← Chapters

ချင်းရှောင်၏ စစ်မှန်သော အမွေအနှစ်

Vol. 7 Ch. 66

ချင်းရှောင်၏ စစ်မှန်သော အမွေအနှစ်

Vol. 7 Ch. 66

နွေရာသီ၏ နေရောင်ခြည်က ချင်းရှောင်ဂိုဏ်း၏ ဧည့်ရိပ်သာ ဝင်းအတွင်းသို့ ဖြာကျနေပြီး အပြင်ဘက်တွင် ပုစဉ်းရင်ကွဲသံများ ဆူညံစွာ ပဲ့တင်ထပ်နေသည်။ လီရန်သည် အိမ်ထဲတွင် လှံသိုင်းကို လေ့ကျင့်နေပြီး လှံသွားမှ ထွက်ပေါ်လာသော လေဟုန်များက ခြံဝင်းနံရံကို ရိုက်ခတ်နေသည်။

ထိုစဉ် အပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားသော ကျောက်လင်းလုံသ ခြံဝင်းထဲသို့ ဝင်လာသည်။ သူမသည် လီရန်ကို ကြည့်လိုက်ပြီး မနေနိုင်ဘဲ မေးလိုက်သည်။

"အစ်ကိုဝမ်းကွဲ... အစ်ကို ချင်းရှောင်ဂိုဏ်းမှာ နေနေတာ ကြာလှပြီ... ဘာလို့ အပြင်ထွက် လမ်းမလျှောက်တာလဲ... အခု ချင်းရှောင်ဂိုဏ်းက နေ့တိုင်း ပြောင်းလဲနေတာ... တော်တော် စိတ်ဝင်စားဖို့ ကောင်းတယ်..."

ထိုစကားကို ကြားသော်လည်း လီရန်က ပြန်မဖြေဘဲ လှံသိုင်း လေ့ကျင့်ခြင်း၌သာ ဆက်လက် အာရုံစိုက်ထားရာ ကျောက်လင်းလုံမှာ လက်မှိုင်ချရမလို ဖြစ်သွားသည်။

ထိုတိုက်ပွဲ ဖြစ်ပွားပြီး လအနည်းငယ် ကြာသည့်တိုင် လီရန်မှာ စိတ်ဒဏ်ရာ ရနေဆဲဖြစ်ပြီး သူမကိုပင် လျစ်လျူရှုထားတတ်သည်။

လီရန် ဘာတွေးနေသည်ကို သူမ နားလည်ပါသည်။ သူမက သူ့ကို ကယ်တင်ခဲ့သော်လည်း လီရန့်စိတ်ထဲ၌ လှည့်စားခံရသည်ဟူသော ခံစားချက်ဖြင့် ပြည့်နှက်နေဆဲ ဖြစ်သည်။

ယခင်ကဆိုလျှင် လီရန်က သူမကို သိုင်းပညာ စွမ်းရည်များ မကြာခဏ ပြသလေ့ရှိပြီး ကြီးကျယ်ခမ်းနားသော ရည်မှန်းချက် အမျိုးမျိုးကို ပြောပြတတ်သည်။ အကယ်၍ သူမသာ လီရန် ဖြစ်နေခဲ့လျှင်လည်း ဤအမှန်တရားကို လက်ခံရန် ခက်ခဲနေလိမ့်မည် ဖြစ်သည်။လီရန်၏ မာနက သူမထက် များစွာ သာလွန်နေသည် မဟုတ်ပါလော။

ကျောက်လင်းလုံက ခြံဝင်းထဲရှိ ကျောက်စားပွဲဆီသို့ လျှောက်သွားပြီး ထိုင်လိုက်ကာ လွန်ခဲ့သည့် ကာလအတွင်း ချင်းရှောင်ဂိုဏ်း၌ ဖြစ်ပျက်ခဲ့သော အပြောင်းအလဲများကို ပြန်လည် ပြောပြလေသည်။

"ဂိုဏ်းချုပ်က နောက်ထပ် တပည့်တစ်ယောက် လက်ခံလိုက်တယ်လို့ ကြားတယ်... အဲဒီကလေးက ပါရမီ အရမ်းကောင်းတာပဲတဲ့... အသက် ၅ နှစ်နဲ့တင် ချင်းရှောင်ဂိုဏ်းရဲ့ အနာဂတ် နံပါတ်တစ်လို့ တင်စားခံနေရပြီ... ချင်းရှောင်ဂိုဏ်းကပဲ သတင်းလွှင့်နေတာလား... တကယ်ပဲ အဲဒီလောက် အံ့သြဖို့ကောင်းလားတော့ မသိဘူး..."

