အခန်း (၄၃၀-၄၃၂)
Vol. 29 Ch. 430-432
အပိုင်း ( 430 )
ကံကောင်းခဲ့တာပါ ၂
“ ဝုန်းးး !!! “
အဝါရောင် ဓားအလင်းတန်းနှင့် နှင်းဖြူရောင် ဆေဘာအလင်းတန်းတို့ တိုက်မိသွားကြသည်။
ကွင်းပြင်တစ်ခုလုံး ကြမ်းကြမ်းတမ်းတမ်း လှုပ်ခါသွားခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းသည့် လှိုင်းလုံးတစ်ခု ဖုံးလွှမ်းလာခဲ့သည်။
တာဝါထိပ်ရှိ အဌမအဆင့် ပညာရှင်၊ ချန်ကျူးဟဲ့မှ သူ၏လက်ကို ဝေ့ယမ်းလာခဲ့ရာ ချီ-သွေးအကာအရံတစ်ခု ပေါ်လာခဲ့ပြီး၊ ထိုစွမ်းအင်လှိုင်းလုံးက ပရိတ်သတ်များထံသို့ ရောက်ရှိသွားမှာကို တားဆီးလိုက်သည်။
စင်မြင့်ထက်၌
မြေဝါရောင် ဓားအလင်းတန်းနှင့် နှင်းဖြူရောင် ဓားအလင်းတန်းတို့သည် တစ်ပြိုင်နက် ပျောက်ကွယ်သွားခဲ့သည်။
ဟဲ့ချောင်ချွမ်း၏ ခန္ဓာကိုယ်သည် အနည်းငယ် တုန်ရင်သွားခဲ့ပြီး၊ သူ၏ မျက်လုံးများထဲတွင် တအံ့တဩဖြစ်နေသည့် အရိပ်အငွေ့များ ဖြစ်တည်နေခဲ့သည် “ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? လက်ကို ဓားအဖြစ်သုံးပြီးတော့ ပေါ့ပေါ့ပါးပါး လွှဲရမ်းလိုက်တဲ့ ဓားချက်က ငါ့ရဲ့တိုက်ကွက်နဲ့ လက်ရည်ညီနေတယ်ပေါ့ !! “
သူသည် ယခင်က ရှုကျိုး ပြသခဲ့သည့် စွမ်းအားများက နတ်လက်နက်၏ ထောက်ပံ့ပေးမှုကြောင့်သာ ဖြစ်နေမည်ဟု ထင်နေခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခု၌ ရှုကျိုးသည် နတ်လက်နက်ကိုပင် အသုံးမပြုဘဲ ထိုကဲ့သို့သော စွမ်းအားမျိုးကို ထပ်မံ၍ ထုတ်ဖော်ပြသခဲ့ပြန်သည်။
အရေးအကြီးဆုံးအရာမှာ သူ၏လက်ကို ဓားအဖြစ် အသုံးပြုခဲ့ခြင်းက ရှုကျိုးဓားနည်းစနစ်မှာ လူနှင့်ဓား တစ်သားတည်းဖြစ်နေသည့် နယ်ပယ်သို့ ရောက်ရှိနေပြီဟု မီးမောင်းထိုးပြနေခြင်းပင် ဖြစ်သည်။
တစ်နည်းဆိုရသော် ရှုကျိုး၏ ဓားနည်းစနစ်များက ဓားတစ်ခုတည်းအဖြစ်သာ ကန့်သတ်မထားဘဲ၊ မြက်ပင်သော်လည်းကောင်း၊ ဆံပင်သော်လည်းကောင်း (သို့) သဲတစ်မှုန်ပင် ဖြစ်စေကာမူ ကမ္ဘာမြေတုန်လှုပ်သွားစေနိုင်သည့် ဓားနည်းစနစ်အဖြစ် ပြောင်းလဲသွားမည် ဖြစ်သည်။
“ မဖြစ်နိုင်ဘူး၊ သူက ဆယ်ကျော်သက်လေးတစ်ယောက်ပဲလေ “
သူအမြဲတစေလိုချင်နေသည့် အရာကို လူငယ်လေးတစ်ဦးထံတွင် မြင်တွေ့ခဲ့ရသည့်အတွက် ဟဲ့ချောင်ချွမ်း၏ ယုံကြည်ချက်သည် အနည်းငယ် ပြိုကွဲသွားခဲ့သည်၊ ။
“ လူအိုကြီး၊ ခင်ဗျားရဲ့ စိတ်တွေက ဂယောက်ဂယက်ဖြစ်နေပြီ “
ရှုကျိုးသည် ပေါ့ပေါ့ပါးပါး ပြုံးနေခဲ့သည်၊ သို့သော် သူ၏လုပ်ရပ်များမှာ ပြတ်သားနေခဲ့သည်၊ လျှပ်စီးကဲ့သို့သော ဓားအလင်းတန်းသည် ဟဲ့ချောင်ချွမ်းကို ခုတ်ပိုင်းသွားခဲ့သည်။
သူသည် သူ၏လက်ချောင်းများကို ဓားသွားအဖြစ်၊ လက်ကို ဓားအဖြစ် အသုံးပြုနေစဲပင် ဖြစ်သည်။
သို့သော် အဆိုပါ ခုတ်ချက်သည် အစစ်အမှန် နတ်လက်နက်၏ ခုတ်ပိုင်းမှုထပ် မည်သို့မျှ နိမ့်ကျမနေခဲ့ပေ၊ ၎င်း၏ စွမ်းအားကပင် ပို၍ ကြီးမားနေခဲ့ပြီး၊ လေပြင်းများကိုပင် နှိုးဆွနေခဲ့သည်။
ဘုမ်းးး !!!
ဟဲ့ချောင်ခွမ်းသည် သူ၏ဓားကို လွှဲရမ်းကာ တားဆီးပိတ်ဆို့လိုက်သည်၊ သို့သော် ချက်ချင်း လွင့်ထွက်သွားခဲ့ပြီး၊ ခြေလှမ်းပေါင်းများစွာ နောက်ဆုတ်သွားခဲ့ရပြီးမှ တည်ငြိမ်သွားခဲ့သည်။
ရှုကျိုးသည် ဆက်၍ တိုက်ခိုက်လာခဲ့သည်၊ ဓားချက်တစ်ခုချင်းစီတိုင်းသည် နောက်ဆုံးတစ်ကြိမ်ကထပ် ပိုမိုအားကောင်းနေခဲ့ပြီး၊ စက္ကန့်ပိုင်းအတွင်းမှာပင် အကွက်ပေါင်း ဒါဇင်နှင့်ချီ၍ ဖလှယ်ခဲ့တာက ဟဲ့ချောင်ချွမ်းကို ဆက်တိုက်နောက်ဆုတ်သွားစေခဲ့သည်။
“ မဖြစ်နိုင်ဘူး !! ရှုကျိုးက နတ်လက်နက်ကိုတောင် မသုံးဘဲနဲ့ ဟဲ့ချောင်ချွမ်းကို ဖိနှိပ်နေနိုင်တာလား? “
“ ဟဲ့ချောင်ချွမ်းရဲ့ စိတ်ဓာတ်က လုံးဝပြိုကွဲနေပြီ၊ လက်ကို ဓားအဖြစ် သုံးတာက တော်တော်ကြီးကို တုန်လှုပ်ဖို့ကောင်းတယ် “
“ အမှန်ပဲ၊ လူနဲ့ဓား တစ်သားတည်း ဖြစ်သွားတာက အဆင့်မြင့် ပညာရှင် တော်တော်များများက ကျွမ်းကျင်တဲ့ အရာမျိုးလေ၊ ဒါပင်မဲ့ ဆယ်ကျော်သက်အရွယ်ပဲရှိတဲ့ အဆင့်၄ ပညာရှင်တစ်ယောက်က အဲ့တာကို အောင်မြင်အောင် လုပ်ထားတာလား?? တကယ့်ဖြစ်ရပ်ထူးပဲ “
“ တိုက်ပွဲက အဖြေပေါ်နေခဲ့ပြီးပြီ၊ ဟဲ့ချောင်ချွမ်းက မရတော့ဘူး၊ သူ့စိတ်ဓာတ်က လုံးဝပြိုကွဲနေပြီ “
ထိုအခိုက်အတန့်တွင် လူတိုင်းတိတ်ဆိတ် ငြိမ်သက်သွားခဲ့သည်။
ယခင်က ရှုကျိုးက နတ်လက်နက်ကြောင့်သာ အစွမ်းထက်နေသည်ဟု သံသယဝင်နေခဲ့သည့် လူများသည် စကားမပြောနိုင် ဖြစ်သွားခဲ့သည်။
အဘယ့်ကြောင့်ဆိုသော် ထိုအချိန်တွင် ရှုကျိုးသည် လက်ဗလာဖြင့် ကောင်းကင်ပေါ်က ဆင်းသက်လာသည့် နတ်ဘုရားတစ်ပါးနှင့် တူညီနေသောကြောင့် ဖြစ်သည်။
သူသည် အလွန်တရာထက်မြက်သည့် ဓားအလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပုံရပြီး၊ ရပ်တန့်၍ မရသော အရှိန်အဟုန်ဖြင့် ကွင်းပြင်ကို လွှမ်းမိုးထားခဲ့သည်။
မိနစ်ပေါင်းများစွာ ကုန်ဆုံးခဲ့ပြီးသည့်နောက်တွင်
ဟဲ့ချောင်ချွမ်းသည် မည်သို့မှ တောင့်မခံနိုင်တော့ပေ၊ ရှုကျိုး၏ ဓားသည် သူ၏ရင်ဘတ်ကို ထိုးဖောက်သွားခဲ့သည်။
“ ဖူးးး “
သူသည် နောက်သို့ လွင့်ထွက်သွားကာ ပါးစပ်အပြည့် သွေးတစ်လုပ် အန်လိုက်ရပြီး၊ မြေပြင်ပေါ်သို့ လဲပြိုသွားတော့သည်။
