← Chapters

အခန်း (၄၂၁-၄၂၃)

Vol. 29 Ch. 421-423

အခန်း (၄၂၁-၄၂၃)

Vol. 29 Ch. 421-423

အပိုင်း ( 421 )

ဓာတ်ကြီးငါးပါး ရရှိခြင်း၊ အလယ်အလတ်နယ်ပယ်သို့ တက်လှမ်းခြင်း

ရှုကျိုးမှ သူ့လက်ကို ဝေ့ယမ်းလိုက်ရာ၊ သူ့အရှေရှိ ဟင်းလင်းပြင်တွင် နက်ရှိုင်းသော ဝဲဂယက်တစ်ခု ပေါ်လာခဲ့သည်။

၎င်းမှာ သူ၏ ကိုယ်ပိုင်ဟင်းလင်းပြင် နေရာလွတ်ဖြစ်သည်။

ထို့နောက်တွင် သူသည် ကျောက်စိမ်းပုလင်းအချို့ကို ထုတ်ယူလိုက်သည်။

အဆိုပါ ပုလင်းများသည် အောင်းချန်ရှန်းထံမှ ရရှိထားပြီး၊ ဘိုးဘေးနဂါး ဂူသင်္ချိုင်းမှ ဆင်းသက်လာသော အရာများ ဖြစ်သည်။

အဆိုပါ ကျေက်စိမ်းပုလင်းများထဲတွင် ရေတာအို အဆီအနှစ်နှင့် သစ်သား၏ အသက်စွမ်းအင်တို့ ပါဝင်နေခဲ့သည်။

အဆိုပါ ပုလင်းများသည် ရှုကျိုးက နောက်ဆုံးသောနတ်စွမ်းရည်နှစ်ခုကို ဖွဲ့စည်းရာတွင် ကူညီပေးနိုင်လေသည်။

“ စလိုက်ကြတာပေါ့ကွာ “

ရှုကျိုးသည် အသာအယာ ပြုံးကာ ပုလင်းတစ်လုံးကို ဖွင့်၍ ရေခဲပြာရောင်ဆေးလုံးကို ထုတ်ယူလိုက်သည်။

ဆေးလုံးထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ထူထဲသော ရေငွေ့များ ပျံ့လွင့်လာခဲ့ပြီး၊ တစ်ခဏအတွင်းမှာပင် စံအိမ်တစ်ခုလုံးကို မြူများဖြင့် ဖုံးလွှမ်းသွားခဲ့သည်။

ရှုကျိုးသည် ဆေးလုံးကို အမြန်မျိုချလိုက်ပြီး၊ ၎င်းကို ချေဖျက်ရန်အတွက် ကျင့်ကြံရေး နည်းစနစ်ကို အသက်သွင်းလိုက်သည်။

၎င်းက သူ၏ဝမ်းဗိုက်အတွင်းသို့ ရောက်သွားသောအခါတွင်၊ ချက်ချင်းဆိုသလိုပင် အပြာနုရောင် စွမ်းအင်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး၊ ကျင့်ကြံရေး နည်းစနစ်၏ လမ်းညွှန်မှုဖြင့် ကလီစာငါးခုရှိရာ ဟင်းလင်းပြင်အတွင်းသို့ တိုးဝင်သွားခဲ့သည်။

ထို့နောက်တွင် ၎င်းသည် ကျောက်ကပ်တံခါးပေါက်အတွင်းသို့ ရွေ့လျားသွားကာ၊ ရေနတ်စွမ်းရည် မျိုးစေ့နှင့် ပေါင်းစည်းသွားခဲ့သည်။

အပြာနုရောင် စွမ်းအင်၏ ရောစပ်မှုကြောင့် နတ်စွမ်းရည်မျိုးစေ့သည် ထင်သာမြင်သာရှိသော အမြန်နှုန်းဖြင့် စတင်၍ ကြီးထွားလာခဲ့သည်။

အပြာနုရောင်စွမ်းအင် ကုန်ခမ်းသွားသည့် အချိန်တွင် နတ်စွမ်းရည် မျိုးစေ့၏ မျက်နှာပြင်ပေါ်တွင် အက်ကြောင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

၎င်းသည် နတ်စွမ်းရည်မျိုးစေ့က တစ်ဝက်ရင့်မှင့်သည့် အခြေအနေတွင် ရှိနေသည်ဟု ညွှန်းဆိုနေခြင်းပင် ဖြစ်သည်။

အက်ကြောင်းငါးခု ပေါ်လာသည်နှင့်တစ်ပြိုင်နက် နတ်စွမ်းရည် မျိုးစေ့သည် အပြည့်အဝ ကွဲအက်သွားပြီး၊ ရေနတ်စွမ်းရည်ကို မွေးဖွားပေးမည် ဖြစ်သည်။

“ တကယ်ကြီးကို အကျိုးသက်ရောက်မှု ရှိတာပဲ !! “

ရှုကျိုး၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှု အရိပ်အငွေ့များ ဖြစ်ပေါ်လာခဲ့သည်၊ သူသည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ နောက်ထပ်ဆေးတစ်လုံးကို ထုတ်ယူလိုက်သည်။

ဤတစ်ကြိမ်၌ ကိုယ်ပွားသည် ဆေးလုံးအတော်အတန် ရရှိခဲ့ပြီး၊ ၎င်းတို့မှာ သူ့အတွက် သေချာပေါက် လုံလောက်နေမည် ဖြစ်သည်။

ထို့နောက်တွင် ရှုကျိုးသည် အဆိုပါဖြစ်စဥ်အတိုင်းသာ ထပ်မံ၍ ပြုလုပ်နေခဲ့သည်။

သူသည် ရေခဲပြာရောင် ဆေးလုံးများကို တစ်လုံးပြီးတစ်လုံး သောက်သုံးနေခဲ့သည်။

ကျောက်ကပ်များ တံခါးပေါက်အတွင်းရှိ နတ်စွမ်းရည် မျိုးစေ့မှာလည်း အံ့ဖွယ်ကောင်းသော အမြန်နှုန်းဖြင့် စတင်၍ ကြီးမားလာခဲ့သည်။

အကယ်၍ အဆင့်မြင့် ပညာရှင်တစ်ဦးဦးကသာ ဤမြင်ကွင်းကို မြင်တွေ့သွားမည်ဆိုပါက၊ သူတို့သည် အံ့ဩတကြီးဖြင့် တုန်လှုပ်သွားကြမည် ဖြစ်သည်၊ နတ်စွမ်းရည်ကို ဒီလိုနည်းလမ်းမျိုးနဲ့ ကျင့်ကြံလို့ရသေးတာလားဟ?

သိုင်းပညာရှင်တစ်ဦး၏ ပါရမီက မည်မျှပင် ကြီးမားနေပါစေ၊ နတ်စွမ်းရည်များ ကျင့်ကြံရာတွင် အလွန်သတိထားရတတ်ပြီး၊ အဆိုပါဖြစ်စဥ်မှာလည်း ခက်ခဲနှေးကွေးနေမည်သာ ဖြစ်သည်။

ထို့ကြောင့်ပင် လူအများစုသည် သူတို့၏ ဘဝသက်တမ်းတစ်လျှောက်လုံးတွင် နတ်စွမ်းရည်တစ်ခုမျှသာ လေ့ကျင့်နိုင်ကြခြင်း ဖြစ်သည်။

သို့သော် ရှုကျိုးကမူ ဘိုးဘေးနဂါး ခြင်ဆီသွေးကို ပိုင်ဆိုင်ထားခဲ့ပြီး၊ နတ်စွမ်းရည် မျိုးစေ့ကိုပင် ဖွဲ့စည်းခဲ့ပြီးဖြစ်ကာ၊ မီး၊ မြေနှင့် သတ္ထုအစစ်အမှန် နတ်စွမ်းရည်တို့ပင် ပိုင်ဆိုင်ထားခဲ့ပြီ ဖြစ်သည်။

ယခု ဘိုးဘေးနဂါးခြင်ဆီသွေး ကုန်ခမ်းသွားသည့်အချိန်တွင် သူသည် ရှေးဟောင်းဆေးလုံးများကို မမျှော်လင့်ဘဲ ရရှိလာခဲ့သည်။

ဘိုးဘေးနဂါး ဂူသင်္ချိုင်းသည် ကြယ်ပြာဂြိုဟ်ပေါ်ရှိ သက်တမ်းအရင့်ဆုံး ရတနာတစ်ပါးဖြစ်ပြီး၊ နှစ်တစ်သန်းအတွင်းတွင် မပေါ်လာခဲ့ဖူးသည့်အတွက် ထူးခြားသော ရတနာတစ်ပါးဟုပင် သတ်မှတ်နိုင်ပေသည်။

ရှုကျိုးက ဤအခြေအနေအထိ ရောက်လာရခြင်းမှာ ပါရမီနှင့် ကြိုးစားအားထုတ်မှုများကြောင့်သာလျှင် မဟုတ်ဘဲ ကံတရား၏ ဖေးမမှုကြောင့်ပါဖြစ်သည်၊ ကံတရားသည်လည်း အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေခဲ့သည်။

…

“ ခရက် ခရက် !!! “

ရှုကျိုးမှ ဆေးလုံးများကို ဆက်တိုက် မျိုချနေသောကြောင့် ကျောက်ကပ်များ၏ တံခါးပေါက်အတွင်းရှိ နတ်စွမ်းရည် မျိုးစေ့၏ မျက်နှာပြင်ပေါ်တွင် ရှိနေသော အက်ကြောင်းများသည် တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာခဲ့သည်။

ပထမအက်ကြောင်း၊ ဒုတိယအက်ကြောင်းနှင့် တတိယအက်ကြောင်း …….

