← Chapters

ဖီးနစ် နတ်ဘုရားနန်းတော်နှင့် ဖီးနစ်သက်ဆင်းနယ်မြေ

Vol. 8 Ch. 112

ဖီးနစ် နတ်ဘုရားနန်းတော်နှင့် ဖီးနစ်သက်ဆင်းနယ်မြေ

Vol. 8 Ch. 112

~လေလံစင်မြင့်ထက်တွင်...

အရက်ကြမ်း တာအိုဆရာမလေးသည် ကျောက်စိမ်းသေတ္တာ တစ်လုံးကို အသာအယာထုတ်ယူလိုက်၏။ မီးဟုန်းဟုန်းတောက်နေသကဲ့သို့ နီရဲစွဲမက်ဖွယ်ကောင်းသော ဝတ်ရုံအောက်၌ သူမ၏ ခန္ဓာအလှမှာ အထင်းသားပေါ်လွင်နေပေသည်။ သူမ၏ နီမြန်းသော နှုတ်ခမ်းလွှာတို့ လှုပ်ရှားသွားပြီးနောက် သာယာနာပျော်ဖွယ် ရယ်မောသံတစ်ခု ထွက်ပေါ်လာလေသည်။

"အဟင်းဟင်း..ဒါကတော့ ဒီနေ့လေလံပွဲရဲ့ နောက်ဆုံး အဖိုးတန်ပစ္စည်း (၂) မျိုးထဲက တစ်ခုပါပဲရှင်။ 'လေဟာနယ်ကောင်းကင်ကြာပန်း' လို့ ခေါ်ပါတယ်။ ဟွာယွမ်ဆေးလုံး ဖော်စပ်ရာမှာ မပါမဖြစ် အဓိကကုန်ကြမ်းပေါ့။ အစားထိုးစရာပစ္စည်း လုံးဝမရှိပါဘူး။ အဖွင့်ဈေးကို အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး (၈၀၀) ကနေ စပါမယ်။ တစ်ခါဈေးတိုးရင် အနည်းဆုံး (၅၀) တိုးပေးရပါမယ်ရှင်။ စိတ်ဝင်စားတဲ့သူတွေ စတင်ဈေးခေါ်နိုင်ပါပြီ"

ဒုတိယထပ်ရှိ သီးသန့်အခန်းထဲမှ ယွီပိုင်ရှန်သည် တုံ့ဆိုင်းမနေဘဲ ချက်ချင်းပင် အသံလွှင့်ကာ ဈေးခေါ်လိုက်၏။

"အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး (၁၀၀၀) "

အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်တုံးသည် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး (၁၀၀) နှင့် ညီမျှသော်လည်း လက်တွေ့တွင်မူ ထိုထက်ပို၍ တန်ဖိုးရှိလှပေသည်။ အင်အားစုကြီးများ၏ ဆိုင်များတွင်ပင် ကန့်သတ်ချက်ဖြင့်သာ လဲလှယ်နိုင်သော အရာမျိုး မဟုတ်ပါလော။

အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး (၁၀၀၀) ဆိုသည်မှာ အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး (၁) သိန်းနှင့် ညီမျှနေတော့၏။ ထို့ပြင် လေလံယူနစ်ကို အလယ်အလတ်အဆင့် ကျောက်တုံးဖြင့် သတ်မှတ်ထားခြင်းမှာ ထိုကျောက်တုံးမျိုးဖြင့်သာ ပေးချေရမည်ဟု ဆိုလိုခြင်းပင် ဖြစ်သည်။

ယွီပိုင်ရှန်က တစ်ခါတည်းနှင့် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး (၂) သောင်းခန့်နှင့် ညီမျှသောဈေးကို တိုးမြှင့်ခေါ်ဆိုလိုက်သည်ကို ကြားသောအခါ ဒုတိယထပ်ရှိ လူများနှင့် တတိယထပ်မှ တုပအမြုတေအဆင့်၊ အမြုတေဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူများမှာ မျက်ခုံးပင့်သွားကြရလေသည်။