ရှုကျိုးသည် ဆီမီးဖိုင်နယ်အဆင့်သို့ အောင်မြင်စွာ တက်လှမ်းသွားခဲ့သည်။
…
ပြိုင်ကွင်းအတွင်း၌ ဟဲ့ချောင်ချွမ်း၏ မျက်နှာသည် နီရဲနေခဲ့ကာ၊ သူ၏ စိတ်အခြေအနေမှာလည်း အလွန်တရာ လှုပ်ခတ်နေခဲ့သည်။
အရိုးသားဆုံးပြောရမည်ဆိုပါက သူသည် ဤမျှအထိ ဆိုးဆိုးရွားရွား ရှုံးနိမ့်သွားရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သို့သော် ထိုကဲ့သို့ဖြစ်နေရခြင်းမှာ ရှုကျိုး၏ ဓားနှင့်လူတစ်သားတည်း ဖြစ်နေခြင်းက အလွန်အံ့ဩတုန်လှုပ်ဖွယ် ကောင်းနေသောကြောင့် ဖြစ်သည်။
ရှုကျိုးသည် ကွင်းပြင်ထဲသို့ ဆင်းလာခဲ့ကာ၊ ဟဲ့ချောင်ချွမ်းကို ကူညီထူမပေးလိုက်ပြီး၊ အပြုံးဖြင့် စကားပြောလိုက်သည် “ လူအိုကြီး၊ ဒီနေ့ ဒီဂျူနီယာရဲ့ အောင်ပွဲက နည်းနည်းလေးတော့ အားကစားစိတ်ဓာတ် မရှိခဲ့ဘူး “
သူသည် လက်ကို ဓားအဖြစ် အသုံးပြုကာ ပြိုင်ဘက်၏ စိတ်ပိုင်းဆိုင်ရာ ခံစစ်အကုန်လုံးကို ရိုက်ချိုးသွားခဲ့သည်၊ ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက သူသည် ဤမျှ အလွယ်တကူ အနိုင်ခဲ့ရမည် မဟုတ်ပေ။
ထိုစကားကို ကြားလိုက်ရသောအခါတွင် ဟဲ့ချောင်ချွမ်းသည် တအံ့တဩဖြစ်သွားခဲ့သည်။
လူငယ်ပါရမီရှင်များသည် အမြဲလိုလို မောက်မာလေ့ရှိကြသည်၊ သို့သော် ရှုကျိုးကဲ့သို့သော လူငယ်တစ်ဦးကား ယခုမှသာ မြင်တွေ့ဖူးခြင်းဖြစ်သည်။
သို့ရာတွင် ထိုစကားကို ကြားခဲ့ရပြီးသည့်နောက်တွင် သူ၏စိတ်အခြေအနေသည် အတော်အတန် သက်သာရာရသွားခဲ့သည် “ မင်းမသုံးရသေးတဲ့ နည်းလမ်းတွေ အများကြီး ရှိနေသေးတယ်ဆိုတာကို ငါသိပါတယ်။ တကယ်တော့ ငါ့စိတ်ဓာတ်က ပြိုကွဲသွားတာပါ “
“ အရိုးသားဆုံးပြောရမယ်ဆိုရင် အဲ့တာက တော်တော်လေး ရှက်ဖို့ကောင်းတယ်၊ အသက် ၁၂၀ဖြစ်နေတာတောင် စိတ်မတည်ငြိမ်သေးဘူး “
ဟဲ့ချောင်ချွမ်းသည် သူ့ကိုယ်သူ လှောင်ပြောင်ရယ်မောနေခဲ့သည်။
ရှုကျိုးသည် လူများက အသက်ပိုကြီးလေလေ၊ ခေါင်းပိုမာလေလေ ဆိုသည်ကို သိနေသောကြောင့် အသာအယာ ခေါင်းခါရမ်းနေတော့သည်၊ လူများသည် သူတို့စိတ်ကူးစိတ်သန်းများထပ် ကျော်လွန်နေသည့် အရာများနှင့် ရင်ဆိုင်ရသောအခါတွင် အလွယ်တကူ ပြိုလဲသွားလေ့ရှိသည်။
သို့သော် ရှုကျိုး၏ နှစ်သိမ့်စကားများကို ကြားခဲ့ရပြီးသည့်နောက်တွင် ဟဲ့ချောင်ချွမ်းသည် သူ့ကို လုံးဝ လေးစားသွားခဲ့သည်။
ဟဲ့ချောင်ချွမ်းသည် ရှုကျိုးကိုကြည့်ကာ သက်ပြင်းချနေတော့သည် “ ဒီလောက်အသက်ကလေးနဲ့ ဒီလိုခွန်အားနဲ့ ဒီလို စွမ်းရည်မျိုးကို ပိုင်ဆိုင်ထားတယ် …… အရေးအကြီးဆုံးကတော့ ဒီလိုစိတ်နေစိတ်ထားမျိုး ရှိနေတာပဲ။ ဒါက ရန်ပြည်ထောင်၊ ကြယ်ပြာဂြိုဟ်နဲ့ လူသားမျိုးနွယ်စုရဲ့ ကောင်းချီးပဲ “
…
လျူချင်းယွမ်သည် ရှုကျိုးပြန်ရောက်လာသည်ကို မြင်လိုက်ရသောအခါတွင် မအောင့်ထားနိုင်တော့ဘဲ အပြုံးဖြင့် ချီးကျူးလာခဲ့သည် “ ရက်ပိုင်းလေးပဲ ရှိသေးတယ်၊ မင်းက ဓားနဲ့လူသား ပေါင်းစပ်တာကို ဒီလိုအဆင့်မျိုးအထိတောင် ကျွမ်းကျင်နေပြီ၊ ငါကတောင် မင်းကို အထင်သေးခဲ့မိတာပဲ “
ဓားနှင့် လူသား ပေါင်းစည်းခြင်းမှာလည်း အဆင့်များ ရှိနေခဲ့သည်။
တုတ်ချောင်းကို ဓားအဖြစ် သုံးခြင်း၊ လက်ကို ဓားအဖြစ် သုံးခြင်း၊ အမွှေးအမျှင်များကို ဓားအဖြစ် သုံးခြင်း၊ အရာအားလုံးကို ဓားအဖြစ် သုံးခြင်းတို့ပင် ဖြစ်သည်။
( တတိယတစ်ခုကို မူရင်းမှာ ရေးထားတာက willow-fluffပါ၊ တိုက်ရိုက်ပြန်ရရင် မိုးမခမျှင်ပါ၊ အဲ့တာကြောင့် အမွှေးအမျှင်လို့ပဲ သုံးလိုက်ပါတယ်၊ ဆံပင်တို့ဘာတို့လို သေးငယ်တဲ့ဟာမျိုးတွေကို ဓားအဖြစ်သုံးတာ ဖြစ်နိုင်ပါတယ် )
တစ်ဆင့်ပိုမြင့်သွားလေ၊ ခက်ခဲမှုက အဆတစ်ထောင်တိတိ တိုးတက်လာလေလေဖြစ်သည်။
ယခင်က သူသည် ရှုကျိုးက ပထမအဆင့်သို့သာ ရောက်ရှိထားသည်ဟု ထင်နေခဲ့ခြင်းဖြစ်သည်၊ သို့သော် မထင်မှတ်ထားစွာဖြင့် ရှုကျိုးသည် ဒုတိယအဆင့်သို့ပင် ရောက်ရှိနေခဲ့သည်။
“ နည်းနည်းလေး ကံကောင်းသွားလို့ပါဗျာ “ ဟုရှုကျိုးမှ ရယ်ရယ်မောမောဖြင့် ပြန်ပြောလာခဲ့သည်။
လျူချင်းယွမ်သည် သူ၏ဦးခေါင်းကို အသာအယာ ခါရမ်းနေတော့သည်၊ သူသည် ဤကလေးက ကံတရားကြောင့်သာ အဆင့်တက်သွားခြင်းဖြစ်သည်ဆိုသည်ကို မယုံကြည်ပေ။
ထို့အပြင် သူသည် ဤကလေး၏ ဆီမီးဖိုင်နယ်ကို တက်လာခြင်းက အလွန်တရာ လွယ်ကူနေသည်ဟု ခံစားနေခဲ့ရသည်၊ တစ်ခြားလူများကမူ ချွေးများဖြင့် စိုရွှဲနေသော်လည်း ရှုကျိုးကမူ အားမစိုက်ထုတ်ရသလောက်နီးပါးပင် ဖြစ်နေခဲ့သည်။
“ဒီကလေးရဲ့ အခုလက်ရှိစွမ်းအားက အဲ့လို အနေအထားမျိုးအထိတောင် ရောက်နေခဲ့တာလား? သူ့ဆရာဖြစ်တဲ့ ငါကတောင် ဘာမှကိုမသိရဘူး “
လျူချင်းယွမ်သည် အပြုံးဖြင့် တွေးတောစဥ်းစားနေခဲ့သည်၊ သို့သော် သူသည် ထိုအတွေးများကို လျင်မြန်စွာ ပယ်ဖျက်လိုက်သည်။
ရှုကျိုးက မည်မျှပင် သန်မာနေပါစေ၊ ပဥ္စမအဆင့် ပညာရှင်ကို မဖိနှိပ်နိုင်ဘူးဆိုသည်ကို သူသိနေခဲ့သည်၊ ဆဌမအဆင့် အထွတ်အထိပ် ပညာရှင်ဖြစ်သည့် သူသည် ၎င်းကိုတော့ မြင်နိုင်နေသေးသည်။
…
ပြိုင်ပွဲ၏ ပဥ္စမအဆင့်မှာလည်း ပြီးဆုံးသွားခဲ့သည်။
ပထမစင်မြင့်၌ ရှုကျိုးနှင့် လျူဟိုင်ဖုန်းပါဝင်သည့် လူလေးဦးသည် ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်သွားခဲ့သည်။
