← Chapters

ကောင်းကင်လျှပ်စီး ခြေလှမ်း၊ စီရင်စုမြို့တော်မှ တုန်လှုပ်ဖွယ် အပြောင်းအလဲ

Vol. 7 Ch. 70

ကောင်းကင်လျှပ်စီး ခြေလှမ်း၊ စီရင်စုမြို့တော်မှ တုန်လှုပ်ဖွယ် အပြောင်းအလဲ

Vol. 7 Ch. 70

"ထိပ်တန်း ဂိုဏ်းသစ်ငါးဂိုဏ်း ဟုတ်လား... ထိပ်တန်း ဂိုဏ်းကြီးခုနစ်ဂိုဏ်း ဖြစ်သင့်တာ မဟုတ်ဘူးလား..."

လီတုန်းယွဲ့က နားမလည်နိုင်စွာ မေးလိုက်သည်။ သူမက ယန်ကျွယ်တိန်၏ အကြည့်ကို သတိထားမိပြီး ဘာဖြစ်နေသလဲဟု တွေးမိလိုက်သည်။

လီစစ်ဖုန်းက စိတ်မရှည်ဘဲ….

"ပြီးတော့ ဘာဖြစ်လဲ... ဒါ ကောင်းတဲ့ကိစ္စ မဟုတ်ဘူးလား... ခင်ဗျားပုံစံက ရှူးပေါက်ချင်တာ အောင့်ထားရတဲ့ပုံစံ ဖြစ်နေတယ်..."

လီချင်းချိုးက သူ့ခေါင်းကို ဖြတ်ခနဲ ရိုက်လိုက်ပြီး စိုက်ကြည့်ကာ…"စကားကို ကောင်းကောင်း ပြောစမ်း..."ဟု ဟန့်လိုက်ရသည်။

"အစ်ကို... နင် အရမ်း ရိုင်းတာပဲ..." ဟု လီစစ်ကျင်က ရွံရှာသော မျက်နှာထားဖြင့် ပြောလိုက်သည်။

ယန်ကျွယ်တိန် နောက်မဆုတ်တော့ပေ။ ဝိုင်ပန်းကန်လုံးကို ကောက်ယူ၍ တစ်ရှိန်ထိုး မော့ချလိုက်ပြီးနောက်…

"ခုနှစ်စဉ်တောင်ထွတ်မဟာမိတ်အဖွဲ့ရဲ့ ပထမမဟာမိတ်ခေါင်းဆောင်၊ ဒုတိယမဟာမိတ်ခေါင်းဆောင် နဲ့ သံမဏိတောင်ထွတ်ရဲ့ ခေါင်းဆောင် တုမြန်တို့က စားသောက်ပွဲမှာ ငါတို့ ချင်းရှောင်ဂိုဏ်းကို ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုခဲ့ကြတယ်... သိုင်းလောကဒဏ္ဍာရီရဲ့ နတ်ဘုရားသိုင်းကျမ်းကို ကုကျိုးစီရင်စု အကျိုးအတွက် လွှဲပြောင်းပေးသင့်တယ်လို့တောင် ပြောကြတယ်... စားသောက်ပွဲမှာ ရှိတဲ့လူ အများကြီးက သူတို့ပြောတာကို ထောက်ခံကြတယ်... ချင်းရှောင်ဂိုဏ်းမှာ သိုင်းလောကဒဏ္ဍာရီရဲ့ နတ်ဘုရားသိုင်းကျမ်း မရှိကြောင်း ငါ ရှင်းပြပေမဲ့ သူတို့က ဇွတ်အတင်း လုပ်နေကြတာ... နောက်ဆုံးတော့ ရွှီနင်းက သေခြင်းရှင်ခြင်း စိန်ခေါ်ပွဲလုပ်ဖို့ တောင်းဆိုလိုက်တယ်... သူ သေသွားရင် နတ်ဘုရားသိုင်းကျမ်း ကို လက်လွှတ်ပေးမယ် ဆိုပြီးတော့လေ..."

ထိုစကားကို ကြားသောအခါ ဂိုဏ်းကြီးနှစ်ဂိုဏ်း ဘာကြောင့် ပျောက်ဆုံးသွားသလဲ ဆိုတာကို လူတိုင်း နားလည်သွားကြသည်။

လီစစ်ဖုန်းက ရွှီနင်းကို စိတ်လှုပ်ရှားစွာ ကြည့်ပြီး အော်ပြောလိုက်သည်က….

"ရွှီနင်း.. နင် ဘယ်လိုလုပ် ဒီလောက်တောင် အစွမ်းထက်ရတာလဲ... ဒါ တော်တော် မိုက်တယ်ဟ... တတိယစီနီယာအစ်ကိုက ဂိုဏ်းတစ်ဂိုဏ်းကို သုတ်သင်ခဲ့တယ်... နင်ကကျတော့ တချီတည်းနဲ့ ဂိုဏ်းနှစ်ဂိုဏ်းကို မျိုးဖြုတ်ပစ်လိုက်တာပဲ..."

