အကန့်အသတ်မဲ့ ဓားဂိုဏ်း၊ သမိုင်းတစ်လျှောက် အစွမ်းထက်ဆုံး ပါရမီရှင် (၂)
Vol. 33 Ch. 484
~... ထားလိုက်တော့လေ... လျှောက်တွေးနေလို့လည်း ဘာမှ ထူးလာမှာ မဟုတ်ဘူး...၊ အရေးအကြီးဆုံးက ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို အမြန်ဆုံး ပြန်လည် မြှင့်တင်ရမယ်...၊ အနည်းဆုံးတော့ 'မူလဝိညာဉ် နယ်ပယ်' ရောက်မှ လှုပ်ရှားဖို့ အဆင်ပြေမှာ...
အစစ်အမှန်သိုင်း ကမ္ဘာရဲ့ အမှတ်တွေ တခြားဂိုဏ်းလက်ထဲ ရောက်သွားရင်တောင်မှ... သူတို့ ချက်ချင်းကြီးတော့ ဆင်းလာနိုင်ဦးမှာ မဟုတ်ပါဘူး...
နင်ချီသည် မိမိကိုယ်ကို အားပေးရင်း ရည်မှန်းချက် တစ်ခုကို ချမှတ်လိုက်လေသည်။ ထို့နောက် လုဇီယွဲ့၏ ရင်ခွင်ထဲမှနေ၍ တောင်နှင့် ပင်လယ် နယ်မြေကြီးကို စိတ်ဝင်တစား လေ့လာ ကြည့်ရှုနေလိုက်တော့သည်။
နေရာတိုင်းတွင် အဆုံးအစမရှိ ရှည်လျားလှသော တောင်တန်းကြီးများကို တွေ့မြင်နေရ၏။ ရံဖန်ရံခါတွင် ကျင့်ကြံသူတို့၏ ကြီးမားသော စွမ်းအားဖြင့် ထွင်းထု ဖန်တီးထားသည့် ပြန့်ပြူးသော လွင်ပြင်ကြီးများနှင့်၊ ထိုလွင်ပြင်များပေါ်တွင် တည်ထားသော တိုင်းပြည်များကိုလည်း တွေ့ရလေသည်။
"တောင်နှင့် ပင်လယ် နယ်မြေ ဆိုတာ တကယ်ပဲ ကြီးမားလွန်းပါဘိ...၊ ဝိညာဉ်စွမ်းအင်တွေကလည်း ပေါကြွယ်ဝလိုက်တာ လွန်ပါရော...၊ ဟင်းလင်းပြင် တည်ငြိမ်မှု ဆိုတာကလည်း အံ့မခန်းပဲ..."
"ကျင့်ကြံခြင်း အဆင့်တူတူချင်း ယှဉ်ကြည့်ရင်တောင်... အောက်ပိုင်း ကမ္ဘာ နဲ့ ဝိညာဉ်နယ်မြေ ရဲ့ ပျက်စီးနိုင်စွမ်းအားက လုံးဝကို ကွာခြားနေတာပဲ...၊ ဥပမာ - 'သိမြင်ခြင်း နယ်ပယ်' တစ်ယောက် ဆိုပါတော့... အောက်ပိုင်း ကမ္ဘာမှာ ဆိုရင် တောင်ကိုဖြို မီးကိုလို လုပ်နိုင်ပေမယ့်၊ ဒီ ဝိညာဉ်နယ်မြေမှာကျတော့ အဲ့လောက်ထိ မစွမ်းဆောင်နိုင်တော့ဘူး..."
"ကမ္ဘာ့ဆန္ဒ နဲ့ ပတ်သက်လို့တော့... လောလောဆယ် ပြောဖို့ ခက်သေးတယ်...၊ နောက်မှပဲ ဖြည်းဖြည်းချင်း လေ့လာရမှာပေါ့..."