အတိုချုပ်ဆွေးနွေးခဲ့ပြီးသည့်နောက်တွင် အနိုင်ရသူကို ဆုံးဖြတ်ရန်အတွက် လူနှစ်ဦးစီ တွဲပေးလိုက်ကြသည်။
သို့သော် ရှုကျိုး၏ ပြိုင်ဘက်မှာ လျူဟိုင်ဖုန်းမဟုတ်ဘဲ တစ်ခြားလူတစ်ဦးသာ ဖြစ်နေခဲ့သည်။
ဤအကျော့မှာလည်း လျင်မြန်စွာ ပြီးဆုံးသွားခဲ့ပြီး၊ ရှုကျိုးသည် ထပ်မံ၍ လွယ်လွယ်ကူကူ အနိုင်ရခဲ့ပြန်သည်။
လျူဟိုင်ဖုန်းမှာလည်း သူ၏ပြိုင်ဘက်ကို သုံးကွက်အတွင်း အနိုင်ယူခဲ့ပြီး ဖိုင်နယ်ပွဲစဥ်သို့ တက်လှမ်းလာခဲ့သည်။
…
“ စင်မြင့်တွေရဲ့ ချန်ပီယံလုပွဲတွေ လာတော့မယ် “
“ ထင်ထားတဲ့အတိုင်း ရှုကျိုးနဲ့ လျူဟိုင်ဖုန်း ရှိနေတာပဲ ……. သူတို့က တကယ်ကြီးကို အဆုံးထိ ရောက်လာခဲ့တယ် “
“ လာကြဟေ့၊ လာကြ၊ မင်းတို့က ဘယ်သူ့ဘက်ကနေ လောင်းကြေးထပ်ကြမှာလဲ? “
“ ငါကတော့ လျူဟိုင်ဖုန်းဘက်မှာ နေမယ်၊ ဒီလူက ပွဲစဥ်တိုင်းမှာ သူ့ရဲ့ပြိုင်ဘက်တွေကို သုံးကွက်တည်းနဲ့ အနိုင်ပိုင်းခဲ့တာ၊ သူပဲ သေချာပေါက် နိုင်လိမ့်မယ် “
“ ဒါဆိုရင် ငါက ရှုကျိုးဘက်မှာနေမယ်၊ သူက အုပ်စုအကုန်လုံးရဲ့ ပထမနေရာကို ယူနိုင်ဖို့ အခွင့်အရေးရှိတယ်လို့ ငါထင်တယ် “
“ အကုန်လုံးကို လျူဟိုင်ဖုန်းဆီမှာ ပုံအောလိုက်မယ်ကွာ “
ပရိတ်သတ်တစ်အုပ်လုံးမှာလည်း ဆွေးနွေးပြောဆိုမှုများဖြင့် ပွက်ပွက်ညံနေကြသည်။
တစ်ခြားစင်မြင့်လေးခုဘက်မှ ပရိတ်သတ်များကပင် ဤဘက်သို့ လှမ်းကြည့်လာကြသည်။
ထိုကဲ့သို့ ဖြစ်ရခြင်းမှာ ရှုကျိုးနှင့် လျူဟိုင်ဖုန်းတို့၏ စွမ်းဆောင်မှုများက အလွန်တောက်ပနေခဲ့သောကြောင့် ဖြစ်သည်။
ယခုတွင် အသန်မာဆုံး လူနှစ်ဦး တိုက်ခိုက်ကြမည်ဖြစ်သောကြောင့် ပရိတ်သတ်တစ်အုပ်လုံး စိတ်ဓာတ်တက်ကြွသွားသည်။
မကြာခင်မှာပင် ပုံရိပ်နှစ်ခုသည် စင်ပေါ်သို့ လျှောက်လှမ်းလာကြသည်။
ရှုကျိုးသည် အေးဆေးတည်ငြိမ်သော အမူအရာဖြင့် ဓားကို ကိုင်ဆောင်ထားခဲ့သည်။
တစ်ဖက်ရှိ လျူဟိုင်ဖုန်းကို အေးစက်စက် မျက်လုံးများဖြင့် ရှုကျိုးကို စိုက်ကြည့်နေခဲ့သည်။
“ ဒီကောင်လေးက တစ်နှစ်အတွင်းမှာ ဒီလိုအဆင့်မျိုးအထိ တိုးတက်ကြီးပျင်းလာလိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး “
လျူဟိုင်ဖုန်းသည် ရှုကျိုးကို သိနေခဲ့သည်။ လျူဟီသေဆုံးသွားခဲ့ချိန်မှစ၍ သူသည် ရှုကျိုး၏ သတင်းများကို ဆက်တိုက်စုံစမ်းနေခဲ့သည်။
ထိုအချိန်က အစိုးရသည် သူ၏ အချက်အလက်များကို ယခုအချိန်လောက်အထိ တင်းတင်းကြပ်ကြပ် ကာကွယ်မပေးထားခဲ့ပေ။
ထိုအချိန်က ရှုကျိုးသည် ပထမအဆင့်သို့ပင် မရောက်ရှိသေးဘဲ၊ သူ့ကို ချေမှုန်းရခြင်းမှာ ပုရွက်ဆိတ်ကို ချေမွရသကဲ့သို့ အလွန်တရာ လွယ်ကူနေခဲ့သည်။
သို့သော် တစ်နှစ်ကြာခဲ့ပြီးသည့်နောက်တွင် ထိုကောင်လေးသည် သူနှင့် အဆင့်တူ၊ နယ်ပယ်တူ အနေအထားသို့ ရောက်ရှိသည်အထိ တိုးတက်ကြီးပျင်းလာခဲ့သည်။
“ ဟီအာ၊ ဒီနေ့မှာတော့ အဖေက သားအတွက် သေချာပေါက် လက်စားချေပေးမယ် “
“ ဒီကောင်လေးကို သတ်ပြီးတာနဲ့ အရင်က မသတ်ခဲ့ရတဲ့ ဟိုအမျိုးယုတ်နှစ်ယောက်ကိုပါ အပြတ်ရှင်းရမယ် “
( ရှုကျိုးရဲ့ မိဘတွေကို ပြောတာပါ )
လျူဟိုင်ဖုန်းသည် ဖြည်းညှင်းစွာ အသက်ရှူထုတ်နေတော့သည်၊ သူ့မျက်လုံးထဲတွင် အေးစက်မှုများနေရာတွင် သတ်ဖြတ်လိုစိတ်များက အစားထိုးဝင်ရောက်လာခဲ့သည်။
“ လျူမိသားစုလှံ !! “
သူအော်ဟစ်လာခဲ့ရာ၊ အနီရောင် အလင်းတန်းတစ်ခု ပေါက်ထွက်လာခဲ့သည်၊ အားလုံးသည် လျူဟိုင်ဖုန်းလက်ထဲတွင် ကြီးမားသော ကြေးနီရောင် လှံတစ်ချောင်း ပေါ်လာသည်ကို မြင်တွေ့သွားခဲ့သည်။
လှံပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် ၎င်းသည် အားကောင်းကာ ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားကို ထုတ်လွှတ်လာခဲ့သည်။
“ Aအဆင့် လက်နက်လား? “
ရှုကျိုး၏ စိတ်နှလုံးသား လှုပ်ခတ်သွားခဲ့သည်၊ ၎င်း၏အရှိန်အဝါကို အကဲခတ်ကြည့်ရခြင်းဖြင့် ၎င်းသည် Aအဆင့်လက်နက်များကြားမှာပင် အတော်လေး အဆင့်မြင့်နေပုံရသည်။
သူ၏ ချပ်ဝတ်တန်ဆာနှင့် ဖိနပ်များကို ထပ်ကြည့်လိုက်ရာ ၎င်းတို့သည် အဆင့်နိမ့် ပစ္စည်းများသာ ဖြစ်နေခဲ့သည်။
ရှုကျိုး နားလည်သွားတော့သည်၊ ဒီလူက သူ့ရဲ့ လက်နက်ထဲမှာပဲ သူ့ရဲ့ အရာအားလုံးကို ပုံအောထားတာပဲ။
အရေးအကြီးဆုံးအရာမှာ ယခင်က တိုက်ပွဲများတွင် လျူဟိုင်ဖုန်းက အဆိုပါလှံကို အသုံးမပြုခဲ့ခြင်းပင် ဖြစ်သည်။
“ ကောင်လေး၊ မင်းရဲ့ နတ်လက်နက်ကို အားကိုးပြီးတော့ ဒီအထိ ရောက်လာနိုင်ပင်မဲ့ အခုတော့ မင်းရဲ့ လမ်းဆုံးပြီပဲ “
လျူဟိုင်ဖုန်း လက်အတွင်းရှိ ကြေးနီရောင် လှံသည် ရောင်ခြည်ဖြင့် တောက်ပလာခဲ့ကာ ကြောက်မက်ဖွယ်ကောင်းသည့် ချီ-သွေးစွမ်းအားကို ထုတ်လွှင့်လာခဲ့သည်။
သူကိုယ်တိုင်ကပင် စတုတ္ထအဆင့် အထွတ်အထိပ် ပညာရှင်များအနက် ထိပ်တန်းပညာရှင်တစ်ဦး နေခဲ့ပြီး၊ ယခုဤလှံနှင့် ပေါင်းစပ်လိုက်သောအခါတွင် သူ၏အရှိန်အဝါသည် ဤနေရာတွင် ရှိနေသည့် ပဥ္စမအဆင့် ပညာရှင်တစ်ချို့ကိုပင် အနည်းငယ် ထိတ်လန့်သွားစေခဲ့သည်။
“ ဘုမ်းး ဘုမ်းးးး !! “
တစ်ချိန်တည်းမှာပင် ပေါက်ကွဲသံများသည် လျူဟိုင်ဖုန်းခန္ဓာကိုယ် အတွင်းမှ ပေါ်ထွက်လာခဲ့သည်။
ကလီစာငါးခု၏ လျှို့ဝှက်စွမ်းအား အသက်ဝင်လာခဲ့လေပြီ !!