ရွှီနင်းက မတုန်မလှုပ်ဘဲ …

"သူတို့က မာန်မာန ထောင်လွှားပြီး ပြောဆိုနေကြတော့ ကျွန်မ သည်းမခံနိုင်တော့ဘူး... ရန်သူနဲ့ ရင်ဆိုင်ရရင် အမြစ်ပြတ် သုတ်သင်ရမယ်၊ ပြတ်သားရမယ်လို့ ဆရာ မှာထားတယ်... ကျွန်မက ဂိုဏ်းချုပ် နှစ်ယောက်ကိုပဲ သတ်လိုက်တာပါ... သူတို့ ပျက်စီးသွားရတဲ့ အဓိက အကြောင်းရင်းက နတ်ဆိုးဂိုဏ်းကြောင့်ပါ..."

"နတ်ဆိုးဂိုဏ်း ဟုတ်လား... ဘာလို့ သူတို့ ဖြစ်နေရပြန်တာလဲ..." ဟု လီစစ်ကျင်က အံ့သြတကြီး မေးလိုက်သည်။

ယန်ကျွယ်တိန်က…

"ဒုတိယမဟာမိတ်ခေါင်းဆောင်နဲ့ တုမြန်ကို ရွှီနင်း သတ်လိုက်ပြီးလို့ ခုနှစ်စဉ်တောင်ထွတ်မဟာမိတ်အဖွဲ့နဲ့ သံမဏိတောင်ထွတ် က ကျွမ်းကျင်သူတွေ လှုပ်ရှားဖို့ ပြင်လိုက်တဲ့အချိန်မှာပဲ နတ်ဆိုးဂိုဏ်းက ရုတ်တရက် ပေါ်လာတာ... သူတို့က ခေါင်မိုးပေါ်မှာ ရပ်ပြီး ခုနှစ်စဉ်တောင်ထွတ်မဟာမိတ်အဖွဲ့ နဲ့ သံမဏိတောင်ထွတ် ပျက်စီးသွားပြီလို့ ကြေညာတယ်... ပြီးတော့ ကုကျိုးစီရင်စုက ကျန်တဲ့ ဂိုဏ်းကြီးငါးဂိုဏ်းကိုလည်း သတ်ဖြတ်မယ်လို့ ကျိန်ဆိုသွားကြတယ်... အဖြူရောင်ဧကရာဇ်အိမ်တော်က နတ်ဆိုးဂိုဏ်း ကျွမ်းကျင်သူတွေကို ဖမ်းဆီးဖို့ ချက်ချင်း အမိန့်ပေးပေမဲ့ ကံဆိုးတာက အဲဒီကောင်တွေရဲ့ ကိုယ်ဖော့ပညာက အရမ်းကောင်းတော့ လွတ်သွားကြတယ်... နောက်ရက်တွေမှာ ခုနှစ်စဉ်တောင်ထွတ်မဟာမိတ်အဖွဲ့ နဲ့ သံမဏိတောင်ထွတ်မှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ဖြစ်ပွားခဲ့ပြီး အဲဒီဂိုဏ်းနှစ်ခုလုံးက ဂိုဏ်းသားတွေ အကုန် အသတ်ခံလိုက်ရတယ်ဆိုတဲ့ သတင်း စီရင်စုမြို့တော်ကို ရောက်လာတယ်... အဲဒီတော့မှ စီရင်စုမြို့တော်က ဂိုဏ်းကြီးငါးဂိုဏ်း ပဲ ကျန်တော့တယ်လို့ ကြေညာလိုက်တာ..."

"ဒါ့အပြင် စီရင်စုမြို့တော်က နတ်ဆိုးဂိုဏ်းကို အဓိက ခြိမ်းခြောက်မှုအဖြစ် တရားဝင် အသိအမှတ်ပြုလိုက်ပြီး ဂိုဏ်းကြီးငါးဂိုဏ်း အနေနဲ့ တခြား သိုင်းလောကသားတွေနဲ့ ပူးပေါင်းဖို့ အမိန့်ထုတ်ထားတယ်... နတ်ဆိုးဂိုဏ်းကြောင့် ဖြစ်ပေါ်လာတဲ့ ပရမ်းပတာ အခြေအနေကို တုံ့ပြန်ဖို့ပေါ့..."

ဤအချက်သို့ ရောက်သောအခါ လူတိုင်း နတ်ဆိုးဂိုဏ်းအကြောင်း စတင် ဆွေးနွေးလာကြသည်။

ရှိနေသူများ အားလုံးသည် ချင်းရှောင်ဂိုဏ်း၏ အဆင့်မြင့် ပုဂ္ဂိုလ်များ ဖြစ်ကြပြီး နတ်ဆိုးဂိုဏ်းနှင့် ရင်းနှီးပြီးသား ဖြစ်ကြသည်။ နတ်ဆိုးဂိုဏ်း၏ သရဲခုနှစ်ကောင်လာရောက်ခဲ့ဖူးသည်ကို ကြည့်ခြင်းအားဖြင့် နတ်ဆိုးဂိုဏ်းက ချင်းရှောင်ဂိုဏ်း၏ ရန်သူ ဖြစ်နေပြီဟု ဆိုနိုင်သည်။

