုယင်က ကျန်းဝမ်လီ မင်ဝမ် ကျင်းလုံ စုလဲ့ မင်ယုရှန်း ကျန်းရင်ရင် ကျန်းယန်တို့ဇနီးမောင်နှံတို့အပြင် အခြားခြံဝန်းတခုစီ၌ နေရာရထားကြသည့် သူများစွာကို ဧည့်ခန်း၌ ဧည့်ခံနေခြင်း ဖြစ်သည်။
“ကျွန်မလာပါပြီ”
ထိုအသံနဲ့အတူ ရှုယင် ကျန်းရင်ရင်တို့ရောက်ရှိလာပြီး ယန်ချန်ကမ်းပေးသည့် ပြောင်းဖူးပြုတ်များစွာကို သယ်ဆောင်သွားကြတော့သည်။
ပြောင်းဖူးများက ရွှေရောင်သမ်းနေခဲ့ပြီး အနံ့နဲ့တင် စားချင်စဖွယ်ဖြစ်နေသည်။ ယန်ချန်ရဲ့စိုက်ပျိုးရေး နည်းလမ်းများကြောင့် ယန်ချန့်ခြံဝန်းတွင်သာမက အခြားခြံဝန်းမှ အသီးနှံများသည်ပင် ပြင်ပစျေးကွက်၌ အရောင်းများသည်။
အထူးသဖြင့် စွမ်းအင်ပေါများသည့်အတွက် ကျင့်ကြံရေးအင်အားစုများမှာ ထာဝရကျေးရွာမှ အသီးနှံများကို ရတနာသဖွယ် စျေးကြီးပေးဝယ်ယူကြပြီး ထိုအချက်က ထာဝရကျေးရွာရဲ့ဝင်ငွေကို တိုးတက်စေသည်။
“အရသာကောင်းမယ့်ပုံပဲ”
လီဖူယွဲ့က ပြောင်းဖူးများကိုကြည့်ပြီး စိတ်လှုပ်ရှားစွာ ပြောလာသည်။ မကြာသေးခင်ကပင် ရှုယင်၏အချက်ပြုတ်စွမ်းရည်ကြောင့် လီဖူယွဲ့အပြင် ချူလင်းယု ချင်ဖုန်းတို့ပင် အစားသရဲများဖြစ်သွားကြသည်။
ကျန်းရင်ရင်ကလည်း ရှုယင်ထံမှနည်းလမ်းများ သင်ယူနေကြပြီး ကျန်းသခင်မကြီး မုရုံသခင်မကြီးတို့က မတူညီတဲ့အိမ်ထောင်ရေးဇနီးသည်များ ပညာရပ်ကို မုရုံလင်းအား သင်ကြားပေးခဲ့ကြသည်။
အမျိုးသမီးများကြား ဆက်ဆံရေးက တည်ငြိမ်ပြီး ပြိုင်ဆိုင်မှု မနာလိုမှုများ မရှိကြပေ။
“အားလုံးပဲ အားမနာတမ်းစားကြပါ”
ယန်ချန်က ထိုသို့ပြောပြီးနောက် သူကိုယ်တိုင်လည်း ပြောင်းဖူးပြုတ်တဖူးအား နှိုက်ယူလိုက်ပြီး တပိုင်းပိုင်းကာ ယင်ယင်ထံ ကမ်းပေးလိုက်သည်။
ပြောင်းဖူးအား တကိုက်ကိုက်ချိန်၌ ချိုမြသည့်အရသာက လည်ချောင်းတလျှောက် စီးဆင်းသွားပြီး အနည်းငယ်ပင် ခွန်အားများတိုးလာသလို ခံစားလိုက်ရသည်။ ဒါက သဘာဝမြေသြဇာရဲ့ အစွမ်းပင်ဖြစ်သည်။
ထိပ်သီးကျင့်ကြံသူများသာမက ကျင်းလုံ မင်ဝမ် မင်ယုရှန်း စုလဲ့တို့ကလည်း ပြောင်းဖူးပြုတ်များကို နှစ်ခြိုက်စွာ စားသောက်နေကြပြီး ထိုထဲမှပါဝင်သည့် သန့်စင်တဲ့စွမ်းအားကိုမူ တိတ်တဆိတ် ချေဖျက်နေကြသည်။
သူတော်စင်များဖြစ်နေကြသည့် မင်ယုရှန်း မင်ဝမ်တို့အတွက်တော့ မပြောပလောက်ပေ။ ကျင်းလုံ စုလဲ့တို့မှာ သူတော်စင်အဆင့်နီးပါး မြင့်တက်လာကြပြီး အနိမ့်ဆုံးပင် မဟာယာနအဆင့်ရှိသည့် အဖွဲ့တခုဖြစ်နေသည်။
