အခန်း (၈၁)
Vol. 9 Ch. 81
🥝 Chapter 81
ခေါင်းလှည့်ကြည့်လိုက်သောအခါ ခွေးဖြူလေးနှင့်တူသော ပိုးကောင်မှာ သားရဲတောအုပ်ထဲမှ အသည်းအသန်ထွက်ပြေးလာသည်ကို သူမ တွေ့လိုက်ရသည်။ ၎င်းအမြီးကို လိုက်လံဆိတ်ဆွဲနေသော အခြေခံအဆင့်ဧရာမငှက် ၁၈ ကောင်၏အာရုံစိုက်မှုကို ခံထားရပြီး ‘ကျိ’ ခနဲ အသံနှင့်အတူ သူ့ဘေးနားသို့ ပြန်လည်ပြေးကပ်လာတော့သည်။
“သူက တကယ့်ကို အ၊ အ၊ န၊ န ကောင်ပဲ”
“စီနီယာအစ်ကို... ကျွန်မ အကောင့်ဖျက်ပြီး အသစ်ကနေပြန်စလို့ ရမလား?”
“...ဂျူနီယာညီမ၊ ပိုးကောင်မွေးမြူတယ်ဆိုတာ ဇွဲရှိဖို့လိုတယ်၊ ပိုးကောင်ပေါက်လေးတွေကို ဒီလောက်အလွယ်တကူ မစွန့်ပစ်လိုက်ပါနဲ့”
စုကျို အားကိုးရာမဲ့စွာ သက်ပြင်းချလိုက်သည်။
“ဒါဆိုရင် ချန်ယွမ်... နင်ပဲ ငါ့အစားမွေးပေးတော့”
လိုကျား: “...”
နောက်ဆုံးတွင် ခွေးဖြူပေါက်လေးနှင့်တူသော ပိုးကောင်မှာ ချန်ယွမ်ရှေ့တွင် အေးစက်စက်အချခံလိုက်ရပြီး သားရဲတောအုပ်ထဲသို့ အပို့ခံလိုက် ရသည်။ မကြာမီမှာပင် သားရဲတောအုပ်အတွင်းမှ တုန်လှုပ်ချောက်ချားဖွယ်ရာ ဟိန်းဟောက်သံကြီး တစ်ခုထွက်ပေါ်လာသည်။ ရွှေအမြုတေ အဆင့်ကျင့်ကြံသူတစ်ဦး၏ကြောက်မက်ဖွယ်ရာ ဖိအားများမှာ တောအုပ်တစ်ခုလုံးကိုလွှမ်းခြုံသွားတော့သည်။ တောအုပ်ထဲရှိ ကျင့်ကြံသူအား လုံးမှာ ထိတ်လန့်သွားကြသည်။
စုကျိုလက်ဖမိုးပေါ်ရှိ တာဝန်အမှတ်အသားမှာ [ ကြံ့ခိုင်မှုတာဝန် ၁/၇ ရက် ] ဟု နောက်ဆုံးတွင် ပြောင်းလဲသွားခဲ့သည်။ သူမ စိတ်အေးသွား ပြီးနောက် သိုလှောင်အိတ်ထဲရှိ မိစ္ဆာကျွန်တံဆိပ်ပြား၏အပြောင်းအလဲကို ခံစားလိုက်ရသည်။
【 ကြယ်ငါးပွင့် မိစ္ဆာအရှင်သခင် ချန်ယွမ်၊ ကျွမ်းကျင်မှုအသစ်တစ်ခုကို ရရှိသွားပါပြီ - မိစ္ဆာလေးများ မွေးမြူခြင်း! 】
【 ဂုဏ်ယူပါတယ် ကျင့်ကြံသူ စုကျို】
【 ချန်ယွမ်၏စိတ်အခြေအနေမှာ သိသိသာသာကောင်းမွန်နေပါသည်! 】
သူက ကြောင်ပေါက်လေးတွေ မွေးရတာကို တကယ် သဘောကျတာပဲ။ စုကျို စိတ်အေးသွားရသည်။ သူမကတော့ ဒီလိုမျိုး ပြုစုပျိုးထောင် ရတာကို တကယ်နားမလည်ပေ။ သူ သိတာက ‘သတ်ဖို့၊ သတ်ဖို့၊ သတ်ဖို့’ သာ။
“ကောင်းပြီ ချန်ယွမ်၊ ဒီပိုးကောင်တွေကိုမွေးမြူဖို့က နင့်တာဝန်ပဲ၊ နင် ငါ့ ခုတင်အောက်ထပ်မှာ အိပ်လို့ရတယ်၊ ဒါမှ ညဘက် ပိုးကောင်တွေကို ဂရုစိုက်ရတာ ပိုလွယ်မှာ၊ ငါနင့်အပေါ်ထပ်မှာ အိပ်မယ်၊ ရှက်မနေနဲ့နော်”
လိုကျား နှုတ်ခမ်းများမှာ တွန့်ချိုးသွားရသည်။ သို့သော် ပိုအသက်ရှူကျပ်စရာကောင်းသည်မှာ သားရဲတောအုပ်အနက်ရှိုင်းဆုံးနေရာမှ ထွက်ပြေး လာကြသော လူရိပ်နှစ်ခုကိုမြင်လိုက်ရခြင်းပင်။
“ဒါက တကယ်ကို လွန်လွန်းတယ်! အုပ်ချုပ်ရေးမှုးဟူက ငါတို့ကို မိစ္ဆာသားရဲတွေ သတ်ဖို့ ဒီကိုပစ်ချထားပြီးတော့ ရွှေအမြုတေအဆင့် မိစ္ဆာသားရဲကိုပါ ဒီကိုမောင်းထုတ်လိုက်တယ်လေ၊ သူက ငါတို့ကို အပြစ်ပေးနေတာလား၊ သတ်ချင်နေတာလား?”
