← Chapters

ကောင်းကင်ဖီးနစ်နန်းတော်၏ စမ်းသပ်ချက် (၅)

Vol. 8 Ch. 116

ကောင်းကင်ဖီးနစ်နန်းတော်၏ စမ်းသပ်ချက် (၅)

Vol. 8 Ch. 116

~"ဒါပေမဲ့ ခင်ဗျားတို့သာ စမ်းသပ်မှုကို အောင်မြင်ခဲ့မယ်ဆိုရင်တော့... ရရှိမယ့် ဆုလာဘ်တွေက ခင်ဗျားတို့ စိတ်ကူးထားတာထက်တောင် ပိုပြီး ကြီးကျယ်ပါလိမ့်မယ် "

"ဥပမာပြောရရင်တော့ ရှေးဟောင်းအင်မော်တယ်ဂိုဏ်းရဲ့ အမွေအနှစ်တွေ ဒါမှမဟုတ် အမြုတေဖွဲ့စည်းခြင်းအဆင့်ကို တက်လှမ်းနိုင်မယ့် အခွင့်အရေးမျိုးပေါ့"

"ဝုန်း"

ထိုစကားကို ကြားလိုက်ရသည်နှင့် နတ်မိမယ်ဖုန်းလင် အပါအဝင် ပါရမီရှင်အားလုံး၏ မျက်နှာများမှာ လုံးဝ ပြောင်းလဲသွားကြပြီး တည်ငြိမ်မှုကို ဆက်လက် မထိန်းသိမ်းနိုင်ကြတော့ပါချေ။

နတ်မိမယ်ဖုန်းလင်မှာပင် အသက်ရှူသံများ မြန်ဆန်လာခဲ့ရလေသည်။ သူမသည် တာအိုဆရာရှုဟိုင်ကို စိုက်ကြည့်ရင်း မေးလိုက်၏။

"ရှင်ပြောတာ တကယ်ပဲလား... အဲ့ဒီလို အမွေအနှစ်တွေ တကယ်ရှိတာလား။ ဒါပေမဲ့ အဲ့ဒီလို ရတနာမျိုးတွေသာ ရှိနေမယ်ဆိုရင် တာ့ယွဲ့နန်းတော်က ဘာလို့—"

တာအိုဆရာရှုဟိုင်က သူမ၏စကားကို သိမ်မွေ့စွာ ဖြတ်ပြောလိုက်လေသည်။

"ပထမအချက်ကတော့... အဲ့ဒီအပျက်အစီးနေရာကို တာ့ယွဲ့နန်းတော် တစ်ခုတည်းက ရှာတွေ့ခဲ့တာ မဟုတ်လို့ပါပဲ။ သွေးဖီးနစ်အင်မော်တယ်ဂိုဏ်းနဲ့ ဖီးနစ်သက်ဆင်းနယ်မြေ က လူတွေလည်း ဝင်ရောက်နိုင်မယ့် အခွင့်အရေး ရှိနေပါတယ်။"

"ဒုတိယအချက်ကတော့... အဲ့ဒီနေရာဟာ အခွင့်အရေးတွေနဲ့ ပြည့်နှက်နေသလို အန္တရာယ်ကလည်း အလွန်ကြီးမားလှပါတယ်။ တာ့ယွဲ့နန်းတော်က အတွင်းစည်းတပည့် နှစ်ယောက်တောင် အထဲမှာ အသက်ဆုံးရှုံးခဲ့ရပြီးပြီ။ အသေအပျောက် ရှိနိုင်တာကတော့ အမှန်ပါပဲ ခင်ဗျာ။"

"တတိယအချက်ကတော့... အခုချိန်မှာ ဒါဟာ တာ့ယွဲ့နယ်မြေနဲ့ ဖီးနစ်ဂေဟာနယ်မြေတို့ရဲ့ ပြိုင်ဆိုင်မှု ဖြစ်နေတာပါ။ အထဲမှာ ဘယ်လောက်အထိ အကျိုးအမြတ်တွေ ရှိမလဲ၊ တဖက်ကရော ဘယ်လောက်အထိ ရသွားမလဲဆိုတာ ဘယ်သူမှ မသိနိုင်ကြဘူးလေ။"

