အခန်း (၈၂)
Vol. 9 Ch. 82
🥝 Chapter 82
စုကျိုသည် ဝိညာဉ်ပိုးဖလံဂေဟာ၏ အထက်နှင့်အောက် အဆင့်များအကြား ယာယီပွင့်သွားသော တယ်လီပို့လမ်းကြောင်းအတွင်းသို့ တွားဝင်လိုက်သည်။
ထိုသည်မှာ စိတ်လိုက်မာန်ပါ လုပ်ဆောင်လိုက်ခြင်း မဟုတ်ပေ။
အဆင့် ၃၀ မှ ရွှေချိတ်များနှင့် သံကြိုးများမှာ လေထုထဲမှ ထွက်ပေါ်လာပြီး သူမ၏ အဆင့်မြင့် ပိုးစာပင်များကို ဆွဲယူသွားသည်ကို မြင်တွေ့ခဲ့ရကတည်းက ဤယာယီလမ်းကြောင်းမှာ အလွန်အမင်းအန္တရာယ်မရှိနိုင်ကြောင်း စုကျို တွက်ဆထားပြီးသားဖြစ်သည်။
နုနယ်လှသော ပိုးစာရွက်များပင် ဘေးကင်းစွာ ဖြတ်သန်းနိုင်လျှင် ဝိညာဉ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူဖြစ်သော သူ့အတွက် ဘာအခက်အခဲ ရှိနိုင်မည်နည်း?
ထို့အပြင် သူအတွင်းသို့ မဝင်မီကပင် ပြီးခဲ့သည့်အကြိမ် ‘အနိုင်အရှုံး မျှတသော’ ဟောကိန်းကြောင့် ရရှိခဲ့သည့် တတိယအဆင့် နတ်ဘုရား သစ်သီး၏မိတ္တူကို စားသုံးထားပြီးဖြစ်သည်။
လမ်းကြောင်းအတွင်းသို့ မဝင်မီ သူ့ကျင့်ကြံမှုအရှိန်အဝါမှာ တဖြည်းဖြည်းမြင့်တက်လာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် အခြေခံအဆင့် (၏ ပဉ္စမအဆင့်သို့ရောက်ရှိသွားခဲ့သည်။
[ ဝိညာဉ်ပိုးဖလံဂေဟာ အဆင့် ၃၅ နှင့် ၃၀ အကြားရှိ ဝိညာဉ်စွမ်းအင် ဝဲဂယက် တယ်လီပို့လမ်းကြောင်းကို ထောက်လှမ်းမိသည်။ ]
စုကျို သတိကြီးစွာထားပြီး သူ့လက်ထဲ ‘ရွှေလက်ချောင်း’ ကို ကိုင်ဆောင်ကာ ရှေ့လမ်းကြောင်းကို အသာအယာစမ်းသပ်ကြည့်သည်။
အကယ်၍ ထိခိုက်ပျက်စီးနိုင်ခြေရှိလျှင် သူ ချက်ချင်းပြန်ဆုတ်မည်ဖြစ်သည်။
ထိုသို့ဖြင့် သူမသည် အချိန်တိုအတွင်းမှာပင် ‘ကွန်ရက်ကြိုး’ တစ်လျှောက် တွားသွားကာ ဝဲဂယက်လမ်းကြောင်း၏အခြားတစ်ဖက်ဖြစ်သော ကျင်းချန်ရှိရာ အဆင့် ၃၅ သို့ ကိုယ်တစ်ဝက်ရောက်ရှိသွားခဲ့သည်။ သူမ ညာဘက်လက် မြေပြင်သို့ထိလိုက်သည့် ခဏမှာပင် အဆင့် ၃၀ ထက် ပိုမိုသိပ်သည်းသော ဝိညာဉ်စွမ်းအင်များကို ခံစားလိုက်ရသည်။
[ ကျင်းချန်၏အခန်းအတွင်း၌ ဝိညာဉ်ပိုးကောင်များကို ပြုစုပျိုးထောင်ပေးသည့် တတိယအဆင့် ပိုးအိပ်ရာကိုထောက်လှမ်းမိသည်။ ]
[ ကျင်းချန်၏အခန်းအတွင်း၌ အနားမှဖြတ်သန်းရုံဖြင့် ‘ခန္ဓာကိုယ် ခုခံအားကို မြှင့်တင်ပေးသော’ တတိယအဆင့် ရတနာအုတ်ခဲကို ထောက်လှမ်းမိသည်။ ]
အဆင့် ၃၅ ရဲ့ဆွဲဆောင်မှုက တကယ့်ကို အံ့မခန်းပါပဲလား!
