စစ်မှန်သောသိုင်းခန္ဓာ
Vol. 7 Ch. 63
"နတ်ဘုရားသိုင်းပညာကို ခိုးယူမယ်လို့ ကျွန်မ မပြောခဲ့ပါဘူး... အလဲအလှယ်လုပ်ချင်ရုံပါ..."
အနက်ရောင်ဝတ် အမျိုးသမီးက "ဒါပဲလေ..." ဟု ရေရွတ်လိုက်ပြီး သူမ၏ အကြည့်များက မီးခိုးရောင် ဝတ်ရုံဝတ် အဘိုးအိုထံတွင် စူးစိုက်နေသော်လည်း အဘိုးအိုက တုပ်တုပ်မျှ မလှုပ်ပေ။
သူမက အသက်ပြင်းပြင်း ရှိုက်လိုက်ပြီး လေသံပျော့သွားပြီး…
"ဦးလေးကု... ကျွန်မနဲ့အတူ နောက်ဆုံးတစ်ခေါက် လိုက်ခဲ့ပေးပါ... အဆင်မပြေရင် ကျွန်မ ကံတရားကို လက်ခံပြီး အကျိုးစီးပွားချင်း ဖလှယ်တဲ့ မိသားစုကစားပွဲထဲက နယ်ရုပ်တစ်ရုပ်အဖြစ် ပြန်သွားပါ့မယ်... ဒီတစ်ခါ ဦးလေးကို ဘယ်သူနဲ့မှ ပြဿနာ အဖြစ်မခံစေရပါဘူး... မအောင်မြင်ရင် ဒါဟာ ကျွန်မရဲ့ ကံကြမ္မာလို့ပဲ မှတ်ယူလိုက်ပါ့မယ်..."
ဦးလေးကုဟု လူသိများသော မီးခိုးရောင် ဝတ်ရုံဝတ် အဘိုးအိုက သက်ပြင်းချလိုက်ပြီး ကူကယ်ရာမဲ့စွာဖြင့်….
"သခင်မလေး... ကျုပ်လည်း တစ်ချိန်က ကျန်းဟူမှာ နာမည်ရခဲ့ဖူးပါတယ်... လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်က သိုင်းလောကကျွမ်းကျင်သူဟောင်းလို့ ပြောလိုက်ရင် ကျုပ်နာမည် ကြားတာနဲ့ မတုန်လှုပ်တဲ့သူ ဘယ်ရှိမလဲ... ဒါပေမဲ့ ကျန်းဟူမှာ ပါရမီရှင်အသစ်တွေ အမြဲ ပေါ်ထွက်နေစမြဲပဲ... ကျန်းဟူက ကျော်ကြားမှုဆိုတာ ခဏတာပါပဲ... မိသားစုကြီးတွေ မျိုးဆက်တစ်ခုပြီးတစ်ခု အမွေဆက်ခံနိုင်ခဲ့တာဟာ ခဏတာ ကျော်ကြားမှုကြောင့် မဟုတ်ဘဲ အခြေခံအုတ်မြစ် ခိုင်မာလို့ပဲ... သခင်မလေး နတ်ဘုရားသိုင်းပညာကို သင်ယူနိုင်ပြီး မိသားစုရဲ့ အမြင်ကို ပြောင်းလဲနိုင်ရင်တောင်မှ သခင်မလေးရဲ့ သိုင်းပညာက မိသားစုအတွက် ဘယ်လောက် အကျိုးရှိစေမှာလဲ..."
သူ မပြောလိုက်သော စကားတစ်ခွန်း ရှိသေးသည်။ ထိုစကားက….
မင်း ငါ့လောက် သန်မာရင်တောင် မင်းမိသားစုအတွက် ခွေးတစ်ကောင်လို အလုပ်လုပ်ပေးရဦးမှာပဲ...
