← Chapters

လေဟာနယ်ကြာပန်း စုဆောင်းခြင်းနှင့် လက်ဝါးသိုင်းရတနာ

Vol. 8 Ch. 118

လေဟာနယ်ကြာပန်း စုဆောင်းခြင်းနှင့် လက်ဝါးသိုင်းရတနာ

Vol. 8 Ch. 118

~"ထျယ်မုန်ကျူးက မိတ်ဆွေစု၊ မိတ်ဆွေယွီနဲ့ စီနီယာမမ ယွီတို့ကို ဂါရဝပြုပါတယ် ရှင်"

ထိုအခါ၊ စုယွီသည် ယွီခယ်အာ၊ ယွီချန်ချင်းတို့နှင့်အတူ သူမကို ကိုယ်တိုင်ကိုယ်ကျ ကြိုဆိုနှုတ်ဆက်လိုက်လေသည်။

လော့ချန်ယွီနှင့် စုဇီတို့၏ ဂျူနီယာ ညီမငယ် သုံးဦးကို သူ ယခင်ကလည်း တွေ့ဆုံခဲ့ဖူးပေသည်။ ထိုစဉ်က သူ တာ့ယွဲ့မှောင်ခိုဈေးသို့ မရောက်ရှိသေးမီ ပိုင်ယွဲ့အင်မော်တယ်မြို့တော်မှ မထွက်ခွာမီအချိန်က လော့ချန်ယွီက ထိုမိန်းကလေးများကို ဦးဆောင်၍ အခြေခံတည်ဆောက်ခြင်းဆေးလုံး တစ်သုတ် ဖော်စပ်ပေးရန် သူ့ထံတွင် လာရောက် အကူအညီတောင်းခံခဲ့ဖူး၏။

ထိုအမျိုးသမီး သုံးဦးစလုံးမှာ ကိုယ်ပိုင်ဟန်ပန်နှင့် အလှတရား ကိုယ်စီ ရှိကြကုန်သည်။

အဖွဲ့ကို ဦးဆောင်လာသူ ထျယ်မုန်ကျူးမှာ အရပ်အမောင်း မြင့်မားသော်လည်း မျက်နှာထားမှာမူ အမြဲတမ်း တည်တင်းနေပြီး အလွန်ပင် လေးနက်တည်ကြည်ကာ စည်းကမ်းကြီးမည့်ပုံ ပေါက်လေသည်။ သူမသည် အပြာရောင်နှင့် အဖြူရောင်စပ်ထားသော ဝတ်စုံရှည်ကို ဆင်မြန်းထားပြီး ဂါရဝပြု နှုတ်ဆက်ရာတွင်ပင် အနည်းငယ် ခပ်စိမ်းစိမ်း အမူအရာမျိုး ရှိနေ၏။

ကျန်ရှိသော သူများအနက် တစ်ဦးမှာ ဆွဲဆောင်မှုရှိသော ရုပ်ရည်နှင့် လှပသော ခန္ဓာအလှ ရှိပြီး သူမ၏ အမည်မှာ ရှီလုအာ ဖြစ်လေသည်။ အခြားတစ်ဦးမှာမူ အရပ်ပုသော်လည်း မျက်လုံးဝိုင်းဝိုင်းလေးများနှင့် ချစ်စရာကောင်းသော မျက်နှာ ရှိသည့် ချန်ကျိယင် ပင် ဖြစ်တော့၏။

လွန်ခဲ့သော ခုနစ်နှစ်၊ ရှစ်နှစ်ခန့်က တွေ့ဆုံခဲ့စဉ်က ထျယ်မုန်ကျူးမှာ အခြေခံတည်ဆောက်ခြင်းအဆင့် (၂) တွင် ရှိနေပြီး ရှီလုအာနှင့် ချန်ကျိယင်တို့မှာမူ ချီစွမ်းအင်စုစည်းခြင်း (၉) ဆင့်တွင် ရှိနေခဲ့ကြသည်။

