← Chapters

တာ့ယွဲ့မှောင်ခိုဈေး၏ အားလှိုင်းနှင့် လျှို့ဝှက်ချက်များ

Vol. 8 Ch. 117

တာ့ယွဲ့မှောင်ခိုဈေး၏ အားလှိုင်းနှင့် လျှို့ဝှက်ချက်များ

Vol. 8 Ch. 117

~ထိုစဉ်အတောအတွင်း ယခင် လေလံပွဲကြောင့် ဖြစ်ပေါ်ခဲ့သည့် ဂယက်ရိုက်ခတ်မှု သတင်းများမှာ တစ်စစနှင့် ထွက်ပေါ်လာတော့၏။

ယွီမိသားစုမှာမူ လေဟာနယ်ကောင်းကင်ကြာပန်းအတွက် လေလံဆွဲခြင်းကို လက်လျှော့ခဲ့ကြသည်။ သို့သော်လည်း ထိုကြာပန်းအတွက် အဖိုးအခ အမြောက်အမြား ပေးချေခဲ့ရသည့် ခိုင်ရန် နန်းတော်မှာမူ လမ်းခရီး၌ အမြုတေဖွဲ့စည်းခြင်းအဆင့် အကြီးအကဲ တစ်ဦးနှင့် တုပအမြုတေအဆင့် ကျွမ်းကျင်သူ နှစ်ဦးတို့၏ တိုက်ခိုက်ခြင်းကို အကြိမ်ကြိမ် ခံခဲ့ရလေသည်။

သူတို့မှာ အတော်လေး အထိနာပြီးမှသာ မိမိတို့၏ ခိုင်ရန် နန်းတော်သို့ ပြန်လည်

ရောက်ရှိနိုင်ခဲ့ကြ၏။

အဆင့်မြင့်မှော်လက်နက်ဖြစ်သည့် ရှစ်မျက်နှာမိုးကြိုးအိုးကို လေလံအောင်ခဲ့သော ဓားမြို့တော်ချင်မိသားစု၏ ဂိုဏ်းချုပ်မှာမူ အခြေအနေ ကောင်းမွန်နေဆဲပင်။ သူသည် အတွင်းဈေး၌ပင် ဆက်လက်နေထိုင်ကာ ထိုအိုးကို အပြည့်အဝ ကျွမ်းကျင်အောင် လေ့ကျင့်ပြီးမှသာ ထွက်ခွာရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

လမ်းခရီး၌ တိုက်ခိုက်ခြင်း ခံခဲ့ရသော်လည်း ချင်မိသားစု

ခေါင်းဆောင်မှာမူ ထိုရှစ်မျက်နှာမိုးကြိုးအိုးဖြင့် ပြန်လည်ခုခံကာ တိုက်ခိုက်သူ အချို့ကို သုတ်သင်နိုင်ခဲ့၏။ သေဆုံးသွားသူများထဲတွင် တုပအမြုတေအဆင့် ကျွမ်းကျင်သူ တစ်ဦးပင် ပါဝင်နေသည်ဟု ကောလာဟလများ ထွက်ပေါ်နေလေသည်။

စုယွီသည် ရှေးဟောင်းအင်မော်တယ်ဂိုဏ်း အပျက်အစီးနေရာရှိ စမ်းသပ်ပွဲများကို သိပ်ပြီး အရေးတယူ မလုပ်ပါချေ။

ယွီခယ်အာမှာလည်း သူ့အပေါ် သံယောဇဉ် ကြီးမားလွန်းလှသဖြင့် ထိုနေရာသို့ သွားရန် စိတ်ကူးမရှိပေ။

အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိသည်မှာ မကြာသေးသည့် ယွီချန်ချင်းမှာမူ မိမိ၏ အရည်အချင်းကို မိမိ သိပေသည်။ ပါရမီရှင်များ စုဝေးရာ ထိုကဲ့သို့သော နေရာမျိုးမှာ သူမနှင့် မသင့်တော်ပါချေ။

လေလံပွဲ ပြီးဆုံးပြီး လဝက်ခန့် ကြာသောအခါ တာ့ယွဲ့မှောင်ခိုဈေး၏ ဆူညံသံများမှာ တစ်ဖြည်းဖြည်း ငြိမ်သက်သွားခဲ့ပြီ ဖြစ်၏။ ပါရမီရှင် အများစုမှာ အပျက်အစီးနေရာများကို စူးစမ်းရန်အတွက် တာ့ယွဲ့နန်းတော်သို့ ထွက်ခွာသွားကြတော့၏။ အတွင်းဈေး၊ အပြင်ဈေးနှင့် ‌ဂူစံအိမ်အသီးသီးရှိ အခြေအနေများမှာလည်း မူလအတိုင်း ပုံမှန် ပြန်ဖြစ်လာတော့သည်။