အနက်ရောင်ဝတ် အမျိုးသမီး နှုတ်ဆိတ်နေသည်။
သူမ၏ အမည်မှာ ချိုင်ယွင်ရှန်း ဖြစ်ပြီး ကျန်းကျိုးဒေသ ချိုင်မိသားစုမှ ဖြစ်သည်။ ချိုင်မိသားစု၏ သမိုင်းကြောင်းကို သူမ ကောင်းကောင်း သိသည်။ နှစ်ပေါင်းသုံးရာ တိုင်အောင် လက်ဆင့်ကမ်းလာခဲ့ခြင်း ဖြစ်ပြီး မင်းဆက်သစ် ရောက်လာပြီးနောက် မိသားစု၏ အာဏာ ကျဆင်းလာခဲ့သည်။ ချိုင်မိသားစုက ကျုံးထျန်းကျိုး (အလယ်ပိုင်းစီရင်စု) သို့ ထိုးဖောက်ဝင်ရောက်ရန် အမြဲ ဆန္ဒရှိခဲ့သည်။ ထို့အတွက်ကြောင့် ချိုင်မိသားစုက အစွမ်းထက်သော အင်အားစုများနှင့် မိတ်ဖွဲ့ခဲ့သည်။ ချိုင်မိသားစုမှ အမျိုးသမီးများခင်မျာ လက်ထပ်ထိမ်းမြားရန် စီစဉ်ခံရသည့် ကံကြမ္မာမှ မလွတ်မြောက်နိုင်ကြပေ။ ယခင်က သူမ၏ ဖခင်သည် သူမကို ခုနှစ်စဉ်တောင်ထွတ်မဟာမိတ်အဖွဲ့မှ လုထိုက်သိုနှင့် စေ့စပ်ပေးရန် ရည်ရွယ်ခဲ့သည်။
ခုနှစ်စဉ်တောင်ထွတ်မဟာမိတ်အဖွဲ့၏ ကျန်းဟူ အာဏာစက်ကို မျက်စိကျနေသောကြောင့် သူမ ခုနှစ်စဉ်တောင်ထွတ်မဟာမိတ်အဖွဲ့ဆီ တစ်ယောက်တည်း သွားခဲ့ခြင်း ဖြစ်သည်။
"ကျွန်မသာ သိုင်းလောက ဒဏ္ဍာရီလောက် စွမ်းအားကြီးမယ်ဆိုရင်ရော..."
ချိုင်ယွင်ရှန်းက သိုင်းလောကကျွမ်းကျင်သူဟောင်းကို စိုက်ကြည့်ကာ မေးလိုက်သည်။
သိုင်းလောကကျွမ်းကျင်သူဟောင်းက မဲ့ပြုံး ပြုံးလိုက်ပြီး…
"သိုင်းလောက ဒဏ္ဍာရီတွေဆိုတာ အဲဒီလောက် လွယ်လွယ် ဖြစ်လာတာ မဟုတ်ဘူး..."
"ကျွန်မ အစ်မက ကျန်းကျိုးက စစ်ဗိုလ်ချုပ်တစ်ယောက်နဲ့ လက်ထပ်ပြီးပြီ... အဖေက သူ့ရဲ့ အဆက်အသွယ် ကွန်ရက်ကို ဖြည့်ဆည်းဖို့ ကျွန်မ အစ်မအတွက် သင့်တော်တဲ့ လက်တွဲဖော်ကို ရှာနေတုန်းပဲ... ကျွန်မ ဒီလိုအဖြစ်မျိုးကို လက်မခံချင်ဘူး... ဒါကြောင့် ကျေးဇူးပြုပြီး နောက်ဆုံးတစ်ကြိမ် ကူညီပေးပါ ဦးလေးကု..."
သိုင်းလောကကျွမ်းကျင်သူဟောင်းက ကူကယ်ရာမဲ့စွာ ပြုံးလိုက်ပြီး
"ကောင်းပြီလေ... တစ်ကြိမ်တည်းမော်…... အရမ်းလည်းအဆိုးမမြင်ပါနဲ့... သခင်မလေး စိတ်တိုင်းကျ ခင်ပွန်းလောင်းနဲ့ လက်ထပ်ရရင်ရော ဘယ်လိုလုပ်မလဲ..."
စိတ်တိုင်းကျ ခင်ပွန်းလောင်းလား...
ချိုင်ယွင်ရှန်းက လုံးဝ မယုံကြည်သဖြင့် နှာခေါင်းရှုံ့လိုက်သည်။
...
တိုက်ပွဲကြီး ပြီးဆုံးပြီးနောက် နှစ်လအကြာတွင် ချင်းရှောင်ဂိုဏ်းသည် နောက်ဆုံး၌ လူသိများကျော်ကြားလာပြီး နေ့စဉ် လူများ လာရောက် ပူးပေါင်းနေကြသည်။
မွန်းလွဲပိုင်းတွင် လီချင်းချိုးနှင့် ကျန်းယွီချွန်းတို့ အတွင်းခန်း၌ ထိုင်ကာ ဂိုဏ်းဖွံ့ဖြိုးတိုးတက်ရေးအကြောင်း ဆွေးနွေးနေကြသည်။
ကျန်းယွီချွန်းက ဂိုဏ်းသားသစ် စုဆောင်းခြင်း တာဝန်ကို ယနေ့မနက်တွင် ချင်းရှောင်ဂိုဏ်းသို့ တရားဝင် ဝင်ရောက်လာသော ကျန်းယွီထံ လွှဲပြောင်းပေးလိုက်သည်။