ပဥ္စမအက်ကြောင်း !!

ပဥ္စမအက်ကြောင်း ပေါ်လာသည့်အချိန်တွင် “ ဘုမ်းးး !!! “

အားကောင်းသော အရှိန်အဝါတစ်ခုသည် ကျောက်ကပ်တံခါးပေါက်အတွင်းမှ ပွင့်ထွက်လာခဲ့သည်။

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် နတ်စွမ်းရည်မျိုးစေ့သည် လုံးလုံးလျားလျား ကွဲအက်သွားခဲ့သည်။

ကျောက်ကပ်တံခါးပေါက်ထဲတွင် ရေခဲပြာရောင် အရည်ထုတစ်ခု ဖြစ်တည်လာခဲ့သည်။

“ ပြီးသွားပြီ !! “

ရှုကျိုးသည် သူ၏မျက်လုံးများကို ရုတ်တရက် ဖွင့်ဟလာခဲ့သည်။

ရေနတ်စွမ်းရည်ကို ရရှိခဲ့ပြီဖြစ်သည်။

ရှုကျိုးမှ သူ၏ခန္ဓာကိုယ်အတွင်းကို စစ်ဆေးကာ အသည်းတံခါးပေါက်ကို ငေးကြည့်နေတော့သည် “ နောက်တစ်ခုပဲ ကျန်တော့တယ် “

ဤအခိုက်အတန့်တွင် သူသည် အနည်းငယ် စိတ်လှုပ်ရှားနေခဲ့သည်။

ဓာတ်ကြီးငါးပါး နတ်နည်းစနစ်မှာ ပေါ်ထွက်လာတော့မည် ဖြစ်သည် !!

“ ဆက်လုပ်မယ် “

ရှုကျိုးသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းလိုက်သည်၊ သူသည် ဤရက်ပိုင်းအတွင်းတွင် မည်သည့်အရာကိုမှ မစားသောက်ခဲ့ဘဲ နတ်စွမ်းရည်များကို တတ်နိုင်သမျှ အမြန်ဆုံးရရှိအောင် ကျင့်ကြံရာတွင်သာ အာရုံစိုက်နေခဲ့သည်။

သူသည် ပုလင်းတစ်လုံးကို ဖွင့်ကာ ကျောက်စိမ်းရောင် ဆေးတစ်လုံးကို ထုတ်ယူလိုက်သည်။

အဆိုပါ ဆေးလုံးထဲတွင် သစ်သား၏ အသက်စွမ်းအင်များ ပါဝင်နေပြီး၊ ၎င်းသည် သစ်သားနတ်စွမ်းရည် ဖွဲ့စည်းရာတွင် အထောက်အကူပြုလိမ့်မည် ဖြစ်သည်။

ရှုကျိုးမှ ၎င်းကို မျိုချလိုက်သောအခါတွင်၊ အဆုံးမဲ့ အသက်စွမ်းအားများသည် အစိမ်းရင့်ရောင် စွမ်းအင်အဖြစ် ပြောင်းလဲသွားကာ အသည်းတံခါးပေါက်ဆီသို့ တိုးဝင်သွားတော့သည်။

ယခင်က အတွေ့အကြုံများစွာ ရရှိထားခဲ့သောကြောင့် အားဖြည့်ခြင်း ဖြစ်စဥ်သည် ရှုကျိုးအတွက် လွန်စွာလွယ်ကူနေခဲ့သည်။

သူသည် တိတ်တဆိတ်သာ စောင့်ဆိုင်းနေတော့သည်။

…

နာရီဝက်

တစ်နာရီ

သုံးနာရီ ….

သို့ရာတွင် ၎င်းသည် နောက်ဆုံးသော နတ်စွမ်းရည်ဖြစ်သောကြောင့် မျှော်မှန်းထားသည်ထပ် အတော်အတန် ကြာရှည်နေခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် မည်သည့်အခက်အခဲ(သို့) ပြဿနာမှ မပေါ်လာခဲ့ပေ။

ရှုကျိုးက ကျောက်စိမ်းရောင် ဆေးလုံးများကို အဆက်မပြတ် သောက်သုံးနေသောကြောင့် အသည်းတံခါးပေါက်အတွင်းရှိ နတ်စွမ်းရည်မျိုးစေ့သည် သာမန်မျက်လုံးတို့ဖြင့် မြင်နိုင်သည့် အမြန်နှုန်းနှင့် တဟုန်ထိုး ကြီးထွားလာခဲ့သည်။

ပထမအက်ကြောင်း …

ဒုတိယအက်ကြောင်း …..

တတိယအက်ကြောင်း …….

ခြောက်နာရီကြာ ဖြတ်သန်းခဲ့ပြီးသည့်နောက်တွင် ပဥ္စမအက်ကြောင်း ဖြစ်ပေါ်လာခဲ့သည်။

ထို့နောက်တွင် “ ဝုန်းးးးး !!! “

နတ်စွမ်းရည်မျိုးစေ့၏ မျက်နှာပြင်ပေါ်တွင် ကွဲအက်သွားသော ဥခွံကဲ့သို့ အက်ကြောင်းများစွာ ဖြစ်ပေါ်လာခဲ့ပြီး၊ အလင်းတန်းတစ်ခု ပေါက်ထွက်လာခဲ့သည်။

ချက်ချင်းဆိုသလိုပင် မျိုးစေ့သည် လုံးလုံးလျားလျား ကွဲအက်သွားပြီး၊ အပင်ငယ်လေးတစ်ခု ပေါ်ထွက်လာခဲ့သည်၊ ၎င်းသည် အလွန်တရာ သေးငယ်နေခဲ့ပြီး၊ တစ်လက်မမျှသာ ရှည်လျားသည်၊ သို့သော် ၎င်းသည် အားကောင်းလွန်းလှသော အသက်စွမ်းအင်များကို သယ်ဆောင်ထားခဲ့သည်။

၎င်းပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် ၎င်းသည် အားကောင်းသော အသက်စွမ်းအင်ကို ထုတ်လွှတ်လာခဲ့သည်။

ချက်ချင်းဆိုသလိုပင် ရှုကျိုး၏ခန္ဓာကိုယ်တစ်ခုလုံးတွင် စွမ်းအင်များဖြင့် ပြည့်နှက်သွားသည်။

ရက်ပေါင်းများစွာ မစားမသောက်ခြင်းကြောင့် ရှိနေခဲ့သည့် ပင်ပန်းနွမ်းနယ်မှုများသည် ချက်ချင်း ပျောက်ကွယ်သွားပြီး၊ သူ၏ စိတ်ဝိညာဥ်ကိုပင် လုံးဝတက်ကြွလန်းဆန်းသွားစေခဲ့သည်။

၎င်းမှာ သစ်သားနတ်စွမ်းရည်၏ စွမ်းအားဖြစ်ပြီး၊ ၎င်းသည် ချီ-သွေးစွမ်းအင်များကို ချက်ချင်း ပြန်လည်ဖြည့်တင်းပေးနိုင်ကာ၊ ဆာလောင်မှုကိုပင် ဖယ်ရှားပစ်နိုင်ပေသည်။

“ ငါးခုမြောက် နတ်စွမ်းရည်လည်း ရပြီ “

ရှုကျိုးသည် ပျော်ရွှင်မှုများ ပြည့်နှက်နေသည့် အမူအရာဖြင့် မျက်လုံးများဖွင့်လာခဲ့သည်။

သစ်သားနတ်စွမ်းရည် ဖွဲ့စည်းသွားသည့် အချိန်တွင် တစ်ခြားသော တံခါးပေါက်လေးခုမှာလည်း အလိုအလျောက် ပွင့်ဟလာခဲ့သည်။

နှလုံး - မီးနတ်စွမ်းရည် !!

