← Chapters

သံသရာဝင်စားခြင်းနှင့် ပေ့ရွှမ်နယ်မြေ၌ မွေးဖွားခြင်း

Vol. 33 Ch. 481

သံသရာဝင်စားခြင်းနှင့် ပေ့ရွှမ်နယ်မြေ၌ မွေးဖွားခြင်း

Vol. 33 Ch. 481

~နင်ချီ၏ ရင်ထဲတွင် အလုံးကြီးကျသွားသလို သက်ပြင်းတစ်ချက်ကို မသိမသာ မှုတ်ထုတ်လိုက်မိလေ၏။

လွန်ခဲ့သော ဆယ်နှစ်ကျော်ကာလက သူ သီးသန့်ကျင့်ကြံခြင်း စတင်ခဲ့ချိန်မှစ၍ ယခုအချိန်ထိ စောင့်ဆိုင်းခဲ့ရခြင်း ဖြစ်သည်။ မိစ္ဆာနက်ဂိုဏ်း၏ ဂိုဏ်းကာကွယ်ရေး အခင်းအကျင်းကြီးမှာ သူ တွက်ချက်ထားသည်ထက် ပိုမို ခိုင်ခံ့နေခဲ့သည် မဟုတ်ပါလော။ သို့သော် ကံကောင်းထောက်မစွာဖြင့် ယခုအခါ၌ ထိုအခင်းအကျင်းကြီး ပွင့်သွားတော့၏။

"အခြေအနေကို ကြည့်ရတာ... ကျင့်ကြံသူ အမြောက်အမြား ဝင်ရောက် စီးနင်းနေကြပုံပဲ...၊ တခြား ဂိုဏ်းတစ်ခုခုက အခြေအနေမဟန်တာကို ရိပ်မိပြီး မိစ္ဆာနက်ဂိုဏ်းကို ဝင်တိုက်လိုက်တာ နေမှာပေါ့..."

သူ့နှုတ်ခမ်းထောင့်စွန်းလေးများ ကွေးညွတ်သွားကာ အပြုံးတစ်ချက် ဖြစ်ပေါ်လာ၏။

လက်ရှိ သူ၏ စွမ်းအားအဆင့်အတန်းဖြင့် ကမ္ဘာနှစ်ခု ခြားနားနေသော အဝေး တစ်နေရာမှ မိစ္ဆာနက်ဂိုဏ်းအတွင်း ဖြစ်ပျက်နေသည်များကို မျက်ဝါးထင်ထင် မမြင်နိုင်သည်မှာ အမှန်ပင်။ သို့သော်ငြားလည်း... သူ ကြိုတင်စီမံထားခဲ့သော စွမ်းအား တံဆိပ်ခတ်နှိပ်ခြင်းများမှတစ်ဆင့် အာရုံခံနိုင်စွမ်း ရှိနေပေသည်။

ထိုအခိုက်အတန့်၌...၊

သူ ငြိမ်သက်စွာ မြှုပ်နှံထားခဲ့သော စွမ်းအားတံဆိပ် အများအပြားမှာ လှုပ်နှိုးခံလိုက်ရသကဲ့သို့ တဖျပ်ဖျပ် လင်းလက်လာပြီး၊ ထိုနေရာရှိ ကျင့်ကြံသူများ၏ ခန္ဓာကိုယ်အတွင်းသို့ တိတ်တဆိတ် စီးဝင် ပေါင်းစပ်သွားကြလေတော့သည်။

ဒါက.. နင်ချီက ရည်ရွယ်ချက်ရှိရှိဖြင့် သိပ်သည်းစွာ ဖန်တီးထားခဲ့ခြင်း ဖြစ်သည်။ ဤတံဆိပ်များသည် ထွေထွေထူးထူး အစွမ်းသတ္တိများ မရှိသော်လည်း၊ နင်ချီအတွက် တည်နေရာပြ "အမှတ်" များအဖြစ် အသုံးတော်ခံကြမည် ဖြစ်သည်။ ဒန်ဒလီယန် ပန်းပွင့်လေးများ လေလွင့်ရာသို့ လိုက်ပါသွားပြီး မျိုးစေ့ချသကဲ့သို့၊ ဤတံဆိပ်များသည်လည်း ကျင့်ကြံသူများ၏ ခန္ဓာကိုယ်တွင် ကပ်တွယ်မှသာ အလုပ်ဖြစ်နိုင်မည် မဟုတ်ပါလော။

