အချစ်မဲ့ ဝိညာဉ်ကံကြမ္မာ
Vol. 7 Ch. 68
"မင်း တစ်လတည်းနဲ့ တတ်မြောက်သွားတာလား... တကယ်လား..."
လီချင်းချိုးက လက်လှမ်း၍ ကျောက်ကျိန်း၏ ခေါင်းကို ပွတ်သပ်ပေးရင်း ကြင်နာသော အသံဖြင့် ပြုံး၍ မေးလိုက်သည်။
ကျောက်ကျိန်းက ယွမ်လီလောက် အသိဉာဏ် မကြွယ်သော်လည်း နေ့စဉ်ဘဝတွင် ပြဿနာ မရှာတတ်ပေ။ စားခြင်း၊ အိပ်ခြင်းမှလွဲ၍ ကျန်အချိန်များကို သိုင်းပညာ လေ့ကျင့်ရင်း ကုန်ဆုံးလေ့ရှိသည်။ ဤ ဝီရိယရှိသော စိတ်ဓာတ်က လီချင်းချိုး သူ့ကို သဘောကျစေရန် လုံလောက်သည်။
ကျောက်ကျိန်းက မျက်လုံး ပြူးကျယ်လျက် … "ဆရာ မယုံရင် ကျွန်တော် အခုပဲ ပြမယ်..."ဟု ကြွားလုံးထုတ်လိုက်သည်။
ထိုသို့ ပြောပြီးနောက် သူသည် လက်ကို မြှောက်၍ နတ်နဂါး အသွင်ပြောင်းခြင်း ကို ထုတ်သုံးရန် ပြင်လိုက်သည်။
လီချင်းချိုးက သူ့ကို ဖိထားလိုက်ပြီး မတတ်သာသည့် အပြုံးဖြင့်…
"ငါ ဘယ်လိုလုပ် မယုံဘဲ နေမလဲ... မင်းရဲ့ ပါရမီကို အံ့သြနေရုံပါ... အချိန်ကိုက်ပဲ.. ငါ စီနီယာကုကို သွားရှာပြီး မင်း နတ်နဂါး အသွင်ပြောင်းခြင်းမှာ ဘယ်လောက် တိုးတက်နေပြီလဲ ဆိုတာ သူ့ကို ပြလိုက်မယ်..."
ကျောက်ကျိန်းက ခေါင်းညိတ်လိုက်ပြီး လီချင်းချိုးကို တောင်အောက်သို့ ဆွဲခေါ်သွားရာ သူက ပို၍ပင် စိတ်လောနေသေးသည်။
ချင်းရှောင်တောင်ပေါ်တွင် ဧည့်ရိပ်သာများ ပိုမို ဆောက်လုပ်ထားပြီးဖြစ်သည်။ ကျန်းယွီချွန်း၏ စီမံကိန်းအရ အနာဂတ်တွင် တပည့်များ လက်ခံရန် ပြင်ဆင်သည့် အနေဖြင့် တောင်ပေါ်လမ်းမတလျှောက် တောင်ခြေအထိ ဆောက်လုပ်သွားမည် ဖြစ်သည်။ ဤရည်ရွယ်ချက်အတွက် ချင်မိသားစု နှင့် လျူဖန်ကျိုးတို့က ငွေကြေးများ ဆက်တိုက် ပေးပို့နေကြသည်။
ချင်းရှောင်ဂိုဏ်း ကြီးထွားလာသည်နှင့်အမျှ လီချင်းချိုးက လျှော့ပေးလိုက်ပြီး ချင်မိသားစုကို နောက်ထပ် မိသားစုဝင် ၅ ယောက် ပို့ဆောင်ခွင့် ပြုလိုက်သည်။ လျူဖန်ကျိုးကလည်း တူ ၃ ယောက် ပို့လိုက်၏။ တူများဟု ခေါ်သော်လည်း ဤ ၃ ယောက်က လျူဖန်ကျိုးနှင့် အလွန် တူသည်ဟု လီချင်းချိုး ခံစားမိသည်။
လူတိုင်းတွင် ကိုယ်ကျိုးစီးပွား ရှိကြရာ လီချင်းချိုး ထိုအရာများကို ဂရုစိုက်ရန် ပျင်းရိနေသည်။ မည်သို့ပင်ဖြစ်စေ ဤမိသားစုဝင်များက ဂိုဏ်းသို့ ဝင်ရောက်ပြီးနောက် သာမန်တပည့် အဆင့်အတန်းသာ ရရှိကြမည် ဖြစ်သည်။
လီချင်းချိုး တောင်အောက်သို့ ဆင်းလာစဉ် ချင်းရှောင်ဂိုဏ်းအတွင်း အပြောင်းအလဲများကို လေ့လာကြည့်ရှုလိုက်သည်။ လမ်းတလျှောက်တွင် သူ့ကို တွေ့သော ဂိုဏ်းသားများက ရိုသေစွာ ဦးညွှတ်ကြသည်။
သူတို့ ချိုင်ယွင်ရှန်းနှင့် ကုတုပေါင် တို့တည်းခိုရာ ဧည့်ရိပ်သာသို့ ရောက်ရှိလာပြီး ကုတုပေါင်က ချိုင်ယွင်ရှန်းအား သိုင်းပညာ သင်ကြားပေးနေသည်ကို အမှတ်မထင် တွေ့လိုက်ရသည်။
"စီနီယာကု.. ကျွန်တော့် ဆရာက ခင်ဗျားကို ရှာနေတာ... အချိန်ကိုက်ပဲ... ကျွန်တော် နတ်နဂါး အသွင်ပြောင်းခြင်း ကို တတ်မြောက်ပြီလား လာကြည့်ပါဦး..."
