← Chapters

ပါရမီရှင်များ၏ ဆုံစည်းရာ

Vol. 8 Ch. 113

ပါရမီရှင်များ၏ ဆုံစည်းရာ

Vol. 8 Ch. 113

~စုယွီက တစ်စုံတစ်ခုကို သတိရသွားပြီးနောက် မေးလိုက်လေသည်။

"ကောလာဟလတွေအရတော့ ရွှေကျောက်စိမ်း နတ်ဘုရားဂိတ်တံခါး အပျက်အစီးထဲမှာ ဝိညာဉ်ဆေးပင်တွေနဲ့ ပြည့်နှက်နေတဲ့ ဝိညာဉ်တောင်တန်း တစ်ခု ရှိတယ်ဆို။ အဲ့ဒီမှာ ရွှေရောင်အမြုတေဆေးလုံးနဲ့ မူလဝိညာဉ်ဆေးလုံး ဖော်စပ်ဖို့ လိုအပ်တဲ့ ကုန်ကြမ်းတွေတောင် ရှိတယ်လို့ ပြောကြတယ် မဟုတ်လား။ ဒါဆိုရင်..."

သူ၏ စကားမဆုံးမီမှာပင် ယွီပိုင်ရှန်က ခေါင်းခါယမ်းလျက် ဖြတ်ပြောလိုက်၏။

"မဟုတ်ပါဘူး။ အဲ့ဒီမှာ ဝိညာဉ်ဆေးပင်တွေ အများကြီးရှိတာတော့ အမှန်ပဲ။ ဒါပေမဲ့ အများစုက အထောက်အကူပြု ပစ္စည်းတွေပါပဲ။ ရွှေရောင်အမြုတေဆေးလုံးနဲ့ မူလဝိညာဉ်ဆေးလုံးအတွက် အဓိကကုန်ကြမ်းတွေ ဆိုတာကတော့ ကမ္ဘာလောကမှာ ရှာရခက်တဲ့ ကောင်းကင်ဘုံရဲ့ ရတနာတွေပဲ။ ဒီပစ္စည်းတွေ ရှင်သန်ပေါက်ဖွားနိုင်မယ့် အခြေအနေရှိတဲ့ မြေကွက်လပ်တချို့မှာပဲ ရှိနိုင်ဖို့ အခွင့်အလမ်း ရှိတာပါ။ အခွင့်အလမ်း သက်သက်ပါပဲ"

ယွီပိုင်ရှန်က နှမြောတသဟန်ဖြင့် ဆက်ပြောလေသည်။

"ဒါတွေသာ အလွယ်တကူ ရနေမယ်ဆိုရင် ငါတို့ ဒီလေလံပွဲကို လာနေစရာ အကြောင်းမရှိဘူးပေါ့"

လေလံပွဲမှာ ပြီးဆုံးသွားပြီ ဖြစ်သဖြင့် လူအများအပြား ခန်းမအတွင်းမှ စတင်ထွက်ခွာနေကြတော့၏။ သို့သော်လည်း ယွီပိုင်ရှန်မှာမူ အပြင်သို့ မထွက်သေးပေ။ သူသည် အပြင်ဘက်ဈေးတန်းကို လှမ်းမြင်ရသော ပြတင်းပေါက်နားသို့ အေးအေးလူလူ လျှောက်သွားလိုက်ပြီး ရေရွတ်လိုက်၏။

"မလောပါနဲ့ဦး။ လူတွေ အကုန်သွားပြီဆိုမှ ငါတို့ ထွက်ကြတာပေါ့"

ထို့နောက် သူသည် စုယွီ၊ ယွီခယ်အာနှင့် ယွီချန်ချင်းတို့ကဲ့သို့သော ဂျူနီယာများကို ကြည့်ကာ ဆက်လက် ရှင်းပြလေသည်။

