အရက်ကြမ်း တာအိုဆရာနှင့် ရုပ်သေးဝိညာဉ်၏ စွမ်းပကား
Vol. 8 Ch. 111
~မကြာမီပင် တာအိုကိုယ်ပွား ရုပ်သေးသည် လေလံရုံအတွင်းမှ ထွက်ခွာလာခဲ့၏။ အပြင်သို့ ရောက်သည်နှင့် ဒုတိယအဆင့် အလယ်အလတ် အရှိန်အဝါဖုံးကွယ်ခြင်း အဆောင်နှင့် ကိုယ်ပျောက် အဆောင်တို့ကို ချက်ချင်းအသုံးပြုကာ မြေလျှိုး၍ ပျောက်ကွယ်
သွားတော့သည်။
“ဘုန်း... ဘုန်း... ဘုန်း…”
ပုံရိပ်များစွာသည် တစ်ယောက်ပြီးတစ်ယောက် အလျင်အမြန်ပင် နောက်မှ လိုက်လံထွက်ခွာလာကြလေသည်။ သူတို့၏ မျက်နှာများမှာ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားပြီး ရေရွတ်လိုက်ကြ၏။
"မြန်မြန်... နောက်က လိုက်ကြစမ်း... သူ အဝေးကြီး မရောက်နိုင်သေးဘူး"
လေလံရုံအတွင်း၌မူ...
ထွက်ခွာသွားသူများကို မည်သူမျှ ဂရုမစိုက်အားကြပေ။ အရက်ကြမ်း တာအိုဆရာမလေးသည် နီရဲတောက်ပြောင်ပြီး ဆွဲဆောင်မှုအပြည့် ရှိသော အမျိုးသမီးသုံး အတွင်းဝတ် ချပ်ဝတ် မှော်လက်နက် တစ်ခုကို ထုတ်ပြလိုက်ပြီး သာယာစွာ ရယ်မောလိုက်လေသည်။
"ဒီ အဆင့်မြင့် မှော်လက်နက် အတွင်းဝတ်အင်္ကျီကို 'ကြည်လင်သော စမ်းရေ' လို့ အမည်ရပါတယ်ရှင်။ အဖိုးတန် ဒုတိယအဆင့် သားရဲ 'ကောင်းကင်ယန် ပင့်ကူ' ရဲ့ ပိုးချည်မျှင်တွေနဲ့ ရက်လုပ်ထားတာ ဖြစ်လို့ ခံနိုင်ရည် အလွန်ကောင်းမွန်သလို၊ ထိတွေ့လိုက်ရင်လည်း ကိုယ်ပိုင်အသားအရေလိုပဲ နူးညံ့ချောမွေ့လှပါတယ်ရှင်။ ဒါတင်မကသေးဘူး... ရေခဲနဲ့ မီးလျှံ စွမ်းအင်နှစ်မျိုးစလုံး ပါဝင်တာကြောင့် တခြား အဆင့်မြင့် မှော်လက်နက်တွေတောင်မှ ဒါကို ထိုးဖောက်ဖို့ ခက်ခဲပါလိမ့်မယ်"
"အဖွင့်ဈေးကတော့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၃၀၀၀) ပါရှင်။ စိတ်ကြိုက် ဈေးပြိုင်နိုင်ပါတယ်"
ထိုပစ္စည်းကို ပြသလိုက်သောအခါ ယွီခယ်အာကဲ့သို့သော အမျိုးသမီးကျင့်ကြံသူများ၏ မျက်လုံးများ တောက်ပသွားရုံသာမက စုယွီကိုယ်တိုင်ပင်လျှင် စိတ်လှုပ်ရှားသွားမိ၏။
ထိုအတွင်းဝတ် ချပ်ဝတ်မှာ တကယ်ပင် ဆွဲဆောင်မှုရှိလှပေသည်။ အထူးသဖြင့် အရက်ကြမ်း တာအိုဆရာမလေး၏ လက်ထဲတွင် ရှိနေချိန်၌ ပို၍ပင် ထင်ရှားနေတော့၏။
စုယွီသည် ယွီခယ်အာကို လှမ်းကြည့်လိုက်ပြီး တိုးတိုးလေး မေးလိုက်လေသည်။
"စိတ်ဝင်စားလို့လားဟင်... မင်း လိုချင်ရင် ကိုယ် လေလံဆွဲပေးမယ်လေ"