သရက်ရွက် - မြေနတ်စွမ်းရည် !!

အဆုတ်များ - သတ္ထုနတ်စွမ်းရည် !!

အဆုတ်များ - ရေနတ်စွမ်းရည် !!

အသည်း - သစ်သားနတ်စွမ်းရည် !!

ထိုအချိန်၌ နတ်စွမ်းရည်ငါးခု စုစည်းသွားပြီး၊ ၎င်းတို့သည် တစ်ပြိုင်နက် လှုပ်ခါလာခဲ့ကာ၊ မမြင်တွေ့ရသော လှိုင်းလုံးတစ်ခု ပျံ့လွင့်လာခဲ့သည်။

၎င်းမှာ ဓာတ်ကြီးငါးပါး ပဲ့တင်ထပ်ခြင်း ဖြစ်သည်။

သတ္ထုသည် ရေကို မွေးဖွားပေးပြီး၊ ရေသည် သစ်သားကို မွေးဖွားပေးသည်၊ သစ်သားမှာ မီးကို မွေးဖွားပေးပြီး၊ မီးမှာ မြေကို မွေးဖွားပေးကာ မြေကမူ သတ္ထုကို မွေးဖွားပေးသည်။

ဓာတ်ကြီးငါးပါး၏ ပေါင်းစပ်ကြီးထွားမှုအောက်တွင် နတ်စွမ်းရည်ငါးခုသည် တစ်ခုကိုတစ်ခု အားဖြည့်ပေးနေခဲ့သည်၊ ထို့ကြောင့် သူတို့၏ စွမ်းအားသည် သိသိသာသာ မြင့်တက်လာခဲ့သည်။

………………………………………………………………………………………………………………………………………..

အပိုင်း ( 422 )

ဓာတ်ကြီးငါးပါး ရရှိခြင်း၊ အလယ်အလတ်နယ်ပယ်သို့ တက်လှမ်းခြင်း ၂

“ ထွက်လာလိုက် !!! “

ရှုကျိုးမှ အတွေးဖြင့် စေခိုင်းလိုက်ရာ နတ်စွမ်းရည်ငါးခုသည် သူတို့၏ သက်ဆိုင်ရာ တံခါးပေါက်များဆီမှ ထွက်လာခဲ့ကာ လေထဲတွင် ပေါ်လာခဲ့သည်။

မီးနတ်စွမ်းရည်သည် မီးဘောလုံးဖြစ်သည်၊ မြေနတ်စွမ်းရည်မှာ အညိုရောင် ကျောက်တုံးတစ်တုံးဖြစ်သည်၊ သတ္ထုနတ်စွမ်းရည်ကမူ ရွှေရောင်အရည်ထုဖြစ်သည်၊ ရေနတ်စွမ်းရည်မှာ ရေခဲပြာရောင် အရည်ထုဖြစ်ပြီး၊ သစ်သားနတ်စွမ်းရည်ကမူ အစိမ်းရောင် အပင်ငယ်တစ်ခု ဖြစ်သည်။

ဤအခိုက်အတန့်တွင် နတ်စွမ်းရည်ငါးခု စုစည်းနေသောကြောင့် ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားတစ်ခု လွှမ်းခြုံလာခဲ့သည်။

ရှုကျိုးသည် မနေနိုင်တော့ဘဲ ၎င်းတို့၏ စွမ်းအားကို စမ်းသပ်ကြည့်ချင်သွားသည်။

“ ဒါပင်မဲ့ ဒီဟာကို ဓာတ်ကြီးငါးပါး နတ်နည်းစနစ်အဖြစ် သတ်မှတ်လို့ မရသေးဘူး “

ရှုကျိုးမှာ တွေးတောစဥ်းစားနေတော့သည် “ တကယ့်နတ်နည်းစနစ်က ဒီဟာငါးခုစလုံးကို တစ်ခုတည်းအဖြစ် ပေါင်းစည်းလိုက်ရတာပဲ ဖြစ်သင့်တယ် “

ထိုအတွေးနှင့်အတူ သူသည် နတ်စွမ်းရည်ငါးခုကို ထိန်းချုပ်ကာ တစ်ခုနှင့်တစ်ခု နီးကပ်သွားစေလိုက်သည်။

“ ဗွီ !!! “

မမျှော်လင့်ထားစွာဖြင့် သူသည် အားကောင်းလွန်းလှသော ခုခံတွန်းလှန်မှုကို ခံစားလိုက်ရသည်။

နတ်စွမ်းရည်များသည် တစ်ခုနှင့်တစ်ခု နီးကပ်နေခြင်းကို ငြင်းပယ်တွန်းလှန်လာကြသည်။

“ ထူးဆန်းတယ်၊ ဒီကောင်တွေကို ပေါင်းစပ်လို့မရဘူးလား? “

ရှုကျိုးသည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည် သို့သော် မြန်မြန်ဆန်ဆန်ပင် စိတ်အေးလက်အေး ပြန်ဖြစ်သွားခဲ့သည်။

ဓာတ်ကြီးငါးပါးက တစ်ခုကိုတစ်ခု ဖန်တီးမွေးဖွားပေးသော်လည်း ဆန့်ကျင့်ဘက် ဂုဏ်သတ္တိများ ပိုင်ဆိုင်ထားခဲ့သည်။ ထို့ကြောင့် ၎င်းတို့ကို ပေါင်းစည်းခြင်းမှာ စိန်ခေါ်မှုများသော အလုပ်တစ်ခုဖြစ်သည်။

“ တကယ်တော့ ငါက အဆင့်၅ကို ရောက်တဲ့အထိ စောင့်နေသင့်တယ်၊ ကလီစာငါးခု နတ်သန္ဓေသားကို ကျင့်ကြံတာက ဒီဟာကို အောင်မြင်သွားစေလောက်တယ် “ ရှုကျိုး အတွေးနက်သွားခဲ့သည်။

ကလီစာငါးခု နတ်သန္ဓေသားသည် ကလီစာငါးခု၏ စွမ်းအားကို ချိန်ညှိပေးပြီး၊ ကလီစားခု၏လျှို့ဝှက်စွမ်းအားကို သွေးကြောမှတ်များဆီသို့ စီးဆင်းသွားစေကာ ကောင်းကင်ဘုံ သံသရာ၏ အတွင်းပိုင်း လည်ပတ်မှုကို ဖြစ်ပေါ်သွားစေသည်။

ယခု၌ သူသည် ကလီစာငါးခု၏ နတ်စွမ်းရည် ငါးခုကို ကျင့်ကြံခဲ့ပြီးပြီ ဖြစ်သည်။

ကလီစာငါးခု နတ်သန္ဓေသား ပေါ်ထွက်လာကာ ကလီစာငါးခု၏ လျှို့ဝှက်စွမ်းနှင့် ပေါင်းစပ်သွားသည်နှင့်တစ်ပြိုင်နက်၊ ဓာတ်ကြီးငါးပါး ပေါင်းစပ်ခြင်းမှာလည်း တိုးတက်မှုရှိလာလိမ့်မည် ဖြစ်သည်။

“ ဓာတ်ကြီးငါးပါး ပေါင်းစပ်မယ်၊ ယင်ယန် ပေါင်းစည်းမယ်၊ အရာအားလုံး မွေးဖွားလာမယ် !!! “

ထိုအချိန်တွင် ဓာတ်ကြီးငါးပါး နတ်နည်းစနစ်သည် သူတို့၏ အားအကောင်းဆုံးသော စွမ်းအားကို ထုတ်ဖော်ပြသလာမည် ဖြစ်သည်။

…

“ အဆင့်၅ကို မြန်မြန်လေး သွားလိုက်ကြတာပေါ့ကွာ “ ရှုကျိုးသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေခဲ့သည်။

ဤရက်ပိုင်းအတွင်း၌ သူသည် နတ်စွမ်းရည်များ ကျင့်ကြံရာတွင်သာ အာရုံစိုက်နေခဲ့သောကြောင့် သူ၏နယ်ပယ်မှာ တတိယအဆင့် အထွတ်အထိပ်တွင်သာ ပိတ်မိနေခဲ့သည်။

သူ၏ကိုယ်ပွားက ပဥ္စမအဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သော်လည်း၊ မူလကိုယ်မှာလည်း နောက်တွင် ပြတ်ကျန်နေခဲ့သည်။

