← Chapters

ကောင်းကင် တာရာ ဂိုဏ်းတွင် စုဝေးခြင်း၊ စီနီယာအစ်ကို နင် ကို ပြစ်မှားရဲသူမှန်သမျှ သေစေ (၃)

Vol. 33 Ch. 494

ကောင်းကင် တာရာ ဂိုဏ်းတွင် စုဝေးခြင်း၊ စီနီယာအစ်ကို နင် ကို ပြစ်မှားရဲသူမှန်သမျှ သေစေ (၃)

Vol. 33 Ch. 494

~ကောင်းကင် တာရာ ဂိုဏ်းသားများမှာ ကြောင်အသွားရလေသည်။

သူတို့၏ အထိပ်တန်း လျှို့ဝှက် သတင်းအချက်အလက်များသည် အခြားသူများ၏ လက်ထဲသို့ အဘယ်ကြောင့် အမြဲတမ်း ရောက်ရှိသွားရသနည်း ဟူသည့် အချက်ကို လုံးဝ နားမလည်နိုင် ဖြစ်နေကြ၏။

လူအုပ်ကြီးထဲတွင်... တိတ်တဆိတ် အကြည့်အချို့သည် အပြုံးရိပ်များ သယ်ဆောင်ရင်း နောက်ဘက်သို့ ဖြည်းညှင်းစွာ ဆုတ်ခွာသွားကြလေသည်။

'လေမိုးကြိုး အစစ်အမှန် ဧကရာဇ်' က လက်ကို ဝှေ့ယမ်းကာ ရယ်မောလိုက်၏။

"ဟဲဟဲ..ဧရာမ ပုဆိန် အစစ်အမှန် ဧကရာဇ်... စိတ်လျှော့ပါဗျာ...၊ ဒီနေရာမှာ နားလည်မှုလွဲတာလေးတွေ ရှိကောင်း ရှိနိုင်ပါတယ်...၊ ကျွန်တော် သိသလောက်တော့... အဲ့ဒီ ကမ္ဘာငယ်လေးက ရိုးရှင်းတာ မဟုတ်ဘူး...၊ ရွှေဝိညာဉ် ဂိုဏ်းရော မိစ္ဆာနက်ဂိုဏ်းရော ရှုံးနိမ့်ခဲ့ကြတာ...၊ ကောင်းကင် တာရာ ဂိုဏ်း ရဲ့ အင်အားနဲ့ ဆိုရင် ကိုင်တွယ်ရ လွယ်ကူမှာ မဟုတ်ဘူး..."

"ဒီနေ့ ကျွန်တော်တို့ လာခဲ့ကြတာ... ကောင်းကင် တာရာ ဂိုဏ်း ကို ဖိအားပေးဖို့ မဟုတ်ပါဘူး...၊ ပူးပေါင်းဆောင်ရွက်ဖို့ လာခဲ့ကြတာပါ..."

"ကျွန်တော်တို့ (၁၂) ဂိုဏ်း ရဲ့ အင်အားသာ ပေါင်းစပ်လိုက်မယ် ဆိုရင်... အဲ့ဒီ ကမ္ဘာငယ်လေးကို မြေလှန်ပစ်ဖို့ ဆိုတာ လွယ်လွယ်လေးပါ...၊ တစ်ယောက်တည်း စားတာထက် အားလုံး အတူတူ စံစားတာက ပိုကောင်းပါတယ်...၊ ဒါကြောင့် ညီနောင် ကျန်း... သေသေချာချာ စဉ်းစားစေချင်ပါတယ်...၊ ဒါက ကောင်းကင် တာရာ ဂိုဏ်း အတွက်ရော ကျွန်တော်တို့ အတွက်ရော အကျိုးရှိစေမယ့် ကိစ္စပါ..."

သူ့နောက်မှ လူအုပ်ကြီးသည် စူးရှသော အကြည့်များဖြင့် စိုက်ကြည့်နေကြ၏။

ကောင်းကင် တာရာ ဂိုဏ်းသားများမှာ အသက်ရှူကျပ်သလို ခံစားလိုက်ရသည်။

ခဏအကြာတွင်...၊ကျန်းချန်ဟွမ် က ပြောကြားလိုက်၏။

"ကျွန်တော် သဘောမတူရင်ရော ဘာလုပ်မလဲ..."