ကျန်းယွီချွန်း၏ တင်ပြချက်ကို နားထောင်ရင်း လီချင်းချိုးက ကျန်းယွီ၏ အချက်အလက်များကို စစ်ဆေးကြည့်လိုက်သည်။
သူ့ ပါရမီနှင့် ဉာဏ်ရည်ဉာဏ်သွေးက မဆိုးပေ၊ နှစ်ခုစလုံး သာမန်အဆင့် ရောက်နေသည်။
လီချင်းချိုး၏ အမြင်တွင် သာမန် ပါရမီဆိုသည်မှာ ပါရမီရှင်ဟု ယူဆနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းအောက်တွင် လက်မခံနိုင်သော အဆင့်နှင့် အလွန်နိမ့်သော အဆင့်ဟူ၍ အဆင့်နှစ်ဆင့် ရှိနေသောကြောင့်ပင်။
လီချင်းချိုးက ကျန်းယွီကို ဂိုဏ်းသို့ ဝင်ရန် အကြိမ်ကြိမ် ဖိတ်ခေါ်ခဲ့ဖူးသော်လည်း ကံဆိုးစွာဖြင့် ကျန်းယွီက ငွေရှာရန်သာ ဆန္ဒရှိပြီး ချင်းရှောင်ဂိုဏ်းတွင် ကြာကြာနေမည် မဟုတ်ဟု ပြောခဲ့သည်။
ယနေ့တွင် ကျန်းယွီချွန်းက ကျန်းယွီကို ထပ်မံ ဖိတ်ခေါ်ခဲ့ရာ နောက်ဆုံး၌ သဘောတူလိုက်ခြင်း ဖြစ်သည်။
ကျန်းယွီသည် လစဉ် ငွေအများအပြား ရရှိသော်လည်း အလုပ်ကို အလွန် အလေးထား လုပ်ဆောင်သဖြင့် လီချင်းချိုး အတော်လေး ကျေနပ်မိသည်။
ကံဆိုးစွာဖြင့် ကျန်းယွီတွင် ထူးခြားသော ကံကြမ္မာ မရှိပေ။
"နောက်လကစပြီး ကျွန်တော်တို့ဆီ ပညာသင်ဖို့ လာတဲ့ ဂိုဏ်းသားအရေအတွက်ပိုတိုးလာလိမ့်မယ်…... ကံကောင်းတာက တတိယဂျူနီယာညီလေးတို့ ချင်းဂိုဏ်းကို သိမ်းပိုက်တုန်းက ငွေအများကြီး ရခဲ့တယ်... ဒါပေမဲ့ ငွေရှာဖို့ လမ်းကြောင်းတွေ ပိုဖွင့်နိုင်မယ့် နည်းလမ်းကို ရှာရဦးမယ်..." ဟု ကျန်းယွီချွန်းက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ကျန်းကျောက်ရှားနှင့် ဓားပျံတစ်ဆယ့်သုံးလက်အဖွဲ့က ချင်းဂိုဏ်းမှ စည်းစိမ်ဥစ္စာ အမြောက်အမြားကို လုယူခဲ့ရုံသာမက ချင်းဂိုဏ်း ဌာနချုပ်မှ သိုင်းပညာ လျှို့ဝှက်သိုင်းကျမ်းကိုပင် ယူဆောင်လာခဲ့ကြသည်။ ထို့အတွက်ကြောင့် လီချင်းချိုးက ဓားပျံတစ်ဆယ့်သုံးလက်အဖွဲ့မှ အခြားအဖွဲ့ဝင် တစ်ဆယ့်နှစ်ဦးကို ဟွမ်ယွမ်ကျမ်းစာ လေ့ကျင့်ခွင့် ပေးခြင်းဖြင့် တိုက်ရိုက် ဆုချခဲ့သည်။
လက်ရှိတွင် ချင်းရှောင်ဂိုဏ်း၌ ကျမ်းစာဆောင် ဆောက်လုပ်ခြင်းကို စတင်နေပြီ ဖြစ်ပြီး နောက်လတွင် ပြီးစီးမည်ဟု မျှော်မှန်းထားသည်။
ကျမ်းစာဆောင်သည် ဂိုဏ်း၏ အမွေအနှစ်အတွက် အလွန် အရေးပါပြီး ပေါ့ဆမှုမရှိဘဲ သေချာ ပြုပြင်တည်ဆောက်ရမည် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ကျမ်းစာဆောင်ကို မည်သူ စောင့်ကြပ်သင့်သည်ကိုလည်း လီချင်းချိုး စဉ်းစားနေသည်။
ကျန်းယွီချွန်းက….
"ဂိုဏ်းချုပ်အစ်ကိုကြီး... တောင်ခြေမှာ မြို့တစ်မြို့ တည်ချင်တယ်... ငွေရှာနိုင်တယ်၊ ရန်သူ့သတင်း အချက်အလက်တွေ စုဆောင်းနိုင်တယ်၊ ပြီးတော့ စစ်ပွဲအတွက် ကြားခံနယ်မြေအဖြစ်တောင် အသုံးဝင်နိုင်တယ်... ဒါပေမဲ့ ဒါက တစ်နှစ်၊ နှစ်နှစ်အတွင်း ပြီးမြောက်နိုင်မယ့် ကိစ္စတော့ မဟုတ်ဘူး..."
