အမှောင်ထုသားရဲသခင်ရဲ့ အစီစဥ်
Vol. 14 Ch. 139
ပိန်းပိတ်မတက် မှောင်မဲနေသည့် စကြာဝဋာအတွင်း တနေရာမှာတော့ ကြောက်စရာကောင်းတဲ့ လောကတခု တည်ရှိနေသည်။
ထိုလောကကြီးက အမှောင်ထုသားရဲသခင်ရဲ့ အမှောင်လောက ဖြစ်ပြီး မူလလောကတခုလုံး ထျန်းဟွမ်လောကနဲ့ မပေါင်းစပ်ခင်က ထိုလောကနှစ်ခုကြား အကွာအဝေးမှာ ကီလိုမီတာ သောင်းဂဏန်းမျှသာရှိပြီး ထိုအကွာအဝေးက အင်မော်တယ်ဧကရာဇ်အဆင့် အထွဋ်အထိပ်၌ရှိနေသည့် မူလဧကရာဇ်အဖို့ နာရီအနည်းငယ်သာ သွားရန်လိုအပ်ခဲ့သည်။
ယခု အကွာအဝေးမှာ ကီလိုမီတာ တသိန်းကျော်အထိ ကွာဝေးသွားခဲ့ပြီး အဆများစွာ ကွာဝေးမှုကြောင့် မူလလောကနဲ့ အမှောင်လောကကြား လောကကံကြမ္မာချည်နှောင်မှုမှာ အားနည်းသွားသည်။
ထိုအခြေနေကို သတိပြုမိသွားသည့် အမှောင်ထုသားရဲသခင်မှာ အနည်းငယ်စိတ်အနှောင့်ယှက် ဖြစ်သွားရသည်။
ယခင်က မူလလောကနဲ့ ချိတ်ဆက်ထားခဲ့ပြီး အမှောင်လောကစွမ်းအင်များကို သန့်စင်ရန်ကြိုးစားခဲ့ခြင်းက အမှောင်လောက၏ အကျိုးကိုဆောင်ရွက်နေသည်ဟု ထင်မြင်ပါသလား။ မဟုတ်ချေ။ ထိုအရာက အမှောင်ထုသားရဲသခင်၏ နတ်ဘုရားအဆင့်တက်မှုကို အထောက်ကူပြုနိုင်သည့် အရာဖြစ်ပြီး သားရဲသခင်အတွက် လောကများကိုဝါးမြိုရန်အစီစဥ်က မူလလောကနဲ့စတင်ထားသည်ဆိုလျှင် မမှားချေ။
“ကိစ္စကတော့ အတော်လေးပြောင်းလဲသွားပြီ ဒါက ကျုပ်တို့မူလလောကအတွက် ကောင်းကျိုးတွေဖြစ်လာဖို့ပဲ မျှော်လင့်တယ်”
မူလဧကရာဇ်က ညီးညီးညူညူဖြင့် ပြောသည်။ မူလလောက၏ရွှေခေတ်ကို ရောက်နိုင်သည့်အချက်အား သတိပြုမိသော်လည်း အတ္တကြီးနေသည့် သူ့စိတ်က မူလလောကကြီးတခုလုံး ဝါးမြိုခံထားရသည်ကို မကျေနပ်ပေ။ ထိုထက်ပိုသည်က အင်မော်တယ်လောကို ထိန်းချုပ်မည့်အစီစဥ်မှာလည်း ပျက်စီးသွားခဲ့လေပြီ။
“ထူးခြားတဲ့ ပုဂ္ဂိုလ်တယောက်ရဲ့ အစီစဥ်တခုပါပဲ အပေါ်ယံမှာ အကျိုးကျေးဇူးတွေ ရှိတယ်ဆိုပေမယ့် မင်းတို့လောကနှစ်ခုကြား စစ်ပွဲက ရာစုနှစ်တခုအတွင်း ပိုပြင်းထန်လာနိုင်တယ်”
အမှောင်ထုသားရဲသခင်က တွေးတွေးဆဆဟန်ဖြင့် ပြောလာသည်။ မူလဧကရာဇ်ကလည်း ထိုအချက်ကိုသိထားပြီး လက်ရှိအချိန်၌ လောကနှစ်ခု တည်ငြိမ်နေခြင်းက အရှိန်ယူနေရုံသာ ဖြစ်သည်။