လေလံဈေးနှုန်းမှာ ဝိညာဉ်ကျောက်တုံး (၄၀၀၀) ကျော်အထိ မြင့်တက်နေသည်ကို မြင်သောအခါ ယွီခယ်အာက ခေါင်းခါလိုက်၏။
"ဟင့်အင်း... ဈေးကြီးလွန်းတယ်"
စုယွီက ချက်ချင်းပင် တုံ့ပြန်လိုက်သည်။
"ကိစ္စမရှိပါဘူး... မင်း သဘောကျတယ်ဆိုရင် ကိုယ် ဝယ်ပေးပါ့မယ်"
ထိုစကားကြောင့် ယွီခယ်အာသည် သူ့ကို လှည့်ကြည့်ကာ ဘာမှမပြောဘဲ ပြုံးနေမိ၏။
"ဪ... ဒါဆိုရင်လည်း လေလံဆွဲပေးပါဦး"
ဤလေလံပွဲသို့ ရောက်ကတည်းက စုယွီသည် ပထမဆုံးအကြိမ်အဖြစ် ဈေးခေါ်လိုက်ပြီး ဝိညာဉ်ကျောက်တုံး (၅၁၀၀) ဖြင့် ထိုအတွင်းဝတ် ချပ်ဝတ်ကို အပိုင်ရယူလိုက်လေသည်။ သူသည် ဝိညာဉ်ကျောက်တုံးများစွာ ကုန်ဆုံးသွားသည့်အတွက် နှမြောတသခြင်း မရှိပေ။ သူ စဉ်းစားနေသည်မှာ ဂူစံအိမ်သို့ ပြန်ရောက်လျှင် ယွီခယ်အာကို ဤအင်္ကျီ ဝတ်ခိုင်းကြည့်ရန်သာ ဖြစ်တော့၏။
‘ရေခဲနှင့် မီးလျှံ စွမ်းအင်နှစ်မျိုးပါသော အတွင်းဝတ် ချပ်ဝတ်က ဘယ်လိုမျိုး အစွမ်းထက်မှာပါလိမ့် လေ။’
ထို့နောက်တွင်မူ ရှားပါးလှသော မှော်လက်နက်များနှင့် ဆေးဖော်စပ်ရာတွင် အသုံးပြုသည့် ကုန်ကြမ်းများ စတင်ထွက်ပေါ်လာပြီး လေလံပွဲမှာလည်း ပိုမိုပြင်းထန်လာခဲ့လေသည်။
လွန်ခဲ့သော ရက်အနည်းငယ်က စုယွီသည် ယွီပိုင်ရှန်ထံမှ အခြေခံတည်ဆောက်ခြင်း ဆေးလုံး ကုန်ကြမ်းစာရင်း နှစ်စုံ ရရှိထားပြီး ဖြစ်သောကြောင့် လေလံပွဲတွင် ဆက်လက်မပါဝင်တော့ပေ။
တစ်ချိန်တည်းမှာပင်... တာအိုကိုယ်ပွား ရုပ်သေးသည် အတွင်းဈေးမှ မြေလျှိုး၍ ထွက်ခွာလာခဲ့လေပြီ။
ရုတ်တရက် ကောင်းကင်ယံမှ ဓားချီ တစ်ခု ဆင်းသက်လာပြီး မြေပြင်ကို ထိုးဖောက်ဝင်ရောက်လာလေသည်။
"ဘုန်း"
မြေစာခဲများ နေရာအနှံ့ လွင့်စင်သွားတော့၏။
ရုပ်သေးရုပ်သည် မြေပြင်ပေါ်သို့ အလျင်အမြန်ပင် ခုန်ထွက်လာခဲ့ရလေသည်။ သူသည် ဒုတိယအဆင့် အလယ်အလတ် 'ရွှမ်ထျန်း ဒိုင်းကာအဆောင်' နှစ်ခုဖြင့် ထိုဓားချီကို ကပ်သီးကပ်သတ် ကာကွယ်လိုက်နိုင်သော်လည်း အတော်လေးပင် လူရုပ်မပေါက် ဖြစ်သွားရရှာသည်။
“ဘုန်း…”
ကောင်းကင်ယံမှ ပုံရိပ် တစ်ခုသည် ဓားကိုစီးနင်းကာ ဆင်းသက်လာလေသည်။ ထိုသူ၏ ခန္ဓာကိုယ်မှ အခြေခံ တည်ဆောက်ခြင်းအဆင့် (၈) ၏ အရှိန်အဝါများ အရပ်မျက်နှာအနှံ့ ပျံ့လွင့်နေ၏။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ဝိညာဉ်စွမ်းအင်ဖြင့် ဖွဲ့စည်းထားသော မရေမတွက်နိုင်သည့် ပျံသန်းရေးဓားများက ရုပ်သေးရုပ်ကို ဝိုင်းရံထားလိုက်တော့သည်။