ကျောက်ကျိန်း ခြံဝင်းထဲသို့ ဝင်သည်နှင့် အော်ဟစ် ပြောဆိုလိုက်ရာ ကုတုပေါင်တို့ နှစ်ယောက် လှည့်ကြည့်လိုက်ကြသည်။ လီချင်းချိုးကို မြင်သောအခါ ကုတုပေါင် ဝမ်းသာသွားသည်။
တစ်လ ကုန်ဆုံးသွားသော်လည်း လီချင်းချိုးနှင့် တွေ့ဆုံရန် အခွင့်အရေး မရခဲ့ပေ။ လီချင်းချိုးက တပည့်လက်ခံမည့်ကိစ္စကို နောက်ဆုတ်တော့မည်လောဟု သူ သံသယ ဝင်လုနီးပါး ဖြစ်ခဲ့သော်လည်း ချိုင်ယွင်ရှန်းက စိတ်ရှည်ရှည် စောင့်ရန် ပြောခဲ့သည်။ သူမက မလောသဖြင့် သူလည်း သဘာဝကျကျပင် သည်းခံခဲ့ရသည်။
နေပါဦး...
"မင်း ဘာပြောလိုက်တာလဲ... နတ်နဂါး အသွင်ပြောင်းခြင်းကို မင်း တတ်မြောက်သွားပြီ ဟုတ်လား..."
ကုတုပေါင်က ကျောက်ကျိန်းကို ကြည့်ကာ မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။
ဒီကလေးက ဘာလို့ ဒီလောက် မာနကြီးရတာလဲ...သူက ခါးလောက်သာ အရပ်မြင့်သေးသော်လည်း နတ်ဘုရားအဆင့် သိုင်းပညာ ကို တတ်မြောက်ပြီဟု ကြွားဝါရဲသည်လော။
ချိုင်ယွင်ရှန်းက ဓားကို ဓားအိမ်ပြန်သွင်းပြီး လီချင်းချိုးကို စိုက်ကြည့်လိုက်သည်။
လီချင်းချိုးက သူမကို မသိချင်ယောင်မဆောင်ဘဲ အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။
ကျောက်ကျိန်းက စကားတစ်ခွန်းမှ မပြောဘဲ ဘေးသို့ လျှောက်သွားကာ ခြေထောက်များကို ခွဲ၍ နတ်နဂါး အသွင်ပြောင်းခြင်း၏ အစပျိုးဟန်ကို ယူလိုက်သည်။ ချိုင်ယွင်ရှန်းလည်း သူ့ကို စိတ်ဝင်စားသွားသည်။
ကုတုပေါင်က နတ်နဂါး အသွင်ပြောင်းခြင်း အကြောင်း ပြောသည်ကို သူမ မကြားဖူးသဖြင့် မျှော်လင့်ချက် ကြီးကြီးမားမား မထားပေ။ အသက် ၅ နှစ်အရွယ် ကလေးက အတော်လေး သက်ဝင်လှုပ်ရှားနေသည်ဟုသာ သူမ ထင်လိုက်သည်။
ကျောက်ကျိန်းက မဟာနေမင်းယန်စွမ်းအင်သိုင်း၏ စိတ်ဝိညာဉ်ကျင့်စဉ်ကိုစတင် အသက်သွင်းလိုက်သည်။ထိုအခါ အတွင်းအားများက ဒန်တျန်မှတဆင့် ထူးခြားသွေးကြောမကြီး ရှစ်ခုသို့ စီးဆင်းသွားကာ သူ့လက်များ စတင် လှုပ်ရှားလာပြီး လှုပ်ရှားမှုများက လျင်မြန်ခြင်း မရှိသော်လည်း ရေကဲ့သို့ စီးဆင်းနေသည်။ ထိုမျှ ငယ်ရွယ်သော အရွယ်တွင် သူ့လှုပ်ရှားမှုတိုင်းက ဆရာသခင် တစ်ယောက်၏ အသွင်အပြင်ကို ပိုင်ဆိုင်ထားပြီး ဖြစ်သည်။