“ငါ အုပ်ချုပ်ရေးမှုးဟူကို တိုင်တန်းချင်ပြီ!”
ကျင်းကန်းပေါင်နှင့် ရင်းမြောင်တို့သည် အသည်းအသန်ထွက်ပြေးလာကြရာ အပြင်ဘက်တွင်ရပ်နေသော စုကျိုနှင့် တည့်တည့်တိုးလေတော့ သည်။ သူတို့ ခဏမျှမှင်သက်သွားကြသည်။
ထို့နောက် ဘရိတ်ကို အမြန်အုပ်လိုက်ကြရသည်!
“စု... စုကျို၊ နတ်သမီးကြီး၊ အရှင်မ... နင် ဒီမှာ ဘာလုပ်နေတာလဲ ? နင်လည်း အုပ်ချုပ်ရေးမှုးဟူရဲ့ အပြစ်ပေးတာ ခံလိုက်ရတာလား?” ကျင်းကန်းပေါင် ကြောက်ကြောက်လန့်လန့်နှင့် မေးလိုက်သည်။
သူတို့ကိုမြင်လိုက်ချိန်မှသာ စုကျို နောက်ဆုံးတွင် ပျော်ရွှင်စွာပြုံးနိုင်တော့သည်။
“ဪ... စီနီယာအစ်မယို့လုရဲ့မင်္ဂလာရှိတဲ့ ဟောကိန်းကြောင့် ငါ့ ကံကောင်းမှုတွေ နည်းနည်းတိုးလာတာလေ”
ကျင်းကန်းပေါင်နှင့် ရင်းမြောင်တို့သည် တစ်ပြိုင်နက်တည်း အနောက်သို့ဆုတ်လိုက်ကြသည်။
လိုကျားက သူတို့၏ညာဘက်သို့လျှောက်သွားကာ စုကျိုနှင့်အတူ ၎င်းတို့ပြေးပေါက်များကိုပိတ်ဆို့လိုက်သည်။ တစ်ယောက်က အရှေ့ဘက်နှင့် တစ်ယောက်က မြောက်ဘက်တွင်ဖြစ်သည်။
ကျင်းကန်းပေါင်နှင့် ရင်းမြောင်တို့ နောက်လှည့်ပြေးချင်သော်လည်း ‘ဖျတ်’ ခနဲ အသံကို ကြားလိုက်ရသည်။ သွေးနီရောင်ဝတ်ရုံနှင့် အလွန်လှပသော မိစ္ဆာလူငယ်လေးမှာ ခွေးဖြူကြီးတစ်ကောင်ကိုပွေ့ချီကာ တောအုပ်ထဲမှ အမူအရာမရှိဘဲ လျှောက်ထွက်လာပြီး သူတို့နောက် တွင်ရပ်လိုက်သည်။
“!”
“!!!”
“မကြောက်ပါနဲ့၊ ဘာလို့ တုန်နေကြတာလဲ?”
စုကျိုက ပတ်တီးများကိုဖြေတော့မည့်အလား သူ့ ညာဘက်လက်မောင်းကို ဆန့်ထုတ်လိုက်သည်။
“ငါ နင်တို့ကို မသတ်ပါဘူး၊ ကုန်ပစ္စည်းလေးတွေ နည်းနည်းလာယူရုံတင်ပါ”
[! ငါ သိသားပဲ၊ ဒီအောက်ခြေအသင်းရဲ့ သားရဲတောအုပ် လေ့ကျင့်မှုပုံရိပ်ယောင်ကို ဝယ်လိုက်ရတာတန်သွားပြီ! အခုတော့ စိတ်လှုပ်ရှားစရာ အကောင်းဆုံး အခိုက်အတန့်ရောက်လာပြီ!]
[? စိတ်လှုပ်ရှားစရာက ဘယ်မှာလဲ? ကျင်းကန်းပေါင်ရဲ့မျက်နှာကိုလည်း ကြည့်ဦး၊ သူ ဒီနေ့ ပြန်မတ်တပ်ရပ်နိုင်မယ့်ပုံစံမျိုး ပေါက်နေလို့လား?]
[ရင်းမြောင်ကတော့ တကယ့် သူရဲဘောကြောင်ပဲ၊ လွန်ခဲ့တဲ့ခုနစ်ရက်လုံးလုံး သူ့အသင်းကနေထွက်ချင်နေတာ၊ ဒါပေမဲ့ သူ နောင်တရခြင်း ကမ်းပါးမှာ အပိတ်ခံထားရတော့ ရှာမတွေ့ခဲ့ဘူး။]
[အားလုံးပဲ၊ စာတွေ ပို့မနေကြနဲ့တော့! ပါးစပ်ပိတ်ထားကြစမ်း!]