ထိုလူများအားလုံးက ယန်ချန်ရဲ့ပြောင်းဖူးပြုတ်ကို ကလေးများသဖွယ် အလုယက်စားသောက်နေကြပြီး ယန်ချန့်အတွက်ကတော့ သူ့ကိုယ်သူ ဂုဏ်ယူမဆုံး ဖြစ်နေစေသည်။
ထိုစဥ် ရွာထဲမှ လုံခြုံရေးတာဝန်ယူထားသည့် လူငယ်တဦးက ယန်ချန့်ဆီရောက်ရှိလာကာ ရွာရှိဧည့်သည်များ နားနေတတ်သည့် ခြံဝန်း၌ မိသားစုတစုရောက်နေကြောင်း သတင်းပေးပို့လာသည်။
“မိသားစုလား ဘယ်သူများပါလိမ့်”
ယန်ချန်အနည်းငယ် စဥ်းစားသွားသည်။ လူငယ်၏စကားအရ ထိုမိသားစုမှာ အလွန်ဝေးကွာသည့် နေရာမှရောက်လာခြင်း ဖြစ်နေသည်။
“သူ တို့ကိုလွှတ်လိုက်ပါ”
ယန်ချန်က မိမိခြံဝင်းအတွင်း ဖိတ်ခေါ်ရန်ဆုံးဖြတ်လိုက်သည်။ အန္တရာယ်ပေးမပေးကိုတော့ တွေးမနေပေ။ လက်ရှိသူ့အရှေ့မှ တဖွဲ့လုံး၌ အဆင့်နိမ့်သူ မရှိချေ။
မကြာခင် ရှချင်းယုံဦးဆောင်တဲ့ ရှမိသားစုဝင်များ ရောက်ရှိလာပြီး သူမကိုမြင်ချိန်မှာတော့ ယန်ချန်တယောက် အံ့သြသွားသည်။
(တကယ်သူမဖြစ်နေတာပဲ အဝေးကြီးကနေတောင် လာလည်တယ်)
ချက်ချင်းပဲ သူမတို့ကို အိမ်အတွင်းခေါ်ဆောင်လိုက်သည်။
“သြော်.. ရှင်ကိုး”
မင်ယုရှန်းက ရှယီကိုမြင်သည်နှင့် တုန့်ပြန်သည်။ ထိုသူက မြောက်ပိုင်းသူတော်စင်ဖြစ်ပြီး သခင်လေးယန်နဲ့ထိုသူ၏မိသားစုကြား မည်ကဲ့သို့ဆက်စပ်သွားသည်ကို စဥ်းစားမရခဲ့ချေ။
ယန်ချန်က မင်ယုရှန်းနဲ့တဖက်သူကြား ရင်းနီးမှုအနည်းငယ်ရှိသည်ကိုမြင်လျင် ပို၍စိတ်ချသွားပြီး ရှမိသားစုနဲ့ ဆက်စပ်မှုအကြောင်းအား အသေးစိတ်ရှင်းပြလိုက်သည်။
“ပြန်တွေ့ရတာဝမ်းသာပါတယ် ဧကရီမင်”
ရှယီက သိသိသာသာပဲ ရိုကျိုးနေခဲ့ပြီး ယန်ချန်ရဲ့အသံကိုကြားချိန် အမှောင်ကုန်းမြေအတွင်း ထူးခြားတဲ့ပုဂ္ဂိုလ်မှန်း ခန့်မှန်းမိသွားခဲ့သည်။ သမီးဖြစ်သူမှာ ထိုလူငယ်၏ အမြင်ကောင်းကို ရထားခြင်းက ရှမိသားစုကို တိုးတက်စေတော့မည် မဟုတ်လား။
ယန်ချန်က ရှမိသားစုဝင်များကို ပြောင်းဖူးပြုတ်နဲ့ ဧည့်ခံလိုက်ပြီး ထိုပြောင်းဖူးရဲ့ စွမ်းအင်ကိုခံစားမိချိန်မှာတော့ အခြားသူများ အထူးသဖြင့် ကျင်းတိုင်းပြည်နဲ့ တောင်းပိုင်းဒေသတခုလုံးရှိ ထိပ်သီးများမည်သည့်အတွက် ယန်ချန်ကိုဖားလျားနေကြောင်း ရိပ်စားမိသွားတော့သည်။
“အခုလိုလာရတဲ့ကိစ္စက အကြောင်းအထွေအထူးများ ရှိလို့လား မိန်းကလေးရှ”