ကောင်းတဲ့ပစ္စည်းတွေချည်းပဲ။
သူ့အချိန်တွေကို ဖြုန်းတီးနေသလိုပါပဲ။
စုကျိုသည် ထိုဆွဲဆောင်မှုများကို အသည်းအသန် အောင့်အည်းသည်းခံပြီး သူ့ညာဘက်လက်ကို ကြမ်းပြင်ပေါ်ရှိ ကျောက်ပြားပေါ်တွင် ဖိထားလိုက်သည်။ မကြာမီမှာပင် ကျောက်ပြားပေါ်၌ ရွှေရောင်နဂါးပတ်ဒီဇိုင်းပါသော အနက်ရောင်ဘွတ်ဖိနပ်တစ်စုံကို တွေ့လိုက်ရသည်။
ဝါး!
ဒီဖိနပ်က တကယ်အထင်ကြီးစရာပဲ။ ချန်ယွမ်က အမြဲတမ်း ခြေဗလာနဲ့လမ်းလျှောက်နေတာ၊ သူ့အတွက် အံကိုက်ဖြစ်မယ့် ဖိနပ်တစ်စုံရှိသင့်တာ ကြာလှပြီ။
တောက်...
ကျင်းချန်မှာ ရတနာတွေ အများကြီး ရှိနေတာပဲ၊ တကယ် နှမြောစရာကောင်းလိုက်တာ။
စုကျို မော့ကြည့်စရာပင်မလိုပေ၊ ထိုခြေထောက်များ၏အထက်တွင် ရှိနေသူမှာ ကျင်းချန်ကိုယ်တိုင်ဖြစ်ကြောင်း သူ သိသည်။
အကြောင်းမှာ သူမ တွားသွားနေစဉ်အတွင်း ကျင်းချန်၏ဒေါသတကြီး ပြောဆိုသံများကို ကြားနေရသောကြောင့်ဖြစ်သည်။
“ဝိညာဉ်ပိုးဖလံဂေဟာမှာ အဆင့်အတန်းခွဲခြားမှုကို အမြဲတမ်း တင်းတင်းကျပ်ကျပ်ထိန်းသိမ်းထားတာ”
“ရင်းမြောင်... မင်းရဲ့ စီနီယာအစ်ကိုက ဒီနေ့ မင်းကို သင်ခန်းစာ ပေးရလိမ့်မယ်၊ မင်း သေသွားရင်တောင် အုပ်ချုပ်ရေးမှုး ငါ့ကို အပြစ်ပေးနိုင်မှာ မဟုတ်ဘူး—”
ကျင်းချန်သည် ဇာတ်ညွှန်းအတိုင်း စာသားများကိုရွတ်ဆိုနေသည်။
ဒါက သူမ ဝတ္ထုထဲကူးပြောင်းလာတာ မှန်ကန်ကြောင်း စုကျိုအားပိုသေချာစေခဲ့သည်။
ဗီလိန်များနှင့် သူရဲကောင်းတွေအားလုံး ၎င်းတို့၏အစွမ်းကုန်လှည့်ကွက်တွေမသုံးခင်မှာ ၎င်းတို့၏ ခံ့ညားထည်ဝါမှုကို ပြသဖို့အတွက် စာသားရှည်ကြီးတွေရွတ်ဆိုလေ့ရှိကြသည်။
ဒါက သူတို့ရဲ့ စွမ်းရည်တွေ ပြန်လည်အသုံးပြုနိုင်ဖို့ စောင့်ဆိုင်းရတဲ့ အချိန်လိုမျိုးပင်။
စုကျိုမှာ တစ်စုံတစ်ရာ အရည်တွေကျလာသည်ကိုပင် ခံစားလိုက်ရသည်။
[ အခြေခံအဆင့် အထွတ်အထိပ်ရှိ ကျင်းချန်၏တံတွေးများကို ထောက်လှမ်းမိသည်။ ၎င်းတွင် အခြေခံအဆင့် အထွတ်အထိပ်စွမ်းအားများ ပါဝင်နေသည်! ]
စုကျို: “...”
ကြောက်စရာကြီး၊ ကြောက်စရာကြီး။
သူ အချိန်မဆွဲရဲတော့ပေ။ သေဘေးကို မကြောက်ဘဲ ကျင်းကန်းပေါင်၏ ဦးခေါင်းခွံကိုထုတ်ယူကာ သူမ ခေါင်းနောက်တွင် ထားလိုက်သည်၊ ထို့နောက် နှစ်ပေါင်းများစွာ ရေဒဏ်ခံနိုင်ခဲ့သော ရင်းမြောင်၏နိမ့်ဝင်နေသော်လည်း အလွန်ခိုင်ခံ့သော ညာဘက်ပုခုံးသိုင်းကြိုးကိုဝတ်ဆင် လိုက်သည်။
ထို့နောက် ကျင်းချန်၏ကျောပြင်ကို လှမ်းထိရန်အမြန်ကြိုးစားလိုက်တော့သည်!