[? ?]
[? နင်က ဘယ်သူမို့လို့ ဒီလောက် မောက်မာနေတာလဲ ?]
[အဆင့် ၃၀ မှာရှိတဲ့ ‘နှုတ်ခမ်းဖတ်နိုင်တဲ့’ ပါရမီရှင်ကျင့်ကြံသူကို ငါ ရှာတွေ့ထားတယ်၊ ဟဲ ဟ ဟဲ၊ သူက အောက်ခြေအသင်းသားတွေရဲ့ စကားကို ဘာသာပြန်ပေးလိမ့်မယ်၊ စာတွေပို့ပြီး အနှောင့်အယှက် မပေးကြနဲ့တော့]
[!]
[!!! ! အဆင့် ၃၀ မှာ ဒီလို ပါရမီရှင် ရှိနေသေးတာပဲ]
[အံ့ဩဖို့ကောင်းလိုက်တာ]
လူတိုင်း၏စာတိုများမှာ ပိုစိတ်လှုပ်ရှားဖွယ် ကောင်းလာသည်။
သို့သော် ကျေးဇူးတင်စရာကောင်းသည်မှာ ပုံရိပ်ယောင်ဖန်သားပြင်ပေါ်ရှိ ရှုပ်ထွေးသော စာသားများမှာ ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။ စုကျိုသည် ဝိညာဉ်သန့်စင်ခြင်း အဆင့်ကိုသာအသုံးပြု၍ သူ့ညာဘက်လက်ကို ဆန့်ထုတ်လိုက်ရုံဖြင့် အခြေခံအဆင့်ကျင့်ကြံသူများဖြစ်သော ကျင်းကန်းပေါင်နှင့် ရင်းမြောင်တို့ကို ဒူးထောက်သွားစေသည့် မယုံနိုင်စရာမြင်ကွင်းကြောင့်ပင်။
【? ?】
【!】
【နှုတ်ခမ်းဖတ်နိုင်တဲ့ ကျင့်ကြံသူ ဘယ်ရောက်နေလဲ?!】
ရဲရင့်သောစာသားတစ်ခု ချက်ချင်းပေါ်လာသည်။
【ကျွန်တော့်ရဲ့ နှုတ်ခမ်းဖတ် ဘာသာပြန်ချက်က လွဲချော်တာရှိရင် ခွင့်လွှတ်ပေးကြပါ】
【အခုကစပြီး တခြားသူတွေရဲ့ စကားနဲ့ မရောထွေးအောင် ကျွန်တော့်ရဲ့ ဘာသာပြန်ချက်တွေကို နံပါတ် ၁ နဲ့ စပါမယ်】
【၁ စုကျို (ကျင့်ကြံသူမ): 'ငါ ကုန်ပစ္စည်းလေးတွေ လာယူတာပါ၊ နင်တို့က ဘာတွေ ကြောက်နေတာလဲ?'】
【၁ ကျင်းကန်းပေါင်: 'ငါ့ကို မထိနဲ့၊ ငါ မကြောက်ဘူး!'】
【……】
【…………】
【၁ ရင်းမြောင်: 'ငါ့ ပုခုံးရိုးက နင့်လက်ထဲမှာ ရှိနေသေးတာပဲ စုကျို၊ ငါမကြောက်ဘဲ နေမလား?! တောင်းပန်ပါတယ်၊ ငါမှားသွားပါတယ်!'】
【?】
【? ? ?】
【တောက်... ဒါ အလိမ်အညာတွေလား? ဒါက နှုတ်ခမ်းဖတ်တာလား၊ စိတ်ကူးယဉ်နေတာလား ?】
ပုံရိပ်ယောင်ပေါ်တွင် စုကျိုသည် ကျင်းကန်းပေါင်နှင့် ရင်းမြောင်ကိုကြည့်ကာ ပိုနက်ရှိုင်းသော အပြုံးတစ်ခုပြုံးလိုက်သည်။
“ငါ နင်တို့ကို အဆက်အသွယ် မလုပ်ပါဘူး”
“အပေါ်ထပ်မှာ ကုန်ပစ္စည်းတွေပြတ်တော့မယ့် အချိန်ကျမှပဲ ပစ္စည်းဖြည့်ဖို့ နင်တို့ကိုဆက်သွယ်တော့မယ်”
ကျင်းကန်းပေါင်နှင့် ရင်းမြောင်တို့မှာ ခဏမျှကြောင်သွားကြသည်။ အပေါ်ထပ်က ကုန်ပစ္စည်းတွေ? ဘာ အပေါ်ထပ်လဲ?