'လေမိုးကြိုး အစစ်အမှန် ဧကရာဇ်' ဘာမှ မပြောတော့ဘဲ အနည်းငယ် ပြုံးရုံသာ ပြုံးနေလိုက်၏။ များပြားလှသော 'မူလဝိညာဉ် နယ်ပယ်' အစစ်အမှန် ဧကရာဇ်များ၏ အရှိန်အဝါများ လှုပ်ခတ်လာပြီး၊ ပတ်ဝန်းကျင် ဟင်းလင်းပြင်ကို ပိတ်လှောင်လိုက်ရာ၊ ကောင်းကင် ပြိုကျလာသကဲ့သို့ ခံစားလိုက်ရလေသည်။

ကျန်းချန်ဟွမ် သည် အသက်ပြင်းပြင်း ရှူလိုက်ပြီး အေးစက်စွာ ပြောလိုက်၏။

"ခင်ဗျားတို့ သိပြီးသား ဆိုမှတော့... ကျွန်တော် ပွင့်ပွင့်လင်းလင်း ပြောပါ့မယ်...၊ ကမ္ဘာငယ် အမှတ်တွေ ကောင်းကင် တာရာ ဂိုဏ်း လက်ထဲမှာ ရှိတာ အမှန်ပါပဲ..."

ထိုစကားအား ကြားလိုက်ရသောအခါ၊ လူအုပ်ကြီး၏ မျက်လုံးများ တောက်ပလာပြီး အားလုံး ပြုံးလိုက်ကြ၏။

ကျန်းချန်ဟွမ် ဆက်ပြောလိုက်၏။

"ခင်ဗျားတို့လည်း ဝေစု လိုချင်တယ် ဆိုတော့... ရပါတယ်...၊ ဒါပေမဲ့ ကြိုပြီး ရှင်းရှင်းလင်းလင်း ပြောထားပါရစေ...၊ ကောင်းကင် တာရာ ဂိုဏ်း က အကျိုးအမြတ်ရဲ့ ၅၀% လိုချင်ပါတယ်...၊ ကျန်တာကိုတော့ ခင်ဗျားတို့ ဘာသာ ခွဲဝေယူကြပါ...၊ ဒါပေမဲ့ 'ကောင်းကင် လမ်းစဉ် ကတိသစ္စာ' ပြုရပါမယ်...၊ သဘောတူတယ် ဆိုရင်... ကျွန်တော်တို့ သဘာဝကျကျ ပူးပေါင်းလို့ ရပါတယ်...၊ မဟုတ်ရင်တော့... ဘာမှ မရဘဲ နေလိုက်ကြပေါ့..."

သူ့မျက်လုံးများ အေးစက်နေပြီး၊ သူ့နောက်မှ ကောင်းကင် တာရာ ဂိုဏ်းသားများကလည်း အညံ့ခံမည့်အစား ကြေမွသွားဖို့သာ ရွေးချယ်မည့် ပြတ်သားသော အရှိန်အဝါဖြင့် တုံ့ပြန်လိုက်ကြ၏။

အစီအရီ ကျရောက်နေသော အစစ်အမှန် ဧကရာဇ် အများအပြား ဒေါသထွက်သွားကြလေသည်။

"မောက်မာလိုက်တာ...၊ ရယ်စရာ ကောင်းလိုက်တာ..."

"ကောင်းကင် တာရာ ဂိုဏ်း မှာ ဘာအင်အား ရှိလို့လဲ...၊ တစ်ဂိုဏ်းတည်းနဲ့ ၅၀% လိုချင်ရတာလဲ..."

"လက်တွေ့ဘဝကို သဘောမပေါက်သေးဘူး ထင်တယ်...၊ ဂိုဏ်းပျက်ပြီး လူမျိုးတုံးမှ နောင်တမရနဲ့နော်..."

ခြိမ်းခြောက်စကားများမှာ ယခုအခါ လုံးဝ ဖုံးကွယ်ထားခြင်း မရှိတော့ပေ။

ကျန်ရှိသော (၁၁) ဂိုဏ်းက ၅၀% ကို ခွဲဝေယူရမည် ဆိုလျှင် တစ်ဂိုဏ်းကို ၅% တောင် မပြည့်တော့ပေ။ ၎င်းသည် သူတို့ မှန်းထားသည်ထက် များစွာ လျော့နည်းနေသဖြင့် သဘာဝကျကျပင် ကန့်ကွက်ကြလေသည်။

