လေဟာနယ်ကြာပန်းနှင့် အင်မော်တယ်လက်နက်
Vol. 8 Ch. 120
~ရုတ်တရက်ဆိုသလို ကြီးမားလှသည့် အရိပ်မည်းကြီးတစ်ခုသည် ရေကန်အောက်ခြေသို့ အရှိန်အဟုန်ပြင်းစွာ ငုပ်လျှိုးသွားတော့၏။
ရုပ်သေးကိုယ်ပွားမှာ ခေတ္တမျှ မှင်သက်သွားရသည်။ သူသည် ထိုအရိပ်ကို ဝေဝါးစွာသာ မြင်လိုက်ရသော်လည်း ၎င်းမှာ (၁၀) ပေခန့် ရှည်လျားသည့် ရေခဲကြေးခွံငါးကြီးတစ်ကောင်နှင့် တူလှပေသည်။ ၎င်း၏ အရှိန်အဝါမှာ အလွန်အမင်း အားမကောင်းလှသော်လည်း ချီစွမ်းအင်စုစည်းခြင်း (၉) ဆင့်ခန့်တွင် ရှိနေတော့၏။
'ဒါ... ရေခဲကြေးခွံငါးဘုရင်လား...'
'ဒီသတ္တဝါက တော်တော်လေး အသိဉာဏ်ရှိပုံရတယ်... အန္တရာယ်ကိုတောင် ကြိုသိနေပါလား...'
ဘုန်း...
စုယွီသည် စိတ်ဝင်စားသွားပြီးနောက် သူ၏ ရုပ်သေးကိုယ်ပွားကို အရှိန်မြှင့်ကာ နောက်မှ ထပ်ကြပ်မကွာ လိုက်လံခိုင်းလိုက်လေသည်။
ပေတစ်ထောင်ကျော်အထိ နက်ရှိုင်းစွာ ငုပ်လျှိုးသွားပြီးနောက်တွင်မူ ရေမျက်နှာပြင်ပေါ်တွင် ရှိနေသော စုယွီသည် မျက်မှောင်ကြုတ်လိုက်မိ၏။ ဤရေကန်မှာ မည်မျှအထိ နက်ရှိုင်းနေသနည်း။ အောက်ခြေဆိုသည်မှာရော ရှိပါဦးမည်လော။
ရုပ်သေးကိုယ်ပွားမှာ ပေသုံးထောင်ကျော်အထိ ရောက်ရှိသွားချိန်တွင်မူ ၎င်းသည်ပင်လျှင် တစ်စုံတစ်ရာသော ဖိအားကို စတင်ခံစားလာရတော့၏။
ထို့ပြင် စောစောက ငါးဘုရင်၏ အရိပ်အယောင်ကိုလည်း မတွေ့ရတော့ပါချေ။
ထိုစဉ်မှာပင်...
မနီးမဝေးရှိ ကျောက်နံရံတစ်ခုထံမှ မှိန်ဖျော့ဖျော့ အလင်းရောင်တစ်ခု ထွက်ပေါ်လာလေသည်။ ရုပ်သေးကိုယ်ပွားမှာ ထိုအလင်းရောင်ရှိရာသို့ ခပ်မြန်မြန်. ကူးခတ်သွားပြီး၏။ ထိုအခါ၊ ထိုနေရာ၌ ရေခဲဂူစံအိမ်ဂေဟာ တစ်ခု ရှိနေသည်ကို အံ့သြဖွယ်ရာ တွေ့ရှိလိုက်ရ၏။
'ဒီဂေဟာကို ဘယ်တုန်းက တည်ဆောက်ထားတာပါလိမ့်...'