စုကျို သူတို့ကို ထူးဆန်းသော အပြုံးတစ်ခုပေးလိုက်သည်။
ယနေ့သည် သူတို့နောက်ဆုံးတွေ့ခဲ့သည့်အချိန်မှ ခုနစ်ရက်မြောက်နေ့ဖြစ်သည်။
မိမိဘာသာ အကူးခံရန်သဘောတူခဲ့သည့် ယင်လီမှလွဲ၍ ကျန်ရှိသူများကို ‘Copy’ ကူးယူခြင်းသည် ခုနစ်ရက်တာအချိန်စောင့်ဆိုင်းရသည့် (Cooldown) ရှိသည်။
သို့သော် ယခုမူ ကျင်းချန်၏ခုနစ်ရက်တာ အချိန်စောင့်ဆိုင်းမှုပြီးဆုံးသွားပြီဖြစ်သည်။
“ကျင်းချန်... ဒီနှစ်ရက်အတွင်း နင့်ကို အဆက်အသွယ်မလုပ်ဘူးလား?” စုကျို တိုးတက်သော အသံဖြင့် မေးလိုက်သည်။
“အာ?”
စုကျိုက သူ့ဘေးရှိ စီနီယာအစ်ကို လိုကျားကိုကြည့်ကာ ပြုံးလိုက်သည် - “စီနီယာအစ်ကို၊ ဒီနေ့အတွက် အစ်ကို့ကိုပဲ အားကိုးရတော့မယ်၊ ရလား?”
စီနီယာအစ်ကို လိုကျားက မျက်လုံးမှိတ်ထားဆဲဖြစ်ပြီး သူမ ဘာလုပ်ချင်သည်ကိုပင် မမေးဘဲ သူ့လက်ကိုင်တုတ်ကို ကျင်းကန်းပေါင်နှင့် ရင်းမြောင်ထံသို့ ချိန်ရွယ်လိုက်သည်။
“လက်နက်ချစမ်း!”
“လက်နက်ချစမ်း!”
“လက်နက်ချစမ်း...”
သူသည် တစ်စုံတစ်ခုကိုကလဲ့စားချေနေသည့်အလား ကိုးကြိမ်တိတိအော်ဟစ်လိုက်သည်။
ချက်ချင်းဆိုသလိုပင် ကျင်းကန်းပေါင်နှင့် ရင်းမြောင်တို့၏သိုလှောင်အိတ်များနှင့် ရေအိုးများမှာ စုကျိုမြင်ကွင်းအတွင်းမှ လွင့်ထွက်သွား ပြီးနောက် အပြင်ဝတ်ရုံများ၊ အတွင်းဝတ်ရုံများပါ အလွှာလိုက်ကျွတ်ထွက်သွားတော့သည်။
ဖိနပ်တွေ၊ ခြေအိတ်တွေပါမကျန်...
“အား! ကယ်ကြပါဦး၊ လိုကျား... တော်တော့!” ကျင်းကန်းပေါင်နှင့် ရင်းမြောင်တို့မှာ တုန်တုန်ရီရီဖြင့် သူတို့ကိုယ်သူတို့ ဖုံးကွယ်ရန် ကြိုးစားနေကြရရှာသည်။
စုကျိုနှုတ်ခမ်းများမှာ တွန့်ချိုးသွားရသည်။ ကိုးကြိမ်တိတိလက်နက်ချခိုင်းပြီး အဝတ်အစားများ အချွတ်ခံထားရသဖြင့် အမွေးမရှိသော ကြက်ဖြူလေးများကဲ့သို့ ဖြစ်နေသည့် သူတို့၏ မြင်ကွင်းမှာ တကယ်ကို ကြည့်မကောင်းပေ။
ဒါသူနဲ့ မဆိုင်ပါဘူးနော်?
စီနီယာအစ်ကိုလိုကျားက ဒါကို သူ့ဆီကနေ သင်ယူခဲ့တာ မဟုတ်ဘူးမှတ်လား?
ဟုတ်ပါတယ်၊ သေချာပေါက် မဟုတ်ပါဘူး။
လိုကျားက မေတ္တာကရုဏာစိတ်ရှိတဲ့ ဗုဒ္ဓဘာသာတစ်ယောက်ပဲလေ။
“ဂျူနီယာညီမစု၊ ဒီလောက်ဆို တော်ပြီလား?”
လိုကျား ပြုံးလျက် “မလောက်သေးရင် ငါ”
သူ ထိုကြက်ဖြူလေး နှစ်ကောင်အပေါ် သူ့လက်နက်ခွဲထုတ်ခြင်း ပညာရပ်ကို တစ်ဆယ်ကြိမ်မြောက် အသုံးပြုရန်ပြင်နေသည်။
စုကျို: “...တော်ပါပြီ”
ဒီထက်ပိုလုပ်ရင် ပုံရိပ်ယောင်ပြသမှုကနေ ထုတ်လွှင့်ပြသလို့ရမည်မဟုတ်တော့ပေ။
သူမ သားရဲတောအုပ်ကနေ အပြစ်ပေးခံရပြီး နှင်ထုတ်ခံရမလား?
[?]
[ဘာလို့ လိုကျား ဒီနေ့ ဒီလောက် စိတ်တိုနေရတာလဲ?]
[သူ အရင်က ဒီလိုမျိုး တစ်ခါမှမဖြစ်ဖူးဘူးမလား?]