ကံဆိုးစွာဖြင့် ယန်ကျွယ်တိန်နှင့် ရွှီနင်းတို့သည်လည်း လက်ရှိ နတ်ဆိုးဂိုဏ်း ဘယ်လောက် စွမ်းအားကြီးမားလဲ ဆိုတာကို မသိကြပေ။ သို့သော် ထိုနတ်ဆိုးဂိုဏ်း ဆရာသခင်များ၏ စကားကို ထောက်ရှုလျှင် နတ်ဆိုးဂိုဏ်းက သိုင်းလောက တစ်ခုလုံးကို ဖြိုလှဲပစ်နိုင်မည်ဟု လုံးဝ ယုံကြည်မှု ရှိနေသည်။

လီချင်းချိုးက…"ကျွယ်ရှန်းဂိုဏ်းရော ဘယ်လိုလဲ... ဘာလို့ သူတို့က ထိပ်တန်း ဂိုဏ်းကြီးငါးဂိုဏ်း စာရင်း မဝင်တာလဲ..."

ယန်ဝူကျင်းက သိုင်းပညာ ကျွမ်းကျင်ပြီး လင်းချွမ်ဒေသ ထန်မိသားစု၏ ပံ့ပိုးမှုလည်း ရှိရာ ကျွယ်ရှန်းဂိုဏ်း အနေဖြင့် အောင်မြင်သင့်သည်။

ယန်ကျွယ်တိန်က လီချင်းချိုးကို ကြည့်ပြီး ပြန်ဖြေလိုက်သည်။

"ကျွယ်ရှန်းဂိုဏ်းက မြောက်ဘက်ကို ရွှေ့သွားပြီ... သူတို့ရဲ့ အရှိန်အဟုန်က တော်တော် ပြင်းထန်တယ်... သူတို့ ဂိုဏ်းချုပ် ယန်ဝူကျင်းက တုန်းလင်းစီရင်စုရဲ့ ဂိုဏ်းပေါင်းစုံကို ဖြတ်ကျော် တိုက်ခိုက်ပြီး ကြီးမားတဲ့ ဂုဏ်သတင်းကို ရယူခဲ့တယ်... အဖြူရောင်ဧကရာဇ်အိမ်တော်က ဧည့်ခံပွဲမှာ လူအများအပြားက သူ့အကြောင်း ပြောနေကြတယ်..."

ထိုစကားကို ကြားပြီးနောက် လီချင်းချိုး အနည်းငယ် ခေါင်းညိတ်လိုက်သည်။ ယန်ဝူကျင်းသည်လည်း ဧကရာဇ်နှင့် နတ်ဆိုးဂိုဏ်းကို ဆန့်ကျင်သော ဂိုဏ်းခေါင်းဆောင် တစ်ယောက် ဖြစ်သည်။ အကယ်၍ သူ ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်လာပါက ချင်းရှောင်ဂိုဏ်းအတွက် ကောင်းသောကိစ္စ ဖြစ်ပေလိမ့်မည်။

ကျန်းယွီချွန်းက လီချင်းချိုးကို ကြည့်ပြီး မေးလိုက်သည်။

"ဂိုဏ်းချုပ်... စီရင်စုမြို့တော်က ဂိုဏ်းကြီးငါးဂိုဏ်းကို နတ်ဆိုးဂိုဏ်း ရှာဖွေရေးအတွက် ဂိုဏ်းသားတွေ စေလွှတ်ဖို့ ဆင့်ခေါ်ထားတယ်... ကျွန်တော်တို့ ဘယ်လိုတုံ့ပြန်သင့်လဲ..."

လီချင်းချိုးက …

"မလိုပါဘူး... ချင်းရှောင်ဂိုဏ်းအနေနဲ့ ထိုက်ခွန်းတောင်တန်းက လူတွေကို ကာကွယ်ပေးနိုင်ရင်ပဲ လုံလောက်ပါပြီ... လွန်ခဲ့တဲ့ ရက်အနည်းငယ်က လူတွေ တောင်ပေါ်တက်ပြီး ချင်းရှောင်ဂိုဏ်းဆီက အကူအညီ လာတောင်းကြတယ်... နောင်ဆိုရင် အဲဒီလိုကိစ္စမျိုးတွေ အများကြီး ရှိလာလိမ့်မယ်... ငါတို့ရဲ့ ဂိုဏ်းသား အရေအတွက်က တခြား ဂိုဏ်းကြီးလေးဂိုဏ်းထက် အများကြီး နည်းတယ်လေ... ငါတို့မှာ အဲဒီလောက် လူအင်အား မရှိဘူး..."

ကျန်းယွီချွန်းက ခေါင်းညိတ်လိုက်သည်။ သူလည်း ထိုသို့ပင် တွေးမိသော်လည်း ဂိုဏ်းနှင့် ပတ်သက်သော အရေးကြီး ကိစ္စများကို လီချင်းချိုး ဆုံးဖြတ်ပေးရန် လိုအပ်သည်။

"ကဲ... နတ်ဆိုးဂိုဏ်းက သိုင်းလောကမှာ တကျော့ပြန် ပေါ်လာပြီ... သူတို့က သိုင်းလောက တစ်ခုလုံးကို ခြိမ်းခြောက်နိုင်သည်ဖြစ်စေ၊ မခြိမ်းခြောက်နိုင်သည်ဖြစ်စေ ချင်းရှောင်ဂိုဏ်းကိုတော့ ခြိမ်းခြောက်နေပြီ ... ငါတို့ ပေါ့ဆလို့ မရတော့ဘူး... နတ်ဆိုးဂိုဏ်းက အချိန်မရွေး ကျူးကျော်လာနိုင်တယ်..."