သူမ ရှေ့ဘက်ကိုမကိုင်ရခြင်းမှာ ချန်ယွမ်အား ကျင်းကန်းပေါင်၏ ဦးခေါင်းခွံနှင့် ရင်းမြောင်၏ပုခုံးအားပေးကစားမည်ဟု ကတိပေးထား သောကြောင့် ဖြစ်သည်။
ဒီနေ့ သူမ ချန်ယွမ့်ထံမှ အထူးတလည် သုံးခုတောင် ချေးလာခဲ့ခြင်းဖြစ်သည်။
သူမ ဒါကိုတန်ဖိုးထားပြီး မပျက်စီးစေချင်ပေ။ နောက်မှ ချန်ယွမ်ထံသို့ အကောင်းအတိုင်းပြန်ပေးရဦးမည်။
“မိုက်မဲလိုက်တာ... ဂျူနီယာညီလေး... မင်း ဘာလို့ ငါနဲ့ ဒီလောက်တောင်နီးကပ်နေရတာလဲ? နောက်ကို ဆုတ်စမ်း!”
ကျင်းချန်သည် သူ့ရှေ့မှ ဝိညာဉ်စွမ်းအင် ဝဲဂယက်အတွင်းသို့ မြှားသုံးစင်း ထပ်မံပစ်လွှတ်လိုက်သည်!
ဖြောင်း ဖြောင်း ဖြောင်း!
ကျင်းချန်: “!”
သူ့ မောက်မာသော လူငယ်မျက်နှာမှာ မယုံနိုင်စရာ ဖြစ်သွားပြီး အေးခဲသွားရသည်။
သူ ဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်ရာ၊ အဆင့် ၃၅ ရှိ သူ့ကို လက်ဖက်ရည်နှင့် ရေခပ်ပေးနေသော ဂျူနီယာညီလေးအား ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
သူ့တင်ပါးကို သုံးချက်တိတိ အရိုက်ခံလိုက်ရတာလား?
ကျင်းချန်သည် အလွန်အမင်းအံ့အားသင့်သွားပြီး ရှက်လည်းရှက်၊ ဒေါသလည်းထွက်ကာ စကားတစ်လုံးမှပင် မဟနိုင်တော့ပေ။
သို့သော် သူလှည့်ကြည့်လိုက်သောအခါ သူ့ဂျူနီယာညီလေးမှာ သူသတိမထားမိခင်မှာပင် တရားထိုင်ခန်း၏ နံရံဆီသို့ ဆုတ်ခွာသွားသည်ကို တွေ့လိုက်ရသည်!
အနည်းဆုံး လူသုံးငါးယောက်စာ အကွာအဝေးသို့ရောက်နေပြီ ဖြစ်သည်!
“?”
ကျင်းချန် အနည်းငယ်ကြောင်သွားပြီးနောက် အောက်သို့ အမြန်ငုံ့ကြည့်လိုက်ရာ ‘ကျင်းကန်းပေါင်’ ၏ဦးခေါင်းနောက်စိမှာ အရှိန်မြှင့် လက်ဖွဲ့စာလွှာ၏အစွမ်းဖြင့် ယာယီလမ်းကြောင်းအတွင်းသို့နောက်ပြန် အမြန်တွားဝင်နေသည်ကိုတွေ့လိုက်ရသည်!
“!”
“ကျင်းကန်းပေါင်? မင်း တကယ်မိုက်မဲတာပဲ!”
ကျင်းချန်၏ဒေါသတကြီး ဆဲဆိုသံမှာ ဝိညာဉ်စွမ်းအင် လမ်းကြောင်းတစ်ခုလုံးကို ထိုးဖောက်သွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် ဘယ်ဘက်လက်ဖြင့် လေးကြိုးကိုဆွဲလိုက်ပြီး ‘ဒိုင်း’ ခနဲ အသံနှင့်အတူ အခြေခံအဆင့် အထွတ် အထိပ်၏စွမ်းအားများ ပါဝင်သော တောက်လောင်နေသည့် မီးမြှားတစ်စင်းမှာ ‘ကျင်းကန်းပေါင် ဦးခေါင်း’ ကို ထိမှန်သွားတော့သည်!