"ပြီးတော့ ချင်းရှောင်ဂိုဏ်းသား နှစ်ယောက် ယှဉ်ပြိုင်နေတာကိုလည်း တွေ့ခဲ့ရတယ်... ချင်းရှောင်ဂိုဏ်းရဲ့ သိုင်းပညာက တခြားနဲ့မတူဘူးလို့ ပြောရမယ်... သူတို့ရဲ့ ဓားစီးနင်းတဲ့ပညာကို မြင်ရတာ ကျွန်မတောင် သင်ချင်စိတ် ပေါက်သွားတယ်..."

"ကျူးယန် ဆိုတဲ့သူအကြောင်း ကြားဖူးလား... အဲဒီအမျိုးသမီးက ကုကျိုးစီရင်စုကလေ... ဂီတ၊ စစ်တုရင်၊ စာပေနဲ့ ပန်းချီဘက်မှာ ထူးချွန်တဲ့ နာမည်ကျော် ပညာရှင်တစ်ယောက်ပေါ့... သူ့ရဲ့ ကဗျာတွေနဲ့ စာတွေက ကျုံးထျန်းကျိုး ဒေသမှာ အတော်လေး ပျံ့နှံ့နေတာ... မျိုးရိုးကြီးတဲ့ မိသားစုဝင်တွေ အများကြီးက သူ့ကို လေးစားကြတယ်... အရေးအကြီးဆုံးက ကျူးယန်ရဲ့ ဘေးက အစေခံက သာမန်လူ မဟုတ်ဘူး..."

လီရန်က လှံသိုင်းကို လေ့ကျင့်နေသော်လည်း အာရုံစိုက်မှုက သူမထံသို့ ရောက်ရှိနေပြီ ဖြစ်သည်။

သူသည် ချင်းရှောင်ဂိုဏ်းအကြောင်း အမှန်တကယ်ပင် သိချင်နေခြင်း ဖြစ်သည်။ သို့မဟုတ်ပါက ဤနေရာ၌ ဤမျှကြာအောင် နေမည် မဟုတ်ပေ။

ကျောက်လင်းလုံက သူ့အတွေးကို ရိပ်မိသဖြင့် မျက်နှာပေါ်တွင် အပြုံးရေးရေး ပေါ်လာပြီး ချင်းရှောင်ဂိုဏ်း၌ ကြုံတွေ့ရသည်များကို ဆက်လက် ပြောပြလေသည်။

အချိန်အတန်ကြာသော် ကျောက်လင်းလုံမှာ စကားပြောရသည်ကို မောလာသဖြင့် ပြန်ရန် ထရပ်လိုက်သည်။ မထွက်ခွာမီ သူမက တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပြီး ပြောလိုက်သေးသည်။

"ဒါနဲ့ ယန်ကျွယ်တိန်က တောင်အလယ်ပိုင်းမှာ သိုင်းပြိုင်ဖို့စင်မြင့်တစ်ခု ဆောက်ထားတယ်... အဲဒီမှာ ချင်းရှောင်ဂိုဏ်းသားတွေနဲ့ သိုင်းလောကသားတွေ ယှဉ်ပြိုင်လို့ရတယ်... အမှတ်ရရင် ရပ်လို့ရတာပေါ့... တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းတယ်... ချင်ယဲ့ ဆိုတဲ့ ကလေးတစ်ယောက်ဆိုရင် ပွဲပေါင်း ၂၀ တောင် နိုင်ထားပြီးပြီ... သူက ဂိုဏ်းချုပ်ရဲ့ ဒုတိယတပည့်လို့ ကြားတယ်... အစ်ကို လက်ယားနေရင် သွားစမ်းကြည့်လို့ ရတယ်နော်..."

ကျောက်လင်းလုံ ထွက်သွားပြီး အတန်ကြာမှသာ လီရန် လှံသိုင်း လေ့ကျင့်ခြင်းကို ရပ်လိုက်သည်။

ထို့နောက် ခေါင်းကို ဖြည်းညင်းစွာ မော့၍ ပြာလဲ့နေသော ကောင်းကင်ယံကို ငေးကြည့်ကာ သူ့ဘာသာ ရေရွတ်လိုက်သည်။

"ဘာလို့များ လီ ဆိုတဲ့ မျိုးရိုးနာမည် ဖြစ်နေရတာလဲ..."

ထိုနေ့က လီချင်းချိုး လင်းယုန်ငှက်ကို စီး၍ ကောင်းကင်ယံမှ ဆင်းသက်လာခဲ့သည့် မြင်ကွင်းကို သူ မေ့မရနိုင်ပေ။ ထိုမြင်ကွင်းက သူ့ရဲ့ နားလည်သိမြင်မှုကို ပြောင်းလဲစေခဲ့ပြီး ယုံကြည်ချက် အချို့ကို စတင် ယိမ်းယိုင်စေခဲ့သည်။

သူ ချင်းရှောင်ဂိုဏ်း၌ ဆက်နေရခြင်းမှာ ဒဏ်ရာများကို ကုသရန်သာမက စိတ်တည်ငြိမ်စေရန်အတွက်လည်း ဖြစ်သည်။

ယခု ချင်းရှောင်ဂိုဏ်း၏ အခြေအနေ အမှန်ကို သိရှိနိုင်ရန် အပြင်ထွက် ကြည့်သင့်သည်ဟု သူ တွေးလိုက်မိ၏။

...