ချက်ချင်းဆိုသလိုပင် သူ၏အရှိန်အဝါသည် တဟုန်ထိုး မြင့်တက်လာခဲ့ပြီး၊ သူ၏ချီ-သွေးစွမ်းအားမှာလည်း ကောင်းကင်ပြင်တစ်ဝက်ကိုပင် ဖုံးလွှမ်းသွားခဲ့သည်။
ပေါ့ပျက်ပျက် စကားများကို ပြောဆိုခဲ့သော်လည်း သူသည် ရှုကျိုးကို အလွန်တရာ အလေးအနက်ထားနေခဲ့ပြီး၊ အစကတည်းက ရှိသမျှ အကုန်ထုတ်သုံးလာခဲ့သည်။
လျူဟိုင်ဖုန်းသည် ယခုမှသာလျှင် သူ၏စွမ်းအားကို အကုန်အစင် ထုတ်ပြလာခဲ့ပြီး၊ အော်ဟစ်ကြုံးဝါးကာ လှံကို ကိုင်ဆောင်၍ ရှုကျိုးထံသို့ ပြေးဝင်လာခဲ့သည်။
………………………………………………………………………………………………………………………………………….
အပိုင်း ( 431 )
ပရိတ်သတ်တစ်အုပ်လုံးကို အံ့ဩတုန်လှုပ်သွားစေခြင်း
“ သွား !! “
လျူဟိုင်ဖုန်းမှ သူ၏လှံဖြင့် အရှေ့သို့ ထိုးသွင်းလာခဲ့ပြီး၊ ချီ-သွေးစွမ်းအင် အများအပြားကို လှံအတွင်းသို့ ဖြည့်သွင်းကာ ရှုကျိုးထံသို့ ပစ်လွှတ်လာခဲ့သည်။
“ ဝှစ် !! “
ရှုကျိုးသည် သူ၏နဂါးမီးလျှံ ဆေဘာကို လွှဲရမ်း၍ သူ၏လက်ကို မြှောက်ကာ ခုတ်ပိုင်းလိုက်သည်။
လျူဟိုင်ဖုန်းနှင့် ရင်ဆိုင်ရသောအခါတွင် ညှာတာနေရန် မလိုအပ်ပေ၊ နှစ်ဦးစလုံးသည် ကမ္ဘာမကြေရန်သူများ ဖြစ်သည်။
လျူဟိုင်ဖုန်းသည် သူ့အား သေလောက်အောင် မုန်းတီးနေခဲ့သည်၊ သို့သော် ရှုကျိုး၏ အမြင်တွင် သူက သေဒဏ်ကျနေပြီးသားဆိုသည်ကို မသိခဲ့ပေ။
ထိုအခိုက်အတန့်တွင် သူခုတ်ပိုင်းလိုက်သောကြောင့် ချီ-သွေးစွမ်းအားသည် သူ့ကိုယ်ထဲမှ ပေါက်ထွက်လာခဲ့ပြီး၊ ဓားအလင်းတန်းကို ဆယ်ခုအဖြစ် ရုတ်တရက် ပိုင်းဖြတ်လိုက်ကာ သွေးနီရောင် ခုတ်ချက်တစ်ခုချင်းစီတိုင်းသည် ရှေ့သို့ပြေးတက်သွားတော့သည်။
၎င်းသည် ဓားနှင့်လူ တစ်သားတည်းဖြစ်ခြင်း၏ အံ့ဖွယ်တစ်ခုဖြစ်သည်။
ခုတ်ချက်တစ်ခုတွင် နောက်လိုက်တစ်သောင်း ပါရှိမည် ဖြစ်သည် !!
၎င်းမှာ ဓားတစ်လက်တည်းသာ ဖြစ်ပုံရသည်၊ သို့သော် ၎င်းသည် ရာပေါင်း၊ ထောင်ပေါင်း၊ သောင်းပေါင်းများစွာသော ဓားတို့၏ စွမ်းအားများကို ပေါင်းစပ်ထားခဲ့သည်။
ခွမ်း ! ခလမ်း! ခွမ်း!
ဓားအလင်းတန်းများသည် လှံဖြင့် တိုက်မိသွားပြီး၊ ၎င်း၏စွမ်းအားကို အဆက်မပြတ် တိုက်စားနေကြတော့သည်။
လှံကိုင်ထားသည့် လျူဟိုင်ဖုန်းက ရှုကျိုးအနားသို့ ရောက်လာသည့်အချိန်တွင် သူ၏ လွှမ်းမိုးကြီးစိုးသော တည်ရှိမှုမှာလည်း လွင့်ပါးပျောက်ကွယ်သွားခဲ့သည်။
“ ဟမ့် “
ရှုကျိုးက ထိုကဲ့သို့သော နည်းစနစ်မျိုးအား အသုံးပြုလာသည်ကို မြင်လိုက်ရသောအခါ၌ လျူဟိုင်ဖုန်းသည် အစပိုင်းတွင် အံ့အားသင့်သွားခဲ့သည်၊ ထို့နောက်တွင် နှာခေါင်းရှုံ့၍ သူ၏ လှံကို လှုပ်ခါလိုက်သည် “ ကြယ်ပြိုကွဲခြင်း ဒြပ်စင်လှံ !! “
လှံကို လှုပ်ခါလိုက်ရာ ၎င်းသည် သူ့ခန္ဓာကိုယ်အတွင်းရှိ ချီ-သွေးစွမ်းအင်များကို စတင်၍ စုပ်ယူလာတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် မြောက်များစွာသော ချီ-သွေးစွမ်းအင်များသည် လှံ၏ စုပ်ယူခြင်းကို ခံလိုက်ရပြီး၊ ၎င်း၏ စွမ်းအားကို ထပ်မံ၍ မြင့်တက်သွားစေခဲ့ပြန်သည်။
၎င်းသည် မှောင်ခိုဈေးကွက်မှ လျူဟိုင်ဖုန်းရရှိထားခဲ့သည့် သိုင်းပညာတစ်ခု ဖြစ်သည်။
အဆိုပါ နည်းလမ်းသည် အတော်လေး ထူးခြားနေခဲ့ပြီး၊ အနည်းငယ်ပင် ဆိုးရွားနေခဲ့သည်၊ ၎င်းသည် အသုံးပြု၏ ချီ-သွေးစွမ်းအင်ကို အရူးအမူး စုပ်ယူနိုင်ပြီး၊ ခြေတစ်လှမ်းမှားသွားပါက ချီ-သွေးစွမ်းအင် ခမ်းခြောက်သည်အထိ စုပ်ယူခံလိုက်ရမည် ဖြစ်သည်။
သို့သော် အကျိုးသက်ရောက်မှုကား အတော်လေး ကောင်းနေခဲ့ပြီး၊ အချိန်တိုအတွင်းမှာပင် ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားကို စုစည်းနိုင်ပေသည်။
ဤနည်းစနစ်၏ ချီးကျူးဖွယ်အကောင်းဆုံး အပိုင်းမှာ အရင်တစ်ကွက်ကို အသုံးပြုခဲ့ပြီးသည့်နောက်တွင် ၎င်း၏ အထွတ်အထိပ် အခြေအနေထိ ရောက်ရှိအောင် ပြန်လည်ပြုလုပ်ပေးနိုင်ပြီး၊ ၎င်းးအား ယခင်တစ်ကြိမ်ကထပ် ပို၍ပင် အားကောင်းသွားစေနိုင်ခြင်း ဖြစ်သည်။
၎င်းသည် အင်းအားအကြီးဆုံးသော ရန်သူများကိုတောင်မှ အချိန်မှီ တုံ့ပြန်ခွင့်မပေးဘဲ၊ အငိုက်မိသွားစေမည် ဖြစ်သည်။
“ သေလိုက် !!! “
လျူဟိုင်ဖုန်း၏ မျက်နှာက ဖြူဖျော့နေခဲ့သော်လည်း သူ၏မျက်လုံးများမှာမူ သတ်ဖြတ်လိုစိတ်များဖြင့် တောက်ပနေခဲ့ကာ ရှုကျိုး၏ မျက်နှာထံသို့ လှံကို အကြမ်းပတမ်း ထိုးသွင်းလာခဲ့သည်။
သူသည် ထိုအကွက်ကို အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ပြီးပြီ ဖြစ်ပြီး၊ အလယ်အလတ်နှင့် နှောင်းပိုင်း ပဥ္စမအဆင့် ပညာရှင်များကပင် အချိန်မှီ မတုံ့ပြန်နိုင်ခဲ့ပေ။
အစောပိုင်း စတုတ္ထအဆင့်တွင်သာ ရှိနေသေးသည့် ရှုကျိုးကမူ မည်သို့မျှ တုံ့ပြန်နိုင်လိမ့်မည် မဟုတ်ပေ။
“ ဗွီ !! “
သေခြင်းရှင်ခြင်း အခိုက်အတန့်၌ ဟင်းလင်းပြင်း အကာအရံများသည် ရှုကျိုး၏ အရှေ့တွင် ပေါ်လာခဲ့သည်။
ဟင်းလင်းပြင် ဒိုင်းကာ !!