"ဟွာယွမ်ဆေးလုံး (တုပအမြုတေဆေးလုံး) အတွက် ကုန်ကြမ်းတွေကတော့ ထားပါတော့။ ဈေးနှုန်းက အတော်လေး သင့်တင့်ပါသေးတယ်။ အချောသတ်ထားတဲ့ ဟွာယွမ်ဆေးလုံး တစ်လုံးကို အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး (၃၀၀၀) ကနေ (၅၀၀၀) ကြားနဲ့ ဝယ်လို့ရနိုင်ပါတယ်။ ဆေးလုံးရဲ့ အရည်အသွေးပေါ် မူတည်ပြီး ဈေးနှုန်းက ကွာသွားတာပေါ့။ အပြစ်အနာအဆာ နည်းနည်းပါရင် ဈေးပေါမယ်။ သာမန် အရည်အသွေးဆိုရင်တော့ ဈေးကြီးမှာပေါ့"

"တကယ် ကြောက်စရာကောင်းတာက ရွှေရောင်အမြုတေဆေးလုံးပဲကွ။ လွန်ခဲ့တဲ့ နှစ်ပေါင်း (၆၀) ကျော်တုန်းက ဒီနေရာမှာ ရွှေရောင်အမြုတေဆေးလုံး တစ်လုံးကို လေလံတင်ခဲ့ဖူးတယ်။ အဲ့ဒီတုန်းက ဈေးနှုန်းဟာ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး (၁၀၀၀၀) အထိ ကောင်းကင်ထိအောင် မြင့်တက်သွားခဲ့တာ"

"အဲ့ဒီတုန်းက လီမိသားစုရဲ့ ဆေးပညာရှင်က မိသားစုစည်းစိမ်တွေကို အကုန်ပုံအောပြီး လေလံဆွဲခဲ့တာလေ။ နောက်ဆုံးတော့ လီမိသားစုရဲ့ ရင်းနှီးမြှုပ်နှံမှုက အရာထင်ခဲ့ပါတယ်။ လီမိသားစုရဲ့ အကြီးအကဲဟာ အမြုတေဖွဲ့စည်းခြင်းအဆင့်ကို အောင်အောင်မြင်မြင် ချိုးဖြတ်နိုင်ခဲ့ပြီး သက်တမ်းလည်း တိုးသွားခဲ့တယ်။ ဒါကြောင့်လည်း မိသားစုရဲ့ ပြိုလဲမယ့် အခြေအနေကို ချက်ချင်းပဲ ဆယ်တင်နိုင်ခဲ့တာပေါ့"

စုယွီနှင့် ယွီခယ်အာတို့မှာ ဤလျှို့ဝှက်ချက်များကို ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်ပေသည်။ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး (၁၀၀၀၀) တဲ့လား။

ထိုစကားကို ကြားမှပင် စုယွီသည် အဘယ်ကြောင့် ယွီပိုင်ရှန်က အခြေခံတည်ဆောက်ခြင်းဆေးလုံးကို ရယူရန် မခက်ခဲဟု ပြောခဲ့သည်ကို နားလည်သွားတော့သည်။ တစ်သီးပုဂ္ဂလ ကျင့်ကြံသူတစ်ဦးပင်လျှင် ကြိုးစားအားထုတ်ပါက ထိုဆေးလုံးမျိုးကို ရရှိနိုင်ပေသည်။ သို့သော်လည်း ဟွာယွမ်ဆေးလုံးနှင့် ရွှေရောင်အမြုတေဆေးလုံးတို့မှာမူ အင်အားစုကြီးများအတွက်ပင် ရယူရန် မလွယ်ကူလှချေ။ သာမန်ကျင့်ကြံသူ တစ်ဦးအတွက်မူ ဝေးလာဝေးပင် ဖြစ်တော့၏။