ခက်ခဲသည့် နတ်ဘုရားလမ်းစဥ်ကို လျှောက်လှမ်းရာ၌ လောကစည်းမျဥ်းများ အားကောင်းရုံနဲ့ မရချေ။ နတ်ဘုရားတပါးဆိုသည်က မသေမျိုးထက်များစွာ အဆင့်မြင့်မားပြီး စကြာဝဋာအနှံ့ အလိုရှိရာကို သွားရောက်နိုင်သည်။
သက်ရှိလောကများ ဂြိုလ်များ ဖန်တီးနိုင်ပြီး ကိုယ်ပိုင်လောကမှ ယုံကြည်မှုစွမ်းအားဖြင့် နတ်ဘုရားများကို ထောက်ပံ့ပေးထားသည်။ ထိုအရာကို အမှောင်ထုသားရဲသခင်က တွက်ဆထားပြီး သူသာ သေမျိုးလောကဖြစ်သည့် ထျန်းဟွမ်ကိုသာ ဝါးမြိုထိန်းချုပ်နိုင်ပါက ပြင်းထန်တဲ့ စိတ်စွမ်းအားကိုပိုင်ဆိုင်ထားသည့် လူသားသေမျိုးများ၏ ယုံကြည်မှုက သူ့ကိုနတ်ဘုရားများထဲ အကြမ်းဆုံးနတ်ဘုရား တစ်ပါး ဖြစ်သွားစေနိုင်လေသည်။
“ကျုပ်တို့ ပူးပေါင်းမှဖြစ်မယ် ကျုပ်က အင်မော်တယ်လောကနဲ့ စစ်ပွဲကို အမြန်ဆုံးစတင်မယ် ခင်ဗျားကတော့ မူလအစီတိုင်းလုပ်ရုံပေါ့”
မူလဧကရာဇ်ရဲ့စကားကို အမှောင်ထုသားရဲသခင်က ခေါင်းယမ်းကာ တုန့်ပြန်သည်။
“မဖြစ်နိုင်ဘူး အရင်ကအစီစဥ်တိုင်း ငါဆက်လုပ်ရင် ထူးခြားတဲ့ပုဂ္ဂိုလ်က သတိပြုမိသွားလိမ့်မယ် ဆိုတော့ လောကတခုလုံး ဝါးမြိုတာထက် သေမျိုးလောကရဲ့ သန့်စင်တဲ့စွမ်းအင်တွေကို အများဆုံးစုစည်းပြီး အသုံးချရမယ်”
“ဘာလဲ ခင်ဗျားက ထျန်းဟွမ်ကို မတိုက်ခိုက်တော့ဘူးပေါ့”
မူလဧကရာဇ်က မကျေမနပ်ဖြင့် ပြောသည်။
“တိုက်ခိုက်ဖို့ဟုတ်လား မင်းသတ္တိသိပ်ကောင်းနေရင် စမ်းကြည့်လို့ရတယ် ငါတော့မလုပ်နိုင်ဘူး ထူးခြားတဲ့ပုဂ္ဂိုလ်တွေရဲ့စိတ်က နားလည်ရခက်တယ် ငါတို့သာ သန့်စင်တဲ့စွမ်းအင်သီးသန့်ကိုသာ စုပ်ယူနိုင်ခဲ့ရင် ဒါက လောကပျက်သုန်းခြင်းမဟုတ်လို့ အဲ့ပုဂ္ဂိုလ်က လွှတ်ပေးလိမ့်မယ်”
မူလဧကရာဇ်တယောက် အတန်ကြာငြိမ်သက်သွားသည်။ ပြီးနောက်
“ဒါဆို ခဗျားအစီစဥ်ကဘာလဲ”
ထိုမေးခွန်းကိုကြားလျင် အမှောင်ထုသားရဲသခင်က ထျန်းဟွမ်လောကရှိရာဘက်သို့ စူးစိုက်ကြည့်ပြီးနောက် လေးနက်စွာ တုန့်ပြန်လာတော့သည်။
“သူ တို့ဘာတွေပြောင်းလဲသွားလဲ ငါစစ်ဆေးကြည့်မယ် ပြီးတော့အခွင့်ရေးရရင် အားကောင်းတဲ့စည်းမျဥ်းတွေ စွမ်းအင်တွေကို ခိုးယူရတာပေါ့ မင်းကတော့ မူလလောကတခုလုံး ထိန်းချုပ်ပြီး အင်မော်တယ်လောကကို တိုက်ခိုက်ပါ မင်းသာအနိုင်ရခဲ့ရင် လောကနှစ်ခုစာ စည်းမျဥ်းတွေက မင်းတို့လောကကို အထွဋ်အထိပ်ရောက်သွားစေပြီး နတ်ဘုရားတစ်ပါး ဖြစ်ဖို့ကတော့..”