၎င်းကို တွေးမိသွားသောအခါတွင် ရှုကျိုးသည် မနေနိုင်တော့ဘဲ၊ ခေါင်းခါရမ်းမိနေတော့သည်။

“ ဒါပင်မဲ့ ဒီရက်ပိုင်းတွေအတွင်းမှာ အဆင့်၄ရဲ့ တံခါးပေါက်က ငါနဲ့ ခြေတစ်လှမ်းလောက်ပဲ လိုတော့တယ်လို့ ခံစားလာရတယ် “ ရှုကျိုးသည် အသာအယာ ပြုံးမိနေတော့သည်။

လူတော်တော်များများ လက်လှမ်းမမှီနိုင်သော အလယ်အလတ်အဆင့်နယ်ပယ်သည် သူ့ခြေထောက်အောက်တွင် ရောက်ရှိနေပြီဖြစ်သည်။

“ အဆင့်တက်လိုက်ကြတာပေါ့ကွာ “

ရှုကျိုးသည် တွေးတောနေခြင်းကို ရပ်တန့်ကာ တင်ပျဥ်ခွေထိုင်၍ မျက်လုံးများ မှိတ်လိုက်သည်။

သွေးကြောမှတ် လည်ပတ်မှုသည် အနည်းငယ် တုန်ခါလာခဲ့ပြီး တောက်ပသော နတ်တံတားတစ်ခု ဖြစ်တည်လာခဲ့သည်၊ ၎င်း၏အစွန်းတစ်ဖက်သည် ကလီစာငါးခုထံသို့ ရောက်ရှိနေခဲ့သည်။

တတိယအဆင့်နယ်ပယ်သည် နတ်တံတားကို ကျင့်ကြံရခြင်းဖြစ်သည်။

နတ်တံတားအား သွေးကြောမှတ်များနှင့် ကလီစာငါးခု၏ ဟင်းလင်းပြင်များကို ချိတ်ဆက်ရာတွင် အသုံးပြုကြသည်။

တတိယအဆင့်တွင် ဖွဲ့စည်းခဲ့သည့် နတ်တံတားက ပိုကောင်းလေလေ၊ သွေးကြောမှတ်တို့နှင့် ကလီစာငါးခုကြားရှိ ချိတ်ဆက်မှုက ပိုမိုနီးကပ်လေလေပင် ဖြစ်သည်၊ ၎င်းသည် နောင်အနာတွင် ကျင့်ကြံရမည့် ကောင်းကင်ဘုံ သံသရာ အတွင်းပိုင်းလည်ပတ်မှုအတွက် များစွာအကျိုးရှိပေသည်။

ရှုကျိုးခန္ဓာကိုယ်ထဲတွင် ရှိနေသည့် သက်တံ့ရောင် နတ်တံတားသည် ထိပ်တန်းအဆင့် စိတ်ဝိညာဥ် စုစည်ရေး ပုလဲလုံးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး၊ ၎င်းသည် ကမ္ဘာပေါ်တွင် အရည်အသွေး အမြင့်ဆုံးသော နတ်တံတားဖြစ်သည်။

ဤရက်ပိုင်းအတွင်း၌ အဆိုပါ နတ်တံတားသည် ပို၍ခိုင်မာ တောက်ပလာခဲ့သည်။

ရှုကျိုးခန္ဓာကိုယ်ထဲရှိ ချီ-သွေးစွမ်းအင်များ မြင့်တက်လာသည့် အချိန်တွင်၊ သက်တံ့ရောင် နတ်တံတားသည် ဟိန်းဟောက်၍ တုန်ခါလာခဲ့သည်။

“ သွေးကြောမှတ် လျှို့ဝှက်စွမ်းအား၊ ပေါင်းစည်းစမ်း !!! “

သန့်စင်သော လျှို့ဝှက်စွမ်းအားများသည် သွေးကြောမှတ် လည်ပတ်မှုဆီမှ စီးဆင်းလာခဲ့ပြီး၊ သက်တံ့ရောင် နတ်တံတားပေါ်မှတစ်ဆင့် ကလီစာငါးခု၏ ဟင်းလင်းပြင် အတွင်းသို့ တဟုန်ထိုး ပြေးတက်သွားခဲ့သည်။

လျှို့ဝှက်စွမ်းအား အမျှင်တန်းတစ်ခုက ဟင်းလင်းပြင်ထဲသို့ ရောက်ရှိလာခြင်းသည် စတုတ္ထအဆင့်ကို ရောက်ရှိသွားပြီဟု ဆိုလိုနေခြင်းဖြစ်သည်။

ရှုကျိုး၏ အခြေခံအုတ်မြစ်ကြောင့် ထိုအဆင့်သည် အလွန်တရာ လွယ်ကူနေခဲ့သည်။

“ ဖောက် !! “

အမြှေးပါးတစ်ခု ထိုးဖောက်ခံလိုက်ရသကဲ့သို့ သွေးကြောမှတ် လျှို့ဝှက်စွမ်းအားသည် ကလီစာငါးခု၏ ဟင်းလင်းပြင်ထဲသို့ ဝင်ရောက်လာခဲ့သည်။

ဝုန်းးးးး !!!

ကလီစာငါးခုနှင့် ထိတွေ့မိသောအခါတွင် လျှို့ဝှက်စွမ်းအားသည် ဆိုဒီယမ်သတ္တုစပ်က ရေနှင့်တိုက်မိသကဲ့သို့ ပြင်းထန်စွာ တုံ့ပြန်လာခဲ့သည်။

( ဆိုဒီယမ်သတ္ထုစပ်က ရေနဲ့ထိရင် မီးပွားလေးတွေ ပန်းထွက်ပြီး မီးတောက်ဖြစ်လာပါတယ်၊ ပြီးတော့ မီးရှူးမီးပန်းလို ပေါက်ကွဲသွားပါတယ် )

၎င်းသည် သူ့ခန္ဓာကိုယ်ထဲတွင် နျူကလီးယား ဗုံးတစ်လုံး ပေါက်ကွဲသွားသည်နှင့် တူညီနေခဲ့ပြီး၊ ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအင်လှိုင်းတစ်ခုသည် ကောင်းကင်ထက်သို့ ထောင်တက်သွားတော့သည်။

သို့သော် အဆိုပါ စွမ်းအင်ထံတွင် မည်သည့် အဖျက်စွမ်းအားမှ ပါဝင်မနေခဲ့ပေ၊ ၎င်းသည် အဆုံးမဲ့ အသက်စွမ်းအားများကို သယ်ဆောင်ထားခဲ့ပြီး၊ ကလီစာငါးခုကို တိုးတက်ပြောင်းလဲစေကာ၊ ၎င်းတို့၏ တံခါးပေါက်များကို ပွင့်ဟလာစေကာ လျှို့ဝှက်စွမ်းအားများကို လျှံထွက်လာစေခဲ့သည်။

စတုတ္ထအဆင့်သည် ကလီစာငါးခုကို ကျင့်ကြံရခြင်းဖြစ်သည်။

ကလီစာငါးခု၏ လျှို့ဝှက်စွမ်းအားသည် လူသားတို့၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် အဖိုးအတန်ဆုံးသော ရတနာတစ်ပါးဖြစ်သည်။

နတ်သိုင်းဌာနမှ သိုင်းပညာရှင်များအတွက်မူ စတုတ္ထအဆင့်သို့ ရောက်ရှိရန်အလို့ငှာ ကလီစာငါးခု၏ လျှို့ဝှက်စွမ်းအားကို ဖွင့်လှစ်ကာ ခန္ဓာကိုယ်ကို တိုးတက်သွားအောင် ပြုလုပ်ရမည် ဖြစ်သည်။

သို့ရာတွင် အစစ်အမှန် သိုင်းပညာဌာနမှ ပညာရှင်များကမူ ပထမအဆင့်ကတည်းက နှလုံး၏ လျှို့ဝှက်စွမ်းအားစတင်၍ ထိတွေ့ကြရသည်။

အစစ်အမှန် သိုင်းပညာဌာနမှာ နှလုံးတံခါးပေါက်ကိုသာ ဖွင့်လှစ်ကြသည်။

သို့သော် ရှုကျိုးကမူ တတိယအဆင့်နယ်ပယ်မှာတင် ကလီစာငါးခုစလုံး၏ တံခါးပေါက်များကို ဖွင့်လှစ်ခဲ့သည်။ ၎င်းသည် သမိုင်းတွင် တစ်ကြိမ်တစ်ခါမှ မကြုံတွေ့၊ မကြားဖူးခဲ့ရသော ဖြစ်ရပ်ထူးတစ်ခုဖြစ်သည်။