တာ့ယွဲ့တောင်တန်းတွင် လဝက်ခန့် အချိန်ဖြုန်းပြီးနောက် တာအိုကိုယ်ပွား ရုပ်သေးသည် ‌ဂူစံအိမ်သို့ တိတ်တဆိတ် ပြန်လည်ရောက်ရှိလာခဲ့လေသည်။

စုယွီသည် ရုပ်သေးဝိညာဉ်၏ စွမ်းအားများ ပြန်လည်ပြည့်ဖြိုးလာစေရန်အတွက် ရွှေပုစဉ်းရင်ကွဲကျင့်စဉ်ဖြင့် စတင် ပြုစုပျိုးထောင်ပေးလေ၏။ တစ်ဖက်တွင်လည်း တာအိုကိုယ်ပွားမှာ သူ၏ ကိုယ်ထည်ကို ပြန်လည်ပြုပြင်နေခဲ့သည်။

နောက်ပိုင်းရက်များတွင် စုယွီသည် ကျင့်ကြံခြင်း၌သာ အာရုံနှစ်ထားပြီး မြေကမ္ဘာနှင့် သစ်သား စွမ်းအင်နှစ်မျိုးတွဲ အခြေခံတည်ဆောက်ခြင်း ကျင့်စဉ်ကို ဆက်လက် ပေါင်းစပ်နေခဲ့လေသည်။ ယွီခယ်အာနှင့်အတူ ရှိနေသော တိမ်ကျားမကြီးမှာမူ စုယွီ၏ ဂရုစိုက်မှုအောက်တွင် ကျန်းမာရေး အပြည့်အဝ ပြန်လည်

ကောင်းမွန်လာခဲ့ရုံသာမက သူမ၏ သွေးမျိုးဆက် အမွေအနှစ်မှာလည်း နိုးထလာဟန် ရှိပေသည်။ ယခုအခါ သူမသည် မိမိဘာသာ အလိုအလျောက် ကျင့်ကြံနိုင်စွမ်း ရှိနေတော့၏။

သူမ၏ ကျင့်ကြံမှုနှုန်းမှာ အံ့မခန်းလှပေသည်။ တောင်ပံနက် သိမ်းငှက်၊ မြေကမ္ဘာမီးလျှံမျောက်ဝံ စသည့် ဒုတိယအဆင့် အလယ်အလတ် သားရဲများထက်ပင် အနည်းဆုံး (၁၀) ဆခန့် ပိုမို မြန်ဆန်နေလေသည်။ ထိုမျှမကသေးဘဲ သူမ၏ ကျားပေါက်လေး နှစ်ကောင်မှာလည်း ထူးကဲလှသော ဉာဏ်ရည်နှင့် သွေးမျိုးဆက်များကို ပိုင်ဆိုင်ထားကြ၏။

ထိုတိမ်ကျားမိသားစုမှာ ယွီခယ်အာ၏ ပြုစုစောင့်ရှောက်မှုအောက်တွင် တဖြည်းဖြည်း ကြီးထွားလာခဲ့ကြလေသည်။ မိစ္ဆာမျိုးနွယ်ဝင် သားရဲတစ်ကောင်၏ လွှမ်းမိုးမှုကြောင့် ယွီခယ်အာ၏ ကျင့်ကြံမှုနှုန်းမှာလည်း အဆမတန် မြင့်တက်လာခဲ့၏။

ယွီချန်ချင်းနှင့် စုရွီအန်းတို့မှာလည်း စုယွီ၏ ဘေးနားတွင် အေးအေးချမ်းချမ်း ကျင့်ကြံနေကြပြီး ဆေးဖော်စပ်မှု အတတ်ပညာများတွင်လည်း တစတစ တိုးတက်လာခဲ့ကြလေသည်။ မီးလျှံမျောက်ဝံနှင့် သိမ်းငှက်ကြီးတို့မှာမူ ‌ဂူစံအိမ်အတွင်း၌ မကြာခဏ ထွက်ပေါ်လာတတ်သော်လည်း ထိုတိမ်ကျားမိသားစု၏ အနီးအနားသို့မူ မချဉ်းကပ်ဝံ့ကြပါချေ။