ကျုံးထျန်းကျိုးစီရီစုရှိ နေပြည်​တော်၌….

မဟာလီမင်းဆက်၏ မင်းနေပြည်တော် ဖြစ်သည့်အားလျော်စွာ ၎င်း၏ ရှေးဟောင်းအမည်မှာ ကျန်းယန် ဖြစ်သည်။ ကျန်းယန်မြို့သည် နှစ်ပေါင်း တစ်ထောင်ကျော် တည်ရှိခဲ့ပြီး မင်းဆက် ၅ ဆက်ကို ဖြတ်သန်းခဲ့ကာ လူသားမျိုးနွယ်၏ ခေတ်အဆက်ဆက် အတက်အကျများကို သက်သေပြုခဲ့ပြီး ဖြစ်သည်။

တာ့လီမင်းဆက် တည်ထောင်ပြီးချိန်တွင် ကျန်းယန်မြို့တော်က ရွှေခေတ်ကို နောက်တစ်ကြိမ် ဆောင်ကြဉ်းနိုင်ခဲ့သည်။

အမည်းရောင် အရာရှိ ဝတ်စုံကို ဝတ်ဆင်ထားသော ဖုန်းသိုက်က ပြာသာဒ်ဆောင်ပေါ်တွင် ရပ်လျက် ရှေးဟောင်းမြို့တော်၏ အဆုံးမဲ့ ရှုခင်းများကို ငေးကြည့်နေသည်။ သူသည် လက်နှစ်ဖက်ကို နောက်ပစ်၍ မြို့တော်ပေါ်သို့ ကျရောက်နေသော နေဝင်ချိန် ရှုခင်းကို ကြည့်ရှုနေသည်။

သူ မြို့တော်၌ ရောက်ရှိနေသည်မှာ အချိန်အတန်ကြာပြီ ဖြစ်သော်လည်း အားလပ်ချိန် ရတိုင်း ဤနေရာသို့ လာရောက်၍ လှပသော ရှုခင်းများကို ခံစားလေ့ရှိသည်။

ဤ လေးထပ်ဆောင်သည် အနီရောင် အုတ်ကြွပ်မိုး၊ နဂါးခေါင်းပုံသဏ္ဌာန် အမိုးစွန်းများနှင့် သစ်နီတိုင်လုံးများဖြင့် တန်ဆာဆင်ထားကာ ခမ်းနားထည်ဝါလှသည်။ အောက်ဘက် လမ်းမပေါ်တွင် လူများ၊ မြင်းရထားများဖြင့် စည်ကားနေပြီး သာမန်ပြည်သူများ၊ ကုန်သည်များနှင့် သိုင်းလောကသားများ အဆက်မပြတ် သွားလာနေကြသည်။ ဖုန်းသိုက် ဤနေရာသို့ လာတိုင်း စိတ်ကူးယဉ် အိပ်မက်မက်နေသကဲ့သို့ ခံစားရစမြဲပင်။

ကုကျိုးစီရင်စုရှိ မည်သည့်မြို့မှ ဤမျှ စည်ကားခြင်း၊ လှပခြင်း မရှိပေ။

ဖုန်းသိုက်၏ စိတ်နှလုံးသား၌လည်း ဤသို့ ခံစားနေရသည်။ ဤနေရာရှိ လူများက စည်းစိမ်ချမ်းသာဖြင့် အေးချမ်းသာယာစွာ နေထိုင်ကြပြီး အရှင်မင်းကြီး၏ နိုင်ငံရေးနှင့် စစ်ရေး စွမ်းဆောင်မှုများ၊ ပြည်သူအပေါ် ထားရှိသော မေတ္တာကရုဏာများကို ချီးမွမ်းနေကြသည်။ ဤသည်မှာ ပြိုင်ဘက်ကင်းသော ရွှေခေတ်ကြီးပင်ဖြစ်ငဘ်။

သူ့အနေနှင့် ဧကရာဇ်၏ ပြစ်မှုများကို ဖွင့်ချချင်သော်လည်း မဖြစ်နိုင်ပေ။ ဧကရာဇ်က ပြစ်မှုများကို ကျူးလွန်ခဲ့လျှင်ပင် ထိုပြစ်မှုများက လက်ရှိ အောင်မြင်မှုများနှင့် ယှဉ်လျှင် ပြောပလောက်စရာ မရှိဟုလည်း သူ တွေးမိသည်။