ယခု၌ စတုတ္ထအဆင့်သို့ ရောက်ရှိခဲ့ပြီဖြစ်သောကြောင့် သူသည် ကလီစာငါးခု လျှို့ဝှက်စွမ်းအား၏ သန့်စင်မှုကို နောက်တစ်ကြိမ် ခံယူခဲ့ရသည်။

ရှုကျိုးခန္ဓာကိုယ်အတွင်းရှိ ဆဲလ်တိုင်း၊ ကြွက်သားတိုင်းနှင့် သွေးကြောတိုင်း သန့်စင်သွားခဲ့သည်။

ရှုကျိုးသည် တိတ်တဆိတ် စောင့်ဆိုင်းနေရင်းဖြင့် သူ့ခန္ဓာကိုယ်အတွင်းရှိ လှုပ်ရှားမှုများ တဖြည်းဖြည်း ငြိမ်ကျသွားသောအခါတွင် မနေနိုင်တော့ ရေရွတ်ပြောဆိုနေတော့သည် “ အဆင့်၄ကို ရောက်လာတဲ့ အချိန်မှာ ကြုံတွေ့ရတဲ့ တိုးတက်မှုက ငါထင်ထားသလောက်လည်း မကောင်းပါလားဟ “

တတိယအဆင့်ကနေ စတုတ္ထအဆင့်ကို ရောက်လာတာလေကွာ၊ ခွန်အားက အနည်းဆုံးအနေနဲ့ အဆပေါင်း ဆယ်နဲ့ချီပြီးတော့ တိုးတက်လာသင့်တယ်လေ၊ မဟုတ်ဘူးလား?

ကြည့်ရတာတော့ အများဆုံးမှ ဆယ်ဆလောက်ပဲ တိုးတက်လာတယ်ထင်တယ်။

ဒါပင်မဲ့ အဲ့တာကလည်း ယုတ္တိရှိပါတယ်လေ။

စတုတ္ထအဆင့်သည် အောက်ပိုင်းသုံးဆင့်နှင့် အလယ်အလတ်သုံးဆင့်၏ ပိုင်းခြားထားသည့် နယ်နိမိတ်မျဥ်းဖြစ်ပြီး၊ ကလီစာငါးခု၏ လျှို့ဝှက်စွမ်းအားသည် ရှုထောင့်ပေါင်းစုံကို ညီတူညီမျှ တိုးတက်သွားစေမည် ဖြစ်သည်။

သို့သော် ရှုကျိုးသည် တတိယအဆင့်တွင် ရှိနေခဲ့သည့် အချိန်ကတည်းက ကလီစာငါးခု၏ လျှို့ဝှက်စွမ်းအား၏ မြှင့်တင်ပေးခြင်းကို တစ်ကြိမ်ခံယူခဲ့ရပြီးပြီ ဖြစ်သည်။

ထို့ကြောင့် ယခု စတုတ္ထအဆင့်သို့ ရောက်ရှိသွားချိန်တွင် တိုးတက်မှု သေးငယ်နေရခြင်းမှာ နားလည်၍ ရပေသည်။

မည်သို့ပင်ဆိုစေကာမူ ရှုကျိုး သည် တစ်ခြားသော စတုတ္ထအဆင့် ပညာရှင်များထပ် များစွာသာလွန်အားကောင်းပေသည်။

…

“ အခုအချိန်ကနေစပြီးတော့ ငါက အလယ်အလတ်အဆင့် ပညာရှင်တစ်ယောက် ဖြစ်သွားပြီ “

ရှုကျိုးသည် အပြုံးတစ်ခုဖြင့် မတ်တပ်ထရပ်လာခဲ့သည်။

ခိုင်မာ‌သော အခြေခံအုတ်မြစ်ကြောင့် အလယ်အလတ်နယ်ပယ်ရှိ သူ၏ကျင့်ကြံရေးမှာ လွန်စွာမြန်ဆန်နေမည် ဖြစ်သည်။

ထို့အပြင် ကိုယ်ပွားထံမှ ရောက်ရှိလာမည့် ထောက်ပံ့မှုများလည်း ရှိနေသေးသောကြောင့် သိပ်မကြာခင် အချိန်မှာပင် သူသည် ပဥ္စမအဆင့်သို့ ရောက်ရှိလာမည် ဖြစ်သည်။

“ ဟမ်? “

ထိုစဥ် ရှုကျိုး၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားသည်။

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူသည် စံအိမ်အပြင်ဘက်သို့ ရောက်ရှိလာခဲ့သည်။

စံအိမ် အပြင်ဘက်၌ ပုံရိပ် အများအပြား ရှိနေခဲ့ပြီး၊ ၎င်းတို့ထဲတွင် ဝုချင်းရှန်၊ ရှန့်ဝမ်ချန်းနှင့် လျူချင်းယွမ်တို့ပါ ပါဝင်နေခဲ့သည်။

“ ရှုကျိုး၊ အဆင့်၄ကို ရောက်သွားတဲ့အတွက် ဂုဏ်ယူပါတယ်ကွာ “

ဝုချင်းရှန်သည် ကျေနပ်အားရနေသော အမူအရာဖြင့် အရှေ့သို့ လျှောက်လှမ်းလာခဲ့သည်။

“ ကျောင်းအုပ်ကြီး၊ ဆရာ …… “ ရှုကျိုးမှ လက်သီးဆုပ်၍ အရိုအသေပေးလိုက်သည်။

တစ်ချိန်တည်းမှာပင် သူသည် အနည်းငယ် မိန်းမောသွားခဲ့သည်။

သူ၏အဆင့်တက်ခြင်းမှာ လွန်စွာလွယ်ကူနေခဲ့သောကြောင့် သူသည် အလယ်အလတ် ပညာရှင်များက လူတော်တော်များများ မော်ကြည့်ရသည့် ပညာရှင်ဆိုသည်ကို မေ့လျော့လုမတတ်ဖြစ်သွားခဲ့သည်။

စတုတ္ထအဆင့် ပညာရှင်သည် ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်မှာပင် ထင်ရှားသည့် အင်အားစုတစ်ခုအဖြစ် သတ်မှတ်နိုင်ပေသည်။

စတုတ္ထအဆင့်သို့ ရောက်ရှိသူတိုင်းလိုလိုတွင် Sအဆင့် စွမ်းရည်ပိုင်ဆိုင်ထားတတ်ပြီး၊ Aအဆင့်စွမ်းရည် ပိုင်ရှင်များကမူ လူတစ်ဝက်လောက်ကသာ အဆင့်တက်နိုင်ကြပြီး၊ ကျန်လူများမှာ အောက်ပိုင်းသုံးဆင့်တွင်သာ ပိတ်မိနေလေ့ရှိသည်။

Sအဆင့်ပိုင်ရှင်များက မည်မျှ ရှားပါးလိုက်သနည်း? နှစ်စဥ်နှစ်တိုင်းတွင် လူနှစ်ဆယ်ကျော်ကျော်မျှသာ မြင်တွေ့ရတတ်သည်။

စတုတ္ထအဆင့်သို့ အဆင့်တက်နိုင်ခဲ့ခြင်းမှာ ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်အတွက် ပျော်စရာ အခိုက်အတန့်ဖြစ်သည်။

ရှန့်ဝမ်ချန်းမှာလည်း အပြုံးဖြင့် အရှေ့သို့တက်လာခဲ့သည် “ ငါတို့ အစစ်အမှန် သိုင်းပညာဌာနမှာ အဆင့်၄ကို အရင်ဦးဆုံး ရောက်လာတဲ့လူက ရှုကျိုးဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။ ချင်ဖုန်းပဲဖြစ်လိမ့်မယ်လို့ ထင်နေခဲ့တာ “

လျူချင်းယွမ်မှာလည်း တအံ့တဩဖြင့် ခေါင်းခါရမ်းနေတော့သည် “ အမှန်ပဲ၊ မင်းမရောက်လာခင် အချိန်တုန်းကတော့ ချင်ဖုန်းက ငါတို့ အစစ်အမှန် သိုင်းပညာဌာနရဲ့ ပါရမီရှင်ဖြစ်သည်။ မင်းရောက်လာခဲ့ပြီးတဲ့ နောက်မှာတော့ သူ့ရဲ့ကျော်ကြားမှုတွေက ကျဆင်းသွားတဲ့ပုံပဲ”

သူတို့ဘေးနားရှိ ချင်ဖုန်းကမူ မည်းမှောင်နေသော အမူအရာဖြင့် စကားဝင်ပြောလာခဲ့သည် “ ဆရာ၊ ကျွန်တော်ဒီမှာ ရှိတယ်လေ၊ ဆရာသိရဲ့သားနဲ့ “