"စတုတ္ထအချက်ကတော့... ဒါဟာ တာ့ယွဲ့နန်းတော်နဲ့ သွေးဖီးနစ်အင်မော်တယ်ဂိုဏ်းက ဘိုးဘေးကြီးတွေ သဘောတူထားတဲ့ ကိစ္စပါ။ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့... ဒီအခွင့်အရေးကို ဖီးနစ်ဂေဟာကလူတွေဆီ ပေးလိုက်ရမယ့်အစား ငါတို့ တာ့ယွဲ့နယ်မြေထဲကလူတွေကို ပေးလိုက်တာကမှ ပိုပြီး အကျိုးရှိဦးမှာ မဟုတ်လား။"

"သေချာတာပေါ့... အဲ့ဒီနေရာက အတော်လေး ဝေးလံတဲ့အတွက် တာ့ယွဲ့နန်းတော်ရဲ့ ပျံသန်းရေးသင်္ဘောနဲ့ပဲ လိုက်ပါပို့ဆောင်ပေးမှာပါ။ လိုက်ချင်တဲ့သူတွေအနေနဲ့ တစ်ယောက်ကို အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး (၁၀၀) ပေးရပါလိမ့်မယ်"

ထောင့်တစ်နေရာတွင် ရှိနေသော စုယွီမှာမူ...

'ဝိညာဉ်ကျောက်တုံး ကောက်ဦးမှာလား... အဲ့ဒါတောင် အလယ်အလတ်အဆင့် ကျောက်တုံးတွေတဲ့လား'

ဤသည်ကို ကြည့်ခြင်းအားဖြင့်...

အဲ့ဒီအပျက်အစီးနေရာက တကယ်ရှိနေတာ ဖြစ်ရမည်။ တာ့ယွဲ့နန်းတော်အနေဖြင့် မိမိနယ်မြေအတွင်းရှိ အင်အားစုအားလုံးကို လှည့်ဖြားမည့် အဆင့်အထိတော့ လုပ်မည်မဟုတ်ပါချေ။

ဆိုလိုသည်မှာ... အကယ်၍ အခွင့်အရေးကသာ တကယ်ရှိနေမည်ဆိုပါက အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး (၁၀၀) ဆိုသည်မှာ ပေးရကျိုးနပ်လှပေသည်။

သို့သော်လည်း... သူကတော့ မသွားချင်ပါချေ။

စုယွီ၊ ယွီခယ်အာ၊ ယွီချန်ချင်း၊ လော့ချန်ယွီနှင့် စုဇီတို့သည် ယွီမိသားစု၏ ဇိမ်ခံဂေဟာသို့ ပြန်လည် ရောက်ရှိခဲ့ကြလေသည်။

ခြံဝင်းအတွင်း၌...

နေရာတကျ ထိုင်ပြီးသည်နှင့် စုယွီသည် ဝိညာဉ်သစ်သားဖြင့် ပြုလုပ်ထားသော လက်ဖက်ရည်ကို ဖျော်စပ်ကာ အလှပဂေး သုံးဦးအား တိုက်ကျွေးလိုက်၏။

လက်ဖက်ရည်ကို အနည်းငယ် သောက်ပြီးနောက် စုယွီသည် မျက်မှောင်ကြုတ်နေဆဲဖြစ်သော လော့ချန်ယွီကို ကြည့်ကာ မေးလိုက်လေသည်။

"အစ်မလော့... သွားချင်လို့လား ဟင်"

လော့ချန်ယွီသည် အချိန်အတော်ကြာ တွေးတောနေခဲ့သည်။ သူမသည် လက်ဖက်ရည်ကို နောက်ထပ်တစ်ငုံ သောက်လိုက်ပြီးမှ မျက်မှောင်ကို ဖြေလျှော့လိုက်ကာ ခေါင်းညိတ်ပြလိုက်၏။

"အမြုတေဖွဲ့စည်းခြင်းအဆင့်ကို တက်လှမ်းနိုင်မယ့် အခွင့်အရေးသာ တကယ်ရှိနေမယ်ဆိုရင်တော့... ငါ.. သွားမှာပါ"