သူ စတင် လှုပ်ရှားလိုက်သည့် ခဏတွင် ကုတုပေါင်၏ မျက်နှာထား ပြောင်းလဲသွားသည်။
သူ့အကြည့်အောက်တွင် ကျောက်ကျိန်း၏ ခန္ဓာကိုယ်မှ ချီစွမ်းအင်များ စတင် ထွက်ပေါ်လာပြီး ဝတ်ရုံများ လွင့်ပျံလာကာ မကြာမီ အံ့သြဖွယ်ရာ တစ်စုံတစ်ခု ဖြစ်ပေါ်လာသည်။ ကျောက်ကျိန်း၏ ခြေထောက်များက မြေကြီးနှင့် ကွာသွားပြီး လေထဲသို့ ဖြည်းညင်းစွာ မြင့်တက်လာသည်။
ယခုအကြိမ်တွင် ကုတုပေါင်သာမက ချိုင်ယွင်ရှန်းလည်း မျက်လုံးများ ပြူးကျယ်သွားပြီး သရဲတစ္ဆေ မြင်လိုက်ရသကဲ့သို့ ဖြစ်သွားသည်။
လီချင်းချိုး မျက်လုံးကို ကျဉ်းမြောင်းလိုက်ရာ ကျောက်ကျိန်း၏ ချီစွမ်းအင်များ နဂါး တစ်ကောင်အဖြစ် ဖြည်းဖြည်းချင်း ဖွဲ့စည်းလာသည်ကို မြင်လိုက်ရသည်။
နဂါးတစ်ကောင်က ငါ့ကို ရစ်ပတ်ထားတယ်...
နဂါးချီ ဝန်းရံလျက် ကျောက်ကျိန်း၏ မျက်နှာက တည်ကြည်နေသည်။ သူက ကုတုပေါင်ကို ကြည့်ပြီး မေးလိုက်သည်။
"စီနီယာကု.. ကျွန်တော် တတ်မြောက်သွားပြီလား..."
ဘုန်း...
ကုတုပေါင် တုန်တုန်ရီရီဖြင့် မြေကြီးပေါ်တွင် ဒူးထောက်ကျသွားပြီး မျက်နှာတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေကာ ရေရွတ်လိုက်သည်။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... စီနီယာကြီး.. မြင်ရဲ့လား... ခင်ဗျား ပြောခဲ့တဲ့လူ တကယ် ရှိတယ်... သူက ကျွန်တော့်ရှေ့မှာ ရောက်နေပြီ..."
ကျောက်ကျိန်း မျက်မှောင်ကြုတ်လိုက်သည်။
စီနီယာကုက ဘာလို့ ဒူးထောက်ရတာ ဒီလောက် ကြိုက်နေရတာလဲ…တကယ့်ကို ပျော့ညံ့တဲ့သူပဲ...
"ကဲ... တော်လောက်ပြီ... ဆက်လုပ်နေရင် မင်း အားကုန်သွားလိမ့်မယ်..."
လီချင်းချိုး၏ စကားကို ကြားသောအခါ ကျောက်ကျိန်းက အတွင်းအား ကျင့်ကြံခြင်းကို ချက်ချင်း ရပ်လိုက်ပြီး မြေကြီးပေါ်သို့ တည်ငြိမ်စွာ ပြန်ဆင်းသက်လိုက်သည်။
ကျောက်ကျိန်းက ကျေနပ်စွာ ပြုံးပြီး လီချင်းချိုးကို ကြည့်ကာ ဆရာ့ထံမှ ချီးကျူးစကားကို စောင့်မျှော်နေသည်။ ကံဆိုးစွာဖြင့် ဆရာက သူ့ကို လျစ်လျူရှုထားသည်။
လီချင်းချိုးက ချိုင်ယွင်ရှန်းကို ကြည့်ပြီး…
"ဒါ ပထမဆုံးအကြိမ် တွေ့တာတော့ မဟုတ်ဘူး... ဒါပေမဲ့ အတိတ်ကို ပြန်မပြောကြေး... မင်း ငါ့တပည့် လုပ်ချင်လား..."