'နယ်မြေ အရှင်သခင် လမ်းစဉ်'ကို လျှောက်လှမ်းနေသူ တစ်ယောက်အနေဖြင့်၊ နင်ချီ၏ အဓိက အာရုံစိုက်ရာမှာ သေချာပေါက် 'တောင်နှင့် ပင်လယ် နယ်မြေ' ကြီးပင် ဖြစ်ပေလိမ့်မည်။
သူသည် ကွာခြားချက် အသေးစိတ်ကို တစ်ခုမကျန် စေ့စေ့စပ်စပ် မှတ်သားနေရင်း၊ ရင်ထဲတွင် ဉာဏ်အလင်း တစ်ခု ပွင့်လာသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏ စွမ်းအားများကို မြှင့်တင်ရန်အတွက် မည်မျှ စိတ်အားထက်သန်နေသည်ကို ဆိုဖွယ်ရာ မရှိတော့ပေ။
သို့သော် လုဇီယွဲ့သည် အကန့်အသတ်မဲ့ ဓားဂိုဏ်းသို့ ချက်ချင်း ပြန်မသွားသေးပေ။ ယခုတစ်ကြိမ် တောင်အောက်သို့ ဆင်းလာရခြင်းမှာ တာဝန်တစ်ခု ထမ်းဆောင်ရန် ဖြစ်သည် မဟုတ်ပါလော။ သူမသည် နင်ချီကို ခေါ်ဆောင်သွားရင်း လပေါင်းများစွာ ကြာအောင် ခြေရာခံ ရှာဖွေခဲ့လေသည်။ နောက်ဆုံးတွင် သူမသည် 'ခရမ်းရောင် နန်းတော် နယ်ပယ်' အဆင့်ရှိ မိစ္ဆာ ကျင့်ကြံသူ တစ်ဦးကို သတ်ဖြတ်နိုင်ခဲ့ပြီး၊ အဆင့်မြင့် ဂိုဏ်းကြီး တစ်ခု၏ တပည့် ဖြစ်ရကျိုးနပ်ကြောင်း သက်သေပြနိုင်ခဲ့လေသည်။ ဤအဖြစ်အပျက်ကြောင့် လူအများ၏ တအံ့တသြ အော်ဟစ်သံများမှာလည်း မဆုံးနိုင်အောင်ပင် ထွက်ပေါ်ခဲ့ရ၏။
ထို့နောက်တွင်မှ သူမသည် အောင်နိုင်သူ တစ်ယောက်အနေဖြင့် ပြန်လာခဲ့တော့သည်။
အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ တောင်တံခါးဝ ရှေ့သို့ ရောက်သောအခါ၊ လုဇီယွဲ့သည် လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်ပြီး စိတ်ကို အနည်းငယ် လျှော့ချလိုက်လေသည်။
"နောက်ဆုံးတော့ ပြန်ရောက်ပြီဟေ့..."