သာမန် တစ်သီးပုဂ္ဂလ ကျင့်ကြံသူများအတွက်မူ အခြေခံတည်ဆောက်ခြင်းအဆင့်သည် လမ်းဆုံးပင် ဖြစ်ပေလိမ့်မည်။ အကယ်၍သာ ကောင်းကင်က ပေးသနားသော ပါရမီထူးရှိမှသာလျှင် မိမိဘာသာ အမြုတေဖွဲ့စည်းနိုင်မည် မဟုတ်ပါလော။

မဟုတ်ပါက အင်မော်တယ်လမ်းစဉ်မှာ ရက်စက်လွန်းလှသဖြင့် လူတိုင်း မလျှောက်လှမ်းနိုင်ချေ။

ပိုင်ယွဲ့အင်မော်တယ်မြို့တော်ကို တည်ထောင်ခဲ့သူ 'တာအိုသခင် ပိုင်ယွဲ့' သည် အဆင့်နိမ့် ဝိညာဉ်အမြစ်ဖြင့် အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ ရောက်ရှိခဲ့ခြင်းမှာ တကယ့်ကို ဒဏ္ဍာရီတစ်ခုပင်။ နှစ်ပေါင်း ထောင်ချီမှ တစ်ယောက် ပေါ်ထွန်းခဲသည့် ဒဏ္ဍာရီပင် ဖြစ်တော့၏။

လေလံရုံအတွင်း ခေတ္တနားနေစဉ်မှာပင် ယွီပိုင်ရှန်က အင်အားစုအမျိုးမျိုး၏ လျှို့ဝှက်ချက်များကို လက်ဆင့်ကမ်းနေခဲ့သည်။

"ဘုန်း"

ရုတ်တရက် အပြင်ဘက်မှ ကြောက်မက်ဖွယ်ရာ ပေါက်ကွဲသံကြီး တစ်ခု ထွက်ပေါ်လာလေသည်။

ထို့နောက်တွင်မူ အမြုတေဖွဲ့စည်းခြင်းအဆင့်နှင့် တုပအမြုတေအဆင့်ရှိသော ကျွမ်းကျင်သူများ၏ အရှိန်အဝါ အားလှိုင်းများ လေထုအတွင်း ပြည့်နှက်သွားတော့၏။ ယွီပိုင်ရှန်၊ ယွီပိုင်ဟယ်၊ စုယွီ၊ ယွီခယ်အာနှင့် ယွီချန်ချင်းတို့၏ မျက်နှာများမှာ တစ်ပြိုင်နက်တည်း ပျက်သွားကြပြီး ပြတင်းပေါက်ဆီသို့ အလျင်အမြန် ပြေးကြည့်လိုက်ကြလေသည်။ တိုက်ပွဲ ဖြစ်ပွားရာနေရာမှာ အတွင်းဈေးထဲတွင် မဟုတ်ဘဲ မိုင် (၂၀)၊ (၃၀) ခန့် ဝေးကွာသော နေရာတွင် ဖြစ်၏။

ယွီပိုင်ရှန်က လေးနက်စွာ ပြောလိုက်သည်။

"ခိုင်ရန် နန်းတော်ရဲ့ ဂိုဏ်းချုပ်ကြီးက လှုပ်ရှားလိုက်ပြီပဲ။ သူ့ဘေးမှာ တုပအမြုတေအဆင့် သူရဲကောင်း နှစ်ယောက်လည်း ပါသွားတယ်။ သူတို့က ချောင်းမြောင်းနေတဲ့သူတွေကို ခြိမ်းခြောက်ချင်တာ ဖြစ်လိမ့်မယ်"

"ဒါပေမဲ့ 'လေဟာနယ်ကောင်းကင်ကြာပန်း' က သူတို့လက်ထဲမှာ ရှိနေတာဆိုတော့... ခိုင်ရန် နန်းတော်အနေနဲ့ တိုက်ပွဲမဖြစ်ဘဲ အသာတကြည် ထွက်သွားနိုင်ဖို့ဆိုတာ မလွယ်လှဘူးကွ"