လီချင်းချိုးက လူတိုင်းကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်ရာ အားလုံး ခေါင်းညိတ်ကြသည်။ သူတို့အားလုံး ကြောက်ရွံ့ခြင်း မရှိသော်လည်း အရေးတကြီး လိုအပ်နေသော ခံစားချက်ကိုသာ ရရှိလိုက်ကြသည်။

ချင်းရှောင်ဂိုဏ်း ကြီးထွားရန် အချိန်များစွာ လိုအပ်သည်။

နာရီဝက်ခန့် စကားပြောပြီးနောက် လူတိုင်း လူစုခွဲလိုက်ကြပြီး လီချင်းချိုးက ရွှီနင်းကို ခေါ်၍ တောင်နောက်ကျောရှိ သစ်တောဘက်သို့ ထွက်လာခဲ့သည်။

ယန်ကျွယ်တိန်က အဖြူရောင်ဧကရာဇ်အိမ်တော် ခရီးစဉ် အဖြစ်အပျက်များကို ပြောပြပြီးပြီ ဖြစ်သော်လည်း ဆရာတစ်ယောက် အနေဖြင့် လီချင်းချိုးဘက်က ရွှီနင်းကို အထူး ဂရုစိုက်ပေးရန် လိုအပ်သေးသည်။ ရွှီနင်းက သူ့ထံမှချီးကျူးစကားကို တောင့်တနေပြီး အထူးသဖြင့် ကျောက်ကျိန်း သူ့တပည့် ဖြစ်လာပြီးနောက် ထိုကောင်မလေးခင်မျာ မလုံခြုံသလို ခံစားနေရသည်။

လီချင်းချိုးလည်း ရွှီနင်းအတွက် အမှန်တကယ် ဂုဏ်ယူမိပါသည်။ ရွှီနင်းက ချင်းရှောင်ဂိုဏ်းကို ဂုဏ်သတင်း ကျော်ကြားစေရုံသာမက သူ့အတွက် အမွေအနှစ် ဆုလာဘ် ကိုလည်း ရရှိစေခဲ့သည်။

သူသည် အမွေအနှစ် ဆုလာဘ်ကို အသက်သွင်းပြီးပြီ ဖြစ်ကာ ကောင်းကင်လျှပ်စီးခြေလှမ်း ဟု ခေါ်သော လျှပ်စီးဓာတ်သဘောဆောင်သည့် ဂါထာမန္တန် တစ်ခုကို ရရှိထားရာ ရွှီနင်းနှင့် အလွန် သင့်လျော်သည်။ထို့ကြောင့် ဤ ဂါထာမန္တန်ကို သူမထံ လွှဲပြောင်းပေးရန် ဆုံးဖြတ်လိုက်သည်။

ရွှီနင်းက ဓားကို အသုံးပြုသော်လည်း သူမသည် ဓားကျင့်ကြံသူ လမ်းစဉ်ကို လိုက်နေခြင်း မဟုတ်ပေ။ ကံဆိုးစွာဖြင့် ချင်းရှောင်ဂိုဏ်းတွင် ဂါထာမန္တန် နည်းပါးလွန်းသဖြင့် သူမ၏ကိုယ်ပိုင် ပါရမီကို အမှန်တကယ် နားလည်သဘောပေါက်ခြင်း မရှိသေးပေ။

လူရှင်းသွားသောအခါ ရွှီနင်း ပို၍ သက်ဝင်လှုပ်ရှားလာပြီး ခရီးစဉ်တွင် ဖြစ်ပျက်ခဲ့သည်များနှင့် သူမ တိုက်ခိုက်စဉ်က ခံစားချက်များကို လီချင်းချိုးအား တက်ကြွစွာ ပြောပြလေသည်။

လီချင်းချိုးကလည်း စိတ်ရှည်လက်ရှည် နားထောင်ပေးသည်။ သူ့တွင် တပည့်လေးယောက် ရှိသော်လည်း သူ အချစ်ဆုံးမှာ သူ့တပည့်ကြီး ရွှီနင်း ဖြစ်နေဆဲပင်။

အနာဂတ်တွင် ပါရမီရှင်များ မည်မျှပင် ထူးချွန်လာပါစေ ရွှီနင်းကို ဂိုဏ်း၏ ထိပ်တန်းနေရာတွင် ရပ်တည်စေလိုသည်။

...