ခုနှစ်စဉ်တောင်ထွတ်မဟာမိတ်အဖွဲ့ တောင်ခြေရှိ ချီယွဲ့မြို့ကို လီချင်းချိုး ပြေးမြင်မိပြီး ထိုကဲ့သို့သော မြို့တစ်မြို့ အမှန်တကယ် လိုအပ်ကြောင်း ခံစားလိုက်ရသည်။
"ဟွမ်ဆန်းက သူတို့ရွာကို သွားပြီး ရွာသားတွေကို သူတို့ဇာတိမြေ တည်ဆောက်ဖို့ ကူညီပေးရင်း နှစ်တွေအကြာကြီး သူတို့ ကူညီခဲ့တဲ့ ကျေးဇူးကို ပြန်ဆပ်ရင် မကောင်းဘူးလား..." ဟု လီချင်းချိုးက အကြံပြုလိုက်သည်။
ကျန်းယွီချွန်းက မျက်မှောင်ကြုတ်ပြီ…
"အဲဒါဆိုရင် အနာဂတ်မှာ ရွာကို ဘယ်သူ ပိုင်ဆိုင်မှာလဲ..."
“ ငါတို့ပဲပိုင်မှာပေါ့… ဖြစ်ရမှာပေါ့... ငါတို့မှာ အကြွင်းမဲ့ အာဏာ ရှိရမယ်... ဒါက အစပိုင်းမှာတော့ ခက်ခဲလိမ့်မယ်... ရွာသားတွေကို မင်း စည်းရုံးရမယ်... ဒါက မင်းရဲ့ စွမ်းရည်ကို သွေးဖို့ အခွင့်အရေးကောင်းပဲ... မကြာခင် ဒါမှမဟုတ် နောက်ပိုင်းမှာ ဂိုဏ်းရဲ့ အကျိုးစီးပွားနဲ့ ခံစားချက်ကြားက ပဋိပက္ခကို မင်း ရင်ဆိုင်ရလိမ့်မယ်... အဲဒီလို ပြဿနာတွေကို ဘယ်လို ကိုင်တွယ်ရမလဲ ဆိုတာ မင်း သင်ယူရမယ်..."
နားထောင်ပြီးနောက် ကျန်းယွီချွန်းက ခေါင်းညိတ် သဘောတူလိုက်ပြီး ဂိုဏ်းချုပ်အစ်ကိုကြီး၏ စကားများက အဓိပ္ပာယ်ရှိသည်ဟု ခံစားလိုက်ရသည်။
ဂိုဏ်းသားများကို မကြာခဏ စောင့်ကြည့်ရန်နှင့် အလားအလာရှိသူ တွေ့ပါက နာမည်စာရင်း တင်ပြရန် ကျန်းယွီချွန်းကို အကြံပြုလိုက်သည်။
ဝိညာဉ်ကျောက်တွင်းကို ရရှိပြီးဖြစ်သဖြင့် လီချင်းချိုးအနေဖြင့် ရတနာသိုက်ကို စောင့်ကြပ်နေရုံသာ မဟုတ်ဘဲ မသေမျိုးဂိုဏ်းသားများကို အင်တိုက်အားတိုက် စတင် ပြုစုပျိုးထောင်ချင်နေသည်။
ဝိညာဉ်ကျောက်တွင်းက ချင်းရှောင်ဂိုဏ်းမှ မိုင် ၃၀၀ ကျော် ဝေးကွာသည်။ ကျန်းကျောက်ရှား တာဝန်ယူထားလျှင်ပင် မမျှော်လင့်ထားသော အခြေအနေများကို ကြောက်ရွံ့နေရဆဲပင်။ ထို့ကြောင့် တိုက်ရိုက် စတင်အသုံးပြုရန် စီစဉ်လိုက်သည်။ ဝိညာဉ်ကျောက်တွင်း တစ်ဝက်ခန့် အသုံးပြုပြီးသွားလျှင် ချင်းရှောင်ဂိုဏ်းဘက်က ကာကွယ်ရန် လုံလောက်ကောင်း လုံလောက်ပေလိမ့်မည်။
တစ်စုံတစ်ယောက် တံခါးလာခေါက်ချိန်အထိ သူတို့နှစ်ဦး စကားဆက်ပြောနေကြပြီး တံခါးခေါက်သံ ကြားမှ ရပ်တန့်လိုက်ကြသည်။
"ဂိုဏ်းချုပ်... ဒုတိယဆရာဦးလေး... ကျန်းကျိုးဒေသ ချိုင်မိသားစုကပါလို့ ပြောတဲ့သူတစ်ယောက် ဂိုဏ်းချုပ်ကို တွေ့ခွင့်တောင်းနေပါတယ်....."
တံခါးအပြင်ဘက်မှ လူမှာ လီတုန်းယွဲ့၏ တပည့် လျူယန် ဖြစ်သည်။
ကျန်းယွီချွန်း မျက်ခုံးပင့်လိုက်ပြီး….