ဖုန်းသိုက် စိတ်ရှုပ်ထွေးနေစဉ်မှာပင် သူ့အနောက်မှ ခြေသံများကို ကြားလိုက်ရသည်။ သူ လှည့်ကြည့်စရာ မလိုဘဲ မည်သူ ဖြစ်ကြောင်း သိလိုက်သည်။

ကောင်းကင်ကာကွယ်ရေး အစောင့်တပ်၏ ပိုးဖဲဝတ်စုံကို ဝတ်ဆင်ထားသော ကျာရီ အခန်းထဲသို့ ဝင်လာသည်။ သူသည် စားပွဲတွင် ဝင်ထိုင်ကာ ဝိုင်တစ်ခွက် ငှဲ့၍ တစ်ရှိန်ထိုး မော့ချလိုက်သည်။

သုံးခွက်ခန့် သောက်ပြီးမှသာ လန်းဆန်းသွားသလို ခံစားလိုက်ရသည်။

"နန်းတော်က ပိုပိုပြီး သွေးပျက်စရာ ကောင်းလာပြီ... ငါ ဝင်တောင် မဝင်ရဲတော့ဘူး..."

ကျာရီ၏ ပထမဆုံး စကားက ဖုန်းသိုက်၏ အာရုံကို ဖမ်းစားသွားသည်။ ဖုန်းသိုက်က လှည့်ကြည့်လိုက်ပြီး နားမလည်နိုင်စွာ မေးလိုက်သည်။

"အဲဒါ ဘာသဘောလဲ..."

ကျာရီက သူ့ကို လက်ယပ်ခေါ်လိုက်ပြီး လာထိုင်ရန် အမူအရာ ပြလိုက်သည်။

ဖုန်းသိုက် စားပွဲတွင် ဝင်ထိုင်လိုက်သောအခါ ကျာရီက.."အရှင်မင်းကြီးက သိုင်းလောကက ဂိုဏ်းပေါင်းစုံအတွက် စားသောက်ပွဲ တည်ခင်းနေတာ မဟုတ်လား... တချို့ခေါင်းဆောင်တွေနဲ့ ဂိုဏ်းချုပ်တွေ နန်းတော်ထဲ ဝင်သွားပြီး ပြန်မထွက်လာကြတော့ဘူး... ညတိုင်း လူတွေ ငိုသံ ကြားနေရတယ်... ယောကျ်ားလား၊ မိန်းမလားတောင် ခွဲခြားရ ခက်တယ်... တချို့က သရဲတစ္ဆေတွေ ငိုနေတာလို့ ပြောကြတယ်..."

ထိုစကားကို ကြားသောအခါ ဖုန်းသိုက် မျက်မှောင်ကြုတ်သွားပြီး အံ့သြတကြီး မေးလိုက်ပြန်သည်။

"ဒါပေမဲ့ မြို့ထဲမှာ အဲဒီလို ကောလာဟလမျိုး မကြားမိပါဘူး... အရှင်မင်းကြီးရဲ့ မျက်နှာတော်ကို ဖူးတွေ့ခွင့် ရခဲ့တယ်လို့ ကြွားလုံးထုတ်နေတဲ့ ဂိုဏ်းချုပ်တွေတောင် မြို့ထဲမှာ ရှိနေသေးတာပဲ... အရှင်မင်းကြီးက တချို့ဂိုဏ်းတွေကို ရာထူးတွေတောင် ပေးအပ်ထားသေးတယ်..."

ကျာရီက ခေါင်းခါ၍ …

"အဲဒါတွေက အပေါ်ယံပါ... ကောင်းကင်ကာကွယ်ရေး အစောင့်တပ် အနေနဲ့ ငါသာလျှင် အခြေအနေကို အသိဆုံးပဲ... တချို့ ကောင်းကင်ကာကွယ်ရေး အစောင့်တပ်ဖွဲ့ဝင်တွေဆိုရင် ခန်းမဆောင်ကြီးထဲမှာ သေဆုံးသွားတဲ့သူတွေရဲ့ အလောင်းတွေကို စွန့်ပစ်ဖို့ အရှင်မင်းကြီးကို ကူညီပေးခဲ့ရတယ်..."

ဖုန်းသိုက်စိတ်ထဲ၌ အတိတ်က ဝူပေါက်ယွီ ပြောခဲ့သော စကားများကို ပြန်သတိရလိုက်သည်။ အကယ်၍ နတ်ဆိုးဂိုဏ်းကို ဧကရာဇ်က တည်ထောင်ခဲ့သည်မှာ မှန်ပါက ဧကရာဇ်၏ သိုင်းပညာ စွမ်းရည်မှာ အလွန် မြင့်မားနေပေလိမ့်မည်။

ထို့ပြင် ဧကရာဇ်၏ မသေမျိုးလမ်းစဉ်ကို လိုက်စားမှုက သူ့အား အစွန်းရောက်သော နည်းလမ်းများကို တွေးတောစေခဲ့သည်။