ယခုအချိန်တွင် နင်ချီသည် အဝေးတစ်နေရာရှိ 'တောင်နှင့် ပင်လယ် နယ်မြေ' ဆီမှ မှိန်ဖျဖျ လမ်းပြနေသော စွမ်းအားများကို ရှင်းလင်းပြတ်သားစွာ အာရုံခံမိနေပြီ ဖြစ်သည်။

"ဒီလိုဆိုရင်တော့... ငါ့ရဲ့ သံသရာဝင်စားခြင်း နည်းလမ်းက လမ်းပျောက်တော့မှာ မဟုတ်ဘူး... နောက်ဆုံးတော့ တောင်နှင့် ပင်လယ် နယ်မြေဆီကို ဦးတည်နိုင်ပြီဟေ့..."

နင်ချီ၏ မျက်နှာတွင် နှစ်ထောင်းအားရဖြစ်သော အမူအရာတို့ ထင်ဟပ်လာလေသည်။

အရာအားလုံး အသင့်ပြင်ပြီးပြီ ဖြစ်သော်လည်း လေကောင်းလေသန့်ကိုသာ စောင့်ဆိုင်းနေခဲ့ရခြင်း ဖြစ်သည်။ ယခုမူ... အရှေ့လေလည်း တိုက်ခတ်လာတော့၏။

(ဘာသာပြန်သူ မှတ်ချက် - "အရာရာ အသင့်ဖြစ်သော်လည်း အရှေ့လေကိုသာ လိုအပ်သည်" ဆိုသည်မှာ တရုတ်ဂန္ထဝင် ဝတ္ထုကြီးဖြစ်သော သုံးပြည်ထောင် ခေတ်ပြိုင်ဝတ္ထုမှ စစ်ဗျူဟာမှူးကြီး ကျူးကော့လျန်၏ နာမည်ကျော် စကားရပ် ဖြစ်ပါတယ်။ စစ်တိုက်ဖို့ အရာရာ အဆင်သင့် ဖြစ်နေပေမယ့် မီးတိုက်ဖို့အတွက် လေအဟုန် လိုအပ်နေတဲ့ အခြေအနေမျိုးကို တင်စားတာပါ။ နင်ချီ အနေနဲ့ အရာရာ ပြင်ဆင်ပြီးပေမယ့် တောင်နှင့် ပင်လယ် နယ်မြေဆီ သွားဖို့ လမ်းကြောင်းပွင့်မယ့် အခွင့်အရေးကို စောင့်နေရတာကို ဆိုလိုပါတယ်နော်။ )

သူသည် စိုက်ပျိုးထားသော မျိုးစေ့များ အညှောက်ပေါက်လာမည့် အချိန်ကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းရင်း၊ တဖက်တွင်လည်း အစစ်အမှန်သိုင်း ကမ္ဘာမှ သင့်တော်သော လောင်းကြေးထပ်မည့် သူများကို စတင် ရွေးချယ်လေတော့သည်။ တောင်နှင့် ပင်လယ် နယ်မြေသို့ ပထမဆုံးအသုတ် သွားရောက် ဝင်စားမည့်သူများသည် သာမန် ပါရမီရှင်များ ဖြစ်၍ မရပေ။ သူတို့၏ ကျင့်ကြံခြင်း အဆင့်သည် အနည်းဆုံး 'မှော်စွမ်းအင် နယ်ပယ်' ရှိမှသာ ဖြစ်ပေမည်။ သို့မှသာလျှင် သံသရာဝင်စားခြင်း ဓမ္မနည်းလမ်း၏ ဖိအားဒဏ်ကို ခံနိုင်ရည် ရှိကြမည် ဖြစ်သည်။

အတိတ်ကာလတုန်းကဆိုလျှင် ဤကဲ့သို့သော လိုအပ်ချက်မှာ အလွန် ခက်ခဲလွန်းလှ၏။ အစစ်အမှန်သိုင်း ကမ္ဘာတစ်ခုလုံးတွင် ထိုအဆင့်ရှိသူ (၁၀၀) ပြည့်ဖို့ပင် မနည်း ရှာဖွေရမည့် အနေအထား ဖြစ်သည်။