ပတ်ဝန်းကျင်ကို ခေတ္တမျှ စစ်ဆေးကြည့်ရာ မည်သည့် အန္တရာယ်မျှ မတွေ့ရှိရပါချေ။
ပြင်ပမှ ရေများကို တားဆီးထားသည့် အကာအကွယ် အခင်းအကျင်းကို ဖြတ်ကျော်ပြီးနောက် ရုပ်သေးကိုယ်ပွားမှာ ဂေဟာအတွင်းသို့ အလွယ်တကူပင် ဝင်ရောက်နိုင်ခဲ့လေသည်။ ဂေဟာမှာ အတော်လေး ကျယ်ဝန်းလှပြီး ကျောက်နံရံကို ထွင်းထုလပြုလုပ်ထားသော အခန်းများစွာ ရှိနေသည်ကို တွေ့ရ၏။
သို့သော်လည်း ရုပ်သေးကိုယ်ပွားသည် ဂေဟာ၏ အတွင်းပိုင်းသို့ ထပ်မံဝင်ရောက်သွားချိန်တွင်မူ ရေခဲရေကန်ငယ်လေးတစ်ခုကို တွေ့ရှိလိုက်ရပြန်သည်။ ထိုရေကန်ငယ်အတွင်း၌ အေးစက်သော အငွေ့အသက်များအကြား လှုပ်ရှားနေသည့် ကြာပန်းတစ်ပွင့်ကို မြင်လိုက်ရသောအခါ သူ၏ ခြေလှမ်းများမှာ တုံ့ခနဲ ရပ်တန့်သွားတော့၏။
အပေါ်မှ စောင့်ကြည့်နေသော စုယွီ၏ မျက်လုံးအိမ်များမှာလည်း ရုတ်ချည်း ကျုံ့ဝင်သွားရလေသည်။ သူသည် အပြင်ပန်း၌ တည်ငြိမ်နေဟန် ရှိသော်လည်း ရင်ထဲတွင်မူ အတိုင်းအထက်အလွန် အံ့အားသင့်နေမိတော့၏။
'ဒါ... လေဟာနယ်ကောင်းကင်ကြာပန်း မဟုတ်လား...'
...
၎င်းမှာ လွန်ခဲ့သော လေလံပွဲ၌ အဖိုးတန်စွာ ရောင်းချခဲ့သည့် လေဟာနယ်ကောင်းကင်ကြာပန်းနှင့် တစ်ပုံစံတည်းပင် ဖြစ်တော့၏။
ဟွာယွမ်ဆေးလုံး ဖော်စပ်ရာတွင် မပါမဖြစ် အဓိက ကုန်ကြမ်းမှာ ဤကြာပန်းပင် မဟုတ်ပါလော။ ဤကြာပန်းကို ရရှိလိုက်ခြင်းမှာ ဟွာယွမ်ဆေးလုံး ဖော်စပ်ရန် လိုအပ်သည့် ပစ္စည်းများအားလုံးကို ရရှိရန် လက်တစ်ကမ်းအလိုသို့ ရောက်ရှိသွားခြင်းပင် ဖြစ်ချေတော့သည်။
"ဟူး..."
ရုပ်သေးကိုယ်ပွားမှာ စိတ်လှုပ်ရှားလွန်းသဖြင့် အလိုအလျောက်ပင် ငြိမ်သက်သွားမိ၏။ ခေတ္တအကြာတွင် သူသည် ရေကန်ငယ်၏ ထောင့်တစ်နေရာ၌ ပုန်းအောင်းနေသော စောစောက ငါးဘုရင်ကို တွေ့ရှိလိုက်လေသည်။
ယခုအခါ ထိုရေခဲကြေးခွံငါးဘုရင်မှာ ကြောက်လန့်တုန်ရီနေပြီး သူ့ကို မသတ်ရန် တောင်းပန်နေသည့်အလား ရုပ်သေးရုပ်ကို ကြည့်နေရှာသည်။
ရုပ်သေးကိုယ်ပွားမှာ သက်ပြင်းတစ်ချက်ချလိုက်ပြီး ပြောလိုက်၏။
"မလှုပ်နဲ့တော့"
ယခု အခိုက်အတန့်မှာ၊ သူသည် ဒုတိယအဆင့် ရေခဲကျောက်စိမ်း ဝိညာဉ်သတ္တုရိုင်းကို ထုတ်ယူကာ ကျောက်စိမ်းသေတ္တာ တစ်လုံးကို ချက်ချင်း ဖန်တီးလိုက်လေသည်။
ရုပ်သေးသည် လေဟာနယ်
ကောင်းကင်ကြာပန်းကို ဂရုတစိုက် ခူးယူ၍ ရေခဲ
ကျောက်စိမ်းသေတ္တာအတွင်း ထည့်သွင်းလိုက်ပြီးနောက် ပတ်ဝန်းကျင်၌ တားမြစ်အခင်းအကျင်းများစွာကိုပါ တစ်ပါတည်း ချိပ်ပိတ်ထားလိုက်တော့၏။