သူ နတ်နဂါး အသွင်ပြောင်းခြင်း လျှို့ဝှက်သိုင်းကျမ်းကို ကြည့်ဖူးပြီးပြီ၊ တကယ်ကို ထူးခြားသည်။ အထွတ်အထိပ်အဆင့် သို့ ရောက်သောအခါ ခန္ဓာကိုယ်က ချီ နှင့်အတူ ရွေ့လျားပြီး ချီစွမ်းအင်က နဂါးကဲ့သို့ ဖြစ်ကာ ရေကန်ထဲသို့ တားဆီးမရသော အင်အားဖြင့် ခုန်ဆင်းနိုင်စေသည်။
သူ့အမြင်တွင် နတ်နဂါး အသွင်ပြောင်းခြင်းက သိုင်းပညာ နယ်ပယ်ကို ကျော်လွန်တော့မည်ဖြစ်ပြီး တန်ဖိုး အလွန်ကြီးမားသည်။ ကျောက်ကျိန်း အနေဖြင့် နတ်နဂါး အသွင်ပြောင်းခြင်းကို ဂါထာမန္တန် တစ်ခုအဖြစ် ပြောင်းလဲ တိုးတက်စေရန် သူ မျှော်လင့်ထားသည်။
ချိုင်ယွင်ရှန်းက ကျောက်ကျိန်းကို ကြည့်ပြီး…
"ကျွန်မက ရှင်ရဲ့ တပည့်ဖြစ်ဖို့ အရည်အချင်း မမီဘူးလို့ ထင်တယ်... အဲဒီလို မဟုတ်ရင် ဘာလို့ ကျွန်မကို သာမန်အတိုင်း တပည့်အဖြစ် လက်မခံတာလဲ..."
လီချင်းချိုး အံ့သြသွားသည်။ အသက် ၅ နှစ်အရွယ် ကလေးတောင်မှ တပည့်ရင်း နှင့် သာမန် တပည့် အကြား ကွာခြားချက်ကို နားလည်နိုင်သေးသည်။ သူမက ချင်းရှောင်ဂိုဏ်းသို့ လာရန် အကြီးအကျယ် ကြိုးစားခဲ့ပြီးမှ ဘာကြောင့် ရုတ်တရက် စိတ်ပြောင်းသွားရသနည်း။
မြေကြီးပေါ်တွင် ဒူးထောက်နေသော ကုတုပေါင်မှာ အသိပြန်ဝင်လာပြီး ချိုင်ယွင်ရှန်းကို နားမလည်နိုင်သော အမူအရာဖြင့် ကြည့်လိုက်သည်။
လီချင်းချိုးကလည ပြင်ပလူတစ်ယောက်ကို ဖျောင်းဖျရန် စိတ်မဝင်စားပေ။
"ကောင်းပြီ... ကျန်းယွီချွန်းကို သွားရှာလိုက်... အကြီးအကဲ ဆီမှာ စာရင်းသွားသွင်းပြီး ငါ သဘောတူတယ်လို့ ပြောလိုက်..."
ထိုသို့ ပြောပြီးနောက် သူက ခြံဝင်းတံခါးဆီသို့ လှည့်ထွက်သွားရင်း ခေါင်းလှည့်ကာ ကုတုပေါင်ကို သတိပေးလိုက်သည်။
"စီနီယာကု.. မြေပြင်ပ မညီမညာဘူး... ဒူး မနာစေနဲ့..."
ကုတုပေါင် မျက်နှာရဲသွားပြီး ကမန်းကတန်း ထရပ်လိုက်သော်လည်း ကျောက်ကျိန်းကို ကြည့်လိုက်ရာ မျက်နှာထားက ကြောင်တောင်တောင် ဖြစ်နေဆဲပင်။
လီချင်းချိုးတို့ အဝေးသို့ ရောက်သွားပြီးနောက် ကုတုပေါင်က ချိုင်ယွင်ရှန်းဘက်သို့ လှည့်၍ အံ့သြတကြီး မေးလိုက်သည်။
"ဘာလို့ ရုတ်တရက် စိတ်ပြောင်းသွားတာလဲ..."