"ကျန်းကျိုးဒေသ ချိုင်မိသားစုက ရိုးရှင်းတာ မဟုတ်ဘူး... ကျန်းကျိုးက ကုကျိုးစီရင်စုနဲ့ ကပ်လျက်ပဲ...ချိုင်မိသားစုအကြောင်း မကြာခဏ ကြားဖူးတယ်... ဒီမိသားစုက အဖြူရော အမည်းရော နယ်ပယ်နှစ်ခုစလုံးရဲ့ပတ်သတ်နေတာ... အစ်ကိုကြီး... ကျွန်တော် သွားကြည့်လိုက်မယ်... အခုချိန်မှာ အစ်ကိုကြီးက လူတိုင်း တွေ့ချင်တိုင်း တွေ့လို့ရတဲ့သူ မဟုတ်တော့ဘူး..."
လီချင်းချိုး နတ်ဆိုးဂိုဏ်း၏သရဲခုနှစ်ကောင်ကို သတ်ဖြတ်လိုက်သည့်နေ့မှစ၍ ကျန်းယွီချွန်းနှင့် ဂိုဏ်းသားများ၏ စိတ်နေသဘောထား စတင် ပြောင်းလဲလာသည်။
လီချင်းချိုးက မသေမျိုးအရှင်ထံမှ အိပ်မက် ရရှိခဲ့ပြီး သာမန်လူတစ်ယောက် မဟုတ်တော့ကြောင်း သူတို့ အမှန်တကယ် ယုံကြည်လာကြသည်။ လွန်ခဲ့သော နှစ်လအတွင်းမှ ဝင်ရောက်လာသော ဂိုဏ်းသားသစ်များမှလွဲ၍ ဂိုဏ်းတွင်းရှိ လူတိုင်း လီချင်းချိုးအပေါ် ရူးသွပ်စွာ ချစ်ခင်မြတ်နိုးလာကြသည်။
လီချင်းချိုး ခေါင်းညိတ်လိုက်ပြီး ကျန်းယွီချွန်း အိမ်ထဲမှ ထွက်သွားသည်ကို ကြည့်နေလိုက်သည်။
သူ ခဏလောက် စဉ်းစားလိုက်ပြီး ကျန်းယွီချွန်း ပြန်လာသည်ကို စောင့်ရဦးမည် ဖြစ်သဖြင့် စားပွဲဆီသွားပြီး ကလောင်တံကိုကိုင်၍ စာရေးလိုက်သည်။
ကျန်းယွီချွန်း နာရီဝက်ခန့်အကြာတွင် ပြန်ရောက်လာသည်။
"ကိုင်တွယ်ရတာ အဲဒီလောက် ခက်ခဲလို့လား..."
ဧည့်ခန်းစားပွဲသို့ ပြန်ရောက်လာသော ကျန်းယွီချွန်းကို လီချင်းချိုးက အံ့အားသင့်စွာ မေးလိုက်သည်။
ကျန်းယွီချွန်း ဝင်ထိုင်လိုက်ပြီး ကူကယ်ရာမဲ့စွာ ပြုံးလိုက်ကာ…
"အစ်ကိုကြီး... ကျန်းကျိုးဒေသ ချိုင်မိသားစုက ကျွန်တော်တို့ ချင်းရှောင်ဂိုဏ်းနဲ့ လက်ထပ်ပြီး မဟာမိတ်ဖွဲ့ချင်နေတယ်လို့ အစ်ကိုကြီး ဘယ်တုန်းကမှတွေးမိမှာ မဟုတ်ဘူး... ပစ်မှတ်က အစ်ကိုကြီးပဲ..."
လီချင်းချိုး တခစ်ခစ် ရယ်မောလိုက်ပြီး ခေါင်းခါကာ….
"ငါ အိမ်ထောင်မပြုချင်ပါဘူး... မင်း ငါ့အစား သဘောတူမလိုက်ဘူးမလား..."
" မတူပါဘူး... အစ်ကိုကြီးကို ထားပါဦး... ဂျူနီယာညီလေးနဲ့ ညီမလေးတွေရဲ့ လက်ထပ်ရေးကိုတောင် ကျွန်တော် ဆုံးဖြတ်လို့ မရဘူး... ဒါပေမဲ့ တစ်ဖက်လူရဲ့ သဘောထားက အရမ်း ခိုင်မာလွန်းတယ်... နောက်ရက်တွေလည်း ကျွန်တော့်ကို လာပြီး အနှောင့်အယှက် ပေးဦးမှာ သေချာတယ်..."
"ဟားဟား... အနာဂတ်မှာ ဒီလိုကိစ္စမျိုးတွေ ပိုများလာမှာပဲ..."
"အဆင့်လိုက် ဂိုဏ်းသားတွေရဲ့ ခံစားခွင့်အကြောင်း ပြောရအောင်... ဒါက ကျွန်တော်တို့ ပေါ့ဆလို့မရတဲ့ ကိစ္စပဲ..."
"အင်း..."
...