သို့သော်လည်း ယခုတစ်ကြိမ် ပြန်လည်ဆုံတွေ့ချိန်တွင်မူ ထျယ်မုန်ကျူးမှာ အခြေခံတည်ဆောက်ခြင်းအဆင့် (၃) သို့ ရောက်ရှိနေတော့၏။ ရှီလုအာနှင့် ချန်ကျိယင်တို့မှာလည်း အခြေခံတည်ဆောက်ခြင်းအဆင့် (၂) သို့ ချိုးဖြတ်ဝင်ရောက်ရန် လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေကြပြီ ဖြစ်၏။

"မိတ်ဆွေထျယ်၊ မိတ်ဆွေရှီနဲ့ မိတ်ဆွေချန် တို့ကို တွေ့ရတာ ဝမ်းသာပါတယ် ခင်ဗျာ"

စုယွီသည် ပြုံးလျက် နှုတ်ဆက်လိုက်၏။ ကောင်းကင်ပြာရောင် ဝတ်ရုံကို ဆင်မြန်းထားသော သူ၏ ရုပ်သွင်မှာ ယခင်ကနှင့် ယှဉ်လျှင် ပြောင်းလဲခြင်း မရှိသလောက်ပင်။ သို့သော်လည်း သူ၏ အမူအရာမှာမူ ပိုမိုရင့်ကျက် တည်ငြိမ်လာခဲ့သဖြင့် ကြည့်ရသူအဖို့ တစ်မျိုးတစ်ဖုံ ထူးခြားသော ခံစားမှုကို ပေးစွမ်းနေလေသည်။

အခြေခံတည်ဆောက်ခြင်းအဆင့် (၂) သာ ရှိသေးသော စုယွီကို မြင်လိုက်ရသောအခါ ထျယ်မုန်ကျူးတို့မှာ အနည်းငယ် အံ့အားသင့်သွားကြရသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ ရှေ့မှောက်တွင် ရှိနေစဉ်မှာပင် တစ်စုံတစ်ရာသော ဖိအားကို ခံစားနေရသောကြောင့် ဖြစ်၏။

"ကဲ... အထဲကို ကြွကြပါဦး"

စုယွီသည် ထိုအမျိုးသမီး သုံးဦးကို သူ၏ ဂေဟာအတွင်းသို့ ဖိတ်ခေါ်လိုက်ပြီး ဝိညာဉ်လက်ဖက်ရည်ဖြင့် ဧည့်ခံလိုက်လေသည်။

ခေတ္တမျှ စကားစမြည် ပြောဆိုပြီးနောက် ထျယ်မုန်ကျူးမှာ ယွင်ကျန်းဂိုဏ်း အတွင်းစည်းရှိ 'ပြစ်ဒဏ်ခတ်ခြင်း ခန်းမဆောင်' မှ ဖြစ်ပြီး ယခုအခါ ထိုခန်းမ၏ စီမံခန့်ခွဲသူ တစ်ဦး ဖြစ်ကြောင်း စုယွီ သိရှိလိုက်ရ၏။ ရှီလုအာမှာမူ ဒုတိယအဆင့် အဆင့်နိမ့် ပန်းချီပညာရှင် ဖြစ်ပြီး ချန်ကျိယင်မှာ ဒုတိယအဆင့် အဆင့်နိမ့် အခင်းအကျင်း ပညာရှင် တစ်ဦး ဖြစ်ပေသည်။

စုယွီက မေးမြန်းခြင်း မပြုမီမှာပင် ထျယ်မုန်ကျူးက တိုက်ရိုက်ပင် ပြောကြားလာတော့သည်။

"ကျွန်မတို့ ဒီကို လာရတဲ့ အကြောင်းရင်းကတော့... မိတ်ဆွေစုကို ဆေးလုံးလေးတွေ ဖော်စပ်ပေးဖို့ အကူအညီတောင်းချင်လို့ပါ"

"အခု ဂိုဏ်းချုပ်ဘက်ကနေ တာ့ယွဲ့မှောင်ခိုဈေးမှာ ရှိတဲ့ ကျွန်မတို့ စခန်းအတွက် ထောက်ပံ့မှုတွေကို ဖြတ်တောက်လိုက်ပြီ ရှင်။ ဆေးလုံးတွေလိုမျိုး အရင်းအမြစ်တွေကို ကျွန်မတို့ဘာသာပဲ ရှာဖွေရတော့မယ်"