တစ်နှစ်ကျော် ကုန်ဆုံးသွားသောအခါ စုယွီသည် မိကျောင်းမိစ္ဆာ ကိုယ်ခန္ဓာကျင့်စဉ်၏ (၁၂) ဆင့်မြောက်ကို ချိုးဖြတ်နိုင်ခဲ့သလို ယွီခယ်အာသည်လည်း အခြေခံတည်ဆောက်ခြင်းအဆင့် (၃) သို့ တက်လှမ်းနိုင်ခဲ့တော့၏။

"ကောင်းကင်ဖီးနစ်နန်းတော် အပျက်အစီးနေရာက သတင်းတစ်စုံတစ်ရာ ပြန်ကြားရပြီလား ခင်ဗျာ"

စုယွီသည် လျှို့ဝှက်ခန်းအတွင်းမှ ထွက်လာပြီးနောက် အိမ်တော်ထိန်း ယွီလင်းဖုန်းကို မေးလိုက်လေသည်။

ယွီလင်းဖုန်းမှာ စုယွီတို့ စတင်ရောက်ရှိလာချိန်ကထက် ပိုမိုအိုမင်းလာခဲ့ပြီ ဖြစ်၏။ ဆံပင်များမှာလည်း ဖြူဖွေးနေပြီး အသက် (၉၀) ကျော်နေတော့၏။

သို့သော်လည်း ချီစွမ်းအင်စုစည်းခြင်း (၉) ဆင့်သို့ ရောက်ရှိထားသူ ဖြစ်သဖြင့် သာမန်လူသားများနှင့် ယှဉ်လျှင်မူ အားအင်အပြည့် ရှိနေဆဲပင်။ သူသည် အခြားသော မိသားစုဝင်များကို ဦးဆောင်၍ ဝိညာဉ်စိုက်ခင်းများသို့ သွားရောက်တတ်၏၊ ရေခဲရေကန်မှ ငါးများဖမ်း၍ စုယွီတို့အတွက် စားကောင်းသောက်ဖွယ်များ ပြင်ဆင်ပေးခြင်းတို့ကို ပြုလုပ်တတ်သည်။

ယွီလင်းဖုန်းသည် စုယွီ မေးလိုသည့်အရာကို သိရှိသဖြင့် ရိုသေစွာဖြင့်ပင် ခေါင်းခါပြလိုက်၏။

"မကြားရသေးပါဘူး ခင်ဗျာ။ အဲ့ဒီနေရာက အတော်လေး ဝေးတာဆိုတော့ စုဇီမမလေးတို့ သတင်းပို့ဖို့ ခက်နေတာလည်း ဖြစ်နိုင်ပါတယ်"

ယွီလင်းဖုန်းက ဆက်လက်ပြောကြားလေသည်။

"ဒါပေမဲ့ ဈေးတန်းထဲမှာတော့ ကောလာဟလတွေ ထွက်နေပါတယ်။ အဲ့ဒီ အပျက်အစီးနေရာမှာ ဝင်ရောက်သွားတဲ့ ပါရမီရှင်တွေရဲ့ နာမည်ကို မှတ်တမ်းတင်ထားတဲ့ ကျောက်စာတိုင်ကြီး တစ်ခု ရှိတယ်တဲ့။ လူတစ်ယောက် သေဆုံးသွားတာနဲ့ အဲ့ဒီနာမည်က ကျောက်စာတိုင်ပေါ်ကနေ ပျောက်ကွယ်သွားတတ်တယ်လို့ ဆိုပါတယ် "

"ပြီးတော့ လူတိုင်း ကြုံတွေ့ရတဲ့ စမ်းသပ်မှုတွေကလည်း မတူကြဘူးတဲ့။ သုံးနှစ်မှာ တစ်ကြိမ်ပဲ ဝင်ခွင့်ရတာဆိုတော့... ပါရမီရှင်တွေအနေနဲ့ အထဲမှာ ခေတ္တခဏ နေထိုင်နေကြတာလည်း ဖြစ်နိုင်ပါတယ်"