မီးပွားများမှာ နေရာအနှံ့ လွင့်စင်သွားပြီး ကြမ်းပြင်ပေါ်ရှိ ကျောက်စိမ်းအုတ်ခဲများကိုဖောက်ထွက်သွားသည်။
သို့သော် ‘ဘုတ်’ ခနဲ အသံနှင့်အတူ မြှားအောက်မှ လူသည် သူ့ဦးခေါင်းနောက်စိကို အုပ်ကိုင်လျက် ထိုနေရာမှ ပျောက်ကွယ်သွားသည်။
နီရဲသောနှုတ်ခမ်းများနှင့် အထင်သေးသော အမူအရာပါရှိသည့် ကောက်ရိုးရုပ်လေးတစ်ခုသာ ကျင်းချန်အခန်းကြမ်းပြင်ပေါ်သို့ ကျန်ရစ်ခဲ့သည်။
ခဏချင်းမှာပင် ထိုကောက်ရိုးရုပ်မှာ မီးမြှားဒဏ်ကြောင့် လုံးဝလောင်ကျွမ်းသွားတော့သည်။
ကျင်းကန်းပေါင်၏အရိပ်အယောင်မှာမူ အခန်းထဲတွင် လုံးဝမရှိတော့ပေ!
အင်္ကျီလက်စပင် ကျန်မနေခဲ့ပါ!
ပစ္စည်းများလွှဲပြောင်းရန်အတွက်သာ အသုံးပြုနိုင်ပြီး ခဏတာသာ ဖွင့်ထားနိုင်သော အထက်နှင့်အောက် အဆင့်များအကြားရှိ ဝိညာဉ်စွမ်းအင် ဝဲဂယက်မှာလည်း မမြင်နိုင်လောက်အောင်ကျုံ့ဝင်သွားပြီးနောက် ပျောက်ကွယ်သွားတော့သည်။
ကျင်းချန်သည် အကြောများထောင်ထွက်နေသော သူ့လက်ငါးချောင်းဖြင့် မျက်နှာကိုအုပ်ကာ ဒေါသတကြီး အော်ဟစ်ရယ်မောလိုက်သည်။
“ကိုယ်စားပြု ထိခိုက်မှုခံယူတဲ့ ဝိညာဉ်လက်နက်လား?”
“ကောင်းပြီ”
“ကောင်းပြီ... ကောင်းတယ်၊ အရမ်းကောင်းတယ်”
ကျင်းချန်၏မောက်မာပြီး အထိန်းအကွပ်မဲ့သောမျက်နှာမှာ အလွန်အမင်း ဒေါသထွက်နေခြင်းနှင့် ရယ်မောခြင်းတို့ ရောပြွမ်းနေသည်။
“ကျင်းကန်းပေါင်... မင်း အတောင်ပံတွေ စုံနေပြီပေါ့”
“မင်းက ကြိုတင်ပြင်ဆင်လာပြီးတော့ ရင်းမြောင်နဲ့ပေါင်းပြီး ငါ့ကို နှိပ်စက်ရဲတယ်ပေါ့လေ...”
သူသည် လေထုထဲတွင် လွင့်မျောနေသော ဗီဒီယိုကော ဖန်သားပြင်ကို မော့ကြည့်လိုက်ရာ [ ကျင်းကန်းပေါင်၏ မောက်မာပြီး အထင်သေးစွာ မော့ထားသော ဦးခေါင်းနောက်စိ ] နှင့် [ ရင်းမြောင်၏ တုန်ရီနေသော ညာဘက်ပုခုံး ] ပုံရိပ်မှာ ဖန်သားပြင်၏အခြားတစ်ဖက်တွင် ပြန်လည်ပေါ် လာသည်ကိုတွေ့လိုက်ရသည်။
ရင်းမြောင်၏ခပ်သြသြအသံအိုကြီးမှာ အဆင့် ၃၀ ထံမှ ထွက်ပေါ်လာသည်။
“ကျင်းချန်... ကံမကောင်းတာက ဒီနေ့လမ်းကြောင်းပိတ်သွားပြီ၊ နောက်ခုနစ်ရက်နေမှ ပြန်ပွင့်မှာ”
“နောက်တစ်ခါ မင်း တကယ် သတ္တိရှိရင် မင်းခန္ဓာကိုယ်တစ်ခုလုံး ဒီလမ်းကြောင်းထဲကို တွားပြီး ဆင်းလာခဲ့လိုက်”
“ငါ ရင်းမြောင်က ကောင်းကင်ဘုံကိုယ်စား မင်းကို အဝတ်အစားတွေအကုန်ချွတ်ပြီး မင်းရဲ့ ဝိညာဉ်ရတနာတွေ အကုန်လုံးကို ခိုးယူပစ်မယ်၊ ဟဲဟဲဟဲဟဲဟဲ”
ကျင်းချန်မှာ ဒေါသကြောင့် တုန်ရီနေသော်လည်း ရုတ်တရက်ဆိုသလို အခြားတစ်ဖက်မှ အဆက်အသွယ် ဖန်သားပြင်မှာ ပြတ်တောက်သွား တော့သည်။
ကျင်းချန်မှာ မှင်သက်သွားရသည်၊ ဒါကို သူ သေချာပေါက်မမျှော်လင့်ထားပေ။
သူတို့ ဘယ်လိုတောင်သတ္တိရှိရတာလဲ!