"ဓားချီတစ်ချက်ကိုတော့ မင်း ကာကွယ်နိုင်သားပဲ... ဒါပေမဲ့ ဒီမန္တန်ကိုရော မင်း ဘယ်လို ခုခံမလဲ"
အခြေခံတည်ဆောက်ခြင်းအဆင့် (၈) ရှိသော ထိုကျင့်ကြံသူက ကြမ်းတမ်းသော အသံဖြင့် ပြောလိုက်လေသည်။
"အခြေခံတည်ဆောက်ခြင်းအဆင့် (၅) လောက်ရှိတဲ့ ပိုးကောင်လေးက ငါ့လက်ကနေ လွတ်မယ် ထင်နေတာလား... မင်းဆီက ပစ္စည်းတွေကို ဒီအတိုင်းပဲ ချန်ထားခဲ့စမ်းပါ"
“ဝူး…”
စကားသံ ဆုံးသည်နှင့် တပြိုင်နက် ကြောက်မက်ဖွယ်ရာ သတ်ဖြတ်ခြင်း အရှိန်အဝါများ ကျဆင်းလာပြီး ကောင်းကင်ပေါ်ရှိ ဓားထောင်သောင်းတို့သည် ရုပ်သေးရုပ်ဆီသို့ တဟုန်ထိုး ပြေးဝင်လာကြတော့သည်။
သို့သော် နောက်တစ်ခဏ၌...
ရုပ်သေးရုပ် အသွင်ဆောင်ထားသော အဘိုးအိုသည် ထွက်ပြေးနေခြင်းကို ရပ်တန့်လိုက်လေသည်။ သူ၏ မျက်နှာပေါ်တွင် ထီမထင်သော အပြုံးတစ်ခု ပေါ်လာပြီး ကြောက်မက်ဖွယ်ရာ အရှိန်အဝါကြီး တစ်ခု ပေါက်ကွဲထွက်လာတော့၏။ ထိုအရှိန်အဝါ၏ အားလှိုင်းကြောင့်ပင် လေထဲရှိ ဓားမုန်တိုင်းမှာ အလွယ်တကူပင် ကြေမွပျက်စီးသွားရလေသည်။
ထို့နောက် ရုပ်သေးရုပ်သည် လျှပ်စီးအလား တစ်လှမ်း လှမ်းလိုက်ပြီး ကောင်းကင်ပေါ်ရှိ ကျင့်ကြံသူ၏ ရှေ့မှောက်သို့ ရုတ်ချည်း ရောက်ရှိသွားတော့၏။
ရုပ်သေးရုပ်သည် လက်ဝါးဖြင့် ရိုက်ချလိုက်ရင်း ပြောလိုက်လေသည်။
"နောက်ဘဝကျရင် သူများကိစ္စမှာ ဝင်မပါနဲ့တော့ "
"ဘုန်း"
ထိုလက်ဝါးရိုက်ချက်သည် အခြေခံတည်ဆောက်ခြင်းအဆင့် (၈) ကျွမ်းကျင်သူ၏ မျက်နှာပေါ်သို့ တည့်တည့်ကျရောက်သွားပြီး သူ၏ ဦးခေါင်းကို ကြေမွသွားစေရုံသာမက၊ သူ၏ ခန္ဓာကိုယ်အောက်ပိုင်းကိုပါ သွေးမြူမှုန်အဖြစ် ပြောင်းလဲသွားစေတော့သည်။ ထိုကျင့်ကြံသူ၏ မျက်လုံးများထဲတွင် ထိတ်လန့်မှုများ ပြည့်နှက်နေဆဲပင်။
ဤအဖြစ်အပျက်မှာ အသက်ရှူချိန် တစ်ချက်ပင် မပြည့်မီ ဖြစ်ပျက်သွားခြင်း ဖြစ်၏။
စောစောကမှ မာန်တက်နေသော အဆင့် (၈) ကျွမ်းကျင်သူမှာ မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားရရှာလေပြီ။ သူ၏ ဝိညာဉ်ပင်လျှင် ပြင်းထန်လှသော စွမ်းအားအောက်၌ အမှုန့်ဖြစ်သွားရတော့သည်။