ယန်ချန်ရဲ့အမေးကိုကြားလျင် ပြောင်းဖူးပြုတ်အား ခေါင်းမဖော်တမ်းငုံ့စားနေသည့် ရှချင်းယုံမှ သတိဝင်ကာ အနည်းငယ်ရှက်ရွံသွားသည်။ သို့သော်လည်း လျင်မြန်စွာ သတိဝင်လာပြီး ချက်ချင်းတုန့်ပြန်သည်။
“အထူးအထွေတော့ မရှိပါဘူး သခင်လေးရဲ့အကူညီကြောင့် ကျွန်မတို့ရှမိသားစု အတော်လေးအကျိုးမြတ်များခဲ့ပါတယ် ဒါကြောင့် အဖေက သခင်လေးကို ကိုယ်တိုင်ကျေးဇူးတင်စကားပြောချင်လို့ ခရီးထွက်လာခဲ့တာပါ”
ကျေးဇူးတင်စကားပြောဖို့ တခုတည်းနဲ့ မြောက်ပိုင်းမှ တောင်ပိုင်းထိ ခရီးထွက်ခဲ့သည်လား။ ဒီလောက၏ ဆက်သွယ်ရေးက မိုဘိုင်းဖုန်းများ မရှိသည်မှာ အားနည်းချက်ဖြစ်နေလေပြီ။
စုလဲ့ ကျင်းလုံတို့မှာမူ မြေခွေးကြီးရှယီရဲ့ အစီစဥ်ကို ရိပ်စားမိနေခဲ့ပြီး အခြားသူတော်စင်များ မရောက်လာခင် အဝေးဆုံးနေရာမှ အရောက်လာခြင်းက မည်မျှအလျင်လိုနေသည်ကို တွက်ဆမိကြသည်။
မိနစ်အနည်းငယ်ကြာပြီးနောက် ကျင့်ကြံသူများကြား စကားဝိုင်းမှ စတင်လာပြီး ယန်ချန်က ရှအိမ်တော်ရဲ့ လက်ဆောင်များစွာကို လက်ခံခဲ့ပြီး အလေးနက်ပင် ကျေးဇူးတင်စကား ပြောလိုက်သည်။ ထိုလက်ဆောင်များထဲ သူအနှစ်သက်ဆုံးမှာ ပျိုးပင်များဖြစ်ပြီး မြောက်ပိုင်းကဲ့သို့ အေးစက်သည့်ဒေသမှ ပျိုးပင်များကို စိုက်ပျိုးရန် အာသီသပြင်းထန်လာတော့သည်။
မတူညီတဲ့ရာသီဥတုကြောင့် စိုက်ပျိုးရာ၌ အောင်မြင်မည်လား မပြောတတ်ချေ။ သို့သော် စနစ်၏သင်ကြားမှုအရ အရမ်းခက်ခဲမည်မဟုတ်ဟု ယန်ချန်ယူဆထားသည်။
ယန်ချန်ကလည်း လက်ဆောင်အချို့ပြန်လည် ပေးအပ်လိုက်ပြီး စိတ်ဝင်စားစရာမှတ်တမ်းစာအုပ်များ ဆေးဝါးများပါဝင်ပြီး မြောက်ပိုင်းတွင်သာမက အခြားဒေသကြီးများအားလုံး ပါဝင်စုပေါင်းသည့် ပြိုင်ပွဲကြီး၌ မိမိတတ်နိုင်သည့်ဘက်မှ ပါဝင်ကူညီမည်ဟု ကတိပေးလိုက်တော့သည်။
အသေးစိတ်အစီစဥ်များကိုတော့ အခြားသူတော်စင်များရောက်ရှိလာပါမှ ဆွေးနွေးကြမည်ဖြစ်ပြီး ပြိုင်ပွဲကို ထာဝရကျေးရွာအတွင်း ကျင်းပရန် ယာယီသက်မှတ်လိုက်သည်။
ထိုအချက်ကိုအစွဲပြု၍ ကျင်းလုံက ပါးနပ်တဲ့အစီမံတခု ချမှတ်လိုက်သည်။ ထိုအစီမံက ထာဝရကျေးရွာ၏ ဧရိယာကိုထပ်မံတိုးမြင့်ပေးလိုက်ပြီး ထပ်တိုးဧရိယာကြောင့် ခြံဝန်း၅၀၀ ထိဆောက်လုပ်နိုင်မည်ဖြစ်ကာ ပြိုင်ပွဲကျင်းပရန် အပြီးသတ်ဆွေးနွေးပြီးပါက ကွင်းပြင်ကျယ်တခုကိုလည်း ဆောက်လုပ်ပေးမည် ဖြစ်သည်။
………………………………………………