ချန်မျိုးနွယ်စုဝင် ကျင်းကန်းပေါင်နဲ့အဆင့် ၃၀၀ ကျော် အဆင့်မရှိတဲ့ရင်းမြောင်တို့က သူ့ဆီကအဆက်အသွယ်ကိုတကယ်ဖြတ်ချရဲတယ်ပေါ့ ?
အဆင့် ၃၅ ရှိ သူ့ ဂျူနီယာညီလေး ရှေ့မှာတင်...
“ပြီးတော့ အဲ့ဒီကောင် သူ့... တင်ပါးကိုတောင် ရိုက်ခဲ့သေးတယ်...”
ကျင်းချန် ခေါင်းလှည့်လိုက်ရာ သူ့လက်ချောင်းများမှာ တုန်ရီနေသည်။ လက်သီးအား တင်းတင်းဆုပ်ကာနံရံမှာကပ်လျက် လက်ဖက်ရည်ခွက်ကို တုန်တုန်ရီရီကိုင်ထားသော သူ့ ဂျူနီယာညီလေး လောကျင်းချန်ကို ပြန်ကြည့်လိုက်သည်။
ကျင်းချန်: “...”
သူ့ မောက်မာသောမျက်နှာမှာ တွန့်ချိုးသွားရသည်။
ဤလုံကျင်းချန်မှာ သူ့နောက်သို့ ဆယ်နှစ်တိုင်တိုင် လိုက်ခဲ့ပြီး သူ့အား ကြည်ညိုအားကျခဲ့သူ ဖြစ်သည်။
သူ့အတွက်ဆိုလျှင် နာမည်ပင် ပြောင်းလဲရန်ဝန်မလေးခဲ့ပေ။
သူသည် ကျင်းချန်ဟူသော အမည်ကိုပင် သူ့နှလုံးသားနှင့် ဝိညာဉ်ထဲထွင်းထုထားခဲ့သည်။
သူသည် သူ့အပေါ် အသစ္စာရှိဆုံးနှင့် စိတ်အားအထက်သန်ဆုံးနောက်လိုက်တစ်ဦး ဖြစ်သည်။
“ဂျူနီယာညီလေးလုံ... မင်း ခုနက ဘာတွေ မြင်လိုက်လဲ?”
ကျင်းချန်သည် သူ့ မျက်ဝန်းထဲမှ ဒေါသများကို ထိန်းချုပ်လိုက်ပြီး သူ့အားအမြဲ ကြည်ညိုအားကျနေသည့် ဂျူနီယာညီလေးအား မသဘာဝကျသော အပြုံးတစ်ခုပြုံးပြလိုက်သည်။
လုံကျင်းချန်မှာ တုန်တက်သွားပြီး သူ့မျက်နှာတွင် အံ့အားသင့်ခြင်း၊ ဝေခွဲမရဖြစ်ခြင်းနှင့် ထိတ်လန့်ခြင်းတို့ရောပြွမ်းနေကာ ကိုယ့်ကိုယ်ကိုယ် မနည်းထိန်းချုပ်နေရသည်။
“...ကျွန်တော် ဘာမှမမြင်လိုက်ပါဘူး စီနီယာအစ်ကိုချန်”
ကျင်းချန် ခေါင်းညိတ်ကာ ပြုံးလိုက်သည်။ တကယ်ကို သူ့ အသစ္စာရှိဆုံး ဂျူနီယာညီလေးပီသပေသည်။
လုံကျင်းချန်သည် လုံမျိုးနွယ်စု၏ အသုံးမကျဆုံး အငယ်ဆုံးသားဖြစ်သည်ဟု ဆိုသော်လည်း လုံမျိုးနွယ်စုမှ သူ့အား အလိုလိုက်ထားကြသည်။ လုံမျိုးနွယ်စု၏ဆေးဖော်စပ်ခန်းကို ဆက်ခံထားသော လုံမျိုးနွယ်စု၏သားကြီးမှာလည်း သူရသမျှအရာအားလုံးကို ဤညီလေးနှင့် မျှဝေလို သည်ဟု ပြောခဲ့ဖူးသည်။
အကယ်၍လုံကျင်းချန်သာ သူ့အပေါ် အားကျကြည်ညိုခြင်းနှင့်နောက်လိုက်ခြင်းတို့ကို ရပ်တန့်လိုက်ပါက ကျင်းချန်အတွက် တကယ့်ကို အခက်တွေ့ရပေလိမ့်မည်။
သူ့ဆေးလုံးအများစုမှာ ဤဂျူနီယာညီလေးထံမှ လာခြင်းဖြစ်သောကြောင့်ပင်။
“အဲဒါ စီနီယာအစ်ကိုပါ၊ အစ်ကို့ကို ရိုက်သွားတဲ့လူလေ၊ သူက အစ်ကို့အဝတ်အစားနောက်ကျောမှာ လက်ငါးချောင်းရာကြီး ချန်ထားခဲ့တယ်!” လုံကျင်းချန် အမှတ်မထင် ပွင့်အံထွက်သွားသည်။
“စီနီယာအစ်ကို... အဝတ်အစား လဲလိုက်ပါလား?”