ချိုင်ယွင်ရှန်းက မျက်နှာသေဖြင့်…
"ကျွန်မ တကယ်ပဲ သူ့တပည့်ဖြစ်ဖို့ အရည်အချင်း မမီဘူးလို့ ထင်လို့ပါ... စောစောက အဲဒီကလေးရဲ့ ပါရမီကို ဦးလေး မြင်တယ်မလား... ပြီးတော့ ချင်းရှောင်ဂိုဏ်းကို ဝင်ပြီးရင် မိသားစုက ကျွန်မအပေါ် ထိန်းချုပ်မှု လျော့သွားနိုင်တယ်လို့ ထင်တယ်... သူတို့က ချင်းရှောင်ဂိုဏ်းထဲထိ လာပြီး ကျွန်မကို ပြန်ပေးဆွဲလို့မှ မရတာ..."
ကုတုပေါင်က ကျောက်ကျိန်း နတ်နဂါး အသွင်ပြောင်းခြင်းကို အသုံးပြုခဲ့သည့် မြင်ကွင်းကို ပြန်သတိရလိုက်ပြီး ချိုင်ယွင်ရှန်း၏ စကားက အဓိပ္ပာယ်ရှိသည်ဟု ခံစားလိုက်ရသည်။ တစ်စုံတစ်ယောက်ကို သူ့တပည့် ဖြစ်လာအောင် အတင်းအကျပ် လုပ်ခြင်းက ကောင်းသောကိစ္စ မဟုတ်နိုင်ပေ။
သို့သော် ချိုင်ယွင်ရှန်း၏ နောက်ထပ်စကားကို ကြားသောအခါ သူ ခေါင်းခါပြီး ရယ်မောလိုက်သည်။
ချင်းရှောင်ဂိုဏ်းကို လာပြီး လူပြန်ပေးဆွဲမယ် ဟုတ်လား...
သေချင်နေတာပဲ...
သိုင်းပညာ လေ့ကျင့်ခြင်းက ကံကြမ္မာကို မပြောင်းလဲနိုင်ကြောင်း၊ လုံလောက်အောင် မသန်မာ၍သာ ဖြစ်ကြောင်း သူ ယခင်က ချိုင်ယွင်ရှန်းကို ပြောခဲ့ဖူးသည်။
ချင်းရှောင်ဂိုဏ်းချုပ်လို စွမ်းအားကြီးသော သူတစ်ယောက်က ချိုင်မိသားစု အများအပြား ပေါင်းစည်း တိုက်ခိုက်လျှင်ပင် တိုက်ခိုကိလာသူများကိုအလွယ်တကူချေမှုန်းပစ်နိုင်ပေလိမ့်မည်။
အခြားတစ်ဖက်တွင်…
လီချင်းချိုးက ကျောက်ကျိန်းကို တောင်ပေါ်သို့ ခေါ်ဆောင်သွားသည်။ ကျောက်ကျိန်းက ဆရာ့ ထံမှ ချီးကျူးစကား ရရန် ကြိုးစားရင်း မရပ်မနား စကားပြောနေရှာသော်လည်း ကံဆိုးစွာဖြင့် လီချင်းချိုးက သူ့ကို ချီးကျူးရန် ငြင်းဆန်ခဲ့သည်။သို့သော်ငြားလဲ ကျောက်ကျိန်းက စိတ်ပျက်မသွားဘဲ ပို၍ပင် စိတ်အားထက်သန်လာသည်။
တောင်ပေါ်တက်ရန် အချိန်ယူရသဖြင့် လီချင်းချိုးက အကျင့်ပါနေသည့်အတိုင်း တာအိုဇယားကွက်ကို ဖွင့်၍ ချိုင်ယွင်ရှန်း၏ ပရိုဖိုင်ပုံကို ရှာဖွေလိုက်သည်။
နှုတ်ဖြင့် တပည့်လက်ခံခြင်း ဖြစ်သော်လည်း တစ်ဖက်လူက သဘောတူသရွေ့ ချင်းရှောင်ဂိုဏ်း၏ အစိတ်အပိုင်းအဖြစ် သတ်မှတ်၍ ရသည်။
ချိုင်ယွင်ရှန်း၏ ကိုယ်ရေးအချက်အလက် သူ့မျက်စိရှေ့တွင် ပေါ်လာပြီ…
【အမည်- ချိုင်ယွင်ရှန်း】
【ကျား/မ- မ】
【အသက်- ၂၃】
【သစ္စာရှိမှု (ခေါင်းဆောင်/ဂိုဏ်းချုပ်)- ၈၂/၇၀ (အမြင့်ဆုံး ၁၀၀)】
【ကျင့်ကြံခြင်း ပါရမီ:-ကောင်းမွန်သည်】
【နားလည်သဘောပေါက်နိုင်စွမ်း- သာမန်】