နင်ချီသည် မျက်စိရှေ့မှ အင်မော်တယ် ဂိုဏ်းတော်ကြီးကို ငေးမောကြည့်ရှုရင်း အနည်းငယ် အံ့အားသင့်သွားမိသည်။ မရေမတွက်နိုင်သော ဓားတောင်ထွတ်များသည် ကောင်းကင်ယံသို့ ထိုးဖောက် ဝင်ရောက်နေကြပြီး၊ ထက်ရှသော ဓားအရှိန်အဝါများမှာလည်း ပြည့်လျှံနေလေ၏။ တောင်ထွတ်များပေါ်တွင် ရောင်စုံ အင်မော်တယ် အလင်းတန်းများ ဖြာကျနေပြီး၊ ရေတံခွန်များ စီးဆင်းနေပုံမှာ ကြယ်တာရာ မြစ်ကြီးများသဖွယ် လှပလွန်းနေ၏။
အထူးခြားဆုံးမှာ ဗဟိုချက်မရှိ တိမ်တိုက်များကြားတွင် လွင့်မျောနေသော ဓားတောင်ထွတ်များပင် ဖြစ်သည်။ ရောင်စုံ တိမ်တိုက်များ၊ သက်တံများဖြင့် ခြယ်သထားသော ထိုနေရာသည် အင်မော်တယ် နတ်ဘုံနတ်နန်း တစ်ခုအလားပင်။
ကျင့်ကြံသူများသည် ထိုနေရာများတွင် ပျံသန်း သွားလာနေကြပြီး၊ သူတို့ထံမှ ထွက်ပေါ်နေသော အရှိန်အဝါများမှာ အလွန် အားကောင်းလှသည်။ အချို့သော အရှိန်အဝါများ ဆိုလျှင် နင်ချီ၏ မူလခန္ဓာကိုယ်ကိုပင် သတိထားစေလောက်သည်အထိ စွမ်းအားကြီးမားကြပေသည်။
လုဇီယွဲ့က သူ့ကို ငုံ့ကြည့်လာသည်ကို မြင်သောအခါ၊ နင်ချီသည် ချက်ချင်းဆိုသလို တခစ်ခစ် ရယ်မောလိုက်ပြီး လက်ကလေးများကို ဝှေ့ယမ်းပြလိုက်၏။
လုဇီယွဲ့ကလည်း သဘောကျစွာ ရယ်မောလိုက်ရင်း -
"ဒီ ကောင်လေးက တော်တော်လေး အကင်းပါးတာပဲ...၊ အကန့်အသတ်မဲ့ ဓားဂိုဏ်းထဲ ဝင်ရတော့မယ် ဆိုတာ သိလို့ ပျော်နေတာလား ဟုတ်လား..."
ဤကာလအတွင်း သူမသည် နင်ချီ၏ ဉာဏ်ကောင်းမှုနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ထက်မြက်မှုများကို အကြိမ်ကြိမ် အံ့အားသင့်ခဲ့ရသည်။
မွေးရာပါ ဝိညာဉ်ခန္ဓာနှင့် ဝိညာဉ်စွမ်းအင်ကို ဆွဲဆောင်နိုင်သော အရည်အချင်းများ ပေါင်းစပ်လိုက်သောအခါ၊ ဤကဲ့သို့သော ပါရမီရှင်မျိုး ဂိုဏ်းထဲသို့ ဝင်ရောက်နိုင်မည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်သည်။
သူမသည် ခါးကြားမှ အတွင်းဂိုဏ်းတပည့် တံဆိပ်ပြားကို ဖြုတ်၍ ပစ်ပေးလိုက်ရာ၊ တောင်တံခါး စောင့်ကြပ်နေသော အတွင်းဂိုဏ်းတပည့်က ချက်ချင်းပင် ရိုသေစွာ ဦးညွှတ်လိုက်လေသည်။
"ဂါရဝပြုပါတယ်... စီနီယာအစ်မ လုဇီယွဲ့..."