“ ခရက် ခရက် ခရက် “
သေမင်းမှ ပစ်ခွင်းလိုက်သကဲ့သို့ အရာအားလုံးကို ထိုးဖောက်နိုင်သည့် လှံတံသည် ဟင်းလင်းပြင် ဒိုင်းကာကြောင့် ရပ်တန့်သွားခဲ့ပြီး၊ နားကွဲစေနိုင်သည့် ထိုးဖောက်သံများကို ထုတ်လွှတ်လာခဲ့သည်။
သို့သော် ၎င်းသည် ရှေ့ဆက်၍ မတိုးနိုင်တော့ပေ။
မျှော်လင့်ထားသည့်အတိုင်းသာ ဖြစ်ပျက်လာခဲ့သောကြောင့် ရှုကျိုး၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် သူ၏ကိုယ်ပွားက ပဥ္စမအဆင့်သို့ ရောက်ရှိခဲ့ပြီးသည့်နောက်တွင် မူလကိုယ်၏ ဟင်းလင်းပြင် စွမ်းရည်သည် ကြီးကြီးမားမား တိုးတက်လာခဲ့ပြီး၊ ဟင်းလင်းပြင် ဒိုင်းကာကို အလွယ်တကူ ထုတ်သုံးလာနိုင်ခဲ့သည်။
ဟင်းလင်းပြင် စွမ်းအင်ကို ထိန်းချုပ်ခြင်းဆိုသည်မှာ သူ့အတွက် အသေအမွှား ကိစ္စလေးမျှသာ ဖြစ်သည်။
“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?? “
၎င်းကို မြင်တွေ့လိုက်ရသောအခါတွင် လျူဟိုင်ဖုန်းသည် အံ့ဩတုန်လှုပ်သွားခဲ့သည်၊ သူသည် ရှုကျိုးက ဟင်းလင်းပြင်စွမ်းရည် ပိုင်ဆိုင်ထားသည်ကို သိထားခဲ့ပြီး၊ ၎င်းက တည်နေရာကူးပြောင်းခြင်းသာ ဖြစ်သည်ဟု ထောက်လှမ်းရေး သတင်းများက ဆိုထားခဲ့သည်။
သူ့ဆီမှာ ဟင်းလင်းပြင် ဒိုင်းကာလို အဆင့်မြင့် စွမ်းရည်တွေက ဘယ်လိုလုပ် ရှိနေရတာလဲဟ?
“ ခင်ဗျားကြီး မသိတာတွေ အများကြီး ရှိပါတယ်ကွာ “
ရှုကျိုးသည် လျူဟိုင်ဖုန်းကို ဖျတ်ခနဲကြည့်လိုက်သည်။ ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူ၏သွေးကြောမှတ် လည်ပတ်မှုသည် စတင်၍ လှုပ်ရှားလာခဲ့သည်။
ချက်ချင်းဆိုသလိုပင် အရာအားလုံး အေးခဲတောင့်တင်းသွားပုံရသည်။
၎င်းမှာ ကမ္ဘာကြီးက ရပ်တန့်သွားသည့်အလားပင် !!!
သွေးကြောမှတ် လည်ပတ်မှု - အချိန်ရပ်တန့်ခြင်း !!
ရှုကျိုးသည် အဆိုပါ စွမ်းရည်ကို အသုံးမပြုသည်မှာ အချိန်အတော် ကြာနေခဲ့ပြီဖြစ်သည်။ ယခု၌ စတုတ္ထအဆင့်သို့ ရောက်ရှိနေခဲ့ပြီဖြစ်သောကြောင့် ၎င်း၏အကျိုးသက်ရောက်မှုမှာ ပို၍ပင် ကြီးမားလာခဲ့သည်။
၎င်း၏ အကျိုးသက်ရောက်မှုအောက်တွင် အရာအားလုံးသည် တစ်ခဏခန့် ရပ်တန့်သွားသည်။
တစ်ချိန်တည်းမှာပင် ရှုကျိုးလက်ထဲရှိ နဂါးမီးလျှံ ဆေဘာမှာ အော်မြည်လာခဲ့ပြီး ဖျော့တော့သော အနီရောင်အလင်းတန်းကို ထုတ်လွှင့်ကာ အရှေ့သို့ ပိုင်းဖြတ်လာခဲ့သည်။
ကောင်းကင်ဖြိုခွင် ဆေဘာသိုင်း၏ နဝမအဆင့် - ကောင်းကင် ဖန်ဆင်းခြင်း !!
အဆိုပါ အလင်းတန်းသည် လျူဟိုင်ဖုန်းထံသို့ မျောလွင့်လာခဲ့ပြီး၊ မီတာပေါင်းများစွာ ရှည်လျားသည့် ကြောက်မက်ဖွယ် ဓားအလင်းတန်းအဖြစ် ချက်ချင်း ပြောင်းလဲသွားခဲ့သည်၊ ၎င်း၏ ကြက်သွေးရောင် ရောင်ခြည်သည် လျူဟိုင်ဖုန်းကို ဖုံးလွှမ်းသွားခဲ့သည်။
“ ဝုန်းးး !! “
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ဓားအလင်းတန်းသည် ပြိုင်ကွင်းတစ်ခုလုံးကို ဖုံးအုပ်သွားခဲ့သည်။
…
အရာအားလုံး တိတ်ဆိတ်ငြိမ်သက်နေလေပြီ !!
ပရိတ်သတ်တစ်အုပ်လုံးသည် ပထမစင်မြင့်ရှိရာဘက်သို့ အာရုံစိုက်၍ကြည့်ရှုနေကြသည်။
ရှုကျိုးက နိုင်သွားတာလား?
စင်မြင့်ထက်၌ ကြက်သွေးရောင် အလင်းတန်းသည် မြူထုကဲ့သို့ ဖြည်းဖြည်းချင်း လွင့်ပါးပျောက်ကွယ်လာခဲ့သည်။
ရုတ်တရက်ဆိုသလိုပင်
“ ဇွီ !!! “
အနက်ရောင် အလင်းတန်းတစ်ခုသည် ကြက်သွေးရောင် မြူထုအတွင်းမှ တိုးထွက်လာခဲ့သည်။
ဘုမ်းးး !!
ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါ တစ်ခု ပေါက်ထွက်လာခဲ့ကာ မြူထုကို ချက်ချင်းလွင့်ပျယ်သွားစေခဲ့သည်။
လျူဟိုင်ဖုန်းသည် ထိုနေရာမှာပင် ရပ်နေစဲပြီဖြစ်ပြီး၊ သူ၏ရင်ဘတ်တွင် ကြောက်မက်ဖွယ်ရာ ဒဏ်ရာတစ်ခု တည်ရှိနေခဲ့သည်။
သို့သော် ယခု၌ သူသည် အနက်ရောင် မြူအလွှာတစ်ခု၏ ဝိုင်းရံခြင်းကို ခံထားရပြီး၊ အဆိုပါဒဏ်ရာမှာလည်း သာမန်မျက်လုံးများဖြင့် မြင်နိုင်သည့် အမြန်နှုန်းဖြင့် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် အနက်ရောင် မြူထုသည် ချပ်ဝတ်တန်ဆာတစ်ခုကဲ့သို့ ဖွဲ့စည်းသွားခဲ့သည်။
“ အမှောင်နတ်စွမ်းရည်လား? “
“ လျူဟိုင်ဖုန်းက နတ်စွမ်းရည်တစ်ခုကို တကယ်ကြီး ဖွဲ့စည်းနိုင်ခဲ့တာလား? ပြီးတော့ အဲ့တာက အမှောင်နတ်စွမ်းရည် ဖြစ်နေတယ်ပေါ့?? “
အရပ်မျက်နှာအနှံ့တွင် အုံ့အောသောင်းနင်းဖြစ်သွားခဲ့သည်။
တာဝါထိပ်ပေါ်ရှိ အဌမအဆင့် ပညာရှင် ချန်ကျူးဟဲ့မှာပင် မျက်လုံးများ ကျဥ်းမြောင်းသွားခဲ့သည်။
အမှောင်နတ်စွမ်းရည်သည် အလွန်တရာရှားပါးလွန်းလှသည်။
သို့သော် ကြယ်ပြာဂြိုဟ်၏ သမိုင်းကြောင်းတွင် အမှောင်နတ်စွမ်းရည်ကို ဖွဲ့စည်းနိုင်ခဲ့ပြီး၊ ကမ္ဘာ့ကြယ်သား အဆင့်မြင့် သိုင်းပညာရှင် ၁၀ယောက်ကို တစ်ကိုယ်တော် သတ်ဖြတ်ခဲ့သည့် ပညာရှင်တစ်ဦး ပေါ်ထွက်ခဲ့ဖူးသည်။
၎င်းသည် ကြယ်ပြာဂြိုဟ်၏ အံ့မခန်း အောင်မြင်မှုတစ်ခု ဖြစ်သည်။
ထို့အပြင် အမှောင်နတ်စွမ်းရည် ဒဏ္ဍာရီလာ ယင်ယန်နတ်စွမ်းရည်၏ ယင်စွမ်းအားနှင့် အတန်ငယ် တူညီနေကာ တစ်ချို့သော ဂုဏ်သတ္တိများ ပိုင်ဆိုင်ထားခဲ့သည်။
ဥပမာအားဖြင့် ဒဏ်ရာများကို ကုသခြင်းပင် ဖြစ်သည်။
၎င်းက အစစ်အမှန် ယင်ယန်နတ်စွမ်းရည်လောက် အစွမ်းမထက်သော်လည်း တစ်ခြားသော နတ်စွမ်းရည်များထပ် များစွာသာလွန်နေခဲ့သည်။
၎င်းအား ထိပ်တန်းနတ်စွမ်းရည်တစ်ခုအဖြစ် သတ်မှတ်နိုင်ပေသည်။
“ အခုတော့ ရှုကျိုးက ဒုက္ခရောက်ပြီပဲ “
“ ကြည့်နေစရာ မလိုတော့ဘူး၊ ရှုကျိုးတော့ ပွဲသိမ်းပြီ “
“ လျူဟိုင်ဖုန်းက အမှောင်နတ်စွမ်းရည်ကို ပိုင်ဆိုင်ထားတယ်၊ ဆိုတော့ သူက ဒီပြိုင်ပွဲရဲ့ ချန်ပီယံဖြစ်ဖို့ ကံပါလာတာပဲ “
လူအုပ်ကြီးသည် တိတ်တဆိတ် သက်ပြင်းချနေကြတော့သည်။
“ ဝုန်းးးး “
စင်မြင့်ထက်ရှိ လျူဟိုင်ဖုန်း၏ အရှိန်အဝါမှာ တဟုန်ထိုး မြင့်တက်လာခဲ့သည်။
………………………………………………………………………………………………………………………………………
အပိုင်း ( 432 )
ပရိတ်သတ်တစ်အုပ်လုံးကို အံ့ဩတုန်လှုပ်သွားစေခြင်း ၂
အနက်ရောင်မြူထုသည် သူ၏မျက်စံများကို လုံးဝမည်းမှောင်သွားစေခဲ့သည်၊ ထိုအချိန်တွင် ရှုကျိုးကို ကြည့်နေသည့် သူ၏အကြည့်သည် အနည်းငယ် ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။
“ အစကတော့ ဒီနတ်စွမ်းရည်ကို နောက်ဆုံး ချန်ပီယံလုပွဲအတွက် ဖယ်ထားခဲ့တာ၊ ဒါပင်မဲ့ မင်းပေါ်မှာ သုံးရလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး၊ ဘာပဲဖြစ်ဖြစ်ပါလေ၊ အခုတော့ အားလုံးပြီးပြီ “
“ အမှောင်သေနတ်၊ ဖွဲ့စည်း !!! “
လျူဟိုင်ဖုန်းမှ လက်သီးဆုပ်လိုက်ရာ၊ ကြောက်မက်ဖွယ်ကောင်းသည့် အမှောင်စွမ်းအားများ ပေါက်ထွက်လာခဲ့သည်။
အဆုံးမဲ့ အမှောင်စွမ်းအင်သည် သူ့အရှေ့ရှိ လှံအတွင်းသို့ စုစည်းလာခဲ့ပြီး၊ အနက်ရောင် မီးလျှံများသည် ကောင်းကင်ဘုံကို ဝါးမြိုလာခဲ့သည်။
ယခင်ကထပ် ပိုမိုကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါတစ်ခု ပွင့်ထွက်လာခဲ့သည်။
“ ဝှစ် !!! “
အနက်ရောင်လှံ ပေါ်လာသည်နှင့်တစ်ပြိုင်နက် ကောင်းကင်ပြင်သည် ချက်ချင်ပြောင်းလဲသွားခဲ့ပြီး၊ တိမ်မည်းများ စုဝေးလာခဲ့ကာ သူရိန်နေမင်းကိုပင် အမှောင်ထုဖြင့် ဖုံးအုပ်သွားခဲ့သည်။
ကြောက်မက်ဖွယ် ဖိအားသည် ပရိတ်သတ်တစ်အုပ်လုံးကို ထိတ်လန့်သွားစေခဲ့သည်။
၎င်းမှာ နတ်စွမ်းရည်၏ စွမ်းအားပင်ဖြစ်သည်။
တစ်ခဏခအတွင်းမှာပင် ကမ္ဘာကြီးသည် သိသိသာသာ ပြောင်းလဲသွားခဲ့သည်။
ထို့ကြောင့်ပင် စတုတ္ထအဆင့်နှင့် ပဥ္စမအဆင့် ပညာရှင်များက နတ်စွမ်းရည်ကို အလွန်တရာ ကြောက်လန့်နေကြခြင်း ဖြစ်သည်။
နတ်စွမ်းရည်၏ တည်ရှိမှု(သို့) ကင်းမဲ့မှုတို့သည် လုံးဝကွဲပြားသော အဆင့်နှစ်ခုကို ဖန်တီးပေးလျက်ရှိသည်။
“ ကောင်လေး၊ သေဖို့ ပြင်ဆင်ထားလိုက်တော့ “
လျူဟိုင်ဖုန်းမှ အော်ဟစ်လာခဲ့ပြီး၊ အနက်ရောင်လှံကို အကြမ်းပတမ်း ပစ်လွှတ်လာခဲ့သည်။
“ ဘုမ်း ဝုန်းးး ဘုမ်းးး !! “
၎င်းဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်ရှိ ဟင်းလင်းပြင်သည် ချက်ချင်းပြိုကွဲသွားပြီး၊ အက်ကြောင်းများ ထသွားခဲ့သည်။
ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါတွင် လူတော်တော်များများသည် ရှုကျိုးကသာ အရှုံးမပေးဘူးဆိုပါက သူသေဆုံးသွားရလိမ့်မည်ဟု တွေးထင်သွားကာ တိတ်တဆိတ် သက်ပြင်းချနေကြတော့သည်။
“ နတ်စွမ်းရည်လား? “
ရှုကျိုးသည် အေးဆေးတည်ငြိမ်သော အမူအရာဖြင့် သူ့အရှေ့ရှိ အံ့ဩဖွယ်ကောင်းသည့် မြင်ကွင်းကို ကြည့်ရှုနေခဲ့သည်။
သူ၏လက်ကို ဆန့်ထုတ်လိုက်ရာ မီးလျှံတစ်ခုသည် သူ၏လက်ချောင်းများထိပ်တွင် ပေါ်လာခဲ့သည်။
“ ဆောတီးပဲ …… ငါ့မှာလည်း ရှိတယ် “
ဆွစ်ရှ်ဟူသော အသံနှင့်အတူ မီးလျှံသည် ကောင်းကင်ထက်သို့ ထောင်တက်သွားကာ တဟုန်းဟုန်း တောက်လောက်နေသည့် ဧရာမ မီးလျှံကြီးအဖြစ် လျင်မြန်စွာ ပြောင်းလဲသွားပြီး၊ ကောင်းကင်ဘုံကို လောင်ကျွမ်းနေတော့သည်။
မီးလျှံသည် အမှောင်ထုကို ဝါးမြိုသွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် ကောင်းကင်ထက်ရှိ ထူထဲသော တိမ်မည်းအများစု ဝါးမြိုခံလိုက်ရပြီး၊ ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားသည် ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။
ရှုကျိုးထံသို့ ပြေးဝင်လာသည့် အနက်ရောင်လှံသည် မီးလျှံအောက်တွင် တစ်ခဏခန့် ရပ်တန့်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ရှုကျိုးသည် လက်ဖဝါးဖြင့် နဂါးမီးလျှံဆေဘာကို ပွတ်ဆွဲလိုက်သည်။
“ ဝှစ် !! “
ချက်ချင်းဆိုသလိုပင် နဂါးမီးလျှံ ဆေဘာထံမှ နီရဲရဲ မီးလျှံတစ်ခု ပေါ်ထွက်လာခဲ့သည်။
နတ်စွမ်းရည် မီးတောက်သည် ဆေဘာနှင့် ပေါင်းစည်းသွားခဲ့သည်။
ရှုကျိုးသည် တွေဝေတုံ့ဆိုင်းမနေဘဲ၊ ဆေဘာကို အရှေ့ဘက်သို့ အားပါပြင်းထန်စွာ လွှဲရမ်းလာခဲ့သည်။
ဆွစ်ရှ် !!
မီးလျှံများကို သယ်ဆောင်ထားသည့် ဆေဘာအလင်းတန်းသည် အနက်ရောင်လှံကို တိုက်ရိုက်ခုတ်ပိုင်းလာခဲ့သည်။
အမှောင်ထုနှင့် မီးလျှံတို့ ပွတ်တိုက်နေကြတော့သည်။
ဝုန်းးးးး !!
ကမ္ဘာမြေတုန်လှုပ်သွားစေသည့် ပေါက်ကွဲသံတစ်ခု ပေါ်ထွက်လာခဲ့သည်။
ထို့နောက်တွင် …….