သို့သော် ယခုအခါတွင်မူ...၊

လူ (၁၀၀၀၀) လောက် စုစည်းဖို့ဆိုသည်မှာ လက်ဖက်ရည်ဆိုင် ထိုင်သလောက်ပင် လွယ်ကူနေပြီ ဖြစ်သည်။

"ပထမအသုတ် ခွဲတမ်းကို တစ်သောင်းလောက် သတ်မှတ်လိုက်ရင် ကောင်းမယ်...၊ အကျိုးသက်ရောက်မှုကို စောင့်ကြည့်ပြီးမှ နောက်ထပ် ဆက်လွှတ်တာပေါ့..."

နင်ချီ ဆုံးဖြတ်ချက် ချလိုက်ပြီးနောက် အတွင်းကမ္ဘာ ထဲမှ ပြန်ထွက်လာခဲ့လေသည်။ ယခု သူ၏ လက်ထဲတွင် တောင်နှင့် ပင်လယ် နယ်မြေမှ တံဆိပ်ပေါင်း တစ်သောင်းခန့် ရှိနေပြီ ဖြစ်ရာ၊ နေရာချထားရေး အတွက် ပူပန်စရာ မလိုတော့ပါ။

---

မိစ္ဆာနက်ဂိုဏ်း ၊

မြေကြီးတုန်ခါပြီး ကောင်းကင်ယံ တုန်ဟီးသွားခဲ့သည့် တိုက်ပွဲကြီးကား ပြီးဆုံးသွားတော့၏။

မူလကတည်းက ပျက်စီးယိုယွင်းနေခဲ့သော မိစ္ဆာနက် တောင်တန်းကြီးမှာ ယခုအခါတွင် ပိုမို ဆိုးရွားစွာဖြင့် အစိတ်စိတ်အမွှာမွှာ ဖြစ်နေတော့သည်။ နေရာတိုင်းတွင် ပြင်းထန်သော စွမ်းအားများ၏ ရိုက်ခတ်မှုကြောင့် တောင်ကြောများ ပြတ်တောက်ကာ ကျိုးပဲ့ ပျက်စီးနေလေ၏။ မိစ္ဆာနက်ဂိုဏ်း၏ အဖိုးတန် ရတနာမြေများ ဆိုသည်မှာလည်း မြေလှန် ရှာဖွေခြင်း ခံလိုက်ရသကဲ့သို့ပင်၊ ယူဆောင်၍ ရသမျှ အရာအားလုံး ပြောင်သလင်းခါအောင် ပါသွားခဲ့ပြီ ဖြစ်သည်။

ဤတိုက်ပွဲတွင်...၊

ပါဝင်တိုက်ခိုက်ခဲ့ကြသော ကျင့်ကြံသူ ထက်ဝက်နီးပါး သေကျေ ဒဏ်ရာရခဲ့ကြပြီး၊ 'မူလဝိညာဉ် နယ်ပယ်' အဆင့်ရှိ အစစ်အမှန် ဧကရာဇ် အများအပြားပင်လျှင် ကြွေလွင့်ခဲ့ရသည်။ ကြီးမားလှသော အကျိုးအမြတ် မက်လုံး၏ ရှေ့မှောက်တွင် ကျင့်ကြံသူ အများအပြားသည် အသက်ကို ပဓာနမထားဘဲ ရူးသွပ်စွာ တိုက်ခိုက်ခဲ့ကြသည် မဟုတ်ပါလော။

ဒါက ကျင့်ကြံသူတို့၏ လောကပါပေ။

ကျင့်ကြံသူများသည် သက်တမ်း ရှည်ကြာကြသဖြင့် ပဋိပက္ခ စစ်ပွဲများသာ မရှိပါက ဝိညာဉ်နယ်မြေ ကြီးသည် ကြပ်တည်းလာပြီး ဝိညာဉ်စွမ်းအင်များ ခန်းခြောက်သွားပေလိမ့်မည်။ ထို့ကြောင့် ဤကဲ့သို့သော စစ်ပွဲများကို တစ်ခါတစ်ရံတွင် တမင်တကာ ခွင့်ပြုပေးထားတတ်ကြ၏။ ကျင့်ကြံသူ အများစုသည် အိုမင်း၍ သေဆုံးရခြင်းမျိုး အလွန် ရှားပါးပြီး၊ တိုက်ပွဲတွင်း၌ သေဆုံးရခြင်းကသာ သူတို့၏ နိဂုံး ဖြစ်လေ့ရှိသည်။