"ဒီနေ့ ကောင်းကင်ကာကွယ်ရေး အစောင့်တပ်ကို နန်းတွင်းအစောင့်တပ်နဲ့ ပူးပေါင်းလိုက်ပြီ... နောက်ဆိုရင် အခြေအနေတွေ ရှုပ်ထွေးလာဖို့ပဲ ရှိတော့တယ်... မင်း မသိလို့ပါ... နန်းတွင်းအစောင့်တပ် ဆိုတာက အရှင်မင်းကြီး နန်းတက်ပြီးမှ ဖွဲ့စည်းခဲ့တာ... ဝန်ကြီးဌာန ခြောက်ခုရဲ့ လက်အောက်မှာ မရှိဘဲ အရှင်မင်းကြီးရဲ့ တိုက်ရိုက် ကွပ်ကဲမှုအောက်မှာ ရှိတယ်... ကောင်းကင်ကာကွယ်ရေး အစောင့်တပ်ကျတော့ ဘိုးဘေးကြီး တည်ထောင်ခဲ့တာလေ... ယခင် ဧကရာဇ်လက်ထက်မှာ ယိမ်းယိုင်ခဲ့ပေမဲ့ သမိုင်းကြောင်း အခြေခံ ရှိနေသေးတယ်... ဒါကြောင့် ငါတို့နဲ့ နန်းတွင်းအစောင့်တပ်က မကြာခဏ ပဋိပက္ခ ဖြစ်လေ့ရှိတာ... အခုတော့ ငါတို့က ပြိုင်ဘက်ရဲ့ လက်အောက်ငယ်သား အဖြစ် လျှော့ချခံလိုက်ရပြီ... ဘယ်လိုလုပ် သက်သာနိုင်ပါ့မလဲ..."

ကျာရီက သက်ပြင်းချရင်း ပြောလိုက်ပြီး ဝိုင်တစ်ခွက် ထပ်ငှဲ့လိုက်သည်။

ဖုန်းသိုက်….

"မင်းတို့ ကောင်းကင်ကာကွယ်ရေး အစောင့်တပ်ဖွဲ့ဝင်တွေက ကျွမ်းကျင်သူတွေလေ... အဆင့်၁ ကျွမ်းကျင်သူတွေဆိုရင် အရင်က သိုင်းပညာထူးချွန်သူတွေနဲ့ ပြိုင်ဘက်ကင်း ဆရာသခင်တွေပဲ... သိုင်းလောကစည်းကမ်းထိန်းသိမ်းရေးဌာနရဲ့ ကြီးကြပ်မှုအောက် ရောက်သွားရင်တောင် သူတို့က မင်းတို့ကို ဘာလုပ်နိုင်မှာလဲ..."

ကျာရီက သူ့ကို စိုက်ကြည့်ရင်း….

"သိုင်းလောကစည်းကမ်းထိန်းသိမ်းရေးဌာနကကောင်တွေက ငါတို့ထက် သိုင်းပညာ မနိမ့်ဘူးကွ... တကယ် ထူးဆန်းတယ်... အရှင်မင်းကြီးက အဲဒီလောက်များတဲ့ ကျွမ်းကျင်သူတွေကို ဘယ်က ခေါ်လာလဲ မသိဘူး... အဲဒီကောင်တွေက မျက်နှာဖုံးတွေ တပ်ထားလေ့ရှိပြီး ညဘက်မှာပဲ လှုပ်ရှားတတ်ကြတယ်... မြို့တော်ထဲမှာတောင် သူတို့ ရှိမှန်းသိတဲ့သူ သိပ်မရှိဘူး..."

"သိုင်းလောကစည်းကမ်းထိန်းသိမ်းရေးဌာနရဲ့ ခေါင်းဆောင်ကို ရွှမ်းကုန်းလို့ ခေါ်ကြတယ်... သူ့ရဲ့ သိုင်းပညာက ခန့်မှန်းရ ခက်လွန်းတယ်... ဆရာသခင် အဆင့်က ဘယ်လောက်ပဲ သန်မာပါစေ သူ့လက်ချက်နဲ့ဆို လွယ်လွယ်လေး သေသွားနိုင်တယ်... လွန်ခဲ့တဲ့ နှစ်အနည်းငယ်က နန်ချူးစီရင်စုရဲ့ လွန်ခဲ့တဲ့ နှစ် ၂၀ က သိုင်းပညာချန်ပီယံ သူ့လက်ချက်နဲ့ သိုင်းကွက် သုံးကွက်အတွင်း သေသွားတာကို ငါ ကိုယ်တိုင် မြင်ခဲ့ရတယ်... သူ့ရဲ့ လှုပ်ရှားမှုတွေက သရဲတစ္ဆေလိုပဲ... သူ့ရဲ့ လက်ဝါးရိုက်ချက်က ပြိုင်ဘက်ကင်းတယ်..."