အမြုတေဖွဲ့စည်းခြင်းအဆင့် တစ်ယောက်နှင့် တုပအမြုတေအဆင့် နှစ်ယောက်ကို စောင့်ရှောက်ခိုင်းထားတာတောင်မှ အချောင်းမြောင်းခံနေရသေးသည်တဲ့လား။ စုယွီနှင့် ကျန်ရှိသော လူငယ်များမှာ အံ့သြလွန်း၍ စကားပင် မပြောနိုင်တော့ချေ။

ခဏအကြာတွင် စုယွီက တိုးတိုးလေး မေးလိုက်၏။

"အခုလို တိုက်ခိုက်လိုက်ရင်... နောက်ပိုင်းမှာ ခိုင်ရန် နန်းတော်ရဲ့ လက်စားချေမှုကို မကြောက်ကြဘူးလား ခင်ဗျာ"

ထိုစကားကို ကြားသောအခါ ယွီပိုင်ရှန်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး ခေါင်းခါပြလေသည်။

"လက်စားချေတယ်ဆိုတာ လုပ်နိုင်တဲ့ အစွမ်းရှိမှလေကွာ။ ခိုင်ရန် နန်းတော်လို အင်အားစုမျိုးနဲ့ ရန်ငြိုးမရှိတဲ့သူ ဘယ်သူရှိမှာလဲ။ အခုတော့ ခိုင်ရန် နန်းတော်က လူတိုင်းရဲ့ ပစ်မှတ်ဖြစ်နေပြီ။ တကယ်လို့များ ကြာပန်းကို လုယူသွားနိုင်ခဲ့ရင်တောင်မှ... ခိုင်ရန် နန်းတော်က ဘာတတ်နိုင်မှာလဲ"

"ဒါပေမဲ့ မင်းက တုပအမြုတေအဆင့်ပဲ ရှိသေးပြီး နောက်ကွယ်မှာ အင်အားစုမရှိရင်တော့ သတိထားရမှာပေါ့။ မဟုတ်ရင် တကယ် အသတ်ခံရနိုင်တယ်"

"တခြား အင်အားစုတွေဖြစ်တဲ့ ယွင်ကျန်းဂိုဏ်းကို ကြည့်ရင်တောင်... ငါ့အထင်တော့ ယွင်ကျန်းဂိုဏ်းချုပ်ကလည်း အဲ့ဒီကြာပန်းကို မျက်စိကျနေမှာပဲ။ ခိုင်ရန် နန်းတော်က သိသွားရင်တောင်မှ ယွင်ကျန်းဂိုဏ်းကို ဘာမှ လုပ်ရဲမှာ မဟုတ်ဘူး"

"ယွင်ကျန်းဂိုဏ်းရဲ့ ဘိုးဘေးကြီးသာ မရှိတော့ဘူးဆိုရင်တော့ တစ်မျိုးပေါ့လေ"

ယွီပိုင်ရှန်၏ အေးအေးလူလူ ပြောဆိုနေသော စကားများကြောင့် စုယွီ၏ ရင်ထဲတွင် တင်းကျပ်သွားရလေသည်။

အကယ်၍သာ ယွင်ကျန်းဂိုဏ်းရဲ့ ဘိုးဘေးကြီးသာ အနိစ္စရောက်သွားခဲ့လျှင်တော့ ယွင်ကျန်းဂိုဏ်း နယ်မြေတစ်ခုလုံးဟာ ဖရိုဖရဲ ဖြစ်ကုန်တော့မှာ အမှန်ပင်။

