အရက်ကြမ်း တာအိုဆရာမလေး
Vol. 8 Ch. 110
~လော့ချန်ယွီ၏ စကားများကို နားထောင်ပြီးနောက် စုယွီ့စိတ်ထဲတွင် တစ်စုံတစ်ရာ လွဲချော်နေသလို ခံစားလိုက်ရသည်။ သူသည် ရွှေကျောက်စိမ်း ဂိတ်တံခါး အပျက်အစီး နယ်မြေထဲသို့ တစ်ကြိမ်တစ်ခါမျှ မဝင်ဖူးသလို၊ ထိုနေရာအနီးအနားသို့ပင် မကပ်ဖူးခဲ့ပေ။
သို့သော်လည်း ထိုအပျက်အစီးနယ်မြေမှ အဖိုးတန်ရတနာ သုံးပါးအနက် နှစ်ပါးဖြစ်သော ရုပ်သေးပညာနှင့် ကျင့်စဉ်အပိုင်းအစများမှာမူ ယခုအခါ သူ့လက်ထဲသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိနေလေပြီ။ တကယ့်ကို ထူးဆန်းအံ့သြဖွယ်ရာ ကံကြမ္မာပင် ဖြစ်တော့၏။
'ငါ့မှာ အင်အား မလုံလောက်သေးဘူး... ရွှေကျောက်စိမ်း ဂိတ်တံခါး အပျက်အစီးထဲ မဝင်ဖူးဘူးလို့ ကျိန်ရဲတယ်... မိစ္ဆာတောင်ကြား ရှစ်ခုကိုတောင် မသွားဖူးဘူး...'
စုယွီသည် မိမိကိုယ်ကို ဇာတ်တိုက်ကာ စိတ်ပိုင်းဖြတ်လိုက်သည်။ အကယ်၍ တစ်စုံတစ်ယောက်ကသာ ဤလျှို့ဝှက်ချက်ကို သိသွားပါက သူသည် အန္တရာယ်တွင်းထဲသို့ နက်နက်ရှိုင်းရှိုင်း ကျရောက်သွားမည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်၏။
စားသောက်ပွဲ ပြီးဆုံးသွားသော်လည်း စုယွီ့အတွက်မူ ဗဟုသုတနှင့် သတင်းအချက်အလက်များစွာ ရရှိလိုက်သည့် ပွဲတစ်ပွဲ ဖြစ်ခဲ့လေသည်။ ညဉ့်နက်သန်းခေါင်တိုင်အောင် စုဇီနှင့် လော့ချန်ယွီတို့ကို ပြုစုဧည့်ခံပြီးမှသာ ပြန်လည် ပို့ဆောင်လိုက်တော့သည်။
—----
နောက်တစ်နေ့ နံနက်ခင်းသ၌၊
ထိုနေ့သည် ကောင်းကင်ယံ၌ မိုးတိမ်များ အုံ့မှိုင်းနေသော နေ့တစ်နေ့ ဖြစ်၏။ စုယွီ၊ ယွီပိုင်ရှန်၊ ယွီပိုင်ဟယ်၊ ယွီခယ်အာနှင့် ယွီချန်ချင်းတို့သည် လေလံရုံ၏ ဒုတိယထပ်ရှိ သီးသန့်အခန်း တစ်ခုတွင် စုဝေးရောက်ရှိနေကြသည်။
ထိုလေလံရုံသည် တာ့ယွဲ့အတွင်းဈေး၏ အလယ်ဗဟိုတွင် တည်ရှိပြီး တာ့ယွဲ့နန်းတော်က ပိုင်ဆိုင်သော သုံးထပ် အဆောက်အဦးကြီး ဖြစ်လေသည်။
တတိယထပ်ရှိ အခန်းများတွင်မူ အမြုတေဖွဲ့စည်းခြင်းအဆင့်နှင့် တုပအမြုတေအဆင့်ရှိသော သက်ကြီးဝါကြီး ကျင့်ကြံသူကြီးများ နေရာယူထားကြ၏။
အခြေခံတည်ဆောက်ခြင်းအဆင့် (၉) ရှိသော ယွီပိုင်ရှန်သည်ပင်လျှင် ဒုတိယထပ်၌သာ နေခွင့်ရလေသည်။
တစ်ချိန်တည်းမှာပင် တာအိုဆရာ အဘိုးအိုအဖြစ် ရုပ်ဖျက်ထားသော စုယွီ၏ ရုပ်သေးရုပ်သည်လည်း လေလံရုံ၏ ဒုတိယထပ်၌ အခန်းတစ်ခန်းကို ငှားရမ်းထားရှိလေသည်။
နာရီဝက်ခန့် ကြာမြင့်ပြီးနောက်၊ ပထမထပ်ရှိ လေလံခန်းမကြီးအတွင်း၌ လူများဖြင့် ပြည့်နှက်လုနီးပါး ဖြစ်နေတော့၏။ လေလံရုံအတွင်းသို့ ဝင်ရောက်ရန် အနည်းဆုံး အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး (၁၀၀၀) ပိုင်ဆိုင်ကြောင်း သက်သေပြရသော်လည်း လူအုပ်ကြီးမှာ စည်ကားလွန်းလှသည်။ အကယ်၍သာ ထိုသို့ ကန့်သတ်မထားပါက တာ့ယွဲ့မှောင်ခိုဈေးအတွင်းရှိ လူအားလုံး ဤနေရာသို့ စုပြုံတိုးဝင်လာကြမည်မှာ အမှန်ပင်။