ခရက်ဟူသော အသံနှင့်အတူ အနက်ရောင်လှံ၏ မျက်နှာပြင်ပေါ်တွင် အက်ကြောင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်၊ ၎င်းသည် လျင်မြန်စွာ ကြီးထွားလာခဲ့ပြီး လှံတစ်ခုလုံးအနှံ့ ပျံ့နှံ့သွားကာ ပြိုကွဲ ပျက်စီးသွားတော့သည်။
အနက်ရောင်လှံသည် လုံးဝပေါက်ကွဲသွားခဲ့သည်။
“ ဘာကြီး?? မီးတာအိုနတ်စွမ်းရည်လား?? ”
လျူဟိုင်ဖုန်းသည် တအံ့တဩဖြစ်သွားခဲ့သည်၊ မီးတာအိုနတ်စွမ်းရည်သည် သာမန်နတ်စွမ်းရည်တစ်ခုသာ ဖြစ်သည်။
၎င်း၏စွမ်းအားက လေးစားဖွယ်ကောင်းသော်လည်း ၎င်းသည် အမှောင်နတ်စွမ်းရည်၏ အဆင့်နှင့် တန်းတစ်ခု ခြားနေစဲပင် ဖြစ်သည်။
သို့သော် မည်သည့်အရာများ ဖြစ်ပျက်ခဲ့သနည်း?
သူ၏အမှောင်နတ်စွမ်းရည်သည် ချက်ချင်း ရှုံးနိမ့်သွားခဲ့သည်။
အနက်ရောင်လှံ ပြိုကွဲသွားခဲ့ပြီးသည့်နောက်တွင် ဆေဘာအလင်းတန်းသည် ရပ်တန့်၍မရသော အရှိန်အဟုန်မျိုးဖြင့် လျူဟိုင်ဖုန်းကို ထိုးဖောက်သွားခဲ့သည်။
“ ဖူးးး ~~ “
လျူဟိုင်ဖုန်း၏ ခန္ဓာကိုယ်သည် ချက်ချင်းထိုးဖောက်ခံလိုက်ရသည်။
“ ငါအရှုံး ……… “
လျူဟိုင်ဖုန်းမှ အရှုံးပေးရန် ပြင်လိုက်သည်၊ သို့သော် ထိုအချိန်တွင် မီတာ ၂၀၀ရှည်လျားသည့် ဟင်းလင်းပြင် အက်ကွဲကြောင်းတစ်ခုသည် ကောင်းကင်ထက်တွင် ပေါ်လာခဲ့သည်။
“ ခရက် !! “
ဟင်းလင်းပြင် ဖြတ်တောက်ခြင်း !!
ဟင်းလင်းပြင် အက်ကွဲကြောင်းသည် လျှပ်စီးကဲ့သို့သော အမြန်နှုန်းဖြင့် လျူဟိုင်ဖုန်း၏ ခန္ဓာကိုယ်ကို ဖြတ်တောက်သွားခဲ့သည်။
ဦးခေါင်းတစ်လုံးသည် သွေးများကို အဖော်ပြုကာ ကောင်းကင်ထက်သို့ ပျံတက်လာခဲ့သည်။
…
ကွင်းပြင်တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်သွားတော့သည်။
လူတိုင်းမှင်သက်သွားကြသည်။
တစ်ခြားစင်မြင့်ထက်မှ ပြိုင်ပွဲဝင်များကပင် ကြောက်မက်ဖွယ်ကောင်းသည့် ဟင်းလင်းပြင် အက်ကွဲကြောင်းကို ငေးမောကြည့်ရှုကာ မိန်းမောသွားကြသည်။
မီတာ ၂၀၀ရှည်လျားသည့် ဟင်းလင်းပြင် အက်ကွဲကြောင်း !!
၎င်းမှာ ပြိုင်ကွင်း၏တစ်ဝက်နီးပါးကို လွှမ်းခြုံထားခဲ့သည်။
အဆင့်မြင့် ပညာရှင်များကပင် ထိုကဲ့သို့သော ဟင်းလင်းပြင် အက်ကွဲကြောင်းကို မဖန်တီးနိုင်ကြပေ။
သို့သော် ရှုကျိုးကမူ ……..
ထိုမြင်ကွင်းသည် အမှန်ပင် ကြောက်မက်ဖွယ်ကောင်းလွန်းနေခဲ့ပြီး၊ လျူဟိုင်ဖုန်းသေဆုံးသွားသည်ကိုပင် မေ့လျော့သွားကြသည်။
အခမ်းအနားမှူးကပင် တိုက်ပွဲ၏ရလဒ်ကို ကြေညာရန် မေ့လျော့လုနီးပါး ဖြစ်သွားခဲ့သည်။
မိနစ်ဝက်မျှ ကြာခဲ့ပြီးသည့်နောက်မှသာလျှင် အခမ်းအနားမှူးသည် အလောတကြီး အော်ပြောလာခဲ့သည် “ ပထမစင်မြင့်ရဲ့ ချန်ပီယံက ရှုကျိုးပါ “
ထိုစကားလုံးများ ပေါ်ထွက်လာသည့် အချိန်မှသာလျှင် လူတိုင်းသတိပြန်ဝင်လာကြသည်။
ထို့နောက်တွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားရပြန်သည်။
လျူချင်းယွမ်ကပင် မျက်လုံးများ ပြူးကျယ်သွားခဲ့သည် “ ဒီကလေးက အဲ့လိုအဆင့်မျိုးအထိ ရောက်နေပြီလားဟ?? “
ရှုကျိုး၏ ဆရာတစ်ဦးအနေဖြင့် သူသည် ရှုကျိုးကို နားလည်နေသည့်အတွက် ကိုယ့်ကိုကိုယ် ဂုဏ်ယူနေခဲ့သည်။
သို့သော် ယခု၌ ရှုကျိုး၏ တကယ့်စွမ်းအားသည် သူမျှော်မှန်းထားသည်ထပ် များစွာကျော်လွန်နေခဲ့သည်။
ထိုစဥ် တာဝါထိပ်ပေါ်ရှိ အဌမအဆင့် ပညာရှင် ချန်ကျူးဟဲ့မှာလည်း ပထမဦးဆုံးအနေဖြင့် တအံ့တဩဖြစ်သွားခဲ့သည်။
“ အဲ့ကောင်လေးရဲ့ ဟင်းလင်းပြင်စွမ်းရည်က ဒီလောက်တောင် အားကောင်းနေတာလား? “
သို့ရာတွင် သူသည် ဟင်းလင်းပြင် စွမ်းရည်ထပ် ရှုကျိုးပြသခဲ့သည့် နတ်စွမ်းရည်အကြောင်းကို ပို၍တွေးတောနေခဲ့မိသည် “ မီးတာအို နတ်စွမ်းရည်မှာ အဲ့လိုစွမ်းအားမျိုး မရှိသင့်ဘူး “
ချန်ကျူးဟဲ့သည် ဖြစ်နိုင်ခြေရှိသည့် ယူဆချက်တစ်ခုကို စဥ်းစားမိသွားကာ၊ မျက်လုံးများ ပြူးကျယ်သွားတော့သည်။
“ အဲ့ကောင်လေးက နတ်စွမ်းရည် နှစ်ခု ဖွဲ့စည်းထားတာများလား? “
နတ်စွမ်းရည်တစ်ခုတည်းဖြင့် ထိုကဲ့သို့သော စွမ်းအားမျိုးကို ပြသနိုင်မည် မဟုတ်ပေ။
သို့သော် အကယ်၍ နတ်စွမ်းရည်နှစ်ခု ဖွဲ့စည်းထားမည်ဆိုပါက သူတို့၏ ပေါင်းစပ်စွမ်းအားသည် ကြီးကြီးမားမား မြင့်တက်သွားမည် ဖြစ်သည်။
သို့သော် ချန်ကျူးဟဲ့သည် သူ၏ဦးခေါင်းကို လျင်မြန်စွာ ခါယမ်းနေတော့သည်။
အစောပိုင်း စတုတ္ထအဆင့်တွင် နတ်စွမ်းရည်တစ်ခု ဖွဲ့စည်းနိုင်ခဲ့ခြင်းကပင် အံ့ဩတုန်လှုပ်ဖွယ်ကောင်းနေခဲ့ပြီ ဖြစ်သည်။
နတ်စွမ်းရည်နှစ်ခု ဖွဲ့စည်းခြင်းမှာ ဖြစ်နိုင်ခြေမရှိသော အရာတစ်ခု ဖြစ်သည်။
…
“ ကြောက်စရာကြီး၊ အဲ့တာက ရှုကျိုးရဲ့ တကယ့်စွမ်းအားလား? “
“ တော်တော်ကြီးကို သန်မာတာပဲ “
“ အစောပိုင်းအချိန်တုန်းက လျူဟိုင်ဖုန်းက သေချာပေါက်နိုင်လိမ့်မယ်လို့ ထင်နေခဲ့တာ၊ အခုကြည့်ရတာတော့ ရှုကျိုးက တကယ့်ပါရမီရှင်စစ်စစ် ဖြစ်နေခဲ့တာပဲ ”
“ လျူဟိုင်ဖုန်းရဲ့ စွမ်းအားက တော်တော်ကြီးကို အားကောင်းတယ်၊ သူက ကံဆိုးပြီး ရှုကျိုးနဲ့ ရင်ဆိုင်လိုက်ရတာ “