ချင်းရှောင်ဂိုဏ်း ကုကျိုးစီရင်စု၏ ထိပ်တန်း ဂိုဏ်းကြီးငါးဂိုဏ်း အနက် တစ်ခု ဖြစ်လာသည့် သတင်း စီရင်စုတစ်ဝန်း လျင်မြန်စွာ ပျံ့နှံ့သွားသည်။ ကျန်းယွီချွန်းက ဂိုဏ်းသား အားလုံး သိရှိစေရန် ကြေညာချက် ထုတ်ပြန်ခဲ့သော်လည်း ဂိုဏ်းသားများ၏ ခံစားချက်မှာ သိပ်ထူးထူးခြားခြား မရှိလှပေ။

လဝက်ခန့် ကြာသောအခါမှသာ ချမ်းသာသော မိသားစုများ၊ ကုန်သည်များ၊ ဂိုဏ်းငယ်များနှင့် အစိုးရ အရာရှိများ လာရောက် လည်ပတ်ကြပြီး ထိုအခါမှသာ ဂိုဏ်းသားများအားလုံး ကုကျိုးစီရင်စု၏ ဂိုဏ်းကြီးငါးဂိုဏ်း ဆိုသော အမည်နာမ၏ လွှမ်းမိုးမှုကို သဘောပေါက်လာကြသည်။

နွေရာသီကုန်ဆုံး၍ ဆောင်းဦးသို့ ရောက်သောအခါ ချင်းရှောင်ဂိုဏ်းသား အရေအတွက် သုံးရာကို ကျော်လွန်လာခဲ့ပြီး ၎င်းမှာ သေချာ စိစစ်ရွေးချယ်ထားပြီး ဖြစ်သည်။

ယနေ့ လင်းရှောင်ဝင်းထဲတွင် ကျန်းယွီချွန်းနှင့်လီချင်းချိုးတို့ တွေ့ဆုံ၍ တရားဥပဒေ စိုးမိုးရေး အာဏာစနစ် တည်ထောင်ရန် ဆွေးနွေးနေကြသည်။

"လောလောဆယ် အပြစ်ပေးအုပ်ချုပ်ရေးခန်းမလို့ ခေါ်ကြတာပေါ့... နင်းအာကို ခန်းမသခင် ခန့်မယ်... ဂိုဏ်းသား အယောက် ၂၀ ကို စတင် ရွေးချယ်ပြီး ချိုင်ယွင်ရှန်းကိုလည်း စာရင်းထဲ ထည့်လိုက်..."

လီချင်းချိုး သေချာ စဉ်းစားလိုက်သည်။ နာမည်က သိပ်တော့ မဆန်းသစ်လှပေ၊ မည်သို့ပင်ဖြစ်စေ ချင်းရှောင်ဂိုဏ်း၏ ရာဇဝတ်မှုဆိုင်ရာ ဥပဒေက အပြည့်အဝ မပြည့်စုံသေးပါ။

ချိုင်ယွင်ရှန်းက သိုင်းပြိုင်ပွဲစင်မြင့်သို့ သိုင်းလေ့ကျင့်ရန် မကြာခဏ သွားလေ့ရှိပြီး ဂိုဏ်းသားများကိုလည်း လမ်းညွှန်ပေးလေ့ရှိသည်။ သူမ ချင်းရှောင်ဂိုဏ်းတွင် နာမည်တစ်ခု ရရှိထားပြီး ဖြစ်ကာ ကျန်းယွီချွန်းလည်း သူမကို သိသည်။

ကျန်းယွီချွန်းက ခေါင်းညိတ်ပြီး….

"အပြစ်ပေးအုပ်ချုပ်ရေးခန်းမ တည်ထောင်ပြီးတာနဲ့ တခြား အာဏာခွဲဝေမှုတွေလည်း လုပ်ရလိမ့်မယ်... ကျွန်တော့် အာဏာက ကြီးလွန်းနေတယ်... ကျွန်တော့်ကြီးကြပ်ဖို့ ခန်းမတစ်ခုတည်ဆောကိလိုက်ရမလား..."

"ဂိုဏ်းချုပ်... ကျွန်တော် နောက်နေတာ မဟုတ်ဘူးနော်... ကျွန်တော့်မှာလည်း တပည့်တွေနဲ့ ကိုယ်ပိုင် ကွန်ရက်တွေ ရှိတယ်လေ... ကျွန်တော့်အာဏာကို ထိန်းကျောင်းတာမျိုး မရှိရင် ကျွန်တော်က အကျိုးစီးပွားတွေကြောင့် မကြာခဏ ဖိအားပေးခံရပြီး ကိုယ့်ဆန္ဒနဲ့ ဆန့်ကျင်တဲ့ လုပ်ရပ်တွေ လုပ်မိလိမ့်မယ်... ပြီးတော့ စည်းကမ်းမရှိရင် စနစ်ကျမှာ မဟုတ်ဘူး..."

လီချင်းချိုးတွင် အကြံတစ်ခု ရှိပြီးသား ဖြစ်သဖြင့်…

"ဒါဆိုရင် ဝိညာဉ်စီမံခန့်ခွဲရေးခန်းမကို ထပ်တည်ထောင်ကြတာပေါ့... ဝိညာဉ်စီမံခန့်ခွဲရေးခန်းမက ဂိုဏ်းသားတွေရဲ့ စာရင်း၊ ဌာန ပြောင်းရွှေ့မှုနဲ့ လုပ်အား ပါဝင်ကူညီမှုတွေကို မှတ်တမ်းတင်ဖို့ တာဝန်ယူရမယ်... မင်း ခန်းမသခင် လုပ်ရမယ်... စတုတ္ထဂျူနီယာညီမလေးနဲ့ ယန်ကျွယ်တိန်ကို ဝိညာဉ်စီမံခန့်ခွဲရေးခန်းမရဲ့ အကြီးအကဲတွေအဖြစ် ခန့်မယ်... ဝိညာဉ်စီမံခန့်ခွဲရေးခန်းမက ဂိုဏ်းသား ၁၅ ယောက် ခေါ်ယူလို့ရတယ်...မင်းတို့ သုံးယောက် တစ်ယောက်ကို ၅ ယောက်စီ ရွေးလိုက်..."