"ဒါကြောင့် နောက်ပိုင်းမှာ မိတ်ဆွေစုကို အနှောင့်အယှက် ပေးရတော့မှာပါပဲ ရှင်"

ထိုသို့ပြောကြားပြီးနောက် ထျယ်မုန်ကျူးသည် အခြေခံတည်ဆောက်ခြင်းဆေးလုံး ကုန်ကြမ်းများ အပါအဝင် ဆေးဖော်စပ်ရန် လိုအပ်သော ပစ္စည်းအချို့ကို ထုတ်ယူလိုက်လေသည်။

"ကျွန်မတို့အတွက် အရည်အသွေးကောင်းတဲ့ ဒုတိယအဆင့် 'ကိုယ်ထည်ဖွင့်လှစ်ခြင်းဆေးလုံး' တွေ အဓိက လိုအပ်ပါတယ် ။ မိတ်ဆွေစုကိုပဲ အားကိုးပါရစေတော့"

စုယွီသည် မျက်မှောင်အနည်းငယ် ကြုတ်သွားသော်လည်း ခဏအကြာတွင် ခေါင်းညိတ်ပြလိုက်၏။

"ကိစ္စမရှိပါဘူး ခင်ဗျာ"

ယွင်ကျန်းဂိုဏ်းက သူတို့လူတွေအတွက် ထောက်ပံ့မှုကို ဖြတ်တောက်လိုက်တယ် ဟုတ်လား။

ထျယ်မုန်ကျူးတို့အဖွဲ့ ထွက်ခွာသွားပြီးနောက် စုယွီသည် သက်ပြင်းချရင်း ယွီခယ်အာနှင့် ယွီချန်ချင်းတို့ကို ကြည့်ကာ ခေါင်းခါယမ်းလိုက်မိသည်။

"ယွင်ကျန်းဂိုဏ်းချုပ်ရဲ့ လုပ်ရပ်တွေက တကယ်ကို ယုတ်ညံ့လွန်းပါလား။ အပြင်လူ ဖြစ်တဲ့ ငါတောင်မှ အခုနောက်ပိုင်း ယွင်ကျန်းဂိုဏ်းဟာ မှုန်မှိုင်းခြောက်ကပ်တဲ့ နေရာ တစ်ခု ဖြစ်လာနေပြီဆိုတာ ခံစားမိနေတယ်"

ကုန်းစွန်းယီ၏ ပါရမီရှင်များ ဆုံစည်းပွဲမှ အပြုအမူနှင့် သူ၏ ဘေးနားရှိ လူများကို ပြန်လည် စဉ်းစားကြည့်သောအခါတွင်မူ... ကျားတစ်ကောင်၏ အစက်အပြောက်ကို ကြည့်ရုံဖြင့် ထိုကျား၏ ပုံစံ တစ်ခုလုံးကို သိမြင်နိုင်သည် မဟုတ်ပါလော။

ယွင်ကျန်းဂိုဏ်း ဤကဲ့သို့ ဖြစ်လာသည်မှာ အံ့သြစရာ မရှိတော့ပါချေ။

ယွင်ကျန်းဂိုဏ်း၏ အနာဂတ်မှာ ကုန်းစွန်းယီကဲ့သို့သော လူစားမျိုးများ၏ လက်ထဲသို့ ရောက်ရှိသွားမည်ဆိုပါက ထိုဂိုဏ်းကြီး ပျက်စီးသွားရန်မှာ မဝေးတော့ကြောင်း စုယွီ မြင်ယောင်နေမိသည်။ အကယ်၍သာ ဖီးနစ်ငှက်ကဲ့သို့ မီးလျှံထဲမှ ပြန်လည် မွေးဖွားနိုင်စွမ်း မရှိခဲ့လျှင်ပေါ့လေ။

"ချန်ချင်း... ရွေ့အန်းနဲ့ တခြားလူတွေကိုပါ ခေါ်လိုက်ဦး။ ငါ.. ဆေးဖော်စပ်တော့မယ်" စုယွီသည် ထိုအတွေးများကို ဘေးဖယ်ထားလိုက်ပြီး စုရွီအန်း အပါအဝင် လူတိုင်းကို ဆေးဖော်စပ်ခန်းသို့ ခေါ်ယူလိုက်လေသည်။ သူသည် ဒုတိယအဆင့် အဆင့်နိမ့် ဆေးလုံးများကို ဖော်စပ်နေစဉ်မှာပင် ယွီချန်ချင်းကိုလည်း သူမ၏ ဆေးဖော်စပ်မှု အတွေ့အကြုံများအတွက် လမ်းညွှန်ပြသပေးနေခဲ့၏။

သုံးရက် ကြာပြီးနောက်...