【ကံကြမ္မာ- အချစ်မဲ့ ဝိညာဉ်ကံကြမ္မာ၊ နိယာမထိန်းချုပ်နိုင်သော ပါရမီ】
【အချစ်မဲ့ ဝိညာဉ်ကံကြမ္မာ- ကျင့်ကြံခြင်း စတင်ချိန်မှစ၍ အချစ်ရေး ကိစ္စများတွင် ပါဝင်ပတ်သက်ခြင်း မရှိရ၊ အမျိုးသားများနှင့် လိင်ဆက်ဆံခြင်း မပြုရ။ သဘာဝ ပါရမီသည် မဟာနယ်ပယ် ကို ထိုးဖောက်ကျော်လွန် ခြင်းနှင့်အတူ တိုးတက်လာလိမ့်မည်။ အချစ်မဲ့ ဝိညာဉ်ကံကြမ္မာ ပျောက်ကွယ်သွားပါက မသိရှိနိုင်သော အကျိုးဆက်များ ဖြစ်ပေါ်လိမ့်မည်။】
【နိယာမထိန်းချုပ်နိုင်သော ပါရမီ-ပြစ်ဒဏ်များ စီရင်ရန် သင့်လျော်သည်၊ ဘက်လိုက်မှုမရှိ၊ အကျင့်ပျက်ခြစားမှု ကင်းရှင်းပြီး မည်သည့် ခြိမ်းခြောက်မှုကိုမျှ မကြောက်ရွံ့ပေ။】
...
လီချင်းချိုး ခြေလှမ်း ရပ်တန့်လုနီးပါး ဖြစ်သွားသည်။ ချိုင်ယွင်ရှန်းက အထူး ကံကြမ္မာ နှစ်ခုကို ပိုင်ဆိုင်ထားသည်။
ဤ ကြင်နာမှုကင်းမဲ့ပုံရသော ကံကြမ္မာက ဖုန်းသိုက်၏ နှေးကွေးသော ကံကြမ္မာ နှင့် ဆင်တူနေသည်။ နှစ်ခုစလုံးက ကြီးထွားရန် အလားအလာရှိသော ကံကြမ္မာ များ ဖြစ်သည်။
သို့သော် သူမအဖို့ ဤဘဝတွင် မသေမျိုးလမ်းစဉ်ကို မကျင့်ကြံလျှင် ဤ ကံကြမ္မာ က အဓိပ္ပာယ် မရှိသလောက်ပင်။
ပြစ်ဒဏ်များ စီရင်နိုင်သော ပါရမီသည်လည်း အတော်လေး ကောင်းမွန်သည်။ ချင်းရှောင်ဂိုဏ်း ပိုမို အားကောင်းလာသည်နှင့်အမျှ တရားဥပဒေ စိုးမိုးရေးအတွက်အဖွဲ့ ဖွဲ့စည်းရန် မလွဲမသွေ လိုအပ်လာလိမ့်မည်။
လီချင်းချိုး အနေဖြင့် ချိုင်ယွင်ရှန်းကို တိုက်ရိုက် ခန့်အပ်၍ မရနိုင်ပါ၊ အဘယ်ကြောင့်ဆိုသော် ဂိုဏ်းသားများ ၏ အတင်းအဖျင်း ပြောဆိုမှုကို ဖိတ်ခေါ်သလို ဖြစ်နေမည်။ ထို့ကြောင့် ချိုင်ယွင်ရှန်း၏ ပရိုဖိုင်ကို ကြည့်ပြီးနောက် သူမကို ပြုစုပျိုးထောင်ရန် ဆုံးဖြတ်လိုက်သည်။ ဦးစွာ သူမ၏ ကျင့်ကြံမှု အဆင့်ကို မြှင့်တင်ပေးပြီးမှ အနာဂတ်တွင် လူများကို အကြောင်းပြချက် ခိုင်လုံစွာဖြင့် စည်းရုံးရမည်။
အချစ်မဲ့ ဝိညာဉ်ကံကြမ္မာ အကြောင်း ဖတ်ရလေလေ သူ ပိုသဘောကျလေလေ ဖြစ်သည်။ ကျင့်ကြံသူများ ပိုများလာသော်လည်း အများစုမှာ ချိုင်ယွင်ရှန်းလို အနာဂတ် အကန့်အသတ်မရှိသူမျိုး မဟုတ်ဘဲ သာမန် စိတ်နေသဘောထားသာ ရှိကြသည်။
တကယ်တော့ အချစ်မဲ့ဝိဉါဉ်ကံကြမ္မာကိုသဘောကျသော်လည်း လီချင်းချိုး အနေဖြင့် အချစ်မဲ့ ဝိညာဉ်ကံကြမ္မာကို ပုံတူကူးယူရန် ရည်ရွယ်ချက် မရှိပေ။
သူသည် အချစ်မဲ့ တာအို လမ်းစဉ်ကို မသွားလိုပါ!