နွေဦးမှ နွေရာသီသို့ ပြောင်းလဲလာသည်နှင့်အမျှ ချင်းရှောင်တောင်၏ တောင်ပတ်လမ်းများတွင် လူများ အတက်အဆင်း သွားလာနေကြသည်ကို မြင်တွေ့နိုင်သည်။ နှစ်ဝက်လောက်ပင်မရှိသေးသော အချိန်ကာလအတွင်း ယမန်နှစ် နှစ်ကုန်ပိုင်းက တိုက်ပွဲ၏ သက်ရောက်မှုက ချင်းရှောင်ဂိုဏ်းထံ အကျိုးစီးပွားများ စဉ်ဆက်မပြတ် ယူဆောင်လာပေးခဲ့သည်။
မိသားစုကြီးများက ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ကြပြီး အစိုးရအရာရှိများ၊ ကုန်သည်များက ချင်းရှောင်ဂိုဏ်းနှင့်ဆက်ဆံရေးတခု တည်ဆောက်ရန် လူအများကို တပည့်အဖြစ် ဝင်ရောက်ရန် တောင်ပေါ်သို့ အဆက်မပြတ် ဆွဲဆောင်လျက် ရှိသည်။ လီတုန်းယွဲ့နှင့် သူ့တပည့်များပင် အလုပ်များလာကြပြီး ဆေးကုသမှု ခံယူရန် နေ့စဉ် တောင်ပေါ်သို့ လူများအပြား ရောက်ရှိလာကြသည်။
လီချင်းချိုး၏ တိုက်တွန်းမှုကြောင့် လီတုန်းယွဲ့ခင်မျာ သနားစိတ်ကို မြိုသိပ်ထားရပြီး ဆက်လက်ကျင့်ကြံရန် အချိန်များစွာ ပေးခဲ့ရသည်။ ဆေးကုသရန် တောင်ပေါ်သို့ လာရောက်ကြသူများအဖို့တော့ အသည်းအသန် မဖြစ်ပါက ရက်ပေါင်းများစွာ စောင့်ဆိုင်းရလေသည်။
ချင်းရှောင်ဂိုဏ်း၏ လက်ရှိ ဂုဏ်သတင်းနှင့် ရင်ဆိုင်နေရသဖြင့် လူနာများ မကျေနပ်လျှင်တောင် ပြဿနာရှာရဲခြင်း မရှိကြပေ။
ထိုနေ့တွင် လီချင်းချိုး လင်းရှောင်ခြံဝင်းသို့ ပြန်ရောက်သောအခါ မြို့တော်မှ လူတစ်ယောက် သူ့ကို စာပေးချင်နေကြောင်း ယွမ်ချီက လာပြောသည်။ ထိုစကားကို ကြားသောအခါ ထိုလူကို ခေါ်လာခဲ့ရန် ယွမ်ချီကို ချက်ချင်း မှာကြားလိုက်သည်။
စာပို့သမားဆိုသူက ဓားသမားတစ်ယောက်ကဲ့သို့ ဝတ်ဆင်ထားသော လူငယ်တစ်ဦး ဖြစ်ပြီး ကျောတွင် ဓားတစ်လက် လွယ်ထားကာ ခမောက်ဆောင်းထားပြီး လေးနက်သော အမူအရာ ရှိသည်။
လီချင်းချိုး ထိုသူကို အိမ်ထဲသို့ ခေါ်သွားပြီး စကားလက်ခံပြောဆိုခဲ့သဘ်။
အိမ်ထဲ ဝင်ပြီးနောက် လူငယ်က စာကို ထုတ်၍ လီချင်းချိုးကို ပေးလိုက်သည်။
လီချင်းချိုး စတင် စစ်ဆေးကြည့်လိုက်ရာ ဖုန်းသိုက်ထံမှ စာတစ်စောင် ဖြစ်နေသည်ကို တွေ့လိုက်ရပြီး မြို့တော်မှ အရေးကြီးသော အဖြစ်အပျက်များနှင့် သူ့အခြေအနေကို ရှင်းပြထားသည်။
ကျာရီ၏ စီစဉ်မှုအောက်တွင် ဖုန်းသိုက်သည် ဟွမ်ချန်ခရိုင်တရားသူကြီး၏ လက်အောက်တွင် အလုပ်လုပ်နေပြီး အရာအားလုံး အဆင်ပြေလျက် ရှိသည်။
မြို့တော်တွင် တစ်လကြာ နေထိုင်စဉ်အတွင်း သိုင်းလောကသားများ အဆက်မပြတ် ဝင်ရောက်လာကြသည်။ ဂိုဏ်းချုပ်များနှင့် ဂိုဏ်းခေါင်းဆောင်များ ရောက်ရှိလာခြင်းကြောင့် နေပြည်တော်တွင် အလွန် စည်ကားနေပြီး နေရာတိုင်းတွင် သိုင်းပြိုင်ပွဲများနှင့် ဖလှယ်ပွဲများ ပြုလုပ်နေကြသည်။ ဧကရာဇ်က သိုင်းလောက အဖွဲ့အစည်းအားလုံးကို ဖိတ်ကြား၍ စားသောက်ပွဲ တည်ခင်းရန် ပြင်ဆင်နေသည်ဟု ဆိုကြရာ သိုင်းလောကသားများကို အလွန် ဂုဏ်ယူစေသည်။
စာဖတ်ပြီးနောက် လီချင်းချိုးက လူငယ်ကို မော့ကြည့်ပြီး မေးလိုက်သည်။
"မင်းနာမည် ဘယ်လိုခေါ်လဲ... ဖုန်းသိုက်နဲ့ ဘယ်လို ပတ်သက်လဲ..."