ထိုကျောက်စိမ်းသေတ္တာကို သိုလှောင်အိတ်အတွင်းသို့ သေချာစွာ ထည့်သွင်းပြီးမှသာ ရုပ်သေးကိုယ်ပွားမှာ စိတ်အေးသွားရလေတော့သည်။
ဤပစ္စည်းမှာ အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး သောင်းနှင့်ချီ၍ တန်ဖိုးရှိလှပေသည်။ အမြုတေဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူကြီးများပင်လျှင် အပြင်းအထန် လုယက်ခဲ့ကြသည့် ရတနာ မဟုတ်ပါလော။
'တခြား အထောက်အကူပြု ဆေးမြစ်တွေသာ စုဆောင်းနိုင်ရင်... နောင်တစ်ချိန်မှာ ပဉ္စမအဘိုးတို့အတွက် တုပအမြုတေအဆင့်ကို တက်လှမ်းဖို့ သုံးလို့ရပြီပေါ့'
အပြင်ဘက်က စုယွီသည် အလွန်ပင် ဝမ်းသာပီတိ ဖြစ်နေမိ၏။
တုပအမြုတေအဆင့် ဆိုသည်မှာ ယွီမိသားစုတွင်ရော၊ ဟွမ်မိသားစုနှင့် ကျန်းမိသားစုတို့တွင်ပါ မရှိသေးသည့် အဆင့်အတန်း တစ်ခုပင်။
၎င်းမှာ အင်အားစုကြီးများအတွက် အမြဲတမ်း ကြီးမားသည့် အတားအဆီး တစ်ခု ဖြစ်ခဲ့လေသည်။
ယွီမိသားစုကဲ့သို့သော ကျင့်ကြံသူမိသားစုများအတွက်မူ မိမိဘာသာ အမြုတေဖွဲ့စည်းနိုင်သည့် ပါရမီရှင် တစ်ဦး ပေါ်ထွန်းလာရန်မှာ အလွန်ပင် ခဲယဉ်းလှပေသည်။ ထို့ကြောင့် အများအားဖြင့် သူတို့သည် သက်တမ်းကို (၃၅၀) ကျော်အထိ တိုးမြှင့်ပေးနိုင်သည့် တုပအမြုတေအဆင့်သို့ ဦးစွာ ရောက်ရှိရန်သာ ကြိုးပမ်းကြရလေသည်။ ထိုအဆင့်သို့ ရောက်ရှိပြီးမှသာ ရွှေရောင်အမြုတေဆေးလုံးကို ရှာဖွေကာ အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ ထပ်မံ ကြိုးစားကြရခြင်း ဖြစ်၏။
ဤရေကန်နက်ကြီးထဲ၌ လေဟာနယ်ကောင်းကင်ကြာပန်းကို တိုက်တိုက်ဆိုင်ဆိုင် တွေ့ရှိလိမ့်မည်ဟု သူ ဘယ်တုန်းကမှ ထင်မှတ်မထားခဲ့ပါချေ။
စုယွီသည် အံ့သြမှုများ ပြေပျောက်သွားသောအခါ ရေကန်ထောင့်ရှိ ငါးဘုရင်ကို ကြည့်ကာ သဘောကျသွားမိ၏။ သူသည် သိုလှောင်အိတ်ထဲမှ ပြီးပြည့်စုံသော အရည်အသွေးရှိသည့် ပထမအဆင့် ထိပ်တန်း သားရဲဆေးလုံးတစ်လုံးကို ထုတ်ယူကာ လှမ်းပစ်ပေးလိုက်ရင်း ပြောလိုက်လေသည်။
"မဆိုးဘူးဗျာ... ကဲ... ဒီရေကန်လေးကတော့ ဒီနေ့ကစပြီး မင်းရဲ့ နယ်မြေပဲပေါ့ကွာ"
"ဝုန်း"
ဆေးလုံးမှာ ရေထဲသို့ ကျသွားသည်နှင့် ငါးဘုရင်မှာ အနံ့ခံလိုက်ပြီးနောက် မျက်လုံးများ တောက်ပသွားရ၏။ ၎င်းသည် လျင်မြန်စွာ ပြေးထွက်လာပြီး ဆေးလုံးကို တစ်ကိုက်တည်းနှင့် မျိုချလိုက်လေတော့သည်။