အချိန်မတန်သေးဟု ခံစားရသောကြောင့် လောလောဆယ်တွင် လက်ထပ်ပြီး ကလေးယူရန် ဆန္ဒမရှိခြင်းသာ ဖြစ်သည်။
လီချင်းချိုး၏ စိတ်အခြေအနေ ကြည်လင်လာပြီး ခြေလှမ်းကို အရှိန်မြှင့်လိုက်ရာ ကျောက်ကျိန်းလည်း လိုက်ပါရန် အရှိန်မြှင့်ရတော့သည်။ မကြာမီ ဆရာတပည့်နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် အပြေးလိုက်တမ်း ကစားသလို ဖြစ်သွားကြသည်။
...
ဆယ်ရက်ကြာပြီးနောက် ဝိညာဉ်ကျောက်တွင်းသို့ လီချင်းချိုး တစ်ယောက်တည်း ရောက်လာခဲ့သည်။ သူသည် တွင်းထဲသို့ လျှောက်သွားပြီး မှောင်မိုက်သော ခရီးတစ်ခု နှင်ပြီးနောက် တွင်းထဲတွင် အလင်းရောင် ပေါ်လာသည်။
ဆီမီးခွက်များကို ဥမင်လိုဏ်ခေါင်း နံရံ တစ်ဖက်တစ်ချက်စီတွင် ချိတ်ဆွဲထားသည်။ ၎င်းတို့ကို ချင်းရှောင်ဂိုဏ်းသားများက ပြုလုပ်ထားခြင်းဖြစ်ပြီး ငွေကြေး အမြောက်အမြား ကုန်ကျခဲ့သည်။
မီတာ ၁၀၀ ခန့် လျှောက်ပြီးနောက် လီချင်းချိုး လမ်းခွဲတစ်ခုသို့ ရောက်ရှိလာသည်။ ဤနေရာရှိ နေရာလွတ်က အတော်လေး ကျယ်ဝန်းပြီး ဂိုဏ်းသား နှစ်ယောက် တရားထိုင်ကာ ကျင့်စဉ် လေ့ကျင့်နေကြသည်။ သူတို့ထဲမှ တစ်ယောက်မှာ ပိုင်နင်းအာ ဖြစ်သည်။
လီချင်းချိုးကို မြင်သောအခါ ပိုင်နင်းအာတို့တွေက ချက်ချင်း ထရပ်ပြီး ဦးညွှတ်လိုက်ကြသည်။
"ယဉ်ကျေးနေစရာ မလိုပါဘူး... မင်းတို့ရဲ့ ကျင့်ကြံခြင်းကို ဆက်လုပ်ကြပါ..."
