ကောင်းကင် တာရာ ဂိုဏ်းတွင် စုဝေးခြင်း၊ စီနီယာအစ်ကို နင် ကို ပြစ်မှားရဲသူမှန်သမျှ သေစေ (၄)
Vol. 33 Ch. 495
~"တော်လောက်ပါပြီ..."
အရာအားလုံး တည်ငြိမ်သွားပြီး၊ ယခင်က ကြောက်မက်ဖွယ် ကောင်းသော ဓားကျင့်ကြံသူသည် ရိုသေစွာ ပြောလိုက်၏။
"ဟုတ်ကဲ့ပါ... စီနီယာအစ်ကို နင်..."
'ဧရာမ ပုဆိန် အစစ်အမှန် ဧကရာဇ်' ၏ ကျောပြင်တွင် အေးစက်သော ချွေးသီးများ ခဲသွားလေသည်။ သူသည် သွားကို တင်းတင်းကြိတ်ကာ၊ ပုဆိန်ဖြင့် သူ့၏ ဘယ်ဘက်လက်မောင်းကို ကိုယ်တိုင် ပိုင်းဖြတ်လိုက်ပြီး တိုးညှင်းသော အသံဖြင့် ပြောလိုက်၏။
"အရှင့်ရဲ့ ကျေးဇူးတရားကို ကျေးဇူးတင်ပါတယ် ခင်ဗျာ..."
သူ တခြား ဘာမှ မလုပ်ရဲတော့ပေ။ အကယ်၍ တစ်ဖက်လူကသာ ဆန္ဒရှိပါက၊ သူ့ကို သတ်ပစ်ဖို့ ဆိုတာ လွယ်ကူသော ကိစ္စလေး တစ်ခုသာ ဖြစ်သည်။ အသက်ချမ်းသာပေးလိုက်တာကပင် ကြီးမားသော ကျေးဇူးတရား ဖြစ်နေပြီ။
ခန့်ညားထည်ဝါသော အစစ်အမှန် ဧကရာဇ် တစ်ပါးက ဤမျှ နှိမ့်ချစွာ ပြုမူနေသည်ကို မြင်လိုက်ရသောအခါ ကျင့်ကြံသူ အများအပြား အံ့အားသင့်သွားကြ၏။
တစ်ချိန်တည်းမှာပင်... ဤ 'စီနီယာအစ်ကို နင်' ဆိုတာ ဘယ်သူလဲ ဟူသော စူးစမ်းချင်စိတ်များ သူတို့ရင်ထဲတွင် ဖြစ်ပေါ်လာကြ၏။
အချို့ကတော့ အနည်းငယ် ခန့်မှန်းမိနေကြပြီ ဖြစ်သဖြင့်၊ ရင်ဘတ်များ တဒိန်းဒိန်း ခုန်နေကြလေသည်။
လူတိုင်း၏ အကြည့်များ အောက်တွင်...၊ သုံးရောင်ခြယ် ရတနာ သင်္ဘောသည် ဖြည်းညှင်းစွာ ဆင်းသက်လာပြီး၊ လူအုပ်ကြီး အထက်တွင် ရပ်တန့်လိုက်၏။ ကောင်းကင် ဂီတသံများ လွင့်ပျံလာပြီး၊ ရွှေရောင် တိမ်တိုက်များ ခြံရံလျက် စွမ်းအားကြီးမားသော ပုံရိပ်များသည် တစ်ခုပြီးတစ်ခု လူအများ၏ မြင်ကွင်းထဲသို့ ဝင်ရောက်လာကြ၏။ ကျင့်ကြံသူ အများစုတွင် ထက်ရှသော အရှိန်အဝါများ ရှိကြပြီး၊ ၎င်းတို့ထဲမှ (၇) ဦး၊ (၈) ဦးခန့်မှာ ရပ်နေရုံဖြင့် အစစ်အမှန် ဧကရာဇ် အားလုံးကို သတိထားစေလောက်သည့် အရှိန်အဝါမျိုး ပိုင်ဆိုင်ထားကြ၏။
သို့သော် လူတိုင်းကို အသက်ရှူမှားသွားစေသည်မှာ... ကြယ်တာရာများ ဝန်းရံနေသော အဖြူရောင် ဝတ်စုံနှင့် ပုံရိပ်ပင် ဖြစ်သည်။
ထိုလူငယ်၏ အရှိန်အဝါသည် သာမန် လူသားတစ်ဦးကဲ့သို့ ရိုးရှင်းနေသော်လည်း၊ လောကကြီးကို လျစ်လျူရှုထားသော မျက်လုံးများကတော့ ထာဝရ ကာလကို ဖောက်ထွင်းမြင်နေရသကဲ့သို့ တည့်မတ်စွာ ကြည့်နေလေသည်။ သို့သော် လူတိုင်း သိလိုက်ကြသည်မှာ... ဤ 'စီနီယာအစ်ကို နင်' သည်သာ အကြောက်မက်ဖွယ် အကောင်းဆုံး ဖြစ်ကြောင်းပင်။
စောစောက 'ဧရာမ ပုဆိန် အစစ်အမှန် ဧကရာဇ်' ၏ ဓမ္မ ရုပ်သွင်ကို ခုတ်ပိုင်းပစ်လိုက်သော လူငယ်သည် 'စီနီယာအစ်ကို နင်' ၏ ဘေးတွင် ရိုသေစွာ ရပ်နေလေသည်။
"အစစ်အမှန် အမွေခံ နင်နဲ့ အကန့်အသတ်မဲ့ ဓားဂိုဏ်းက အစစ်အမှန် အမွေခံ များကို ဂါရဝပြုပါတယ် ခင်ဗျာ..."