သို့သော်လည်း... မိစ္ဆာနက်ဂိုဏ်းကြီးကား တိတ်ဆိတ် ငြိမ်သက်သွားခြင်း မရှိသေးပေ။

မကြာခင်မှာပင်၊ ကျိုင်းကောင်အုပ်ကြီး ကျရောက်လာသကဲ့သို့သော လေလွင့် ကျင့်ကြံသူ အများအပြားသည် အလုအယက် တိုးဝှေ့ ဝင်ရောက်လာကြလေတော့သည်။ သူတို့သည် တစ်ဦးနှင့်တစ်ဦး သတိကြီးစွာထားရင်း အပျက်အစီးများကြားတွင် မွှေနှောက် ရှာဖွေနေကြ၏။ တစ်ခါတစ်ရံတွင် အပိုင်းအစ ဖြစ်နေသော ဆေးလုံးတစ်လုံး (သို့မဟုတ်) ကျိုးပဲ့နေသော မှော်လက်နက် တစ်ခုလောက် တွေ့လျှင်ပင် အော်ဟစ်ကာ ပျော်ရွှင်နေတတ်ကြသော်လည်း၊ ထိုအရာများအတွက် သွေးသံရဲရဲ တိုက်ခိုက်မှုများကတော့ ရှောင်လွှဲ၍ မရနိုင်ပေ။

"သောက်ကျိုးနည်း... မိစ္ဆာနှိမ်နင်းရေး မဟာမိတ်အဖွဲ့ ဆိုတာကလည်း မွှေလိုက်တာမှ ရက်စက်လွန်းပါဘိ...၊ အမွှေးတစ်ပင်တောင် မချန်ထားခဲ့ပါလား..."

မေးစေ့ ချွန်ချွန်၊ မျောက်တစ်ကောင်လို ရုပ်ရည်သွင်ပြင်နှင့် ပိန်လှီသော ကျင့်ကြံသူ တစ်ဦးသည် စိတ်ထဲမှ တိတ်တဆိတ် ကျိန်ဆဲလိုက်မိသည်။

'ဖြောင့်မတ်မှန်ကန်သော လမ်းစဉ်တို့... မိစ္ဆာ လမ်းစဉ်တို့ ဆိုတာတွေက အလကား ပါပဲကွာ...၊ တကယ်တမ်းကျတော့ လက်သီးကြီးတဲ့လူက နိုင်တာချည်းပါပဲ...၊ သူတို့ပြောတဲ့ ဖြောင့်မတ်မှန်ကန်သော လမ်းစဉ်ဆိုတဲ့ ကောင်တွေက ပိုတောင် ရုပ်ပျက်ဆင်းပျက် နိုင်သေးတယ်...'

ဟိုယွမ် သည် ဘေးဘီဝဲယာကို သတိထားကြည့်ရင်း အပျက်အစီးများကြားတွင် ဆက်လက် မွှေနှောက် ရှာဖွေနေ၏။ ရံဖန်ရံခါတွင် တန်ဖိုးမရှိလှသော လက်ကျန် ပစ္စည်းလေးများ တွေ့ရတတ်သည်။ အခြားသော လေလွင့် ကျင့်ကြံသူများသာ ဆိုလျှင် ထခုန်လောက်အောင် ပျော်ရွှင်သွားကြမည် ဖြစ်သော်လည်း၊ သူ့မျက်နှာပေါ်တွင်မူ မည်သည့် ခံစားချက် အပြောင်းအလဲမျှ မရှိပေ။

အကြောင်းမူကား... သူသည် သာမန် လေလွင့် ကျင့်ကြံသူ စစ်စစ် မဟုတ်ဘဲ၊ အမှောင်ထဲတွင် ပုန်းအောင်းနေသော မိစ္ဆာနက်ဂိုဏ်း၏ အမွေဆက်ခံသူ တစ်ဦး ဖြစ်နေသောကြောင့်ပင်။