သူသည် လျူချင်းယွမ်နှင့် တစ်ခြားလူများ၏ နောက်သို့ အပြေးအလွှား လိုက်လာရင်းဖြင့် ရှုကျိုး၏ အဆင့်တက်မှုအကြောင်းကို ကြားသိလိုက်ရခြင်း ဖြစ်သည်။

လျူချင်းယွမ်မှ မာမာထန်ထန် ပြောလာခဲ့သည် “ ငါပြောတာ မှားနေလို့လား? မင်းက တတိယနှစ်ကျောင်းသားတောင် ဖြစ်နေပြီ၊ ဒါကို အဆင့်၃မှာပဲ ရှိနေသေးတယ်။ ရှုကျိုးကို ကြည့်လိုက်၊ သူဆိုရင် ပထမနှစ်မှာတင် အဆင့်၄ကို ရောက်နေပြီ “

“ ဆရာ၊ ဆရာကလည်း တတိယနှစ်တုန်းက အဆင့်၃မှာပဲ ရှိနေခဲ့တာ မဟုတ်ဘူးလား? “ ချင်ဖုန်းမှ ပြန်လည်ချေပပြောဆိုလာခဲ့သည်။

“ ကောင်စုတ်လေး၊ မင်းက ပြန်အာခံနေရဲတယ်ပေါ့လေ?? “

ထိုလူနှစ်ဦး၏ ရန်ပွဲကို ကြည့်နေရင်းဖြင့် ရှုကျိုးသည် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

ဝုချင်းရှန်သည် ခေါင်းခါ၍ ပြောလာခဲ့သည် “ ရှုကျိုးကတော့ ချွင်းချက်ပဲ။ လူသားတို့ရဲ့ သမိုင်းကြောင်း တစ်ခုလုံးမှာတောင်မှ ဒီလောက်ငယ်ရွယ်တဲ့ အဆင့်၄ ပညာရှင် မရှိခဲ့ဖူးဘူး “

ချင်ဖုန်းသည် ဟိုကြည့်ဒီကြည့်ဖြင့် ချီးမွမ်းလာခဲ့သည် “ ဂျူနီယာလေး၊ အလယ်အလတ်အဆင့် ဆရာကြီးဖြစ်လာတဲ့အတွက် ဂုဏ်ယူပါတယ်ကွာ၊ လူသားမျိုးနွယ်စုတစ်ခုလုံးမှာတောင်မှ အဆင့်၄ပညာရှင်က ၁သိန်းလောက်ပဲ ရှိတယ်ကွ “

တစ်နည်းဆိုရသော် ရှုကျိုး၏ ယခုလက်ရှိ စွမ်းအားသည် သူ့အား ကမ္ဘာ့ထိပ်တန်း ပညာရှင် အယောက်တစ်သိန်းအဆင့်ထဲသို့ ရောက်ရှိသွားစေခဲ့သည်။

သူ၏ တကယ့်စွမ်းအားကမူ ထို့ထပ်ပို၍ မြင့်မားနေမည်သာ ဖြစ်သည်။

ဝုချင်းရှန်မှ စကားထပ်ပြောလာခဲ့သည် “ အလယ်အလတ်အဆင့်ကို ရောက်လာခဲ့ပြီဆိုတော့ မင်းက ရန်ပြည်ထောင် အဖွဲ့ချုပ်မှာ ရာထူးတစ်ခုဝင်ယူလို့ရပြီ။ အခုအချိန်ကနေစပြီးတော့ ဒီကမ္ဘာပေါ်မှာ မင်းအတွက် ဘာတားဆီးမှုမှ ရှိတော့မှာ မဟုတ်ဘူး။ အတွင်းမြို့တော်က ဒေသတွေကတောင် မင်းအတွက် လိုလိုချင်ချင်နဲ့ တံခါးဖွင့်ပေးရလိမ့်မယ် ”

ရှုကျိုးသည် အသာအယာ ခေါင်းငြိမ့်ပြလိုက်သည်။

၎င်းမှာ စွမ်းအားတိုးတက်မှုကြောင့် အဆင့်အတန်း မြင့်မားသွားခြင်းဖြစ်ပြီး၊ သူသည် ကြယ်ပြာဂြိုဟ်ပေါ်တွင် အစွမ်းထက် တည်ရှိမှုတစ်ခု ဖြစ်လာခဲ့ပြီဖြစ်သည်။

အတွင်းမြို့တော်မှ ထိပ်တန်းမိသားစုကြီးများကပင် သူ့အား လိုလိုချင်ချင်ဖြင့် တံခါးဖွင့် ကြိုဆိုနေကြတော့မည် ဖြစ်သည်။

အဓိက နယ်မြေများအတွက်ကမူ ထိုကဲ့သို့ ဖြစ်နေလိမ့်မည် မဟုတ်ပေ။

ထိုအချိန်တွင် ရှန့်ဝမ်ချန်းမှ ရုတ်တရက် စကားပြောလာခဲ့သည် “ ရှုကျိုး၊ ငါတို့က လျူဟိုင်ဖုန်းရဲ့ သတင်းကို ရထားတယ် “

လျူဟိုင်ဖုန်း??

ရှုကျိုး၏ မျက်ဝန်းများ အေးစက်သွားတော့သည်။

………………………………………………………………………………………………………………………………………..

အပိုင်း ( 423 )

နိုင်ငံတော်အဆင့် ဖလှယ်မှုပြိုင်ပွဲ

လျူဟိုင်ဖုန်း၊ လျူဟီ၏ ဖခင်။

ယခင်နှစ်က ရှုကျိုးက သူ့အိမ်သို့ သွားရောက်လည်ပတ်ခဲ့သည့် အချိန်တွင် သူသည် ထိုလူက သူ့အိမ်ထဲသို့ တိတ်တဆိတ် တိုးဝင်လာခဲ့ကာ၊ သူ့မိဘအား ပစ်မှတ်ထားလာခဲ့ဖူးသည်။

ထိုလူ့၏ ခြိမ်းခြောက်မှုကြောင့်ပင် ရှုကျိုးသည် သူ့မိဘများကို ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်၏ မိသားစုနေထိုင်ရာ အရပ်ဆီသို့ ပြောင်းရွှေ့ပေးခဲ့ရသည်။

ယခုတွင် ရှန့်ဝမ်ချန်းက ထိုအကြောင်းကို ပြောလာခဲ့သည့် အချိန်တွင် ရှုကျိုးသည် မနေနိုင်တော့ဘဲ ထိုအချိန်က အရာအားလုံးကို အမှတ်ရသွားခဲ့သည်။

လျူဟီသည် လျူဟိုင်ဖုန်း၏ သားဖြစ်ပြီး၊ လျူဟီက ရှုကျိုး၏ လက်ထဲတွင် သေခဲ့ရသောကြောင့် လျူဟိုင်ဖုန်းသည် သေချာပေါက် လက်စားချေလာမည် ဖြစ်သည်။

ရှုကျိုးသည် ရှန့်ဝမ်ချန်းကို ကြည့်ကာ မေးမြန်းလိုက်သည် “ ဘာသတင်းတွေလဲဗျ? “

ရှန့်ဝမ်ချန်းမှ ပြောပြလာခဲ့သည် “ လျူဟိုင်ဖုန်းက နောက်ဆယ်ရက်အတွင်းမှာ ကျင်းပမဲ့ နိုင်ငံတော်အဆင့် ဖလှယ်မှုပြိုင်ပွဲမှာ ဝင်ပါဖို့ စာရင်းသွင်းထားတယ်လို့ ငါတို့ကြားခဲ့ရတယ် “

“ နိုင်ငံတော်အဆင့် ဖလှယ်မှုပြိုင်ပွဲလား? “

ရှုကျိုးသည် အနည်းငယ် အံ့ဩသွားခဲ့သည်။

သူ့ဘေးနားရှိ လျူချင်းယွမ်မှ စကားဝင်ပြောလာခဲ့သည် “ နိုင်ငံတော်အဆင့် ပြိုင်ပွဲက အဆင့်၄ ပညာရှင်တွေအတွက် လုပ်ပေးတဲ့ ပြိုင်ပွဲတစ်ခုပဲ၊ အဲ့တာကို ရန်ပြည်ထောင်အဖွဲ့ချုပ်ရဲ့ အဆင့်မြင့် အရာရှိတွေက လုပ်ပေးတာ “