လူငယ်က …
"ကျွန်တော့်နာမည် မာယွီ ပါ... သခင်ကြီးဖုန်းက ကျွန်တော့်အသက်ကို ကယ်ခဲ့ပြီး ကျွန်အဖြစ်ကနေ ရွေးနှုတ်ပေးခဲ့တာပါ... ကျွန်တော် သူ့ကို တစ်သက်လုံး အလုပ်အကျွေး ပြုသွားမှာပါ..."
"ခရီးဆက်မထွက်ခင် ချင်းရှောင်ဂိုဏ်းမှာ ရက်နည်းနည်းလောက် နားလိုက်ဉီး..... ပြန်ရောက်ရင် ဖုန်းသိုက်ကို သူ့ကိုယ်သူ ဂရုစိုက်ဖို့ ပြောလိုက်ပါ..."
"မလိုပါဘူး... ကျွန်တော် မြန်မြန် ပြန်သွားဖို့ လိုတယ်... နေပြည်တော်က အခုဆို ငါးရော နဂါးရော ရောနေတဲ့နေရာ ဖြစ်နေပြီ... သခင်ကြီးဖုန်းအတွက် စိတ်ပူတယ်... ခွင့်ပြုပါဦး..."
မာယွီ ပြောပြီးသည်နှင့် လက်ကိုမြှောက်၍ လီချင်းချိုးကို လက်သီးဆုပ် ဂါရဝပြုလိုက်ပြီးနောက် ပြတ်သားစွာပင် လှည့်ထွက်သွားသည်။
လီချင်းချိုး သူ့ကို မတားဆီးခဲ့ဘဲ ထွက်ခွာသွားသည်ကို ကြည့်နေလိုက်သည်။
လီစစ်ကျင်က ဘေးမှ လျှောက်လာပြီး စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
"အစ်ကိုကြီး... အဲဒီလူက ဘယ်သူလဲ..."
"တရားသူကြီးဖုန်းဆီက စာလာပို့တဲ့လူပါ..."
လီချင်းချိုးက အကျဉ်းချုပ် မိတ်ဆက်ပေးလိုက်သည်။ နားထောင်ပြီးနောက် လီစစ်ကျင် မစပ်စုတော့ပေ။ သူမက သူ့လက်မောင်းကို ဆွဲပြီး…
"အစ်ကိုကြီး... ညီမလေး အဆောင်လက်ဖွဲ့ လုပ်တာ အောင်မြင်သွားပြီ... လာ... တောထဲသွားပြီး ပြမယ်..."
ထိုစကားကို ကြားသောအခါ လီချင်းချိုး မျက်ခုံးပင့်လိုက်ပြီး မေးလိုက်သည်။
"တိုက်ခိုက်နိုင်စွမ်း ရှိလို့လား..."
"ဒါပေါ့... မဟုတ်ရင် ဘာလို့ အစ်ကိုကြီးကို သွားကြည့်ခိုင်းပါ့မလဲ..."
လီစစ်ကျင်က အောင်နိုင်သူအထာဖြင့် ပြောလိုက်တော့ လီချင်းချိုး ဝမ်းသာသွားပြီး စကားပြောရန် ပြင်လိုက်စဉ် ချင်ယဲ့ ခြံဝင်းအပြင်ဘက်မှ ပြေးဝင်လာသည်။
"ဆရာ... စီနီယာခုရီနဲ့ခုအယ်တို့ ရောက်လာကြပြီ... ကလေးတစ်ယောက်လည်း ပါလာတယ်..."
ချင်ယဲ့က လီချင်းချိုးအနားသို့ ရောက်လာပြီး လျင်မြန်စွာ သတင်းပို့လိုက်သည်။
ထိုစကားကို ကြားသောအခါ လီချင်းချိုးက လီစစ်ကျင်ကို ချက်ချင်း ပြောလိုက်သည်။
"ညီမလေး ခဏနားလိုက်ဦး... အစ်ကိုကြီး သူတို့ကို တွေ့ပြီးရင် လာရှာမယ်..."
လီစစ်ကျင်က နှုတ်ခမ်းဆူလိုက်ပြီး သိပ်မကျေနပ်သော်လည်း လီချင်းချိုး အလုပ်လုပ်သည်ကို မတားဆီးပေ။
လီချင်းချိုးက ချင်ယဲ့ကို လူခေါ်လာခိုင်းလိုက်ပြီး ခြံဝင်းထဲရှိ စားပွဲရှည်တွင် ထိုင်စောင့်နေလိုက်သည်။
လီချင်းချိုး ယန်လန်၏ သားကို အလွန် မျှော်လင့်နေခဲ့သည်။
"ငါ့ကို စိတ်ပျက်အောင် မလုပ်ပါနဲ့..."
