← Chapters

တာအိုဆရာ ဟုန်ယွဲ့

Vol. 8 Ch. 107

တာအိုဆရာ ဟုန်ယွဲ့

Vol. 8 Ch. 107

~"ဟူး..."

စုယွီ၏ ဆေးပညာ ပါရမီသည် အဘိုးအို ယခင်က တွေ့ကြုံခဲ့ဖူးသော ပါရမီရှင်များ အားလုံးထက် အဆပေါင်းများစွာ သာလွန်လွန်းနေလေသည်။ သူ သက်ပြင်းတစ်ချက် ချလိုက်မိ၏။

သိုင်းကျမ်းတိုက် အတွင်းရှိ ကျင့်ကြံသူ အနည်းငယ်သည် တစ်ယောက်ကို တစ်ယောက် ကြည့်ကာ စူးစမ်းနေကြလေသည်။ သိုင်းကျမ်းတိုက် ဆိုင်ရှင်က ဘာလို့ ဒီလောက်တောင် သက်ပြင်းချနေရတာပါလိမ့်။ တစ်ခုခု စိတ်ညစ်စရာ ရှိလို့များလား။

စုယွီသည် အတွင်းဈေးမှ ထွက်ခွာလာခဲ့လေသည်။ ညအချိန် ရောက်နေပြီ ဖြစ်သဖြင့် ကမ္ဘာလောကကြီး တစ်ခုလုံးကို အမှောင်ထုက လွှမ်းခြုံထား၏။

ရုတ်တရက်...

စုယွီ၏ မျက်လုံးများ လှုပ်ရှားသွားပြီး ကိုယ်ကို ယိမ်းနွဲ့ကာ ရှောင်လိုက်သည်။ တစ်ချိန်တည်းမှာပင် အခြား ပုံရိပ်တစ်ခုသည် တိတ်တဆိတ် ပေါ်လာပြီး သူ့နေရာတွင် အစားထိုး ဝင်ရောက်သွားကာ ရှေ့ရှိ တောင်ကြားလမ်း တစ်ခုထဲသို့ တိုးဝင်သွားလေသည်။

ဝူး...

နောက်တစ်ခဏတွင် အဆောင်များ ပေါ်ထွက်လာပြီး အဆောင် အခင်းအကျင်း တစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။ ၎င်းသည် စေတီပုထိုးများ အထပ်ထပ် ဖိထားသကဲ့သို့ လေးလံသော ဖိအားများနှင့် ဆွဲငင်အားများကို ထုတ်လွှတ်ပြီး 'စုယွီ' ကို ထိရောက်စွာ ဖမ်းချုပ်ထားလိုက်လေသည်။

တစ်ချိန်တည်းမှာပင် မနီးမဝေးတွင် ပုံရိပ်တစ်ခု ပေါ်လာပြီး အခင်းအကျင်းထဲတွင် ပိတ်မိနေသော စုယွီကို မထီမဲ့မြင် အပြုံးဖြင့် ကြည့်နေလေသည်။

"အခြေခံ တည်ဆောက်ခြင်း အဆင့် (၂) လေးကိုများ... ဒီလောက်တောင် အားထုတ်စရာ လိုလို့လားကွာ..."

ရတနာတစ်ရာ တောင်တန်းမှ ဒုတိယအဆင့် အလယ်အလတ် အဆောင်လက်ဖွဲ့ ပညာရှင် 'တာအိုဆရာ ဟုန်ယွဲ့' သည် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါလိုက်၏။

ဒီကောင်လေးအတွက် အဆောင် အခင်းအကျင်း သုံးလိုက်ရခြင်းက တော်တော်လေး တန်ဖိုးထားလွန်းအားကြီးရာ ရောက်နေ၏။

မတော်တဆ ဖြစ်မှာ စိုးလို့သာ သုံးလိုက်ရ၏။

မဟုတ်ရင် အခြေခံ တည်ဆောက်ခြင်း အဆင့် (၅) ရှိသည့် သူလို လူတစ်ယောက်အတွက် ဒီလို အဆင့် (၂) ကောင်လေးကို ရှင်းပစ်ဖို့ ဒီလောက် ဒုက္ခခံစရာ မလိုပါ။

"သေလိုက်တော့..."