ဖြစ်ပျက်ခဲ့သည်များကို တွေးမိရင်း သူ မနေနိုင်ဘဲ တုန်လှုပ်သွားသည်။

"အဲဒီ ရွှမ်းကုန်း ဆိုတဲ့လူက ဂိုဏ်းချုပ်လီနဲ့ ယှဉ်ရင် ဘယ်လိုနေလဲ..." ဟု ဖုန်းသိုက်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

ကျာရ်က တစ်ခဏမျှ စဉ်းစားပြီး…

"ပြောရခက်တယ်... ဘာလို့လဲဆိုတော့ သူတို့နှစ်ယောက်စလုံးက ငါ့ရှေ့မှာ ပညာကုန် ထုတ်မပြဖူးကြဘူး... ဒါပေမဲ့ ငါ့အမြင်အရဆိုရင် ဒီလောကမှာ ရွှမ်းကုန်းကို ယှဉ်နိုင်တဲ့သူဆိုလို့ ချင်းရှောင်ဂိုဏ်းချုပ် တစ်ယောက်ပဲ ရှိလောက်တယ်..."

လီချင်းချိုးနှင့် ရင်ဆိုင်ခဲ့ရစဉ်က ခံစားချက်ကို ပြန်သတိရမိပြီး ကျာရီ၏ ကျောရိုးတလျှောက် စိမ့်ခနဲ ဖြစ်သွားသည်။ ဝိညာဉ်ချုပ်ကျိန်စာ၏ နှိပ်စက်မှုကို သူ နောက်ထပ် မခံစားလိုတော့ပေ။

ဖုန်းသိုက် မျက်မှောင်ကြုတ်လိုက်ပြီး မျက်လုံးများတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသည်။

လောကကြီး ငြိမ်းချမ်းခါစ ရှိသေးသည်ကို ဧကရာဇ်က နောက်ထပ် ပြဿနာ ရှာတော့မည်လော။

ဂိုဏ်းချုပ်လီထံ စာရေးပြီး ကြိုတင် ပြင်ဆင်ထားရန် တိုက်တွန်းရမည်။ အကယ်၍ ဧကရာဇ်၏ ပစ်မှတ်က နိုင်ငံအတွင်းရှိ သိုင်းလောက ဆရာသခင်များ အားလုံးဖြစ်ပါက ချင်းရှောင်ဂိုဏ်းသည်လည်း လွတ်ကင်းနိုင်မည် မဟုတ်ချေ။

မကြာသေးမီက မြို့တော်တွင် ချင်းရှောင်ဂိုဏ်း၏ ထူးချွန်သော စွမ်းဆောင်ရည်များကို ကြားသိခဲ့ရသဖြင့် ကျန်းကျောက်ရှားနှင့် ရွှီနင်းတို့ ဧကရာဇ်၏ အာရုံစိုက်ခြင်း ခံရမည်ကို သူ စိုးရိမ်နေမိသည်။

သူ့အတွေးများကို မသိရှာသော ကျာရီကတော့ မကျေနပ်ချက်များကို ဆက်လက် ရင်ဖွင့်နေလေသည်။ ကျုံးထျန်း၏ ပြင်ပတွင် ကောင်းကင်ကာကွယ်ရေး အစောင့်တပ် အနေဖြင့် သူသည် ကြီးမားသော ဂုဏ်ရှိန်ကို ခံစားရသော်လည်း နန်းတော်အတွင်း၌မူ ရေခဲပြင်ပါးပါးလေးပေါ် လမ်းလျှောက်နေရသကဲ့သို့ ခံစားရပြီး မည်သည့် အဆင့်အတန်းမျှ မရှိသလို ဖြစ်နေသည်။

...

နေရောင်ခြည် တောက်ပနေပြီး တောင်ပေါ်လေပြေက အနည်းငယ် အေးမြနေသည်။

လီချင်းချိုးက ယွမ်လီနှင့် ကျောက်ကျိန်းတို့ကို ခေါ်၍ တောင်အောက်သို့ ဆင်းလာရာ ယန်ကျွယ်တိန် ဆောက်လုပ်ထားသော သိုင်းပြိုင်ပွဲစင်မြင့်ဘေးမှ ဖြတ်သွားမိသည်။

ယန်ကျွယ်တိန်နှင့် ရွှီနင်းတို့ တောင်အောက်သို့ ဆင်းသွားသည်မှာ ၁၀ ရက်ခန့် ရှိပြီဖြစ်ပြီး ဂိုဏ်းသား ၅ ယောက်ကိုလည်း ခေါ်ဆောင်သွားကာ လေ့ကျင့်ပေးရန် အခွင့်အရေး ယူခဲ့ကြသည်။