ဒီဈေးနှုန်းမှာ အတော်လေးကို အသားကျနေသည့် ပမာဏပင်။

'ထားလိုက်ပါတော့လေ... ဒီထက် ဈေးပိုပေးဖို့ဆိုတာ မလွယ်တော့ဘူး'

ဒုတိယထပ်ရှိ လူအချို့မှာ ထိုသို့တွေးတောရင်း လေလံဆွဲရန် လက်လျော့လိုက်ကြကုန်၏။ ဤဈေးနှုန်းမှာ သူတို့၏ အကန့်အသတ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

သို့သော်လည်း တတိယထပ်မှ အမြုတေဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူကြီးများမှာမူ အလွယ်တကူ လက်လျှော့မည့်ပုံမပေါ်ချေ။

"အလယ်အလတ်အဆင့်ကျောက် (၁၀၅၀) ပါ"

" (၁၁၀၀) "

" (၁၁၅၀) "

ဈေးနှုန်းများမှာ တစ်စတစ်စ မြင့်တက်လာခဲ့၏။ နောက်ဆုံးတွင် ခိုင်ရန် နန်းတော်မှ ဂိုဏ်းချုပ်ကြီးက အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး (၁၆၀၀) ဖြင့် ဈေးခေါ်လိုက်သောအခါတွင်မူ မည်သူမျှ ထပ်မံ မတိုးမြှင့်ကြတော့ပေ။

ပထမဆုံး ဈေးစခေါ်ခဲ့သော ယွီပိုင်ရှန်မှာမူ ထိုအချိန်မှစ၍ တစ်ခွန်းမျှ ထပ်မပြောတော့ဘဲ ငြိမ်သက်နေလေသည်။

ခိုင်ရန် နန်းတော်၊ ဓားမြို့တော်ချင်မိသားစု၊ ရွှမ်ကျန်းအင်မော်တယ်ဂိုဏ်း၊ သားရဲထိန်းလီမိသားစု စသည့် အင်အားစုကြီးများ 'လေဟာနယ်ကောင်းကင်ကြာပန်း' အတွက် အပြင်းအထန် လုယက်နေကြသည်ကို ကြည့်ကာ ယွီပိုင်ရှန်က သက်ပြင်းချရင်း ခေါင်းခါလိုက်၏။

"ငါတို့အနေနဲ့ အထောက်အကူပြု ဆေးမြစ်အချို့ကိုပဲ ရယူနိုင်မှာပါ။ တကယ်လို့များ ဒီကြာပန်းကို ငါတို့ လေလံအောင်သွားခဲ့ရင်တောင်မှ... ဒီအတွင်းဈေးကနေ ဘေးမသီရန်မခဘဲ ထွက်သွားနိုင်ပါ့မလားဆိုတာ သံသယရှိစရာပဲ"

အင်အားစုကြီးတွေက များလွန်းလှသည်။

တတိယထပ်မှာတင် အမြုတေဖွဲ့စည်းခြင်းအဆင့် (၅) ယောက်၊ (၆) ယောက်လောက် ထိုင်နေကြသလို တုပအမြုတေအဆင့်တွေကလည်း မနည်းမနောပင်။ ထိုသူများနှင့် ယှဉ်လိုက်လျှင် ယွီမိသားစုမှာ အတော်လေး သေးငယ်လှပေသည်။

ဤနေရာတွင် အခြေခံတည်ဆောက်ခြင်းအဆင့် (၉) ရှိသည့် ကျင့်ကြံသူ ဒါဇင်နှင့်ချီ၍ ရှိနေနိုင်၏။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် ယွီမိသားစုအနေဖြင့် မည်သို့လျှင် ခေါင်းပြူဝံ့ပါမည်နည်း။

"အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး (၁၆၀၀)... ရောင်းချလိုက်ပါပြီရှင်"

စင်မြင့်ထက်မှ အရက်ကြမ်းတာအိုဆရာမလေးသည် ကျေနပ်အားရစွာဖြင့် ကြာပန်းသေတ္တာကို သိမ်းဆည်းလိုက်လေသည်။ ထို့နောက် အခြားသော အဆင့်မြင့်မှော်လက်နက်တစ်ခုကို ထုတ်ပြလိုက်ပြန်၏။