“ တကယ်လို့ တစ်ယောက်ယောက်က ပြိုင်ပွဲရဲ့ ထိပ်ဆုံး ၅ယောက်စာရင်းထဲကို ဝင်နိုင်ခဲ့မယ်ဆိုရင်၊ သူတို့က ရန်ပြည်ထောင်ရဲ့ ထိပ်သီးပညာရှင်ဆိုတဲ့ ဂုဏ်ပုဒ်ကို ရလိမ့်မယ်။ အဲ့ဒီဂုဏ်ပုဒ်နဲ့ဆိုရင် လူတစ်ယောက်ရဲ့ အဆင့်အတန်းက ပိုပြီးတော့ မြင့်မားလိမ့်မယ် “

ရှန့်ဝမ်ချန်းမှ ထပ်ပြောလာခဲ့သည် “ လျူဟိုင်ဖုန်း ဒီပြိုင်ပွဲမှာ ဝင်ပြိုင်ရတဲ့ အကြောင်းအရင်းက ရန်ပြည်ထောင်ရဲ့ ထိပ်သီးပညာရှင်ဆိုတဲ့ ဂုဏ်ပုဒ်ကို လိုချင်လို့ထင်တယ် “

ရှုကျိုးမှ တွေးတောစဥ်းစားနေတော့သည်။

သူသိထားသည်မှာ လျူဟိုင်ဖုန်းက လျူမိသားစု၏ တိုက်ရိုက်မျိုးဆက် မဟုတ်ဘဲ၊ အဆင့်အတန်းနိမ့်သည့် မျိုးဆက်ခွဲ အဖွဲ့ဝင်တစ်ဦးသာဖြစ်သည် ဆိုသည်ကို သိနေခဲ့သည်။

ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက သူသည် လျူဟီအတွက် သူကိုယ်တိုင် လက်စားလာချေမည် ဖြစ်သည်။

ထို့ကြောင့် လျူဟိုင်ဖုန်းက သူ၏ အဆင့်အတန်းကို မြှင့်တင်ရန်အတွက် ရန်ပြည်ထောင် ထိပ်သီးပညာရှင် ဂုဏ်ပုဒ်ကို ရရှိရန် ကြိုးပမ်းခြင်းမှာ ပုံမှန်သာဖြစ်သည်။

ရှုကျိုး၏ မျက်လုံးများ အနည်းငယ် လှုပ်ခတ်သွားကာ ရုတ်တရက် မေးမြန်းလာခဲ့သည် “ ဌာနမှူး၊ ကျွန်တော်ကရော အဲ့ပြိုင်ပွဲကို ဝင်ပြိုင်လို့ရလား? “

ရှန့်ဝမ်ချန်းသည် တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ကာ ခေါင်းငြိမ့်၍ ပြောလာခဲ့သည် “ မင်းက အဆင့်၄ကို ရောက်နေပြီဆိုတော့၊ သေချာပေါက် ဝင်ပြိုင်လို့ရတယ် “

“ အဲ့လိုပြိုင်ပွဲမျိုးမှာ သတ်ဖြတ်တာကို ခွင့်ပြုထားလားဗျ? “

“ ဘယ်ပြိုင်ပွဲမှာပဲဖြစ်ဖြစ်၊ လက်နက်တွေမှာက မျက်လုံးတွေ မရှိတဲ့အတွက် သေဆုံးမှုနှုန်းတွေ အမြဲရှိတယ် “ ရှန့်ဝမ်ချန်းမှ ပြောလာခဲ့သည် “ ဒါပင်မဲ့ နိုင်ငံတော် ပြိုင်ပွဲမှာက အစွမ်းထက် ပုဂ္ဂိုလ်ကြီးလည်း ရှိနေကြမှာ။ သူတို့ဝင်ပါမလာခင်မှာ မြန်မြန်ဆန်ဆန် သတ်နိုင်မယ်ဆိုရင်တော့၊ သေချာပေါက်ရတယ် “

ရှုကျိုးမှ အသာအယာ ခေါင်းငြိမ့်ပြလာခဲ့ပြီး၊ ချက်ချင်းပြောလာခဲ့သည် “ အဲ့တာဆိုရင် ကျွန်တော်လည်း ဝင်ပြိုင်တယ်လေ “

ရှန့်ဝမ်ချန်းသည် မည်သည့်စကားမှ ထပ်မပြောလာတော့ပေ၊ သို့သော် သူ့အား သတိပေးလာခဲ့သည် “ လျူဟိုင်ဖုန်းက လျူမိသားစုရဲ့ အဆင့်နိမ့်အဖွဲ့ဝင်တစ်ဦးဖြစ်နေပင်မဲ့၊ သူက အဆင့်၄ အထွတ်အထိပ်မှာ ရှိနေတာ တော်တော်ကြာပြီ၊ သူ့ရဲ့ စွမ်းအားက တော်တော်လေးကို ကောင်းတယ် “

“ ပြီးခဲ့တဲ့ပြိုင်ပွဲတုန်းက သူက နံပါတ်၆နေရာအထိ ရောက်ခဲ့တယ်၊ အဲ့တာကြောင့် သူ့ကို လျှော့တွက်ထားလို့ မရဘူး “

ရှန့်ဝမ်ချန်းမှ လေးလေးနက်နက် ပြောလာခဲ့သည် “ ဒီနိုင်ငံတော်ပြိုင်ပွဲမှာ ဝင်ပြိုင်တဲ့ ပြိုင်ပွဲဝင်တွေ အကုန်လုံးက အဆင့်၄ အထွတ်အထိပ်အဆင့်က ပညာရှင်တွေချည်းပဲ၊ မင်းက သေချာဂရုစိုက်မှ ဖြစ်မယ် “

ထိုစကားကို ကြားလိုက်ရသောအခါတွင် ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည် “ ကျွန်တော်နားလည်ပါတယ်၊ သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ဌာနမှူး “

ရှန့်ဝမ်ချန်းမှ ဆက်ပြောလာခဲ့သည် “ မင်းက ပြိုင်ပွဲမှာ ပါဖို့ ဆုံးဖြတ်ခဲ့ပြီးပြီဆိုတော့ မင်းရဲ့ ပစ္စည်းတွေကို အဆင့်မြှင့်ဖို့ အချိန်ကျပြီ “

ထိုစကားကို ကြားလိုက်ရသောအခါတွင် ရှုကျိုးသည် သူ၏ကိုယ်ပိုင်လက်နက်များကို ငေးကြည့်ကာ အသာအယာ ရယ်မောနေတော့သည်။

သူ၏ တိုက်ခိုက်ရေး ချပ်ဝတ်တန်ဆာနှင့် ဖိနပ်များသည် ဒုတိယအဆင့် ပညာရှင်အဆင့်တွင်သာ ရှိနေခဲ့သည်။

ယခုတွင် သူက စတုတ္ထအဆင့် ပညာရှင်တစ်ဦး ဖြစ်သွားပြီဖြစ်သောကြောင့် ၎င်းတို့ကို အဆင့်မြှင့်တင်ခြင်း(သို့) လဲလှယ်ခြင်းတို့ ပြုလုပ်ရတော့မည် ဖြစ်သည်။

သို့ရာတွင် ၎င်းက သူ၏အမှားဟု သတ်မှတ်၍လည်း မရပေ။ သူက သုံးလအတွင်းမှာပင် နှောင်းပိုင်း တတိယအဆင့်မှ စတုတ္ထအဆင့်သို့ ရောက်ရှိသွားလိမ့်မည်ဟု မည်သူကထင်မှတ်ထားမည်နည်း?