စုယွီ မျက်မှောင်အနည်းငယ် ကြုတ်သွားမိ၏။ ထို့နောက် သူသည် ယွီလင်းဖုန်းကို ကောင်းကင် အပျက်အစီး ကျောင်းတော်သို့ သွားရောက် စုံစမ်းခိုင်းလိုက်လေသည်။ အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး (၁၀၀၀) ခန့် အကုန်အကျခံ၍ စုံစမ်းလိုက်ပြီးနောက်တွင်မူ စုဇီနှင့် လော့ချန်ယွီတို့မှာ အသက်ရှင်လျက် ရှိနေဆဲဖြစ်ကြောင်း သတင်းရရှိခဲ့၏။

သူတို့မှာ အပျက်အစီးနေရာအတွင်း၌ ရှိနေဆဲ ဖြစ်ပြီး အပြင်သို့ ပြန်မထွက်လာကြသေးခြင်းသာ ဖြစ်ပေသည်။

ထိုအခါမှသာ စုယွီ စိတ်အနည်းငယ် အေးသွားရတော့၏။

ကောင်းကင်ဖီးနစ်နန်းတော် အပျက်အစီးနေရာ၏ မှန်ကန်မှုအပေါ်တွင်မူ ယုံမှားသံသယ ရှိစရာ မလိုတော့ပါချေ။ ခိုင်ရန် နန်းတော်နှင့် လီမိသားစုတို့ကဲ့သို့သော အင်အားစုကြီးများကပင် သူတို့၏ ကျွမ်းကျင်သူများကို စေလွှတ်၍ စောင့်ကြည့်ခိုင်းထားကြသည် မဟုတ်ပါလော။

ထိုမျှမကသေးဘဲ သိုင်းကျမ်းတိုက်၌လည်း ထိုရှေးဟောင်းဂိုဏ်းနှင့် ပတ်သက်သော မှတ်တမ်းများ တစ်စတစ်စ ထွက်ပေါ်လာခဲ့လေသည်။ စုယွီကိုယ်တိုင်လည်း သွားရောက် လေ့လာခဲ့ဖူး၏။ ဖီးနစ်သက်ဆင်းနယ်မြေ ပေါ်ထွန်းလာခြင်းမှာ ထိုကောင်းကင်ဖီးနစ်နန်းတော်နှင့် ဆက်စပ်မှု ရှိနိုင်ကြောင်း ကောလာဟလများ ထွက်ပေါ်နေလေသည်။

ထိုဂိုဏ်းကြီးမှာ ရှေးဟောင်းမိစ္ဆာဘုရင် 'ဖီးနစ် နတ်ဘုရား' နှင့် ပတ်သက်နေနိုင်သည်ဟုလည်း ဆိုကြ၏။ သို့သော်လည်း ရှေးဟောင်းလျှို့ဝှက်ချက်များမှာ မည်မျှအထိ မှန်ကန်သည်ကိုမူ မည်သူမျှ အသေအချာ မပြောနိုင်ကြပါချေ။

စုယွီသည် 'ဖီးနစ်သက်ဆင်းနယ်မြေ ၏ ဇာစ်မြစ်' ဟူသော ရှေးဟောင်းစာအုပ်တစ်အုပ်တွင် ဖီးနစ် နယ်မြေဟု ခေါ်တွင်ရခြင်းမှာ သွေးဖီးနစ်ဂိုဏ်း အခြေစိုက်သည့် နေရာ၌ ဖီးနစ် နတ်ဘုရားကြီး သက်ဆင်းခဲ့ဖူးသောကြောင့် ဖြစ်သည်ဟု ရေးသားထားသည်ကို တွေ့ရှိခဲ့ရသည်။

ဤကဲ့သို့သော ကိစ္စရပ်မျိုးကို စုယွီအနေဖြင့် မှန်းဆရန်ပင် ခဲယဉ်းလှပေသည်။

ဖီးနစ် နတ်ဘုရား ဆိုသည်မှာ... အနည်းဆုံးတော့ အင်မော်တယ်သားရဲ အဆင့်လောက် ရှိပေလိမ့်မည်။ ထိုကဲ့သို့သော တန်ခိုးရှင်ကြီးက ဤနေရာ၌ တကယ်ပင် ကျဆုံးခဲ့လေသလော။ ဒါဟာ သူ့အတွက်တော့ ဝေးလံလွန်းလှသည့် ကိစ္စရပ်ပင် ဖြစ်ချေတော့၏။