အင်မော်တယ် ကျင့်ကြံခြင်း လောကတွင် အားကြီးသူကိုသာ ဦးခိုက်ကြသည်မှာ ထုံးစံပင်။
ယနေ့ သင် အားကြီးလျှင် သင်သည် 'စီနီယာ' ဖြစ်ပြီး၊ မနက်ဖြန် သင့်ထက် အားကြီးသူ ပေါ်လာလျှင် ထိုသူက 'စီနီယာ' ဖြစ်သွားပေလိမ့်မည်။
လုဇီယွဲ့သည် သူမ၏ အေးစက်စက် အမူအရာကို ပြန်လည် မွေးမြူလိုက်ပြီး၊ ဓားပျံစီးကာ တာဝန်အပ်နှံရာ တောင်ထွတ် သို့ ပျံသန်းသွားလေသည်။ တာဝန်အပ်နှံပြီးသည်နှင့် နင်ချီကို ခေါ်ဆောင်ကာ 'ကျွမ်းကျင်မှု လွှဲပြောင်းရေး တောင်ထွတ်' သို့ ဆက်လက် ထွက်ခွာခဲ့သည်။ အကန့်အသတ်မဲ့ ဓားဂိုဏ်းတွင် နင်ချီကဲ့သို့သော ကလေးငယ်များအတွက် သီးသန့်ထားရှိသော နေရာတစ်ခု ရှိလေသည်။
ထိုကိစ္စအတွက် တာဝန်ယူထားသော တပည့်တစ်ဦးက သူတို့ကို ကြိုဆိုလိုက်ပြီး၊ စမ်းသပ်မှု အချို့ ပြုလုပ်ပြီးနောက် ပြုံးရွှင်စွာ ပြောလိုက်၏။
"ဂုဏ်ယူပါတယ်.. စီနီယာအစ်မ...၊ ဒီကလေးက မွေးရာပါ ဝိညာဉ်ခန္ဓာ ပိုင်ရှင် ဖြစ်နေပါတယ်...၊ စီနီယာအစ်မ ..ဒီတစ်ခေါက်တော့ ဆုလာဘ်ကြီး ရပြီပေါ့ဗျာ...၊ ခဏနေရင် ရှေ့တောင်ထွတ် (ကို သွားပြီး ဆုလာဘ် ထုတ်ယူနိုင်ပါပြီ...၊ ဒီကလေးကိုတော့ ဒီမှာပဲ ထားခဲ့လိုက်ပါ...၊ အရွယ်ရောက်လာတဲ့အခါ ကျွမ်းကျင်မှု လွှဲပြောင်းရေး အကြီးအကဲတွေက သူ့ရဲ့ ကျင့်ကြံခြင်း လမ်းကြောင်းကို စတင် လမ်းညွှန်ပေးပါလိမ့်မယ်...၊ စိတ်မပူပါနဲ့ဗျာ..."
လုဇီယွဲ့က ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်၏။ နင်ချီကို ပြန်ခေါ်လာခြင်းမှာ ဆုလာဘ် လိုချင်၍ တစ်ကြောင်း၊ သူ့အတွက် နေစရာနေရာတစ်ခု ဖန်တီးပေးချင်၍ တစ်ကြောင်း ဖြစ်သည်။
"နင်ချီ... ကောင်လေး... ဒီမှာ လိမ္မာသစ္စာ ရှိရှိ နေရစ်ခဲ့နော်...၊ အစ်မ မကြာခင် ပြန်လာတွေ့မယ်..."
နင်ချီက တောက်ပသော အပြုံးလေးဖြင့် တုံ့ပြန်လိုက်၏။
လပေါင်းများစွာ အတူနေခဲ့ပြီးနောက် ဤ 'ခရမ်းရောင် ဓား စစ်မှန်သူ' သည် အပြင်ပန်းသာ ကြမ်းတမ်းသော်လည်း၊ အတွင်းစိတ် သဘောထား ပြည့်ဝသူ ဖြစ်ကြောင်း သူ နားလည်ခဲ့တော့၏။တော့၏။ အစစ်အမှန်သိုင်း ကမ္ဘာနှင့် တောင်နှင့် ပင်လယ် နယ်မြေတို့သည် မလွဲမသွေ တိုက်ခိုက်ရမည့် ရန်ဘက်များ ဖြစ်သော်လည်း၊ တောင်နှင့် ပင်လယ် နယ်မြေမှ လူတိုင်း သေသင့်သည်ဟု သူ မယူဆပေ။
လုဇီယွဲ့ အဝေးသို့ ထွက်ခွာသွားသည်ကို ကြည့်ရင်း၊ ထိုတပည့်သည် တကျွတ်ကျွတ်) စုပ်သပ်ကာ နင်ချီကို တစ်ချက် လှမ်းကြည့်လိုက်ပြီး ရေရွတ်လိုက်၏။
"စီနီယာအစ်မ လုဇီယွဲ့.. ဒီလောက် နူးညံ့သိမ်မွေ့တာမျိုး မြင်ရခဲတယ်...၊ ဒီကလေးကများ သူ့ရဲ့ တရားမဝင် ရတဲ့ သား ဖြစ်နေမလား...၊ နင် မျိုးနွယ် တဲ့လား...၊ ဟိုဘက် 'နီရဲသော တိမ်တိုက် မြစ်' ဒေသမှာတော့ နင် မျိုးနွယ် ဆိုတာ ရှိတယ်...၊ ဒီကလေးအဖေက အဲ့ဒီကများလား မသိဘူး..."