လီချင်းချိုးက ထိုသို့ပြောပြီး ထွက်ခွာသွားရာ ပိုင်နင်းအာနှင့် အခြားတစ်ယောက်က အများကြီး မတွေးတော့ဘဲ ပြန်ထိုင်လိုက်ကြသည်။
ဝိညာဉ်ကျောက်တွင်း အတွင်း၌ ဝိညာဉ်ချီ ပေါကြွယ်ဝသဖြင့် ရက်အနည်းငယ် ကြာတိုင်း တစ်စုံတစ်ယောက်က သူတို့၏ ကျင့်ကြံမှု အဆင့်ကို ထိုးဖောက်ကျော်လွန် နိုင်ကြရာ အခြား ဂိုဏ်းသားများကို အရေးပေါ် အခြေအနေကဲ့သို့ ခံစားရစေပြီး နောက်ကျမကျန်ခဲ့ချင်ကြပေ။
ကတိပေးပြီးနောက် လီချင်းချိုးက သူတို့ ဒီမှာ အမြဲတမ်း နေရမှာ မဟုတ်ဘူးလို့ ပြောခဲ့သော်လည်း သူတို့၏ အနာဂတ် အဆင့်အတန်းက လက်ရှိ ကျင့်ကြံမှု တိုးတက်ခြင်းအပေါ် မူတည်နေသည်။
အချိန်အတန်ကြာ လျှောက်ပြီးနောက် နောက်ဆုံးတွင် ကြီးမားသော မြေအောက် နေရာလွတ်တစ်ခုသို့ ရောက်ရှိလာပြီး ထိုနေရာက မြေအောက် ဝိညာဉ်ရေကန် ထက်ပင် ပိုကြီးမားသည်။ ဝိညာဉ်ကျောက်တုံး တိုင်လုံးများ မြေကြီးပေါ်တွင် တည်ရှိနေပြီး အရပ်မျက်နှာ အားလုံးကို ကြည့်လိုက်လျှင် ဥမင်လိုဏ်ခေါင်း နံရံများတွင် အနီရောင်နှင့် ခရမ်းရောင် အပါအဝင် အရောင်အသွေး အရွယ်အစား အမျိုးမျိုးရှိသော မရေမတွက်နိုင်သည့် ဝိညာဉ်ကျောက်တုံး များဖြင့် စီခြယ်ထားသည်။
ထိုနေရာ၌ ကျန်းကျောက်ရှားနှင့် ဂိုဏ်းသား ၂၀ ကျော်တို့ တရားထိုင်နေကြပြီး တစ်ယောက်နှင့် တစ်ယောက် အကွာအဝေး တစ်ခုစီ ခြားထားကြသည်။
ဝိညာဉ်ကျောက်တွင်းကို ရှာဖွေတွေ့ရှိပြီးကတည်းက လီချင်းချိုးက ဂိုဏ်းသား တစ်ယောက်ကို ရံဖန်ရံခါ စေလွှတ်လေ့ရှိပြီး သူတို့အားလုံးက သစ္စာရှိမှု အဆင့် ၉၀ ကျော် ရှိသူများ ဖြစ်ကြသည်။
ကျန်းကျောက်ရှား မျက်လုံးဖွင့်လိုက်ရာ လီချင်းချိုး ရောက်လာသည်ကို တွေ့လိုက်ရသည်။ သူ ချက်ချင်း ထရပ်ပြီး နှုတ်ဆက်လိုက်သည်။
"မဆိုးဘူး... မင်း မူလအားဖြည့်နယ်ပယ် ဆဋ္ဌမအဆင့် ကို ရောက်နေပြီပဲ..."
လီချင်းချိုးက ကျန်းကျောက်ရှား၏ခန္ဓာကိုယ်တွင်းရှိ မူလချီကို ခံစားမိသဖြင့် ချီးကျူးလိုက်သည်။
မူလအားဖြည့်နယ်ပယ် ဆဋ္ဌမအဆင့်က ဘယ်လောက် စွမ်းအားကြီးမားလဲ ဆိုတာ သူ ကောင်းကောင်း သိပြီး ကိုယ်တိုင်လည်း ကြုံတွေ့ခဲ့ဖူးသည်။
သူ့ချီးကျူးမှုကို ရရှိသော်လည်း ကျန်းကျောက်ရှားက မပျော်ရွှင်ဘဲ လေးနက်သော အမူအရာကိုသာ ပြသလိုက်သည်။
"ဂိုဏ်းချုပ်... မကြာသေးခင်က ဝိညာဉ်ကျောက်တွင်း အပြင်ဘက်မှာ တစ်ခုခု ပေါ်လာတယ်... မနေ့ညက ကျွန်တော် သွားစစ်ဆေးပေမဲ့ ဘာမှ မတွေ့ခဲ့ဘူး..."
လီချင်းချိုးက သူ့ဆုံးဖြတ်ချက်ကို သံသယ မဝင်ဘဲ မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။
"ဘယ်တုန်းက စတာလဲ..."
"၆ ရက်လောက် ရှိပြီ..."
"ကောင်းပြီ.. ငါ နားလည်ပြီ... ဒီည ငါ နေခဲ့မယ်... ဂိုဏ်းသားတွေရဲ့ ကျင့်ကြံခြင်း အခြေအနေကို အရင် ပြောပြပါဦး..."
လီချင်းချိုး ခေါင်းညိတ်လိုက်သော်လည်း ကျန်းကျောက်ရှား၏ ကျင့်ကြံမှု အဆင့်နှင့် ဘယ်လိုလုပ် မရှာဖွေနိုင်ရတာလဲဟု တွေးနေမိသည်။ မိစ္ဆာဝိညာဉ် တစ်မျိုးမျိုးများ ဖြစ်နေမလား။