ထျန်းရှုသိုင်းကျမ်းတိုက်မှ အဘိုးအို
Vol. 8 Ch. 106
~ရက်အနည်းငယ် ကြာပြီးနောက်... စုယွီသည် ဝိဉာဉ် ငြိမ်သက်ခြင်း အဆောင်နှင့် ကိုယ်ပျောက် အဆောင် တို့ကို သုံးစွဲကာ ဂူစံအိမ်မှ တိတ်တဆိတ် ထွက်ခွာခဲ့ပြီး တာ့ယွဲ့ မှောင်ခိုဈေး၏ အတွင်းပိုင်းသို့ ဝင်ရောက်သွားလေသည်။ ဈေးတန်းအလယ်ဗဟိုတွင် ရင်းနှီးနေသော (၃) ထပ် သစ်သား အဆောက်အဦးလေးကို လှမ်းမြင်လိုက်ရ၏။ 'ထျန်းရှု သိုင်းကျမ်းတိုက်' ပင် ဖြစ်လေသည်။
စုယွီသည် ဤနေရာသို့ အကြိမ်အနည်းငယ် ရောက်ဖူးပြီး၊ ဆိုင်ရှင်သည် အသားဖြူဖြူ ဝဝကစ်ကစ် ဦးလေးကြီး တစ်ဦး ဖြစ်သည်။
ထိုလူ၏ စရိုက်သည် ယွင်ရှန်း ဈေးမြို့တော်မှ အဘိုးအိုနှင့် ဆင်တူလှ၏။ နှစ်ယောက်စလုံး အိပ်လိုက်၊ စာဖတ်လိုက်နှင့် အေးဆေးသက်သာ နေထိုင်တတ်ကြလေသည်။
သို့သော် ယနေ့ ထျန်းရှု သိုင်းကျမ်းတိုက်သို့ ဝင်ရောက်လိုက်သောအခါ... အရောင်းခုံ နောက်ကွယ်တွင် ရှေးဟောင်း စာအုပ် တစ်အုပ်ကို ဖတ်ရှုနေသော အဘိုးအို တစ်ဦးကို တွေ့လိုက်ရသဖြင့် စုယွီ အံ့အားသင့်သွားမိသည်။
'ဟို ဝဝကစ်ကစ် ဦးလေးကြီး ဘယ်ရောက်သွားတာပါလိမ့်...'
'ပြီးတော့... ဒီအဘိုးက ယွင်ရှန်း ဈေးမြို့တော်မှာ ရှိနေခဲ့တာ မဟုတ်လား... ဘာလို့ ဒီနေရာကို ရောက်နေရတာလဲ...'
"စီနီယာ..."
စိတ်ထဲတွင် မေးခွန်းများ ပြည့်နှက်နေသော်လည်း စုယွီသည် အဘိုးအိုထံသို့ ရိုသေစွာ လျှောက်သွားပြီး နှုတ်ဆက်လိုက်၏။
လွန်ခဲ့သော နှစ်ပေါင်းများစွာက ယွင်ရှန်း ဈေးမြိာ်မှ ထွက်ခွာလာစဉ်က ဒုတိယအဆင့် ထိပ်တန်း အဆောင်ပညာရှင် အမွေအနှစ် ပါဝင်သော ကျောက်စိမ်းပြား တစ်ချပ် ကောင်းကင်ပေါ်မှ ကျဆင်းလာပြီး သူ့ခေါင်းပေါ်သို့ ကျရောက်ခဲ့ဖူးသည်။
ဘယ်သူ ပေးလိုက်တာလဲ ဆိုတာ သူ ကိုယ်တိုင် မမြင်ခဲ့ရပေမဲ့... ဒီအဘိုးအို ပေးလိုက်တာ ဆိုတာတော့ သူ အသေအချာ သိနေခဲ့သည်။
ထိုကျေးဇူးကို စုယွီ အမြဲ အမှတ်ရနေခဲ့ပြီး ထို့ကြောင့်ပင် အဘိုးအိုအပေါ် အထူး လေးစားမှု ထားရှိခြင်း ဖြစ်ပေသည်။
အဘိုးအိုသည် စာအုပ်ထဲမှ အာရုံ ပြတ်သွားသကဲ့သို့ ကြောင်တောင်တောင် ဖြစ်သွားပြီး မော့ကြည့်လိုက်သည်။ သူ၏ အကြည့်များ စုယွီ အပေါ်သို့ ကျရောက်သွားပြီး ခဏအကြာမှ မှတ်မိသွားပုံ ရ၏။
"ဪ... မင်းပါလား... မင်းက ပိုင်ယွဲ့ အင်မော်တယ် မြို့တော်ကို သွားတာ မဟုတ်ဘူးလား... ဘာလို့ ဒီ တာ့ယွဲ့ မှောင်ခိုဈေးကို ရောက်နေရတာလဲ..."