ထိုတပည့်၏ အတင်းအဖျင်း စကားများကို ကြားလိုက်ရသောအခါ နင်ချီမှာ ကြောင်အ သွားရလေတော့သည်။
ထို့နောက် သူသည် မတတ်သာသည့် အပြုံးမျိုးဖြင့် ပြုံးလိုက်မိ၏။
သို့သော် ဒါသည်လည်း ဖြစ်လေ့ဖြစ်ထ ရှိသော သဘာဝပင်။ သူသည် ထိုတပည့်၏ စနောက်မှုကို ဂရုမစိုက်တော့ဘဲ အိပ်ချင်ယောင် ဆောင်လိုက်တော့သည်။
ထိုတပည့်သည် နင်ချီကို ကလေးထိန်းသိမ်းရေး နေရာသို့ ပျော်ပျော်ရွှင်ရွှင် ပို့ဆောင်ပေးလိုက်၏။ ချက်ချင်းဆိုသလိုပင် နားကွဲမတတ် ဆူညံနေသော ကလေးငိုသံများ လေထုထဲတွင် ပြည့်နှက်သွားရာ၊ နင်ချီမှာ ခေါင်းနပန်း ကြီးသွားရလေတော့သည်။
သို့သော် ဘယ်လိုပဲ ဖြစ်ဖြစ်...၊
နင်ချီသည် ဤနေရာတွင် သောင်တင် နေရစ်ခဲ့တော့၏။တော့၏။
ထို့နောက်၊ အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ အဖွဲ့ဝင် တစ်ယောက် ဖြစ်လာတော့၏။
---
အချိန်များ တဖြုတ်ဖြုတ် ကုန်ဆုံးသွားခဲ့တော့သည်။တော့၏။
နင်ချီ တစ်နေ့တစ်ခြား ကြီးပြင်းလာသည်နှင့်အမျှ၊ လုဇီယွဲ့သည်လည်း သူမ၏ ကတိအတိုင်း ပုံမှန် လာရောက် တွေ့ဆုံလေ့ရှိသည်။ 'ခရမ်းရောင် နန်းတော် နယ်ပယ်' အဆင့်ရှိ စစ်မှန်သူ တစ်ဦး အနေဖြင့် ရံဖန်ရံခါတွင် အချိန်ကြာမြင့်စွာ သီးသန့်ကျင့်ကြံလေ့ ရှိသော်လည်း၊ လုံးဝ ပျောက်သွားသည်ထက်စာလျှင် တော်သေးသည်ဟု ဆိုရမည်။ လုဇီယွဲ့၏ ဂရုစိုက်မှုကြောင့် နင်ချီသည် အခြား ကလေးများထက် အခွင့်ထူးများ ပိုမို ရရှိခဲ့သည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် သူက ငါးနှစ်သား အရွယ်သို့ ရောက်ရှိလာခဲ့တော့၏။တော့၏။
ဤအရွယ်တွင် သူသည် စတင်ကျင့်ကြံနိုင်ပြီ ဖြစ်သည်။ နင်ချီသည် သူ့အသုတ်မှ အခြားသော တပည့် အများအပြားနှင့်အတူ ကျင့်ကြံခြင်း လောကထဲသို့ ခြေချခဲ့လေသည်။