စုယွီသည် ထျယ်မုန်ကျူးတို့ လိုအပ်သော ဆေးလုံးများကို ယွီလင်းဖုန်းမှတစ်ဆင့် ပေးပို့ခိုင်းလိုက်လေသည်။ ထိုအထဲတွင် လက်ရာမြောက်သော အရည်အသွေးရှိသည့် ဒုတိယအဆင့် အဆင့်နိမ့် ဆေးလုံးအချို့ ပါဝင်နေသဖြင့် ထိုမိန်းကလေးများအတွက် အချိန်အတော်ကြာ ကျင့်ကြံရန် လုံလောက်ပေလိမ့်မည်။

ထို့နောက်တွင်မူ စုယွီသည် ဆေးလုံးများကို ထပ်မံ ဖော်စပ်ပြန်၏။

ဤတစ်ကြိမ်တွင်မူ သူသည် ယွီချန်ချင်း၊ စုရွီအန်းနှင့် အခြားသူများကိုပါ အနားတွင် ထိုင်ကြည့်ခိုင်းထားလေသည်။ အခြေခံ တည်ဆောက်ခြင်း

ဆေးလုံး (၃) သုတ်ကို ဖော်စပ်ရန် ပြင်ဆင်နေခြင်း ဖြစ်၏။

ယွီမိသားစုခေါင်းဆောင် ယွီပိုင်ရှန် ပေးပို့ထားသော ကုန်ကြမ်းနှစ်စုံကို သူ မဖော်စပ်ရသေးပါချေ။

ထျယ်မုန်ကျူးသည်လည်း ဆေးဖော်စပ်ခအဖြစ် ကုန်ကြမ်းပစ္စည်း တစ်စုံကို ပေးအပ်ထားခဲ့သည် မဟုတ်ပါလော။

"အခြေခံတည်ဆောက်ခြင်းဆေးလုံး ဖော်စပ်ဖို့ဆိုတာ မလွယ်ပါဘူး။ တည်ငြိမ်မှုက အဓိကပဲ။ ကုန်ကြမ်းတစ်ခုချင်းစီရဲ့ ဆေးဖက်ဝင် အာနိသင်တွေ၊ မီးအရှိန်အဝါရဲ့ အပြောင်းအလဲတွေ၊ ပစ္စည်းတစ်ခုချင်းစီ ထည့်ရမယ့် အချိန်နဲ့ ပေါင်းစပ်ရမယ့် အချိန်... ဒါတွေအားလုံးက နည်းနည်းလေးတောင် လွဲလို့ မရဘူး။ မဟုတ်ရင်တော့ နောက်ဆုံးထွက်လာမယ့် ဆေးလုံးရဲ့ အရည်အသွေးကို အများကြီး ထိခိုက်စေနိုင်ပါတယ်" စုယွီသည် ဆေးဖော်စပ်ရင်း သူ၏ တပည့်များကို သေသေချာချာ ရှင်းပြနေလေသည်။

စုယွီ ဆေးဖော်စပ်နေသည်ကို ကြည့်ရသည်မှာ အနုပညာ ဖျော်ဖြေပွဲ တစ်ခုကို ကြည့်နေရသကဲ့သို့ပင်။ ပြောင်းလဲနေသော မီးလျှံများ၊ ကုန်ကြမ်းများ ထည့်သွင်းပုံနှင့် ဆေးရည်များ ပေါင်းစပ်သွားပုံတို့မှာ အလွန်ပင် သဘာဝကျလှသဖြင့် ဖော်ပြလို့ မရနိုင်သော အလှတရားတစ်ခုအလား ဖြစ်ပေါ်နေတော့၏။

ခုနစ်ရက် ကြာပြီးနောက်...