အမှောင်ထုသားရဲသခင်က ဆက်မပြောခဲ့ပေ။ နတ်ဘုရားတစ်ပါး ဖြစ်ရန်ယုံကြည်မှုစွမ်းအင် လိုအပ်ပြီးထိုအချက်က တည်ငြိမ်နေတဲ့ လောကနှစ်ခုစစ်ပွဲကို မူလဧကရာဇ်သာ စတင်ခဲ့ပါက မူလလောကမှ ကျင့်ကြံသူများ၏ မူလဧကရာဇ်အပေါ် ယုံကြည်မှုက မေးခွန်းထုတ်စရာ ဖြစ်လာလိမ့်မည်။ ထို့အပြင် လောကနှစ်ခုကြား ခွန်အားကွာဟမှု ကျဥ်းမြောင်းသဖြင့် တဖက်ဖက် အနိုင်ရခဲ့ရင်တောင် ဆုံးရှုံးမှုများမည်ဖြစ်ကာ ထိုအချိန်မှ ထိုလောကနှစ်ခုလုံးကို ဝါးမြိုပစ်မည်ဟု တွေးလိုက်သည်။
မူလဧကရာဇ်ကလည်း မတူညီတဲ့အတွေးမျိုးရှိထားပြီး သူ့အတွေးကိုတော့ သူကိုယ်တိုင်ပဲ သိပေလိမ့်မည်။ သေချာသည်က လောကနှစ်ခုစစ်ပွဲကို နှစ်တရာမတိုင်ခင် စတင်မည်ဖြစ်ပြီး ထိုစစ်ပွဲက အဆုံးသတ်အဖြေတစ်ခု ထုတ်ပေးရန်လိုအပ်သည်။
မဟုတ်ပါက အင်မော်တယ်လောက၏ တိုးတက်မှုအရှိန်ဝါကိုသာမက မူလလောကမှ ၎င်း၏နောက်လိုက်များကိုပါ ထိန်းချုပ်ရန်ခက်ခဲသွားတော့မည် ဖြစ်သည်။
“ဒါက အမှောင်ထုကိုယ်ပွားပဲ ငါဒီကာလထဲ ထျန်းဟွမ်လောကကိုစစ်ဆေးဖို့ လွှတ်လိုက်မယ်”
အမှောင်ထုသားရဲသခင်က သူ့ရဲ့ပုံစံတူကိုယ်ပွားတကောင်အား ဖန်တီးလိုက်ပြီး ထိုကိုယ်ပွား၏အဆင့်က အင်မော်တယ်ဧကရာဇ်အဆင့် ဖြစ်သည်။
“ကောင်းပြီ အစီစဥ်တိုင်း ဆက်သွားကြတာပေါ့ ခဗျားဘက်က လိုအပ်တဲ့ကျင့်ကြံရေးသားရဲအချို့ ကူညီအားဖြည့်ပေးပါ”
“ရတယ်.. အဲ့ကိစ္စအတွက် မင်းမပူနဲ့ ငါထျန်းဟွမ်လောကဆီက အကြောင်းရင်းကိုစစ်ဆေးပြီးရင် ငါတို့အစီစဥ်စမယ်”
ဆွေးနွေးမှုက လောကနှစ်ခုကြား အရင်းအမြစ်များ ဖလှယ်ခြင်းကိုပြောင်းလဲသွားပြီး အမှောင်စွမ်းအင်ကလွဲ၍ အခြားစွမ်းအင်ရှားပါးသည့် အမှောင်လောကမှ ကျင့်ကြံသူများကို မူလလောကထဲ ဝင်ရောက်ကျင့်ကြံရန် ခွင့်ပြုပေးခဲ့ရသည်။
ထိုကျင့်ကြံသူများက အင်မော်တယ်လောကနဲ့ စစ်ပွဲအတွင်း ပါဝင်ရမည်ဟူသည့်အချက်အား သဘောတူညီမှု ပြုလုပ်ခဲ့ကြသည်။ မည်သို့ပင်ဆိုစေ ရုပ်ပိုင်းဆိုင်ရာ သန်မာမှု၌ အမှောင်လောက သားရဲကျင့်ကြံသူများက အဆင့်တူများကြား ပြိူင်ဘက်ကင်းသည်မှာ သေချာပါသည်။
ထို့ကြောင့် နှစ်တရာအတွင်း ပြင်းထန်တဲ့စစ်ပွဲကို စတင်ရန်အစီစဥ်ဆွဲခဲ့ပြီး တဖက်တွင်လည်း အမှောင်ထုသားရဲသခင်က ထျန်းဟွမ်လောက၏ စွမ်းအင်များကို ထူးခြားတဲ့ပုဂ္ဂိုလ်သတိမပြုမိစေပဲ ခိုးယူမည်ဖြစ်သည်။
(ဟမ့် အင်မော်တယ်လောကကို ကျူးကျော်တာက အဲ့ပုဂ္ဂိုလ်ကိုအာရုံလွှဲနိုင်မယ်လို့ ငါမျှော်လင့်တယ်)
ထိုအရာက အမှောင်ထုသားရဲသခင်၏ အတွေးသာဖြစ်ပြီး ယန်ချန့်အတွက်ကတော့ အခြားလောကများ ရှိနေသည်ကိုပင် သတိမပြုမိသေးချေ။ နေ့စဥ်ဘဝကိုပဲ ဖြတ်သန်းနေလေသည်။
………………………………………………