'လေမိုးကြိုး အစစ်အမှန် ဧကရာဇ်' က အေးစက်စွာ ကြည့်လိုက်၏။

"ဂိုဏ်းချုပ် ကျန်း... ဒေါသနဲ့ စကားမပြောပါနဲ့...၊ ကမ္ဘာငယ် အမှတ်တွေ ခင်ဗျားတို့ဆီမှာ ရှိတာ မှန်ပါတယ်...၊ ဒါပေမဲ့ ၅၀% ဆိုတာ များလွန်းပါတယ်...၊ ဒီလိုလုပ်ဗျာ... ကျွန်တော် လူတိုင်းကိုယ်စား ဆုံးဖြတ်ပေးပါ့မယ်...၊ ကောင်းကင် တာရာ ဂိုဏ်း က အပို ၅% ရမယ်...၊ ကျန်တာကို ကျွန်တော်တို့ (၁၂) ဂိုဏ်း ညီတူမျှတူ ခွဲဝေယူမယ်... ဘယ်လိုလဲ..."

ထိုအခါ၊ ကျန်းချန်ဟွမ် ဒေါသတကြီး ဟားတိုက်လိုက်၏။

...အပို ၅% တဲ့လား...။

သူခိုးအုပ်စု... အနိုင်ကျင့်လွန်းအားကြီးတယ်...

"လုံးဝ မဖြစ်နိုင်ဘူး... ဘယ်သူမှ မရအောင်... ဒီ ကမ္ဘာငယ် အမှတ်တွေကို ဖျက်ဆီးပစ်လိုက်တာကမှ ပိုကောင်းဦးမယ်..."

'လေမိုးကြိုး အစစ်အမှန် ဧကရာဇ်' ၏ စိတ်ရှည်သည်းခံမှုက ကုန်ဆုံးသွားလေသည်။ သူက တည်ငြိမ်စွာ ပြောလိုက်၏။

"ကြည့်ရတာ... ဂိုဏ်းချုပ် ကျန်း ကို လက်တွေ့ အခြေအနေ သဘောပေါက်အောင် လုပ်ပေးဖို့ လိုနေပြီ ထင်ပါရဲ့..."

တဆက်တည်း၌၊ ကြာရှည်စွာ သည်းခံနေခဲ့ကြသော 'မူလဝိညာဉ် နယ်ပယ်' အစစ်အမှန် ဧကရာဇ် အများအပြားသည် သူတို့၏ အရှိန်အဝါများကို ပြိုင်တူ ထုတ်လွှတ်လိုက်ကြတော့၏။

မျက်စိတစ်မှိတ် အတွင်းမှာပင် ကြီးမားသော ဝိညာဉ် စွမ်းအားများ စုဝေးလာပြီး မိုးကြိုးပစ်ချသံကဲ့သို့ မြည်ဟိန်းသွားလေသည်။ ကောင်းကင်ယံကို စုတ်ဖြဲပစ်မည့် မူလဝိညာဉ် စွမ်းအား အလင်းတန်းများသည် ကောင်းကင် တာရာ ဂိုဏ်း တစ်ခုလုံးကို ဖိနှိပ်ထားသော လေထုဖြင့် လွှမ်းခြုံလိုက်ကြ၏။

ကျန်းချန်ဟွမ် ၏ မျက်နှာထားမှာ အကြီးအကျယ် ပြောင်းလဲသွားသည်။

သူသည် တကယ် အဆက်အသွယ် ဖြတ်တောက်ချင်နေတာ မဟုတ်ပါ၊ အကျိုးအမြတ် ပိုရချင်၍ ဈေးဆစ်နေခြင်းသာ ဖြစ်သည်။

တကယ်လို့ တိုက်ပွဲ ဖြစ်လာခဲ့လျှင်... ဂိုဏ်းကာကွယ်ရေး အခင်းအကျင်း ရှိနေလျှင်တောင်မှ... ရလဒ်က ကောင်းမှာ မဟုတ်ချေ။

စို့ရာတွင်၊ အခြေအနေက သည်အဆင့် ရောက်လာမှတော့... သူ အင်အားပြမှ ဖြစ်တော့မည်...၊ မဟုတ်ပါက၊ လုံလောက်သော အကျိုးအမြတ် ဘယ်လို ရနိုင်မည်နည်း။

သူ့အကြည့်များ အေးစက်သွားသည်။

ထိုစဉ် ကောင်းကင် တာရာ ဂိုဏ်း၏ အထက် ကောင်းကင်ယံမှ ဖျော့တော့သော အသံတစ်ခု ပဲ့တင်ထပ်သွားသည်ကို ကြားလိုက်ရလေသည်။

"ဒီမှာ တော်တော် စည်ကားနေတာပဲ..."