ထိုသို့ပြောပြီးနောက် လော့ချန်ယွီသည် စုယွီကို တစ်ချက်ကြည့်ကာ ဆက်ပြောလိုက်လေသည်။

"ဖုံးကွယ်ထားစရာတော့ မလိုပါဘူး။ ယွင်ကျန်းဂိုဏ်းမှာ အမြုတေဖွဲ့စည်းခြင်းအတွက် အရင်းအမြစ်တွေ ရှိတာတော့ အမှန်ပဲ။ ဒါပေမဲ့ အခုချိန်မှာတော့... အဲ့ဒီအရာတွေက ငါ့လက်ထဲ ရောက်လာဖို့ မသေချာတော့ဘူး။ ဒါကြောင့် တခြားအခွင့်အရေးတစ်ခုကို ရှာရတော့မယ်"

စုယွီသည် လော့ချန်ယွီကို ကြည့်ရင်း မှင်သက်သွားရ၏။ ဤကဲ့သို့သော လျှို့ဝှက်ချက်ကို ပြင်ပလူဖြစ်သော သူ့ကို အလွယ်တကူ ပြောပြလိမ့်မည်ဟု ထင်မထားခဲ့မိပါချေ။

လော့ချန်ယွီက တည်ငြိမ်စွာပင် ဆက်ပြောလေသည်။

"ငါက စုဇီနဲ့အတူ ထွက်သွားမှာပါ။ ကျန်တဲ့ တပည့်မလေးတွေကိုတော့ တာ့ယွဲ့မှောင်ခိုဈေးက ဂိုဏ်းရဲ့စခန်းမှာ ထားခဲ့ပါ့မယ်။ သူတို့ကို တစ်ချက်လောက် စောင့်ရှောက်ပေးဖို့ နင့်ကို တောင်းဆိုချင်ပါတယ်။ တကယ်လို့ ငါသာ ပြန်လာခဲ့ရင်၊ အမြုတေဖွဲ့စည်းခြင်းအဆင့်ကိုလည်း အောင်မြင်ခဲ့ရင်တော့...နင့်ကို ကျေးဇူးအကြီးအကျယ် တင်သွားပါပြီ"

ခေတ္တမျှ ရပ်တန့်လိုက်ပြီးနောက် လော့ချန်ယွီက ဆက်လက်မှာကြားလေသည်။

"တကယ်လို့ ငါ ပြန်မလာဖြစ်တော့ဘူးဆိုရင်တော့... စုမိသားစုကို ယွင်ကျန်းဂိုဏ်း နယ်မြေကနေ တခြားနေရာကို ပြောင်းရွှေ့ဖို့ အကြံပေးချင်ပါတယ်။ ဒါမှမဟုတ် နင့်အတွက် အဆင်ပြေမယ့် နည်းလမ်းတစ်ခုခုပေါ့။ စုမိသားစုဟာ ငါနဲ့ ပတ်သက်မှုတွေ ရှိနေပြီဆိုတော့ကာ..."

စုယွီသည် စုဇီဘက်သို့ လှည့်ကြည့်လိုက်ရာ စုဇီက သူ့ကို ခေါင်းညိတ်ပြုံးပြနေရုံသာ ရှိပြီး ဘာမှ ဝင်မပြောပါချေ။

အချိန်အတော်ကြာ တိတ်ဆိတ်သွားခဲ့၏။

စုယွီသည် သိုလှောင်အိတ် တစ်လုံးကို ထုတ်ယူကာ စုဇီထံသို့ ကမ်းပေးလိုက်လေသည်။ အိတ်အတွင်း၌ ဒုတိယအဆင့် အလယ်အလတ် ဆေးလုံးများနှင့် အဆောင်အချို့ ပါဝင်နေ၏။ ထို့နောက် သူသည် လော့ချန်ယွီဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။

"အင်မော်တယ်လမ်းစဉ်မှာ ဘေးမသီရန်မခဘဲ အဆင်ပြေချောမွေ့ပါစေဗျာ"

လော့ချန်ယွီသည် အနည်းငယ် အံ့အားသင့်သွားရရှာသည်။ အင်မော်တယ်လမ်းစဉ်မှာ အဆင်ပြေချောမွေ့ပါစေ ဟူသော စကားမှာ အတော်လေးကို နားဝင်ချိုလှသဖြင့် သူမ၏ နှုတ်ခမ်းထောင့်လေးများ ကွေးညွတ်သွားတော့၏။

စုယွီအနေဖြင့် သူမ၏ အပြုံးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင် ဖြစ်တော့သည်။

လော့ချန်ယွီနှင့် စုဇီတို့ ထွက်ခွာသွားပြီးနောက်...