"ဪ... ဒါနဲ့ သခင်လေး။ စုမိသားစုဆီက စာတစ်စောင် ရောက်နေပါတယ်" ယွီလင်းဖုန်းက စာတစ်စောင်ကို စုယွီထံသို့ ကမ်းပေးလိုက်လေသည်။

စုယွီသည် စာကို ဖွင့်ဖတ်ကြည့်လိုက်ရာ သူ၏ ပဉ္စမအဘိုး စုပင်းထံမှ ဖြစ်ကြောင်း သိလိုက်ရ၏။ စာထဲတွင် ယွင်ကျန်းဂိုဏ်း နယ်မြေအတွင်းရှိ အပြောင်းအလဲများနှင့် မိသားစု၏ လက်ရှိ အခြေအနေများကို ဖော်ပြထားလေသည်။

ယွင်ကျန်းဂိုဏ်း၏ ဘိုးဘေးကြီးမှာ မကြာသေးမီကပင် လူမြင်ကွင်းသို့ ထွက်ပေါ်လာခဲ့ပြီး မငြိမ်မသက် ဖြစ်နေသော ကျန်းမိသားစုနှင့် ဟွမ်မိသားစုတို့ကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့တော့၏။

ထို့ပြင် ပိုင်ယွဲ့အင်မော်တယ်မြို့တော်ရှိ အပြောင်းအလဲ သတင်းများကိုလည်း ကြားသိရလေသည်။

နတ်မိမယ်ဖုန်းလင်မှာ အပျက်အစီးနေရာသို့ ရောက်ရှိနေသလို၊ အကြီးအကဲ ထျန်ဖုမှာလည်း ရွှေကျောက်စိမ်းဂိတ်တံခါး အပျက်အစီး၌သာ ရှိနေခဲ့၏။ တာအိုသခင် ပိုင်ယွဲ့မှာမူ ပျောက်ကွယ်နေသည်မှာ ကြာပြီဖြစ်ပြီး မည်သည့်နေရာသို့ ရောက်နေသည်ကို မည်သူမျှ မသိကြပါချေ။

လက်ရှိ ပိုင်ယွဲ့အင်မော်တယ်မြို့တော်မှာမူ ရွှီဝမ်ရှန်း၏ လက်အောက်သို့ လုံးဝ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ သူ၏ အုပ်ချုပ်မှုအောက်တွင် အမှန်တရားခန်းမမှာ ပိုမို အာဏာကြီးထွားလာပြီး ဈေးကွက်အတွင်းသို့ ဝင်ရောက်စွက်ဖက်လာသဖြင့် အင်အားစု အများအပြားနှင့် တစ်သီးပုဂ္ဂလ ကျင့်ကြံသူများမှာ မြို့တော်မှ ထွက်ခွာသွားကြတော့၏။

သို့သော်လည်း ဤလုပ်ရပ်ကြောင့် ဝိညာဉ် ခန်းမ၏ ဝင်ငွေမှာမူ အဆမတန် တိုးတက်လာခဲ့လေသည်။

လက်ဝါးကြီးအုပ်မှုကြောင့် အနီးအနားရှိ ကျင့်ကြံသူမိသားစုများကို ဆေးလုံးများ၊ အဆောင်များနှင့် အခင်းအကျင်းများကို ၎င်းတို့ထံမှသာ မဖြစ်မနေ ဝယ်ယူရန် ဖိအားပေးခဲ့ခြင်း ဖြစ်၏။ ရလဒ်အနေဖြင့် သူတို့မှာ အမြတ်အစွန်း အမြောက်အမြား ရရှိနေကြလေသည်။

စုယွီသည် ဤစာကို ဖတ်ပြီးနောက်တွင်မူ အံ့သြလွန်း၍ ဆွံ့အသွားရတော့၏။ သူက ရေရွတ်လိုက်မိလေသည်။

"ဒါက... ဒီလူက တာအိုသခင် ပိုင်ယွဲ့ရဲ့ တိတ်တိတ်ပုန်းသားများလား၊ မဟုတ်ရင် ပိုင်ယွဲ့မြို့တော်ရဲ့ အခြေခံအုတ်မြစ်ကို ဒီလောက်အထိ ဖျက်ဆီးရဲပါ့မလား"

ကမ္ဘာပေါ်မှာ ဒီလို လူစားမျိုးတွေ တကယ် ရှိနေတာလား။

"ရွှီဝမ်ရှန်း"