အဝေးမှ လိုက်လာကြသော အားနည်းသည့် ကျင့်ကြံသူများသည် ထိုမြင်ကွင်းကြောင့် ခြေလှမ်းများ တုံ့ခဲသွားကြ၏။ ရှေ့မှ ကြောက်မက်ဖွယ် အရှိန်အဝါကို ခံစားလိုက်ရသောအခါ သူတို့၏ မျက်လုံးများ ပြူးကျယ်သွားပြီး ဝိညာဉ်ပင် လွင့်ထွက်မတတ် ထိတ်လန့်သွားကြရှာသည်။
"အခြေခံတည်ဆောက်ခြင်း အထွတ်အထိပ် အဆင့်လား"
"မဟုတ်ဘူး... ဒါ... ဒါက တုပအမြုတေအဆင့် ပဲ"
ကျင့်ကြံသူများမှာ တုန်တုန်ရီရီဖြင့် အော်ဟစ်လိုက်ကြလေသည်။
"ပြေးကြ... ပြေးကြတော့ဟေ့"
လူအုပ်ကြီးမှာ အသက်လုကာ ထွက်ပြေးကြတော့၏။ တချို့ဆိုလျှင် ကြောက်လွန်း၍ ငိုပင် ငိုနေကြလေပြီ။
သောက်ကျိုးနည်း။
အခြေခံတည်ဆောက်ခြင်း အလယ်အလတ်အဆင့် ကျင့်ကြံသူအယောင်ဆောင်ထားပြီး တကယ်တမ်းကျတော့ တုပအမြုတေအဆင့် ဖြစ်နေတာလား။ ဒီတစ်ခါတော့ သေတွင်းထဲ နင်းမိတော့မလို့ပင်။
ရုပ်သေးရုပ်သည် ဆက်လက်တိုက်ခိုက်ခြင်း မပြုတော့ဘဲ သေဆုံးသွားသော အဆင့် (၈) ကျင့်ကြံသူ၏ ပစ္စည်းများကို သိမ်းဆည်းကာ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။ သူ့အပေါ် ကျရောက်နေသော အာရုံခံစိတ်များနှင့် အရှိန်အဝါများမှာလည်း ချက်ချင်းပင် ရုပ်သိမ်းသွားကြ၏။ မည်သူမျှ ဆက်လက် လျှာမရှည်ရဲကြတော့ပေ။
အခြေခံတည်ဆောက်ခြင်း အလယ်အလတ်အဆင့်ဆိုလျှင်တော့ သူတို့ ချောင်းမြောင်းရဲကြသော်လည်း၊ တုပအမြုတေအဆင့်ဆိုလျှင်တော့... ဒါက သေလမ်းရှာခြင်းသာ ဖြစ်ပေလိမ့်မည်။
ရုပ်သေးရုပ်သည် သူ၏ ဂူစံအိမ်သို့ တိုက်ရိုက်မပြန်ဘဲ တာ့ယွဲ့ တောင်တန်း၏ အတွင်းပိုင်းသို့ မြေလျှိုးသွားပြီး မြေအောက် ပေရာချီအနက်ရှိ ဂူတစ်ခုတွင် ပုန်းအောင်းလိုက်လေသည်။ ထိုအခါမှသာ ရုပ်သေး၏ ဝိညာဉ်စွမ်းအားများကို ပြန်လည် သိမ်းဆည်းလိုက်၏။
ထိုခဏ၌ စုယွီသည် ရုပ်သေးရုပ်၏ ကိုယ်ထည်တွင် အနည်းငယ် ထိခိုက်ဒဏ်ရာရသွားကြောင်း ခံစားလိုက်ရသည်။
ရုပ်သေး၏ ဝိညာဉ်စွမ်းအားမှာလည်း မှိန်ဖျော့သွားပြီး၊ ဝိညာဉ်စွမ်းအားကို ပြန်လည် မွေးမြူရန် အချိန်အနည်းငယ် ယူရပေဦးမည်။
စုယွီသည် စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းချလိုက်မိ၏။
'အစွမ်းထက်လိုက်တာ... ဒီရုပ်သေးဝိညာဉ်ရဲ့ စွမ်းအားက ငါထင်ထားတာထက် အများကြီး ပိုအားကောင်းတာပဲ... တုပအမြုတေအဆင့် ကျင့်ကြံသူထက် မနိမ့်ပါဘူး...'