လီချင်းချိုး သူတို့အတွက် များစွာ စိတ်မပူခဲ့ပေ။ ယန်ကျွယ်တိန်က သိုင်းလောက အတွေ့အကြုံ ရင့်ကျက်သူဖြစ်ပြီး ရွှီနင်းက သွေးထွက်သံယို တိုက်ပွဲများကို ကြုံဖူးသူ ဖြစ်ရာ ကွမ်ကျိုးစီရင်စု အတွင်း၌ဆိုလျှင် ဘေးကင်းလုံခြုံပေလိမ့်မည်။

လီချင်းချိုး တောင်ပေါ်လမ်းအတိုင်း သစ်တောထဲမှ ထွက်လာစဉ် သိုင်းပြိုင်ပွဲစင်မြင့်အနီးတဝိုက်တွင် လူပေါင်း ဒါဇင်နှင့်ချီ၍ စုဝေးနေသည်ကို တွေ့လိုက်ရသည်။ ချင်းရှောင်ဂိုဏ်းသားများအပြင် ဘုရားဖူးများ၊ လက်မှုပညာသည်များနှင့် သိုင်းလောကသားများလည်း ပွဲကြည့်နေကြပြီး ရံဖန်ရံခါ အားပေးသံများ ကြားနေရသည်။

ဂိုဏ်းသားတစ်ဖွဲ့ နေ့စဉ် တောင်ပေါ်တွင် ကင်းလှည့်နေသဖြင့် လောလောဆယ်တွင် တောင်ပေါ်၌ ပြဿနာရှာသူ မရှိပေ။

လီချင်းချိုး မျက်ခုံးပင့်၍ စင်မြင့်ပေါ် ကြည့်လိုက်မိသည်။ ထိုအချိန်တွင် အမျိုးသမီး နှစ်ဦး တိုက်ခိုက်နေကြပြီး တစ်ဦးမှာ လီတုန်းယွဲ့၏ တပည့် လျူယန် ဖြစ်ပြီး အခြားတစ်ဦးမှာ အမည်းရောင် ဝတ်ဆင်ထားသော အမျိုးသမီး ဖြစ်ကာ သူ့အတွက် ရင်းနှီးနေသလို ရှိသည်။

အမည်းရောင်ဝတ် အမျိုးသမီးကို ချက်ချင်း မှတ်မိသွားသည်။ ထိုနေ့က ခုနှစ်စဉ်တောင်ထွတ်မဟာမိတ်အဖွဲ့သို့ သူ့ကို ခေါ်ဆောင်သွားသော သိုင်းလောကသား အမျိုးသမီး မဟုတ်ပါလော။

လျူယန်သည် မူလအားဖြည့်နယ်ပယ် ပထမအဆင့်တွင် ရှိနေသော်လည်း ချိုင်ယွင်ရှန်း၏ ပြိုင်ဘက် မဟုတ်ပေ။ ချိုင်ယွင်ရှန်းကလည်း သူမကို အရှက်ရအောင် မလုပ်ခဲ့ပါ။ နှစ်ယောက်သား အပြန်အလှန် ယှဉ်ပြိုင်နေသယောင် ရှိသော်လည်း တကယ်တမ်းတွင် ချိုင်ယွင်ရှန်းက သူမကို သိုင်းကွက်များ သင်ပေးနေပြီး ကိုယ်ပိုင် သိုင်းပညာကို နားလည်သဘောပေါက်စေရန် ကူညီပေးနေခြင်း ဖြစ်သည်။

လီချင်းချိုး ရပ်မနေဘဲ ဆက်လျှောက်သွားရာ ကျောက်ကျိန်းနှင့် ယွမ်လီတို့လည်း စင်ပေါ်မှ ပြိုင်ပွဲကို စိတ်မဝင်စားကြချေ။

သူတို့ တောင်ပေါ်လမ်းအတိုင်း ဆင်းလာစဉ် ဂိုဏ်းသားများက မြင်တွေ့သွားသဖြင့် ချက်ချင်း လှည့်၍ လီချင်းချိုးအား လက်အုပ်ချီ ဂါရဝပြုလိုက်ကြသည်။

ချိုင်ယွင်ရှန်းလည်း ပရိသတ်ထဲမှ ချင်းရှောင်ဂိုဏ်းသားများ၏ အပြုအမူကို သတိထားမိလိုက်ပြီး သူမ၏ အကြည့်က သူတို့ထံ ရောက်ရှိသွားကာ မျက်လုံးများ ပြူးကျယ်သွားသည်။

သူပဲ!

လွန်ခဲ့သော နှစ်အနည်းငယ်က ညအမှောင်ကို အကာအကွယ်ယူ၍ တောင်ပေါ်သို့ တစ်ကိုယ်တည်း တက်လာပြီး လွီထိုက်သုကို သတ်ဖြတ်ကာ အောင်မြင်စွာ ပြန်ထွက်သွားသော လူငယ်ကို ချိုင်ယွင်ရှန်း မေ့မရနိုင်ပေ။

ထိုလူငယ်၏ နာမည်ကို မသိသော်လည်း မျက်နှာကိုမူ သူမ မေ့မရနိုင်ပါ။

"သူက ချင်းရှောင်ဂိုဏ်းသားလား... မဟုတ်ဘူး... သူ့ရာထူးက အရမ်း မြင့်ပုံရတယ်..."