တာအိုဆရာ ဟုန်ယွဲ့၏ လက်ထဲတွင် ထိပ်တန်း အဆင့် ဓားပျံ တစ်လက် ပေါ်ထွက်လာသည်။ သူသည် ဝိညာဉ်စွမ်းအင်များ ထည့်သွင်းလိုက်ပြီး လက်သင်္ကေတ တစ်ခု ဖော်လိုက်ရာ ဓားပျံသည် ကြောက်မက်ဖွယ်ရာ အလင်းရောင်များ ထုတ်လွှတ်လာလျက် လေထုကို ခွင်းကာ အခင်းအကျင်း အတွင်းသို့ တိုးဝင်သွားတော့သည်။ ၎င်း၏ ဦးတည်ချက်မှာ စုယွီ၏ ဦးခေါင်းခွံကို ထိုးဖောက်ရန်ပင် ဖြစ်၏။

သို့သော် နောက်တစ်ခဏတွင်...

အခင်းအကျင်းထဲတွင် 'ပိတ်မိနေသော' စုယွီသည် ဓားပျံးကို လက်ဖဝါးဖြင့် ရုတ်တရက် ဖမ်းဆုပ်လိုက်လေသည်။

"ချွင်..."

သတ္တုချင်း ထိခတ်သံသည် ညဉ့်နက်သန်းခေါင်တွင် ကျယ်လောင်စွာ ထွက်ပေါ်လာပြီး မီးပွားများ လွင့်စင်သွားတော့သည်။ ထိပ်တန်း အဆင့် ဓားပျံးသည် 'စုယွီ' ၏ လက်ထဲမှ ရုန်းထွက်ရန် ကြိုးစားသော်လည်း အချည်းနှီးသာ ဖြစ်နေရှာသည်။

အပြင်ဘက်တွင် ရပ်ကြည့်နေသော တာအိုဆရာ ဟုန်ယွဲ့ ကြောင်အမ်းသွားလေသည်။

"လက်နဲ့ ဖမ်းလိုက်တာလား..."

သူ မှင်သက်သွား၏။

ဒါက ထိပ်တန်း အဆင့် မှော်လက်နက်လေ။

လက်ဗလာနဲ့ သွားဖမ်းရင် လက်ပြတ်သွားရမှာပေါ့။

တာအိုဆရာ ဟုန်ယွဲ့မှာ တုံ့ပြန်ဖို့ အချိန်မရလိုက်ခင်မှာပင်...

နောက်တစ်ခဏတွင်...

သူ့နောက်ကျောဘက်ရှိ မြေကြီးထဲမှ ပုံရိပ်တစ်ခု ရုတ်တရက် ထိုးထွက်လာခဲ့လေသည်။

အဆောင် အစုအဝေး တစ်ခုကို အသက်သွင်းလိုက်ပြီး သူ့ထံသို့ ပစ်လွှတ်လိုက်၏။

မီးမိုးကြိုး ဓားအဆောင် ၊ စိတ်ထိန်းချုပ် အဆောင် ၊ နဂါးသတ် အဆောင် …။

"ဘုန်း..."

ပြင်းထန်လှသော အရှိန်အဝါ တစ်ခုသည် တာအိုဆရာ ဟုန်ယွဲ့၏ နောက်ကျောဘက်တွင် ပေါက်ကွဲသွားတော့သည်။ ထိုစက္ကန့်ပိုင်းလေး အတွင်းမှာပင် သူသည် သေမင်း၏ အငွေ့အသက်ကို ခံစားလိုက်ရပြီး ငယ်စဉ်ကတည်းက ဖြတ်သန်းခဲ့ရသော ဘဝအကြောင်းများကို ပြန်လည် မြင်ယောင်လာမိလေသည်။

နောက်တစ်ခဏတွင် တာအိုဆရာ ဟုန်ယွဲ့ အသိပြန်ဝင်လာပြီး စိတ်ထဲမှ ကျိန်ဆဲကာ ထွက်ပြေးရန် ကြိုးစားလိုက်သည်။

ဒုတိယအဆင့် အလယ်အလတ် ကာကွယ်ရေး အဆောင်များ သူ့လက်ထဲတွင် ချက်ချင်း ပေါ်လာ၏။

“ဝူး…”

အကာအကွယ် အလွှာများ၊ ဒိုင်းကာများ တစ်ခုပြီးတစ်ခု သူ့နောက်ကျောဘက်တွင် ဖြစ်ပေါ်လာကြသည်။

"ဝုန်း..."