ယွီချန်ချင်းသည်လည်း စုရွီအန်း စုတင်းပန်း၊ စုချီ၊ စုဝင်းနင်းနှင့် စုယီတို့၏ ဆေးဖော်စပ်မှု စွမ်းရည်များကို သွားရောက် စစ်ဆေးရန်အတွက် ထွက်ခွာသွားခဲ့လေသည်။

လက်ရှိတွင် သူမသည် ထိုလူငယ်

ငါးဦးအား ဆေးပညာအခြေခံနှင့် ကျင့်ကြံခြင်းဆိုင်ရာများကို အဓိက သင်ကြားပေးနေခြင်း ဖြစ်ပြီး စုယွီကတော့ အားလပ်ချိန်များတွင်သာ လမ်းညွှန်ပြသပေးခြင်း ဖြစ်၏။

သူတို့ ပထမဆုံး ရောက်ရှိလာချိန်နှင့် နှိုင်းယှဉ်လျှင် စုရွီအန်းနှင့် စုတင်းပန်းတို့မှာ ယခုအခါ ပထမအဆင့် ထိပ်တန်း ဆေးပညာရှင်များ ဖြစ်နေကြတော့၏။

စုချီမှာမူ ဆေးပညာတွင် ပါရမီအရှိဆုံး ဖြစ်သဖြင့် ယွီချန်ချင်းက စုချီကို အလွန်ပင် ချစ်ခင်မြတ်နိုးလှသည်။

ထိုမိန်းကလေးကို ကြည့်ရင်း သူမ၏ ငယ်ဘဝကို ပြန်လည် မြင်ယောင်နေမိ၏။ စုချီသည် ယခုအခါ ချီစွမ်းအင်စုစည်းခြင်း (၅) ဆင့်သို့ ရောက်ရှိနေပြီး ပထမအဆင့် အလယ်အလတ် ဆေးပညာရှင် တစ်ဦး ဖြစ်နေလေပြီ။

စုဝင်းနင်းနှင့် စုယီတို့မှာမူ သင်ယူမှု အနည်းငယ် နှေးကွေးကြသဖြင့် ပထမအဆင့် အဆင့်နိမ့် ဆေးပညာရှင်များအဖြစ်သာ ရှိနေကြသေးသည်။

ယွီခယ်အာသည် တိတ်ဆိတ်နေသော စုယွီကို ကြည့်ကာ ပြုံးလျက် မေးလိုက်လေသည်။

"ကဲ... ဒီနေ့ ပါရမီရှင်တွေ အများကြီးကို တွေ့လိုက်ရတော့... နင် ဘယ်လို ခံစားရလဲ"

စုယွီသည် မှင်သက်သွားပြီးနောက် အေးအေးလူလူပင် ပြန်ဖြေလိုက်၏။

"ခေတ္တခဏ ပြောင်မြောက်နေရုံနဲ့ တစ်သက်လုံး ပြောင်မြောက်နေမယ်လို့ မဆိုလိုပါဘူး။ သူတို့တွေက ပါရမီ အရမ်းကောင်းပြီး ကျင့်ကြံခြင်းအဆင့် မြင့်မားနေကြတာ မှန်ပေမဲ့... ဆယ်စုနှစ် အနည်းငယ် ဒါမှမဟုတ် နှစ်တစ်ရာလောက် ကြာပြီးလို့ ပြန်ကြည့်လိုက်ရင်တော့... မင်းက သူတို့ မော့ကြည့်ရမယ့်သူ တစ်ယောက် ဖြစ်နေနိုင်တာပဲလေ"

ယွီခယ်အာသည် သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်မိတော့၏။

"နင် စိတ်ဓာတ်တွေ ကျနေမှာကို ငါ စိုးရိမ်နေတာပါ"