လူအုပ်ကြီးသည် ထူးခြားသော ဝတ်စုံများမှတဆင့် သူတို့၏ မည်သူမည်ဝါ ဖြစ်ကြောင်းကို မှတ်မိလိုက်ကြ၏။
အကန့်အသတ်မဲ့ ဓားဂိုဏ်း...
အနည်းငယ်သော လူများကတော့ နင်ချီကို လေးစားမှု ပြည့်နှက်နေသော မျက်လုံးများဖြင့် ကြည့်နေကြ၏။
ဤ 'စီနီယာအစ်ကို နင်' ဆိုတာ ဘယ်သူလဲ ဆိုတာ သူတို့ နောက်ဆုံးတော့ နားလည်သွားကြရသည်။
နှစ်များတစ်လျှောက် နင်ချီသည် လှုပ်ရှားမှု သိပ်မရှိသော်လည်း ဂုဏ်သတင်း ကျော်ကြားမှု အတော်အတန် ရရှိထားသည်။ အထူးသဖြင့် လွန်ခဲ့သော (၄) နှစ်က 'မူလဝိညာဉ် နယ်ပယ်' မိစ္ဆာကြီး 'ကြယ်စား ဖားပြုတ်' ကို ဓားချက် တစ်ချက်တည်းဖြင့် သတ်ဖြတ်ခဲ့စဉ်က ပြင်ပကမ္ဘာ၏ အသိအမှတ်ပြုမှုကို ပထမဆုံးအကြိမ် ရရှိခဲ့သည်။
သူ၏ 'အင်မော်တယ် မျိုးစိတ်' ဟူသော ဘွဲ့ထူးသည်လည်း တဖြည်းဖြည်း ပေါ်ထွက်လာခဲ့၏။
ပေ့ရွှမ် နယ်မြေ တွင်၊ အကန့်အသတ်မဲ့ ဓားဂိုဏ်း၌ ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ဦး ပေါ်ထွန်းလာကြောင်း ကောလာဟလများ ထွက်ပေါ်နေ၏။
ကောင်းကင် တာရာ ဂိုဏ်းမှ အစစ်အမှန် ဧကရာဇ် များသည် ခြေထောက်များ ပျော့ခွေသွားပြီး ခေါင်းများ မူးနောက်နောက် ဖြစ်သွားကြလေသည်။
အကန့်အသတ်မဲ့ ဓားဂိုဏ်းက လူတွေ တကယ် ရောက်လာကြပြီ။
ထို တည်ငြိမ်ပြီး နက်ရှိုင်းသော အကြည့်များ ကောင်းကင် တာရာ ဂိုဏ်း ဘက်သို့ လှည့်လာသောအခါ၊ သူတို့၏ ရင်ထဲတွင် မုန်တိုင်းထန်သွားပြီး၊ မျက်နှာများတွင် ငိုရခက် ရယ်ရခက် အပြုံးများ ပေါ်လာကြ၏။
'လေမိုးကြိုး အစစ်အမှန် ဧကရာဇ်’ နှင့် အခြားသူများလည်း ရင်ထဲတွင် ဖိစီးသွားကြ၏။
ဒီနေ့ ဒီနေရာမှာ စုဝေးခဲ့ကြခြင်းက မူလက ကောင်းကင် တာရာ ဂိုဏ်း ကို ဖိအားပေးပြီး ကမ္ဘာငယ် အမှတ်တွေကို မျှဝေခိုင်းဖို့ပါ...၊ လမ်းခုလတ်မှာ ဒီလောက် ကြောက်စရာကောင်းသော ပုဂ္ဂိုလ်မျိုးနှင့် တွေ့ရလိမ့်မည်ဟု ထင်မထားခဲ့မိပေ။
ဒီ အစစ်အမှန် အမွေခံ နင် ၏ စွမ်းအားက အကြောက်စရာ အကောင်းဆုံး မဟုတ်သေး။
သူ့နောက်ကွယ်က အကန့်အသတ်မဲ့ ဓားဂိုဏ်းကသာ အကြောက်စရာ အကောင်းဆုံး ဖြစ်၏။
သူတို့ အနေနှင့် အနည်းငယ်လေးတောင် အပြစ်မပြုရဲပေ။ ... 'မဟာစွမ်းအားရှင်' တစ်ပါး လွှတ်လိုက်လျှင်တောင်မှ... ချူ တိုင်းပြည် အင်မော်တယ် ကျင့်ကြံခြင်း နယ်မြေ တစ်ခုလုံး ကမ္ဘာပျက်သွားလိမ့်မည်။
"ခင်ဗျားတို့ အားနာစရာကြီးဗျာ..."