လွန်ခဲ့သော ဆယ်စုနှစ်များစွာက မိစ္ဆာနက်ဂိုဏ်း တောင်တံခါး ပိတ်လိုက်ချိန်တွင် သူသည် ပါးရည်နပ်ရည် ရှိစွာဖြင့် ပုန်းအောင်းနေခဲ့ပြီး လူလုံးထွက်မပြခဲ့ပေ။ နောက်ပိုင်းတွင် သူ တွေးခဲ့သည်များ မှန်ကန်ကြောင်း သက်သေပြခဲ့သည်။ ပုန်းအောင်းခြင်း မရှိဘဲ ကျန်ရစ်ခဲ့သော မိစ္ဆာနက်ဂိုဏ်းမှ ထူးချွန်သူ အများအပြားမှာ ရှာဖွေ တွေ့ရှိခြင်း ခံလိုက်ရပြီး၊ သူတို့၏ နိဂုံးမှာ အလွန် ဆိုးရွားခဲ့ရသည် မဟုတ်ပါလော။

သူ တစ်ယောက်တည်းသာလျှင် ယနေ့အချိန်ထိ အသက်ရှင် ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။

သို့သော် မိစ္ဆာနက်ဂိုဏ်း၏ လက်ရှိ အခြေအနေကို ကြားသိလိုက်ရချိန်တွင်မူ သူ ငြိမ်မနေနိုင်တော့ပေ။

ဟိုယွမ်တွင် မိစ္ဆာနက်ဂိုဏ်းအပေါ် သံယောဇဉ် ကြီးမားနေ၍ မဟုတ်သလို၊ သူ့ဖခင် အကြီးအကဲကြီး ကျဆုံးသွားသလား ဆိုသည်ကို သိချင်၍လည်း မဟုတ်ပေ။ သူ့ကို ဤနေရာသို့ ရောက်လာစေသည့် တစ်ခုတည်းသော အကြောင်းပြချက်မှာ... မိစ္ဆာနက်ဂိုဏ်း၏ လျှို့ဝှက်ချက် အချို့ကို သူ သိထားသောကြောင့် ဖြစ်သည်။

ဒီနေရာကိုသာ မလာခဲ့လျှင် သူ့ဘဝအတွက် ခွင့်လွှတ်နိုင်စရာ ရှိမည် မဟုတ်တော့။

သို့သော် သူသည် အလွန် သတိကြီးစွာ ထားတတ်သူ ဖြစ်သည်။ လေလွင့် ကျင့်ကြံသူ အသုတ်လိုက် အသုတ်လိုက် ဝင်ရောက်သွားကြသည်ကို စိတ်ရှည်စွာ စောင့်ဆိုင်းပြီးမှ၊ သူ၏ ကျင့်ကြံခြင်း အဆင့်ကို လျှို့ဝှက် ဖုံးကွယ်ကာ တိတ်တဆိတ် ချဉ်းကပ်လာခဲ့ခြင်း ဖြစ်သည်။

"ငါ မှတ်မိတာ မမှားဘူးဆိုရင်... အဖေ ပြောဖူးတာက ဒီနေရာပဲ..."

မိစ္ဆာနက် ကမ်းပါး အပျက်အစီးများ၏ ရှေ့တွင် မည်သူမျှ သတိမထားမိသည်ကို သေချာစေလိုက်ပြီးနောက်၊ သူသည် သူ၏ မှော်စွမ်းအင်ကို ထုတ်ဖော်လိုက်ပြီး မြေကြီးထဲသို့ လှိုဏ်ခေါင်းတူး၍ ဝင်ရောက်သွားလေတော့သည်။

ခဏအကြာတွင်...၊

ခပ်အုပ်အုပ် အသံ တစ်ချက်နှင့်အတူ ဟိုယွမ်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ကြီးမားသော တွန်းကန်အား တစ်ခုကြောင့် အပြင်သို့ ပြန်လည် လွင့်ထွက်လာကာ နောက်ဆုတ်လိုက်ရသည်။ သူ့မျက်နှာထားမှာ သုန်မှုန်သွား၏။ သူသည် အောက်ကို အလျင်အမြန် ငုံ့ကြည့်လိုက်ရာ၊ အဖြူရောင် အလင်းတန်း ဖျော့ဖျော့လေး ထုတ်လွှတ်နေသော 'ရတနာ ပုလဲ' တစ်လုံးကို ပကတိ အတိုင်း တွေ့လိုက်ရလေသည်။ သူ့နှုတ်ခမ်းထောင့်စွန်းများ တွန့်ချိုးသွားပြီး အသံမထွက်ဘဲ ကြိတ် ရယ်မောလိုက်မိတော့သည်။