သို့သော်လည်း...
စိတ်လှုပ်ရှားမှု ပြေပျောက်သွားသောအခါ ရုပ်သေးကိုယ်ထည်ပေါ်ရှိ အက်ကြောင်းများနှင့် မှိန်ဖျော့သွားသော ဝိညာဉ်ကို ကြည့်ပြီး စုယွီ သက်ပြင်းချလိုက်ပြန်သည်။
'ကိုယ်တိုင် ကျင့်ကြံထားတဲ့ အင်အားကမှသာ အမြဲတမ်း တည်တံ့မှာပါ... အဲ့ဒါမှသာ ထာဝရ ကျင့်ကြံခြင်းလမ်းစဉ်မှာ လိုက်စားထိုက်တာ...'
'မဟုတ်ရင်တော့... ဒါတွေ အားလုံးက ကောင်းကင်ပေါ်က ရဲတိုက်လိုပဲ... လှည့်စားမှုတစ်ခု သက်သက်ပါပဲလေ...'
ထို့နောက် ရုပ်သေးရုပ်သည် တင်ပျဉ်ခွေထိုင်လိုက်ပြီး သူ၏ သိုလှောင်အိတ်အတွင်းမှ ဝိညာဉ်သတ္တုရိုင်းများကို ထုတ်ယူကာ အဆီအနှစ်များကို စုပ်ယူလျက် သူ၏ ကိုယ်ထည်ကို ပြန်လည် ကုသနေလိုက်တော့သည်။
တာ့ယွဲ့ မှောင်ခိုဈေး လေလံရုံအတွင်း၌မူ...
စုယွီသည် ယွီခယ်အာအတွက် အနီရဲရဲ အဆင့်မြင့် အတွင်းဝတ် ချပ်ဝတ်ကို ဆက်လက် လေလံဆွဲပေးနေလေသည်။ ထိုအင်္ကျီမှာ ကာကွယ်ရေးစွမ်းရည် ကောင်းမွန်ရုံသာမက၊ အလှပဂေးတစ်ယောက် ဝတ်ဆင်လိုက်လျှင် အလွန်ပင် ညှို့ဓာတ်ပြင်းလှပေလိမ့်မည်။
အရက်ကြမ်း တာအိုဆရာမလေး ဝတ်ဆင်ထားသော အနီရောင် ဝတ်စုံနှင့်သာ တွဲဖက်လိုက်ပါက အလွန်ပင် ပြီးပြည့်စုံသွားမည်ဟု စုယွီ ခံစားနေမိ၏။
'လက်ဝါးတစ်ချက်တည်းနဲ့ သတ်ပစ်လိုက်နိုင်တာပဲ... ရုပ်သေးဝိညာဉ်က တကယ်ကို အစွမ်းထက်တာပဲ ခင်ဗျာ'
စုယွီသည် လေလံဆွဲနေရင်း တဖက်တွင်လည်း ရုပ်သေးရုပ်၏ အခြေအနေကို စောင့်ကြည့်နေခြင်း ဖြစ်သည်။
လုယက်ရန် ကြိုးစားသော အဆင့် (၈) ကျင့်ကြံသူကို ရုပ်သေးဝိညာဉ်က မျက်တောင်တစ်ခတ်အတွင်း သတ်ဖြတ်လိုက်နိုင်သည်ကို မြင်သောအခါမှသာ သူ စိတ်အေးသွားရတော့သည်။
ကံကောင်းသွားတယ်လို့ပဲ ဆိုရမှာပေါ့။
ရုပ်သေးဝိညာဉ် ရှိနေလို့သာ တော်တော့သည်။
မဟုတ်ရင် သူ ဒီလေလံပွဲကို တက်ရဲမှာ မဟုတ်ပါ။