ကျင်းချန်အပြုံးမှာ ချက်ချင်းအေးခဲသွားတော့သည်။
လုံကျင်းချန်သည် သန့်စင်ခြင်းလက်ဖွဲ့စာလွှာ၊ အမွှေးနံ့သာလက်ဖွဲ့စာလွှာနှင့် ဖုန်ခါလက်ဖွဲ့စာလွှာ ဆယ်ခုခန့်ကို ကျင်းချန်ထံသို့ အမြန်ပစ် လွှတ်လိုက်ရာ၊ ကျင်းချန်၏လုံးဝန်းတင်းပြောင်နေသော တင်ပါးများမှာ ပိုးသားဝတ်ရုံအောက်မမြင်နိုင်တော့မှသာ သူ မျက်လုံးမှိတ်လိုက် တော့သည်။
“စီနီယာအစ်ကို... ကျွန်တော် လုပ်စရာလေးရှိလို့ သွားလိုက်ပါဦးမယ်!”
သူသည် ကျင်းချန် အခန်းထဲမှ လက်တစ်ဖက်ကလိုက်ဖမ်းနေသကဲ့သို့ အမြန်ထွက်ပြေးသွားတော့သည်!
လုံကျင်းချန်သည် လိုက်ကာကိုလှမ်းချလိုက်သည့် ခဏ၌
ကျင်းချန်၏ညာဘက်လက်ပေါ်ရှိ တက်တူးကိုမြင်လိုက်ရသည် — ‘စီနီယာအစ်ကိုကျင်းချန်၊ အစ်ကိုက ကျွန်တော့်ရဲ့ ကျင့်ကြံခြင်းလမ်းခရီး အတွက် လမ်းပြကြယ်တစ်ပွင့်ပါ’ တဲ့။
“...”
လုံကျင်းချန်သည် အရင်ကထိုတက်တူးကိုကြည့်ပြီး များစွာ စိတ်အားတက်ကြွခဲ့ရဖူးသည်။
သို့သော် ယနေ့နေပူကျဲကျဲအောက်တွင် ထိုတက်တူးကို မြင်လိုက်ရသောအခါ ကျင်းချန်၏တင်ပါးကို သုံးချက်တိတိ ဖြတ်ခနဲ ရိုက်သွားသည့် သွယ်လျသောလက်ချောင်းလေးများကိုသာ ပြန်လည် မြင်ယောင်နေမိသည်။
အရပ်ရှည်ပြီး၊ ပါရမီထူးကာ၊ မောက်မာလှသော ကျင်းချန်၏ပုံရိပ်မှာ ထိုသွယ်လျသောလက်ချောင်းလေးများအောက်တွင် ရုတ်တရက် မှေးမှိန်သွားခဲ့ရသည်။
ပြတ်သားလှသော ရိုက်ချက်သုံးချက်သာ သူ့ အာရုံထဲစွဲကျန်ရစ်တော့သည်။
“စီနီယာအစ်ကို ကျင်းချန်... အစ်ကိုလည်း အရိုက်ခံရတာပဲလား...”
“ငါကတော့ မိဘတွေရဲ့အရိုက်ကို ခံရတာ... သူကတော့... သူ့ညီလေးအရင်းခေါက်ခေါက်ရဲ့အရိုက်ကို ခံရတာပေါ့...”