အင်အားကြီး အင်အားစုများ၏ သဘာဝမှာ အားနည်းသူကို အနိုင်ကျင့်တတ်ကြခြင်း ဖြစ်လေသည်။ မည်သူမျှ ကိုင်တွယ်ရ လွယ်ကူသူများ မဟုတ်ကြပေ။ ထိုသူများ၏ ရှေ့မှောက်တွင် စကားပြောဆိုခွင့် ရရှိရန်အတွက် ထိုက်တန်သော အင်အား ရှိရပေမည်။ မဟုတ်ပါက အသက်ပျောက်သွားမည်မှာ သေချာလှ၏။ အမြုတေဖွဲ့စည်းခြင်းအဆင့် ရှိသူများသာလျှင် ခိုင်ရန် နန်းတော်နှင့် စေ့စပ်ညှိနှိုင်းနိုင်သော အခွင့်အရေး ရှိခြင်းမှာ လက်တွေ့ဘဝ၏ အမှန်တရားပင် ဖြစ်ချေတော့သည်။

စုယွီတို့အဖွဲ့သည် လေလံရုံအတွင်း နာရီဝက်ခန့် ဆက်လက် နေထိုင်ခဲ့ကြလေသည်။ အပြင်ဘက်မှ တိုက်ပွဲသံများ ဝေးကွာသွားပြီး မည်သည့် လှုပ်ရှားမှုမျှ မခံစားရတော့မှသာ ဝိညာဉ်ကျောက်တုံးများ ပေးချေကာ လေလံအောင်ထားသော ပစ္စည်းများကို ရယူပြီး ထွက်လာခဲ့ကြ၏။

တံခါးဝတွင် အဖြူရောင် ဝတ်စုံနှင့် လူတစ်ဦးက စောင့်ကြိုနေလေသည်။ ယွီပိုင်ရှန်တို့ ထွက်လာသည်ကို မြင်သောအခါ ထိုသူသည် အနားသို့ တိုးကပ်လာခဲ့၏။

"ဂိုဏ်းချုပ်ယွီ၊ ဦးလေးပိုင်ဟယ်..."

ထိုသူမှာ လော့ချန်ကုန်း ဖြစ်ပြီး၊ လော့မိသားစုကို ကိုယ်စားပြု၍ လေလံပွဲသို့ လာရောက်ခဲ့သော ပါရမီရှင် ဖြစ်လေသည်။ သူသည် လော့ချန်ယွီ၏ မောင်ဝမ်းကွဲ တော်စပ်သူ ဖြစ်၏။

လော့ချန်ကုန်းသည် ယွီပိုင်ရှန်နှင့် ယွီပိုင်ဟယ်တို့ကို ရိုသေစွာ နှုတ်ဆက်လိုက်ပြီး စုယွီကိုတော့ စူးစမ်းလိုသော အကြည့်ဖြင့် ကြည့်လိုက်လေသည်။ တစ်ဦးချင်းစီကို ဂါရဝပြုပြီးနောက် လော့ချန်ကုန်းသည် ဖိတ်စာတစ်စောင်ကို စုယွီထံသို့ ကမ်းပေးလိုက်ပြီး ပြုံးလျက် ပြောလိုက်၏။

"ဒါကတော့ မနက်ဖြန်မှာ တာ့ယွဲ့နန်းတော်က ဦးစီးပြီး ကျင်းပမယ့် ပါရမီရှင်များ ဆုံစည်းပွဲ ဖိတ်စာပါ ခင်ဗျာ။ မိတ်ဆွေစုနဲ့ ခယ်အာတို့ နှစ်ယောက်လုံးကို ဖိတ်ကြားထားပါတယ်"

"အဲ့ဒီပွဲကို တာ့ယွဲ့နန်းတော်က ပါရမီရှင်တွေရော၊ တခြား အင်အားစုတွေက ပါရမီရှင်တွေပါ အကုန် တက်ရောက်ကြမှာပါ။ ကျွန်တော် ကြားတာတော့... ဒါဟာ တာ့ယွဲ့နန်းတော်က စီစဉ်နေတဲ့ အစီအစဉ်ကြီး တစ်ခုနဲ့လည်း သက်ဆိုင်နေတယ် ဆိုပဲ”

All Chapters