နင်ချီက နူးညံ့စွာ ပြုံးရင်း ပြောလိုက်ရာ၊ လူများကို နွေဦးလေညှင်းကဲ့သို့ ခံစားမှုမျိုး ပေးစွမ်းလိုက်၏။
လူအုပ်ကြီး မြှောက်ပင့်ခံရသလို ခံစားလိုက်ရပြီး အံ့သြသွားကြ၏။
'လေမိုးကြိုး အစစ်အမှန် ဧကရာဇ်' က လက်သီးဆုပ်ပြီး ပြောလိုက်၏။
"အစစ်အမှန် အမွေခံ နင် ရဲ့ နာမည်ကျော်ကြားမှုကို ကြားဖူးတာ ကြာပါပြီ...၊ ဒီနေ့မှပဲ မျက်ဝါးထင်ထင် တွေ့ရတော့တယ်...၊ ကောလာဟလတွေက လူကြီးမင်းရဲ့ တကယ့် ကျက်သရေကို မမီပါဘူး ခင်ဗျာ..." ဟု 'လေမိုးကြိုး အစစ်အမှန် ဧကရာဇ်' က လက်သီးဆုပ်ပြီး ပြောလိုက်၏။
အစစ်အမှန် ဧကရာဇ်များ မှင်သက်သွားကြ၏။
လူတစ်ယောက် လဲလိုက်သလို ပြောင်းလဲသွားသော 'လေမိုးကြိုး အစစ်အမှန် ဧကရာဇ်' ၏ ယုံကြည်ကိုးကွယ်နေသော အမူအရာကို ကြည့်ပြီး၊ စိတ်ထဲမှ ကျိန်ဆဲလိုက်ကြ၏။
'ဟမ့်... ဖားလိုက်တဲ့ လူယုတ်မာ...'
ထို့နောက်မှာတော့၊ မြှောက်ပင့်စကားများ ဆက်တိုက် ထွက်ပေါ်လာတော့သည်။
"အစစ်အမှန် အမွေခံ နင် ရဲ့ တင့်တယ်မှုက ပြိုင်ဘက်ကင်းပါပဲ..."
"အစစ်အမှန် အမွေခံ နင် ရဲ့ ဓားလမ်းစဉ်က ကောင်းကင်ဘုံထိ ထိုးဖောက်နိုင်တာပါလားဗျ..."
"အစစ်အမှန် အမွေခံ နင် နဲ့ တွေ့ဆုံရတာ... တကယ့်ကို သုံးဘဝ ကုသိုလ်ပါပဲ ခင်ဗျာ..."