ထို့နောက် ရုပ်သေးကိုယ်ပွားမှာ ဂေဟာအတွင်းရှိ ကျန်ရှိသော အခန်းများကို လိုက်လံ ကြည့်ရှုလေသည်။ ဝင်ပေါက်ရှိ ရေတားအခင်းအကျင်းမှလွဲ၍ အခြားသော အခင်းအကျင်း စွမ်းအင်များကို မတွေ့ရပါချေ။
အခန်းတစ်ခုအတွင်းသို့ ဝင်ရောက်သွားချိန်တွင်မူ ရုပ်သေးကိုယ်ပွားသည် တရားထိုင်ဖျာပေါ်၌ ထိုင်လျက်သား သေဆုံးနေသည့် လူအရိုးစုတစ်ခုကို တွေ့ရှိလိုက်ရလေသည်။ ထိုသူမှာ ကျင့်ကြံနေစဉ်မှာပင် အသက်ဆုံးရှုံးသွားခဲ့ဟန် ရှိပေသည်။
"ဂျူနီယာ စုယွီ က စီနီယာကို ဂါရဝပြုပါတယ် ခင်ဗျာ။ စီနီယာရဲ့ ဂေဟာကို မတော်တဆ နှောင့်ယှက်မိတဲ့အတွက် ခွင့်လွှတ်ပေးပါဦး" ရုပ်သေးကိုယ်ပွားမှာ ဦးညွှတ်ဂါရဝပြုပြီးနောက် ထိုသူ၏ ရုပ်ကြွင်းကို မြေမြှုပ်သင်္ဂြိုဟ်ပေးရန် ဆုံးဖြတ်လိုက်လေသည်။
သူသည် ထိုသူကို မသိသော်လည်း ထိုအရိုးစုထံမှ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သော အငွေ့အသက်များကို ခံစားနေရ၏။ နှစ်ပေါင်းများစွာ ကြာသည်အထိ အရိုးစု ကျန်ရစ်နေသေးသည်ကို ကြည့်ခြင်းအားဖြင့် ထိုသူမှာ အသက်ရှိစဉ်က ကျင့်ကြံခြင်းအဆင့် မနိမ့်လှကြောင်း သိသာလှပေသည်။
ထင်ထားသည့်အတိုင်းပင်...
ရုပ်သေးကိုယ်ပွားမှာ ထိုအရိုးစုထံမှ နတ်ဘုရား အာရုံအမှတ်အသား မရှိတော့သည့် သိုလှောင်အိတ်တစ်လုံးကို ရှာတွေ့ခဲ့လေသည်။ သူသည် နတ်ဘုရား အာရုံဖြင့် စူးစမ်းကြည့်ရန် ကြိုးစားလိုက်ချိန်တွင်မူ အလွန်အေးစက်လှသော စွမ်းအားတစ်ခုက သူ၏ နတ်ဘုရား အာရုံကိုပင် ခဲသွားစေမတတ် ဖြစ်သွားရ၏။
သူ ပြန်လည် တည်ငြိမ်သွားသောအခါမှသာ သိုလှောင်အိတ်အတွင်း၌ အပြာရောင် ပုလဲလုံးလေးတစ်လုံးကို တွေ့ရှိလိုက်ရလေသည်။ ၎င်းမှာ ထိုအေးစက်သော စွမ်းအားများ၏ မြစ်ဖျားခံရာပင် ဖြစ်၏။ ထို့ပြင် သိုလှောင်အိတ်အတွင်း၌ ကျောက်စိမ်းပြားတစ်ချပ်လည်း ရှိနေပါသေးသည်။
ရုပ်သေးကိုယ်ပွားမှာ ထိုအပြာရောင် ပုလဲလုံးလေးကို စိုက်ကြည့်ရင်း တုန်ရီနေသော အသံဖြင့် ရေရွတ်လိုက်မိ၏။
"ဒါ... ဒါ... အခြေခံအဆင့် အင်မော်တယ်လက်နက် လား..."
သူသည် ကျောက်စိမ်းပြားအတွင်းသို့ နတ်ဘုရား အာရုံများ ပို့လွှတ်လိုက်ချိန်တွင်မူ နက်နဲလှသော သတင်းအချက်အလက် အမြောက်အမြားမှာ သူ၏ ဦးနှောက်အတွင်းသို့ တဟုန်ထိုး စီးဝင်လာတော့သည်။ စုယွီမှာ ထိုအရာများကို ခွဲခြမ်းစိတ်ဖြာရန်ပင် အချိန်မရဘဲ အတင်းအကျပ် လက်ခံလိုက်ရလေသည်။
ခဏအကြာတွင်မှ စုယွီသည် သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်ရင်း အတိုင်းမသိ ဝမ်းသာပီတိ ဖြစ်နေမိလေတော့သတည်း။