“ ငါ့ရဲ့ ငွေတွေတော့ သွားပါပြီကွာ၊ အဲ့ခွေးသူတောင်းစား လျူဟိုင်ဖုန်းကတော့ကွာ !!! “
စင်အောက်၌ ပရိတ်သတ်များနှင့် ပြိုင်ပွဲဝင်များသည် အံ့ဩတကြီး ဖြစ်နေလျက်ရှိသည်။
အထူးသဖြင့် ယခင်က သူတို့အထင်သေးခဲ့သည့် ရှုကျိုးသည် ယခုတွင် သူတို့၏ မျက်နှာများကို ဖြတ်ရိုက်သွားခဲ့သည်။
လျူဟိုင်ဖုန်းဘက်မှ လောင်းကြေးထပ်ခဲ့သည့် လူများကမူ သေဆုံးသွားသည့် လျူဟိုင်ဖုန်းကိုပင် ရိုက်နှက်ကန်ကျောက်လိုစိတ်များ ဖြစ်ပေါ်နေကြသည်။
အသန်မာဆုံးသော ပြိုင်ပွဲဝင်များကပင် အမူအရာများ လေးနက်သွားကြသည်။
ဒုတိယစင်မြင့်အောက်ရှိ အကြီးအကဲချန်သည် ရှုကျိုးရှိရာဘက်သို့ လှည့်ကြည့်ကာ အတွေးနက်သွားခဲ့သည် “ အဲ့ကောင်လေးရဲ့ စွမ်းအားက …… ငါတောင်မှ ခက်ခက်ခဲခဲ ကိုင်တွယ်ရမှာ “
တတိယစင်မြင့်ဘက်ရှိ လီပိုင်ရွှမ်မှာလည်း မျက်ဝန်းများ ကျဥ်းမြောင်းသွားခဲ့သည် “ ဒီလိုစွမ်းအားမျိုး ပိုင်ဆိုင်ထားတဲ့ မီးနတ်စွမ်းရည်၊ တကယ်လို့ နောက်တစ်ကျော့မှာ သူနဲ့ရင်ဆိုင်ရမယ်ဆိုရင် ငါက ဘယ်လိုတုံ့ပြန်သင့်လဲ? “
…
ပြိုင်ကွင်းအတွင်းရှိ ပရိတ်သတ်အုပ်၏ စိတ်ဓာတ်များသည် ပိုပို၍ တက်ကြွလာခဲ့သည်။
ရှုကျိုးတိုက်ပွဲကြောင့် ဖြစ်ခဲ့ရသည့် စိတ်လှုပ်ရှားမှုများမှာလည်း မကြာခင်မှာပင် ပျောက်ကွယ်သွားခဲ့သည်။
အဘယ့်ကြောင့်ဆိုသော် စင်မြင့်ငါးခုစလုံး၏ ချန်ပီယံများ ပေါ်ထွက်လာခဲ့ပြီဖြစ်သောကြောင့် ဖြစ်သည်။
ထို့နောက်တွင် အားလုံး စောင့်မျှော်နေရသည့် ပြိုင်ပွဲ၏ ချန်ပီယံလုပွဲ ရောက်ရှိလာမည် ဖြစ်သည်။
စင်မြင့်ငါးခု၏ ချန်ပီယံများသည် လူရာနှင့်ချီ၍ ကျော်ဖြတ်လာခဲ့ပြီး၊ စတုတ္ထအဆင့်နယ်ပယ်၏ အမြင့်ဆုံးနေရာတွင် ရပ်တည်နေကြသည့် လူများ ဖြစ်သည်။
သူတို့၏ တိုက်ပွဲများက သေချာပေါက်ပြင်းထန်နေမည် ဖြစ်သည်။
တာဝါပေါ်ရှိ အခမ်းအနားမှူးသည် စင်မြင့်တစ်ခုစီ၏ ချန်ပီယံများကို ကြေညာလာခဲ့သည်။
ပထမစင့်မြင့်၏ ချန်ပီယံ : ရှုကျိုး
ဒုတိယစင်မြင့်၏ ချန်ပီယံ : ကောင်းကင်ဖျက်လက်သီး၊ ချန်လန်
တတိယစင်မြင့်၏ ချန်ပီယံ : အမှောင်မိုးကြိုး ဓားသမား၊ လီပိုင်ရွှမ်
စတုတ္ထစင်မြင့်၏ ချန်ပီယံ : မြောက်ပိုင်းဓားသူရဲကောင်း၊ ဝမ်ထုန်
ပဥ္စမစင်မြင့်၏ ချန်ပီယံ : ကောင်းကင်ဘုံ နဂါးလက်ဝါး၊ လန်ဝမ်
မထင်မှတ်ထားစွာဖြင့် ပဥ္စမစင်မြင့်၏ ချန်ပီယံသည် ကျိုးကျီမဟုတ်ဘဲ တစ်ခြားလူတစ်ဦး ဖြစ်နေခဲ့သည်။
ကျိုးကျီသည် ရှုကျိုးကဲ့သို့ပင် လမ်းတစ်ဝက်တွင် ဝင်တိုက်ခဲ့ရသည်။ သို့သော် သူသည် အဆုံးထိ မရောက်လာနိုင်ခဲ့ပေ။
…
“ ရှေ့ဆက်ပြီးတော့ ထိပ်ဆုံးသုံးယောက် ပြိုင်ပွဲစပါမယ် “
တာဝါပေါ်ရှိ အခမ်းအနားမှူးမှ ကျယ်လောင်စွာ အော်ပြောလာခဲ့သည် “ စင်မြင့်ငါးခုရဲ့ ချန်ပီယံတွေထဲမှာ တစ်ယောက်က မဲပေါက်ပါမယ်၊ ကျန်တဲ့ လေးယောက်ကတော့ ကျန်နှစ်နေရာအတွက် ပြိုင်ဆိုင်ရပါမယ် “
“ ဒါပင်မဲ့ မဲပေါက်သွားတဲ့လူက နောက်တစ်ကျော့မှာ ရှံးခဲ့မယ်ဆိုရင်၊ ဒီတစ်ကျော့က ရှုံးနိမ့်သူနှစ်ယောက်နဲ့ ပြန်တိုက်ရပါမယ် “
“ ဒီတစ်ခါ မဲပေါက်တဲ့လူက ရှုကျိုးပါ “
ထိုစကားလုံးများ ပေါ်ထွက်လာသည့် အချိန်တွင် လူအုပ်ကြီးသည် မည်သို့မျှ မအံ့ဩသွားခဲ့ပေ။
ယခင်က တိုက်ပွဲများတွင် ရှုကျိုး၏ စွမ်းဆောင်မှုက အကောင်းဆုံး ဖြစ်နေခဲ့သည်။
စင်ပေါ်ရှိ ရှုကျိုးကမူ ခေါင်းတခါခါဖြင့် သက်ပြင်းချနေတော့သည် “ ငါက နည်းနည်းလောက် ထပ်တိုက်ချင်သေးတာလေ၊ ခွန်အားက ငါ့ကို အဲ့လိုလုပ်ခွင့်မပေးဘူးပဲ “
“ မင်း ကောင်စုတ်လေး !! “ လျူချင်းယွမ်မှ အပြုံးဖြင့် အော်ငေါက်လာခဲ့သည်။
ထိပ်ဆုံးသုံးဦးနေရာလုပွဲသည် သိပ်မကြာခင် အချိန်မှာပဲ စတင်လာခဲ့သည်။
သို့သော် တိုက်ပွဲမျာသည် အချိန်အတော်ကြာနေခဲ့သည်။
မည်သည့်ဘက်ကမှ သူတို့၏ ဝှက်ဖဲများကို မထုတ်ပြလိုကြဘဲ ဆက်တိုက်လှုပ်ရှားနေခဲ့ကြသည်၊ သူတို့က ဝှက်ဖဲများကို ချန်ပီယံလုပွဲအတွက် ပြင်ဆင်ထားသည်ဆိုသည်မှာ သိသာလွန်းနေခဲ့သည်။
နာရီဝက်ကြာခဲ့ပြီးသည့်နောက်တွင်
ထိပ်ဆုံးသုံးဦးတိုက်ပွဲများ ပြီးဆုံးသွားခဲ့သည်။
ဝမ်ထုန်နှင့် လန်ဝမ်တို့ ရှုံးနိမ့်သွားခဲ့သည်။
ထို့ကြောင့် ရှုကျိုး၊ အကြီးအကဲချန်လန်နှင့် လီပိုင်ရွှမ်တို့ကသာ စင်မြင့်ထက်တွင် ကျန်ရစ်နေခဲ့သည်။
…
“ ချန်ပီယံလုပွဲအတွက် နောက်ဆုံးတိုက်ပွဲ စပါတော့မယ် “
အခမ်းအနားမှူးမှာလည်း အနည်းငယ် စိတ်လှုပ်ရှားနေခဲ့ကာ၊ ကျယ်လောင်စွာ အော်ပြောလာခဲ့သည် “ လူသုံးဦးကြားထဲက တိုက်ပွဲတွေက ချန်ပီယံ၊ ဒုတိယနဲ့ တတိယတွေကို ဆုံးဖြတ်ပေးပါမယ် “
“ မလိုအပ်တဲ့ တိုက်ပွဲတွေကို ထပ်မပြောတော့ပါဘူး၊ ပြိုင်ပွဲတွေကတော့ “
“ ပထမပွဲစဥ်က ရှုကျိုးနဲ့ အမှောင်မိုးကြိုး ဓားသမားပါ “
“ ဒုတိယပွဲစဥ်က အမှောင်မိုးကြိုး ဓားသမားနဲ့ ကောင်းကင်ဖျက်လက်သီးပါ “
“ တတိယပွဲစဥ်က ကောင်းကင်ဖျက်လက်သီးနဲ့ ရှုကျိုးပါ “
“ ပွဲစဥ်တွေကို အစီအစဥ်အတိုင်း ပြုလုပ်ပါမယ်၊ ပထမပွဲစဥ်စပါမယ်၊ ပြိုင်ပွဲဝင်များက စင်ပေါ်ကို တက်လာပေးပါ၊ ယှဥ်ပြိုင်မှု စတင်ပါပြီ “