စုယွီ၏ ကျွမ်းကျင်လှသော ထိန်းချုပ်မှုအောက်တွင် ပထမဆုံးအသုတ်မှ အခြေခံတည်ဆောက်ခြင်းဆေးလုံး (၅) လုံး ထွက်ပေါ်လာခဲ့လေသည်။ ထိုအထဲမှ နှစ်လုံးမှာ ထိပ်တန်း အရည်အသွေးများ ဖြစ်ကြပြီး ကျန်သုံးလုံးမှာမူ သာမန် အရည်အသွေးများ ဖြစ်ကြ၏။

ဤရလဒ်ကြောင့် စုရွီအန်းနှင့် စုချီတို့မှာ အံ့အားသင့်ကာ အော်ဟစ်လိုက်မိကြလေသည်။

ဤဆေးလုံး (၅) လုံးမှာ ယွီမိသားစုအတွက် ဖြစ်လေသည်။ ငါးနှစ်လျှင် တစ်ကြိမ်၊ ကုန်ကြမ်းနှစ်စုံဖြင့် ဆေးဖော်စပ်ပေးရန်မှာ သူတို့၏ သဘောတူညီချက် မဟုတ်ပါလော။

နောက်ထပ် အသုတ်များအတွက်မူ စုယွီသည် ထွက်ပေါ်လာသော အရည်အသွေးကို လူမြင်ကွင်းတွင် ထုတ်မပြတော့ပါချေ။ လက်တွေ့တွင်မူ တတိယမြောက် အသုတ်၌ သူသည် ဆေးလုံး (၅) လုံး ရရှိခဲ့ပြီး လေးလုံးမှာ ထိပ်တန်း အရည်အသွေးများ ဖြစ်ကြလေသည်။

နောက်ဆုံးတွင် စုယွီသည် ကုန်ကြမ်း နှစ်သုတ်မှ ထိပ်တန်း အရည်အသွေးရှိသည့် အခြေခံတည်ဆောက်ခြင်းဆေးလုံး (၆) လုံးနှင့် သာမန် အရည်အသွေးရှိသော ဆေးလုံး (၃) လုံးကို ရရှိခဲ့လေသည်။

လက်ထဲမှ ဆေးလုံးများကို ကြည့်ရင်း စုယွီသည် အချိန်အတော်ကြာ စဉ်းစားနေမိ၏။

ယခင်က ပိုက်ဆံ လိုအပ်နေချိန်တွင် သူသည် ဆေးလုံးတစ်လုံးကို လေလံတင် ရောင်းချခဲ့ဖူးသော်လည်း ယခုမူ သူ့လက်ထဲတွင် ဝိညာဉ်ကျောက်တုံးများ အမြောက်အမြား ရှိနေပြီ ဖြစ်သဖြင့် ထိုသို့ လုပ်ဆောင်ရန် မလိုတော့ပါချေ။

ဒါတင်မကသေးဘဲ... ဤမျှ များပြားလှသော ဆေးလုံးများကို ငွေကြေးအဖြစ် ပြောင်းလဲရန် ကြိုးစားခြင်းမှာ အလွန်ပင် အန္တရာယ် များလှသည် မဟုတ်ပါလော။

အချိန်အတော်ကြာ တွေးတောပြီးနောက် စုယွီ ဆုံးဖြတ်ချက် တစ်ခု ချလိုက်လေသည်။

'ငါ အချိန်ရရင် မိသားစုဆီ တစ်ခေါက် ပြန်သွားသင့်တယ်၊ ဒီဆေးလုံးတွေကို ငါ့လက်ထဲမှာပဲ သိမ်းထားတာက နှမြောစရာပဲ။ တကယ်လို့ မိသားစုခေါင်းဆောင်နဲ့ တခြားလူတွေ အခြေခံတည်ဆောက်ခြင်းအဆင့်ကို ထပ်ပြီး ကြိုးစားချင်သေးတယ် ဆိုရင်တော့... ဒီဆေးလုံးတွေက အသုံးဝင်လာမှာပါပဲလေ’

All Chapters