"ဒါကတော့ 'ရှစ်မျက်နှာ မိုးကြိုးအိုး' လို့ အမည်ရတဲ့ အဆင့်မြင့်မှော်လက်နက် တစ်ခုပါရှင်။ သူ့အတွင်းထဲမှာ ဟင်းလင်းပြင်တစ်ခုပါဝင်ပြီး ရန်သူတွေကို သုတ်သင်ဖို့အတွက် အဆုံးမဲ့တဲ့ မိုးကြိုးလျှပ်စီးတွေကို သိုလှောင်ထားနိုင်ပါတယ်။ ဒါပေမဲ့ ရှေးဟောင်းမှတ်တမ်းတွေအရတော့... ဒီအိုးဟာ အမှန်တကယ်တော့ ဆေးဖော်စပ်တဲ့ အိုးတစ်လုံးဖြစ်ပါတယ်ရှင်။ ခရမ်းရောင်မိုးကြိုးကို အသုံးပြုပြီး ဆေးဖော်စပ်မယ်ဆိုရင် ဆေးလုံးရဲ့ အစွမ်းနဲ့ အရည်အသွေးကို ပိုမိုမြင့်မားစေနိုင်ပါတယ်"

"ဒါဟာ ရွှေကျောက်စိမ်းဂိတ်တံခါး အပျက်အစီးနယ်မြေကနေ ရရှိလာတဲ့ ရှားပါးလှတဲ့ ရှေးဟောင်းအဆင့်မြင့် မှော်လက်နက်တစ်ခုပါပဲရှင်"

တတိယထပ်ရှိ အခန်းတစ်ခုမှ အဘိုးအိုတစ်ဦးက မျက်မှောင်ကြုတ်ကာ မေးလိုက်လေသည်။

"မိတ်ဆွေတာအိုဆရာမ... ခရမ်းရောင်မိုးကြိုးနဲ့ ဆေးဖော်မယ်ဆိုရင် အရင်ဆုံး အဲ့ဒီမိုးကြိုးစွမ်းအားကို ထိန်းချုပ်နိုင်ဖို့ လိုတာပေါ့ မဟုတ်ဘူးလား။ အဲ့လိုမှမဟုတ်ရင်တော့ ဆေးဖော်စပ်ဖို့ထက် ဆေးလုံးတွေကို ဖျက်ဆီးပစ်ဖို့က ပိုလွယ်နေပါလိမ့်မယ်"

အရက်ကြမ်းတာအိုဆရာမလေးက ထိုစကားကို ပြုံးလျက် ခေါင်းညိတ်လက်ခံလိုက်၏။

"မိတ်ဆွေလီ ပြောတာ မှန်ပါတယ်ရှင်။ ဒီအိုးရဲ့ မိုးကြိုးစွမ်းအားက အတော်လေးကို ကြမ်းတမ်းခက်ထန်ပါတယ်။ ခရမ်းရောင်မိုးကြိုးနဲ့ ဆေးဖော်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး"

"ဒါပေမဲ့ ဆေးမဖော်ရင်တောင်မှ မိုးကြိုးတပ်စိပ်တစ်ခုစာ စွမ်းအားကို သယ်ဆောင်ထားနိုင်တဲ့ စွမ်းရည်နဲ့တင် ဒါဟာ အဖိုးတန် အဆင့်မြင့်မှော်လက်နက်တစ်ခု ဖြစ်နေပါပြီရှင်"

"ဒါကြောင့် အဖွင့်ဈေးကို အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး (၁၀၀၀) ကနေ စပါမယ်။ တစ်ခါဈေးတိုးရင် အနည်းဆုံး (၁၀၀) တိုးပေးရပါမယ်ရှင်"