လုံကျင်းချန်အကြည့်များမှာ ဖြည်းဖြည်းချင်းပြူးကျယ်လာသည်။
“စီနီယာအစ်ကိုချန်ရဲ့တင်ပါးက... မက်မွန်သီးလေးနဲ့တောင် တူနေသေးတယ်... အား၊ ငါ ဒါကို ဆက်မတွေးသင့်တော့ဘူး!”
“တော်စမ်း၊ တော်စမ်း၊ တော်စမ်း!”
တက်တူးကို ဘယ်လိုလုပ်မလဲ!
ထိုတက်တူးကို မြင်လိုက်ရသည့် ခဏတိုင်း စီနီယာအစ်ကိုကျင်းချန်၏တင်ပါးကိုသာ သူ ပြေးမြင်နေတော့သည်။
သူ နှစ်ပေါင်းများစွာအားကျကြည်ညိုခဲ့ရသော စီနီယာအစ်ကိုမှာ ရုတ်တရက် သာမန်လူတစ်ယောက်ကဲ့သို့ ဖြစ်သွားပြီး... ရယ်စရာပင် ကောင်းနေသလား?
လုံကျင်းချန်၏ကျင့်ကြံခြင်းတာအိုနှလုံးသားမှာ သိသိသာသာ တုန်လှုပ်သွားတော့သည်။
တစ်ဖက်တွင်မူ သားရဲတောအုပ်အတွင်း ‘စွန့်စား’ နေသော စုကျိုမှာ သူ့ကိုယ်စားပြုရုပ်သေးရုပ်ကို အသုံးပြုကာ ဝိညာဉ်စွမ်းအင်လမ်း ကြောင်းအတွင်းမှ အမြန်ဆုတ်ခွာလာခဲ့သည်။
သူမ အပြင်သို့ရောက်သည်နှင့် ကျိန်ဆဲလိုက်တော့သည်။
“ကျင်းချန်က ငါ့ရဲ့အသက်တစ်ချောင်းကို တကယ်သတ်လိုက်တာပဲ”
ဤကိုယ်စားပြုရုပ်သေးရုပ်မှာ သူမ ချန်ယွမ်ကိုသွားခေါ်စဉ်က ရရှိခဲ့သော ကိုးခုသောကောက်ရိုးရုပ်လေးများထဲမှ တစ်ခုဖြစ်ပြီး၊ ထိခိုက် ဒဏ်ရာများကို ကိုးကြိမ်တိုင်တိုင် အစားထိုးခံယူပေးနိုင်သည်။
လေးခုကိုကျင်းကန်းပေါင်၏ ရုပ်သေးရုပ်များအတွက်အသုံးပြုခဲ့ပြီး၊ တစ်ခုမှာ ယနေ့ကျင်းချန်ကြောင့် ‘အသတ်ခံ’ လိုက်ရသဖြင့် ယခုမူ လေးခုသာကျန်တော့သည်။
စုကျိုသည် မလိုလားအပ်သော အကြည့်များဖြင့် [ ကျင်းကန်းပေါင်၏ ဦးခေါင်းနောက်စိ ၃ ] ကို ကိုင်ထားရင်း၊ သူ့ ညာဘက်ပုခုံးမှ [ ရင်းမြောင်၏ နိမ့်ဝင်နေသော ပုခုံးရိုး ၃ ] ကိုဖယ်ရှားလိုက်ကာ မြေပြင်ပေါ်တွင် ထိတ်လန့်နေသော ကျင်းကန်းပေါင်နှင့် ရင်းမြောင်ကိုကြည့်လိုက်သည်။
“နင်တို့ ဘာလို့ အခုထိ မသွားသေးတာလဲ?”
“?”
“!”
ကျင်းကန်းပေါင်နှင့် ရင်းမြောင်တို့မှာ ငိုချင်စိတ်ပင်ပေါက်သွားကြတော့သည်။
သူမက သူတို့ကို သွားခိုင်းနေသတဲ့
အသုံးချပြီးတာနဲ့ လွှင့်ပစ်လိုက်တာလား ?
“သူရဲကောင်းမကြီး၊ မဟုတ်ပါဘူး နတ်သမီးလေး၊ ကျေးဇူးပြုပြီး ငါ့ကို လွှတ်ပေးပါ! နင် တွားဝင်တာ ဝင်ပါ၊ ဒါပေမဲ့ ကျင်းချန်ကို ရန်စဖို့ ငါရဲ့ ဦးခေါင်းခွံပုံစံကြီးကိုမသုံးပါနဲ့!”