ဒိုင်းကာများနှင့် အကာအကွယ်များသည် တစ်ခုပြီးတစ်ခု ကွဲကြေသွားကြလေသည်။ တာအိုဆရာ ဟုန်ယွဲ့ သက်ပြင်းချလိုက်နိုင်ချိန်မှာပင် ဝိညာဉ် စွမ်းအား လှိုင်း တစ်ခုသည် သူ့မျက်ခုံးနှစ်ခုကြားသို့ ရုတ်တရက် တိုးဝင်လာတော့သည်။

‘စိတ်ထိန်းချုပ် အဆောင်’

တာအိုဆရာ ဟုန်ယွဲ့၏ မျက်နှာထားသည် ချက်ချင်းပင် တွေဝေငေးမောသွားသည်။

"နဂါးသတ် အဆောင်..."

စုယွီသည် တုံ့ဆိုင်းခြင်း မရှိဘဲ ထိပ်တန်း အရည်အသွေး နဂါးသတ် အဆောင် တစ်ခုကို ထုတ်ယူလိုက်ပြီး ဝိညာဉ်စွမ်းအင် ဖြည့်တင်းကာ တာအိုဆရာ ဟုန်ယွဲ့ထံသို့ ပစ်လွှတ်လိုက်လေသည်။

လေထဲတွင် ပျံဝဲနေစဉ်မှာပင် အဖြူရောင် အလင်းတန်း တစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာပြီး မျက်စိဖြင့် မမြင်နိုင်လောက်အောင် လျင်မြန်သော အရှိန်ဖြင့် ပြေးဝင်သွားတော့သည်။ ကောင်းကင်နှင့် မြေကြီးပင် တုန်ခါသွားသကဲ့သို့ ခံစားလိုက်ရ၏။

"ရွစ်..."

အဖြူရောင် အလင်းတန်းသည် တာအိုဆရာ ဟုန်ယွဲ့ကို ဖြတ်သန်းသွားပြီး မနီးမဝေးရှိ တောင်တစ်လုံးပေါ်သို့ ကျရောက်သွားလေသည်။

"ဘုန်း..."

တောင်ကြီး တစ်လုံးလုံး ထက်ပိုင်း ပြတ်သွားတော့သည်။

တာအိုဆရာ ဟုန်ယွဲ့...ခမျာ သေဆုံးသွားသည့် အချိန်ထိ နားမလည်နိုင်ခဲ့ပေ။

‘အခြေခံ တည်ဆောက်ခြင်း အဆင့် (၂) ကောင်လေးကို လုပ်ကြံဖို့ လာတာလေ... ဘာလို့ သူက ပြန်အသတ်ခံလိုက်ရတာလဲ။

အဲ့ဒီ အဆောင်တွေ အများကြီးက ဘာတွေလဲ။

ပြီးတော့ နောက်ဆုံး တိုက်ခိုက်မှုက ဘယ်အဆင့် ရှိတာလဲ။ ကြောက်စရာ ကောင်းလိုက်တာ။’

"ဇီယန် နဲ့ ရှီဟိုင်... မင်းတို့ကောင်တွေ ငါ့ကို ထောင်ချောက်ဆင်လိုက်တာပဲ..."

တာအိုဆရာ ဟုန်ယွဲ့သည် သေဆုံးခါနီးတွင် စိတ်ထဲမှ နာကျည်းစွာ အော်ဟစ်လိုက်လေသည်။

'စုယွီ' ကို ဖမ်းချုပ်ထားသော အဆောင် အခင်းအကျင်းသည် ထိန်းချုပ်မှု ကင်းမဲ့သွားတော့သည်။ စုယွီသည် အခင်းအကျင်းကို သိမ်းဆည်းလိုက်ပြီး မြေကမ္ဘာ မီးလျှံ မျောက်ဝံ ကို ဆင့်ခေါ်ကာ တာအိုဆရာ ဟုန်ယွဲ့၏ အလောင်းကို မီးရှို့ ပြာချခိုင်းလိုက်လေသည်။

ကျန်ရစ်ခဲ့သော မှော်လက်နက်များနှင့် သိုလှောင်အိတ်ကို သိမ်းဆည်းလိုက်၏။

'စုယွီ' အဖြစ် ရုပ်ဖျက်ထားသော ရုပ်သေးရုပ်ကိုလည်း ဒန်တျန်ထဲသို့ ပြန်လည် သိမ်းဆည်းလိုက်သည်။