အဆင့်မြင့် ဆေးဖော်စပ်တဲ့ အိုးတစ်လုံးတဲ့လား။

စုယွီသည် အရက်ကြမ်းတာအိုဆရာမလေးကို ကြည့်ကာ လေအေးတစ်ချက် ရှူရှိုက်လိုက်မိ၏။ သူ ထိုအိုးကို အလွန်ပင် လိုချင်တပ်မက်နေမိသည်။ သို့သော်လည်း... သူ့မှာ ဝယ်နိုင်စွမ်းမရှိပါချေ။

ယွီပိုင်ရှန်နှင့် အခြားသော အဆင့် (၉) ကျင့်ကြံသူများသည်ပင်လျှင် သူမ၏လက်ထဲရှိ လက်ဝါးခန့်သာရှိသော အိုးလေးကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေကြကုန်၏။ ဘာပဲပြောပြော ဒါက အဆင့်မြင့်မှော်လက်နက်တစ်ခု မဟုတ်ပါလော။ အကယ်၍သာ ရရှိခဲ့လျှင် တုပအမြုတေအဆင့် ကျွမ်းကျင်သူများကိုပင် ရင်ဆိုင်နိုင်စွမ်း ရှိလာပေလိမ့်မည်။

သို့သော်လည်း ယခုအခါတွင်မူ ထိုသူအားလုံးသည် သတိကြီးစွာဖြင့် ဈေးပြိုင်ခြင်းကို ရှောင်ကြဉ်နေကြလေသည်။ အခြေခံတည်ဆောက်ခြင်းအဆင့် (၉) ရှိသော ကျင့်ကြံသူတစ်ယောက်အနေဖြင့် ဤကဲ့သို့သော အဆင့်မြင့်မှော်လက်နက်ကို သယ်ဆောင်သွားခြင်းမှာ ပြဿနာကို ဖိတ်ခေါ်နေခြင်းနှင့် အတူတူပင်။ တုပအမြုတေအဆင့် ကျွမ်းကျင်သူများကို ထားပါဦး... တကယ့် အမြုတေဖွဲ့စည်းခြင်းအဆင့် ပုဂ္ဂိုလ်ကြီးများပင်လျှင် ထိုလက်နက်ကို လုယူရန်အတွက် သွေးဆောင်ခြင်းကို အံတုနိုင်မည် မဟုတ်ပေ။

တတိယထပ်ရှိ တုပအမြုတေအဆင့် ပုဂ္ဂိုလ်ကြီးများမှာမူ အလွန်ပင် စိတ်အားထက်သန်နေကြ၏။ ဈေးနှုန်းကြီးမြင့်သော်လည်း ဤမိုးကြိုးအိုးမှာ တကယ်ပင် ပစ္စည်းကောင်းတစ်ခု ဖြစ်ပေသည်။

"အလယ်အလတ်အဆင့် ကျောက်တုံး (၁၁၀၀) ပါ ခင်ဗျာ"

"ချင်မိသားစုက (၁၀၀) ထပ်တိုးမယ်"

"ဟဲဟဲ... ဒါဆိုရင်တော့ ငါတို့ လီမိသားစုလည်း ဝင်ပျော်ရတာပေါ့။ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး (၁၃၀၀) ပါ"

ခိုင်ရန် နန်းတော်အပြင် အခြားသော အင်အားစုကြီးများလည်း အပြိုင်အဆိုင် ဈေးခေါ်ကြလေသည်။ သို့သော် ဈေးနှုန်းမှာ (၁၈၀၀) သို့ ရောက်ရှိသွားသောအခါတွင်မူ ထပ်မံတိုးမြှင့်သူ မရှိတော့ဘဲ ဓားမြို့တော် ချင်မိသားစုက လေလံအောင်သွားခဲ့တော့သည်။

စုယွီသည် စိတ်ထဲမှ အလွန်ပင် အံ့အားသင့်နေမိ၏။

'စောစောက ကြာပန်းက အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး (၁၆၀၀) ဆိုတော့... အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး (၁) သိန်း (၆) သောင်းလောက် ရှိတာပေါ့'