ဤအဖြေမရှိသော ပုစ္ဆာမှာ လူတိုင်းကို ဝေခွဲမရ ဖြစ်စေသည်။
သို့သော်လည်း ပိုမယုံနိုင်စရာကောင်းသော မြင်ကွင်းတစ်ခုမှာ ပုံရိပ်ယောင်တွင် မကြာမီပေါ်ပေါက်လာခဲ့သည်။
လက်နက်များ အခွတ်ခံရပြီးနောက် ကျင်းကန်းပေါင်နှင့် ရင်းမြောင်တို့၏သိုလှောင်အိတ်များထဲမှ လွင့်ထွက်လာသည့် ဝိညာဉ်ရတနာ ပုံကြီးထဲတွင် စုကျိုက တစ်ခုခုကိုရှာဖွေနေပြီး နောက်ဆုံးတွင် ထူးခြားသော အဆက်အသွယ်လုပ်သည့် လက်ဖွဲ့စာလွှာတစ်ခုကို ရှာတွေ့သွားသည်။
ထိုအဝါရောင်လက်ဖွဲ့စာလွှာမှာ တြိဂံပုံစံခေါက်ထားပြီး ‘ကျင်းချန်’ ဟူသော စာလုံးများကို ရေးသားထားသည်။
၎င်းမှာ တိုက်ရိုက်အဆက်အသွယ်လုပ်နိုင်သော လက်ဖွဲ့စာလွှာဖြစ်သည်။
ဝိညာဉ်ရတနာများမပါဘဲ ဝိညာဉ်ပိုးဖလံဂေဟာတွင် အခြားအဆင့်ရှိ လူများနှင့် အချိန်နှင့်တစ်ပြေးညီ ဆက်သွယ်ရန်မလွယ်ကူပေ။
စုကျို အရင်လုပ်ခဲ့သလို ပိုးစာရွက်စာတိုများဖြင့် အထက်လူကြီးများဆီသို့ စာပို့နိုင်သော်လည်း၊ ထိုသူများက ဖတ်၊ မဖတ်ဆိုသည်မှာ သူတို့အပေါ်တွင်သာ မူတည်သည်။
လျစ်လျူရှုခံရဖို့က ပိုများသည်။
စုကျို လိုကျားအား ထိုလူနှစ်ဦး၏လက်နက်များကို ချွတ်ခိုင်းရခြင်းမှာ ဤ ‘ကျင်းချန်ထံ တိုက်ရိုက်ဆက်သွယ်နိုင်သော’ လက်ဖွဲ့စာလွှာကို ရှာရန်ပင်။
ကျင်းကန်းပေါင်နှင့် ရင်းမြောင်တို့တွင် ဒါမျိုး သေချာပေါက်ရှိမည်ဖြစ်သည်။
စုကျို ပြုံးလိုက်ပြီး သူတို့မျက်စိရှေ့အောက်မှာပင် ထိုလက်ဖွဲ့စာလွှာကို ကျွမ်းကျင်စွာရှို့လိုက်သည်။
“ဟေး... ကျင်းချန်...?”
စုကျိုသည် သူ့ညာဘက်လက်မှ ပတ်တီးကိုဖြေလိုက်ပြီး လက်ချောင်းထိပ်မှ အလင်းစက်တစ်ခုကို လည်ချောင်းထံသို့ထိုးလိုက်သည်။
ချက်ချင်းဆိုသလိုပင် သူမ လည်ချောင်းတွင် တောက်ပသောစာလုံးလေးများ ပေါ်လာသဖြင့် မည်သူမျှ နှုတ်ခမ်းဖတ်နေစရာမလိုတော့ပေ။
【 ရင်းမြောင်၏လည်ချောင်း ၁ 】
ခဏချင်းမှာပင် သူ့ ပါးစပ်မှ ထွက်ပေါ်လာသောအသံမှာ အစစ်အမှန်နှင့် တူလှသော ခပ်သြသြအမျိုးသားအသံကြီးအဖြစ် ပြောင်းလဲသွား တော့သည်။
ထိုအသံကား ရင်းနှီးနေသည်။
၎င်းမှာ သေချာပေါက် ရင်းမြောင်၏နှစ်ရှည်လများ ဆေးလိပ်သောက်ထားသည့် အသံအိုကြီးပင်!
သလိပ်များ နှစ်ပေါင်းများစွာ မစုဆောင်းထားပါက ဤကဲ့သို့ အသံမျိုးထွက်ပေါ်လာရန်မှာ မဖြစ်နိုင်ပေ။
သူမ ရှေ့ရှိ ရင်းမြောင် : "?"
ကျင်းကန်းပေါင် မျက်လုံးများ ပြူးကျယ်သွားသည် : "?!"
ဘေးနားရှိ မျက်စိမှိတ်ထားသော လိုကျား : "..."
ခုနက သူ ဂျူနီယာညီမစုကျိုကို စိတ်ဆိုးအောင် လုပ်မိသွားတာလား ? မဟုတ်ပါဘူးနော်?
“ဟေး... ကျင်းချန်၊ စကားပြောစမ်း၊ မင်းရဲ့အစ်ကိုကြီး ရင်းမြောင်က မင်းကို ရှာနေတယ်!”