စုယွီက ရိုသေစွာဖြင့် ပြန်ဖြေလိုက်သည်။
"ဂျူနီယာက လွန်ခဲ့တဲ့ (၈) နှစ်လောက် ကတည်းက ပိုင်ယွဲ့ အင်မော်တယ် မြို့တော်ကနေ ထွက်လာခဲ့တာပါ... အခု ဒီ မှောင်ခိုဈေးမှာ ခေတ္တ နေထိုင်ပြီး ကျင့်ကြံနေပါတယ်..."
"ဪ... အဲ့လိုလား..."
အဘိုးအိုက ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး သူ့အကြည့်များကို ရှေးဟောင်း စာအုပ်ဆီသို့ ပြန်ပို့လိုက်လေသည်။
ဒါကို မြင်တော့ စုယွီက အလိုက်တသိ ပြောလိုက်၏။
"စီနီယာ အလုပ်ရှုပ်နေပုံ ရတယ်... ဂျူနီယာ စာအုပ်တွေ သွားကြည့်လိုက်ပါဦးမယ် ခင်ဗျာ..."
အဘိုးအိုက စာအုပ်မှ မျက်လုံးမခွာဘဲ လက်ကာပြလိုက်သည်။
"သွား... သွား..."
စုယွီ ရှေးဟောင်း စာအုပ်စင်များ ရှိရာသို့ ထွက်ခွာသွားပြီး စာအုပ်များကို လှန်လှော ကြည့်ရှုနေချိန်မှသာ... အဘိုးအိုသည် ခေါင်းမော့လာပြီး စုယွီ၏ ကျောပြင်ကို လှမ်းကြည့်လိုက်လေသည်။ သူ၏ မျက်လုံးများထဲတွင် အံ့သြရိပ်များ ဖြတ်သန်းသွား၏။
အဘိုးအို တိုးညှင်းစွာ ရေရွတ်လိုက်မိသည်။
"အခြေခံ တည်ဆောက်ခြင်း အဆင့် (၂)... ဒီလောက် ညံ့ဖျင်းတဲ့ ဝိညာဉ်အမြစ်နဲ့တောင် ကျင့်ကြံမှုနှုန်းက မနှေးပါလား..."
"ပြီးတော့..."
သူသည် လေထဲတွင် ရှိနေသော အနံ့အသက် တစ်ခုကို နှာခေါင်းရှုံ့ပြီး အာရုံခံလိုက်သည်။ စုယွီထံမှ ကျန်ရစ်ခဲ့သော သင်းပျံ့သည့် ဆေးနံ့လေး တစ်ခု ဖြစ်၏။
အဘိုးအို လေအေးတစ်ချက် ရှူရှိုက်လိုက်မိသည်။
"ဒါက... ဒုတိယအဆင့် အလယ်အလတ် ပြီးပြည့်စုံသော အရည်အသွေး ကိုယ်ထည် ဖွင့်လှစ်ခြင်း ဆေးလုံး (ခိုင်ယွမ် ဆေးလုံး) ရဲ့ အနံ့ပဲ..."
"ဒါတင်မကဘူး... တခြား ပြီးပြည့်စုံသော အရည်အသွေး ဆေးလုံး အနံ့တွေလည်း ပါနေသေးတယ်..."
"အလို..."