"ဟီးဟီးဟီး... တာ့ယွဲ့နန်းတော်ရဲ့ လေလံပွဲကို ကြိုဆိုပါတယ် တာအိုမိတ်ဆွေတို့ရေ... ဒီနေ့ လေလံပွဲကို ကျွန်မ 'အရက်ကြမ်း တာအိုဆရာမ' က ဦးစီးပြီး ကျင်းပသွားမှာပါရှင်"
ရုတ်တရက် အနီရောင်အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားပြီးနောက် ဆွဲဆောင်မှုရှိသော အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦး လေလံစင်မြင့်ပေါ်သို့ ရောက်ရှိလာလေသည်။ သူမ၏ အလှအပသည် ပရိသတ်အပေါင်းကို မှင်သက်သွားစေခဲ့၏။ တတိယထပ်မှ ပုဂ္ဂိုလ်ကြီးများပင်လျှင် ခေတ္တမျှ ငြိမ်သက်သွားကြရသည်။
ထိုခဏ၌ လေလံရုံတစ်ခုလုံးသည် တိတ်ဆိတ်ငြိမ်သက်ခြင်းများ ဖုံးလွှမ်းသွားတော့သည်။ သီးသန့်အခန်းထဲမှ စုယွီသည် ထိုအမျိုးသမီးကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားမိ၏။
'အရက်ကြမ်း တာအိုဆရာဆိုတာ မိန်းမသားတစ်ယောက်လား...'
ကောင်းကင် အပျက်အစီး ကျောင်းတော်မှ ရရှိထားသော သတင်းအချက်အလက်များထဲတွင် အရက်ကြမ်းတာအိုဆရာမှာ အမျိုးသမီးဖြစ်ကြောင်း မဖော်ပြထားပေ။ နာမည်နှင့် ပုံစံကို ကြည့်ကာ တာ့ယွဲ့မှောင်ခိုဈေးကို အုပ်ချုပ်နေသည့် ပုဂ္ဂိုလ်ကြီးမှာ သက်ကြီးဝါကြီး အမျိုးသားတစ်ဦးဟုသာ သူ ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
အရက်ကြမ်း တာအိုဆရာမသည် သူမ၏ အမည်နှင့် လိုက်ဖက်စွာပင် စိတ်မြန်လက်မြန် ရှိလှပေသည်။ အတိုချုံး နှုတ်ဆက်ပြီးသည်နှင့် ပထမဆုံး လေလံပစ္စည်းကို ထုတ်ပြရန် အချက်ပြလိုက်လေသည်။
"ပထမဆုံးပစ္စည်းကတော့... 'ရွှေရောင်သက်တံ ဒေါသမီးလျှံ' လို့ အမည်ရတဲ့ ထိပ်တန်းအဆင့် ပျံသန်းရေးဓားကျိုး တစ်လက်ပါ... ကျွန်မအမြင် ပြောရရင်တော့ ဒီဓားက ဒေါသမီးလျှံဆိုတဲ့ နာမည်နဲ့ မတန်ပါဘူးရှင်"
သူမက ခပ်ဟော့ဟော့ အမူအရာဖြင့် ဆက်ပြောလိုက်၏။
"ကဲ... စိတ်ဝင်စားတဲ့သူ ရှိလား... အဖွင့်ဈေးက အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး (၂၀၀၀)... ဈေးတိုးချင်ရင် ကြိုက်သလောက် တိုးကြရှင်... လုပ်ချင်သလိုသာ လုပ်ကြတော့"
မူလ လေလံပွဲမှူးခမျာ သူမ၏ စကားကြောင့် မျက်ရည်ကျလုမတတ် ဖြစ်နေရှာသည်။
'အဖွားရယ်... ဒါ လေလံပွဲ ဟုတ်ရဲ့လား... ကျွန်တော်တို့ ထမင်းအိုး ကွဲပါပြီဗျာ'
ကျန်ရှိသော ပရိသတ်ကြီးမှာလည်း သူမ၏ အပြောကြောင့် ပါးစပ်အဟောင်းသား ဖြစ်နေကြ၏။ သူတို့သည် စင်ပေါ်ရှိ ထိပ်တန်းအဆင့် ပျံသန်းရေးဓားကို သေချာစွာ ကြည့်ရှုလိုက်ကြသည်။ ဓားသည် အလွန်ထက်မြက်ပြီး မည်သည့် အနာအဆာမျှ မရှိဘဲ အသစ်စက်စက် ဖြစ်နေလေသည်။
'ဒါကိုမှ ဓားကျိုးလို့ ခေါ်ရသလား...'