'မူလဝိညာဉ် နယ်ပယ်' အစစ်အမှန် ဧကရာဇ် အများအပြား၏ အရှိန်အဝါများ ရပ်တန့်သွားပြီး၊ အလိုအလျောက် မော့ကြည့်လိုက်ကြ၏။

မိုးကုပ်စက်ဝိုင်းဆီမှ သုံးရောင်ခြယ် ဝိညာဉ် အလင်းတန်းများ ထုတ်လွှတ်နေသော 'ရတနာ သင်္ဘော' တစ်စင်းသည် ကောင်းကင်ကို ခွင်းလျက် ပျံသန်းလာနေသည်ကို တွေ့လိုက်ရလေသည်။

သာမန်ဟု ထင်ရသော အသံသည် ထိုအပေါ်မှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ အတွေ့အကြုံ ရင့်ကျက်သော အစစ်အမှန် ဧကရာဇ် အချို့၏ မျက်လုံးအိမ်များ ကျုံ့သွားကြသည်၊ ဤ ရတနာ သင်္ဘောသည် သာမန် ထိပ်တန်း အဆင့် 'မှော် ရတနာ' များထက် များစွာ ပိုမို စွမ်းအားကြီးမားနေသည်ကို ရှင်းလင်းစွာ မြင်တွေ့နေရသောကြောင့် ဖြစ်သည်။

'ဧရာမ ပုဆိန် အစစ်အမှန် ဧကရာဇ်’ သည် ပေတစ်သောင်း မြင့်မားသော ဓမ္မ ရုပ်သွင်ကြီးကို ဖန်ဆင်းလိုက်၏။

မူလက အခင်းအကျင်းကို ဒေါသတကြီး ရိုက်ခွဲရန် ပြင်ဆင်နေသော်လည်း၊ ရုတ်တရက် ပေါ်လာသော အသံကြောင့် ရပ်တန့်သွားခဲ့ရသည်။ သူက ဒေါသတကြီး ငေါက်ငမ်းလိုက်လေသည်။

"ဘယ်ကောင်က ငါ့ရှေ့ လာရှုပ်ရဲတာလဲ... သေချင်နေတာလားဟ..."

ကောင်းကင်ထိုး ဧရာမ ပုဆိန်ကြီးသည် ဦးတည်ချက် ပြောင်းသွားပြီး၊ သုံးရောင်ခြယ် ရတနာ သင်္ဘော ဆီသို့ တရှိန်ထိုး ခုတ်ပိုင်းချလိုက်၏။

အေးစက်ပြီး ဒေါသထွက်နေသော အော်ဟစ်သံ တစ်ခု ထွက်ပေါ်လာ၏။

"စီနီယာအစ်ကို နင် ကို မရိုမသေ လုပ်ရဲပါလား...၊ သေဒဏ်နဲ့ ထိုက်တန်တယ်..."

စကားသံ ဆုံးသည်နှင့်၊ တောက်ပသော ဓားအလင်းတန်း တစ်ခုသည် ကောင်းကင်ယံတွင် မြစ်တစ်စင်းအလား မြင့်တက်လာပြီး၊ လေများကို ခွင်းကာ လမင်းကို ပိုင်းဖြတ်လိုက်၏။ ထိုအထဲတွင် ပါဝင်သော မယုံနိုင်လောက်အောင် ခိုင်မာသည့် 'မူလဝိညာဉ် စွမ်းအား'က လူတိုင်းကို တုန်လှုပ်သွားစေသည်။

ဓားအလင်းတန်းသည် ဧရာမ ပုဆိန်ကြီးကို ရိုက်ခတ်လိုက်ရာ၊ ပုဆိန်ကြီးမှာ အနောက်သို့ အတင်းအဓမ္မ လွင့်စင်သွားရလေသည်။ ဓားအလင်းတန်း၏ အရှိန်အဟုန်မှာ လျော့ပါးသွားခြင်း မရှိဘဲ၊ 'ဧရာမ ပုဆိန် အစစ်အမှန် ဧကရာဇ်' ၏ ဓမ္မ ရုပ်သွင်ကြီး ဆီသို့ ဆက်လက် ခုတ်ပိုင်းသွားလေသည်။

ဓားအလင်းတန်းသည် ထောင်ချီ ကွဲထွက်သွားပြီး၊ တိမ်များကို ဆုတ်ဖြဲကာ ကောင်းကင်ကို ခွဲခြားပစ်လိုက်၏။