ထို့နောက် စုယွီသည် ဒုတိယအဆင့် အလယ်အလတ် အရှိန်အဝါ ဖုံးကွယ်ခြင်း အဆောင်နှင့် ကိုယ်ပျောက် အဆောင်တို့ကို သူ့ကိုယ်ပေါ်တွင် ကပ်လိုက်ပြီး မြေကမ္ဘာ လွတ်မြောက်ခြင်း စွမ်းရည် ကို အသုံးပြုကာ လျင်မြန်စွာ ထွက်ခွာသွားတော့သည်။

“ဝှစ်..ဝှစ်”

တိုက်ပွဲ ပြီးဆုံးပြီး မကြာမီမှာပင် သွေးဆာနေသော ဝံပုလွေအုပ်ကြီးအလား ကျင့်ကြံသူ အများအပြား အရပ်ရပ်မှ စုပြုံ ရောက်ရှိလာကြလေသည်။

သို့သော် ဝမ်းနည်းစရာ ကောင်းသည်မှာ သူတို့ ရောက်လာချိန်တွင် တိုက်ပွဲ ပြီးဆုံးသွားပြီ ဖြစ်သလို စစ်မြေပြင်ကိုလည်း သေချာ ရှင်းလင်းသွားခဲ့ပြီ ဖြစ်လေသည်။

သူတို့ ပြန်လည် မပြုပြင်နိုင်သော အရာ တစ်ခုသာ ကျန်ရစ်ခဲ့၏။ ၎င်းမှာ ထိပ်တန်း နဂါးသတ် အဆောင်ကြောင့် ထက်ပိုင်း ပြတ်သွားသော တောင်ကြီး တစ်လုံးပင်။

သွေးနံ့ရပြီး ရောက်လာကြသော ကျင့်ကြံသူများသည် အခင်းဖြစ်ပွားရာ နေရာကို လိုက်လံ စစ်ဆေးကြည့်ရှုကြပြီး နောက်ဆုံးတွင် ထက်ပိုင်း ပြတ်နေသော တောင်ကြီးကို တွေ့လိုက်ရသောအခါ လေအေးများ ရှူရှိုက်လိုက်မိကြလေသည်။

"ဘယ်သူလဲ... ဘယ်သူ လက်ချက်လဲ..."

"စောစောက အခြေခံ တည်ဆောက်ခြင်း အဆင့် (၅) ကျင့်ကြံသူ တစ်ယောက်ရဲ့ အရှိန်အဝါကို ခံစားလိုက်ရတယ်... ပြီးတော့ ပျောက်သွားတယ်..."

"ဘုရားရေ... အသက်ရှူချိန် (၁၀) ကြိမ်တောင် မပြည့်ခင်မှာ အဆင့် (၅) ကျင့်ကြံသူ တစ်ယောက် အသတ်ခံလိုက်ရတာလား..."

"ဒီတောင်ကြီးကို ကြည့်ပါဦး... အသတ်ခံရတဲ့ အဆင့် (၅) ကျင့်ကြံသူရဲ့ အဖြစ်ဆိုးကို မှန်းဆကြည့်လို့ ရတယ်... တောင်တစ်လုံးလုံး ထက်ပိုင်း ပြတ်သွားတယ် ဆိုတော့... သူလည်း အမှုန့်တောင် ကျန်မှာ မဟုတ်တော့ဘူး..."

"ဒါပေမဲ့ လုပ်သွားတဲ့သူက တော်တော် မြန်မြန်ဆန်ဆန် ထွက်ပြေးသွားတာပဲ... ဘယ်သူ ဖြစ်မလဲ မသိဘူး..."

ကျင့်ကြံသူများသည် တီးတိုး ဆွေးနွေးရင်း တစ်ယောက်ကို တစ်ယောက် သံသယ မျက်လုံးများဖြင့် ကြည့်နေကြလေသည်။ ထို့နောက် အကျိုးအမြတ် ဘာမှ မတွေ့ရသဖြင့် လူစုခွဲ ထွက်ခွာသွားကြတော့သည်။

‌ဂူစံအိမ် အတွင်း၌။

စုယွီသည် တိတ်တဆိတ် ပြန်ရောက်လာပြီး ပတ်ဝန်းကျင် အခြေအနေကို ခေတ္တမျှ စောင့်ကြည့် အကဲခတ်နေလိုက်သည်။

All Chapters