စုကျိုသည် တောက်ပနေသော သူမ၏ [ ရင်းမြောင်၏ လည်ချောင်း ၁ ] ကိုဖိထားပြီး လူမိုက်အဖိုးကြီးတစ်ယောက်လိုစကားပြောလိုက်သည်။
အဆက်အသွယ်ရသွားသည့် ခဏ၌ တစ်ဖက်မှ ကျင်းချန်မှာ ခဏမျှတိတ်ဆိတ်သွားပြီး သူ့ပြင်းထန်သော အသက်ရှူသံကိုသာ ကြားရသည်။
သူ ဒေါသကြောင့် ခဏမျှ ဆို့နင့်သွားပုံရသည်။
“ရင်းမြောင်... မင်း ဘယ်သူနဲ့ စကားပြောနေတာလဲ? ရူးနေတာလား?” ကျင်းချန်၏မောက်မာသော မျက်နှာမှာ လူမိုက် လူငယ်လေးတစ် ယောက်ကဲ့သို့ ကောင်းကင်ယံရှိ ပုံရိပ်ယောင်လေးတစ်ခုတွင် ချက်ချင်းပေါ်လာသည်။
ဟိုက်... ဒါက Video call ကြီးပါလား!
စုကျို ခဏမျှပျာယာခတ်သွားသော်လည်း အခြေအနေကို ချက်ချင်းပြန်ထိန်းလိုက်နိုင်သည်။
သူမသည် တိုက်ရိုက်အဆက်အသွယ်လုပ်သည့် လက်ဖွဲ့စာလွှာကိုလွတ်နေသော နေရာတစ်ခုသို့အသာလှည့်လိုက်ပြီး ကျင်းကန်းပေါင်၏ ကြေးဝါရုပ်သေးရုပ် နှစ်ရုပ်ကိုထုတ်လိုက်သည်။
[ ကျင်းကန်းပေါင်၏ဦးခေါင်းနောက်စိ ၁ ] ကို ရုပ်သေးတစ်ရုပ်၏ခေါင်းပေါ်တွင် တပ်ဆင်လိုက်ပြီး အခြားရုပ်သေးတစ်ရုပ်ကိုမူ သုံးလက်မခန့် ပိုမြင့်အောင်လုပ်ကာ [ ရင်းမြောင်၏ နိမ့်ဝင်နေသော ညာဘက်ပုခုံး ၁ ] ကို ၎င်း၏ပုခုံးပေါ်တွင် ဖိကပ်လိုက်သည်။
ဘေးနားရှိ မြေပြင်ပေါ်တွင် ဒူးထောက်နေသော ကျင်းကန်းပေါင်နှင့် ရင်းမြောင်တို့မှာ ဆွံ့အသွားကြသည်။
ထို့နောက် ဗီဒီယိုထဲရှိ ကျင်းချန်မှာ ‘ရုပ်သေး’ နှစ်ရုပ်ကို ဒေါသတကြီးစိုက်ကြည့်ကာ - “ကျင်းကန်းပေါင်၊ ရင်းမြောင်... မင်းတို့ ငါ့ကို အထင်သေးနေတာလား?”
“ငါ့ကို မျက်နှာချင်းမဆိုင်ဘဲ စကားပြောနေတယ်ပေါ့!”
“တစ်ယောက်က ခေါင်းလှည့်ထားပြီး နောက်တစ်ယောက်က ကျောပေးထားတယ်ဆိုတာ ဘာသဘောလဲ?”
“ဟမ်?!”
ဘေးနားရှိ ကျင်းကန်းပေါင်နှင့် ရင်းမြောင် : "..." သွားပါပြီ~
မျက်စိမှိတ်ထားသော လိုကျားမှာလည်း တိတ်တဆိတ်မျက်လုံးပြန်ဖွင့်မကြည့်ဘဲ မနေနိုင်တော့ပေ။ ခဏချင်းမှာပင် သူသည် မျက်လုံးပြန်မမှိတ်ချင်တော့ပေ!
ဒီလောက် စိတ်ဝင်စားဖို့ကောင်းတဲ့ ဂျူနီယာညီမလေး ဘေးမှာရှိနေတာကို သူ မျက်လုံးမှိတ်ထားရတဲ့ ဒုက္ခကို ထပ်ပြီးမခံစားချင်တော့ပါ!
“ဘာသဘောလဲ ဟုတ်လား? ဟက်”
စုကျိုသည် [ ရင်းမြောင်၏လည်ချောင်း ] ကိုညှစ်ကာ သလိပ်တစ်ချက်ဟတ်လိုက်ပြီး ဆေးလိပ်သောက်ထားသော အသံအိုကြီးဖြင့် ကျင်းချန်ကို လှောင်ပြောင်လိုက်သည်။
“ကျင်းချန်... စုကျိုဆိုတဲ့ စိတ်ထားကောင်းတဲ့ ကျင့်ကြံသူမလေးက မင်းဆီက ဝိညာဉ်ကျောက်တုံး ၁၃၀,၀၀၀ တောင် ရစရာရှိတယ်လို့ ပြောတယ်၊ မင်းက ပိုက်ဆံပြန်မဆပ်တဲ့အပြင် သူ့ကိုတောင် လက်ပြန်ပါသေးတယ်! မင်း တကယ့်ကို ယုတ်မာတဲ့ကောင်ပဲ!”