'ဧရာမ ပုဆိန် အစစ်အမှန် ဧကရာဇ်' သည် မချိမဆံ့ စူးရှစွာ အော်ဟစ်လိုက်ပြီး၊ ပေတစ်သောင်း မြင့်သော ဓမ္မ ရုပ်သွင်ကြီး ပေါ်တွင် အက်ကွဲရာများ တစ်ခုပြီးတစ်ခု ပေါ်လာကာ၊ ဝုန်းခနဲ ပေါက်ကွဲပြီး ပြိုကျသွားလေသည်။ သူ့၏ မူလခန္ဓာကိုယ် ပေါ်ထွက်လာပြီး၊ ပြန်လည် ရောက်ရှိလာသော ပုဆိန်အသေးစားလေးကို ဖမ်းယူလိုက်၏။ သူ့မျက်နှာပေါ်တွင် ကြောက်ရွံ့ထိတ်လန့်မှုများ ပြည့်နှက်နေလေသည်။

တစ်ချက်တည်းနှင့်ပင်... တိုက်ခိုက်လိုက်သူသည် သာမန် မဟုတ်ကြောင်း သူ သိလိုက်ရတော့၏။

နှစ်ယောက်စလုံး 'မူလဝိညာဉ် နယ်ပယ်' ဖြစ်ကြသော်လည်း၊ တစ်ဖက်လူ၏ စွမ်းအား အရည်အသွေးသည် အဆမတန် သာလွန်နေ၏။ ၎င်းသည် နက်ရှိုင်းသော မျိုးရိုးအမွေအနှစ်မှ ဆင်းသက်လာခြင်း ဖြစ်ရမည်။ ထို့အပြင် သူတို့၏ ယခင် ပြောစကားများကို ပေါင်းစပ်လိုက်သောအခါ...၊ အဖြေက ရှင်းလင်းနေပြီ ဖြစ်သည်။

အဆင့်မြင့် ဂိုဏ်းကြီးမှ အစစ်အမှန် အမွေခံ…။

သူ့ရင်ထဲတွင် လှိုင်းလုံးများ ထန်နေသကဲ့သို့ ဖြစ်သွားပြီး၊ ချက်ချင်း နောက်ဆုတ်လိုက်လေသည်။

"ဧရာမ ပုဆိန် က မျက်စိ ပါလျက်နဲ့ ထိုက်စန်းတောင်ကြီးကို မမှတ်မိခဲ့ပါဘူး...၊ စီနီယာ့ကို ဒုက္ခပေးမိတဲ့ အတွက်... ကျေးဇူးပြုပြီး ခွင့်လွှတ်ပါခင်ဗျာ..."

မျက်နှာ ပျက်ရသော်လည်း၊ အသက်က ပိုအရေးကြီးသည် မဟုတ်ပါလား။

ပတ်ဝန်းကျင်ရှိ 'မူလဝိညာဉ် နယ်ပယ်' အစစ်အမှန် ဧကရာဇ် အားလုံး၏ မျက်နှာထားများမှာ လေးနက်သွားကြ၏။

သူတို့အထဲတွင် 'ဧရာမ ပုဆိန် အစစ်အမှန် ဧကရာဇ်' သည် အားမနည်းလှပေ။ သို့သော် ဓားချက် တစ်ချက်တည်းဖြင့် ဓမ္မ ရုပ်သွင်ကြီး ပိုင်းဖြတ်ခံလိုက်ရခြင်းမှာ... ထိုကဲ့သို့သော ဓားလမ်းစဉ် သတ်ဖြတ်မှုသည် ကြောက်ခမန်းလိလိပါပင်။ ထိုနေရာရှိ အစစ်အမှန် ဧကရာဇ် အနည်းငယ်ကသာ ထိုဓားချက်ကို ခံနိုင်ရည် ရှိမည်ဟု ယုံကြည်ချက် ရှိနိုင်လေ၏။

ကျန်းချန်ဟွမ် နှင့် လီလင်ဟယ် တို့..အချင်းချင်း. အကြည့်ချင်း ဖလှယ်လိုက်ကြပြီး၊ သူတို့၏ နှလုံးသားများ ထိန်းချုပ်မရအောင် ခုန်ပေါက်လာကာ မွန်းကြပ်သွားရ၏။

ရောက်လာသူ ဘယ်သူလဲ ဆိုတာ သူတို့ ခန့်မှန်းမိလိုက်ကြပြီ။

ထိုစဉ်..၊

သုံးရောင်ခြယ် ရတနာ သင်္ဘော ပေါ်မှ နောက်ထပ် တောက်ပသော ဓားချီတစ်ခု စုစည်းလာပြီး၊ မူလက သာမန်ဟု ထင်ရသော အသံသည် ထပ်မံ ထွက်ပေါ်လာပြန်သည်။

All Chapters