“အရှင်မစု... သဘောကောင်းတဲ့ စုကျိုလေးရယ်၊ နင် ကြမ်းတမ်းချင် ကြမ်းတမ်းပါ၊ ဒါပေမဲ့ ကျေးဇူးပြုပြီး ငါ့အသံကိုတော့ မသုံးပါနဲ့လား?”
စုကျို တကယ်ကို နားမလည်နိုင်ဖြစ်နေသည်။ သူမကိုင်လာသည့် အရိုးနှစ်ချောင်းကို သူ့လက်များကိုသုတ်ပေးရန် ရောက်လာသော မိစ္ဆာလေး ချန်ယွမ်ထံသို့ပြန်ပေးလိုက်သည်။
“ဒါက ငါ ချန်ယွမ်ကိုပေးထားတဲ့ လက်ဆောင်လေ၊ နင်တို့နဲ့ ဘာဆိုင်လို့လဲ?”
ကျင်းကန်းပေါင်နှင့် ရင်းမြောင်: “...”
“ငါ့ မိစ္ဆာလေးရဲ့ ပစ္စည်းတွေကိုသုံးဖို့ နင်တို့ကို ခွင့်တောင်းနေရမှာလား?”
စုကျိုမှာ ဇဝေဇဝါဖြစ်နေသော မျက်နှာဖြင့် သံသယများပြည့်နှက်နေသည်။
“သူကိုယ်တိုင်က သဘောတူပြီးသားပဲကို၊ နင်တို့က ဘာလို့ ငါ့ကိုလာငြင်းနေတာလဲ?”
စုကျို၏ညာဘက်လက်ချောင်းလေးများကို ပိုးလက်ကိုင်ပုဝါဖြင့် အသေအချာသုတ်ပေးနေသော ဝတ်ရုံနီနှင့် မိစ္ဆာချန်ယွမ်သည် ရုတ်တရက် လှပပြီး နူးညံ့သောအပြုံးတစ်ခုကိုပြသလိုက်သည်။
“ဟုတ်တယ်၊ ကျွန်တော် သဘောတူပါတယ်”
“တွေ့လား”
စုကျို ကျင်းကန်းပေါင်နှင့် ရင်းမြောင်ကို လက်ညှိုးထိုးပြလိုက်သည်။
“သဘောထားကြီးတယ်ဆိုတာ ဒါမျိုးကို ခေါ်တာ”
“...”
စုကျို သူတို့ကို ပြန်ပြောနေဖို့ ပျင်းရိနေသည်။ သူ့ရွှေလက်ချောင်းဖြင့် ဖန်တီးထားသည့် အရာမှာ သေချာပေါက် သူမ ပိုင်ဆိုင်သည့် အရာပင် ဖြစ်သည်။
“ဂျူနီယာညီမ၊ ဒီတစ်ခါရော ဘာတွေ ရလာလဲ?”
လိုကျားက စိတ်ဝင်တစားဖြင့် မျက်လုံးတစ်ဖက်ကို အသာလေးဟကြည့်လိုက်သည်။
သူ လုံးဝကြီးဖွင့်မကြည့်သရွေ့တော့ စည်းကမ်းဖောက်ဖျက်ရာမရောက်နိုင်ဟု သူ ယူဆထားသည်။
ယနေ့သည်လည်း သူ့ မျက်စိမှိတ်ကျင့်စဉ်ကို ပြင်းပြင်းထန်ထန်ကျင့်ကြံနေသော နေ့တစ်နေ့ဖြစ်သည်။
လိုကျားသည် သူ့မျက်လုံးတစ်ဖက်ကို မှေးစေ့၍ စုကျိုကို ပျော်ရွှင်စွာကြည့်လိုက်သည်။
“ကြည့်ကြသေးတာပေါ့”
စုကျို စိတ်လှုပ်ရှားစွာဖြင့် မျက်နှာလေး ဝင်းပလျက်ရေရွတ်လိုက်သည်။
“အဆင့် ၃၅ ဆိုတာ တကယ်ကို မထင်မှတ်ထားစရာပဲ”
“စီနီယာအစ်ကိုလိုကျားရဲ့လက်နက်ခွဲထုတ်တဲ့ အကူအညီကြောင့်သာ အချိန်နှင့်တစ်ပြေးညီ ဆက်သွယ်တဲ့ လက်ဖွဲ့စာလွှာကိုရှာတွေ့ခဲ့တာ၊ ဒီနေ့ ဗီဒီယိုကောခေါ်တုန်းက ကျင်းချန် သူ့နားခိုရာဖြစ်တဲ့ အခန်းထဲမှာရှိနေသင့်တာပေါ့”