ချိုင်ယွင်ရှန်း တိတ်တဆိတ် တွေးလိုက်သော်လည်း ရပ်မသွားပေ။ သူမ အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီး တိုက်ပွဲကိုသာ အာရုံစိုက်လိုက်သည်။

စင်မြင့်အောက်က ကုတုပေါင်လည်း သူမ၏ အကြည့်ကို သတိထားမိပြီး လှည့်ကြည့်လိုက်သော်လည်း လီချင်းချိုးနှင့် အခြားနှစ်ယောက်၏ ကျောပြင်ကိုသာမြင်လိုက်ရငည့။

"ကလေးနှစ်ယောက် သူ့အနားမှာ ရှိတယ်ဆိုတော့... သူက ချင်းရှောင်ဂိုဏ်းချုပ်လား..."

ကုတုပေါင် မိမိဘာသာ တွေးတောနေမိသည်။ သူသည် ချင်းရှောင်ဂိုဏ်းတွင် တည်းခိုခ ပေး၍ နေထိုင်နေသည်မှာ အချိန်အတန်ကြာပြီ ဖြစ်သည်။ ဂိုဏ်းချုပ်ကို တခါမှ မတွေ့ဖူးသော်လည်း ဂိုဏ်းသားများထံမှ လီချင်းချိုး အကြောင်း ကြားဖူးထားသည်။

လီချင်းချိုးနှင့် အခြားနှစ်ယောက် တောင်အောက်သို့ ဆင်းသွားကာ တောအုပ်ထဲ ပျောက်ကွယ်သွားပြီးနောက် ကုတုပေါင် သူတို့နောက်သို့ လိုက်ရန် ဆုံးဖြတ်လိုက်သည်။

သူသည် လီချင်းချိုးထံ အသနားခံရန် အခွင့်အရေး ရှာချင်နေပြီး သူပိုင်ဆိုင်ထားသော လျှို့ဝှက်သိုင်းကျမ်းက လီချင်းချိုးအား ချိုင်ယွင်ရှန်းကို တပည့်အဖြစ် လက်ခံလာအောင် ဆွဲဆောင်နိုင်မည်လောဟု တွေးတောနေမိသည်။

တောင်အောက်သို့ ၂ မိုင်ခန့် လျှောက်လာပြီးနောက် ကုတုပေါင်က လီချင်းချိုး ကလေးနှစ်ယောက်ကိုဘယ်ညာလက်တွဲ၍ ရပ်တန့်လိုက်သည်ကို ရုတ်တရက် တွေ့လိုက်ရသည်။

"လီအာ၊ ကျိန်းအာ... ဒီနေ့ ဆရာက လူဆိုးတွေကို ဘယ်လို ကိုင်တွယ်ရမလဲ ဆိုတာ သင်ပေးမယ်... ဘယ်လိုလဲ..."

လီချင်းချိုး၏ အသံ ရုတ်တရက် ထွက်ပေါ်လာသဖြင့် သစ်ပင်နောက်တွင် ပုန်းနေသော ကုတုပေါင် ထိတ်လန့်သွားသည်။ထို့ကြောင့် အလိုအလျောက် ရှေ့ထွက်၍ ရှင်းပြရန် ပြင်လိုက်လေသည်။

"ကျန်းကျောက်ရှားနဲ့ ရွှီနင်းအပြင် ချင်းရှောင်ဂိုဏ်းမှာ တခြား ကျွမ်းကျင်သူတွေ ရှိသေးတာပဲ... ငါတို့ သတင်းရထားတာ မှန်ပုံရတယ်... ချင်းရှောင်ဂိုဏ်းချုပ်က ယခင် တာအိုဆရာချင်းရှောင်ရဲ့ စစ်မှန်တဲ့ ပညာတွေကို အမွေဆက်ခံထားတာ ဖြစ်နိုင်တယ်..."

အေးစက်သော ရယ်သံတစ်ခု ထွက်ပေါ်လာပြီး တောင်တန်းများနှင့် သစ်တောများအနှံ့ ပဲ့တင်ထပ်သွားသည်။

ကုတုပေါင် ချက်ချင်း နောက်သို့ ဆုတ်လိုက်ပြီး စိတ်ထဲတွင် အံ့သြထိတ်လန့်သွားသည်။ ချင်းရှောင်ဂိုဏ်းချုပ်ကို ချုံခိုတိုက်ခိုက်ရဲသည်မှာ မည်သူနည်း။

All Chapters