ခေတ္တအကြာတွင် ပထမထပ်မှ ကြိုကြားကြိုကြား ဈေးခေါ်သံများ ထွက်ပေါ်လာတော့သည်။ တဖြည်းဖြည်းနှင့် လေလံပွဲ အရှိန်မြင့်တက်လာပြီး ခန်းမတစ်ခုလုံး တက်ကြွလာလေ၏။ နောက်ဆုံးတွင် ထိုမှော်လက်နက်ကို ဒုတိယထပ်မှ လူတစ်ဦးက ဝိညာဉ်ကျောက်တုံး (၃၃၀၀) ဖြင့် လေလံအောင်သွားခဲ့သည်။
"နောက်ထပ် ပစ္စည်းကတော့... အရည်အသွေး မမီတဲ့ ဒုတိယအဆင့် အလယ်အလတ်အဆောင် (၁၀) ခုပါ... အဖွင့်ဈေးက ဝိညာဉ်ကျောက်တုံး (၅၀၀၀)... ဘယ်သူ ယူမလဲဟေ့"
အနီရောင်ဝတ်စုံနှင့် ထင်ရှားပေါ်လွင်နေသော အမျိုးသမီးက ခပ်ပြတ်ပြတ်ပင် မိတ်ဆက်ပေးလိုက်လေသည်။
ဓားကျိုးမှော်လက်နက်နှင့် အရည်အသွေးမမီသော အဆောင်များဟူသည့် အသုံးအနှုန်းကို ကြားသောအခါ စုယွီသည် ရယ်ချင်စိတ်ကို အတင်းအောင့်ထားလိုက်ရ၏။ သူမ၏ စရိုက်မှာ တကယ်ကို ထူးခြားဆန်းပြားလှပေသည်။ ဤကဲ့သို့သော လေလံပွဲမျိုးကို သူ တစ်သက်နှင့်တစ်ကိုယ် တစ်ခါမျှ မကြုံဖူးခဲ့ပေ။
အချိန်အတန်ကြာသောအခါ ကျင့်ကြံသူများသည် ပိုမိုပြင်းထန်စွာ ဈေးပြိုင်လာကြလေသည်။ အမျိုးသားကျင့်ကြံသူ အများအပြားမှာ စင်ပေါ်မှ အမျိုးသမီး၏ ဆွဲဆောင်မှုအောက်တွင် ကျရောက်သွားကြပြီး သူမ၏ အာရုံစိုက်မှုကို ရရှိရန်အတွက် ကြွားဝါကာ လေလံဆွဲနေကြပုံ ရ၏။ ကံကောင်းသည်မှာ ထိုသူများမှာ ပထမထပ်မှ သာမန်ကျင့်ကြံသူများသာ ဖြစ်သဖြင့် လေလံပွဲရလဒ်အပေါ် သိပ်ပြီး ဂယက်မရိုက်လှပေ။
နေ့လယ်ခင်းအချိန်။
နောက်ဆုံး၌ စုယွီ စိတ်ဝင်စားသော ပထမဆုံး လေလံပစ္စည်း ထွက်ပေါ်လာခဲ့လေသည်။ ၎င်းမှာ အရှင်ဖမ်းဆီးထားသော ဒုတိယအဆင့် ထိပ်တန်းအရည်အသွေးရှိ 'လက်ရှစ်ဖက် ဓားသွား နှံကောင်' ပင် ဖြစ်၏။
"ဒါက ချစ်စရာကောင်းတဲ့ ကောင်လေးပါ... ဒုတိယအဆင့် ထိပ်တန်း နှံကောင်သားရဲလေးလေ... အပြင်မှာ ရှာလို့မရတဲ့ အကောင်မျိုးပါ... ရွှေကျောက်စိမ်း ဂိတ်တံခါး အပျက်အစီးထဲက ဖမ်းလာတာ... သူ့ရဲ့ အင်အားက အခြေခံတည်ဆောက်ခြင်းအဆင့် (၈) လောက်နဲ့ ညီမျှပါတယ်ရှင်"
အရက်ကြမ်း တာအိုဆရာမလေးသည် သူမ၏ မီးတောက်လို ရဲရဲနီနေသော နှုတ်ခမ်းလေးမှ တစ်ဆင့် ပရိသတ်ကို ဆွဲဆောင်လိုက်ပြန်သည်။
"အဖွင့်ဈေးက ဝိညာဉ်ကျောက်တုံး (၅၀၀၀)... ကြိုက်သလောက် ဈေးတိုးနိုင်တယ်... စိတ်ဝင်စားရင် ဆွဲကြတော့ရှင့်"