'တခြား အထောက်အကူပြု ပစ္စည်းတွေပါ ပေါင်းလိုက်ရင် ဟွာယွမ်ဆေးလုံး တစ်လုံးရဲ့ ထုတ်လုပ်မှုစရိတ်က (၃) သိန်းနီးပါးလောက် ဖြစ်နေမှာ မဟုတ်လား'

ဘေးနားရှိ ယွီပိုင်ရှန်က ထိုစကားကို ကြားသောအခါ အသာအယာ ခေါင်းညိတ်ပြလိုက်လေသည်။

"နီးစပ်ပါတယ် မောင်ရင်စု။ ဒါကြောင့်လည်း ဟွာယွမ်ဆေးလုံးဆိုတာ ရှားပါးလှတာပေါ့။ တစ်သီးပုဂ္ဂလ ကျင့်ကြံသူတစ်ယောက်အနေနဲ့ အခြေခံတည်ဆောက်ခြင်းဆေးလုံးအတွက် ကုန်ကြမ်းတွေကို ဆယ်စုနှစ် (၂) ခု၊ (၃) ခုလောက် ကြိုးစားရင် ရနိုင်ကောင်း ရနိုင်လိမ့်မယ်။ ဒါပေမဲ့ ဟွာယွမ်ဆေးလုံးအတွက်ဆိုရင်တော့ ငါတို့ ယွီမိသားစုတောင်မှ နှစ်ပေါင်း (၅၀)၊ (၁၀၀) လောက် စုဆောင်းရင်တောင် ပြည့်စုံဖို့ မလွယ်လှဘူး"

"ဝိညာဉ်ကျောက်တုံးအပြင် ဒါဟာ အင်အားနဲ့လည်း ဆိုင်ပါတယ်။ အင်အားမရှိရင် ဒီကြာပန်းကို ရခဲ့ရင်တောင်မှ ဒါဟာ ကောင်းချီး မဟုတ်ဘဲ ကျိန်စာတစ်ခုပဲ ဖြစ်လာပါလိမ့်မယ်။ သေချာတာပေါ့... ဘယ်သူမှ မသိအောင် လျှို့ဝှက်ထားနိုင်ရင်တော့ ဒါက တစ်မျိုးပေါ့လေ"

'ရှစ်မျက်နှာ မိုးကြိုးအိုး' ကို အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး (၁၈၀၀) ဟူသည့် မူးမေ့လဲလောက်သော ဈေးနှုန်းဖြင့် ရောင်းချလိုက်သည်ကို မြင်လိုက်ရသောအခါ စုယွီ လေအေးတစ်ချက် ထပ်မံရှူရှိုက်လိုက်မိပြန်၏။

ဤပစ္စည်းများမှာ အဆင့်နိမ့်ဝိညာဉ်ကျောက်တုံးများဖြင့် အရောင်းအဝယ်ပြုလုပ်နိုင်သော အဆင့်ကို ကျော်လွန်သွားတော့၏။ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ပိုင်ဆိုင်သူများသာလျှင် လေလံဆွဲခွင့် ရှိကြတော့သည်။

ယခင်က မိမိကိုယ်ကို အတော်လေး ကြွယ်ဝချမ်းသာသည်ဟု ထင်မှတ်ထားခဲ့သော်လည်း ယခုမူ...

'ငါ တော်တော်လေး နောက်ကျကျန်နေပါသေးလား။ ဒီအင်အားစုကြီးတွေ နှစ်ပေါင်းများစွာ စုဆောင်းလာခဲ့တဲ့ စည်းစိမ်တွေကို ငါ့အနေနဲ့ အချိန်တိုအတွင်း ယှဉ်ပြိုင်နိုင်ဖို့ဆိုတာ မဖြစ်နိုင်သေးဘူးပဲ'

စုယွီ၏ မျက်နှာမှာ တည်ကြည်လေးနက်သွားတော့သည်။ သူသည် နောင်အနာဂတ်တွင် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးများကိုပါ စတင်စုဆောင်းရန် လိုအပ်နေပြီဖြစ်ကြောင်း တွေးတောနေမိလေတော့သတည်း။

All Chapters