"ဟီးဟီးဟီး… ကျားဇီ ၁၆၇၃ ကမ္ဘာရဲ့ တည်နေရာပြ အမှတ်တွေပဲ...၊ တကယ်ကို ဘယ်သူမှ ရှာမတွေ့ခဲ့ကြဘူးပဲ..."

ဤအရာသည် ကမ္ဘာ့ တည်နေရာပြ အမှတ်များကို သိမ်းဆည်းထားသော အထူးပြုလုပ်ထားသည့် ပစ္စည်းတစ်ခု ဖြစ်ပြီး၊ သူ ဒီနေရာသို့ လာရခြင်း၏ အဓိက ရည်ရွယ်ချက်လည်း ဖြစ်သည်။

မိစ္ဆာနက်ဂိုဏ်းက လူသိရှင်ကြား ထုတ်ဖော်ပြသထားသော ပစ္စည်းများကို သူ လက်ဖျားနှင့်ပင် ထိခွင့်ရမည် မဟုတ်ကြောင်း ဟိုယွမ် ကောင်းကောင်း နားလည်သည်။ ထို အစွမ်းထက် ဂိုဏ်းကြီးများက မျက်စိရှေ့ရှိ အရာအားလုံးကို ပြောင်သလင်းခါအောင် သိမ်းကျုံး ယူငင်သွားကြမည် ဖြစ်ပြီး၊ သူ့အတွက် မြက်တစ်ပင်တောင် ချန်ထားခဲ့မည် မဟုတ်ပေ။ သို့သော် ကမ္ဘာ့ တည်နေရာပြ အမှတ်များကို သီးခြား ခွဲထုတ် သိမ်းဆည်းထားလေ့ရှိပြီး၊ အသက်သွင်းသည့် လျှို့ဝှက် နည်းစနစ်ကို မသိဘဲနှင့် ရှာတွေ့နိုင်မည် မဟုတ်ချေ။

"အခု ပေ့ရွှမ် အင်မော်တယ် ကျင့်ကြံခြင်း နယ်မြေ မှာ ပြောနေကြတာက... မိစ္ဆာနက်ဂိုဏ်းကို အထွတ်အထိပ် မဟာစွမ်းအားရှင် တစ်ယောက်က ဖျက်ဆီးပစ်လိုက်တာတဲ့...၊ တကယ့် ဟာသပါပဲကွာ... မဟာစွမ်းအားရှင် တစ်ယောက်က အဲ့လောက်တောင် အားနေလိမ့်မယ် ထင်နေလား..."

"ပြီးတော့... ဂိုဏ်းက ကျားဇီ ၁၆၇၃ ကမ္ဘာ ကို စစ်ချီဖို့ ပြင်ဆင်နေခဲ့တာလေ...၊ အခုလို ကြီးမားတဲ့ အပြောင်းအလဲကြီး ဖြစ်သွားရတာက ဒီကိစ္စနဲ့ပဲ သက်ဆိုင်ရမယ်..."

"ဟိုးအရင်တုန်းကလည်း အင်အားကြီးမားလှပါတယ်ဆိုတဲ့ 'ရွှေဝိညာဉ် ဂိုဏ်း' ဟာ ကျားဇီ ၁၆၇၃ ကမ္ဘာမှာ စစ်ရှုံးပြီးတဲ့နောက် လျင်မြန်စွာပဲ ပြိုလဲပျက်စီးသွားခဲ့ဖူးတယ်...၊ အခု မိစ္ဆာနက်ဂိုဏ်း တစ်ခုလုံး ရုတ်တရက် ပျောက်ကွယ်သွားရတာကလည်း... သေချာပေါက် အကြောင်းရင်း တစ်ခုခု ရှိကို ရှိရမယ်…”

All Chapters