စုယွီ ခပ်ပြုံးပြုံးဖြင့် ရယ်မောလိုက်မိ၏။ ထိုလူသည် သူ့ထံမှ အမှန်တရား ခန်းမ ဂုဏ်ပြုမှတ်တမ်းများကို လိမ်လည်ယူခဲ့ဖူးသည် မဟုတ်ပါလော။ ထိုကိစ္စကို သူ ဘယ်တော့မှ မေ့မည်မဟုတ်ပေ။

( ဝိဉာဉ်ခန်းမ၊ တိုက်ပွဲခန်းမ၊ အမှန်တရား ခန်းမ၊ ဆိုပြီး ရှိရာမှာ.. ရွှီဝမ်ရှန်းက အမှန်တရား ခန်းမ သခင်ပါ။ )

မူလကတော့ နောင်တစ်ချိန်တွင် ထိုသူ့ကို အဆပေါင်း ရာနှင့်ချီ၍ ပြန်လည် ပေးဆပ်ခိုင်းရန် သူ စိတ်ကူးထားခဲ့ခြင်း ဖြစ်၏။ သို့သော်လည်း ယခုမူ... ရွှီဝမ်ရှန်း တစ်ယောက် သူ လက်စားမချေမီအထိ အသက်ရှင်နိုင်ပါဦးမလားဟု သူ သံသယ ဝင်လာမိလေသည်။

"ကျင့်ကြံခြင်းလောကမှာ လူမိုက်တွေကတော့ အမြဲတမ်း ရှိနေတာပါပဲ။ ဒါပေမဲ့ အဲ့ဒီလူတွေက သက်တမ်းမစေ့ခင်မှာပဲ သေသွားတတ်ကြတာ များပါတယ်လေ.." စုယွီ ခေါင်းခါယမ်းလျက် ထိုအတွေးကို ဖျောက်ပစ်လိုက်လေသည်။

အကယ်၍သာ ပိုင်ယွဲ့မြို့တော်၏ အကာအကွယ်နှင့် တာအိုသခင်၏ တတိယတပည့်ဟူသော ဂုဏ်ပုဒ်သာ မရှိခဲ့လျှင် ရွှီဝမ်ရှန်း၏ ဦးခေါင်းမှာ ကိုယ်နှင့် ကင်းကွာနေသည်မှာ ကြာလှပေလိမ့်မည်။

ထို့ကြောင့် သူ ကိုယ်တိုင် အားထုတ်နေရန်ပင် မလိုပါချေ။ ရွှီဝမ်ရှန်းမှာ မကြာမီပင် မိမိဘာသာ သေလမ်းရှာပေလိမ့်မည်။ ပိုင်ယွဲ့မြို့တော်ကြီး ပျက်စီးသွားမည်လား၊ ဆက်လက် တည်တံ့မည်လား ဆိုသည်မှာလည်း သူ့အတွက်တော့ ဘာမှ အရေးမပါလှပါချေ။

စုယွီသည် အတွေးနက်နေစဉ်မှာပင် မျက်လုံးများ မှေးစင်းသွားရ၏။

"နတ်မိမယ်ဖုန်းလင်က အပျက်အစီးနေရာကို သွားနေတယ်၊ အကြီးအကဲ ထျန်ဖုကလည်း အပျက်အစီးနေရာမှာပဲ အမြဲ နေနေတယ်... ဒါတွေက သူတို့ တမင်တကာ လုပ်နေတာများလား ခင်ဗျာ။ မြို့တော်ထဲက အခြေအနေတွေကို သူတို့ မသိဘဲ နေပါ့မလား"

"တာအိုသခင် ပိုင်ယွဲ့ရော... ဘာတွေ ဖြစ်နေတာလဲ"

စုယွီအနေဖြင့် ဤကိစ္စများကို သေသေချာချာ မစုံစမ်းနိုင်သေးမီမှာပင် သူ၏ ‌ဂူစံအိမ်သို့ ဧည့်သည်များ ရောက်ရှိလာခဲ့လေသည်။

ထိုသူများမှာ စုဇီနှင့်အတူ တာ့ယွဲ့မှောင်ခိုဈေးတွင် ကျန်ရစ်ခဲ့သော လော့ချန်ယွီ၏ ဂျူနီယာ ညီမလေးများပင် ဖြစ်တော့သည်။

စုယွီသည် ထိုမိန်းကလေးများနှင့်လည်း အရင်က တွေ့ဆုံခဲ့ဖူးပေသည်..။

All Chapters