ပစ္စည်းအနည်းငယ်အတွက်နှင့်ပင် အခြေခံတည်ဆောက်ခြင်း အလယ်အလတ် အဆင့်ဟု ထင်ရသော ရုပ်သေးရုပ်မှာ အဆင့် (၈) ကျွမ်းကျင်သူ အပါအဝင် လူအများအပြား၏ လိုက်လံ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည် မဟုတ်ပါလော။
တကယ်ကို ကြောက်စရာ ကောင်းလှပေသည်။
'အဆင့် (၉) ကျင့်ကြံသူနဲ့ ဆိုရင်ရော ဘယ်လိုနေမလဲ'
စုယွီသည် သူ့ဘေးနားရှိ ယွီမိသားစုခေါင်းဆောင် ယွီပိုင်ရှန်ကို တစ်ချက် လှမ်းကြည့်လိုက်မိ၏။ အဆင့် (၉) နှင့် တုပအမြုတေအဆင့်တို့အကြား စွမ်းအားကွာခြားချက်မှာ မည်မျှ ရှိမည်နည်းဟု သူ တိတ်တဆိတ် တွေးတောနေမိလေသည်။
'ရုပ်သေးဝိညာဉ်ရဲ့ စွမ်းအားကို မြှင့်တင်နိုင်မယ့် နည်းလမ်း ရှာရမယ်'
အကယ်၍ ရုပ်သေးဝိညာဉ်က အမြုတေဖွဲ့စည်းခြင်းအဆင့် အထိ ရောက်သွားမယ်ဆိုရင်တော့... ဟူး…’
မကြာမီပင်...
ဟွာယွမ်ဆေးလုံး ဖော်စပ်ရာတွင် အသုံးပြုသော အထောက်အကူပြု ဆေးမြစ်များ လေလံတင်လာသဖြင့် ယွီပိုင်ရှန်၏ မျက်လုံးများ တောက်ပသွားပြီး ဆက်တိုက်ဆိုသလို လေလံဆွဲတော့သည်။
အထောက်အကူပြု ဆေးမြစ်များပင်လျှင် တစ်ခုကို အနည်းဆုံး ဝိညာဉ်ကျောက်တုံး (၅၀၀၀) ခန့် ရှိပြီး၊ အချို့မှာ (၁၀၀၀၀) နီးပါးအထိ ဈေးတက်နေလေသည်။ သို့သော် ယွီပိုင်ရှန်သည် တုံ့ဆိုင်းခြင်းမရှိဘဲ အလုအယက် ဝယ်ယူနေလေသည်။
အခြေခံတည်ဆောက်ခြင်းအဆင့် (၉)၊ တုပအမြုတေနှင့် အမြုတေဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူများမှာ ဟွာယွမ်ဆေးလုံး ကုန်ကြမ်းများအတွက် ရူးသွပ်စွာ ဈေးပြိုင်နေကြသည်ကို ကြည့်ပြီး စုယွီ ရတက်မအေး ဖြစ်လာမိ၏။
‘ဒီအတိုင်းသာ ဆက်ပြီး လုနေကြမယ်ဆိုရင်... လေလံပွဲပြီးလို့ အပြင်ကို ထွက်သွားကြတဲ့အခါမှာ သွေးချောင်းစီးမယ့် တိုက်ပွဲတွေ ဖြစ်လာဦးမှာလား။’