အရှင်ဖမ်းဆီးထားသော ဒုတိယအဆင့် ထိပ်တန်းသားရဲ လေလံပွဲတွင် ပါလာခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်လေရာ ခန်းမတစ်ခုလုံး ဆူညံသွားတော့သည်။ သို့သော်လည်း ၎င်းမှာ ယဉ်ပါးပြီးသား သားရဲ မဟုတ်သဖြင့် သာမန်ကျင့်ကြံသူများအတွက်မူ အသုံးမဝင်လှပေ။ ထို့ကြောင့် ကနဦး ဂယက်ထမှု ပြီးဆုံးသွားသောအခါ လေလံဆွဲသူ အနည်းငယ်သာ ကျန်တော့၏။
"ငါးထောင် ငါးရာ"
"ခြောက်ထောင်"
"ခုနစ်ထောင်"
ယွီမိသားစုခေါင်းဆောင် ယွီပိုင်ရှန်သည် အကြိမ်အနည်းငယ် ဈေးပြိုင်ကြည့်သော်လည်း ဈေးနှုန်းမှာ (၁) သောင်း ကျော်လွန်သွားသောအခါ လက်လျှော့လိုက်လေသည်။
'ဒီထက် ဈေးပိုပေးရမယ်ဆိုရင်တော့... အပျက်အစီး နယ်မြေထဲ ကိုယ်တိုင်ဝင်ပြီး ကိုယ်နဲ့ကိုက်ညီမယ့် သားရဲရှာတာက ပိုတန်သေးတယ်'
နောက်ဆုံးတွင် ဒုတိယထပ်ရှိ စုယွီ၏ ရုပ်သေးရုပ်သည် ဝိညာဉ်ကျောက်တုံး (၁၁၀၀၀) ဖြင့် ထိုနှံကောင်သားရဲကို လေလံအောင်သွားခဲ့လေသည်။ ထို့နောက် နှံကောင်သားရဲ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများနှင့် အခြားသော ဒုတိယအဆင့် ထိပ်တန်းသားရဲပစ္စည်းများကိုလည်း ရုပ်သေးရုပ်က ဝိညာဉ်ကျောက်တုံး (၅၀၀၀) နီးပါးဖြင့် ထပ်မံ ဝယ်ယူလိုက်ပြန်သည်။
ဆက်တိုက် လေလံအောင်နေသော ရုပ်သေးရုပ်ကို လူအများက စိတ်ဝင်တစား စောင့်ကြည့်လာကြ၏။ 'အလင်းအရိပ်ကျောက်' ကို နောက်ထပ် ဝိညာဉ်ကျောက်တုံး (၅၀၀၀) ဖြင့် ထပ်မံ ဝယ်ယူလိုက်သောအခါတွင်မူ ရုပ်သေးရုပ်သည် အစွမ်းထက် ကျင့်ကြံသူ အများအပြား၏ ပစ်မှတ်ထားခြင်းကို ခံလိုက်ရတော့သည်။
မျက်နှာဖုံးနှင့် ဝတ်ရုံကို ဝတ်ဆင်ထားသော ရုပ်သေးရုပ်သည် ထိုအကြည့်များကို ဂရုမစိုက်ဘဲ အသာအယာ ပြုံးလိုက်လေသည်။ အခြေခံတည်ဆောက်ခြင်း နှောင်းပိုင်းအဆင့် ရောက်နေသူ အနည်းငယ်လောက်ကိုသာ သူ သတိထားရမည် ဖြစ်၏။
ရုပ်သေးရုပ်သည် ဟန်မပျက်ပင် အခန်းထဲမှ ထွက်ခွာခဲ့ပြီး လေလံအောင်ထားသော ပစ္စည်းများကို သွားရောက် ရယူလိုက်လေသည်။ စုစုပေါင်း အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး (၃) သောင်းနီးပါးခန့် သုံးစွဲလိုက်ခြင်း ဖြစ်ပေသည်။