အဘိုးအို၏ မျက်ခွံများ တုန်ခါသွားရလေသည်။ စိတ်ထဲတွင် ရေရွတ်ရင်း နားမလည်နိုင်အောင် ဖြစ်နေမိ၏။
လူတစ်ယောက်ရဲ့ ဆေးပညာ ပါရမီက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ကြောက်စရာ ကောင်းနေရတာလဲ။
ဒါပေမဲ့ ဝိညာဉ်အမြစ်ကျတော့ ဘာလို့ ဒီလောက် ညံ့ဖျင်းနေရတာလဲ။
ကောင်းကင် တာအိုက ဒီကလေးအတွက် နောက်ပေါက် တစ်ပေါက် ဖွင့်ပေးထားပြီး၊ တက်လမ်းကျတော့ ပိတ်ထားတာများလား။
ထိုအခါ၊ မိမိတုန်းက ဒုတိယအဆင့် ဆေးလုံးတွေ ဖော်စပ်ဖို့ ဘယ်လောက်တောင် ခက်ခဲခဲ့ရသလဲ ဆိုတာ ပြန်တွေးမိပြီး အဘိုးအို သက်ပြင်းချလိုက်မိသည်။
စုယွီ၏ ဆေးပညာ ပါရမီသည် သူ့ကို အလွန် ဆွဲဆောင်နေသော်လည်း၊ ဝိညာဉ်အမြစ် ပါရမီ ဆိုသည်မှာ ကောင်းကင်က သတ်မှတ်ပေးထားသော ကံကြမ္မာ ဖြစ်ပေသည်။ စုယွီ အနေဖြင့် ကံကောင်းထောက်မစွာ အခြေခံ တည်ဆောက်ခြင်း အဆင့်သို့ ရောက်ရှိခဲ့သည် ဆိုဦးတော့... သူ့အသက်အရွယ်နှင့် တွက်ကြည့်လျှင် သက်တမ်းမကုန်ခင် အခြေခံ တည်ဆောက်ခြင်း အဆင့် (၉) ထိ ရောက်ဖို့ ဆိုတာတောင် မလွယ်ကူလှပေ။
အမြုတေ ဖွဲ့စည်းခြင်း အဆင့် ဆိုတာကတော့ စိတ်ကူးယဉ် အိပ်မက် သက်သက်သာ ဖြစ်လိမ့်မည်။
ဒီလောက် ပါရမီကောင်းတဲ့ ဆေးပညာရှင် တစ်ယောက်က... နှမြောစရာ၊ ဝမ်းနည်းစရာ၊ သနားစရာပါပဲ။
"ထားလိုက်ပါတော့လေ... မျက်တောင်တစ်ခတ် အတွင်းမှာပဲ နှစ်တစ်ရာ ဆိုတာ ကုန်ဆုံးသွားမှာ... ကျင့်ကြံခြင်း အဆင့် မရှိရင် နောက်ဆုံးကျတော့ မီးခိုးငွေ့လို လွင့်ပါး ပျောက်ကွယ်သွားရမှာပဲ..."
အဘိုးအိုသည် စုယွီကို တပည့်အဖြစ် လက်ခံလိုသော စိတ်ကူးကို ဖျောက်ပစ်လိုက်လေသည်။ ဒီတစ်ခေါက် တာ့ယွဲ့ မှောင်ခိုဈေးကို သူ လာရတာက ကောင်းကင်ဘုံ သိုင်းကျမ်း မျှော်စင်အတွက် 'ကောင်းကင် ဝိညာဉ်အမြစ်' ပိုင်ရှင် ပါရမီရှင် တစ်ယောက် ရှာဖွေဖို့ လာခဲ့ခြင်း ဖြစ်သည်။
တကယ်လို့များ ဒီကောင်လေးမှာသာ ကောင်းကင် ဝိညာဉ်အမြစ် ပါလာခဲ့ရင်... ဘယ်လောက်တောင် ကောင်းလိုက်မလဲ။
ထိုအချိန်တွင် စုယွီသည် ထျန်းရှု သိုင်းကျမ်းတိုက် အတွင်း၌ လဝက်ခန့် အချိန်ကုန်ဆုံးခဲ့ပြီး မရေမတွက်နိုင်သော ရှေးဟောင်း စာအုပ်များနှင့် ကျောက်စိမ်းပြားများကို လေ့လာဖတ်ရှုနေခဲ့လေသည်။ မျှော်လင့်ချက် ကုန်ဆုံးနေချိန်... ညနေခင်း တစ်ခုတွင် စာအုပ်တစ်အုပ်ကို ရှာတွေ့သွားခဲ့၏။
ထိုစာအုပ်တွင် 'မိကျောင်းမိစ္ဆာ ကိုယ်ခန္ဓာ ကျင့်စဉ် (၁၀၈) ကွက်' ၏ ပထမ (၃၆) ကွက် ပါဝင်နေသည်ကို အံ့သြဖွယ်ရာ တွေ့ရှိလိုက်ရလေသည်။ ဆိုလိုသည်မှာ သူ၏ လက်ရှိ အမွေအနှစ် (၁၈) ကွက်ထက် နှစ်ဆ ပိုများသော ပမာဏ ဖြစ်ပေသည်။
ထိုစာအုပ်ကို မြင်လိုက်ရသောအခါ စုယွီ၏ မျက်လုံးအိမ်များ ကျုံ့ဝင်သွား၏။ အပေါ်ယံတွင် တည်ငြိမ်နေသော်လည်း၊ ရင်ထဲတွင်မူ ဝမ်းသာလွန်း၍ ကခုန်ချင်စိတ် ပေါက်နေလေပြီ။
"(၃၆) ကွက် ဆိုတော့... ဒါက 'မူလ ဝိညာဉ်' အဆင့်နဲ့ ယှဉ်နိုင်တဲ့ အထိ ကျင့်ကြံလို့ ရတယ် ဆိုတဲ့ သဘောလား..."