ရှုကျိုးကိုယ်တိုင်ကပင် သူက စတုတ္ထအဆင့်သို့ ရောက်ရှိရန်အတွက် အနည်းဆုံးအနေဖြင့် နှစ်ဝက်မျှ အချိန်ယူရမည်ဟု ထင်နေခဲ့ခြင်းဖြစ်သည်။

မမျှော်လင့်ထားစွာဖြင့် သူ၏ကိုယ်ပွားသည် အံ့ဖွယ်ကောင်းသည့် တိုးတက်မှုများကို ယူဆောင်ပေးလာခဲ့သည်။

…

တစ်ခဏအတွင်းမှာပင် ရှုကျိုးသည် ဝန်ဆောင်မှု ခန်းမဆီသို့ ရောက်ရှိလာခဲ့သည်။

ဝန်ဆောင်မှု ခန်းမ၏ တာဝန်ခံမှ သူ၏အသိမိတ်ဆွေဟောင်း ဝူဟွေ့သာ ဖြစ်နေစဲပင်။

“ ဆရာ၊ တိုက်ခိုက်ရေး ချပ်ဝတ်တန်ဆာတွေ ပြပေးပါဦး “ ဟုရှုကျိုးမှပြောလိုက်သည်။

ဝူဟွေ့သည် ခေါင်းငြိမ့်ပြလာခဲ့ကာ ရရှိနိုင်သည့် ပစ္စည်းများကို ဖန်သားပြင်ပေါ်သို့ ပို့ကာ ပြသလာခဲ့သည်။

ရှုကျိုးသည် တစ်ခဏခန့် စစ်ဆေးကြည့်ရှုနေခဲ့ပြီး၊ ဝူဟွေ့ကို တိုက်ရိုက်မေးမြန်းရန်သာ ဆုံးဖြတ်လိုက်သည် “ ဘယ်တိုက်ခိုက်ရေး ချပ်ဝတ်တန်ဆာတွေက အဆင့်၄ ပညာရှင်တွေအတွက် သင့်တော်လဲဗျ? “

“ မင်းက အဆင့်၄ကို ရောက်နေပြီလား? “

ဝူဟွေ့၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်၊ သို့သော် တစ်ခဏအတွင်းမှာပင် သူ၏ တည်ငြိမ်မှုကို ပြန်လည်ရရှိသွားခဲ့သည်။

ရှုကျိုးမှ ယူဆောင်ပေးလာခဲ့သည့် အံ့ဩဖွယ်ရာများက အလွန်များပြားနေသောကြောင့် သူနေသားကျနေခဲ့ပြီ ဖြစ်သည်။

၎င်းတို့နှင့် ယှဥ်လိုက်မည်ဆိုပါက စတုတ္ထအဆင့်သို့ ရောက်ရှိသွားခြင်းမှာ ကိစ္စကြီးတစ်ခု ဟုတ်မနေခဲ့ပေ။

ဝူဟွေ့မှ ချောင်းဟန့်၍ ပြောလာခဲ့သည် “ အဆင့်၄ ပညာရှင်တွေက Bအဆင့် တိုက်ခိုက်ရေး ချပ်ဝတ်တန်ဆာကို သုံးကြတယ်၊ အဆင့်၅ ပညာရှင်တွေကတော့ Aအဆင့် ချပ်ဝတ်တန်ဆာကို သုံးကြတယ်။ တိုက်ခိုက်ရေး ဖိနပ်တွေကလည်း အဲ့လိုပဲ “

ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်ပြီး၊ ဈေးနှုန်းများကို ကြည့်ရှုရန်အတွက် သက်ဆိုင်ရာ စာမျက်နှာများကို ဖွင့်ကြည့်လိုက်သည်။

Bအဆင့် ၁၀၀အမျိုးအစား တိုက်ခိုက်ရေး ချပ်ဝတ်တန်ဆာ : အကျိုးပြုအမှတ် ၁၀၀၀

Bအဆင့် ၂၀၀အမျိုးအစား တိုက်ခိုက်ရေး ချပ်ဝတ်တန်ဆာ : အကျိုးပြုအမှတ် ၂၀၀၀

…

Aအဆင့် ၁၀၀အမျိုးအစား တိုက်ခိုက်ရေး ချပ်ဝတ်တန်ဆာ : အကျိုးပြုအမှတ် ၁၀၀၀၀

ရှုကျိုးသည် ခေါင်းမော့ကာ မေးမြန်းလာခဲ့သည် “ Aနဲ့ Bကြားက ကွာဟချက်က ဘယ်လောက်ကြီးလဲဗျ? “

ဝူဟွေ့မှ ရှင်းပြလာခဲ့သည် “ Aအဆင့် ချပ်ဝတ်တန်ဆာက နတ်စွမ်းရည်တွေကို ခုခံနိုင်တယ်၊ Bအဆင့်က အဲ့လိုမလုပ်နိုင်ဘူး၊ ပြီးတော့ တိုက်ခိုက်ရေးစွမ်းအားကိုလည်း ၃၀%အထိ မြှင့်တင်ပေးနိုင်တယ်”

ရှုကျိုး၏ မျက်လုံးများ တောက်ပသွားတော့သည်၊ ကြည့်ရတာတော့ Aအဆင့် ချပ်ဝတ်တန်ဆာက ငါနဲ့ပိုသင့်တော်မဲ့ပုံပဲ။

ထိုအချိန်တွင် ဝူဟွေ့မှ ဖြည့်စွက်ပြောပြလာခဲ့သည် “ ဒါပင်မဲ့ Aအဆင့် ချပ်ဝတ်တန်ဆာကို အသက်သွင်းဖို့က ချီ-သွေး ပမာဏများများစားစား လိုအပ်တယ်၊ တကယ်လို့ မင်းရဲ့ ချီ-သွေးထောက်ပံ့မှုက မလုံလောက်ဘူးဆိုရင် အဲ့တာရဲ့ ထိရောက်မှုက Bအဆင့် ချပ်ဝတ်တန်ဆာထပ်တောင် ပိုဆိုးနေလိမ့်မယ် “

ရှုကျိုးသည် အသာအယာ ခေါင်းငြိမ့်ပြ၍ ဆုံးဖြတ်ချက်ချလိုက်သည် ” ကျွန်တော်က Aအဆင့် ချပ်ဝတ်တန်ဆာကို ယူပါမယ် “

သူက ပဥ္စမအဆင့်သို့ မရောက်ရှိသေးသော်လည်း၊ အင်မော်တယ်စွမ်းရည်ကို ပိုင်ဆိုင်ထားသောကြောင့် ချီ-သွေး ထောက်ပံ့မှု ပြဿနာကို စိုးရိမ်ပူပန်နေစရာ လိုမည် မဟုတ်ပေ။

ထို့နောက်တွင် ရှုကျိုးသည် ဖန်သားပြင်ကို ထပ်မံ၍ ကြည့်ရှုစစ်ဆေးနေပြန်သည်၊ သူသည် တိုက်ခိုက်ရေး ဖိနပ်များကို ဝယ်ယူရန် စီစဥ်ထားခဲ့သည်။

“ Aအဆင့် တိုက်ခိုက်ရေး ဖိနပ်က မြန်နှုန်းကို ဘယ်လောက်လောက် တိုးတက်သွားစေနိုင်လဲဗျ? “ ဟုရှုကျိုးမှ မေးမြန်းလိုက်သည်။

ဝူဟွေ့မှ ပြန်ပြောလာခဲ့သည် “ အမြန်နှုန်းနဲ့ သွက်လက်မှုကို ၅၀%အထိ တိုးတက်လာစေလိမ့်မယ် “

“ Bအဆင့်ကရောဗျ? “

“ Bအဆင့်က အများဆုံးမှ ၃၀%လောက်ပဲ မြှင့်တင်ပေးနိုင်လိမ့်မယ် “

“ အဲ့လောက်တောင် နည်းတာလား? “ ရှုကျိုးမျက်မှောင်ကြုတ်သွားတော့သည် “ Eအဆင့် ဖိနပ်တွေကတောင် ၂၀%ကနေ ၃၀%အထိ မြှင့်တင်ပေးနိုင်တယ်လေ “

“ Eအဆင့်ဟာတွေက အဆင့်၁နယ်ပယ်အတွက်ပဲလေ၊ အဆင့်၁ရဲ့ အမြန်နှုန်းက အဆင့်၄ကို ယှဥ်နိုင်မှာမို့လို့လား? အဆင့်၄ ပညာရှင်တစ်ယောက်ရဲ့ အမြန်နှုန်းက အသံထပ်တောင် ပိုမြန်သေးတယ်။ ၁၀% တိုးလာရင်တောင် တော်တော်လေးကို သိသာနေပြီ “

ရှုကျိုးသည် နားလည်သဘောပေါက်သွားခဲ့သည်။

ထို့နောက်တွင် သူသည် စကားထပ်ပြောလာခဲ့သည် “ ဒါဆိုရင် ကျွန်တော့်ကို Aအဆင့် တိုက်ခိုက်ရေး ချပ်ဝတ်တန်ဆာနဲ့ ဖိနပ်တွေ ပေးပါ ”

“ လက်နက်မယူတော့လား? “

“ ရပါတယ် “ ရှုကျိုးမှ ခေါင်းခါပြလိုက်သည်။ သူ့ထံတွင် နတ်လက်နက်ဖြစ်သည့် နဂါးမီးလျှံ ဆေဘာရှိနေပြီးသား ဖြစ်သည်။

နတ်လက်နက်တစ်ခု၏ စွမ်းအားသည် Aအဆင့် လက်နက်တစ်ခုပင် သာလွန်အားကောင်းနေမည်သာ ဖြစ်သည်။

All Chapters