လီချင်းချိုး ရေရွတ်လိုက်မိသည်။ သူ့မျှော်လင့်ချက်များက သားဖြစ်သူအကြောင်း ယန်လန်၏ အမွှမ်းတင် ပြောကြားချက်များမှ မြစ်ဖျားခံလာခြင်း ဖြစ်ပေသည်။
ယန်လန်သည် အလွန် ရိုးသားသူ ဖြစ်ပြီး ကတိလည်းတည်သည်။ ကုကျိုးစီရင်စု၏ စီရင်စုအုပ်ချုပ်ရေးမှူးသစ်က လွန်ခဲ့သော ရက်အနည်းငယ်က လူယုံတစ်ယောက် စေလွှတ်၍ သူ့စေတနာကို လာရောက် ပြောကြားခဲ့သည်။
မကြာမီ ချင်ယဲ့နှင့် အခြားသုံးဦး ခြံဝင်းထဲသို့ ဝင်ရောက်လာကြပြီး လီချင်းချိုး၏ အကြည့်က ငါးနှစ်၊ ခြောက်နှစ် အရွယ်သာ ရှိသေးသော ကောင်လေးအပေါ်သို့ တန်းတန်းမတ်မတ် ကျရောက်သွားသည်။
ကောင်လေးက ငယ်ရွယ်သော်လည်း အရှိန်အဝါ တစ်ခုရှိနေသည်။
လီချင်းချိုး၏ စိတ်ထင်မှု ဟုတ်မဟုတ် မသိသော်လည်း ဤကောင်လေးသည် ယန်လန်၏ သားနှင့် မတူသလ်ိုပင်ခံစားရသည်။ ယန်လန်တွင် နူးညံ့သိမ်မွေ့သော မျက်နှာထား ရှိသော်လည်း ဤကောင်လေး၏ မျက်ခုံးနှစ်ခုကြားတွင် ခက်ထန်သော အမူအရာ ရှိနေသည်။
ကောင်လေးက လီချင်းချိုးအနားသို့ ဦးစွာ လျှောက်လာပြီး….
"ခင်ဗျားက ကျွန်တော့်ဆရာလား..."ဟု မေးလိုက်သည်။
ထိုကလေးငယ်က ထိုင်နေလျှင်ပင် လီချင်းချိုးထက် အရပ်ပုသော်လည်း အပြောကတော့ တင်စီးလှသည်။
"ဟုတ်တယ်... မင်း ငါ့တပည့် ဖြစ်ချင်လား..."
ကောင်လေးက ချက်ချင်း ဒူးထောက်လိုက်ပြီး လက်နှစ်ဖက်ကို မြှောက်၍ နှုတ်ဆက်ကာ ….
"တပည့် ကျောက်ကျိန်းက ဆရာ့ကို ဂါရဝပြုပါတယ်..."ဟု အော်လိုက်လေသည်။
လီချင်းချိုးက တာအိုမျိုးဆက်ဇယားကွက် မျက်နှာပြင်ကို ချက်ချင်း ဖွင့်လိုက်ပြီး ကျောက်ကျိန်း၏ ပရိုဖိုင်ပုံကို စိတ်အားထက်သန်စွာ ရှာဖွေကာ နှိပ်လိုက်သည်။
[အမည်- ကျောက်ကျိန်း]
[ကျား/မ- ကျား]
[အသက်- ၅ နှစ်]
[သစ္စာရှိမှု (ခေါင်းဆောင်/ဂိုဏ်း)-၇၅/၂၁ (အများဆုံး ၁၀၀)]
[ကျင့်ကြံခြင်း ပါရမီ- ထူးချွန်]
[ဉာဏ်ရည်ဉာဏ်သွေး-အထူးကောင်းမွန်]
[ကံကြမ္မာ- ကျိုးပဲ့လွယ်သော ကံကြမ္မာ၊ စစ်မှန်သောသိုင်းခန္ဓာ]
[ကျိုးပဲ့လွယ်သော ကံကြမ္မာ-လူတစ်ယောက်၏ ကံကြမ္မာသည် အခက်အခဲများနှင့် ပြည့်နှက်နေတတ်သည်။ အသက် ၁၆ နှစ် မတိုင်ခင် စမ်းသပ်မှုများ အဆက်မပြတ် ကြုံတွေ့ရမည်။ ၁၆ နှစ် နောက်ပိုင်းတွင် ဤကံကြမ္မာ ပျောက်ကွယ်သွားပြီး ဉာဏ်ရည်ဉာဏ်သွေး တစ်ဆင့် တိုးလာမည်။]
[စစ်မှန်သောသိုင်းခန္ဓာ: သိုင်းပညာဖြင့် တာအိုလမ်းစဉ်သို့ ဝင်ရောက်ခြင်း၊ သိုင်းတာအိုလမ်းစဉ်မှ မသေမျိုးလမ်းစဉ်သို့ ဖန်တီးတက်လှမ်းနိုင်စွမ်း ရှိသည်။]