အတွင်းဂိုဏ်းတပည့်များ ခေါ်ဆောင်လာသော ကလေးများသည် အရွယ်ရောက်ပြီးမှ ဂိုဏ်းဝင်လာသူများနှင့် မတူပေ။ သူတို့သည် ယေဘုယျအားဖြင့် ပါရမီ ပိုမို ထူးချွန်ကြပြီး၊ အရင်းအမြစ်များကိုလည်း ပိုမို ရရှိကြ၏။ သို့သော် သတ်မှတ်ချက်များတော့ ရှိလေသည်။ အကယ်၍ အသက် (၃၀) ပြည့်သည်အထိ 'မှော်စွမ်းအင် နယ်ပယ်' သို့ မရောက်ရှိဘဲ ပြင်ပဂိုဏ်းတပည့် မဖြစ်လာပါက၊ ဂိုဏ်းအလုပ်အကျွေး အဖြစ် စေလွှတ်ခံရမည် ဖြစ်သည်။
တကယ်တမ်းတော့ ဤသတ်မှတ်ချက်သည် ခက်ခဲလှသည် မဟုတ်ပေ။ အရည်အချင်းရှိသူ အများစုသည် အရွယ်ရောက်သည်နှင့် 'မှော်စွမ်းအင် နယ်ပယ်' သို့ ရောက်ရှိလေ့ ရှိကြပါသည်။
အသက် (၅) နှစ် အရွယ်တွင် နင်ချီသည် ကျင့်ကြံခြင်းကို စတင်ခဲ့ပြီး၊ ချက်ချင်းဆိုသလိုပင် ထူးကဲသော ပါရမီကို ထုတ်ဖော် ပြသလိုက်လေသည်။
တစ်နှစ်အတွင်းမှာပင် သူသည် 'နောက်ပိုင်းဖြစ်တည်ခြင်း နယ်ပယ်' ကို အောင်မြင်စွာ ဖြတ်ကျော်ပြီး၊ 'သိမြင်ခြင်း နယ်ပယ်' သို့ တက်လှမ်းနိုင်ခဲ့သည်။ ဤအဖြစ်အပျက်သည် 'ကျွမ်းကျင်မှု လွှဲပြောင်းရေး တောင်ထွတ်' တစ်ခုလုံးကို လှုပ်ခတ်သွားစေခဲ့သည်။
လုဇီယွဲ့သည် ထိုသတင်းကို ကြားသည်နှင့် ရောက်ချလာခဲ့ပြီး၊ သူ့ကို ပိုမို နှစ်သက် သဘောကျသော မျက်လုံးများဖြင့် ကြည့်ရှုလေသည်။
သူတို့နှစ်ဦးကြားတွင် ဆက်ဆံရေး ကောင်းမွန်သည် ဆိုသော်လည်း၊ အကယ်၍ နင်ချီသာ တိုးတက်လိုစိတ် မရှိပါက ထိုသံယောဇဉ်သည် အချိန်နှင့်အမျှ မှေးမှိန်သွားမည်မှာ သဘာဝပင်။ ယခုမူ သူတို့၏ ဆက်ဆံရေးသည် တစ်ဆင့် မြင့်တက်သွားတော့၏။
သူမသည် အားပေးစကား အချို့ ပြောကြားပြီးနောက် 'ဝိညာဉ် ဆေးလုံး' အချို့ ထားရစ်ခဲ့သည်။ အရေးအကြီးဆုံးမှာ... နောင်တွင် သူမကို 'စီနီယာအစ်မ' ဟု ခေါ်ဆိုရန် မှာကြားခဲ့ခြင်းပင်။
နင်ချီသည် သာမန်မဟုတ်သော ပါရမီရှင် တစ်ယောက် ဖြစ်ပြီး၊ နောင်တစ်ချိန်တွင် သူမနှင့် ရင်ဘောင်တန်းနိုင်သူ (သို့မဟုတ်) သူမထက်ပင် သာလွန်သွားနိုင်သူ ဖြစ်ကြောင်း လုဇီယွဲ့ ခံစားမိနေသောကြောင့် ဖြစ်သည်။