"ကောင်းပြီ..."

ကျန်းယွီချွန်း ကန့်ကွက်စရာ မရှိသည့်အပြင် သက်ပြင်းချနိုင်သွားသည်။

ချင်းရှောင်ဂိုဏ်းက ကုကျိုးစီရင်စု၏ ဂိုဏ်းကြီးငါးဂိုဏ်း ထဲမှ တစ်ခု ဖြစ်လာကတည်းက လူအများအပြား သူ့ထံ ရောက်လာကြသည်။ သူတို့ မိသားစုဝင်များကို ချင်းရှောင်ဂိုဏ်းထဲ သွတ်သွင်းချင်ကြသည်၊ သို့မဟုတ် သူတို့ ကလေးများအတွက် ပိုမြင့်မားသော ရာထူး လိုချင်ကြသည်။ တချို့ဆိုလျှင် သိုင်းပညာကို ငွေပေး၍ ဝယ်ယူချင်ကြသည်။ သူ ရရှိထားသော ငွေပမာဏ အမြောက်အမြားက သူ့ကို တုန်လှုပ်စေသည်။ ယခု တစ်စုံတစ်ယောက်က သူ့အာဏာကို လျှော့ချပေးလိုက်သဖြင့် ၎င်းကို ဆင်ခြေအဖြစ် သူ အသုံးပြုနိုင်ပြီ ဖြစ်သည်။

ထို့နောက် နှစ်ယောက်သား ဂိုဏ်းသား အုပ်စုနှစ်ခု၏ ခံစားခွင့်များကို ဆွေးနွေးကြသည်။ မည်သို့ပင်ဖြစ်စေ ဤအလုပ်များကို လုပ်ဆောင်ခြင်းက ဂိုဏ်းသားများ၏ သိုင်းပညာ လေ့ကျင့်မှုကို နှောင့်နှေးစေနိုင်သဖြင့် သူတို့ကို အလကား ခိုင်း၍ မရနိုင်ပေ။ ထို့ပြင် ခံစားခွင့် အစီအစဉ် ချမှတ်ခြင်းက ဂိုဏ်းသားများ၏ စိတ်ဓာတ်ကို တည်ငြိမ်စေပြီး ငွေကြေး သွေးဆောင်မှု မခံရအောင် ကာကွယ်ပေးနိုင်သည်။

နောက်ဆုံးတွင် အပြစ်ပေးအုပ်ချုပ်ရေးခန်းမမှ ဂိုဏ်းသားများသည် တစ်လလျှင် ကြေးပြား ၁၀ တန်း ရရှိမည်ဖြစ်ပြီး ဝိညာဉ်စီမံခန့်ခွဲရေးခန်းမမှ ဂိုဏ်းသားများကတော့ တစ်လလျှင် ကြေးပြား ၈ တန်း ရရှိမည်ဟု အတည်ပြုလိုက်ကြသည်။

ထိုခံစားခွင့်က အဆင့်နိမ့် အရာရှိအများစုပင် မရရှိနိုင်သော လစာပမာဏ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ဂိုဏ်းသားများ တွင်လည်း မိသားစုနှင့် အိမ်စရိတ်များ ရှိကြသည်။

ယနေ့မှစ၍ ချင်းရှောင်ဂိုဏ်းတွင် ဂိုဏ်းသားများ၏ အာဏာနှင့် အကျိုးခံစားခွင့်များကို စဉ်ဆက်မပြတ် မွမ်းမံပြင်ဆင်သွားမည်ဖြစ်ပြီး အခြေအနေကို တည့်မတ်ကာ ပရမ်းပတာ ဖြစ်မှုများကို ဖယ်ရှားသွားမည်။

ဝိညာဉ်စီမံခန့်ခွဲရေးခန်းမနှင့် အပြစ်ပေးအုပ်ချုပ်ရေးခန်းမ တည်ထောင်ခြင်းက ဂိုဏ်းအတွင်း လျင်မြန်စွာ လှုပ်ခတ်သွားစေပြီး ဂိုဏ်းသား အများစုမှာ နေရာရရန် အပြိုင်အဆိုင် ကြိုးစားကြကာ သူတို့၏ စွမ်းရည်များကို ထုတ်ပြကြသည်။

တောင်ပေါ်တွင် ကျန်ရစ်သော ဧည့်သည်များ ထိုသတင်းကို ကြားသောအခါ ကျန်းယွီချွန်း၊ လီတုန်းယွဲ့နှင့် ယန်ကျွယ်တိန်တို့ထံ သွားရောက် လည်ပတ်ကြပြီး အခွင့်အရေးယူ၍ မျက်နှာလိုမျက်နှာရ လုပ်ကြသည်။