ကျင့်ကြံသူများသည် မျက်နှာဖုံး လဲလိုက်သလို ဖြစ်သွားသော အစစ်အမှန် ဧကရာဇ်များကို ကြည့်ပြီး စိတ်ထဲတွင် အံ့သြနေမိကြ၏။ ရတနာ သင်္ဘော နောက်ကွယ်မှ ထင်ရှားကျော်ကြားသော ပုံရိပ်အပေါ် လေးစားမှုများ ပိုမို နက်ရှိုင်းသွားကြ၏။
တစ်ချိန်တည်းမှာပင်၊ အကန့်အသတ်မဲ့ ဓားဂိုဏ်းမှ တပည့် အများအပြားသည် မာန်ပါပါ မတ်မတ် ရပ်နေကြပြီး၊ နှုတ်ခမ်းထောင့်စွန်းများတွင် အပြုံးရေးရေး ပေါ်နေကာ၊ ရင်ထဲတွင် သာလွန်မှု အရိပ်အယောင် တစ်ခုကို ခံစားနေကြ၏။
အဆင့်မြင့် ဂိုဏ်းကြီး တစ်ခုမှ အစစ်အမှန် အမွေခံ ဆိုသည်မှာ... ပြင်ပကမ္ဘာတွင် သာမန် ဂိုဏ်းချုပ်များ၏ လေးစားမှုကို ရရှိရန် လုံလောက်သည်...။ နင်ချီကဲ့သို့ အစစ်အမှန် အမွေခံ ဆိုလျှင် ပို၍ပင် ဖြစ်ပေသည်။
အခြေခံအုတ်မြစ် အရ ကြည့်လျှင်... အဆင့်မြင့် ဂိုဏ်းကြီးသည် သာမန် ဂိုဏ်းများကို လုံးဝ လွှမ်းမိုးထားနိုင်သည်။ အကန့်အသတ်မဲ့ ဓားဂိုဏ်းကဲ့သို့ ရှည်လျားသော မျိုးရိုးအမွေအနှစ် ရှိသည့် အဆင့်မြင့် ဂိုဏ်းကြီး ဆိုလျှင် ပြောဖွယ်ရာ မရှိတော့ပေ။ မူလက 'မိစ္ဆာနက် အစစ်အမှန် ဧကရာဇ်' သည် 'မဟာစွမ်းအားရှင်' အဆင့်သို့ တက်လှမ်းနိုင်လျှင် အဆင့်မြင့် ဂိုဏ်း ဖြစ်လာမည်ဟု ထင်မှတ်ခဲ့သော်လည်း၊ လက်တွေ့တွင် ထိုသို့ မဟုတ်ပေ။ 'မဟာစွမ်းအားရှင်' တစ်ပါး ရှိခြင်းသည် အဆင့်မြင့် ဂိုဏ်း ဖြစ်ရန်အတွက် အခြေခံ လိုအပ်ချက် တစ်ခုသာ ဖြစ်နေသည်။
'မဟာစွမ်းအားရှင်' များ၏ အစွမ်းထက်မှုကို ထည့်မတွက်လျှင်တောင်မှ... ဒီ အစစ်အမှန် အမွေခံတွေကတင် အဆင့်တူ 'မူလဝိညာဉ် နယ်ပယ်' ကျင့်ကြံသူတွေထက် အများကြီး ပိုစွမ်းအားကြီးနေပြီ ဖြစ်၏။
နက်နဲသော စွမ်းရည်နှင့် နတ်ဘုရား နည်းစနစ် တို့၏ အမွေအနှစ်များသည် ပြင်ပကမ္ဘာတွင် လူအများ တပ်မက်သော အရာများ ဖြစ်သည်။ လွန်ခဲ့သော နှစ်အနည်းငယ်က ချင်မင်ဟောက်သည်ပင် ပြင်ပကမ္ဘာတွင် 'မူလဝိညာဉ် နယ်ပယ်' များကြား၌ ထိပ်တန်း အဆင့် ဖြစ်ခဲ့ပြီး၊ ယခုဆိုလျှင် ပို၍ပင် စွမ်းအားကြီးနေပြီ ဖြစ်သည်။
"မေးပါရစေ... အစစ်အမှန် အမွေခံ နင်...၊ ဒီနေ့ ရောက်လာတာ... ကျွန်တော်တို့ကို ခိုင်းစေစရာများ ရှိပါသလား ခင်ဗျာ...၊ ရေထဲဆင်း ရဲထဲဝင် ခိုင်းရင်တောင်... ကျွန်တော်တို့ မငြင်းပါဘူး ခင်ဗျာ..." 'လေမိုးကြိုး အစစ်အမှန် ဧကရာဇ်' က သတိထားပြီး မေးလိုက်၏။
နင်ချီကမူ ခပ်ဟဟ ရယ်လိုက်ပြီး စကားမပြောပေ။
သူသည် ကောင်းကင် တာရာ ဂိုဏ်း ဘက်သို့သာ အကြည့် ပို့လွှတ်လိုက်၏။
နောက်တစ်ခဏတွင်၊ ကောင်းကင် တာရာ ဂိုဏ်းမှ အစစ်အမှန် ဧကရာဇ် များ၏ မျက်နှာများ ဖြူဖျော့သွားကြလေသည်။
…သွားပြီ...၊ သူ တကယ်ပဲ ငါတို့ဆီ လာတာပါလား...