မူလ ဝိညာဉ် အဆင့်တဲ့လား။
တာ့ယွဲ့ နယ်မြေ တစ်ခုလုံးမှာ အရှင်သခင် ဖြစ်သော တာ့ယွဲ့ နန်းတော် တစ်ခုတည်းမှာသာ မူလ ဝိညာဉ် အဆင့် ကျင့်ကြံသူ ရှိလေသည်။ ခိုင်ယန် နန်းတော်၊ ယွင်ကျန်းဂိုဏ်း၊ ပိုင်ယွဲ့ အင်မော်တယ် မြို့တော် အစရှိသော အခြား အင်အားစုများတွင် အမြုတေ ဖွဲ့စည်းခြင်း အဆင့်သာ အမြင့်ဆုံး ရှိကြသည်။ သူတို့အားလုံးသည် တာ့ယွဲ့ နန်းတော်၏ အရိပ်အောက်တွင် ခိုလှုံနေကြရသူများ ဖြစ်ကြ၏။
အကယ်၍သာ သူသည် မိကျောင်းမိစ္ဆာ ကိုယ်ခန္ဓာ ကျင့်စဉ် (၃၆) ကွက်လုံးကို အောင်မြင်ခဲ့လျှင်...
မတွေးဘဲ မနေနိုင်တော့ပေ။
"တာ့ယွဲ့ နန်းတော်က မူလ ဝိညာဉ် အဆင့် ကျင့်ကြံသူက ဘယ်အဆင့် ရှိမလဲ..."
အကယ်၍ ထိုသူသည် မူလ ဝိညာဉ် နှောင်းပိုင်း အဆင့် မဟုတ်ခဲ့လျှင်... (၃၆) ကွက် အောင်မြင်ထားသော သူသည် ထိုသူကို စိန်ခေါ်နိုင်စွမ်း ရှိနေပြီ မဟုတ်ပါလော။
သေချာတာပေါ့... ရန်ငြိုးရန်စ မရှိဘဲနဲ့တော့ စုယွီက ပြဿနာ သွားရှာမည့်သူ မဟုတ်ပေ။ ဒါက စိတ်ကူးယဉ် ကြည့်ရုံ သက်သက်ပါ။
တကယ်လို့သာ ကိုယ်ခန္ဓာ ကျင့်စဉ် (၃၆) ဆင့် အထိ ရောက်ရှိသွားခဲ့လျှင်... သူသည် တာ့ယွဲ့ နယ်မြေ၏ အစာကွင်းဆက် ထိပ်ဆုံး နေရာကို ရောက်ရှိသွားမည်မှာ သေချာလှပေသည်။
သူသည် ထိုစာအုပ်ကို ယူလိုက်ပြီး ဟန်မပျက် ဆက်လက် လျှောက်ကြည့်နေလိုက်သည်။ နောက်ဆုံးတွင် ရှေးဟောင်း ဝိညာဉ်အပင်များ ခွဲခြားနည်း စာအုပ်နှင့် ရှေးဟောင်း ကျင့်ကြံခြင်း လောက သမိုင်းကြောင်း စာအုပ်တို့ကိုပါ ထပ်မံ တွေ့ရှိလိုက်ပြီး သုံးအုပ်စလုံးကို ယူဆောင်လိုက်လေသည်။
သည်လို လုပ်မှ သိပ်ပြီး သိသာမည်ကိုး။
"စီနီယာ... ဂျူနီယာ ဒီစာအုပ် (၃) အုပ် လိုချင်ပါတယ်..."
စုယွီ အရောင်းခုံသို့ သွားပြီး စာအုပ် (၃) အုပ်ကို အဘိုးအိုအား ပေးကာ မူရင်း အပြည့်အစုံကို တောင်းယူလိုက်သည်။ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၃၀၀) ပေးချေပြီးနောက် ထျန်းရှု သိုင်းကျမ်းတိုက်မှ ထွက်ခွာကာ ဂူစံအိမ်သို့ ပြန်လာခဲ့တော့သည်။
သို့သော် သူ ထွက်ခွာသွားသည်ကို ကြည့်ရင်း အရောင်းခုံ နောက်ကွယ်မှ အဘိုးအိုသည် အတွေးနက်နေလေသည်။
"မိကျောင်းမိစ္ဆာ ကိုယ်ခန္ဓာ ကျင့်စဉ် (၁၀၈) ကွက်... ဒါက ရှေးဟောင်း ကိုယ်ခန္ဓာ ကျင့်စဉ် တစ်ခုပဲ... သွေးမျိုးဆက် မပါဘဲနဲ့ ဒါကို ဘယ်လို လုပ်ပြီး ကျင့်ကြံလို့ ရမှာလဲ..."
ဂရုမစိုက်ဘူး ပြောသော်လည်း... မနေနိုင်ဘဲ စိတ်ဝင်စားနေမိပြန်သည်။