"စိတ်ဓာတ်ကျမယ် ဟုတ်လား။ မဖြစ်နိုင်တာ။ ငါက ပါရမီရှင်လည်း မဟုတ်သလို သူတို့နဲ့ ပြိုင်ဆိုင်ချင်တဲ့ ရည်မှန်းချက်လည်း မရှိဘူး။ ငါတို့ လျှောက်မယ့်လမ်းက မတူဘူးလေ"

စုယွီက ခေါင်းခါယမ်းလိုက်ပြီး ဆက်ပြောလေသည်။

"ဒါတင်မကဘူး... ငါ ပြောတာတွေက အမှန်တရားတွေချည်းပဲ။ မင်းမှာ တိမ်ကျားမိစ္ဆာကို ယဉ်ပါးစေနိုင်တဲ့ စွမ်းရည် ရှိနေပြီဆိုတော့ကာ... နောင်အနာဂတ်မှာ မင်းရဲ့ ကျင့်ကြံမှုနှုန်းက မှန်းဆလို့တောင် ရမှာ မဟုတ်ဘူး။ သူတို့ကို ကျော်တက်သွားဖို့ ဆိုတာ လက်တစ်ကမ်း အလိုပါပဲ"

"မင်း တတိယအဆင့် သားရဲထိန်းကျောင်းသူ ဖြစ်လာတဲ့ နေ့ကျရင်... ငါ့ရှေ့မှာ ဘယ်သူက မောက်မာရဲဦးမှာလဲ။ ဟုတ်တယ် မဟုတ်လား"

ထိုအခါ၊ ယွီခယ်အာက ချိုလွင်သော အသံဖြင့် ရယ်မောလိုက်လေသည်။

"နင် ပြောတာတွေက တကယ်ကြီးလိုပဲနော်... ငါတောင် ယုံချင်လာပြီ။ ဒါနဲ့... ဒီနေ့ ကောင်မလေး ချောချောလေးတွေ အများကြီး တွေ့ခဲ့တယ် မဟုတ်လား။ တစ်ယောက်ယောက်ကိုများ မျက်စိကျခဲ့မိလား ဟင်။ တကယ်လို့ ရှိတယ်ဆိုရင်လည်း ပြောပါ... ငါ..သွားခေါ်ပေးမယ်လေ"

စုယွီကတော့ တည်တည်ငြိမ်ငြိမ်ဖြင့်ပင် ခေါင်းညိတ်ပြလိုက်၏။

"အင်း... အများကြီးပဲ။ နတ်မိမယ်ဖုန်းလင် တို့၊ မီးလျှံနတ်မိမယ် တို့... ဟို ဟွမ်မိသားစုက ဟွမ်ရှန်းယီ တောင် ပါသေးတယ်။ ဒါမှမဟုတ် မင်း သဘောကျတဲ့သူ တစ်ယောက်ယောက် ဖြစ်လည်း ရပါတယ်... ငါက သိပ်ပြီး ဇီဇာမကြောင်ပါဘူး"

ယွီခယ်အာသည် မျက်လုံးလေးများကို မှေးစင်းလိုက်ပြီးနောက် နောက်ဆုံးတွင်မူ ပြုံးလိုက်လေသည်။

သူမသည် ရှက်ကိုးရှက်ကန်းနှင့် ဒေါသထွက်ဟန်ဆောင်ကာ ပြောလိုက်၏။

"လာပါ... အခန်းထဲ ပြန်ကြစို့"

နောက်ပိုင်းရက်များတွင်...

ရှေးဟောင်းအင်မော်တယ်ဂိုဏ်း ကောင်းကင်ဖီးနစ်နန်းတော်၏ တပည့်များ စမ်းသပ်ရာနေရာနှင့် ပတ်သက်သော သတင်းများမှာ တာ့ယွဲ့မှောင်ခိုဈေးအတွင်း ဟိုးဟိုးကျော် သွားတော့၏။ စုဝေးရောက်ရှိနေသော ပါရမီရှင်များမှာလည်း လူစုမခွဲကြသေးဘဲ တာ့ယွဲ့နန်းတော်မှ ရရှိသော သတင်းများကို မိမိတို့၏ အင်အားစုများဆီသို့ အသီးသီး ပေးပို့ကာ လူကြီးမိဘများ၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေကြလေတော့သတည်း။

All Chapters