“ငါ ရင်းမြောင်ကတော့ ဒါကို ဒီအတိုင်းကြည့်မနေနိုင်ဘူး!”
“ငါ ရင်းမြောင်က ငါ့ရဲ့ ကြင်နာတတ်တဲ့၊ ချစ်ဖို့ကောင်းတဲ့၊ ချမ်းသာတဲ့၊ ချမ်းသာဖို့ ကံပါလာတဲ့ ဂျူနီယာညီမလေး စုကျိုအတွက် ကလဲ့စားချေပေးမယ်!”
စုကျို အားပါးတရ စိတ်လှုပ်ရှားစွာပြောလိုက်သည်!
မြေပြင်ပေါ်တွင် ဒူးထောက်နေသော ရင်းမြောင်မှာ အလွန်အမင်းထိတ်လန့်သွားသဖြင့် မြေပြင်ပေါ်တွင် မှောက်ခုံလဲကျသွားတော့သည်။
“မဟုတ်...” သူ တားရန် ကြိုးစားသော်လည်း မည်သည့်အသံမျှ ထွက်မလာပေ!
စုကျိုမှာ သူတို့ပါးစပ်ထဲသို့ ခြေအိတ်များ ထိုးထည့်လိုက်သည့် အမူအရာမျိုးလုပ်ပြလိုက်ပြီး သူတို့နောက်ရှိ ချန်ယွမ်အား သားရဲများ၏ခြေလက် အတိုအစ နှစ်ခုကိုယူ၍ သူတို့ပါးစပ်ထဲထိုးထည့်ခိုင်းလိုက်သည်။
ကျင်းကန်းပေါင်နှင့် ရင်းမြောင်တို့မှာ ချက်ချင်းထိတ်လန့်တကြား အသံစုံမြည်လာတော့သည်။
အထူးသဖြင့် ရင်းမြောင်သည် စုကျို၏လျှောက်ပြောနေမှုများကို ရပ်တန့်ရန် အသည်းအသန် ရုန်းကန်နေတော့သည်!
သူမ ဘာသာ ကြွားချင်ရင် ကြွားပေါ့။
ဘာလို့ သူ့လည်ချောင်းကို သုံးရတာလဲ?!
ကယ်ကြပါဦး~
ရင်းမြောင် မျက်နှာမှာ ဖြူလျော်သွားသည်။ သူမ ဘယ်အချိန်က သူ့လည်ချောင်းအား ထိလိုက်သည်ကိုပင် သူ မမှတ်မိတော့ပေ။
သူမမှာ တခြားလည်ချောင်း ရှစ်ခုလောက် ရှိနေသေးမလား?!
ရင်းမြောင်သည် စုကျိုထံသို့တွားသွားရန် ကြိုးစားသော်လည်း သူ့ ခြေထောက်များကို ချန်ယွမ် ချက်ချင်း နင်းထားလိုက်သည်။
သူ လှုပ်လို့မရတော့ပေ။
လိုကျားသည် သူ့ရှောင်ဖာ့ကို တင်းတင်းဆုပ်ကိုင်ထားရသည်။ သူ့အစွမ်းထက်သော ဓားသိုင်းကပင် သူ့အား တည်ငြိမ်အောင်မလုပ်နိုင်တော့ပေ။ တကယ်ကို ဂျူနီယာညီမ စုကျိုပါပဲ။
စုကျိုကမူ သူတို့၏အထင်ကြီးမှုများကို လုံးဝလျစ်လျူရှုကာ ထိတ်လန့်နေသော ကျင်းကန်းပေါင်၏ ဦးခေါင်းခွံရုပ်သေးကို မောက်မာပြီး အထင်သေးသော အနေအထားသို့စောင်းလိုက်သည်။
ထို့နောက် ရင်းမြောင်၏နိမ့်ဝင်နေသော ညာဘက်ပုခုံးရုပ်သေးကို တစ်ချက်ဆွဲလှုပ်လိုက်သည်။
“ဟက်... ကျင်းချန်၊ မင်း တကယ်သတ္တိရှိတာပဲ! အဆင့် ၃၅ နဲ့ ၃၀ ကြားက အတားအဆီးကို ဖောက်ထွက်ပြီး ဒီကို ဆင်းလာခဲ့စမ်း၊ ငါ ရင်းမြောင်ရဲ့အရိုက်ကို ခံဖို့!”
‘ဖျတ်’ ခနဲ အသံနှင့်အတူ ဝိညာဉ်စွမ်းအင် ဝဲဂယက်ကြီးတစ်ခုပွင့်ထွက်သွားသကဲ့သို့ လေထုထဲတွင် ဧရာမအပေါက်ကြီးတစ်ခုပေါ်လာသည်။
ကျင်းချန်၏ဒေါသတကြီး အော်ဟစ်သံမှာ ကောင်းကင်ကို ထိုးဖောက်သွားသော ဓားတစ်လက်ကဲ့သို့ထွက်ပေါ်လာသည်။
“မင်းဆန္ဒကို ငါ ဖြည့်ဆည်းပေးမယ် ရင်းမြောင်၊ သေဖို့သာ ပြင်ထားတော့!”