လီချင်းချိုးက ထိုကိစ္စများကို ဂရုမစိုက်ဘဲ ဂျူနီယာညီလေးနှင့် ညီမလေးများကိုသာ သူတို့ဘာသာ စိတ်ပူခိုင်းလိုက်သည်။ သူသည် ကျောက်ကျိန်းနှင့် ယွမ်လီတို့ကို နေ့စဉ် ကျင့်ကြံခြင်းတွင်သာ ဆက်လက် ဦးဆောင်နေသည်။

ကျောက်ကျိန်း၏ မဟာနေမင်းယန်စွမ်းအင်သိုင်း လျင်မြန်စွာ တိုးတက်နေသဖြင့် လီချင်းချိုးက သူ့ကို ဟွမ်ယွမ်ကျမ်းစာ ၏ အခြေခံ စိတ်ဝိညာဉ်ကျင့်စဉ်ကို စောစီးစွာ သင်ပေးလိုက်ပြီး တတ်မြောက်နိုင်ခြင်း ရှိမရှိ စောင့်ကြည့်နေသည်။ စိတ်ဝိညာဉ်ကျင့်စဉ်က မဟာနေမင်းယန်စွမ်းအင်သိုင်းကို ပြောင်းလဲပေးနိုင်မည် ဖြစ်သည်။

ယွမ်လီသည် လီချင်းချိုးနှင့်အတူ မြေအောက် ဝိညာဉ်ရေကန် သို့ မကြာခဏ သွားရောက်သော်လည်း မူလအားဖြည့်နယ်ပယ် ပထမအဆင့်သို့ ရောက်ရှိနိုင်ခြင်း မရှိသေးပေ။ သူ့အစ်ကို ယွမ်ချီကတော့ ထိုကဲ့သို့ အခွင့်အရေး မရရှိဘဲနှင့် မူလအားဖြည့်နယ်ပယ် ပထမအဆင့် သို့ ရောက်ရှိပြီးဖြစ်ရာ သူ့ကို အလွန် စိတ်ပျက်စေသည်။ သို့သော် ကံကောင်းထောက်မစွာဖြင့် လီချင်းချိုးက အဆက်မပြတ် အားပေးနေသဖြင့် သူ လက်မလျော့ခဲ့ပေ။

လီချင်းချိုး အပြစ်ပေးအုပ်ချုပ်ရေးခန်းမသို့ စစ်ဆေးရန် သွားသောအခါ မူလအားဖြည့်နယ်ပယ် ပထမအဆင့်သို့ ရောက်ရှိနေပြီဖြစ်သော ချိုင်ယွင်ရှန်းကို တွေ့ခဲ့ရသည်။

လီချင်းချိုးက သူမအား ဟွမ်ယွမ်ကျမ်းစာ၏ ပထမအဆင့် စိတ်ဝိညာဉ်ကျင့်စဉ်ကို သင်ပေးလိုက်သည်မှာ ၅ ရက်သာ ရှိသေးသည်။ ဤကဲ့သို့သော ကျင့်ကြံမှု အရှိန်အဟုန်က သေချာပေါက် ထူးချွန်သည်ဟု ဆိုရမည်။

ချိုင်ယွင်ရှန်းက လီချင်းချိုးနှင့် တွေ့ဆုံသောအခါ လူရှေ့တွင် ကျေးဇူးတင်စကား မဆိုဘဲ အခြား ဂိုဏ်းသားများ ကဲ့သို့ပင် ပြုမူနေထိုင်သည်။

မထွက်ခွာမီ လီချင်းချိုးက ရွှီနင်းထံ တိတ်တဆိတ် သတင်းပါးလိုက်ပြီး ဟွမ်ယွမ်ကျမ်းစာ၏ ဒုတိယအဆင့် စိတ်ဝိညာဉ်ကျင့်စဉ်ကို ချိုင်ယွင်ရှန်းအား လွှဲပြောင်းပေးရန် မှာကြားလိုက်သည်။

ထို့နောက် လီချင်းချိုးက ဝိညာဉ်စီမံခန့်ခွဲရေးခန်းမ၏ ထပ်ခိုးဆောင်သို့ သွားပြီး ဂိုဏ်းချုပ် အနေဖြင့် ဝိညာဉ်စီမံခန့်ခွဲရေးခန်းမ အဖွဲ့ဝင် ၁၅ ယောက်ကို အားပေးစကား ပြောကြားခဲ့သည်။ ဂိုဏ်းသားများ ထွက်ခွာသွားပြီးနောက် ကျန်းယွီချွန်းက လီချင်းချိုးကို သူ့အိမ်ထဲသို့ ဖိတ်ခေါ်လိုက်သည်။

သူက သစ်သားဗီရိုထဲမှ စာရင်းတစ်ခုကို ယူလိုက်ပြီး….

"ဒါက မူလအားဖြည့်နယ်ပယ်ကို ရောက်ရှိထားတဲ့ ဂိုဏ်းသားတွေရဲ့ စာရင်းပါ... စုစုပေါင်း ၄၆ ယောက် ရှိပါတယ်... ဂိုဏ်းသား နှစ်ယောက်ပဲ မူလအားဖြည့်နယ်ပယ် ဒုတိယအဆင့် ကို ရောက်ပါသေးတယ်..."