ခဏချင်းမှာပင် ထိုဝဲဂယက်အတွင်းမှ သွေးနီရောင်လေးတစ်လက်ထွက်ပေါ်လာသည်။
မြှားသုံးစင်းကို တစ်ပြိုင်နက်တည်းပစ်လွှတ်လိုက်ပြီ ဖြစ်သည်!
‘ဖျတ်’ ခနဲ အသံနှင့်အတူ မြှားသုံးစင်းမှာ ရုပ်သေးရုပ်နှစ်ရုပ်အား ထိုးဖောက်သွားပြီး ပြာအဖြစ် လောင်ကျွမ်းသွားစေတော့သည်!
ကျင်းကန်းပေါင်နှင့် ရင်းမြောင် : "!"
သို့သော် စုကျိုသည် ကျောကုန်းနေပြီး ညာဘက်ပုခုံး နိမ့်ဝင်နေသော ရုပ်သေးနှစ်ရုပ်ကို အမြန်ပင်ထပ်မံဖန်တီးလိုက်ပြန်သည်။
ကျင်းကန်းပေါင်နှင့် ရင်းမြောင် : "..."
“ဟားဟား... ကျင်းချန်၊ ငါ ရင်းမြောင်က ဒီလောက်အလွယ်တကူ အရှုံးပေးမယ့်သူလို့ မင်း ထင်နေတာလား?”
“မင်း တကယ် သတ္တိရှိရင် အနားကိုလာပြီး ငါ့ကို ပစ်စမ်းပါ!”
စုကျိုသည် ရင်းမြောင်၏လည်ချောင်းကိုညှစ်ထားလျက်ပင် ကိုယ်ကိုကိုင်းလိုက်ပြီး ကျင်းချန်မမြင်နိုင်သော ကွယ်ရာအရပ်မှနေ၍ ဝိညာဉ်စွမ်းအင် ဝဲဂယက်၏ယာယီလမ်းကြောင်းအတွင်းသို့ သူ့ ခန္ဓာကိုယ်တစ်ဝက်ကို ထိုးသွင်းလိုက်သည်။
ကျင်းကန်းပေါင်နှင့် ရင်းမြောင် : "..."
လိုကျား : "..."
ချန်ယွမ် အမြန်ပြေးလာပြီး မြေပြင်ပေါ်လွင့်စင်နေသော ကျောကုန်းရုပ်သေးနှင့် ညာဘက်ပုခုံးနိမ့် ရုပ်သေးအကြွင်းအကျန်များကို ကောက်ယူကာ သူ့ ခါးရှိဟောင်းနွမ်းနေသော သိုလှောင်အိတ်ထဲသို့ အမြန်ထိုးထည့်လိုက်သည်။
တစ်ချိန်တည်းမှာပင် အဆင့် ၃၅ ၌
ကျင်းချန်သည် သူလေးကို အစွမ်းကုန် တင်းအောင် ဆွဲထားစဉ်မှာပင် သူ့နောက်တွင် ခစားနေသော ဂျူနီယာညီလေးကို ရုတ်တရက် လှည့်ကြည့်လိုက်သည်။
“ဟမ်? မင်း ငါ့ နောက်ကျောကို ဘာလို့ လာထိနေတာလဲ?”
သူ့နောက်တွင်ရပ်နေသော ဂျူနီယာညီလေးမှာ မျက်လုံးများ ပြူးကျယ်သွားပြီး သူ့ ရှေ့တွင် ကျုံ့ဝင်စပြုနေသော ဝဲဂယက်လမ်းကြောင်းကို ကြည့်နေမိသည်။ ထိုလမ်းကြောင်းထဲမှ ‘ကျင်းကန်းပေါင်၏ ကျောကုန်း’ နှင့် နိမ့်ဝင်နေသော ညာဘက်ပုခုံးတစ်ခုတိုးထွက်လာနေသည်ကို တွေ့လိုက်ရသည်။
ထို့နောက် ကျင်းကန်းပေါင်ဟု ယူဆရသော ထို ‘အဆင့် ၃၀ မှ အရူးကြီး’ သည် သူ့ခန္ဓာကိုယ်ကို တွန့်လိမ်ကာ ဝဲဂယက်လမ်းကြောင်းထဲမှ တွားထွက်လာခဲ့သည်။ ထို့နောက် သူ့ ရှည်လျားသွယ်လျသော ညာဘက်လက်မောင်းကိုဆန့်ထုတ်လိုက်သည်။
စိမ်းဖန့်ဖန့်လက်စွပ်များ လွင့်ပျံနေလျက်ဖြင့် ထိုဖြူလွှလွှလက်ချောင်းများသည် ခေါင်းဆောင်ကျင်းချန်၏တင်ပါးအားလှမ်းဖမ်းလိုက်တော့သည်!
ထို့နောက် သုံးချက်တိတိ ဆင့်ရိုက်လိုက်ပြန်သည်။
အဆင့် ၃၅ မှ ဂျူနီယာညီလေး : "!"