လီချင်းချိုး ထိုင်လိုက်ပြီး စာရင်းကို ကောက်ယူ၍ လှန်လှောကြည့်ရှုလိုက်သည်။ သူ တိုးတိုးလေး ရယ်မောလိုက်ပြီး…

"မူလအားဖြည့်နယ်ပယ် ဒုတိယအဆင့် ဆိုတာ ရောက်ဖို့ သိပ်မလွယ်ဘူးလေ... ၄၆ ယောက်က မူလအားဖြည့်နယ်ပယ် ပထမအဆင့်ကို ဝင်ရောက်သွားပြီ ဆိုတာကပဲ တော်တော် ကြီးမားတဲ့ အောင်မြင်မှု ဖြစ်နေပါပြီ... ဂိုဏ်းသားတွေ အရမ်း ကြိုးကြိုးစားစား လေ့ကျင့်နေကြတယ် ဆိုတာ ပြသနေတာပေါ့..."

ကျန်းယွီချွန်း ပြုံးလိုက်ပြီး ..

"ဟုတ်ပါတယ်... ကျွန်တော် အတော်လေး ကျေနပ်ပါတယ်... ဒါပေမဲ့ လူတွေက အမြဲတမ်း ပိုလိုချင်ကြတာပဲလေ..."

မူလအားဖြည့်နယ်ပယ် ပထမအဆင့်သို့ ဝင်ရောက်သည်နှင့် သိုင်းလောကမှ ဒုတိယတန်းစား ဆရာသခင်များနှင့် ယှဉ်ပြိုင်နိုင်ပြီး မူလအားဖြည့်နယ်ပယ် ပထမအဆင့်၏ အထွတ်အထိပ်သို့ ရောက်သူများသည်ပင် ပထမတန်းစား ဆရာသခင်များ ကိုပင် ယှဉ်ပြိုင်နိုင်သည်။

ဂိုဏ်းအများစုတွင် ဒုတိယတန်းစား ကျွမ်းကျင်သူများက အမာခံများ ဖြစ်ကြသည်၊ သို့မဟုတ် ဂိုဏ်း၏ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်များပင် ဖြစ်တတ်သည်။

"နောက်ဆိုရင် မူလအားဖြည့်နယ်ပယ် ဒုတိယအဆင့်ကို ရောက်တဲ့သူတွေမှပဲ တပည့်ရင်း ဖြစ်ခွင့်ရမယ်..."

လီချင်းချိုးက စာရင်းကို အမြန်ကြည့်လိုက်ပြီး ကျန်းယွီချွန်းကို မော့ကြည့်ကာ လေးလေးနက်နက် ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ ကျန်းယွီချွန်း ချက်ချင်း ဝမ်းသာအားရ သဘောတူလိုက်သည်။

စီနီယာအစ်ကို နှစ်ယောက် အချိန်အတန်ကြာ စကားပြောပြီးနောက် လီချင်းချိုး ပြန်ရန် ထရပ်လိုက်သည်။ ကျန်းယွီချွန်းက အဆောက်အအုံမှ ထွက်သည်အထိ လိုက်ပို့ပေးရာ သူတို့နှစ်ယောက် ဝိညာဉ်စီမံခန့်ခွဲရေးခန်းမ၏ ခြေရင်းသို့ ရောက်ရှိလာကြသည်။

"ဂိုဏ်းချုပ်လီ... ဒီမှာ တွေ့ရတာ ကောင်းလိုက်တာ... ကျွန်တော် ပြောစရာ ရှိလို့ပါ..."

ကျယ်လောင်သောအသံတစ်ခု အနောက်ဘက်မှ ထွက်ပေါ်လာသဖြင့် လီချင်းချိုးတို့ လှည့်ကြည့်လိုက်ရာ ကုန်သည် လျူဖန်ကျိုးက အစောင့်နှစ်ယောက်နှင့်အတူ သူတို့ထံ အလျင်အမြန် လျှောက်လာသည်ကို တွေ့လိုက်ရသည်။

လီချင်းချိုးတို့အနား ရောက်လာသောအခါ သူ့တကိုယ်လုံး ချွေးများ ရွှဲနေသည်။ သူက နဖူးမှချွေးကို သုတ်ရင်း လေသံတိုးတိုးဖြင့်….

"ကြောက်စရာကောင်းတဲ့ကိစ္စ ဖြစ်သွားပြီ... နတ်ဆိုးဂိုဏ်းက စီရင်စုမြို့တော်ကို ဝင်စီးလိုက်ပြီ... စီရင်စုဘုရင်ခံ အသတ်ခံလိုက်ရပြီး သူ့အလောင်းကို မြို့တံခါးဝမှာ ချိတ်ထားတယ်တဲ့... မြို့ထဲက စစ်တပ်ကလည်း ပုန်ကန်ကုန်ကြပြီ... စီရင်စုမြို့တော် တစ်ခုလုံး ပိတ်ဆို့ခံထားရပြီး အတွင်းထဲက ဘယ်သူမှ ထွက်လို့ မရတော့ဘူး..."

All Chapters